အခန်း ၁၄၀
Vol. 10 Ch. 140
အပိုင်း (၁၄၀)
ရန်ဖေးက အားလုံးရဲ့မျက်လုံးထဲက စိတ်အားထက်သန်ပြီး ပြတ်သားနေပုံကို လှမ်းကြည့်လိုက်တယ်။ အဲဒီနောက်မှာတော့ မျက်လွှာကို ချထားလိုက်ပြီး ခဏလောက် စဉ်းစားလိုက်လေရဲ့။
အဲဒီနောက်မှာ သူက ပိုင်ကျစ်ယွင်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး မသိမသာလေး အနားကပ်သွားလိုက်ကာ ရေကျသံလို သိမ်မွေ့တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"အကြီးအကဲပိုင် တစ်နေ့လုံး ပင်ပန်းလာရောပေါ့။ ဟယ်ဟွမ်းဂိုဏ်းမှာ အနားယူလိုက်ပါဦးလား"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကလည်း ပိုင်ကျစ်ယွင်ကို လုယူခံလိုက်ရမှာ စိုးရိမ်ပြီး စိတ်လှုပ်ရှားနေတော့တယ်။ သူက ပိုင်ကျစ်ယွင်ရှေ့မှာ မြန်မြန်ရပ်လိုက်ပြီး ရန်ဖေးကိုပြောလိုက်တော့တယ်။
"ဂိုဏ်းချုပ်ကြီးရန် အရမ်းကို အားနာတတ်ရန်ရော။ ကျုပ်တို့မှာ လုပ်စရာကိစ္စလေးရှိနေလို့ ဟယ်ဟွမ်းဂိုဏ်းက ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး"
ရန်ဖေးရဲ့မျက်လုံးတွေက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ နှမြောတသဖြစ်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။ သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။ "ဒါဆိုရင်လည်း ဂိုဏ်းချုပ်ကြီးလုနဲ့ အကြီးအကဲပိုင်တို့က အရေးကြီးလုပ်စရာတွေ ရှိနေတယ်ပေါ့နော်"
နောက်ဆုံး သူက ဘယ်လောက်ပဲ အလုပ်များနေပါစေ။ တခြားဂိုဏ်းကသတင်းတွေကိုတော့ အမြဲတမ်း အာရုံစိုက်နေသားပဲ။ ဒီတော့ အတွင်းသတင်းတချို့ကိုတော့ သူ သိနေမှာပဲပေါ့။
ဒီလိုစဉ်းစားလိုက်ပြီး သူက မသိမသာ မျက်လွှာချထားလိုက်ကာ နှမြောတသဖြစ်နေတဲ့ လေသံတချို့နဲ့ ပြောလိုက်တယ်။
"ဒီတလောမှာ စူးလီချန်ပေ့က အကြီးအကဲပိုင်ကို သတိရနေတာ။ နှမြောစရာပဲ။ ဒီလောက်တိုက်ဆိုင်လိမ့်မယ်လို့ ကျွန်တော်လည်း ထင်မထားခဲ့ဘူး"
ချန်ပေ့က သူမကို လွမ်းနေတယ်တဲ့။
ဒီအခိုက်အတန့်မှာပဲ ဒီစကားလုံးက ပိုင်ကျစ်ယွင်ရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားတော့တယ်။ သူမက တခြားအသံတွေကို ဆက်ပြီးမကြားနိုင်တော့ဘူး။
သူမက ခေါင်းမော့ကြည့်လိုက်ပြီး တောက်ပသွားတဲ့မျက်လုံးတွေနဲ့ ရန်ဖေးကို လှမ်းကြည့်လိုက်ကာ စဉ်းစားမနေတော့ဘဲ ပြန်ဖြေလိုက်တော့တယ်။
