အခန်း ၁၄၄
Vol. 10 Ch. 144
အပိုင်း (၁၄၄)
ဝိညာဥ်စွမ်းအင်အမြစ်ကို... ပြန်ဖန်တီးလိုက်တာတဲ့လား။
ဒါက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှိတဲ့လူတစ်ယောက်ဖြစ်ပြီး ကောင်းကင်ကနေတောင် ချီးမြှင့်ထားတဲ့ ဝိညာဥ်စွမ်းအင်အမြစ် ပိုင်ဆိုင်ထားတဲ့သူလေ။
မဟုတ်မှလွဲရော... ဝိညာဥ်စွမ်းအင် နိယာမများလား။
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။
ကျင့်ကြံသူတစ်ယောက်က ကောင်းကင်နိယာမကို ပြောင်းလဲနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သူတို့တွေပဲ ရူးနေတာလား။ ဒါမှမဟုတ် ကျင့်ကြံရေးလောကကပဲ ရူးသွပ်သွားတာလား။
အစွမ်းမြင့်မားတဲ့ လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံသူတစ်ယောက်ကတောင် ဒါနဲ့ထိတွေ့ရမယ်ဆိုရင် အများစုက လောကရဲ့နိယာမတွေနဲ့ လိုက်လျောပေးရလိမ့်မယ်။ ဒါပေမဲ့စူးလီကတော့... ဒီနိယာမတွေကို ဒီအတိုင်း လျစ်လျူရှုထားသတဲ့လား။
အားလုံးက မှင်တက်အံ့သြပြီး ကွပ်မျက်စင်ပေါ်က အေးအေးလူလူရှိနေတဲ့ ပုံရိပ်ကို ငေးကြည့်နေကြတယ်။
သူမက ချီကျင့်ကြံရေးအဆင့်ပဲ ရောက်သေးတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ သိသာနေတာပဲ။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သတိပြန်ဝင်လာအောင် တော်တော်လေး လုပ်ယူလိုက်ရတယ်။
စူးလီက ရွှင့်ချန်ဂိုဏ်းမှာရှိနေတုန်းက အဆင့်မြင့်မားတဲ့ ဝိညာဥ်ရတနာတွေအများကြီးကို ထုတ်ယူခဲ့တယ်ဆိုပေမဲ့လည်း... အဲ့ဒီအချိန်တုန်းက သူ ထင်ခဲ့တာက သူမက မိသားစုတစ်ခုရဲ့ ချစ်လှစွာသော အမွေဆက်ဆံသူတစ်ယောက် ဖြစ်လိမ့်မယ်လို့ပေါ့။ သူက သူမအပေါ်မှာ လေးစားမှုတချို့ရှိနေပေမဲ့လည်း သူမကို အလွန်အကျွံကြီး လေးစားအနက်ထားခဲ့တာတော့ မဟုတ်လေဘူး။
ဒါပေမဲ့ အခုအချိန်မှာတော့ ...
သူက တံတွေးကိုမျိုချလိုက်ပြီး သူ့ဘေးမှာရှိတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို တုန်ယင်နေတဲ့ဟန်တစ်ခုနဲ့ လှမ်းကြည့်လိုက်တယ်။ စူးလီက ဝမ့်ကျန့်ဂိုဏ်းထဲမှာ အချိန်တစ်ခုအထိ နေခဲ့တာကို သူ သိထားတယ်လေ...
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာအမူအရာက သူ့ထက်တောင် ပိုပြီးထိတ်လန့်နေပြီး တုန်လှုပ်ခြောက်ခြားနေတဲ့ပုံပဲ။
ရှန်ချန်းဟန်ရဲ့ ခန္ဓာကိုယ်ပေါ်က ဓားဝိညာဥ်ကို စူးလီက အစားထိုးပေးခဲ့တာလို့ သူ့တပည့်တွေဆီက နေပြီးတော့ တစ်ချိန်တုန်းက ကြားခဲ့ပေမဲ့လည်း ဒါက ရှန်းချန်ဟန်မှာ ရှိသင့်တဲ့ တစ်ခုတည်းသော ဓားကျောရိုးပဲလေ။
ဒါက ယုတ္တိမဲ့ပေမဲ့လည်း ဒါကို လုပ်နိုင်တဲ့သူတွေက ကျင့်ကြံရေးလောကထဲမှာ အများကြီး ရှိသေးတယ်လေ။ အခုအချိန်မှာ ဖြစ်ပျက်နေတဲ့ပုံစံလို ဘယ်မှာဖြစ်နိုင်လို့လဲ။ သူက လောကနိယာမတွေကို တကယ်တမ်း လျစ်လျူရှူထားခဲ့ပြီး သဘာဝအတိုင်း ကျန်းမုံ့လန်ကို ဝိညာဥ်စွမ်းအင်အမြစ်ကို ထပ်ထည့်ပေးလိုက်ပြီး သူ့ဖျက်ဆီးမခံရခင်က သူရဲ့ ကျင့်ကြံရေးအဆင့်ကိုတောင်မှ ပြန်သိုလှောင်ပေးနိုင်သတဲ့လား။
ဒါကို လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလို့ ပြောနိုင်တယ်လေ။
ဂိုဏ်းကြီးတော်တော်များများရဲ့ ဂိုဏ်းချုပ်ကြီးရဲ့ အမူအရာတွေကလည်း အလွန်မှ ဆင်တူနေကြတယ်။ ပုံမှန်ဆိုရင် အရမ်းကို သိုသိပ်လွန်းတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးနဲ့ ချန်းဖူဂိုဏ်းက တပည့်တွေကလည်း သူတို့ရဲ့မျက်နှာပေါ်မှာ တည်ကြည်ပြီး အံ့သြသွားတဲ့အရိပ်အယောင်တွေ ဖြစ်နေကြတယ်။
သူတို့တစ်ယောက်ချင်းဆီက စူးလီက ကွဲပြားတယ်လို့ အနည်းနဲ့အများ သဘောပေါက်သွားကြပေမဲ့လည်း သူမက အဲ့လောက်အထိ ထူးခြားဆန်းပြား နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။
ဒီအချိန်မှာပဲ မျိုးနွယ်စုခေါင်းဆောင်တွေ တော်တော်များများကလည်း သူတို့ရဲ့မှတ်ဉာဏ်ထဲမှာ စူးလီကို ပြန်စဥ်းစားမိသွားပြီး စင်ပေါ်ကပုံရိပ်ကို လှမ်းကြည့်လိုက်ကြတယ်။ ရုတ်တရက်ဆိုသလို အင်မတန်မှ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အတွေးတစ်ခုက အားလုံးရဲ့စိတ်ထဲမှာ ထိုးထွက်လာခဲ့တယ်။
ဧကန္တ... စူးလီက ကောင်းကင်တာအိုရဲ့... တရားမဝင်သမီးများလား။
ဂျိမ်း...
