← Chapters

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း ၁၄၃

Vol. 10 Ch. 143

အပိုင်း (၁၄၃)

ဘယ်လို ရတနာကိုခိုးယူပြီး အပြစ်တွေကို တပည့်အပေါ်ပုံချခဲ့တာ ကွေးယွမ်ဂိုဏ်းချုပ် မင်ဟွိုက်ဖြစ်နေတာကိုး။ တစ်ဖက်မှာ သူတို့တွေက အပြင်လောကရဲ့အသံကို ယုံကြည်ကြပြီး ကျန်တဲ့တစ်ဖက်မှာတော့ သူတို့တွေက ကျန်းမုံ့လန်ရဲ့ အကျင့်စရိုက်ကို နားလည်ကြတယ်လေ။ ဒီတော့ ဂိုဏ်းချုပ်ကြီးတွေက အချိန်ခဏလောက်ပဲ အံ့သြသင့်သွားကြပြီးနောက် သူတို့ဘေးမှာရပ်နေတဲ့ မင်ဟွိုက်ကို မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်ကြတယ်။

ဂိုဏ်းချုပ်ကြီးမင်က ကွေးယွမ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ သူက အမြင့်ဆုံးအာဏာနဲ့ အမြင့်ဆုံးရာထူးတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့ကျင့်ကြံခြင်းအဆင့်ကလည်း ပေါင်းစပ်ကျင့်ကြံခြင်းအဆင့် ရောက်နေပြီ။ သူက ဘယ်လိုဖြစ်လို့ ဒီလိုကိစ္စမျိုးကို လုပ်တာတဲ့လဲ။

ဒီ့အပြင် ကျင့်ကြံရေးလောကထဲမှာ ဂိုဏ်းချုပ်ကြီးမင်က သူရဲ့သာမန်ထက် နည်းနည်းလေးပဲ သာလွန်တဲ့အရည်အချင်းကို အားကိုးပြီး ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာတာ သူရဲ့နာမည်ဂုဏ်သတင်းနဲ့ အကျင့်စရိုက်ကလည်း မရေမတွက်နိုင်တဲ့ ချီးကျူးစကားတွေကို ဆွဲဆောင်ခဲ့တာပဲ...

ကျင့်ကြံရေးလုပ်ဖို့ ဂိုဏ်းရဲ့အဖိုးအတန်ဆုံးရတနာကို သုံးလိုက်တဲ့အချိန်မှာ ခဏလောက် လမ်းလွဲသွားတာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ဘာဖြစ်လို့များ သူ့တပည့်အရင်းအပေါ် အပြစ်တွေပုံချခဲ့တာလဲ။

ကျန်းမုံ့လန်က ကွေးယွမ်ဂိုဏ်းရဲ့အနာဂတ်ဆိုတာကို ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေ အားလုံးက သိထားကြတယ်။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်ဟွိုက်က ကွေးယွမ်ဂိုဏ်းက ကျင့်ကြံရေးလောကထဲက သာမန်ဂိုဏ်းတစ်ခုအဖြစ် ကျဆင်းသွားမှာကို မြင်ချင်နေတာလား။

ရွှေအမြုတေအဆင့်နဲ့အထက် ကျင့်ကြံခြင်းအဆင့်ရှိကြတဲ့ ပတ်ဝန်းကျင်က ကွေးယွမ်ဂိုဏ်းသားတွေကလည်း အပြင်လောကကလာတဲ့အသံကို ကြားလိုက်ကြတယ်။ သူတို့ရဲ့စိတ်ကူးတွေက ဂိုဏ်းချုပ်ကြီး ပြောတဲ့စကားနဲ့ လုံးဝကို ဆန့်ကျင်ဖက်ဖြစ်လို့နေတယ်။ သူ့ရဲ့ပထမဦးဆုံး တုံ့ပြန်မှုကတော့ မယုံကြည်နိုင်တော့ဘူး။

ဂိုဏ်းချုပ်ကြီးက ကွေးယွမ်ဂိုဏ်းချုပ်လေ။ သူက ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စကို လုပ်မှာလဲ။

အပြင်လောကကလာတဲ့အသံက ဂိုဏ်းချုပ်ကြီးကို နာမည်ဖျက်နေတာပဲ ဖြစ်ရမယ်။

သူတို့ရဲ့ဂိုဏ်းချုပ်ကြီးကို လုပ်ခဲ့တယ်ဆိုတာကို ယုံကြည်ရမှာထက် ကျန်းမုံ့လန်က မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေပြီး ကျင့်ကြံဖို့ စိတ်အားထက်သန်နေလို့ သူ့ကိုမကောင်းတဲ့ကိစ္စကို လုပ်မိသွားစေတာ ဆိုတဲ့အကြောင်းကို ပိုပြီးတော့ လိုချင်တယ်လေ။

အားလုံးက ကျန်းမုံ့လန်ရဲ့ အကျင့်စရိုက်ကို သိထားကြပြီး လူအများအပြားကလည်း သူ့အကူအညီကို ရရှိခဲ့တာတောင် ဒီအချိန်မှာ သူတို့အားလုံးက ကျင့်ကြံရေးအတွက် ဂိုဏ်းရဲ့ရတနာကို အလွဲသုံးစားလုပ်ခဲ့တဲ့သူက ကျန်းမုံ့လန်ပဲလို့ မျှော်လင့်နေကြတုန်းပဲ။

တကယ်လို့ သူသာ မဟုတ်ခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့ရက်အနည်းငယ်က သူတို့တွေလုပ်ခဲ့တဲ့ ...

တပည့်အများအပြားက မျက်နှာတွေ ဖြူဆုတ်သွားကြပြိီး ရှုပ်ထွေးနေတဲ့မျက်လုံးတွေနဲ့ ဆူးပင်ပေါ်မှာရှိတဲ့ ကျန်းမုံ့လန်ကို ကြည့်လိုက်ကြတယ်။

ကျန်းမုံ့လန်က ခေါင်းကို ငုံ့ထားဆဲဖြစ်ကာ ပြီးခဲ့တဲ့ရက်အနည်းငယ်က နေခဲ့တဲ့အတိုင်း ဘာတုံ့ပြန်မှုမှ မပြဘဲရှိနေခဲ့တယ်။

သူ့ကျင့်ကြံခြင်းအဆင့်က အစောကြီးကတည်းက ဖျက်ဆီးခံလိုက်ပြီး သူက ကောင်းကင်က လာတဲ့စကားသံကို လုံးဝကြားနိုင်တော့မှာ မဟုတ်ဘူး။ သူက ဒီစကားကို ကြားနိုင်တယ်ဆိုရင်တောင် သူ့မှာ တခြားတုံ့ပြန်ရမဲ့ အမူအရာရှိနေမှာ မဟုတ်တော့ဘူးလေ။