“ကျွန်မ ဟယ်ဟွမ်ဂိုဏ်းကို သွားပြီးတော့ ချန်ပေ့ကို သွားကြည့်ဦးမယ်”
ပိုင်ကျစ်ယွင်ရဲ့အဖြေကို ကြားလိုက်ပြီးတဲ့နောက်မှာ ရန်ဖေးက မျက်လွှာချထားလိုက်ပြီး မသိမသာ ပြုံးလိုက်တယ်။ သူ့အပြုံးထဲမှာ နှစ်လိုဖွယ်ဆွဲဆောင်မှုတွေ ညှို့ယူဖမ်းစားနေတာမရှိဘဲ ဒီအတိုင်း သူ့စိတ်အတိုင်း ဖြစ်နေတော့တယ်။
သူက နွေးထွေးတဲ့ နွေဦးလေးတစ်ခုလိုပဲ။ ဘေးဘီပတ်ဝန်းကျင်က ဒီအပြုံးကြောင့် လင်းလက်သွားသယောင် ဖြစ်သွားခဲ့တယ်။
အခိုက်အတန့်အတွင်းမှာ အမျိုးသမီးကျင့်ကြံသူတွေအပြင် အမျိုးသားကျင့်ကြံသူတွေကတောင် မှင်တက်အံ့သြသွားတော့တယ်။ သူတို့တွေ သတိပြန်ဝင်လာပြီးတဲ့နောက်မှာတော့ အောင့်သက်သက်နဲ့ အကြည့်လွှဲလိုက်ရတော့တယ်။
နောက်ဆုံး သူတို့တွေမှာ ပိုင်ကျစ်ယွင် သွားမဲ့နေရာကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလေ။ ပိုင်ကျစ်ယွင်က သူ သွားချင်တဲ့နေရာတိုင်းကို သွားလို့ရနေတာပဲ။
သူတို့တွေကတော့ အဆင့်ပိုမြင့်တဲ့ပျောင်ရွှမ်းရှန့်လန် ပေါ်ထွက်လာတာကိုပဲ စောင့်နေဖို့လိုတာ။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးအတွက်ကတော့... ရန်ဖေးက စူးလီနာမည်ကို ထုတ်ပြောလိုက်တာနဲ့ချက်ချင်း သူ့နောက်ကတပည့်တွေကို ဟယ်ဟွမ်းဂိုဏ်းကိုသွားဖို့ ပြင်ဆင်ခိုင်းတော့တယ်။
အကြီးအကဲပိုင်ကို စူးလီဆိုတဲ့ ဒီစကားလုံး၂လုံးက ဘယ်လောက်အထိ လွှမ်းမိုးနိုင်လဲဆိုတာကို သူ့ထက်တခြားသူတွေ ကောင်းကောင်းသိမှာ မဟုတ်ဘူးလေ။
နောက်ဆုံး ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကို ကတိပေးထားတဲ့အရာတွေကိုလည်း ဘယ်သူမှမသိခဲ့ကြဘူးပေါ့။
ပျောင်ရွှမ်းရှန့်လန်ရဲ့ အမြင့်ဆုံးအဆင့်က အဆင့်၇အထိပဲ ရောက်နိုင်တာလို့ ကျင့်ကြံရေးလောကထဲက လူတွေက သိထားတာလေ။ ဒါပေမဲ့ ဟယ်ဟွမ်းဂိုဏ်းရဲ့ ဟယ်ဟွမ်းမြို့ပေါ်က မြေမှာပဲ ပျောင်ရွှမ်းရှန့်လန်ကို အဆင့်၆ကနေ အဆင့်၇ တိုးလာအောင် သင့်တော်သလို လုပ်ပေးနိုင်တာ။
တကယ်လို့ မဟာယနကျင့်ကြံသူတစ်ယောက်က သားသမီး ရချင်တယ်ဆိုရင် သူလိုအပ်တဲ့ ပျောင်ရွှမ်းရှန့်လန်က အနည်းဆုံး အဆင့်၆ရှိမှဖြစ်မယ်။
ရလဒ်အနေနဲ့ ကျင့်ကြံရေးလောကထဲမှာ ဟယ်ဟွမ်းဂိုဏ်းက မရေမတွက်နိုင်တဲ့ အမျိုးသမီးကျင့်ကြံသူတွေ ဝင်လာချင်တဲ့ဂိုဏ်းတစ်ခု ဖြစ်လာခဲ့တယ်။
...
