အခန်း ၁၄၁
Vol. 10 Ch. 141
အပိုင်း (၁၄၁)
ကျန့်ရွှမ်ပေါ်က သတင်းကို မြင်လိုက်ရတဲ့အခါ ဂိုဏ်းချုပ်ကြီးတွေ အားလုံးက မယုံမကြည်နဲ့ မျက်မှောင်ကျုံ့လိုက်ကြတယ်။
ကွေးယွမ်ဂိုဏ်းရဲ့ တခြားကျင့်ကြံသူတွေက ဒီလိုမကောင်းတဲ့ကိစ္စကို လုပ်တယ်လို့ သူတို့ကို လာပြောမယ်ဆိုရင် သူတို့တွေက ယုံချင်ယုံအုံးမယ်လေ။ ဒါပေမဲ့ ကျန်းမုံ့လန်က ကျင့်ကြံရေးလုပ်ဖို့ ဂိုဏ်းရဲ့ရတနာတွေကို ခိုးသွားတယ်လို့ ပြောတာကတော့... တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက စားပွဲကို ဝုန်းကနဲ ရိုက်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
"ဒီကလေးမုံ့လန်ကို ငါ နှစ်ပေါင်းများစွာကြည့်လာခဲ့တာပဲ သူက ဒီလိုကလေးမျိုး မဟုတ်ပါဘူး"
ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း မျက်မှောင်ကျုံ့လိုက်ပြီး သူ့အမူအရာက လေးနက်တည်ငြိမ်နေတယ်။
"ကျန်းမုံ့လန်က ရှားပါးတဲ့ ဝိညာဥ်စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်ပြီး နှစ်တစ်ထောင်မှာမှ တစ်ခါပဲ ပေါ်လာတတ်တဲ့အရာမျိုးလေ။ သူက ကျင့်ကြံခြင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်အောင်လုပ်နိုင်ပါတယ်။ သူက ဘာဖြစ်လို့ အဲ့ဒီလိုယုတ်မာတဲ့ နည်းလမ်းမျိုးကို သုံးရမှာလဲ"
အမြဲလိုလို ဖျန်ဖြေပေးတတ်ပြီး သိုသိုသိပ်သိပ်ရှိတဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးကတောင် မနေနိုင်တော့ဘဲ ကျန်းမုံ့လန်အတွက် ခုခံပြောဆိုပေးတော့တယ်။
"ဟုတ်တယ် ကျန်းမုံ့လန်က တပည့်တွေရဲ့ မျိုးဆက်သစ်တွေရဲ့ ခေါင်းဆောင်ပဲ။ သူ့အနာဂတ်ကလည်း အတိုင်းအဆ မရှိဘူး၊ သူက သူရဲ့ ကျင့်ကြံရေးကို ယာယီအဆင့်မြင့်ဖို့အတွက် ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးကို လုပ်ရမှာလဲ"
သူတို့ရဲ့စကားကို ကြားလိုက်တဲ့အခါ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကလည်း နောက်ဆုံးတော့ ခေါင်းမော့ပြီး မေးလိုက်တော့တယ်။ သူ့မျက်ခုံးတွေက တင်းကြပ်နေအောင် တွန့်ချိုးနေပြီး သူ့အသံထဲမှာလည်း ဖိနှိပ်ထားတဲ့ ဒေါသအရိပ်အယောက်တစ်ခုနဲ့ ပြောနေတယ်။
"ကွေးယွမ်ဂိုဏ်းချုပ်ကြီးက ကျန်းမုံ့လန်ကို တကယ်ပဲ အရေးယူလိုက်ပြီတဲ့လား"
"သူက တကယ်ပဲ၊ ကျန်းမုံ့လန်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်ဆီးပစ်ပြီတဲ့လား"
ဟယ်ဟွမ်းဂိုဏ်းချုပ်ကလည်း သူ့လက်ထဲက ကျန့်ရွှမ်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းထားလိုက်ပြီး ရှားရှားပါးပါး မျက်မှောင်ကျုံ့လိုက်တယ်။
အစတုန်းကတော့ ကျန်းမုံ့လန်က ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေရဲ့အာရုံကို ဆွဲဆောင်ထားခဲ့ပြီး အာလုံးကလည်း သူ့ကို သူတို့ရဲ့တပည့်အဖြစ် လက်ခံထားချင်ကြတာလေ။
သူတို့တွေက ဆရာတပည့်ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ ကျရှုံးခဲ့ကြပေမဲ့လည်း ဂိုဏ်းချုပ်ကြီးတွေက ကျန်းမုံ့လန်ကို တခြားကျင့်ကြံသူတွေထက် ပိုပြီးတော့တရင်းတနှီး ဆက်ဆံခဲ့ကြတယ်။
သူက မျက်လွှာကိုချထားပြီး ခပ်တိုးတိုးပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးမင်က ဖြောင့်မတ်တည်ကြည်ပြီး သူက ပါးနပ်လိမ္မာတဲ့ သူတစ်ယောက်ပါ။ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် သူကအဲ့ဒီလောက် ဆင်ခြင်ဉာဏ်မဲ့တဲ့ကိစ္စမျိုးကို မလုပ်သင့်ပါဘူး"
"နောက်ဆုံး..."