သူ့အတွက်တော့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ဖြစ်ပျက်သွားတာတွေက နိုးနေရင်းမှ ရင်ဆိုင်ကြုံတွေ့နိုင်ရတဲ့ အိပ်မက်ဆိုးတစ်ခုလိုပဲ။

ဒီအိပ်မက်ဆိုးက ပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်း သူ့အသိဉာဏ်အားလုံးကို ပြောင်းပြန်လှန်ပေးလိုက်တာ။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း သူ့လုပ်ပေးခဲ့သမျှ အရာအားလုံးက ရယ်စရာတစ်ခုလိုပါပဲ။

သူ့အတွက် အဖေတစ်ယောက် သဘောထားရတဲ့ သူ့ဆရာမင်ဟွိုက်ဖြစ်စေ ကွေးယွမ်ဂိုဏ်းရဲ့တပည့်တွေ အားလုံးဖြစ်စေ သူတို့တွေအားလုံးက နေ့ချင်းညတွင်းချင်း သူ့အတွက်လုံးဝကို မရင်းနှီးရတဲ့သူတွေ ဖြစ်လာတယ်။

ဟုတ်တယ်။

သူ့အပေါ် စွပ်စွဲမှုတွေအားလုံးကို သူ့ကိုအလွန်မှ ကြင်နာတတ်တဲ့ သူ့ဆရာဆီကနေ ဆွဲထုတ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူခန္ဓာကိုယ်ပေါ်ကို လီဟော် မသေမျိုးသလင်းကျောက်ရဲ့ အစွမ်းတွေပါတဲ့ ဝိညာဥ်စွမ်းအင် သလင်းကျောက်ကို ထည့်ပေးခဲ့တာလည်း သူ့ဆရာပဲလေ။ ဒါက သူ့ကျင့်ကြံရေးအဆင့်အတွက် အကျိုးရှိတဲ့ရတနာတစ်ခုလို့ ပြောခဲ့တယ်။ သူကျင့်ကြံခဲ့တဲ့ ပညာရပ်တွေအားလုံးကိုလည်း သူ့ဆရာက နည်းနည်းချင်းဆီ သင်ပေးခဲ့တာ။ သူလည်း သူ့ဆရာရဲ့အမိန့်ကို လက်ခံရရှိခဲ့ပြီး လီဟော်မသေမျိုး သလင်းကျောက်ထားတဲ့နေရာ လောကငယ်လေးထဲကို အဝင်အထွက် လုပ်ခဲ့တယ်။

အဆင့်တိုင်းကို သေချာစီစဥ်ခဲ့တာက သူ့ဆရာဖြစ်နေပြီး သူ့ကို ကျင့်ကြံခြင်းအတွက် ဂိုဏ်းရဲ့အဖိုးတန်ဆုံးရတနာကို မလျော်မကန်လုပ်နေတဲ့ အပြစ်ရှိသူဖြစ်အောင် လုပ်နေတာလဲ သူ့ဆရာပဲ။

ဒီလိုမေ့လို့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်ပြီး စဥ်းစားမိတဲ့အချိန်မှာတောင် သူ့မျက်နှာက ဘာခံစားမှု အတက်အကျမှ မရှိလေဘူး။

ဒီအချိန်မှာတော့ သူက မျော်လင့်ချက်တွေအားလုံးကို ဆုံးရှုံးခဲ့ရသယောင် သူရဲ့ဇာတ်သိမ်းကိုပဲ လက်ခံထားလိုက်တော့တယ်။

နောက်ဆုံး သူက အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားပြီး ဘယ်သူကမှ သူ့ကို ယုံကြည်တော့မှာ မဟုတ်ဘူးလေ။

ဒါက သေဖို့ပဲ ရှိတော့တာပေါ့။

ပြောမရဘူး။ သေခြင်းတရားကပဲ သူ့အတွက် စိတ်အေးချမ်းရာ ဖြစ်လိမ့်မယ်။

မင်ဟွိုက်က ခေါင်းကိုငုံ့ထားတဲ့ ကျန်းမုံ့လန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ပြာယာခတ်သွားပြီး နက်ရှိုင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတစ်ခု ပေါ်လာခဲ့တယ်။

အပြင်လောကကလာတဲ့အသံသာ ဒီနေရာကို ရောက်လာလိမ့်မယ်လို့ သူသာ ကြိုသိခဲ့မယ်ဆိုရင် သူက ကျန်းမုံ့လန်ကို တိုက်ရိုက်သတ်သင့်ခဲ့တာပဲ။ မရေမတွက်နိုင်တဲ့ စူးရှတဲ့အကြည့်တွေက သူ့အပေါ် ကျရောက်နေတာကို ခံစားလိုက်ရပြီး သူ့လက်ကို တင်းကြပ်နေအောင် ဆုပ်ထားလိုက်ကာ သူ့ခန္ဓာကိုယ်ကလည်း မသိမသာ တုန်ယင်သွားခဲ့တယ်။

သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ကိုယ့်ဟာကို တည်ငြိမ်အောင် ကြိုးစားပြုံးထားလိုက်ကာ ကိုယ်ကိုလှည့်ပြီး အားလုံးကို ရှင်းပြတော့မဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံ ဆက်ပြောလိုက်တာကို ကြားလိုက်ရတယ်။

[ကျန်းမုံ့လန်က ကျင့်ကြံဖို့အတွက် ဂိုဏ်းရဲ့ရတနာကို ခိုးယူခဲ့တယ်လို့ အားလုံးက ဘာဖြစ်လို့ စဥ်းစားနေတာလဲလို့ ငါ စဉ်းစားနေတာ...]

[မင်ဟွိုက်က ကျန်းမုံ့လန်အတွက် ထောင်ချောက်တစ်ခုကို ဖြည်းဖြည်းချင်း အစီစဥ်ချထားခဲ့တာ ဖြစ်နေတာပဲ]

[ပထမဦးဆုံး လီဟော်မသေမျိုးသလင်းကျောက်ထားတဲ့ လောကငယ်လေးထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ရနိုင်တဲ့ မှော်ပစ္စည်းတစ်ခုကို သူ့ကို ပေးထားခဲ့တယ်လေ။ နောက်ပိုင်းကျတော့ ကျင့်ကြံဖို့အတွက် မသေမျိုးသလင်းကျောက် ဝိညာဥ်စွမ်းအင်တွေပါနေတဲ့ မှော်ရတနာတစ်ခုကို သူ့ကို ပေးခဲ့တယ်။ မင်ဟွိုက်က ကျင့်ကြံရေးနည်းလမ်းတွေကိုလည်း သူ့ကို သင်ပေးခဲ့သေးတယ်...]