ပိုင်ကျစ်ယွင်တစ်ယောက်ကတော့ ပျောင်ရွှမ်းရှန့်လန်က ကျင့်ကြံရေးလောကထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတာကို မသိလေဘူး။
ဒီအခိုက်အတန့်မှာတော့ သူမက လင်းလက်နေတဲ့မျက်လုံးတွေနဲ့ စူးလီကိုကြည့်နေပြီး သူမရဲ့ အသံထဲမှာလည်း ဖုံးဖိထားလို့မရတဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတယ်။ "ကျွန်မအခုတလော လေ့လာထားတဲ့ဝိညာဉ်စွမ်းအင် အစားအသောက်တွေက ဘယ်လိုနေလဲ။ အရသာရှိရဲ့လား"
သူမက ဒီကာလအတောအတွင်းမှာလည်း အလကားမနေဘူးလေ။ သူမက နေ့တိုင်း စိတ်နှလုံးငြိမ်းချမ်းခြင်းဆေးကို သန့်စင်ရင်း အလုပ်များနေပြီး အချက်အပြုတ်... အိမ်မှုကိစ္စတွေ လေ့လာဖို့လည်း စိတ်နှစ်ထားလေရဲ့။
ဒါပေမဲ့လည်း တချို့ကိစ္စတွေမှာတော့ အရည်အချင်းက တကယ်ပဲ လိုအပ်ပါတယ်။ အကြိမ်အနည်းငယ်လောက် အချည်းနှီး ဖြစ်ခဲ့ပြီးမှ သူမက သူမရဲ့ခွန်အားတွေကို စတင်အသုံးချတော့တယ်။
ချိုချဉ်အရသာ သရေစာ၊ အစပ်အရသာ အသားမျှင်ခြောက်၊ အချိုပွဲအရသာ၊ အစားအသောက်တွေ အားလုံးက ရှေ့ကလုပ်သွားခဲ့တဲ့သူတွေ ပြောခဲ့တဲ့ အစားအသောက်တွေချည်းပါပဲ...
သူမက ဒါတွေအားလုံးကို လေ့လာခဲ့တယ်လေ။
စူးလီက ချဥ်ပြုံးပြုံး ဆီးသီးအရသာ အချိုမုန့်ကို တစ်ကိုက်လောက် ကိုက်လိုက်ပြီး ကျေနပ်သွားတဲ့ဟန်နဲ့ သူမရဲ့မျက်လုံးတွေကို ကျုံ့ထားလိုက်တယ်။
ပိုင်ကျစ်ယွင်ရဲ့ မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက သူမရဲ့လက်ကို အလွတ်ထားလိုက်ပြီး အပြုံးတစ်ခုနဲ့ ပိုင်ကျစ်ယွင်ရဲ့ခေါင်းကို လှမ်းသပ်ပေးလိုက်တယ်။ "အရသာက ပြီးပြည့်စုံတယ်"
"ငါ နင့်ကိုမတွေ့ရတာ လအနည်းငယ်ပဲ ရှိပါသေးတယ်။ နင်က အရည်အချင်းတွေ တိုးတက်လာတဲ့အပြင် နင့် ကျင့်ကြံခြင်းအဆင့်ကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ" သူမရဲ့အသံက ပျင်းရိပျင်းတွဲ ဖြစ်နေသေးပေမဲ့လည်း ချစ်မြတ်နိုးပြီး နူးညံ့နေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြည့်နေတယ်။ "လအနည်းငယ်အတွင်းမှာ နင့်ရဲ့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တည်ဆောက်နိုင်တော့မှာပဲ။ ပြောလို့မရဘူး အချိန်တိုအတွင်း ရွှေအမြုတေတစ်ခုကိုတောင်မှ ဖွဲ့စည်းနိုင်လိမ့်မယ်"
ကျင့်ကြံသူတစ်ယောက်က ရွှေအမတေကျင့်ကြံခြင်းအဆင့်ကို ဝင်နိုင်မှပဲ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို နားလည်နိုင်စွမ်း ရှိလာပြီး မသေမျိုးကျင့်ကြံသူ လမ်းကြောင်းပေါ်ကို တရားဝင် ရောက်ရှိသွားပြီလို့ သတ်မှတ်နိုင်တယ်။
စူးလီရဲ့ ချီးကျူးစကားကို ကြားလိုက်ရတဲ့အခါ ပိုင်ကျစ်ယွင်ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုနဲ့ ဝမ်းသာမှုအပြည့် ဖြစ်သွားတယ်။ သူမက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး "ချန်ပေ့ စိတ်မပူပါနဲ့။ ကျွန်မ သေချာပေါက် ကြိုးစားပြီးတော့ လေ့ကျင့်နေပါတယ်"
စူးလီက သူမရဲ့လေးနက်တဲ့အဖြေကို နားထောင်လိုက်ပြီး တွေးတွေးဆဆနဲ့ ခေါင်းမော့ထားလိုက်တယ်။
ဒီကလေးက နှစ်ဝက်အတွင်းမှာ အများကြီး လုပ်လာခဲ့တာပဲ။ သူ ထပ်ပြီးတော့ မပင်ပန်းနေတော့လောက်ပါဘူး။
လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ရွှင့်ချန်ဂိုဏ်းက ချင်းထျန်းနတ်သမီးရေစင်ရဲ့ ညစ်ညမ်းနေတာကို ဖယ်ရှားဖို့ဆိုရင် ကျင်းရှင်းဆေးလုံးကို သန့်စင်ဖို့ဆိုတာက အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမှာလေ။
ဒါပေမဲ့ ပိုင်ကျစ်ယွင်က ကျင်းရှင်းဆေးလုံးကိုသုံးပြီး ချင်းထျန်းနတ်သမီးရေစင်ကို နှစ်ဝက် မပြည့်သေးခင်မှာပဲ သန့်စင်အောင်လုပ်ပေးနိုင်ခဲ့တယ်။
ကြည့်ရတာ ဝိညာဉ်ဆေးပင်တွေရဲ့ အရည်အချင်းက အများကြီး တိုးတက်လာခဲ့တဲ့ပုံပဲ။
အခုတော့ သူမက ဟယ်ဟွမ်းဂိုဏ်းကို ရောက်လာပြီး ပျောင်ရွှမ်းရှန့်လန်ပန်းကို အဆင့်၆ကနေ အဆင့်၇ဖြစ်အောင် သန့်စင်ရင်း အလုပ်များတော့မယ်...