"နောက်ဆုံး သက်သေအထောက်အထားက အရမ်းကို ခိုင်မာနေတဲ့အတွက် ဂိုဏ်းချုပ်ကြီးမင်က လူထုဒေါသကို တည်ငြိမ်သွားအောင် လုပ်ပေးဖို့ ဒီနည်းလမ်းကို အသုံးပြုနိုင်တော့တာပဲ ဖြစ်နိုင်တယ်"
တစ်ချိန်လုံး မျက်လွှာချထားခဲ့တဲ့ ချန်ဖူဂိုဏ်းတပည့်က နောက်ဆုံးတော့ ထုတ်ပြောလိုက်ပြီး သူ့ရဲ့ဂရုဏာသက်နေတဲ့ မျက်ဝန်းထဲမှာ သက်ပြင်းချလိုက်တဲ့ အရိပ်အယောင်တစ်ခု ပါသွားတယ်။
"ဂိုဏ်းချုပ်ကြီးမင်ရဲ့နည်းလမ်းက လူထုဒေါသကို ပြေလျော့အောင် လုပ်ပေးဖို့သက်သက်ပဲ မျှော်လင့်ပါတယ်"
ဒီလိုဆိုရင် လုံလောက်တဲ့ဝိညာဥ်ရတနာတွေ ရှိနေသေးသရွေ့ ကျန်းမုံ့လန်က သူရဲ့ကျင့်ကြံခြင်းအဆင့်ကို ပြန်ပြီးကုသလို့ ရနိုင်သေးတယ်။
ဂိုဏ်းချုပ်ကြီး အများအပြားကလည်း သူတို့ရဲ့သားသမီးအရင်းကို ကာကွယ်ပေးတဲ့နေရာမှာ နာမည်ကြီးတဲ့သူတွေဆိုတော့ အားလုံးက ဒီလိုဆင်တူတဲ့အတွေးတွေ ရှိထားကြတယ်။
ဒီလိုစဥ်းစားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့မျက်နှာပေါ်က ရှုံ့မဲ့နေတဲ့အမူအရာက နည်းနည်းလေး ပြေလျော့သွားတယ်။
"ကျန်းမုံ့လန်က ဂိုဏ်းချုပ်ကြီးမင်ရဲ့ အကြီးဆုံးတပည့်ပဲ၊ အမြဲတမ်း မျက်နှာသာပေးခံလာခဲ့ရတာ။ သူက ကျန်းမုံ့လန်ကို နောက်ကွယ်မှာ ကာကွယ်ပေးမှာပါ"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း အဲ့ဒီလို့ဖြစ်သင့်တယ်ဆိုတဲ့ အမူအရာတစ်ခုကို ဆောင်ထားတယ်။ သူက ခေါင်းညိတ်ထောက်ခံပြီး ပြောလိုက်တယ်။
"ကျန်းမုံ့လန်က ကွေးယွမ်ဂိုဏ်းရဲ့ အနာဂတ်ကို ကိုယ်စားပြုနေတာပဲ။ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးတစ်ယောက်အနေနဲ့ ဂိုဏ်းချုပ်ကြီးမင်က ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာပါ"
ဒီအချိန်မှာတော့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူရဲ့မုတ်ဆိတ်ကို သပ်လိုက်ပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။
"ဂိုဏ်းရဲ့ နောက်ထပ် ရတနာတစ်ခု..."
