← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) ဓားပြခေါင်းဆောင်ကြီးရဲ့ တွေးတောချင့်ချိန်မှုများ

ဓားပြခေါင်းဆောင် ပြောလိုက်တဲ့ စကားတွေထဲမှာ အများစုက အမှန်တွေဖြစ်ပေမဲ့ အလိမ်အညာလေးတွေလည်း ပါနေတာပေါ့။ သူက မိဖုရားကျောင်းအတွက် အလုပ်လုပ်ပေးနေရမှန်း သူကိုယ်တိုင် သိနေပေမဲ့ အဘိုးကြီးကိုတော့ အမတ်ချုပ်ကျောင်းရဲ့ အကြံအစည်ပါလို့ပဲ ပြောလိုက်တယ်လေ။

ခေါင်းဆောင်ကြီးမှာလည်း သူ့အတွေးနဲ့သူ ရှိနေတာကိုး။ မိဖုရားတစ်ယောက်က အပြင်က အမတ်တွေနဲ့ ပူးပေါင်းကြံစည်တယ်ဆိုရင် အဲဒီမိဖုရားရော၊ အမတ်ရော သေဒဏ်ကျခံရမှာလေ။ သူကိုယ်တိုင်ကလည်း ဓားပြတစ်ယောက်ဆိုတော့ မိဖုရားကျောင်းနဲ့ အတူတူ သေလိုက်ရလည်း ကိစ္စမရှိလှဘူးပေါ့။ ဒါပေမဲ့ ကုမိသားစုက မိဖုရားကျောင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ရင်ရော။ မိဖုရားကျောင်းသာ မသေဘဲ ရှင်နေမယ်ဆိုရင် ကုရှင်းလန်နဲ့အတူ ရူယွင်တောင်ပေါ်ကို လိုက်သွားတဲ့လူတွေထဲမှာ လီယွမ်လဲ့လည်း ပါနေတာကိုး။ မိဖုရားကျောင်းသာ လီယွမ်လဲ့အကြောင်းကို သိသွားမယ်ဆိုရင် နန်းတော်ထဲမှာ အတူရှိနေတဲ့ လီမိသားစုက သခင်မလေးကိုရော အလွတ်ပေးပါ့မလား။

ကုရှင်းလန်က ခေါင်းဆောကို မေးလိုက်တယ်။

"တကယ်ပဲ ကျောင်းချိုးမင်လား"

ခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်လေရဲ့။ တတ်နိုင်မယ်ဆိုရင် သူလည်း ကျောင်းချိုးမင်လို့ မပြောချင်ဘူးလေ။ အမတ်ချုပ်ကျောင်းဆိုတာက မိဖုရားကျောင်းရဲ့ အဖေလေ။ အမတ်ချုပ်ကျောင်းကို ဖော်ကောင်လုပ်လိုက်တာဟာ မိဖုရားကျောင်းကို စော်ကားလိုက်တာနဲ့ အတူတူပဲပေါ့။ ဒါပေမဲ့ သူတို့တွေ အရှေ့ပင်လယ်ကနေ ထွက်ပြေးလွတ်မြောက်လာနိုင်တာဟာ ကျောင်းချိုးမင်ရဲ့ ကူညီစောင်မမှုကြောင့်ဆိုတာကို သူ့ညီအစ်ကိုတွေ အကုန်လုံးက သိနေကြတာ။ သူ မပြောရင်တောင် သူ့ညီအစ်ကိုတွေက ဒီကိစ္စကို ထုတ်မပြောဘူးလို့ အာမမခံနိုင်ဘူးကိုး။

"ကံကောင်းတာက မိဖုရားကျောင်း ကိစ္စကို သိတဲ့ ညီအစ်ကိုတွေ သိပ်မများလို့ပဲ" ခေါင်းဆောင်ကြီးက ရင်ထဲမှာ တော်တော်လေး ကျေနပ်သက်သာစွာနဲ့ တွေးလိုက်မိတယ်။

