အခန်း ၁၄၅
Vol. 10 Ch. 145
အပိုင်း (၁၄၅)
ဟိုက်။
ဒီဆက်ဆံရေးက... နည်းနည်းလေးတော့ ရှုပ်ထွေးနေပါလား။
ဝမ်မိသားစုရဲ့သခင်ကြီးနဲ့ သူ့ယောက်ဖတို့ကို... သခင်မဝမ်က အိပ်ရာပေါ်မှာ ဖမ်းမိသွားသတဲ့။
ဒီတော့ဖောက်ပြန်နေတုန်း ဖမ်းမိသွားတဲ့လူတွေက သခင်မဝမ်ရဲ့ယောက်ျားနဲ့ သူ့မောင်လေးပေါ့။
ဇာတ်ကောင်နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အကျဥ်းချုပ် ပြန်လည်ကြည့်လိုက်ပြီးတဲ့နောက်မှာ အားလုံးရဲ့မျက်လုံးတွေက အရင်ကထက် ပိုပိုပြီး ရှုပ်ထွေးလာတော့တယ်။
ဒါက နည်းနည်းလေး... အရမ်းကို ထူးဆန်းနေတာပါလား။
အသိလာပေးတဲ့ အပြင်စည်းတပည့်တွေက ဝမ်မိသားစုကို အရမ်းကြီးအလေးတနက် ထားတာတော့ မဟုတ်လေဘူး။
ဝမ်မိသားစုက ကွေးယွမ်မြို့မှာ အထက်တန်းစား မိသားစုတစ်ခုဆိုပေမဲ့လည်း သူတို့ဂိုဏ်းက ကျင့်ကြံရေးလောကထဲမှာ အဆင့်ခုနှစ်အကြီးဆုံးဖြစ်တဲ့ ကွေးယွမ်ဂိုဏ်းလေ။ သူတို့တွေက မြို့ထဲက အထင်ကရ မိသားစုငယ်လေးတစ်ခုကို ဘယ်လိုလုပ်ပြီး ကြောက်ရွံ့နိုင်မှာလဲ။
ဒီတော့ သူ ဒီတစ်ကြိမ် သတင်းလာပို့တယ်ဆိုတာကလည်း ပျော်စရာကို ကြည့်ရှုချင်ရုံသက်သက်ပဲလေ။ ဒါပေမဲ့ သူက အတွင်းစည်းတံခါးကို ရောက်လာတဲ့အချိန်မှာ ဒွါရခုနှစ်ပေါက်လုံးကနေ သွေးထွက်နေပြီး မြေကြီးပေါ်မှာ လှဲလျောင်းနေတဲ့ သူတို့ဂိုဏ်းချုပ်ကြီးရဲ့ သနားစရာပုံရိပ်ကို မြင်လိုက်ရတယ်။
သူ့ပါးစပ်ထဲကအော်သံက ရုတ်တရက် ရပ်တန့်သွားပြီး သူ့မျက်လုံးထဲမှာလည်း မယုံကြည်နိုင်မှုတွေအပြည့် ဖြစ်သွားခဲ့တယ်။
ဘယ်သူကများ အတင့်ရဲပြီး ကွေးယွမ်ဂိုဏ်းချုပ်ကြီးကို တိုက်ခိုက်ရဲရတာလဲ။
ဒီ့အပြင် ဒီနေ့က ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက ကွေးယွမ်ဂိုဏ်းကို လာမဲ့နေ့လေ။ လှုပ်ရှားခဲ့တဲ့လူက ရူးနေတာလား။
မင်ဟွိုက်ကို တိုက်ခိုက်ခဲ့ပြီး မိုးကြိုးပစ်ချထားလို့ မြေကြီးပေါ်ကိုလဲကျနေတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ အားလုံးက ဝမ်မိသားစုရဲ့ လျှို့ဝှက်ချက်ကိုပဲ သိချင်နေကြပြီး သူ့ကို အာရုံမစိုက်တာကို မြင်လိုက်ရတဲ့အခါ သူက မြေကြီးပေါ်ကနေ ထရပ်လိုက်တယ်။
အဲ့ဒီနောက်မှာတော့ သူက ကိုယ့်ဟာကို ဖုန်ခါချလိုက်သလို ဟန်ဆောင်ထားလိုက်ပြီး သိက္ခာပြည့်ဝတဲ့ရုပ်တစ်ခုနဲ့ အပြင်စည်းတပည့်တွေကို ပြောလိုက်တယ်။