"ဧကန္တ ဖြစ်ပျက်နေတဲ့ကိစ္စတွေရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်ကလည်း ဒီကိစ္စရဲ့နောက်ကွယ်မှာ ရှိနေတာများလား"
"ဒီကိစ္စက မှန်မှန်မှားမှားပါ၊ ကျုပ်တို့တွေ တစ်ချက်လောက် သွားကြည့်လိုက်ရင် သိရမှာပဲ"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ထရပ်လိုက်ပြီး လေးနက်တဲ့အကြည့်တစ်ခုနဲ့ အားလုံးကိုပြောလိုက်တယ်။
"အခု ခုနှစ်ခုမြောက် အဓိကဂိုဏ်းကြီးကို ရွေးချယ်ဖို့ကလည်း နီးကပ်လာပြီ၊ ကျုပ်တို့တွေ ကွေးယွမ်ဂိုဏ်းကို သွားကြည့်သင့်တယ်"
"အခု ဂိုဏ်းချုပ်ကြီးမင်ကလည်း ကျုပ်တို့ကို ဖိတ်ခေါ်ထားတာဆိုတော့ ကွေးယွမ်ဂိုဏ်းကို ရက်အနည်းငယ်လောက် စောပြီးသွားလိုက်တာလည်း ဆိုးတဲ့စိတ်ကူးတော့ မဟုတ်ပါဘူး"
တစ်ချိန်တည်းမှာပဲ ခြံဝန်းထဲမှာ နေပူစာလှုံရင်း လှဲလျောင်းနေတဲ့ စူးလီကလည်း ကျန့်ရွှမ်ပေါ်ကစာကို တွေ့လိုက်တယ်။
သူမက အခုလေးတင် စိတ်ဝင်စားစရာတွေ့လာပြီး ဖြစ်ပျက်နေတဲ့အရာကိုကြည့်ဖို့ ကောင်းကင်စာအုပ်ကို ဖွင့်တော့မဲ့အချိန်မှာပဲ အဝေးတစ်နေရာက ဝမ်းသာအားရနဲ့ သူမဆီကို ပြေးလာတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
"မမ သမီး အုတ်မြစ်တည်အဆင့်ကို အောင်မြင်သွားပြီ"
လင်းကျောက်က စူးလီရဲ့ဘေးကို ခုန်ဆွခုန်ဆွလေးပြေးလာပြီး သူမရဲ့မျက်လုံးထဲမှာတော့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်အောင် ဖြစ်နေခဲ့တယ်။
သူမက ချီးကျူးစကားကို တောင်းခံနေတဲ့ပုံစံမျိုးလေး ဖြစ်နေတယ်။
"မမ ညီမက မမမြင်ခဲ့ဖူးတဲ့အထဲမှာ အတော်ဆုံး ကျင့်ကြံသူ မဟုတ်လား"
သူမရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက ပြန်ဖြေတော့မဲ့ဆဲဆဲမှာပဲ အတွင်းတံခါးရဲ့ တစ်ဖက်တစ်ချပ်မှာ ပေါ်လာတဲ့ ပိုင်ကျစ်ယွမ်နဲ့ ရှန်းချန်းဟန်တို့ရဲ့ ပုံရိပ်လေးကို ရုတ်တရက် သတိထားမိလိုက်တယ်။
ပုံမှန်ဆိုရင် သူမက နည်းနည်း အရေထူတဲ့မိန်းကလေးတစ်ယောက် ဆိုပေမဲ့လည်း တစ်ခုခု လွဲနေတာကိုတော့ သတိထားမိသေးတယ်။ သူမ မျက်တောင်လေးကို ခတ်လိုက်တယ်။ ဒါပေမဲ့လည်း သူမက ပြန်မဖြေရသေးခင်မှာဘဲ ပိုင်ကျစ်ယွမ်က သူမဆီကို တစ်လှမ်းချင်း လျှောက်လာနေတာကို တွေ့လိုက်ရတယ်။
သူမက မျက်လွှာကို မသိမသာချထားလေရဲ့။ ရက်အနည်းငယ်အတွင်းမှာပဲ သူမက သဘောကျခံရဖို့အတွက် ယှဥ်ပြိုင်လိုတဲ့ အရည်အချင်းမှာ ကျွမ်းကျင်လာခဲ့တယ်။
သူမရဲ့မျက်လုံးထဲမှာ သိမ်ငယ်သွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ သူမက တိုးတိုးလေး ပြောလိုက်တယ်။