ဒီလိုစဉ်းစားလိုက်ပြီး သူမက မသိမသာ မျက်ခုံးတွေကို ပင့်ထားလိုက်ကာ စိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ်။ "ကိုယ့်ဟာကိုယ်လည်း အဲဒီလောက်ကြီး တွန်းအားမပေးပါနဲ့"
"နင်လည်း ဦးစားပေးတတ်ဖို့ သင်ယူရဦးမယ်။ တကယ်လို့ တစ်ခုခုက အရေးမကြီးဘူးဆိုရင် ဒီအတိုင်း အခုလောလောဆယ် ဘေးချထားလိုက်ပါ"
နောက်ဆုံး ဟယ်ဟွမ်းဂိုဏ်းကလည်း နှစ်၁ဝဝကျော်လောက် သားသမီးတွေ မရနိုင်ဖြစ်နေဦးမှာပဲ။ ဒီတော့ ၁နှစ်-၂နှစ်လောက်ကတော့ ဘာမှကွာခြားသွားမှာ မဟုတ်ပါဘူး။
လူတွေဆိုတာ ရင်းနှီးတာနဲ့ မရင်းနှီးတာပဲရှိတာပါ။
ရန်ဖေးက ထူးခြားတဲ့ရုပ်အသွင်ပြင်တစ်ခု ပိုင်ဆိုင်ထားပြီး ကြည့်ရှုသူရဲ့မျက်လုံးကို မျက်စိပသာဒ ဖြစ်စေတယ်ဆိုရင်တောင်မှ သူက ပိုင်ကျစ်ယွင်ထက်တော့ တစ်ဆင့်နိမ့်ပါသေးတယ်။ ပိုင်ကျစ်ယွင်ကို သူမက ဒီနေ့ဒီအချိန်အထိ စောင့်ကြည့်လာခဲ့တာပဲ။
စူးလီရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ပိုင်ကျစ်ယွင်က တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်တယ်။
"ချန်ပေ့ ပြောတာမှန်တယ်"
တိုက်တိုက်ဆိုင်ဆိုင်ပဲ ပျောင်ရွှမ်းရှန့်လန်ရဲ့ အဆင့်ကလည်း အခုဆိုရင် အဆင့်၆ရောက်သွားပြီ။ တကယ်လို့ အဆင့်ကိုပိုပြီးတော့ မြှင့်တင်မယ်ဆိုရင် အခွင့်အရေးတစ်ခုကို စောင့်နေဖို့လိုအပ်တယ်..."
နောက်ပိုင်းအချိန်တွေကို သူမက သူမရဲ့ချန်ပေ့အတွက် ဝိညာဉ်စွမ်းအင်အစားအသောက်တွေ လုပ်တဲ့နေရာမှာ အာရုံစိုက်ထားလို့ရပြီလေ။
ကျင့်ကြံခြင်းအတွက်ကတော့...