"တကယ်တည်း ဘာတွေဖြစ်လို့လဲ"
"ဝမ်မိသားစုရဲ့သခင်ကြီးက... အဟမ်း ဘာဖြစ်လို့ ကွေးယွမ်ဂိုဏ်းကိုလာပြီး တစ်ခုခု ဖြစ်သွားပြီးတဲ့နောက်မှ စာရင်းလာရှင်းဖို့ တောင်းဆိုနေတာလဲ"
အပြင်စည်းတပည့်တွေက စကားပြောလိုက်တဲ့လူကို မြင်လိုက်တဲ့အခါ မြန်မြန်ဆန်ဆန် ဦးညွှတ်နှုတ်ဆက်လိုက်ကြတယ်။
ဒီနေရာမှာ အင်အားကြီးမားတဲ့ ဂိုဏ်းချုပ်ကြီးတွေ အများကြီး ရှိနေတယ်ဆိုတော့ သူတို့ဂိုဏ်းချုပ်ကြီးက အဆင်ပြေမှာပါလေ။
ဒီလိုစဥ်းစားလိုက်ပြီး သူက မျက်လုံးအပွင့်လိုက် မြေကြီးပေါ်မှာ လှဲလျောင်းနေတဲ့ မင်ဟွိုက်ကို လှမ်းကြည့်လိုက်ပြီးတဲ့နောက် သူ့အသံထဲမှာ ချိတုံချတုံ ဖြစ်နေတဲ့အသံတစ်ခုနဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးဖက်ကို လှမ်းကြည့်လိုက်တယ်။
"သခင်ကြီးက မြို့သူမြို့သားတို့ရဲ့ ပျင်းရိငြီးငွေ့တာ လျော့ပါးအောင်လုပ်ချင်နေတာ၊ ဒါကြောင့် သူက... ကွေးယွမ်ဂိုဏ်းက တပည့်တွေကို မြို့ထဲက အထင်ကရမိသားစုတွေရဲ့ အစွမ်းထက်တဲ့လူတွေနဲ့ ပတ်သက်တဲ့ ချစ်မှုရေးရာအဖြာဖြာကို ထုတ်ဝေခိုင်းမလို့ပါတဲ့။ ဒီစကားကို ကြားလိုက်ရတဲ့ ဂိုဏ်းချုပ်ကြီး တော်တော်များများက အကြည့်ချင်း ဖလှယ်လိုက်ပြီး မင်ဟွိုက်က ဒီလိုလုပ်တဲ့ အကြောင်းအရင်းကို ခန့်မှန်းလိုက်ကြတယ်။ အပြင်လောကကလာတဲ့အသံက ကွေးယွမ်မြို့ကို တကယ် ရောက်လာခဲ့မယ်ဆိုရင် မင်ဟွိုက်က အပြင်လောကရဲ့အသံရဲ့ အာရုံကိုစွဲဆောင်ထားဖို့အတွက် ဒီလူတွေရဲ့ အမှားအမှန် လျှို့ဝှက်ချက်တွေကို အသုံးချလိမ့်မယ်။ ဒီတော့ သူမကလည်း ကျန်းမုံ့လန်က ကျင့်ကြံရေးလုပ်ဖို့ ဂိုဏ်းရဲ့ရတနာကို ခိုးယူမိတယ်ဆိုတဲ့အချက်ကို လျစ်လျူရှုထားခဲ့မိလိမ့်မယ်။
နောက်ဆုံး ကျန်းမုံ့လန်က အဲ့ဒီတုန်းက သေမလောက်အောင် ဖျားနာနေခဲ့နှင့်ပြီးပြီလေ။
သူက တစ်ရက်လောက် အချိန်ဆွဲထားနိုင်တာနဲ့ မင်ဟွိုက်က အပွန်းအပဲ့မရှိဘဲ လွတ်မြောက်နိုင်သွားလိမ့်မယ်။
ဒီလိုစဥ်းစားမိလိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အပြင်လောကကလာတဲ့အသံကို ပိုပြီး လေးစားအားကျမှု ထုတ်ပြလိုက်မိတယ်။
မင်ဟွိုက်က အပြင်လောကကလာနဲ့အသံကို လှည့်စားဖို့ ဒီလှည့်ကွက် သေးသေးလေးကို သုံးနိုင်တယ်လို့ ထင်တယ်ပေါ့လေ။
ရယ်စရာကောင်းလိုက်တာ။
ဒါပေမဲ့...