ကောင်းကင်မိုးကြိုးကြီးခြောက်ခုက ဂိုဏ်းချုပ်ကြီးတစ်ယောက်ချင်းစီရဲ့ခေါင်းကို တစ်ပြိုင်တည်း ပစ်ချလိုက်တဲ့အတိုင်းပဲ။ ဂိုဏ်းချုပ်ကြီးခြောက်ယောက်က အလောတကြီးနဲ့ ခုခံလိုက်ရတယ်။
သူတို့တွေက ဘယ်လိုဖြစ်ပြီး ကောင်းကင်တာအိုကို ဒီလိုခန့်မှန်းနိုင်ရတာလဲ။
သူမက ဘယ်လိုလုပ်ပြီး တရားမဝင်သမီးတစ်ယောက် ဖြစ်နိုင်မှာလဲ။ သူမက တရားဝင်သမီးတစ်ယောက်ပဲ ဖြစ်ရမယ်... ဂျိန်း.. ဂျိန်း...
မိုးကြိုးသွားက အရင်တုန်းက တစ်ခုထက်တောင် ပိုပြီးတော့ ပြင်းထန်လာတယ်။
ဂိုဏ်းချုပ်ကြီးခြောက်ယောက်က ခက်ခက်ခဲခဲနဲ့ ခုခံနေရပြီး သူတို့ရဲ့စိတ်ထဲမှာ စူးလီရဲ့သရုပ်အမှန်ကို ခန့်မှန်းနေကြဆဲပဲ။ ဧကန္တ စူးလီက...
ဂျိန်း ဂျိန်း ဂျိန်း ဂျိန်း ဂျိန်း ...
ကောင်းကင်မိုးကြိုး ငါးကြိမ် ပစ်ချပြီးတဲ့နောက်မှာတော့... အနက်ရောင် မီးခိုးငွေ့တွေက မိုးကြိုး ပစ်ချခံလိုက်ရတဲ့ လူတွေရဲ့ခန္ဓာကိုယ်ပေါ်ကနေ ထွက်လာခဲ့တယ်။
စူးလီရဲ့သရုပ်မှန်ကို မပြောနဲ့ သူတို့တွေက သူတို့ရဲ့စိတ်ထဲမှာ စူးလီဆိုတဲ့ စကားလုံးနှစ်လုံးကိုတောင် မစဥ်းစားရဲကြတော့ဘူး။
စူးလီက နောက်ပြန်ပြန်လှည့်မကြည့်ဘဲ သူမရဲ့နောက်က ဆူညံသံတွေကို နားထောင်နေလိုက်တယ်။
မိုးကြိုးက သူမရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ဆိုပေမဲ့လည်း သူ့မှာလည်း လူတွေကိုကြိုက်သလို မိုးကြိုးပစ်နိုင်တဲ့ အာဏာတော့ ရှိသေးတယ်လေ။
မိုးကြိုးနတ်မင်းက ကွေးယွမ်ဂိုဏ်းချုပ်အပေါ် သူမရဲ့ပုန်းကွယ်နေတဲ့ ရွံ့ရှာစိတ်ကို ခံစားမိတဲ့အတွက် သူက သူ့သဘောနဲ့သူ လှုပ်ရှားလိုက်တယ်လို့ သူမက ထင်လိုက်တာပဲ။ ဒါကြောင့် သူမရဲ့မျက်လုံးထဲမှာ အံ့သြမှု များများစားစား မရှိခဲ့ဘူး။ သူမက သူမရဲ့ရှေ့မှာရှိနေတဲ့လူကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေခဲ့တယ်။
ကျန်းမုံ့လန်ရဲ့ခန္ဓာကိုယ်က သွေးတွေနဲ့စွန်းထင်းနေပြီး သူ့အဝတ်အစားတွေက ရှုပ်ပွနေပေမဲ့လည်း သူ့မျက်လုံးတွေကတော့ အတိုင်းအတာတစ်ခုအထိ အရည်ပြန်လဲ့လာပြီး သူရဲ့နဂိုက အရှိန်အဝါတချို့ကို ပြန်ရလာခဲ့တယ်။
ကျန်းမုံ့လန်က သူ့ခန္ဓာကိုယ်ပေါ်က အင်အားအပြည့်နဲ့ ဝိညာဥ်စွမ်းအင်ကို ခံစားမိလိုက်တယ်။ သူက နေရာမှာတင် ကြောင်တောင်တောင်နဲ့ ရပ်နေမိပြီး ဖြည်းဖြည်းချင်း မျက်တောင်ခတ်မိလိုက်တယ်။
မြင့်မြတ်အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ ခုနခံစားခံတဲ့ဒဏ်ရာတွေက ဘယ်လောက်အထိ ပြင်းထန်တယ်ဆိုတာ သူ နားမလည်းဘဲ ဘယ်နေပါ့မလဲ။
ဒီလို အတိအကျ နားလည်နေတဲ့အတွက်ပဲ သူက ရောက်လာမဲ့သေမင်းကို ထုံပေပေနဲ့ လက်ခံခဲ့တာပဲ။