"အမတ်ချုပ်ကျောင်း ကိစ္စကတော့ ကုမိသားစုနဲ့ အမတ်ချုပ်ကျောင်းတို့ ဒီတစ်ချီ အားပြိုင်ကြတဲ့ ရလဒ်ကိုပဲ စောင့်ကြည့်ရမှာပေါ့လေ။ မိဖုရားကျောင်းကို တိုက်ရိုက် မဖော်သရွေ့တော့ ဒီကိစ္စက အပေါက်လေးတွေ ရှိနေနိုင်သေးတာပဲ"

ကုရှင်းလန်က ခေါင်းဆောင်ကြီးကို ကြည့်ရင်း နှုတ်ခမ်းကို ခပ်ဖွဖွလေး စေ့လိုက်တယ်။ ကျောင်းချိုးမင်က မင်းသားခုနစ်ကို သတ်တာ ဘယ်သူ့အတွက်များ ဖြစ်နိုင်ဦးမှာလဲ။

"အမတ်ချုပ်ကျောင်းက သတ္တမမင်းသားကို တောင်ပေါ်မှာ ဖမ်းချုပ်ထားဖို့လောက်ပဲ ခိုင်းတာလား"

ကုရှင်းလန်က ခေါင်းဆောင်ကို လှမ်းမေးလိုက်လေရဲ့။

ခေါင်းဆောင်က ပြန်ဖြေတယ်။

"သတ္တမမင်းသားနဲ့ ဒုတိယသခင်လေးကို ဖမ်းပြီးတဲ့နောက်ပိုင်း အမတ်ချုပ်ကျောင်းဆီကနေ ဘာအမိန့်မှ ထပ်မရတော့ဘူး"

"ဒါဆို ခင်ဗျားက နည်းနည်းလေးမှတောင် စိတ်မပူဘူးပေါ့"

ခေါင်းဆောင်က စိတ်ကို အတင်းတည်ငြိမ်အောင် ထားရင်း ပြန်ပြောလိုက်တယ်။

"ဒီကိစ္စမှာ စိတ်ပူရမှာက အမတ်ချုပ်လေ။ ကျုပ်က အလုပ်လုပ်ပေးရတဲ့ လူသက်သက်ပဲဟာကို၊ ဘာလို့ စိတ်ပူနေရမှာလဲ"

"ခင်ဗျား အမှန်တိုင်းပြောတာ အကောင်းဆုံးပဲနော်" ကုရှင်းလန်က အေးစက်စက် လေသံနဲ့ ဆက်ပြောတယ်။

"အခုလို ပေါက်ကရတွေ လျှောက်ပြောနေရင် ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ ခင်ဗျား သိတယ်မလား" ပြောရင်းဆိုရင်းနဲ့ ကုတတိယသခင်လေးရဲ့ အကြည့်တွေက စစ်သူကြီးလေးလီဆီကို တစ်ချက် ရောက်သွားလေရဲ့။

ခေါင်းဆောင်တစ်ယောက် တိတ်တိတ်လေး အံကြိတ်လိုက်မိတော့တာပေါ့။ ဒီလို စကားနည်းနည်းလောက် အပြန်အလှန် ပြောကြည့်လိုက်တာနဲ့တင် ကုတတိယသခင်လေးက ကုဒုတိယသခင်လေးထက် အများကြီး ပိုတော်တယ်ဆိုတာကို သူ သဘောပေါက်သွားပြီလေ။ အခုထိ အရိပ်အယောင် မပြသေးဘဲ ကုမိသားစု သခင်လေးတွေထဲမှာ အတော်ဆုံးလို့ နာမည်ကြီးနေတဲ့ အကြီးဆုံးကုသခင်လေး အကြောင်းကို တွေးလိုက်မိတော့ ခေါင်းဆောင်ကြီးခမျာ သူ့ရှေ့ရေးက မှောင်မိုက်နေပြီလို့ပဲ ခံစားလိုက်ရတော့တာပေါ့။

ဒီအချိန်မှာတော့ ကုရှင်းနော့တစ်ယောက် သူ့ညီအလတ်ရဲ့ ခုတင်ဘေးမှာ ထိုင်နေပြီး သွေးစမ်းပေးလို့ ပြီးသွားတဲ့ သမားတော်ကို မေးလိုက်လေရဲ့။ "ဆရာ... ကျုပ်ညီရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ"