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့လိုက်ပြီး သံသယ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"မင်းတို့ဂိုဏ်းချုပ်ကြီးက သူ့ရဲ့လျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်ခဲ့တဲ့အတွက် ဝမ်မိသားစုသခင်ကြီးက ကွေးယွမ်ဂိုဏ်းကို လာပြီး ဖြေရှင်းချက်တစ်ခု လာတောင်းတာ မဟုတ်လား"
ဒါက နည်းနည်းတော့... နည်းနည်းတော့ သိက္ခာမဲ့တဲ့လုပ်ရပ်ပဲ။
သူက ဒီလိုကိစ္စမျိုးကို မလုပ်ခဲ့ဘူးဆိုရင် သခင်မဝမ်က သူ့ကို အိပ်ရာထဲမှာ ဘယ်လိုလုပ် ဖမ်းမိနိုင်မှာလဲ။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မေးခွန်းကို ကြားလိုက်တဲ့အခါ အပြင်စည်းတပည့်က ရုတ်တရက်ဆိုသလို ထုတ်ပြောဖို့ ရှက်ရွံ့သွားတော့တယ်။ သူက အချိန်အကြာကြီး တွေဝေနေခဲ့ပြီးမှ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်မှာ စိတ်မရှည်တဲ့အရိပ်အယောင်ကို တွေ့လိုက်ရတဲ့အချိန် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့စိတ်တစ်ခုနဲ့ ပြောလိုက်တယ်။
"သခင်မဝမ်နဲ့ ဂိုဏ်းချုပ်ကြီးတို့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိတယ်လို့ ခံစားနေမိတဲ့သူက သခင်ကြီးဝမ်ပါ။ ဂိုဏ်းချုပ်ကြီးက သခင်မဝမ်ကို ပိုင်ဆိုင်ချင်ခဲ့တဲ့အတွက် သူက ဒီကောလာဟလတွေကို လွှင့်ခဲ့တာပါတဲ့"
"သူက ပြောသေးတယ်..."
တပည့်က သူ့မျက်လုံးကို ဖွင့်လိုက်တဲ့အချိန်မှာ အားလုံးက ဆက်ပြောမဲ့စကားကို စောင့်ဆိုင်းနေတာ မြင်လိုက်ရပြီး သူက ပင့်သက်တစ်ချက်ရှိုက်ကာ ပြောလိုက်တယ်။
"သူနဲ့သူ့ယောက်ဖကို ဒီနေ့အိပ်ရာပေါ်မှာ ဖမ်းမိခဲ့တာ။ ဒါကို ဂိုဏ်းချုပ်ကြီးက စီစဥ်ထားခဲ့တာတဲ့"
"ရည်ရွယ်ချက်ကတော့ သခင်မဝမ်ကို သူ့ဆီကနေ ခေါ်ထုတ်ဖို့အတွက်တဲ့"
?