ဒါပေမဲ့ အခုကျတော့ သူရဲ့ဝိညာဥ်စွမ်းအင်အမြစ်တွေနဲ့ သိစိတ်က အရင်တုန်းကလို ပြန်ကောင်းသွားတဲ့အပြင် သူရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အသွင်ပြောင်းကျင့်ကြံခြင်းအဆင့်ကို ပြန်ရောက်သွားခဲ့တယ်။
သတိပြန်ဝင်လာခဲ့ပြီးတဲ့နောက်မှာတော့ သူက သူ့ရှေ့မှာရှိနေတဲ့ပုံရိပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေမိတယ်။
ဒါက... သူ့ကို ဒုတိယအသက် ပေးခဲ့တဲ့ပုဂ္ဂိုလ်ပဲ။
သူ့မျက်လုံးတွေထဲကအကြည့်က ကျေးဇူးတင်စိတ်ဆိုတာထက် ယုံကြည်ကိုးကွယ်စိတ်ကို ပိုနေပြီး နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရတဲ့ယုံကြည်သူတစ်ယောက်ရဲ့ ကိုးကွယ်စိတ်လိုပဲ။
"မင်း..."
စူးလီက သူ့အသံကို ကြားလိုက်ရတဲ့အခါ သူမရဲ့လက်ကို ပျင်းရိလေးတွဲစွာနဲ့ ဝေ့ယမ်းပြလိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်တယ်။
သူမက သူမရဲ့မျက်လုံးတွေကို ပင့်လိုက်ပြီး အေးအေးလူလူ အသံတစ်ခုနဲ့ ပြောလိုက်လေရဲ့။
"ရှင် ကွေးယွမ်ဂိုဏ်းထဲမှာ နေချင်သေးလား"
သူမရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်းမုံ့လန်က သူရှိနေတဲ့နေရာမှာ ရပ်နေလိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း ရှုပ်ထွေးသွားတဲ့အကြည့်တစ်ခု ဖြစ်သွားတယ်။
ဆရာဖြစ်စေ နောက်လိုက်တပည့်တွေဖြစ်စေ သူ့အတွက်တော့ ကွေးယွမ်ဂိုဏ်းက သူ လွတ်မြောက်ချင်ခဲ့တဲ့ဂူတစ်ခု အစောကြီးကတည်းက ဖြစ်လာခဲ့ပြီးပြီလေ။
သူက နှုတ်ခမ်းကို တင်းနေအောင်စေ့ထားလိုက်ပြီး တလေးတနက် ခေါင်းခါပြလိုက်တယ်။
"ဝမ်ပေ့... ဆန္ဒမရှိတော့ပါဘူး"
သူ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက မျှော်လင့်ထားတဲ့အတိုင်းပဲဆိုပြီး မျက်ခုံးပင့်လိုက်တယ်။ သူမက ကိုယ်ကိုလှည့်လိုက်တယ်။ သူမက စိတ်အားအထက်သန်ဆုံး အကြံဉာဏ်တစ်ခု ပေးနေပေမဲ့လည်း ပျင်းရိလေးတွဲပြီး ဘာမှဂရုမစိုက်တဲ့ခံစားချက်တစ်ခုနဲ့ ပြောနေမိတယ်။
"ကျင့်ကြံရေးလောကဆိုတာ ကွေးယွမ်းဂိုဏ်းတစ်ခု မဟုတ်ပါဘူး၊ ကိုယ့်ဟာကို ဒီနေရာမှာပဲ လှောင်ပိတ်မထားပါနဲ့"
"ရှင့်ရဲ့လမ်းစဥ်က ဘယ်တုန်းကမှ မှားယွင်းခဲ့ပါဘူး။ ရှင်က လူမှားတစ်ယောက်နဲ့ပဲ တွေ့ခဲ့မိတာပါ"
ကျန်းမုံ့လန်က နေရာမှာတင် ရုတ်တရက် အေးခဲသွားပြီး အချိန်တစ်ခုအထိ သူ့ကိုချုပ်နှောင်ထားခဲ့တဲ့ အချုပ်အနှောင်က ရုတ်တရက်ဆိုသလို ဒီအခိုက်အတန့်မှာပဲ ပျေက်ကွယ်သွားခဲ့တယ်။
သူက သူရဲ့စွမ်းအင်ဗဟိုချက်ထဲမှာ ပြည့်လျှံလာတဲ့ ဝိညာဥ်စွမ်းအင်တွေကို ခက်ခက်ခဲခဲ ထိန်းထားရပြီး ခေါင်းကို မော့လိုက်ကာ စူးလီရဲ့ကျောပြင်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်တယ်။
"ချန်ပေ့ ချန်ပေ့က ..."