သူမက ဝိညာဉ်စွမ်းအင်သစ်ပင်ရဲ့ အစွမ်းတွေ နိုးထလာကတည်းက လေ့ကျင့်စရာ မလိုတော့ဘူးလေ။ သူမရဲ့ကျင့်ကြံခြင်းအဆင့်က အများကြီး အားစိုက်ထုတ်မနေရဘဲနဲ့ကို သူ့ဟာသူ တိုးတက်လာလိမ့်မယ်။
ဒီလိုစဉ်းစားလိုက်ပြီး သူမက တောက်ပနေတဲ့မျက်လုံးနဲ့ ကတိပေးလိုက်တယ်။ "စိတ်မပူပါနဲ့ ချန်ပေ့၊ ကျွန်မသိပါပြီ"
သူတို့၂ယောက်က လုံးဝကိုမတူညီတဲ့ အပြုအမူတစ်ခုနဲ့ သူတို့ရဲ့စကားဝိုင်းကို အဆုံးသတ်လိုက်တယ်။
ဒီကာလအတွင်းမှာ ပိုင်ကျစ်ယွင်က အဖော်လုပ်ပေးပြီး စူးလီက အင်မတန်မှ ဇိမ်ကျတဲ့ ဘဝတစ်ခုမှာ နေထိုင်လေရဲ့။
ရက်သတ္တပတ်နေ့တွေမှာဆိုရင် သူမက ဟယ်ဟွမ်းဂိုဏ်းက ကျင့်ကြံသူတွေ ပြင်ဆင်ထားပေးတဲ့ ဖရဲသီးကိုစားတယ်။ မကြာခဏဆိုသလို ပိုင်ကျစ်ယွင် အသစ်ပြုလုပ်ပေးထားတဲ့ ဝိညာဉ်စွမ်းအင် အစားအသောက်တွေကို စမ်းပြီးတော့ မြည်းကြည့်တယ်။ ဝိညာဉ်စွမ်းအင်သစ်သီးလက်ဖက်ရည်ကို တစ်ငုံလောက်သောက်ကြည့်တယ်...
တခြားဂိုဏ်းကြီး ငါးခုရဲ့ဂိုဏ်းချုပ်ကြီးတွေက ကိစ္စရပ်တွေကို တိုင်ပင်ဖို့ ဟယ်ဟွမ်းဂိုဏ်းကို ရောက်မလာခင်အထိပေါ့။
တကယ်တော့ ဂိုဏ်းကြီး၅ခုရဲ့ ဂိုဏ်းချုပ်တွေပဲ ရောက်လာတာ မဟုတ်ပါဘူး။
၀မ်ကျန့်ဂိုဏ်းချုပ်ကြီးက သူတို့ရဲ့ ဆရာဦးလေး မဟာအကြီးအကဲ ရှန်ချန်းဟန်ကိုလည်း ခေါ်လာခဲ့တယ်လေ။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဟယ်ဟွမ်းဂိုဏ်းကို ရောက်နှင့်နေပြီဆိုပေမဲ့လည်း ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ တပည့်ချောင်ချွမ်းက ဟယ်ဟွမ်းဂိုဏ်းကို ရောက်လာတဲ့အချိန်မှာတော့ သူက သူတို့ရဲဘွားဘွားကြီး လင်းကျောက်ကိုလည်း ခေါ်လာခဲ့သေးတယ်။
ဒီအပြင် ဟယ်ဟွမ်းဂိုဏ်းကို ရောက်နေနှင့်ပြီးဖြစ်တဲ့ ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ ပိုင်ကျစ်ယွင်ကလည်း ရှိနေတယ်။
ဒီအခိုက်အတန့်မှာပဲ စူးလီရဲ့မူလက အေးချမ်းနေတဲ့ ဘဝကြီးက ရုတ်တရက်ဆိုသလို နည်းနည်းလေး ပြဿနာတက်လာခဲ့တယ်။
ဒီနေ့တော့ သူမက တံခါးကိုဖွင့်လိုက်တာနဲ့ ချက်ချင်း သူမရဲ့တံခါးရှေ့မှာ အရပ်မြင့်ကနေ အရပ်နိမ့်အထိ တန်းစီပြီး သပ်သပ်ရပ်ရပ်လေး ဖြစ်နေကြတဲ့ ပုံရိပ်၃ခုကို တွေ့လိုက်ရတယ်။
အားလုံးက ဝိညာဉ်စွမ်းအင် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားပြီး ဘယ်ကနေညာကို ကြည့်လိုက်မယ်ဆိုရင် လတ်လတ်ဆတ်ဆတ်အသီး၊ အသားကင်... နည်းနည်းလေး ထူးဆန်းနေတဲ့ပုံစံ ဖြစ်နေတဲ့ ပေါက်စီတွေများလား... နည်းနည်းလေး မော့ကြည့်လိုက်တဲ့အခါ မျှော်လင့်တကြီးဖြစ်နေတဲ့ မျက်လုံး၃စုံကို တွေ့လိုက်ရလေရဲ့။