သမားတော်ကလည်း ရိုရိုသေသေ ပြန်ဖြေရှာတယ်။

"အကြီးဆုံးသခင်လေး စိတ်ချပါ၊ ဒုတိယသခင်လေးက အားကုန်သွားရုံလေးပါ။ ရက်နည်းနည်းလောက် အနားယူပြီး အားဖြည့်လိုက်ရင် ကောင်းသွားမှာပါ"

"ဆရာ့ကို ကျေးဇူးတင်ပါတယ်ဗျာ" သမားတော်ဆီက အဲဒီစကားကို ကြားလိုက်ရတော့မှ ကုရှင်းနော့လည်း စိတ်အေးသွားလေရဲ့။ ပြီးတော့ ကုရှင်းယန်ရဲ့ ကိုယ်ပိုင်အစေခံလေးကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။

"ဆရာ့ကို ဆေးစာသွားရေးဖို့ လိုက်ပို့ပေးလိုက်"

"ဟုတ်ကဲ့" ဆိုပြီး အစေခံလေးက ခါးညွှတ်အရိုအသေပေးရင်း အမိန့်နာခံလိုက်တာပေါ့။

သမားတော်က ကုရှင်းနော့နဲ့ ကုရှင်းယန်ကို အရိုအသေပေးပြီးတဲ့နောက် အစေခံလေးနောက်ကနေ ဆေးစာရေးဖို့ ထွက်သွားတော့တယ်။

ကုရှင်းယန်ကတော့ ဘာမှမဖြစ်သလို ခပ်ပေါ့ပေါ့ပဲပြောလာတယ်။

"ကျွန်တော်က အခုလောလောဆယ် ခန္ဓာကိုယ်မှာ အားမရှိသေးတာလေးပဲလေ၊ ဆေးအရှိန်ပြယ်သွားရင် ဘာမှမဖြစ်တော့ဘူး။ အစ်ကိုကြီးက ဘာလို့ သမားတော်တွေ ဘာတွေ ခေါ်နေရတာလဲ။ ကျွန်တော့်ပုံစံက ဒဏ်ရာရထားတဲ့ပုံများ ပေါက်နေလို့လား"

ကုရှင်းနော့က သူ့ညီအလတ်ရဲ့ နဖူးကို ခပ်ဟဟလေး ခေါက်လိုက်ပြီး တိုးတိုးလေး ဆူလိုက်တယ်။

"နာမည်ကြီး စစ်သူကြီးတစ်ယောက်ဖြစ်ပြီး ပင်လယ်ဓားပြတစ်သိုက်ရဲ့ အကွက်ဆင်တာကို ခံရတယ်တဲ့၊ အဲဒါတောင် ကုန်းပေါ်မှာနော်။ မင်းမှာ မျက်နှာပြစရာ ရှိသေးလို့လား"

ကုရှင်းယန်က မတတ်နိုင်တဲ့ဟန်နဲ့ ညည်းရှာတယ်။

"ခယ်မလေးလည်း ကျွန်တော့်ကို ဆူပြီးသွားပြီလေ၊ အစ်ကိုကြီးကတော့ ကျွန်တော့်ကို လွှတ်ပေးပါတော့ဗျာ"

ကုရှင်းနော့က ခေါင်းယမ်းလိုက်လေရဲ့။ မင်းသမီးလေး ဆုံးမတာကို ခံရတာက ပိုပြီးတောင် ရှက်စရာကောင်းသေးတာ မဟုတ်ဘူးလား။

ကုရှင်းယန်က မေးလိုက်တယ်။ "အိမ်ကရော ကျွန်တော့်ကို လိုက်မရှာဘူးလား"

ကုရှင်းနော့က မျက်နှာအမူအရာ နည်းနည်းလေးမှ မပြောင်းဘဲ ပြန်မေးလိုက်တာပေါ့။

"ဒီဓားပြတစ်သိုက်က ဘယ်လိုဖြစ်ရတာလဲ"

ကုရှင်းယန်လည်း သူ့ကို ဓားပြခေါင်းဆောင် ဘယ်လိုဖမ်းလဲဆိုတာနဲ့ ရူယွင်တောင်ပေါ်မှာ ဖြစ်ပျက်ခဲ့သမျှကို သူ့အစ်ကိုကြီးဆီ အကုန်ပြောပြလိုက်တော့တယ်။