"ညီမလေးလင်းကျောက်ရဲ့ အရည်အချင်းက တကယ့်ကို အံ့သြစရာကောင်းပါပေတယ်။ သူက လအနည်းငယ်ပဲ လေ့ကျင့်ရသေးတယ်။ ခန္ဓာကိုယ်ထဲက ချီကိုဆွဲထုတ်နိုင်တဲ့အဆင့်ကနေ အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်သွားခဲ့ပြီ"
"ချီလေ့ကျင့်ခြင်းအဆင့်မှာပဲ ဆယ်စုနှစ်လောက် အချိန်ဖြုန်းနေတဲ့ ကျွန်မနဲ့တော့ မတူဘူး"
ဒီအချိန်မှာတော့ သူမက ခေါင်းလေးကို မော့လိုက်ပြီး ကိုယ့်ဟာကို အပြစ်တင်နေတဲ့စကား ပြောလိုက်တယ်။
"ချန်ပေ့ ကျွန်မကတော့ ချန်ပေ့မြင်ခဲ့ဖူးတဲ့ထဲမှာ အဆိုးရွားဆုံး အရည်အချင်းရှိတဲ့ ကျင့်ကြံသူ ဖြစ်မှာပေါ့နော် ဟုတ်တယ်မလား"
တစ်ဖက်မှာတော့ ရှန်ချန်းဟန်က စူးလီရှေ့မှာ ရပ်နေတဲ့လူနှစ်ယောက်ကို ကြည့်လိုက်တယ်။ သူမက မျက်မှောက်ကျုံ့လိုက်ပြီး ခဏလောက် စဥ်းစားပြီးတဲ့နောက်မှာတော့ ရှေ့ကိုလျှောက်လာခဲ့တယ်။
"ချန်ပေ့ ကျွန်မရဲ့ ကျင့်ကြံတဲ့အရှိန်နှုန်းကလည်း တာအိုရောင်းရင်းလင်းလောက် မမြန်ဆန်ဘူးနော်။ ဒါပေမဲ့လည်း အကြီးအကဲပိုင်ထက်တော့ မသိမသာလေး ပိုပြီးတော့မြန်တယ်။ ကြည့်ရတာ ကျွန်မရဲ့ အရည်အချင်းက သာမန်လောက်ပဲရှိတယ်ထင်ပါတယ်"
သူမ တလေးတနက်နဲ့ မေးလိုက်ပြန်တယ်။
"ကျွန်မက ချန်ပေ့ မြင်ခဲ့ဖူးတဲ့လူတွေထဲမှာ လုံးဝကို သာမန်အညတရ ကျင့်ကြံသူတစ်ယောက်ပဲ နေမှာပေါ့နော်"
စူးလီက ပုံမှန်မဟုတ်ဘဲ ပြင်းပြစွာ တောက်လောက်နေတဲ့ မျက်လုံးသုံးစုံကို ကြည့်လိုက်ပြီး အောင့်သက်သက်နဲ့ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တယ်။ ပြန်ပြီးထူထဲလာနေတဲ့ ဟယ်ဟွမ်းဂိုဏ်းရဲ့ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူမက အေးအေးချမ်းချမ်းနဲ့ပဲ မျက်လုံးကို မှိတ်ထားလိုက်တော့တယ်။
ဒီမေးခွန်းတွေက... ငါက သူတို့တွေကို အဖြေပေးရအုံးမှာလား။
ခြံဝန်းတံခါးကို ဖြတ်သွားတဲ့ ဟယ်ဟွမ်ဂိုဏ်းရဲ့တပည့်တွေကလည်း သူတို့သုံးယောက်ရဲ့ မေးနေတဲ့မေးခွန်းတွေကို ကြားလိုက်ရတယ်။ သူတို့တွေက တုန်ယင်နေတဲ့နှုတ်ခမ်းတွေနဲ့ လမ်းလျှောက်နေတာကို ရပ်လိုက်ကြပြီး အားလုံးက မျက်လုံးထဲမှာလည်း သံသယတွေ ဖြစ်သွားတော့တယ်။
ဘယ်လို...
သူတို့အားလုံး သိထားကြတာက ဖွားဖွားကြီးလင်းက အင်မတန်မှ အရည်အချင်းရှိတယ်ဆို၊ ဒါပေမဲ့...
ပိုင်ကျစ်ယွမ်က အဆိုးရွားဆုံးအရည်အချင်းကို ပိုင်ဆိုင်ထားပြီး ရှန်းချန်းဟန်ကတော့ သာမန်အရည်အချင်းပဲ ရှိတာတဲ့လား။
တကယ်လို့ အကြီးအကဲပိုင်သာ အဆိုးရွားဆုံး အရည်အချင်းတစ်ခု ပိုင်ဆိုင်တဲ့သူဆိုရင်... သူတို့တွေက ဘာဖြစ်သွားမှာလဲ။
ကျင့်ကြံရေးလောကရဲ့ အမှိုက်သရိုက်တွေ ဖြစ်သွားတော့မှာလား။
ဆရာတူဦးလေးရှန်ကလည်း သူက သာမညအရည်အချင်း ရှိတယ်လို့ပဲ ပြောနေတာလား...