[အင်းပေါ့လေ၊ ကျန်းမုံ့လန်က ကလေးဘဝကတည်းက မိဘတွေ မရှိတော့ဘူးလေ။ သူ့ကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ပေးခဲ့တာလည်း မင်ဟွိုက်ပဲ။ သူ့ကိုကျင့်ကြံရေးအကြောင်း သင်ပေးခဲ့တာလည်း မင်ဟွိုက်ပဲ။ တစ်ယောက်ယောက် ဖြစ်ရမယ်ဆိုရင်တောင် သူက မင်ဟွိုက်ကိုတော့ သံသယဖြစ်လိမ့်မှာ မဟုတ်ဘူးလေ]

[မင်ဟွိုက်က မသေမျိုးသလင်းကျောက်ရဲ့ ဝိညာဥ်စွမ်းအင်တွေပါနေတဲ့ ဆေးရည်တစ်မျိုးကို ကျန်းမုံ့လန်ကို ပေးခဲ့တယ်။ သူကျတော့ ကျင့်ကြံခြင်းအတွက် မသေမျိုးသလင်းကျောက်ရဲ့ ဝိညာဥ်စွမ်းအင်ရဲ့ အဓိကအစိတ်အပိုင်းကို အသုံးချနေခဲ့တာပဲ...]

[အဲ့ဒီနောက်မှာတော့ သူက အပြစ်တွေအားလုံးကို ကျန်းမုံ့လန်အပေါ် ပုံချခဲ့တယ်]

ဒီစကားကို ကြားလိုက်တဲ့အခါ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ရုတ်တရက်ဆိုသလို သူ့လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူ့မျက်လုံးထဲမှာလည်း ထိတ်လန့်ပြီး ဇဝေဇဝါဖြစ်သွားတဲ့ခံစားချက် လုံးဝမရှိတော့ဘဲ ဒေါသအပြည့်ဖြစ်သွားတယ်။

ကျန်းမုံ့လန်က မင်ဟွိုက်ကို သူ့အဖေလို သဘောထားခဲ့ပေမဲ့ မင်ဟွိုက်ကတော့ ဒီလိုချောက်ချရဲ့တဲ့ကိစ္စမျိုးကို တကယ်လုပ်ရဲသတဲ့။ သူက ဆရာတစ်ယောက်ဖြစ်ဖို့ လုံးဝမထိုက်တန်တာပဲ။

ချန်းထျန်းဂိုဏ်းချုပ်ကြီးကလည်း သူ့မျက်လုံးထဲမှာ ပုန်းကွယ်နေတဲ့ ဒေါသတစ်ခု ရှိနေလေရဲ့။ သူက မျက်လုံးထဲမှာ နားမလည်နိုင်တဲ့အမူအရာတစ်ခုနဲ့ မျက်မှောင်ကျုံ့ပြီး မင်ဟွိုက်ကို ကြည့်လိုက်တယ်။

မင်ဟွိုက်က ရူးများသွားတာလား။ သူက ဂိုဏ်းရဲ့ပါရမီရှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဒီလိုဆက်ဆံနိုင်ရတာလဲ။

တခြားဂိုဏ်းခေါင်းဆောင်တွေကလည်း ဒေါသထွက်သွားကြတယ်။ ဒါပေမဲ့လည်း သူတို့စိတ်ထဲမှာ ဒီလိုတူညီတဲ့သံသယက ရှိနေတုန်းပဲ။

တကယ်လို့များ ဒီလိုအရည်အချင်းရှိတဲ့ တပည့်တစ်ယောက်က သူတို့ဂိုဏ်းထဲမှာ ရှိနေတယ်ဆိုရင် သူတို့တွေက သူ့ကို အဖိုးမဖြတ်နိုင်တဲ့ ဝိညာဥ်ရတနာလို သေချာပေါက် ဆက်ဆံကြမှာပဲ။ သူက သူတို့ရဲ့ ထိန်းချုပ်မှုအောက်လွတ်သွားပြီး အန္တရာယ်နဲ့ ရင်ဆိုင်ရမှာဆိုးလို့ သူ့ကို ဘယ်လိုလေ့ကျင့်ရေးတွေ ပေးရမယ်ဆိုတဲ့အကြောင်းကို နှစ်ခါလောက်တောင် သေသေချာချာ ပြန်စဥ်းစားလိုက်အုံးမယ်။

ဒါပေမဲ့ မင်ဟွိုက်က သူ့ကို လုံးဝ တန်ဖိုးမထားတဲ့အပြင် သူ့ကိုတောင် ဖျက်ဆီးချင်တယ်တဲ့လား။

အပြင်လောကကလာတဲ့အသံကလည်း သိချင်စိတ်ပြင်းပြနေတာ သိသာတယ်။

[ကျန်းမုံ့လန်က မင်ဟွိုက်ကို အပြစ်ပြုမိခဲ့လို့လား။ သူက ဘာဖြစ်လို့များ ဒီလိုရက်စက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းခဲ့ရတာလဲ]

[ငါ ကြည့်လိုက်ပါအုံးမယ်...]

မင်ဟွိုက်ရဲ့ရင်ဘတ်က နိမ့်ချည့်မြင့်ချည် ဆက်တိုက်ဖြစ်နေပြီး သူက ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ပြောလိုက်တော့တယ်။

"ဂိုဏ်းချုပ်ကြီးတို့ ကျေးဇူးပြုပြီးတော့ အသရေဖျက်နေတဲ့စကားကို နားမထောင်ကြပါနဲ့..."

အပြင်လောကကလာတဲ့အသံက သူနဲ့တစ်ချိန်ထဲမှာပဲ ပြောလိုက်တယ်။

[ကျွတ် ကျွတ်... မင်ဟွိုက်က ကျန်းမုံ့လန်ကို ဒီလိုဆက်ဆံခဲ့တာက သူက အရမ်းတော်နေလို့တဲ့...]

[သူရဲ့အရည်အချင်းက မင်ဟွိုက်ထက် ပိုပြီးတော့ ကောင်းနေတဲ့အပြင် ကျန်းမုံ့လန်က ကျင့်ကြံရေးလောကထဲက အရေးပါတဲ့ပုံရိပ်တစ်ခုကို ပိုင်ဆိုင်ထားတယ်လေ။ ကျင့်ကြံရေးလောကထဲက သူ့ဂုဏ်သတင်းကလည်း မင်ဟွိုက်ထက် ပိုပြီးတော့ကြီးမားတာပေါ့]

[သူရဲ့လူမှုဆက်ဆံရေးကတောင် မင်ဟွိုက်ထက် အများကြီး ပိုကောင်းနေတယ်လေ။ ကွေးယွမ်ဂိုဏ်းက အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ကျန်းမုံ့လန်ရဲ့ကျေးဇူးကြောင့်ပဲ သူတို့တွေ ကျော်ဖြတ်နိုင်ခဲ့တာ]

[ကွေးယွမ်ဂိုဏ်းက တပည့်တွေက ပြဿနာနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာ သူတို့ရဲ့ပထမဦးဆုံး တုံ့ပြန်မှုက ကွေးယွမ်ဂိုဏ်းချုပ်ဖြစ်တဲ့ မင်ဟွိုက်ထက် သူတို့ရဲဂိုဏ်းတူအစ်ကို ကျန်းမုံ့လန်ကို သွားရှာဖို့ပဲ...]