"မင်း သူတို့ဖမ်းတာ ခံရပြီးတဲ့နောက် တောင်အပြင်ဘက်က လူတွေ ဝင်လာတာကိုရော မတွေ့လိုက်ဘူးလား" ကုရှင်းနော့က မေးလေရဲ့။

ကုရှင်းယန်က ခေါင်းခါပြတယ်။

"အဲဒီဓားပြတွေ တစ်ခုခု ပြောနေတာကိုရော မကြားလိုက်ဘူးလား"

"သူတို့က ကျွန်တော်က ကုမိသားစုရဲ့ ဒုတိယသားပါဆိုတာကို မယုံကြဘူးဗျ"

ကုရှင်းနော့က ထပ်မေးပြန်တယ်။

"ဒါဆို သူတို့က သတ္တမမင်းသားအကြောင်းကို မသိကြဘူးပေါ့”

ကုရှင်းယန်က ပွစိပွစိနဲ့ ရေရွတ်တော့တယ်။ "သတ္တမမင်းသားမှန်း သူတို့ကို ကျွန်တော်က ဘယ်ပြောရဲပါ့မလဲ၊ တကယ်လို့ သူတို့က သတ္တမမင်းသားကို ပစ်မှတ်ထားလာတာဆိုရင် ဒုက္ခမရောက်ဘူးလား"

အကြီးဆုံးကုသခင်လေးက သူ့ညီအလတ်ရဲ့ နဖူးကို ထပ်ပြီး ဖြန်းခနဲ ရိုက်ချလိုက်ပြန်တယ်။

"မင်းက ကုမိသားစုရဲ့ ဒုတိယသခင်လေးဆိုတာကို ပြောပြပြီးပြီပဲ၊ အဲဒီဓားပြတွေက ကလေးကို သတ္တမမင်းသားဖြစ်မယ်လို့ မတွေးမိဘဲ နေပါ့မလား။ မင်းရဲ့ဦးနှောက်က ဘယ်ရောက်နေတာလဲ"

ကုဒုတိယသခင်လေးတစ်ယောက် အတော်လေး အောင့်သက်သက် ဖြစ်သွားတာပေါ့။ သူ့အစ်ကိုကြီး မျက်လုံးထဲမှာတော့ သူက ဘာပဲလုပ်လုပ် အမြဲတမ်း မှားနေသလို ဖြစ်နေတာကိုး။

"ငါ့ကို သေချာ ထပ်စဉ်းစားပေးစမ်းပါဦး။ ပြောဖို့ ကျန်ခဲ့တာတွေ ရှိသေးလား"

ကုရှင်းယန် လှဲနေရင်းနဲ့ တော်တော်ကြာကြာ စဉ်းစားပြီးမှ ပြန်ဖြေတယ်။

"တစ်ခါတော့ သူတို့တွေ နန်းတော်ထဲက ကိစ္စပြောနေတာ ကြားလိုက်သေးတယ်၊ ဒါပေမဲ့ အစောင့်တွေက အရမ်းတိုးတိုးလေး ပြောနေတာဆိုတော့ အောက်ပိုင်းစကားတွေကို သေချာ မကြားလိုက်ရဘူး"

နန်းတော်ထဲကတဲ့လား။ ကုရှင်းနော့ရဲ့ မျက်လုံးတွေထဲမှာ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေရဲ့။ ပြီးတာနဲ့ ချက်ချင်းပဲ ဘာမှမဖြစ်သလို ဟန်လုပ်ပြီး ကုဒုတိယသခင်လေးအတွက် စောင်ကို သေချာခြုံပေးလိုက်တော့တယ်။ ပြီးတော့ ပြောသေးတယ်။

"ခယ်မလေး အပြင်မှာ ရှိတယ်။ သူ့ကို ငါ ဝင်လာခိုင်းလိုက်မယ်၊ မင်း ခယ်မလေးနဲ့ စကားသေချာပြောလိုက်ဦး။ ပင်ပန်းနေပြီဆိုရင်လည်း နားလိုက်ပေါ့"

"အစ်ကိုကြီး..."