အပြင်စည်းတပည့် ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးရဲ့မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ အမူအရာတစ်ခု ဖြစ်သွားတော့တယ်။
တစ်စုံတစ်ယောက်က မျက်လုံးပွင့်ပြီး မြေကြီးပေါ်မှာ လှဲလျောင်းနေတဲ့ မင်ဟွိုက်ကို လှမ်းကြည့်လိုက်တယ်။ ကွေးယွမ်ဂိုဏ်းချုပ်ကြီးက တကယ်ပဲ နိမ့်ကျတဲ့အကျင့်စရိုက်တစ်ခု ရှိထားပေမဲ့လည်း သူက တစ်စုံတစ်ယောက်ရဲ့ အိမ်ထောင်သည်မိန်းမကို ဆွဲဆောင်ရလောက်တဲ့အထိတော့... လုပ်မှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား။
အားလုံးက တိတ်တိတ်လေး စဥ်းစားနေကြတဲ့ အချိန်မှာပဲ ဝမ်မိသားစုရဲ သခင်ကြီးက ဗိုက်ရွှဲရွှဲ၊ ဒေါသထွက်တဲ့မျက်နှာတစ်ခုနဲ့ အားလုံးရှေ့ကို ရောက်လာခဲ့တယ်။
မိသားစုငယ်လေးတစ်ခုရဲ့ သခင်ကြီးတစ်ယောက်အနေနဲ့ သူက ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်ကြီးကို မမြင်ဖူးပေမဲ့ သူတို့ရဲ့ရုပ်အသွင်ပြင်ပေါ်ကိုတော့ လေးစားအားကျမှုတချို့ ရှိတယ်။ သူတို့အားလုံး ဒီနေရာကို ရောက်နေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူ့မျက်နှာပေါ်က ဒေါသတွေက ချက်ချင်းဆိုသလို သနားစဖွယ်နဲ့ ကူကယ်ရာမဲ့သွားတော့တယ်။
သူက သူ့ရဲ့နစ်နာရတဲ့ခံစားချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ နည်းလမ်းလုံးဝ မရှိတော့ပါဘူးဆိုတဲ့ အမူအရာတစ်ခုနဲ့ သူရဲ့နောက်ဆုံးစကားကို ဆွဲထုတ်လိုက်တယ်။
"ဂိုဏ်းချုပ်ကြီးတို့ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် ဆုံးဖြတ်ချက်ချပေးပါ"
သူရဲ့ဝမ်းနည်းစဖွယ် အမူအရာကို ကြည့်လိုက်ပြီးတဲ့နောက်မှာ သူက အိပ်ရာပေါ်မှာ ဖောက်ပြန်လို့ ဖမ်းမိခံလိုက်ရတဲ့ ယောကျာ်းတစ်ယောက်နဲ့ မတူဘဲ တစ်စုံတစ်ယောက် ဖောက်ပြန်နေတာကို ဖမ်းမိခဲ့တဲ့ ယောကျာ်းတစ်ယောက်နဲ့ ပိုလို့တောင် တူနေသေးတယ်။
ဒီအချိန်မှာတော့ အေးစက်လွန်းတဲ့မျက်နှာကြောင့် ခဲသွားတော့မယောင် ထင်နေရတဲ့ သခင်မဝမ်ကလည်း အလောတကြီး ရောက်ချလာပြီး ဝိညာဥ်စွမ်းအင်တစ်ချက်နဲ့ ဝမ်မိသားစုသခင်ကြီးကို ချက်ချင်း ရိုက်ပစ်လိုက်တယ်။
"ရှင် ဒီနေရာကို ထွက်ပြေးလာတာနဲ့ပဲ အရိုက်ခံရတာကို ရှောင်ပြေးနိုင်မယ်လို့ ထင်နေတာလား"
သခင်မကြီးဝမ်က ကျိန်ဆဲလိုက်ပြီး ဝမ်မိသားစုသခင်ကြီးကို ထိုးနှက်က ပြောတော့တယ်။
"အရင်တုန်းက ရှင်တို့ ဖောက်ပြန်နေတာကို ကျွန်မ မမြင်ချင်ယောင်ဆောင်ထားခဲ့တယ်။ ဒါပေမဲ့ ရှင် အခု ကျွန်မရဲ့မောင်နဲ့ ပတ်သက်ရဲနေတယ်ပေါ့လေ"