[ကြည့်ရတာ မင်ဟွိုက်က ကျန်းမုံ့လန်က သူ့အတွက် ဘယ်လောက်များပြားတဲ့ ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်ဆိုတာကို မေ့သွားခဲ့တဲ့ပုံပဲ]

[တကယ်လို့ ကျန်းမုံ့လန်သာ မရှိဘူးဆိုရင် ကွေးယွမ်ဂိုဏ်းက အဆင့်ခုနှစ်နေရာမှာ ရှိနေနိုင်အုံးမှာ မလို့လား]

ဒါကိုမြင်တဲ့အခါ စူးလီက ခေါင်းကိုမော့လိုက်ပြီ မျက်လုံးထဲမှာ သနားသွားတဲ့ အရိပ်အယောင်နဲ့ ကျန်းမုံ့လန်ကို ကြည့်လိုက်တယ်။

[ကျန်းမုံ့လန်က ကိုယ်ပိုင်အရည်အချင်းကိုတောင် မသိဘဲ သေးသိမ်တဲ့စိတ်သဘောထားရှိတဲ့ ဆရာတစ်ယောက်ကို ပိုင်ဆိုင်ထားတာ တကယ်သနားစရာကောင်းတာပဲ]

မင်ဟွိုက်က အပြင်လောကကလာတဲ့စကားသံကို နားထောင်လိုက်ပြီး သူ့မျက်နှာက ဒေါသတွေက ခြောက်ခြားနေတာထက် ပိုပြီးကြီးမားသွားတော့တယ်။ သူက ကွေးယွမ်ဂိုဏ်းချုပ်ကြီး ဖြစ်နေသေးတာပဲ။

သူက ကွေးယွမ်ဂိုဏ်းကို အဆင့်ခုနှစ်နေရာရအောင် ဦးဆောင်ပေးခဲ့တဲ့သူပဲ။

အပြင်လောကကလာတဲ့အသံအပါအဝင် လူတွေအားလုံးက ကွေးယွမ်ဂိုဏ်းရဲ့ လက်ရှိအခြေအနေက ကျန်းမုံ့လန်အပေါ်မှာ မူတည်တယ်လို့ ဘာဖြစ်လို့ ထင်နေကြတာတဲ့လဲ။

သူ့ဆီက အရာအားလုံးကို ယူသွားတာလည်း ကျန်းမုံ့လန်ရဲ့ တည်ရှိမှုကြောင့်ပဲလေ။

သူ့ရဲ့အဆင့်အတန်း၊ သူ့ရဲ့ဂုဏ်သတင်း၊ သူ့ရဲ့ကွေးယွမ်ဂိုဏ်းကိုတောင်မှပဲ။

သူက အချိန်အကြာကြီး ဖိနှိပ်ခံထားရတဲ့ မနာလိုတဲ့ခံစားချက်တွေရဲ့ တဒင်္ဂအတွင်း လွှမ်းမိုးခံထားရပြီး ခေါင်းကိုလှည့်လိုက်ကာ အားလုံးကို ပြောလိုက်တော့တယ်။

"ဒီနေရာမှာ အရမ်းနေပူတာပဲ။ အသေးစိတ်ကို တိုင်ပင်ဆွေးနွေးဖို့ ကွေးမင်ခန်းမထဲ ခေါ်သွားပေးပါ့မယ်"

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဆက်ပြီးမထိန်းထားနိုင်တော့ဘဲ သူ့ရဲ့ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ပြီး မင်ဟွိုက်ကို ချိန်ရွယ်ထားလိုက်ကာ တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။

"ဂိုဏ်းချုပ်ကြီးမင် ခင်ဗျားကိုယ်ပေါ်မှာလည်း မသေမျိုးသလင်းကျောက်ရဲ့ ဝိညာဥ်စွမ်းအားတွေ ရှိနေရတဲ့အကြောင်းရင်းကို အရင်ဆုံးရှင်းပြလိုက်ပါလား"

သူက ဒါကို မခံစားရပေမဲ့လည်း မင်ဟွိုက်က မသေမျိုးသလင်းကျောက်ကိုသုံးပြီး ကျင့်ကြံတဲ့သူလို့ ပြောနေတဲ့ အပြင်လောကကလာတဲ့စကားသံကတော့ သေချာပေါက် မှန်ကန်ရမယ်လေ။

ဒီလိုစဥ်းစားလိုက်ပြီး သူ့လက်ထဲက ဓားမှာ ဓားစွမ်းအင်တစ်ခု ပါလာခဲ့တယ်။

မင်ဟွိုက်က ရုတ်တရက်ဆိုသလို သတိပြန်ဝင်လာခဲ့တယ်။ သူက အင်မတန်မှ ခြောက်ချားသွားပေမဲ့လည်း သူ့မှာ ငြင်းဆန်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိလေဘူး။

"ဂိုဏ်းချုပ်ကြီးချီ ဘာအဓိပ္ပာယ်လဲ ကျွန်တော် ဘာဖြစ်လို့ နားမလည်ရတာလဲ"

"နားမလည်ဘူးဟုတ်လား"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အေးစက်စက်ပြုံးလိုက်ကာ သူ့ဓားကို ချက်ချင်းဝေ့ယမ်းလိုက်တယ်။

"ဂိုဏ်းချုပ်ကြီးမင် ခဏနေကျရင် နားလည်လာပါလိမ့်မယ်"

မင်ဟွိုက်က ဓားစွမ်းအင်ရဲ့ အသံကို ခံစားမိလိုက်ပြီး ဒါကို ခုခံဖို့အတွက် သူရဲ့ဝိညာဥ်စွမ်းအင်ကို အလျင်စလိုအသုံးချဖို့ပဲ တတ်နိုင်ခဲ့တယ်။

ဒါပေမဲ့လည်း သူရဲ့ကျင့်ကြံခြင်းအဆင့်က ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့အဆင့်လောက် မကောင်းလေဘူး။ ဒီ့အပြင် ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း သူရဲ့အင်အားကို လုံးဝ ထိန်းချုပ်မထားခဲ့ဘူး။ သူ လှုပ်ရှားလိုက်တဲ့အကွက်တိုင်းက သေကွင်းသေကွက် ဓားစွမ်းအင်တွေနဲ့ ပြည့်နေတယ်။ တိုက်ခိုက်မှုအနည်းငယ် ပြီးသွားတဲ့နောက်မှာ သူက တစ်လှမ်းချင်းတစ်လှမ်း ဖိနိုပ်ခံလာရခဲ့တယ်။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ဓားဖျားက သူရဲ့လည်မျိုကို ထိုးဖောက်တော့မလို ဖြစ်နေတာ မြင်လိုက်ရတဲ့အခါ သူက ပုန်းကွယ်ထားတဲ့ဝိညာဥ်စွမ်းအားကို အမှတ်တမဲ့ ထုတ်သုံးမိသွားတယ်။