သူက ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတဲ့သူလေ။ သူက ဓားသိုင်းအရည်အချင်းကို နှစ်ဝက်လောက်တောင် မကျင့်လိုက်ရသေးဘဲနဲ့ ဓားဝိညာဥ်မှာ အောင်အောင်မြင်မြင် ကျွမ်းကျင်လာခဲ့တာလေ။ သူက ဝမ့်ကျန့်ဂိုဏ်းတည်ထောင်သူရဲ့ တပည့်တစ်ယောက်အဖြစ်တောင် လက်ခံခဲ့ရသေးတာပဲ။
အားလုံးက ဝမ်းနည်းနေကြတဲ့အချိန်မှာပဲ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးရဲ့ အကြီးဆုံးတပည့်ဟုန်ချီက ခြံဝန်းထဲကို ရောက်လာပြီး သူတို့လေးယောက်ကို တလေးတစားနဲ့ ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
"စူးချန်းပေ့၊ အကြီးအကဲပိုင်၊ ဆရာတူဦးလေရှန်း၊ ဖွားဖွားကြီးလင်း"
ဒီနေရာမှာ ရှိနေတဲ့လူလေးယောက်က ကျင့်ကြံရေးလောကမှာ အရေးအကြီးဆုံးလို့ ပြောလို့ရတယ်။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်တွေက သာမန်ပဲလို့ထင်ရပေမဲ့လည်း သူတို့ရဲ့အဆင့်နဲ့ အရည်အချင်းတွေကတော့...
အထူးသဖြင့် အကြီးအကဲပိုင်ပေါ့...
သူက သူတို့ရဲ့ ကယ်တင်ရှင်လို့ ပြောရင်လည်း ချဲ့ကားရာ မကျဘူးလေ။ ဒီလိုစဥ်းစားလိုက်ပြီး သူမရဲ့အမူအရာက ပိုလို့တောင် တလေးတစား ဖြစ်လာတော့တယ်။
သလွန်ပေါ်မှာ မျက်လုံးကို ပိတ်ထာတဲ့စူးလီက ရုတ်တရက် ဆူညံသံကို ကြားလိုက်တဲ့အခါ သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး မျက်လုံးထဲမှာ ကျေးဇူးတင်တဲ့ အရိပ်အယောင်လေးနဲ့ ရောက်လာတဲ့သူကို ကြည့်လိုက်တယ်။
သူမက သလွန်ပေါ်ကနေ ထထိုင်လိုက်ပြီး လူသုံးယောက်ရဲ့မေးခွန်းကို တရားဝင်အကြောင်းပြချက်တစ်ခုနဲ့ ရှောင်ရှားလိုက်ပြီး ဟုန်ချီကို လက်ဝေ့ယမ်းပြလိုက်တယ်။
"ဟယ်ဟွမ်ဂိုဏ်းမှာ တစ်ခုခုဖြစ်လိူ့လား"
ဟုန်ချီက သူမရဲ့ရုတ်တရက် ဝမ်းသာရွှင်လန်းသွားတဲ့လေသံကို ကြားလိုက်ရတဲ့အခါ မြန်မြန် ခေါင်းခါပြလိုက်ပြီး သူမရဲ့လာရင်းကိစ္စကို ပြန်ပြောပြလိုက်တယ်။
စူးလီက မသိမသာ မျက်ခုံးကိုပင့်လိုက်ပြီး
"နင်တို့တွေက ကွေးယွမ်ဂိုဏ်းကို သွားချင်တယ်ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြီးခဲ့တဲ့နှစ်ရက်တုန်းက ဟယ်ဟွမ်ဂိုဏ်းအကြောင်း အများကြီး ကြာခဲ့ပြီးပြီဆိုတော့..."