"ရှင် အသက်ရှင်ရတာ တော်တော်လေးကို ငြီးငွေ့နေပြီပေါ့လေ"
ဝမ်မိသားစုသခင်ကြီးက ဝမ်သခင်မထက် ပိုပြီးအဆင့်နိမ့်တဲ့ ကျင့်ကြံရေးတစ်ခု ပိုင်ဆိုင်ထားတယ်။ သူ့မိသားစုနောက်ခံကတောင် ဝမ်သခင်မလောက် မကောင်းဘူးလေ။ ဒီတော့ သူက ရှက်ရှက်နဲ့ပဲ တောင်ပြေးမြောက်ပြေး လုပ်နိုင်တော့တာပေါ့။
"သခင်မ ကျေးဇူးပြုပြီးတော့ ငါ ရှင်းပြတာကို နားထောင်ပေးပါအုံး၊ အားလုံးက မင်ဟွိုက်ရဲ့ ပူးပေါင်းကြံစည်ချက်တွေပါ သူက ငါတို့ကြားက ဆက်ဆံရေးကို ကွဲကွာအောင်လုပ်ချင်နေတာ"
လွန်ခဲ့တဲ့တစ်ချိန်တုန်းက မင်ဟွိုက်က ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဘာဖြစ်လို့ သူ့ဆီလာခဲ့တာလည်းလို့ မေးခဲ့ဖူးတယ်လေ။ သူက သူ့မိန်းမကို သဘောကျနေပြီး သူ့ကို လက်လျှော့စေချင်တာ ဖြစ်နေတာကိုး။
အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူက မြို့ထဲမှာ ဒီသတင်းကို ဘာဖြစ်လို့ ဖြန့်မှာလဲ။
ဒီအချိန်မှာတော့ အပြုံးသံတစ်ခုက ခပ်တိုးတိုးလေး ပေါ်လာခဲ့တယ်။
[အရမ်းကို အသက်ဝင် စည်ကားနေတာပဲ...]
ရှဲ့ချီယွမ်တစ်ယောက်ကတော့ သူ့ပတ်ဝန်းကျင်မှာ ဘာတွေပဲ ဖြစ်နေပါစေ သူ့မျက်လုံးတွေကတော့ စူးလီဆီကနေ မခွာလေဘူး။ ဒီရင်းနှီးလှတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက စကားတစ်လုံးမှ မပြောတဲ့ စူးလီကို လှမ်းကြည့်လိုက်ပြီး သူ့လက်ချောင်းတွေက မသိမသာ လှုပ်ရှားသွားခဲ့တယ်။
သူက သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ မျက်နှာအမူအရာကို လှမ်းကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကျုံ့လိုက်တယ်။ ဒါက သူမရဲ့... နှလုံးသားနဲ့ ခံစားပြီး ထွက်လာတဲ့စကားလုံးတွေလား။
စူးလီကတော့ ဖရဲသီးစားရင်း အလုပ်များနေပြီး သူမ ပတ်ဝန်းကျင်ကလူတွေရဲ့ တုံ့ပြန်မှုကို သတိမထားမိလေဘူး။ အချိန်အကြာကြီး ရိုက်နှက်ခံရလာပြီးတဲ့နောက် ဝမ်မိသားစုသခင်ကြီးရဲ့ သနားစရာကောင်းတဲ့ရုပ်သွင်ကို ကြည့်ရှုလိုက်ပြီးတဲ့နောက်မှာ သူမက သခင်မကြီးဝမ်နဲ့ မင်ဟွိုက်တို့ကြားမှာ တကယ်ပဲ ဖော်ပြလို့မရတဲ့ ဆက်ဆံရေးတစ်ခု ရှိနေမလားဆိုတာကို သိချင်လို့ ကောင်းကင်စာအုပ်ထဲက စာမျက်နှာကို ဖြည်းဖြည်းချင်း လှန်လိုက်တယ်။
အပြင်ဖက်က ဆူညံ့သံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သခင်မကြီးဝမ်က ဝမ်မိသားစုသခင်ကြီးကို ဆက်ပြီး ရိုက်နှက်နေပေမဲ့လည်း သူမရဲ့မျက်နှာက အနည်းငယ် တောင့်တင်းသွားခဲ့တယ်။
[သခင်မဝမ်နဲ့ မင်ဟွိုက်...]