မသေမျိုးသလင်းကျောက် အရောင်အဝါရှိနေတဲ့ ဝိညာဥ်စွမ်းအင်က ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ ဓားစွမ်းအင်နဲ့ ခိုက်မိသွားတော့တယ်။

"ဒါက တကယ်ပဲ လီဟော် မသေမျိုးသလင်းကျောက်ပဲ"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဆက်ပြီးထိန်းမထားဘဲ သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်တွေကို ဓားထဲကို ပို့လွှတ်လိုက်ပြီး ရိုက်ချက်တစ်ချက်နဲ့ တည်ငြိမ်အောင် ရပ်နေနိုင်သေးတဲ့ မင်ဟွိုက်ကို လွင့်ထွက်သွားအောင် လုပ်လိုက်တော့တယ်။

"မင်းက ကွေးယွမ်ဂိုဏ်းရဲ့ ရတနာကို သုံးပြီး လေ့ကျင့်ခဲ့တဲ့ တရားခံပဲ"

သူက မင်ဟွိုက်ကို ဒေါသတကြီး ကြည့်နေတဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံရဲ့ သက်ပြင်းချသံကို ခပ်တိုးတိုးလေး ကြားလိုက်ရတယ်။

[ဒီဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဝမ့်ကျန့်ဂိုဏ်းက ပြဿနာတွေကို ဖြေရှင်းပြီးကတည်းက အရမ်းပိုပြီးတော့ ဉာဏ်ကောင်းလာတာပဲ...]

[အရင်တုန်းက အကြိမ်မရေမတွက်နိုင်အောင် လှည့်စားခံရတယ်လို့တောင် မထင်ရတော့ဘူး]

ဓားကိုင်ထားတဲ့ ဝမ့်ကျမ့်ဂိုဏ်းချုပ်ကြီးရဲ့လက်က ရုတ်တရက် အေးခဲသွားပြီး သူ့မျက်နှာပေါ်က အမူအရာကလည်း အခိုက်အတန့် အထူးအဆန်း ဖြစ်သွားတော့တယ်။

အဲ့ဒီနောက်မှာတော့ သူက ခေါင်းကိုမော့လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို မင်ဟွိုက်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။

"ဂိုဏ်းချုပ်ကြီးမင် ခင်ဗျားမှာ ပြောစရာ ကျန်သေးလား"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကလည်း ထွက်ရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

"ဂိုဏ်းချုပ်ကြီးမင်ရဲ့ ကိုယ်ထဲက မသေမျိုးသလင်းကျောက်ရဲ့ ဝိညာဥ်စွမ်းအားတွေက ပိုပြီးတော့ ပြင်းထန်လာပြီ။ သူက မသေမျိုးသလင်းကျောက်ကိုသုံးပြီး ကျင့်ကြံလာတာ အနည်းဆုံး ဆယ်စုနှစ်လောက် ရှိသွားပြီပဲ"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက အပြင်လောကကအသံ အခုလေးတင် ပြောလိုက်တဲ့စကားကို သတိရသွားပြီး သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ကာပြောလိုက်တယ်။

"အခုတော့ အလွဲသုံးစားလုပ်ခဲ့တဲ့သူက ဂိုဏ်းချုပ်ကြီးမင် ဖြစ်နေတဲ့ပုံပဲ၊ ဒါပေမဲ့ သူကတော့ အပြစ်တွေကို အပြစ်မရှိတဲ့တပည့်ဆီ ပုံချဖို့ ရွေးချယ်ခဲ့တယ်"

ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက လူ့သဘာဝကို နောကျေနေတယ်။ မင်ဟွိုက်က ခေါင်းမာနေသေးတာကို တွေ့လိုက်ရတော့ သူက ဒီအတိုင်း ကောက်ချက်ချလိုက်တယ်။

"ဒီလိုအကျင့်စရိုက်မျိုးနဲ့ဆိုရင် သူက ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ပါဘူး"

သူ့စကားကို ကြားလိုက်ရတဲ့အခါ မျက်နှာပေါ်မှာ ဟန်ဆောင်ထားရတဲ့ မင်ဟွိုက်ရဲ့တည်ငြိမ်မှုတွေက ရုတ်ချည်းဆိုသလို ပြိုလဲသွားပြီး သူ့မျက်လုံးထဲမှာ ရူးသွပ်တဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

"ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မကိုက်ညီဘူးတဲ့လား။ ကျုပ်က ကွေးယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်နေတာ သိနေသားပဲ"

"ကွေးယွမ်ဂိုဏ်းထဲက အရာအားလုံးကို ကျုပ်က ပိုင်တယ်။ ဒီတော့ ကျုပ်က ကျင့်ကြံဖို့အတွက် ဂိုဏ်းရဲ့ဝိညာဥ်ရတနာကို သုံးတာ ဘာဖြစ်လဲ"

ဒီအချိန်မှာတော့ သူ့မျက်လုံးတွေထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရက်စက်မှုတစ်ခု ရှိနေလေရဲ့။

"ကျန်းမုံ့လန်အတွက်တော့ ကျုပ်က သူရဲ့ဆရာပဲ။ ကျုပ်က သူ့ကို ဒီအသက်အရွယ်ထိ ပြုစုပျိုးထောင်ပေးခဲ့ပြီး ဘယ်လို ကျင့်ကြံရမယ်ဆိုတာကိုလည်း သူ့ကို သင်ကြားပေးခဲ့တာ။ သူက ကျုပ်အတွက် အပြစ်တချို့ကို ခံယူပေးရတာ သဘာဝကျပါတယ်"

"ဒါက ကျုပ်ရဲ့အမှား မဟုတ်ဘူး။ ကျုပ်က သူ့ရဲ့အရှက်ရစရာတွေကို မျက်မြင်သက်သေလုပ်ခိုင်းဖို့ ခင်ဗျားတို့တွေကို ဒီကိုခေါ်မလာသင့်ဘူး။ ကျုပ်က သူ့ကို ချက်ချင်း သတ်ပစ်ခဲ့သင့်တာ"

သူက နောင်တမရတဲ့အပြင် တရားမျှတသလို သူ့မျက်နှာပေါ်မှာ ရက်စက်တဲ့အကြည့်တစ်ခု ဆောင်ထားတာကို တွေ့လိုက်ရတော့ ဂိုဏ်းချုပ်တွေအားလုံးက မနေနိုင်ဘဲ မျက်မှောင်ကျုံ့မိသွားကြတယ်။ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အလွန်မှ ဒေါသထွက်သွားပြီး လက်သီးကို ကျစ်ကျစ်ဆုတ်ထားပြီး ရှေ့ကိုအပြေးတက်သွားကာ မင်ဟွိုက်ကို ရိုက်နှက်ပြစ်ချင်နေတော့တယ်။

ဒီအချိန်မှာပဲ ကောင်းကင်ကလာတဲ့အသံက ပွဲကိုကြည့်လို့ ဝသွားတဲ့ပုံနဲ့ ထပ်ပြီးပြောလိုက်တယ်။

[ကျွတ်ကျွတ် ငါ ကြည့်လိုက်ပါအုံးမယ်...]