"အသက်ကို ထိန်းရှူပြီး အာရုံစိုက်ထား၊ အဆင့်ကျော်ဖြတ်နိုင်အောင်လုပ်"
စူးလီက သူမရဲ့နောက်မှာကျန်ခဲ့တဲ့ ဝိညာဥ်စွမ်းအင်တွေကို ခံစားမိလိုက်ပြီး နောက်ပြန်လှည့်မကြည့်ပေမဲ့လည်း ဘာမှမတတ်နိုင်သလို လက်ခါယမ်းပြလိုက်တယ်။
သူ့ပြောချင်တဲ့စကားကို သူက ခန့်မှန်းမိနေတယ်လေ။ ဒါက"အသက်ကယ်ပေးတဲ့ကျေးဇူးကို ဘယ်လိုမှပြန်ဆပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ လိုချင်တဲ့အတိုင်းတော့ လုပ်ပေးနိုင်ပါတယ်”ဆိုတဲ့ ကျေးဇူးတင်စကားကလွဲရင် တခြားဘာဖြစ်အုံးမှာလဲ။ သူမက ဒီစကားတွေကို အကြိမ်ပေါင်းများစွာ ကြားခဲ့ပြီးပြီဖြစ်တဲ့အတွက် နားထောင်ရတာကို ငြီးငွေ့နေပြီလေ။
ဒီအချိန်အတောအတွင်းမှာ အဆင့်ကျော်ဖြတ်ခြင်းကို မြန်မြန်ဆန်ဆန် အောင်မြင်အောင် လုပ်လိုက်တာက ပိုကောင်းတယ် မဟုတ်လား။
ကိုယ်ကို လှည့်လိုက်တဲ့အခါမှာတော့ ရှုပ်ထွေးသွားတဲ့အမူအရာတွေနဲ့ မှင်တက်အံ့သြနေတဲ့လူတွေကို ကြည့်လိုက်မိတယ်။ အဲ့ဒီနောက်မှာတော့ ဇဝေဇဝါနဲ့ သူမရဲ့မျက်ခုံးတွေကို ပင့်ထားခဲ့မိတယ်။ ဒါက လူတစ်ယောက်ကို ကယ်တင်ပေးရုံသက်သက်ပဲ မဟုတ်လား။
ဒီလူတွေရဲ့အမူအရာတွေက ဘာဖြစ်လို့များ... အဲ့လောက်အထိ ထူးဆန်းနေရတာလဲ။
သူမအတွက်တော့ သူမဒီနေ့လုပ်လိုက်တဲ့အရာက အဆင်ပြေနေလို့ လုပ်ပေးခဲ့တဲ့ကိစ္စပါပဲ။ ဒါကို တလေးတနက်ကြီး ထားနေစရာလုံးဝမလိုပါဘူး။
စူးလီရဲ့ စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီးနောက်မှာ အားလုံးက သူတို့ရဲ့ခေါင်းကို တစ်ပြိုင်တည်း လှည့်လိုက်ကြတယ်။ အထူးသဖြင့် စူးလီကို မကြည့်ရဲကြတဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက ဂိုဏ်းချုပ်တွေပေါ့။
သူတို့တွေက အခုလေးတင် သူတို့ကို မိုးကြိုးပစ်လိုက်တဲ့ ထုံထိုင်းတဲ့ဒဏ်ကို ရနေတုန်းပဲလေ။
စူးလီက ဒီလူတွေရဲ့လှုပ်ရှားပုံကို ကြည့်လိုက်ပြီး တွေးတွေးဆဆနဲ့ မျက်တောင်ခတ်လိုက်တယ်။ ကျန်းမုံ့လန်က သူရဲ့ကျင့်ကြံခြင်းအဆင့်ကို ပြန်ရောက်သွားလို့ ... ဒီလူတွေက ဝမ်းသာနေကြတဲ့ပုံပဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူမက မျက်နှာပေါ်မှာ ထင်ထားတဲ့အတိုင်းပဲ ဆိုတဲ့ရုပ်တစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
အဲ့ဒီနောက်မှာတော့ သူမက စင်ပေါ်ကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်ဆင်းလာခဲ့တယ်။
သူမက ထောင့်လေးဆီကို ပြန်သွားပြီး ဖရဲသီးကိုဆက်စားပြီး ပွဲကိုဆက်ကြည့်မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ ခေါင်းကို မော့လိုက်တဲ့အခါ အထူးတလည် ဆွဲဆောင်မှုရှိနေတဲ့ မျက်ဝန်းသုံးစုံနဲ့ ရုတ်တရက် သွားတွေ့မိသွားတယ်။
ပိုင်ကျစ်ယွမ်၊ ရှန်ချန်းဟန်နဲ့ လင်းကျောက်တို့က တန်းစီပြီးရပ်နေကြပြီး အားလုံးက သူမကို ကြည့်နေကြလေရဲ့။ စူးလီရဲ့ ဖြည်းညှင်းစွာ လျှောက်လာတဲ့ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
သူမက လူတစ်ယောက်ကို ကယ်ခဲ့ရုံသက်သက်ပဲလေ...