"ချန်ပေ့ ဒါက ကျွန်မ လေ့ကျင့်ပြီးသွားလို့လုပ်လာခဲ့တဲ့ ဆီးပန်းပွင့်အချိုပွဲပါ။ ကျေးဇူးပြုပြီး စမ်းကြည့်ပါဦး"
"ချန်ပေ့ ဒါက ဓားသိုင်းလေ့ကျင့်ရင်း သားရဲ၁ထောင် တောင်ထွဋ်ပေါ်မှာ ကျွန်မသတ်လာခဲ့တဲ့ အနီရောင်ယုန်သားရဲလေ။ ကျွန်မလုပ်ထားတဲ့ အနီရောင်ယုန်သားရဲကင်လေးကို ကျေးဇူးပြုပြီး စားကြည့်ပါဦး။ ချန်ပေ့ရဲ့ အကြိုက်နဲ့များ ကိုက်ညီရဲ့လား"
"မမ မမ ဒါက သမီးလုပ်ထားတဲ့ ပေါက်စီလေ။ ရုပ်ကတော့ အရမ်းကြီး မလှပါဘူး။ ဒါပေမဲ့ အရသာရှိတယ်"
စူးလီက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ဘာမှမပြောတော့ဘဲ ခါးထောက်နေ လိုက်တော့တယ်။
တကယ်လို့ လူ၂ယောက်တည်းသာ ရှိတယ်ဆိုရင် အလွန်ဆုံး သူမက တစ်ပြိုင်တည်းမှာ လက်၂ဖက်နဲ့ ပစ္စည်းတစ်ခုချင်းစီကို ကောက်ကိုင်လိုက်ရုံပဲပေါ့။
ဒါပေမဲ့ အခုကျတော့... သူမမှာ တကယ်ပဲ လက်၃ဖက်မရှိဘူးလေ။
ဒီလူ၃ယောက်ရဲ့ ပြင်းပြနေတဲ့အကြည့်ကို ရင်ဆိုင်လိုက်ရတဲ့အခါ စူးလီက မသိမသာ တောင့်တင်းသွားတဲ့ အပြုံးတစ်ခုကို ထုတ်ပြလိုက်ရတော့တယ်။ "တကယ်တမ်းကျတော့ ငါ အခုလောလောဆယ် ဗိုက်မဆာသေးပါဘူး"
"ဒီအတိုင်းသွားပြီးတော့ နင်တို့ကိစ္စတွေကို သွားလုပ်လိုက်ကြပါ"
သူမရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူတို့၃ယောက်က အချင်းချင်း ကြည့်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ သူတို့တွေက စိတ်ဆုံးဖြတ်ကြပြီးတဲ့အတိုင်း အကြည့်လွှဲလိုက်ကြတယ်။
"ကျွန်မ စားစရာအသစ်လေးတွေ လေ့လာဖို့လိုသေးတယ်။ ချန်ပေ့ ကောင်းကောင်း အနားယူလိုက်ဦးနော်။ ကျွန်မလုပ်ထားတဲ့ နာနတ်သီးကိတ်မုန့်အသစ် အရသာမြည်းဖို့ စောင့်နေလိုက်နော်"
"ဒီနေ့ ကျွန်မကင်ထားတဲ့ အနီရောင်ယုန်သားရဲကင်က အရုပ်လေးချုပ်တာနဲ့ဆိုရင် အရမ်းသင့်တော်နေမှာပဲ။ ချန်ပေ့ ကျွန်မကို တစ်နာရီလောက်ပဲ စောင့်ပေးနော်"
"မမ မမ ခြံဝင်းက နည်းနည်းလေး ရှုပ်ပွနေတယ်လို့ သမီး ထင်တယ်။ သမီးအခုပဲ သွားပြီးတော့ သန့်ရှင်းရေး လုပ်လိုက်မယ်နော်"
သူတို့ရဲ့အဖြေကို ကြားလိုက်ရပြီးတယ်နောက်မှာ စူးလီက ဘာမှမတတ်နိုင်တော့သလို သူမရဲ့မျက်ခုံးကို ပွတ်သပ်မိတော့တယ်။
"နင်တို့၃ယောက် အချိန်ရှိတုန်း လေ့ကျင့်သင့်တယ်လေ"
"စိတ်မပူပါနဲ့ ချန်ပေ့။ ကျွန်မ လေ့ကျင့်ပြီးသွားရင် လုပ်လိုက်ပါ့မယ်"
"ကျွန်မလည်းအတူတူပဲ"
စူးလီက ဘာမှမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ ဒီလိုအကြည့်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ ကောင်းကင်ဘုံစာအုပ်ထဲက ဖရဲသီးတွေက ထပ်ပြီးတော့အရသာ မရှိတော့ဘူးလို့ ခံစားမိလေရဲ့။
...