စာတွေကို ဖတ်လိုက်ပြီးတဲ့နောက်မှာတော့ စူးလီက မရေမတွက်နိုင်တဲ့ ဖရဲသီးတွေကို စားခဲ့ပြီးတာတောင် ဒီအခိုက်အတန့်အတွင်းမှာ အထိတ်တလန့်မဖြစ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ သူမက ခေါင်းမော့လိုက်ပြီး အင်မတန်မှ ထူးဆန်းတဲ့ အမူအရာတစ်ခုနဲ့ သခင်မကြီးဝမ်ကို ကြည့်မိလိုက်တယ်။
[ဘုရားရေ သခင်မကြီးဝမ်နဲ့ မင်ဟွိုက်တို့က ဖောက်ပြန်နေတာမဟုတ်ဘဲနဲ့ တကယ်တမ်းကျတော့ သခင်မကြီးဝမ်နဲ့ သူ့မောင်က ဖောက်ပြန်နေတာတဲ့လား]
"..."
"အဟွတ်..."
အခိုက်အတန့်အတွင်းမှာပဲ ချောင်းဆိုးသံတွေက ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ ပေါ်ထွက်လာခဲ့တယ်။
ဝမ်မိသားစုသခင်ကြီးနဲ့ သခင်မဝမ်ရဲ့မောင်က... အိပ်ရာပေါ်မှာ ဖမ်းမိခဲ့တယ် မဟုတ်လား။ တကယ်တမ်း ဖောက်ပြန်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေတဲ့သူက သခင်မဝမ်နဲ့ အိပ်ရာပေါ်မှာ ဖမ်းမိခဲ့တဲ့ သူ့မောင်တဲ့လား။
ဒါက အရမ်း လုံးဝကို ယုံချင်စရာမကောင်းဘူးလေ။ ဟုတ်တယ်မလား။
အပြင်လောကကလာတဲ့အသံ ပေါ်ထွက်လာပြီးတဲ့နောက်မှာ သူတို့တွေက မရေမတွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေကို ကြားသိရပေမဲ့လည်း ဒီလိုထိတ်လန့်ခြောက်ခြားဖွယ် ဆက်ဆံရေးတစ်ခုကိုတော့ အရင်ကတစ်ခါမှ မကြားခဲ့ရဘူးလေ။
ဝမ်မိသားစုသခင်ကြီးက နေရာမှာတင် လုံးဝ အေးခဲသွားတော့တယ်။ အချိန်အကြာကြီး အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ရတယ်။
ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ သခင်မက သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ပြီး နောင်တ လုံးဝမရှိဘူးဆိုတာ ထင်ရှားနေရဲ့သားနဲ့။ သူ့မှာ မရေမတွက်နိုင်တဲ့မိန်းမတွေနဲ့ ကိုယ်လုပ်တော်တွေ ရှိမှန်းသိနေတာတောင်မှ သူမက သူ့ကိုလက်ထပ်ဖို့ လိုလားခဲ့သေးတယ်လေ။ သခင်မရဲ့ မောင်ငယ်လေးအတွက်တော့ သူက သူ့အပေါ်တောင်ပိုပြီးတော့ ချစ်ခင်မြတ်နိုးတတ်သေးတယ်။ သူက သူ့ကို လေးစားအားကျရုံတင်မကဘူး သူက သူ့အတွက်လည်း မရေမတွက်နိုင်တဲ့ လှပတဲ့ကိုယ်လုပ်တော်တွေကိုလည်း ရှာပေးခဲ့သေးတယ်လေ။
တကယ်လို့ ဒါက အချစ်မဟုတ်ဘူးဆိုရင်...