ဒါပေမဲ့ အကြောင်းအရာတချို့ကြောင့် သူတို့ရဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်တဲ့အခါ သူမရဲ့စိတ်ထဲမှာ မသိမသာ အပြစ်ရှိစိတ်တစ်ခုကို ရုတ်တရက် ခံစားမိလိုက်တယ်။
ဒီအချိန်မှာတော့ သူမက သူတို့ရဲ့အကြည့်အောက်မှာ ထောင့်လေးဆီကို ပြန်သွားပြီး သူမရဲ့စိတ်ကတော့ ကောင်းကင်တခွင် လှည့်ပတ်နေလေရဲ့။
သူမက ကျင့်ကြံရေးလောကကို ရောက်လာပြီးကတည်းက ဒီလူနည်းစုကိုပဲ ကယ်ခဲ့ပေးခဲ့တဲ့ပုံပဲ။ အခုတော့ သူတို့အားလုံးနီးပါက ဒီနေရာမှာ ရှိနေတယ်လေ... ဟုတ်တယ်မလား။
တိုက်ဆိုင်လိုက်တာ။
သူမက တစ်ခုခုကို ခံစားမိလိုက်တဲ့ပုံနဲ့ ရပ်လိုက်ပြီး ငေးကြောင်ကြောင်နဲ့ လားရာတစ်ဖက်ကို ကြည့်လိုက်ပြီး သိပ်သည်းနေတဲ့လူအုပ်ကြီးတွေကြားထဲကို လှမ်းကြည့်လိုက်တယ်။
အဲ့ဒီမှာ အဖြူရောင်ဝတ်စုံလေးတစ်ခုက ရပ်နေပြီး အင်မတန်မှ ထူးထူးခြားခြား လွတ်လပ်မှု ရှိနေတဲ့ ယောကျာ်းတစ်ယောက်။ ရှဲ့ချီယွမ်က ရပ်နေတယ်။
စူးလီရဲ့ စူးရှတဲ့အကြည့်က အရမ်းကို တည့်တိုးဆန်သွားတဲ့ပုံပဲ။ စူးလီကို အာရုံစိုက်နေကြတဲ့ ဂိုဏ်းချုပ်ကြီး တော်တော်များများကလည်း သူမရဲ့အကြည့်နောက်ကို လိုက်သွားကြတယ်။
အဲ့ဒီနေရာမှာ ပေါ်နေတဲ့ပုံရိပ်ကို ကြည့်လိုက်ပြီး ဂိုဏ်းချုပ်ကြီး တော်တော်များများက သူတို့ရဲ့မျက်လုံးထဲမှာ အံ့သြရိပ်တစ်ခုနဲ့ လေးစားမှုတချို့ မနေနိုင်ဘဲ ပေါ်လာတော့တယ်။
ကျင့်ကြံရေးလောကထဲမှာ ရုပ်ရည်နဲ့ပတ်သတ်လာရင် ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးနဲ့ ယှဥ်နိုင်တဲ့သူက ဒါမှမဟုတ် ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးထက် ပိုသာတဲ့သူက တစ်ယောက်တည်းပဲ ရှိတယ်လေ။
ဒါပေမဲ့လည်း နောက်စက္ကန့်မှာပဲ သူတို့တွေက သတိပြန်ဝင်လာပြီး သူတို့ရဲ့ကျောမှာ ချွေးစေးတွေ ရုတ်တရက် စိမ့်ထွက်လာတော့တယ်။
သူ ဘယ်တုန်းက ဒီနေရာကို ရောက်လာတာပါလိမ့်။ ဒီနေရာမှာ မရေမတွက်နိုင်တဲ့ အစွမ်းထက်မြက်ပြီး ကြီးမြတ်တဲ့သူတွေ ရှိနေတာပဲ။ စူးလီရဲ့အကြည့်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့တည်ရှိမှုကို ဘယ်သူမှ သတိထားမိလိမ့်မှာ မဟုတ်ဘူး။
နောက်ပြီးတော့...
သူတို့တွေက သူရဲ့ပုံရိပ်ကို မြင်နေတာတောင်မှ အဲ့ဒီနေရာမှာ ဘယ်သူမှမရှိဘူးလို့ အမှတ်တမဲ့ ခံစားမိနေသေးတယ်။ သူရဲ့ကျင့်ကြံခြင်းအဆင့် အတိမ်အနက်ကို မဆိုထားနဲ့ သူ့ကိုယ်ပေါ်မှာ အသက်ရှူသံတစ်ချက်၊နှစ်ချက်လောက်ပဲ ရှိခဲ့တာတောင်မှ သူတို့ရဲ့စိတ်တွေက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်လို့ ခံစားမိနေတယ်။
သူက ဘယ်သူပါလိမ့်။
ရှဲ့ချီယွမ်က တစ်ဦးတစ်ယောက်ရဲ့အကြည့်ကို လုံးဝဂရုမစိုက်ခဲ့ဘူး။ သူက စူးလီကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေမိတယ်။
သူ ဂရုစိုက်တဲ့လူက အမြဲတမ်း ဒီတစ်ယောက်ထဲပဲ ရှိနေခဲ့တာလေ။
သူမ သူကို့ ကြည့်လိုက်တဲ့အခိုက်တန့်မှာ သူရဲ့အရှိန်မြင့်ပြီးသား နှလုံးခုန်သံတွေက ရုတ်တရက်ဆိုသလို ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့တယ်။