သူမက သူမဘေးက လူသုံးယောက်ကို လှမ်းကြည်လိုက်တယ်။ သူတို့တစ်ယောက်ချင်းဆီရဲ့ မျက်နှာပေါ်မှာ ဆုံးဖြတ်ချက်ပြတ်သားတဲ့ အမူအရာတစ်ခု ရှိနေကြတာ သူတို့တွေက သူမသွားမဲ့နေရာတိုင်းကို လိုက်တော့မဲ့ပုံပဲ။
သူမက ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီး မသိမသာ ခေါင်းလေးကို ညိတ်လိုက်ကာ ဘာမှမဖြစ်ခဲ့သလို ဟုန်ချီကိုကြည့်ပြီး တစ်ခွန်းထဲသာ ပြောလိုက်တော့တယ်။
"သွားကြမယ်"
အခုသူတို့တွေက နေရာအသစ်ကို ရောက်နေကြတာဆိုတော့ ဒီကလေးသုံးယောက်ကလည်း သူမရဲ့ပတ်ဝန်းကျင်မှာ လျှောက်သွားနေဖို့ အရမ်းအားနေကြမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမကလည်း ကွေးယွမ်ဂိုဏ်းရဲ့ ဖရဲသီးတွေကို နည်းနည်းလေး စိတ်ဝင်စားနေတယ်။
လှေပျံပေါ်မှာ စူးလီက သူ့ဘေးမှာရှိနေတဲ့ လူသုံးယောက်ကို ကြည့်လိုက်ပြီး ခေါင်းကိုလှည့်လိုက်ကာ ရွှင့်ချန်ဂိုဏ်းချုပ်၊ ဝမ့်ကျန့်ဂိုဏ်းချုပ်၊ ချန်ထျန်းဂိုဏ်းချုပ် တို့သုံးယောက်ကို မသိမသာလေး လှမ်ကြည့်လိုက်တယ်။ ရွှင့်ချန်ဂိုဏ်းချုပ်ကတော့ အတိုင်းအတာတစ်ခုအထိ ရှက်ရွံ့နေတဲ့ပုံစံနဲ့ သူမရဲ့အကြည့်ကို ရှောင်လွှဲလိုက်ပြီး ကောင်းကင်ကို မေ့ကြည့်နေလေရဲ့။
ရွှင့်ချန်ဂိုဏ်းကို အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တာ အကြီးအကဲပိုင်လေ။ သူမက ဘာကိုပဲ လုပ်ချင်လုပ်ချင် သူက ရွှင့်ချန်ဂိုဏ်းချုပ်ဖြစ်နေတာတောင် လိုက်လျောပေးရုံပဲ တတ်နိုင်တာပေါ့။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း မျက်နှာပေါ်မှာ တောင်းပန်နေတဲ့ အကြည့်တစ်ခုနဲ့ စူးလီကို ဦးညွှတ်ပြလိုက်တယ်။
အငယ်တစ်ယောက်အနေနဲ့ သူက သူရဲ့ဆရာတူဦးလေး လုပ်ချင်တဲ့ကိစ္စတွေကို ဝင်မနှောင့်ယှက်ရဲဘူးလေ။
တာအိုရောင်းရင်းစူးကိုပဲ တာဝန်ယူခိုင်းဖို့ တတ်နိုင်တော့တာပေါ့။
ချန်ထျန်းဂိုဏ်းချုပ်ကြီးကတော့ ...
ဒီအချိန်ကို ကောင်းကောင်းအသုံးချလိုက်ပြီး လင်းကျောက်ရဲ့ မကြာခဏ အသုံးပြုတတ်တဲ့ ပစ္စည်းတွေနဲ့ တချို့ဝိညာဥ်ရတနာတွေ၊ တချို့ဝိညာဥ်သစ်သီးတွေကို သူမဆီ သွားပို့ပေးဖို့ သေသေချာချာလေး ယူလာပေးတော့တာပေါ့။
"ဖွားဖွားကြီး စိတ်မပူပါနဲ့၊ ဒီလှေပျံက ကျုပ်တို့ ချန်ထျန်းဂိုဏ်းက ပိုင်တာပါ၊ ဖွားဖွားကြီး လုပ်ချင်တာလုပ်လို့ရပါတယ်"
သူ့စကားလုံး ကြားလိုက်ပြီးတဲ့အခါ လင်းကျောက်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး အဲ့ဒီနောက်မှာတော့ စူးလီဖက်ကို လှည့်ကြည့်လိုက်ကာ ရတနာတစ်ခုကို ဆက်သနေတဲ့ရုပ်တစ်ခုနဲ့ သူမ အခုလေးတင် လက်ခံရရှိထားတဲ့ သိုလှောင်အိတ်ကြီးကို လွှဲပေးလိုက်တယ်။