[အလို... မင်ဟွိုက်က လီဟော်မသေမျိုးသလင်းကျောက်ကို သုံးပြီး နှစ်ပေါင်းငါးဆယ်တောင် ကျင့်ကြံလာခဲ့ပေမဲ့ သူက ပေါင်းစပ်ကျင့်ကြံခြင်း အစောပိုင်းအဆင့်ကနေ ပေါင်းစပ်ကျင့်ကြံခြင်း နောက်ဆုံးအဆင့်ကိုပဲ ကျင့်နိုင်သေးသတဲ့...]

[ဝက်ဦးနှောက်နဲ့လူသာ လီဟော်မသေမျိုး သလင်းကျောက်ဘေးမှာ ရှိနေရင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီထက်တောင်မှ အများကြီး တိုးတက်လိမ့်ဦးမယ် မဟုတ်လား]

[ဒီအရည်အချင်းနဲ့ဆိုရင် သူ့မှာ ဒီလိုနိမ့်ပါးတဲ့ ကိုယ့်ဟာကို လေးစားမှုရှိနေတာလည်း မဆန်းတော့ပါဘူး...]

"အဟမ်း..."

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ပြီး လည်ချောင်းကို ဟန်ဆောင်ပြီး ရှင်းလိုက်ရတော့တယ်။

"ဂိုဏ်းချုပ်ကြီးမင်က သူ့တပည့်အပေါ်မှာ အရမ်းကို ကြမ်းတမ်းခဲ့တာပဲ။ ဒါက သူ့တပည့်ရဲ့ အရည်အချင်းကို မနာလိုဖြစ်နေတာကြောင့်လား"

"ကျုပ် ကြားထားတာတော့ ဂိုဏ်းချုပ်ကြီးမင်ရဲ့အရည်အချင်းက တကယ့်ကို သာမန်ပဲဆို"

အပြင်လောကကလာတဲ့စကားသံနဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ သရော်သံကို ကြားလိုက်ရပြီးတဲ့နောက်မှာ မင်ဟွိုက်က အရမ်းကိုဒေါသထွက်သွားပြီး သူ့မျက်လုံးတွေက နီရဲသွားကာ သူ့ရင်ဘတ်ကလည်း အသက်ရှုသံ ပြင်းပြလာခဲ့တယ်။

သူရဲ့အရည်အချင်းဆိုတာ သူ ဂရုအစိုက်ဆုံးအရာဖြစ်ခဲ့တာ။ သူ သိမ်ငယ်ခဲ့ရတဲ့အရာဆိုရင်လည်း မမှားလေဘူး။ အခုတော့ ဒါကို လူရှေ့မှာထောက်ပြ ခံလိုက်ရတယ်။

သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ သွေးတွေ လှိုက်တက်လာတာကို ခံစားလိုက်ရပြီး သူ့ရင်ဘတ်က နာကျင်မှုကိုတောင်မှ လျစ်လျူရှုထားနိုင်ခဲ့တယ်။

သူက ထရပ်ဖို့ ရုန်းကန်လိုက်ပြီး အံ့ကြိတ်ကာ ပြောလိုက်တယ်။

"ကျုပ်မှာ ကောင်းမွန်တဲ့အရည်မချင်း မရှိတော့ရောဘာဖြစ်လဲ။ ကျန်းမုံ့လန်လို တကယ့်ကို ကောင်းမွန်တဲ့ အရည်အချင်းရှိတဲ့သူက အခု ကျုပ်ကြောင့် ပျက်စီးသွားပြီလေ"

စူးလီက သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကောင်းကင်စာအုပ်ကို တဖျတ်ဖျတ် လှန်ကြည့်လိုက်တယ်။ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို မြင်လိုက်ပြီးတဲ့နောက်မှာတော့ သူမက မသိမသာ မျက်မှောင်ကျုံ့လိုက်တယ်။

[မင်ဟွိုက်က တကယ်ရက်စက်တဲ့သူပဲ]

[သူက ကျန်းမုံ့လန်ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးခဲ့တဲ့အပြင် သူ့ရဲ့ဝိညာဥ်စွမ်းအင် အမြစ်တွေနဲ့ ဝိညာဥ်စွမ်းအင် အရိုးတွေကိုလည်း ဆွဲထုတ်ထားခဲ့တယ်။ သူရဲ့စွမ်းအင်ဗဟိုချက်ကို ပျက်ဆီးသွားအောင် လုပ်ခဲ့ပြီး သူရဲ့သိစိတ်ပင်လယ်ထဲမှာလည်း ဝိညာဥ်ချုပ်နှောင်သံချောင်းတွေ ဒါဇင်လောက်ကို ရိုက်နှက်ထားခဲ့တယ်တဲ့]

[ဒါက သေစေနိုင်လောက်တဲ့ လှုပ်ရှားမှုတစ်ခုပဲ]

[ကျန်းမုံ့လန်က ဒီအချိန်အထိ တောင့်ခံလာနိုင်တာက သူ့ရဲ့ ခံနိုင်ရည် အကန့်သတ်ကို ရောက်သွားပြီလေ]

ဒီစကားကို ကြားလိုက်ရတဲ့အခါ ဂိုဏ်းချုပ်ကြီး တော်တော်များများက ချက်ချင်းဆိုသလို သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး ဆူးချွန်တွေရှိနေတဲ့ သစ်ပင်ပေါ်မှာ ချည်နှောင်ထားခံရတဲ့ ကျန်းမုံ့လန်ဖက်ကို ကြည့်လိုက်ကာ သူတို့ရဲ့မျက်လုံးတွေထဲမှာလည်း အံ့သြရိပ်နဲ့ သနားစိတ် ဖြစ်သွားတော့တယ်။

ဒါက နှစ်ထောင်ချီမှာမှ ကျင့်ကြံရေးလောကထဲမှာပေါ်လာတဲ့ အရည်အချင်းရှိဆုံး လူငယ်တွေထဲက တစ်ယောက်လေ။

ဘာဖြစ်လိုများ...