သူက အမြဲတမ်းလိုလို တည်ငြိမ်ပြီး ကိုယ်ဘာသာကို ထိန်းချုပ်နိင်ခဲ့ရဲ့သားနဲ့။ ထိန်းချုပ်မှု လွတ်ကင်းသွားတာကို အမုန်းဆုံးဖြစ်ခဲ့ရဲ့သားနဲ့။ ဒီအချိန်မှာတော့ သူ့နှလုံးသားထဲမှာ သူ့ကို မြင်လိုက်ရုံနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့တယ်။
လူတိုင်းရဲ့ထိတ်လန့်ခြောက်ခြားပြီး သတိဖြစ်သွားကြတဲ့ အကြည့်တွေအောက်မှာ သူက သူ့နှုတ်ခမ်းထောင့်လေးကို မသိမသာပင့်လိုက်ပြီး အလွန်မှပါးလျတဲ့အပြုံးလေးတစ်ခုနဲ့ ပြုံးပြလိုက်ကာ စူးလီဆီကို တစ်လှမ်းချင်း လျှောက်သွားခဲ့တော့တယ်။
စူးလီက သူမဆီကို လျှောက်လာနေတဲ့သူကိုကြည့်ရင်း သူမက သူ့ကို တိမ်လွှာကြေးမုံထဲမှာ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့တာတောင်မှ သူမရဲ့မျက်လုံးထဲမှာ အံ့သြမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသေးတယ်။ သူမက မျက်တောင်ခတ်လိုက်ပြီး အပြုံးရိပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"မတွေ့တာကြာပြီပဲ"
သူမရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှဲချီယွမ်ရဲ့ လက်ချောင်းဖျားလေးက ဒီအခိုက်အတန့်မှာ မသိမသာ တုန်လှုပ်သွားခဲ့တယ်။
သူ့အသံက အင်မတန်မှ တိမ်ဝင်နေပြီး သူကိုယ်တိုင်မှ သတိမထားမိလိုက်ဘူး။
"မတွေ့ရတာကြာပြီ"
သူ့နှလုံးခုန်သံတွေက ထိန်းချုပ်မှုလွတ်ကင်းလာတာကို ခံစားမိလိုက်ပြီး သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ကာ ပြောစရာစကားတွေ အများကြီးရှိနေပေမဲ့လည်း နောက်ဆုံးတော့ သူက တည့်တိုးပဲ ပြောလိုက်မိတယ်။
"ကျွန်တော့်ဒဏ်ရာတွေ ... အပြည့်အဝ ပြန်ကောင်းသွားပါပြီ"
ဒါကြောင့်ပဲ သူက ဒီနေရာမှာပေါ်လာပြီး သူမရဲ့ဘေးမှာ ရောက်နေတာပေါ့။
ဒါက သူမရဲ့ဆန္ဒ ဖြစ်နေသရွေ့ သူက တတ်နိုင်သမျှ အားလုံးပေးဆပ်ပြီး ဖြည့်ဆည်းပေးရလိမ့်မယ်။
သူ့စကားကို ကြားလိုက်ရတဲ့အခါ အကြောင်းအရာတချို့ကြောင့် စူးလီက ရုတ်တရက်ဆိုသလို သူမရဲ့နောက်က ကျန်းမုံ့လန်ကို စဥ်းစားမိလိုက်တယ်...
သူလည်းပဲ ဒဏ်ရာရခဲ့ပေမဲ့ သူမက ရှဲ့ချီယွမ်ကိုတော့ ဝိညာဥ်ရတနာတချို့တွေကိုပဲ ပစ်ပေးခဲ့တာလေ။ ဒါပေမဲ့ ကျန်းမုံ့လန်ရဲ့ဒဏ်ရာတွေကိုတော့ သူမက ဝိညာဥ်စွမ်းအင်တွေ သုံးပြီး ကိုယ်တိုင် ကုသပေးခဲ့တယ်။
ဒီ့အတွက်အကြောင်းပြချက်တွေ ရှိတယ်ဆိုပေမဲ့ ...
ခုဏတုန်းက ကျန်းမုံ့လန်ကို ကယ်တင်ပေးခဲ့တဲ့မြင်ကွင်းကို... ရှဲ့ချီယွမ်က မြင်သွားခဲ့လေသလား။
စူးလီက မလုံမလဲခံစားချက် မဖြစ်ရသေးခင်မှာပဲ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရှေ့ကို ရောက်လာပြီး မသိမသာ မျက်မှောင်ကျုံ့နေတဲ့သူကို မော့ကြည့်လိုက်မိတယ်။
ရေခဲကန်ရဲ့ အကူအညီနဲ့ဆိုရင်တောင် ရှဲ့ချီယွမ်ရဲ့ ဝိညာဥ်စွမ်းအင်ဒဏ်ရာတွေကို အပြည့်အဝ ပျောက်သွားဖို့ အနည်းဆုံး နှစ်ဝက်လောက်တော့ အချိန်ယူရလိမ့်မယ်လေ။
ဒါပေမဲ့ အခုတော့ နှစ်လတောင် မပြည့်သေးဘူး။ သူ့ရဲ့ဒဏ်ရာတွေကို ကုသပြီးသွားပြီတဲ့လား။
သူက ဟန်ချီရေကန်ထဲမှာ နေနေခဲ့တာလား။
သူမက ဟန်ချီရေကန်ရဲ့ ထိခိုက်မှုကို ကျင့်ကြံသူတွေအတွက် အားနည်းသွားအောင် လုပ်ပေးခဲ့တယ်ဆိုပေမဲ့ ဟန်ချီရေအိုင်က နောက်ဆုံးအေးခဲနေတဲ့ ရေအိုင်တစ်ခု ဖြစ်နေတုန်းပဲလေ။