[သူ့မှာ ကိုယ်လုပ်တော်တွေ အများကြီးရှိနေတာတောင် သခင်မကြီးဝမ်နဲ့ သူ့မောင်က ဘာဖြစ်လို့ နားလည်မှုပေးနေလဲလို့ သခင်ကြီးဝမ်က စဥ်းစားမိမှာပေါ့ ဟားဟားဟား]
[သူတို့ရဲ့ရည်ရွယ်ချက်က ရှင် မိန်းမ လိုက်စားအောင် လုပ်ထားဖို့လေ။ ဒါမှလည်း ရှင်က သူတို့တွေကို နှောက်ယှက်လို့ မရမှာပေါ့...]
[ဒီနေ့ သူတို့ကို အိပ်ရာထဲမှာ ဖမ်းမိတယ်လို့ ပြောခဲ့တယ်တဲ့။ ဒါပေမဲ့လည်း အမှန်ကတော့ မောင်ဖြစ်သူက ချောမောလှပတဲ့ ယောကျာ်းတစ်ယောက်ကို ဝမ်မိသားစုရဲ့ ပင်မခန်းမထဲကို ခေါ်လာဖို့ ကြိုးစားနေတာကြောင့်လေ...]
[ဟားဟားဟား သခင်မဝမ်က သခင်ကြီးဝမ်ထက် နောက်ကျမှ ရောက်လာတယ်။ သူက သူ့မောင်ကို နှစ်သိမ့်ပေးချင်လို့လေ]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဝမ်မိသားစုရဲ့သခင်ကြီးမှာ ရုတ်တရက်ဆိုသလို မျက်လုံးတွေ ပြူးကျယ်လာတော့တယ်။ သူ့ရင်ဘတ်ကလည်း ဒေါသကြောင့် လှိုက်တက်လာပြီး စကားတောင် မပြောနိုင်ရှာတော့ဘူး။
တခြားလူတွေမှာလည်း ဒါက ပိုပြီးတော့ဖြစ်နိုင်တယ်ဆိုတဲ့ အထိတ်တလန့် အမူအရာတွေ ဖြစ်နေကြတယ်။
စူးလီက ဖရဲသီးစားရတာကို အင်မတန်မှ ဝမ်းသာပျော်ရွှင်နေတဲ့အတွက် ခေါင်းတောင်မထောင်နိုင်ခဲ့ဘဲ သူမ ပတ်ဝန်းကျင်ကလူတွေရဲ့ စူးရှတဲ့အကြည့်ကို သတိမထားမိသလို သူမဘေးက လူတွေကိုလည်း သတိမထားမိလေဘူး။
သူမဘေးက ရှဲ့ချီယွမ်ကတော့ သူတို့ဘေးက ရယ်စရာကောင်းတဲ့ကိစ္စကို ဂရုမစိုက်နေဘူး။
သူက စူးလီရဲ့ ကွေးနေတဲ့မျက်ခုံးတွေ၊ တောက်ပတဲ့အပြုံးတွေ ပြည့်နေတဲ့ မျက်လုံးတွေကို စိုက်ကြည့်နေမိပြီး သူ့နှလုံးခုန်သံက ထိန်းချုပ်မရအောင် ဖြစ်နေပေတော့တယ်။
သူက သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်တယ်။ သေရေးရှင်ရေး အခြေအနေတစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ သူ့မျက်လုံးတွေက လေးနက်ပြီး အာရုံစူးစိုက်လာခဲ့တယ်။ သူမက... ပျော်စရာတွေကို ကြည့်ရတာ သဘောကျတာကိုး။
ဒီအချိန်မှာတော့ ဝမ်မိသားစုရဲ့သခင်ကြီးက နောက်ဆုံးတော့ သူ့ဒေါသတွေကို ဖိနှိပ်နိုင်သွားခဲ့တယ်။
သူက ကိုယ်ကိုလှည့်ပြီး သခင်မဝမ်ကို ကြိမ်းမောင်းတော့မဲ့ဆဲဆဲမှာပဲ ကောင်းကင်ကလာတဲ့အသံရဲ့ ရယ်မောသံက ထက်ထွက်လာခဲ့တယ်။
[ကျွတ်ကျွတ် သခင်မဝမ်က တောင့်တင်းတဲ့မိသားစုနောက်ခံ ရှိပေမဲ့လည်း ဝမ်မိသားစုသခင်ကြီးကို လက်ထပ်ဖို့ ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်းက သူ့မောင်ဖြစ်သူကို သူ့ဘေးမှာဆက်ပြီး ထားနိုင်ဖို့လေ...]