"ဒီကိစ္စကို အဘိုးနဲ့ ငါပဲ တာဝန်ယူ ဖြေရှင်းလိုက်မယ်။ မင်းကသာ သေချာနားပြီး ကျန်းမာရေးကို ဂရုစိုက်၊ ဘာမှ စိတ်မပူနဲ့တော့"

အစ်ကိုကြီး စကားပြောပြီး ထွက်သွားတော့မဲ့ဟန်ကို မြင်လိုက်တော့ ကုရှင်းယန်က အမြန်လှမ်းမေးလိုက်လေရဲ့။

"မင်းသမီးက အိမ်တော်ကို ဝက်ဝံတစ်ကောင် သယ်လာခဲ့တယ်မလား"

"ဝက်ဝံက ပြဿနာတစ်ခုခု ရှိလို့လား" လို့ ကုရှင်းနော့က ပြန်မေးလေတယ်။

"မဟုတ်ပါဘူး" ကုဒုတိယသခင်လေးက ပြောတော့တာပဲ။ "အဲဒီ ဝက်ဝံလက်မှာ ကျွန်တော့်ဝေစုလည်း ပါတယ်နော်"

ပြုပြင်ပေးလို့ မရနိုင်တော့တဲ့ ကိုယ့်ညီအလတ်ရဲ့ နဖူးကို ဖြန်းခနဲ တစ်ချက် ထပ်ရိုက်ချလိုက်ပြီးတော့မှ ကုရှင်းနော့လည်း အိပ်ခန်းထဲကနေ ထွက်လာခဲ့တော့တာပေါ့။

"အစ်ကိုကြီး..." လင်သခင်မက ကုရွှီလေးကို ပွေ့ချီပြီး တံခါးအပြင်ဘက်မှာ စောင့်နေတာလေ။ ကုရှင်းနော့ ထွက်လာတာကို မြင်တော့ အမြန်ဒူးလေး ညွှတ်ပြီး အကြီးဆုံးကုသခင်လေးကို အရိုအသေပေးလိုက်တယ်။

"ညီလတ် ဘာမှမဖြစ်ဘူးလို့ သမားတော်က ပြောတယ်" ကုရှင်းနော့က တူလေးရဲ့ ပါးပြင်လေးကို အသာအယာ လှမ်းကိုင်လိုက်ရင်း လင်သခင်မကို နူးနူးညံ့ညံ့ ပြောလိုက်လေရဲ့။ "ညီလတ်ကိုတော့ ခယ်မလေးပဲ သေချာ ဂရုစိုက်ပေးလိုက်ပါဦး"

"ဟုတ်ကဲ့ပါ" လင်သခင်မက အမြန် ပြန်ထူးလိုက်လေတယ်။

ကုရှင်းနော့လည်း သူ့လူတွေကိုခေါ်ပြီး စင်္ကြံအပြင်ဘက်က လှေကားထစ်တွေကနေ ခြံဝင်းအပြင်ဘက်ကို ထွက်သွားတော့တာပေါ့။

ကိုယ့်ယောက်ျားတစ်ယောက်လုံး အိမ်တော်ကို ထမ်းပြီး အခေါ်ခံလာရတာတောင်မှ အိမ်တော်ထဲမှာ ကုရှင်းနော့ တစ်ယောက်တည်းကပဲ လာကြည့်တယ်ဆိုတော့ လင်သခင်မ ရင်ထဲမှာ အတော်လေးကို အလိုမကျဖြစ်သွားတာပေါ့။ ဒါပေမဲ့ ခြံဝင်းထဲမှာ အသင့်စောင့်နေတဲ့ အစေခံတွေကို တစ်ချက်ကြည့်လိုက်ပြီးတာနဲ့ သူမရဲ့ မကျေနပ်မှုတွေကို မျက်နှာပေါ်မှာ ပေါ်လွင်မသွားအောင် အောင့်အည်းထားလိုက်ရတယ်။ ကုရှင်းနော့က မယားကြီးကမွေးတဲ့ သားအကြီးဆုံးဆိုတော့ ဒီအိမ်ကြီးက အနှေးနဲ့အမြန်ဆိုသလို သူ့လက်ထဲ ရောက်မှာလေ။ ကုရှင်းလန်ကျတော့လည်း သမက်တော်ဆိုတော့ နောင်ရေးမှာ စည်းစိမ်ချမ်းသာတွေက လျော့သွားစရာ အကြောင်းမရှိဘူး။ ကုမိသားစုက ညီအစ်ကို သုံးယောက်ကို တွက်ကြည့်လိုက်ရင် သူတို့ ဒုတိယအိမ်တော်ခွဲကပဲ နောင်တစ်ချိန် ဘယ်လိုဘဝမျိုးနဲ့ ရပ်တည်ရမလဲဆိုတာ မသိနိုင်တော့တာ။