ရှဲ့ချီယွမ်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ အေးခဲရေအိုင်ထဲမှာနေပြီး သူခန္ဓာကိုယ်နဲ့ဝိညာဥ်တွေ အေးခဲသွားတဲ့နာကျင်မှုကို ခံစားနေရတာကတော့ လုံးဝခံစားလို့ ကောင်းလိမ့်မှာ မဟုတ်ဘူး။
ဒီလိုစဥ်းစားမိလိုက်ပြီး သူမက ခေါင်းကိုမော့လိုက်ကာ တစ်ခုခုကို ပြောတော့မဲ့ဆဲဆဲမှာပဲ ရှဲ့ချီယွမ်ရဲ့မျက်လုံးတွေနဲ့ ဆုံတွေ့သွားခဲ့တယ်။ အဲ့ဒီမျက်လုံးတွေက အင်မတန်မှလှပတဲ့ မျက်ဝန်းတစ်စုံရှိပြီး ကြယ်ရောင်လိုလင်းလက်နေကာ ချောမောခန့်ညားပြီး နက်ရှိုင်းပေမဲ့လည်း ကြည်လင်လို့နေတယ်။
ဒါပေမဲ့ ပိုပြီးဆွဲဆောင်မှုရှိနေတာက သူ့မျက်လုံးတွေထဲက အကြည့်ပဲ။
သိမ့်မွေ့နူးညံ့ပြီး ရိုးသားဖြူစင်လွန်းကာ နှလုံးသားထဲမှာ ခပ်ရေးရေးမျှော်လင့်ချက်တစ်ခု ပါနေတယ်။
အဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး စူးလီပြောချင်တဲ့ စကားလုံးတွေအားလုံးက သူမရဲ့ဝမ်းထဲမှာ ပိတ်ဆို့သွားခဲ့တယ်။
သူမက ရှဲ့ချီယွမ်ကို စွဲလမ်းတာဆိုပေမဲ့လည်း သူမရဲ့သိမြင်ခြင်းထက် ကျော်လွန်တဲ့ တချို့အလှတရားတွေကတော့ အတိုင်းအတာတစ်ခုအထိ သူမကို သက်ရောက်မှုရှိနေသေးတယ်။
သူမရဲ့မသိမသာ တွန့်ချိုးနေတဲ့မျက်ဝန်းတွေက ဖြည်းဖြည်းချင်း ပြေလျော့လာခဲ့တယ်။ ထားလိုက်ပါတော့လေ။ သူ့ဒဏ်ရာကလည်း နောက်ဆုံးတော့ ကုသပြီးသွားပြီပဲ။
အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်လာအောင် နောက်ပိုင်းကျမှ သူ့ကို ဆေးလုံးတချို့ ပေးလို့ရသေးတာပဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူမရဲ့အသံက နဂိုအတိုင်း ပျင်းရိလေးတွဲသွားတဲ့ပုံစံ ပြန်ဖြစ်သွားတယ်။
"ရုတ်တရက်ကြီး ကွေးယွမ်ဂိုဏ်းကို ဘာဖြစ်လို့ စဥ်းစားမိသွားတာလဲ"
"ရှဲ့မိသားစုထဲက ကိစ္စတွေကို စီစဥ်ဆောင်ရွက်လို့ ပြီးသွားပြီးပြီလား"
"ကျွန်တော် ... မင်းကို” တွေ့ချင်လို့ပါ...
ရှဲ့ချီယွမ်က ခပ်တန်းတန်းအမူအရာတစ်ခုနဲ့ စူးလီကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေကို မသိမသာ ချထားလိုက်ကာ နောက်ဆုံးစာလုံးတွေကို မျိုသိပ်ထားလိုက်တယ်။
ခါတိုင်းလိုပဲ ညင်သာသိမ်မွေ့နေတုန်းပဲ။
"ခုနှစ်ခုမြောက်ဂိုဏ်းရွေးချယ်ပွဲက စတော့မှာလေ။ ကျွန်တော်လာ ကြည့်ချင်မိလို့ပါ"
ကွေးယွမ်ဂိုဏ်းမှာ သူ့ကိုမြင်ချင်တာပေါ့။
သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန်မှာ ထောင့်မှာရှိနေတဲ့ ပိုင်ကျစ်ယွမ်၊ ရှန်းချန်းဟန်နဲ့ လင်းကျောက်တို့က လုံးဝကို ရှုပ်ထွေးသွားတဲ့ အမူအရာတွေဖြစ်နေခဲ့တယ်။
ဒီပုဂ္ဂိုလ်ကသူတို့ရဲ့ ချန်းပေ့/အစ်မ ကယ်တင်ပေးခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲလား။
သူတို့ရဲ့ချန်ပေ့ အစ်မက လူဘယ်နှစ်ယောက်ကို ကယ်တင်ပေးခဲ့တာလဲ။
ပိုင်ကျစ်ယွမ်က ပြိုင်ဖက်ကင်းတဲ့ရုပ်နဲ့ ရှဲ့ချီယွမ်ကို လှမ်းကြည့်လိုက်ပြီး သူမရဲ့စိတ်ထဲမှာ တုန်ယင်နေတဲ့ခံစားချက်ကို မျိုသိပ်ထားလိုက်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူမကိုယ်သူမ နှစ်သိမ့်ဖို့ ကြိုးစားလိုက်လေရဲ့။ ကိစ္စမရှိပါဘူးလေ ကျန်းမုံ့လန်နဲ့ ဒီပုဂ္ဂိုလ်က ဝိညာဥ်စွမ်းအင် အစားအသောက်တွေ မလုပ်နိုင်ပါဘူး။