ယန့်ဟွမ်ခန်းမထဲမှာ
ဂိုဏ်းချုပ်ကြီးတွေက ခန်းမထဲမှာထိုင်နေကြပြီး အားလုံးကလည်း သူတို့မျက်နှာပေါ်မှာ လေးနက်တည်ကြည်တဲ့ အမူအရာတစ်ခု ဆောင်ထားတယ်။
သူတို့တွေက ဒီကာလအတောအတွင်းမှာ ဂိုဏ်းထဲမှာ ဖြစ်ပျက်သွားတဲ့ကိစ္စတွေကို အပြန်အလှန် ပြောပြနေကြတယ်။ တော်တော်လေးကို တည်ငြိမ်နေသေးတဲ့ ချန်ဖူဂိုဏ်းကလွဲရင် တခြားဂိုဏ်းတွေမှာ ရုတ်တရက် ထဖြစ်သွားတဲ့ ကပ်ဘေးတွေလို့ ပြောလို့ရတဲ့ ဘေးဒုက္ခတစ်ခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။
အပြင်လောကကလာတဲ့ စကားသံကြောင့်သာ မဟုတ်ဘူးဆိုရင်... သိပ်မဝေးလှတဲ့အနာဂတ်မှာ ဂိုဏ်းကြီး၆ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ ကျန်တော့မယောင်ဖြစ်နေတယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူ့ရဲ့မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး သူ့ရဲ့အသံက လေးလံနေပေမဲ့လည်း စိတ်အေးနေတဲ့ အရိပ်အယောင်တစ်ခု ပါနေတယ်။ "တျန်းကျီးဂိုဏ်းက လွန်ခဲ့တဲ့နှစ်ပေါင်း၁ထောင်တုန်းက ကျင့်ကြံရေးလောကရဲ့ ကပ်ဘေးဒုက္ခကြီးကို တွက်ချက်ခဲ့တယ်။ ဒါက ဒီတစ်ကြိမ်မှာ ဂိုဏ်းကြီး၆ဂိုဏ်းက ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ ကပ်ဘေးဒုက္ခတွေနဲ့ ပတ်သက်နေလိမ့်မယ်လို့ ကျုပ် ထင်တယ်"
"ကံကောင်းချင်တော့ ကောင်းကင်ဘုံက ကျင့်ကြံရေးလောကကို မျှော်လင့်ချက် အမျှင်အတန်းလေးတစ်ခု ပေးထားတယ်"
ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း စိတ်အေးသွားတဲ့ ရုပ်တစ်ခုနဲ့ ခေါင်းညိတ်ပြတယ်။ "ဟုတ်တယ် ကောင်းကင်တာအိုရဲ့... ကျေးဇူးကြောင့်ပေါ့"
"တင်းကြပ်လှတဲ့ အကာအကွယ်အောက်က အဖိုးအတန်ဆုံး ဂိုဏ်းရဲ့ရတနာက ဖျက်ဆီးခံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်သဘောတူတယ်။ "အခုဆိုရင် ဂိုဏ်းကြီး၆ဂိုဏ်းက နောက်ဆုံးတော့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်လာရပြီး ပြင်ဆင်မှုတွေလည်း လုပ်ထားပြီးပြီ။ တကယ်လို့ လူဆိုးတွေက နောက်တစ်ခါ ပြဿနာ ထပ်ရှာလာခဲ့မယ်ဆိုရင် သူတို့တွေကို အချိန်မီရှာဖွေနိုင်လိမ့်မယ်"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက မသိမသာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။ "ဂိုဏ်းကြီး၆ဂိုဏ်းက အခြေအနေအမျိုးမျိုးနဲ့ ထိခိုက်ခံစားခဲ့ရတယ်ဆိုရင် နံပါတ်၇ဂိုဏ်းဖြစ်တဲ့ ကွေးယွမ်ဂိုဏ်းက..."