လင်သခင်မတစ်ယောက် သားလေးကို ပွေ့ချီပြီး လေးလံတဲ့ စိတ်အုံ့မှိုင်းမှုတွေနဲ့အတူ အိပ်ခန်းထဲကို လှည့်ဝင်သွားလေရဲ့။

ကုရှင်းနော့ အဘိုးကြီးရဲ့ စာကြည့်ခန်းကို ရောက်သွားတဲ့အချိန်မှာတော့ ဓားပြခေါင်းဆောင်ကို ခေါ်သွားကြပြီ။ အဘိုးရယ်၊ ကုရှင်းလန်ရယ်၊ လီယွမ်လဲ့ရယ်… သူတို့ သုံးယောက်လုံးရဲ့ မျက်နှာတွေ သိပ်မကောင်းကြတာကို တွေ့လိုက်ရတယ်။

"ဘာတွေများ ထူးထူးခြားခြား စစ်ဆေးမေးမြန်းမိလိုက်လို့လဲ" ကုရှင်းနော့က စာကြည့်ခန်းထဲက လူသုံးယောက်ကို ကြည့်ရင်း ပြုံးပြုံးလေးနဲ့ မေးလိုက်လေရဲ့။

လီယွမ်လဲ့က သူ့ညီမနဲ့ ရှုံးရှုံးတို့ကြားက ကိစ္စကို ကုရှင်းနော့ဆီ ဖုံးကွယ်ထားလို့ မရနိုင်ဘူးဆိုတာ သိနေတာကိုး။ ကုအငယ်ဆုံးလေးကနေတစ်ဆင့် ပြန်ပြောခိုင်းတာထက် သူကိုယ်တိုင် ပြောပြလိုက်တာက ပိုကောင်းမယ်လို့ တွေးလိုက်မိတယ်။ ဒါကြောင့်လည်း စစ်သူကြီးလေးလီက သူတို့ လီမိသားစုနဲ့ ဓားပြခေါင်းဆောင်ရဲ့ ရန်ငြိုးအကြောင်းကို နောက်တစ်ခေါက် ထပ်ပြီး ရှင်းပြလိုက်တော့တာပေါ့။

ဒါကိုကြားပြီးတဲ့နောက် ကုရှင်းနော့က တိုးတိုးလေး သက်ပြင်းချလိုက်လေတယ်။

"ဒါက မိဖုရားကျောင်းရဲ့ အကြံအစည်ပဲ။ ဒီရှုံးရှုံးက မိဖုရားလီအတွက်နဲ့ အမှန်တိုင်း မပြောခဲ့ဘူးပဲကိုး"

ကုရှင်းလန်က မေးလိုက်လေရဲ့။ "သူ့ကို ပြန်ခေါ်ပြီး ထပ်စစ်ဦးမလား"

ကုရှင်းနော့က ခေါင်းခါလိုက်လေတယ်။

"မင်းသားတစ်ပါးကို ပြန်ပေးဆွဲတယ်ဆိုတဲ့ ပြစ်မှုမျိုးက လူသက်သေပဲရှိပြီး သက်သေခံပစ္စည်း မရှိဘူးလေ။ မိဖုရားကျောင်းနဲ့ ကျောင်းချိုးမင်တို့ရဲ့ အစွမ်းအစနဲ့ဆိုရင် ငါတို့ သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်"

"ဒါဆို ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မလို့လား" ကုသခင်ကြီးနဲ့ ကုတတိယသခင်လေးတောင် မလောရသေးဘူး။ စစ်သူကြီးလေးလီက အရင် ဒေါသထွက်သွားတော့တာပေါ့။

…

All Chapters