"မမ ဒီထဲမှာ မမကြိုက်တဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေများ ရှိသလား"
စူးလီက ဒါကို လက်မခံမှာ စိုးရိမ်မနေခဲ့ဘူးဆိုရင် သူမက သိုလှောင်အိတ်တစ်ခုလုံးကို စူးလီကို ပေးလိုက်ချင်တယ်လေ။
စူးလီက ပြန်မဖြေရသေးခင်မှာဘဲ တခြားဖက်မှာရှိနေတဲ့ ပိုင်ကျစ်ယွမ်က စူးလီ ထိုင်နေတဲ့နေရာနားက ကျောက်စိမ်းစားပွဲပေါ်မှာ သစ်သီးပန်းကန်၊ မုန့်နဲ့ ဝိညာဥ်စွမ်းအင်လက်ဖက်ရည်ကို ကျွမ်းကျွမ်းကျင်ကျင် လာချပေးလိုက်တယ်။
ရှန်းချန်ဟန်ကတော့ သူမ ကျွမ်းကျွမ်းကျင်ကျင် လုပ်ထားခဲ့တဲ့ မွှေးပွဝိညာဥ်သားရဲရုပ်လေးတွေကို သိုလှောင်အိတ်ထဲကနေ ထုတ်လာခဲ့ပြီး တစ်ခုကိုတော့ စူးလီရဲ့လက်ထဲကို ထည့်ပေးလိုက်ပြီး ကျန်တဲ့တစ်ခုကိုတော့ သူမရဲ့နောက်မှာ ချပေးလိုက်တယ်။ လင်းကျောက်က သူတို့ရဲ့လှုပ်ရှားမှုတွေကို ကြည့်လိုက်ပြီး ဒေါသထွက်ထွက်နဲ့ သူမပါးစပ်ကို ဆူပုတ်ထားလိုက်တယ်။ သူမသာ ဒါကိုကြိုသိထားခဲ့မယ်ဆိုရင် လင်းမိသားစုမှာနေခဲ့တုန်းက လင်းမိသားစုရဲ့ အစေခံတွေနောက်ကို လိုက်ပြီး အိမ်မှုကိစ္စတွေနဲ့ ဝိညာဥ်အစားအသောက်လုပ်နည်းကို သယ်ယူခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူမက တစ်ခုခုကို စဥ်းစားမိသွားတဲ့ပုံစံနဲ့ လင်းလက်တဲ့မျက်လုံးတွေနဲ့ စူးလီဖက်ကို လှည့်ပြီးပြောလိုက်တယ်။
"အစ်မ သမီးလေ သိပ်မကြာခင်ကပဲ မိုးကိုအသွင်ပြောင်းနိုင်တဲ့ နည်းပညာတစ်ခုကို သင်ယူခဲ့တယ်။ သမီး လုပ်နေတဲ့ပုံစံကို တစ်ချက်လောက် လာကြည့်ပေးလို့ရလား"
"ချန်ပေ့ ကျွန်မလည်း သိပ်မကြာခင်တုန်းက အဆင့်ခုနှစ် ဝိညာဥ်စွမ်းအင်ဆေးပင်ကို အဆင့်မြင့်ဖို့ ကြိုးစားနေတာလေ..."
"ချန်ပေ့ ကျွန်မလည်း သိပ်မကြာခင်တုန်းက ဓားသိုင်းကွက် အသစ်တစ်စုံကို လေ့ကျင့်ခဲ့သေးတယ်..."
စူးလီက မျှော်လင့်တကြီး မျက်လုံးသုံးစုံကို ကြည့်လိုက်ပြီး လှေပျံပေါ်က အဓိကဂိုဏ်းကြီးတွေရဲ့ တပည့်ဖက်ကို လှည့်ကြည့်ကာ ပြောလိုက်တယ်။
"နင်တို့တွေ အားလုံးက ဂိုဏ်းရဲ့အကြီးအကဲတွေဆိုတော့ နင်တို့တွေက ဒီအချိန်ကို အသုံးချပြီး ဂိုဏ်းက တပည့်တွေကို သင်ကြားပြသ ပေးသင့်တယ်လေ"
စူးလီက သူတို့အတွက် ပထမဦးဆုံးအကြိမ် တစ်ခုခုကို စီစဥ်ပေးလိုက်တာကို ကြားလိုက်ရတဲ့အခါ သူတို့သုံးယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် အနိုင်ယူလိုတဲ့စိတ်နဲ့ စိတ်လှုပ်ရှားသွားကြတော့တယ်။
"ချန်ပေ့ ကျွန်မ အခုပဲ သွားလိုက်ပါမယ်"