ရှန်းချန်းဟန်က သူမရဲ့သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး ဒီကာလအတွင်းမှာ သူမ လုပ်ထားခဲ့တဲ့ ဝိညာဥ်သားရဲမွေးပွရုပ်လေးတွေကို စတင်ရေတွက်လိုက်တယ်။
လင်းကျောက်ကတော့... သူမရဲ့အစ်မက သူမကို ချီးကျုးစကားပြောခဲ့တာကို မှတ်မိနေသေးတယ်လေ။ သူမက သူမရဲ့မျက်နှာပေါ်မှာ လင်းလက်နေတဲ့ရုပ်တစ်ခုနဲ့ ကြေးမုံတစ်ခုကို ထုတ်လိုက်တယ်။ ကြေးမုံထဲက သူမရဲ့မျက်နှာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူတို့တွေက သူမလောက် ချစ်စရာမကောင်းဘူးလေ။
စူးလီနဲ့ ရှဲ့ချီယွမ်ကို မကြည့်ရဲတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ပတ်ဝန်းကျင်ကိုသာ ကြည့်နိုင်ပြီး ပတ်ဝန်းကျင်က လှုပ်ရှားမှုကို မတော်တဆ တွေ့သွားတဲ့အချိန်မှာ သူ့မျက်နှာပေါ်က အမူအရာက အင်မတန်မှကို ရှုပ်ထွေးသွားခဲ့တယ်။
ဂိုဏ်းခုနှစ်ခုက များပြားလှစွာသော ပါရမီရှင်တွေကို ကယ်တင်ပေးခဲ့ပြီး သူ့ဘေးမှာလည်း ပြိုင်ဖက်ကင်းတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတယ်ဆိုတော့... စူးလီက ဘယ်သူများပါလဲ။
ဂျိန်း။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက တစ်ကိုယ်လုံး လှုပ်ခါသွားပြီး တစ်ယောက်တည်း အမှတ်တမဲ့ ပြောလိုက်မိတယ်။
ကောင်းကင်တာအိုက ကြင်နာတတ်တယ်။ ကောင်းကင်တာအိုက သဘောကောင်းတယ်။ ကောင်းကင်တာအိုက...
စူးလီက ကြီးစွာသောစိတ်ဝင်စားမှုနဲ့ ရှဲ့ချီယွမ်နဲ့ စကားပြောနေလေရဲ့။ သူမက သူမရဲ့နောက်က ဆူညံသံကို ကြားလိုက်မိတဲ့အချိန်မှာ ဇဝေဇဝါနဲ့ နောက်ကို လှည့်ကြည့်လိုက်မိတယ်။
မိုးကြိုးနတ်မင်းက ဒီနေ့... အရမ်းကို စိတ်လှုပ်ရှားနေပါလား။
ရှဲ့ချီယွမ်ကလည်း ဆူညံသံပြုလုပ်လိုက်တဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို ဂရုမစိုက်သလို လှမ်းကြည့်လိုက်တယ်။
ကောင်းကင်မိုးကြိုး ပစ်ချခံလိုက်ရတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူတို့ရဲ့ခံစားချက်မဲ့နေတဲ့အကြည့်ကို ခံစားမိလိုက်ပြီး ခြေထောက်တွေက ရုတ်တရက် အားပျော့သွားကာ မြေကြီးပေါ်ကို လဲကျသွားတော့တယ်။
ဒီအချိန်မှာတော့ ကွေးယွမ်ဂိုဏ်းရဲ့ အပြင်စည်းတစ်ယောက်က ဒီနေရာကို ခပ်သွက်သွက်လျှောက်လာပြီး သူ့ရင်ထဲမှာလည်း စိုးရိမ်စိတ်ဖြစ်နေပေမဲ့ ထိန်းချုပ်မရတဲ့ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေတယ်။
"ဂိုဏ်းချုပ်ကြီး အခြေအနေကတော့ ဆိုးသွားပြီ၊ ဝမ်မိသားစုရဲ့ မိသားစုခေါင်းဆောင်နဲ့ သူ့ယောက်ဖကို သခင်မဝမ်က အိပ်ရာထဲမှာ မိသွားခဲ့တယ်တဲ့"
"ဝမ်မိသားစုသခင်ကြီးက ကျွန်တော်တို့ရဲ့ဂိုဏ်းကို စာရင်းရှင်းဖို့ ရောက်လာနေပြီ"
စူးလီရဲ့နဂိုက ပျင်းရိလေးတွဲနေတဲ့အမူအရာက ရုတ်ခြည်းဆိုသလို လင်းလက်သွားခဲ့တယ်။ သူမက ဝမ်းသာအားရ ကိုယ်ကိုလှည့်လိုက်ပြီး အသံလာရာဖက်ကို လှည့်ကြည့်လိုက်ကာ ရှဲ့ချီယွမ်ကိုတောင် တစ်ချက်မှ လှမ်းမကြည့်လေတော့ဘူး။ သူက ယောက်ဖဖြစ်သူနဲ့ ဖောက်ပြားခဲ့ပြီး အိပ်ရာပေါ်မှာ သူ့မိန်းမရဲ့ အဖမ်းခံလိုက်ရတယ်တဲ့။ တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ...
ဒါပေမဲ့ ဝမ်မိသားစုသခင်ကြီးက... ကွေးယွမ်ဂိုဏ်းနဲ့ ဘာဖြစ်လို့ စာရင်းလာရှင်းချင်နေတာလဲ။
...