ကျန်းမုံ့လန်က လူတိုင်းရဲ့စကားကို ကြားလိုက်ရပြီး အခုတော့ အမှန်တရားက ပေါ်ထွက်လာတယ်ဆိုတာ သိခဲ့တယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ဘာခံစားချက်မှ မရှိတော့ဘူး။

သူက သေတော့မဲ့ဆဲဆဲ အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားပြီ။ ဒီတော့ သူက အားအင်အကုန်သုံးပြီး ရှင်းလင်းခဲ့တယ်ဆိုတော့လည်း ဘာကွာခြားချက် ရှိအုံးမှာလဲ။

အခုဆိုရင် သူ့ခန္ဓာကိုယ်အပြင် သူရဲ့ဝိညာဥ်စွမ်းအင်တွေကိုလည်း ဖျက်ဆီးခံလိုက်ရပြီ။ သူက ခေါင်းကိုငုံ့ထားပြီး သေခြင်းတရားကို နှုတ်ဆိတ်ကာ စောင့်စားနေလိုက်တော့တယ်။

ဒီအချိန်မှာပဲ မင်ဟွိုက်ကလည်း ကောင်းကင်ကလာတဲ့စကားသံကို ကြားလိုက်ရပြီး သူ့မျက်နှာပေါ်မှာ အားရဝမ်းသာဖြစ်သွားတဲ့ အပြုံးအပြည့်ဖြစ်သွားတယ်။

"ဟားဟားဟားဟားဟား..."

"ကျုပ် လုပ်ခဲ့တယ်ဆိုတာကို ခင်ဗျားတို့တွေ သိသွားရင်တောင် ခင်ဗျားတို့တွေ ကျုပ်ကို သတ်မယ်ဆိုရင်တောင် ကျုပ်ရဲ့တပည့်အလိမ္မာလေးက ဘာပဲဖြစ်ဖြစ် ကျုပ်နဲ့အတူ မြှုပ်နှံခံရမှာပဲ"

ဒီစကားကို ကြားလိုက်တဲ့အခါ ကွေးယွမ်းဂိုဏ်းက တော်တော်များများက စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြတယ်။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက မင်ဟွိုက်ကို စိုက်ကြည့်နေပြီး သူ့ရဲ့လက်က ဒေါသကြောင့် တုန်ယင်နေတော့တယ်။

မနာလိုဝန်တိုစိတ်ကြောင့် ကိုယ်ရဲ့တပည့်အရင်းကို ဒီလိုဆက်ဆံသတဲ့... မင်ဟွိုက်က တိရစ္ဆာန်တစ်ကောင်ပဲ။

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးတို့ရဲ့ မျက်နှာပေါ်မှာလည်း ဒေါသတွေနဲ့ ပြည့်နှက်သွားပြီ တော်ယုံတန်ယုံ ဒေါသထွက်ခဲတဲ့ ချန်ဖူဂိုဏ်းက တပည့်တွေရဲ့လက်ထဲက ပုတီးလုံးတွေမှာတောင် ဝိညာဥ်စွမ်းအင် အငွေ့အသက်တွေ ထွက်လာခဲ့တယ်။

အနားမှာ ရပ်နေတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက ကိုယ်ကိုလှည့်လိုက်ပြီး မျက်မှောင်တစ်ချက်ကျုံ့ကာ ကျန်းမုံ့လန်ရဲ့ဒဏ်ရာကို ကြည့်လိုက်တယ်။

ဒီလိုဒဏ်ရာမျိုးနဲ့ဆိုရင်တော့ လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ရှိတဲ့သူတွေတောင် ကူညီပေးနိုင်မှာ မဟုတ်လောက်ဘူး။

ထူးဆန်းအံ့သြဖွယ်ရာ ကိစ္စတွေမဖြစ်လာရင်တော့...

မင်ဟွိုက်က အားလုံးရဲ့စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီး အတောမသတ်နိုင်အောင် ရယ်မောရင်း ကျန်းမုံ့လန်ကိုကြည့်ကာ မျက်နှာရှုံ့မဲ့ပြီးပြောလိုက်တယ်။

"ငါ့ရဲ့ တပည့်အလိမ္မာလေး ငရဲပြည်ကို အတူတူသွားကြတာပေါ့"

"မင်းသာ ငါ့ဘေးမှာ အတူတူရှိနေမယ်ဆိုရင် ငါကတော့ အရမ်း ပျော်ရွှင်မိမှာပဲ"

စူးလီက ဒီစကားကိုကြားလိုက်တဲ့အခါ ရွံ့ရှာတဲ့စိတ်တစ်ခုနဲ့ သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပိတ်လိုက်တယ်။

သူမက လူအုပ်ကြီးရဲ့ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာပြီး မင်ဟွိုက်ကိုမကြည့်ဘဲ ပျင်းရိလေးတွဲစွာနဲ့ ပြောလိုက်တယ်။

"သူက ရှင်နဲ့အတူ လိုက်သေမယ်လို့ ဘယ်သူ ပြောလို့လဲ"

နောက်ဆုံး သူမကလည်း လူအများကြီး ကယ်လာခဲ့ပြီးပြီပဲ။ ဒီတော့ တစ်ယောက်လေးကို ကယ်ရတာ ဘာမှကွာခြားသွားမှာ မဟုတ်ဘူးလေ။

ဒီလိုစဥ်းစားလိုက်ပြီး အားလုံးက မှင်တက်အံ့သြပြီး အထိတ်တလန့်နဲ ဇဝေဇဝါအကြည့်တွေကြားမှာ စူးလီက ကျန်းမုံ့လန်ကို ချည်နှောင်ထားတဲ့စင်ပေါ်ကို ပေါ့ပေါ့ပါးပါး ရောက်သွားတော့တယ်။

သူမက လက်တစ်ဖက်နဲ့ သူ့ရဲ့မေးကို ပင့်လိုက်ပြီး ရှားရှားပါးပါး လေးနက်တဲ့လေသံပါဝင်နေပြီး ပျင်းရိလေးတွဲတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ကျွန်မကို ပြောစမ်းပါ၊ ရှင် သူနဲ့အတူ လိုက်သေချင်လား"

တကယ်လို့ သူက အသက်မရှင်ချင်ဘူးဆိုရင်တော့ သူမက ဘယ်လောက်ပဲ လုပ်ပေးနေပါစေ ဒါက အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလေ။

ကျန်းမုံ့လန်က တစ်စုံတစ်ယောက်က သူ့ဆီကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ သူက မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ ဘာခံစားချက်မှ မပါတဲ့ ဗလာအတိဖြစ်နေတဲ့ မျက်ဝန်းအစုံ ပေါ်ထွက်လာခဲ့တယ်။