"စိတ်မပူပါနဲ့ ချန်ပေ့၊ ကျွန်မ သိသမျှအရာအားလုံးကို သင်ပေးလိုက်ပါ့မယ်"
"စိတ်မပူနဲ့နော် အစ်မ၊ သမီးကလည်း သူတို့တွေကို သေချာပေါက် ကောင်းကောင်းသင်ပေးမှာပါ"
သူတို့ရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး နေ့တိုင်းဖရဲသီးစားပြီး အနားယူလာခဲ့တဲ့ စူးလီက ‘အလုပ်များလာတဲ့ဘဝမှာ အချိန်နည်းနည်းလေး ခိုးရတယ်ဆို’တဲ့ အဓိပ္ပာယ်ကို ပထမဦးဆုံးအကြိမ် သဘောပေါက်သွားတော့တယ်။
ဒီအချိန်မှာတော့ ဝမ့်ကျန့်ဂိုဏ်းက တပည့်တွေက သူတို့ရဲ့မျက်လုံးထဲမှာ မတားဆီးနိုင်တဲ့ အားကျတဲ့စိတ်တွေနဲ့ ကြီးကျယ်ခမ်းနားပြီးလှပတဲ့ လှေပျံကို ကြည့်နေကြတော့တယ်။
အရင်ကဆိုရင် ချန်ထျန်းဂိုဏ်းက သူတို့ဝမ့်ကျန့်ဂိုဏ်းထက် ပိုပြီးတော့ဆင်းရဲတာ လူတိုင်းသိတယ်လေ။ ဒါပေမဲ့ အခုကျတော့ နှစ်လတောင် မပြည့်သေးဘူး ချန်ထျန်းဂိုဏ်းက အရမ်းကို ချမ်းသာလာခဲ့ပြီ။
အမှန်ပဲ... ငါ့ရဲ့ညီအစ်ကိုတွေက ဒုက္ခရောက်မှာ စိုးရိမ်မိသလို ငါ့ရဲ့ညီအစ်ကိုတွေက ငါ့ထက်ပိုပြီး ချမ်းသာသွားမှာကိုလည်း စိုးရိမ်မိနေပြန်တယ်။
သူတို့တွေက ခါးသီးတဲ့ခံစားချက်တွေ ဖြစ်နေကြတုန်းမှာပဲ အေးစက်တဲ့အသံတစ်ခုက ရုတ်တရက် ထွက်လာခဲ့တယ်။
"နင်တို့တွေမှာ တခြားလုပ်စရာ ကိစ္စတွေရှိလား"
ဒီအသံကို ကြားလိုက်ရပြီးတဲ့အခါ ဝမ့်ကျန့်ဂိုဏ်းသားတွေ အားလုံးက မြန်မြန်လှည့်ကြည့်လိုက်ကြပြီး ဦးညွှတ်နှုတ်ဆက်လိုက်ကြတယ်။
"ဆရာတူဦးလေး ကျွန်တော်တို့အားလုံး အဆင်ပြေပါတယ်"
အရင်တုန်းကတော့ သူတို့တွေက ရှန်ချန်းဟန်ကို ဘိုးဘေးကြီးရဲ့ တစ်ဦးတည်းသောတပည့် ဖြစ်လာတဲ့အတွက်ကြောင့်မို့ လေးစားကြတာ။ အခုကျတော့ သူမက သူမကိုယ်၌က အရည်အချင်းရှိတဲ့အတွက် ပိုပြီးတော့လေးစားကြတာ။
နောက်ဆုံး နှစ်ဝက်အတွင်းမှာ အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ကို ပြီးမြောက်နိုင်ပြီး ရွှေအမြုတေကျင့်ကြံခြင်း အဆင့်တူကို အနိုင်ယူနိုင်တဲ့ လူမျိုးဆိုတာ နှစ်ထောင်ချီမှာမှ ဝမ့်ကျန်ဂိုဏ်းထဲမှာ နှစ်ယောက်ပဲ ရှိခဲ့တာလေ။ တစ်ယောက်က ဘိုးဘေးကြီးနဲ့ ကျန်တဲ့တစ်ယောက်က ရှန်းချန်းဟန်ပဲပေါ့။
သူတို့ရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှန်းချန်ဟန်က ခေါင်းညိတ်ပြီး လိုရင်းကိုသာ ပြောလိုက်တော့တယ်။
"ဒါဆိုရင် ဆွေးနွေးပွဲတစ်ခု လုပ်ရအောင်"
ဟမ်။
ဝမ့်ကျန့်ဂိုဏ်းက တပည့်တစ်ယောက်က တိတ်တိတ်လေးနောက်ကို တစ်လှမ်းဆုတ်သွားခဲ့တယ်။
ငါတို့ရဲ့ ဘိုးဘေးကြီးရဲ့တပည့်နဲ့ လက်ရည်ချင်း ယှဥ်ရမတဲ့လား... အရိုက်ခံရတော့မှာပေါ့ ဟုတ်လား။
...