နံပါတ်၇ဂိုဏ်း။ ကွေးယွမ်ဂိုဏ်းက ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ အပြင်ဘက်မှာ ဂုဏ်ကျက်သရေအရှိဆုံး ဂိုဏ်းတစ်ခုပဲ။ သူ့ကို နှစ်၁ဝဝတိုင်းမှာ ဂိုဏ်းတွေအများကြီးထဲကမှ ရွေးချယ်ထားခဲ့ပြီး ဂိုဏ်းကြီး၆ဂိုဏ်းပြီးရင် ဒီဂိုဏ်းတစ်ခုပဲရှိတာ။
ကွေးယွမ်ဂိုဏ်းအကြောင်း ပြောလိုက်တဲ့အခါ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ရုတ်တရက် တစ်ယောက်ယောက်ကို သတိရသွားပြီး အားကျလေးစားတဲ့ အရိပ်အယောင်နဲ့ ပြောလိုက်တယ်။
"ကွေးယွမ်ဂိုဏ်းမှာ ကျန်းမုန့်လန်ရှိတယ်လေ။ ဒီတော့ ပြဿနာရှိမယ်လို့တော့ မထင်ပါဘူး"
ပြောရမှာတော့ နည်းနည်းရှက်ဖို့ကောင်းပါတယ်။ လက်တလော မျိုးဆက်သစ်တွေထဲမှာ ကျင့်ကြံရေးလောကကို ဦးဆောင်နေတဲ့တပည့်က ဂိုဏ်းကြီး၆ဂိုဏ်းက မဟုတ်ဘဲ ကွေးယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးရဲ့ တပည့်အကြီးဆုံးဖြစ်တဲ့ ကျန်းမုန့်လန်ဖြစ်နေတယ်။
သူက အင်မတန်မှ ပါရမီရှိတဲ့အပြင် နှစ်ပေါင်း၁၀၀ ကြာသွားပြီးတဲ့နောက်မှာ မြင့်မြတ်အသွင်ကူးပြောင်းခြင်း ကျင့်ကြံခြင်းအဆင့်ကို ရောက်လာခဲ့ပြီး သူက လမင်းလို ဖြူစင်တည်ငြိမ်တဲ့ ကြင်နာတတ်တဲ့ လူတစ်ယောက်လည်း ဖြစ်တယ်။ သူက ကျင့်ကြံသူတွေ အများကြီးကို ကူညီပေးခဲ့တဲ့အပြင် အခြေအနေကို ပြောင်းလဲပေးခဲ့ပြီး ဝိညာဉ်သားရဲကောင်တွေ မြို့တော်ကို အလုံးအရင်း တိုက်ခိုက်လာတဲ့အခါ တစ်မြို့လုံးက လူတွေကိုလည်း ကယ်တင်ပေးခဲ့တယ်။
သူက ကျင့်ကြံရေးလောကထဲမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ အတွက်တစ်သက်တာ လေ့ကျင့်ခြင်းပန်းတိုင်တစ်ခုလို့တောင် ပြောလို့ရတယ်။
သိပ်မဝေးလှတဲ့အနာဂတ်မှာ သူက ပေါင်းစပ်ကျင့်ကြံခြင်း အဆင့်ကို ထိုးဖောက်နိုင်ပြီး နှစ်ပေါင်းထောင်ချီမှာ အသက်အငယ်ဆုံး ပေါင်းစပ်ကျင့်ကြံခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်။
ကွေးယွမ်ဂိုဏ်းမှာ ကျန်းမုန့်လန် ရှိနေတယ်ဆိုတော့ ကွေးယွမ်ဂိုဏ်းက လဝက်နေရင် ကျင်းပမဲ့ ၇ဂိုဏ်းမြောက် ဂိုဏ်းကြီးရွေးချယ်ပွဲကို အနိုင်ရလိမ့်မယ်။
အဲဒီအချိန်မှာပဲ လူ၆ယောက်ရဲ့သိုလှောင်အိတ်ထဲက ကျန့်ရွှမ်က တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့တယ်။
သူတို့တွေက မျက်လုံးထဲမှာ တူညီတဲ့ထိတ်လန့်မှုတွေနဲ့ ကျန့်ရွှမ်ပေါ်ကစာကို ကြည့်လိုက်ကြတယ်။
ကွေးယွမ်ဂိုဏ်းရဲ့ ကျန်းမုန့်လန်က မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေပြီး သူ့ကျင့်ကြံခြင်းအတွက် ဂိုဏ်းရဲ့အကြီးမားဆုံးရတနာကို မဖွယ်မရာ ပြုလုပ်ခဲ့တဲ့အတွက် ရတနာက ပြင်းပြင်းထန်ထန် ထိခိုက်မှုဖြစ်သွားသတဲ့။
အခုတော့ သူ့ကျင့်ကြံခြင်းက ပယ်ဖျက်ခံလိုက်ရပြီး ဂိုဏ်းချုပ်ကြီးတွေ အားလုံးက ကွေးယွမ်ဂိုဏ်းကိုလာပြီး သူ့ကိုစီရင်ချက်ချပေးဖို့ စောင့်ဆိုင်းနေရသတဲ့။
…