စွမ်းအင်က အားနည်းပြီး ခွန်အားတွေကလည်း ကုန်ဆုံးသွားတဲ့အချိန်မှာ ဆွေးမြေ့နေတဲ့သစ်တုံးက ပဲ့ကြွေသွားလိမ့်မယ်။

ဒီနေ့ရဲ့လူငယ်လေးက တစ်ချိန်တုန်းက ချောမောလှပြီး လမင်းလို တောက်ပတဲ့ ကောင်လေးတစ်ယောက် မဟုတ်လေတော့ဘူး။

သူက သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး သူ့အသံထဲမှာလည်း ပင်ပန်းနွမ်းနယ်မှုအပြည့် ဖြစ်နေတယ်။

"ကျွန်တော့်မှာ ရွေးချယ်စရာ ရှိသေးလို့လား"

သူ့ရဲ့အနာဂတ်အတွက် သေခြင်းတရားက တစ်ခုတည်းသောအရာ မဟုတ်ဘူးလား။

စူးလီက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူမရဲ့အသံထဲမှာ ခံစားချက်ကင်းမဲ့နေပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

"ရှင်က အသက်ရှင်ချင်သလား အသက်မရှင်ချင်တော့ဘူးလားဆိုတာ ကျွန်မကို ပြောဖို့လိုတယ်"

ကျန်းမုံ့လန်က သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ ဒီအချိန်မှာတော့ သူ့ရှေ့မှာရှိနေတဲ့လူရဲ့ ရုပ်သွင်ကို သေသေချာချာလေး မြင်လိုက်ရတယ်။

သူမက အပြာရောင်ဝတ်ရုံကို ဝတ်ထားပြီး ချောမောလှပတဲ့ မျက်နှာတစ်ခု ပိုင်ဆိုင်ထားကာ ခပ်တန်းတန်းဖြစ်နေပေမဲ့လည်း အေးချမ်းတဲ့အရောင်အဝါတစ်ခု ပိုင်ဆိုင်ထားတယ်။

ပိုပြီးသိသာထင်ရှားတဲ့အရာကတော့ အဲ့ဒီမျက်ဝန်းအစုံပဲ။ အဲ့ဒီမျက်ဝန်းအစုံက အရမ်းကို ဖြူစင်သန့်ရှင်းပြီး ကြည်လင်နေတဲ့အတွက် စိတ်နှလုံးကို သန့်ရှင်းပစ်နိုင်တယ်လို့ ထင်ရတယ်။

ဒီမျက်ဝန်းတွေကို ကြည့်လိုက်မိပြီး ဝိုးတဝါး မျှော်လင့်ချက်တစ်ခုက ရုတ်တရက်ဆိုသလို သူရဲ့မူလက ဗလာအတိဖြစ်နေတဲ့ ရင်ထဲမှာ ထိုးထွက်လာပြီး အလင်းရောင်ကလည်း သူ့မျက်လုံးထဲမှာ တဖြည်းဖြည်းချင်း စုဝေးလာခဲ့တယ်။

သူ မသေချင်သေးဘူးလေ။

သူက ပါးစပ်ကိုဖွင့်လိုက်ပြီး အရမ်းကို တိုးညင်းပေမဲ့လည်း ခိုင်မာတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ကျွန်တော် အသက်ရှင်ချင်တယ်"

သူရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ နောက်ဆုံးတော့ စူးလီက သူမရဲ့မျက်လုံးထဲမှာ ခပ်ရေးရေး အပြုံးလေးတစ်ခု ဖြစ်သွားတယ်။ သူမက သူ့မေးစေ့ကို ပင့်ထားတဲ့လက်ကို ပြန်ချလိုက်ပြီး အေးအေးလူလူ ပြောလိုက်လေရဲ့။

"စိတ်မပူပါနဲ့ ကျွန်မက ရှင့်ထက်ပိုပြီး ဆိုးရွားတဲ့သူတွေကို မကယ်ခဲ့ဖူးတာ မဟုတ်ပါဘူး"

"ရှင်က ဝိညာဥ်အရင်းအမြစ်တစ်ချောင်း ဆုံးရှုံးခဲ့ရရုံပဲမလား၊ ကျွန်မ ရှင့်ကို နောက်ထပ်တစ်ချောင်း ထပ်ပေးနိုင်ပါတယ်"

သူမက လက်တစ်ဖက်နဲ့ သူ့နဖူးကို ထိလိုက်ပြီး စွမ်းအင်နိယာမတွေ ပေါင်းစည်းထားတဲ့ ဝိညာဥ်စွမ်းအင်တစ်ခုက တဖြည်းဖြည်းနဲ့ မြေကြီးပေါ်မှာ ထိုးထွက်လာခဲ့တယ်။ နှိပ်စက်တဲ့ လက်နက်တစ်ခုအဖြစ် အသုံးပြုထားတဲ့ ဆူးတွေနဲ့ခြံရံထားတဲ့သစ်ပင်ကတောင် ထက်ရှတဲ့ဆူးတွေ အားလုံး သိမ်းထားလိုက်ပြီး သိမ်မွေ့ပြီး အားပြည့်တဲ့ခန္ဓာကိုယ်နဲ့ ထောက်ပံ့ပေးထားတယ်။

အဲ့ဒီနောက်မှာတော့ အားလုံးက ကျန်းမုံ့လန်ရဲ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို မြင်တွေ့လိုက်ရပြီး အမာရွတ်တွေနဲ့ သိစိတ်တွေက တစ်ဆက်တည်းမှာ ပြင်ဆင်ပြီးသွားတာကို တွေ့လိုက်ရတယ်။

ကျန်းမုံ့လန်ရဲ့ ကျင့်ကြံရေးအဆင့်ကလည်း ချီကျင့်ကြံရေးအဆင့်အထိ ဖျက်ဆီးခံလိုက်ရတဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်ရဲ့အဆင့်ကနေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အုတ်မြစ်တည်ကျင့်ကြံရေးအဆင့်... နောက်ဆုံးတော့ သူရဲ့ကျင့်ကြံရေးအဆင့် မဖျက်ဆီးခံရခင် ဝိညာဥ်အသွင်ပြောင်းခြင်းအဆင့်မှာ ရပ်တန့်သွားခဲ့တယ်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့လူအားလုံးက မှင်တက်အံ့သြသွားပြီး မယုံမကြည်နိုင်အောင် ဖြစ်သွားကြတော့တယ်။

လူအုပ်ထဲမှာရှိတဲ့ ပိုင်ကျစ်ယွမ်၊ ရှန်းချန်ဟန်နဲ့ လင်းကျောက်နဲ့...

နောက်ပြီး ဒီနေရာကို အခုလေးတင်မှ ရောက်လာတဲ့သူ... ရှဲ့ချီယွမ်တို့ကလွဲလို့ပေါ့။

...

All Chapters