[ကြည့်ရတာ ဝမ်မိသားစုသခင်ကြီးက တော်တော်လေး ကံကောင်းတာပဲ...]
[သူက သခင်မဝမ်မိသားစုရဲ့ အကူအညီကို ရခဲ့တဲ့အပြင် မရေမတွက်နိုင်တဲ့ ချောမောလှပတဲ့ ကိုယ်လုပ်တော်တွေကိုလည်း ပိုင်ဆိုင်ခဲ့သေးတယ်လေ]
ဒီစကားကို ကြားလိုက်တဲ့အခါ ကျိန်ဆဲတော့မယ်ပြင်နေတဲ့ ဝမ်မိသားစုသခင်ကြီးက အောင့်သက်သက်နဲ့ သူ့ပါးစပ်ကို ပြန်ပိတ်ထားလိုက်ရတယ်။
ဟုတ်တာပေါ့။ ဝမ်မိသားစုက သခင်မရဲ့အကူအညီကို လိုသေးတယ်ဆိုတာ သူ မေ့ထားလို့ ဘယ်ဖြစ်မလဲ။
ဒီအချိန်မှာတော့ သခင်မဝမ်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူမရဲ့အပြင်ဝတ်ရုံကို ဆွဲဆန့်လိုက်တယ်။ သူမရဲ့မျက်နှာက အစတုန်းကအတိုင်း အေးစက်မှင်တက်နေဆဲပဲ။
"ဟွားယီမြို့က ဝိညာဥ်လက်နက်လုပ်ငန်းကို ဒီနေ့ပဲ ရှင့်ကို လွှဲပြောင်းပေးလိမ့်မယ်"
သူမက စကားပြောလိုက်ပြီးတဲ့နောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို လှမ်းကြည့်လိုက်ပြီး
"ရှင် မကျေနပ်သေးဘူးလား"
ဝမ်မိသားစုသခင်ကြီးက မြှောက်ပင့်နေတဲ့အပြုံးတစ်ခုကို အားယူပြီး ပြုံးလိုက်ရတယ်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး သခင်မ ကျေနပ်နေသရွေ့ပါပဲ"
"နောက်တစ်ခါ... အဟမ်း ကျုပ်မိန်းမနဲ့ သူရဲ့မောင်ကို သူတို့ရဲ့ခံစားချက်တွေ ဆက်သွယ်လို့ရအောင် တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခုကို သေချာပေါက် လုပ်ပေးပြီး ဘယ်သူမှ သူတို့ကို အလွယ်တကူ နှောင့်ယှက်လို့မရအောင် လုပ်ပေးပါ့မယ်”
ဒီလိုနဲ့ အားလုံးကို နှုတ်ဆက်စကား ပြောလိုက်ပြီးတဲ့နောက်မှာ ဝမ်မိသားစုသခင်ကြီးက ဝမ်သခင်မကို မြှောက်ပင့်စကားပြောရင်း ပြန်သွားလေတော့တယ်။
စူးလီက သူတို့ရဲ့ကျောပြင်ကို ကြည့်နေမိတယ်။ သူမက ဖရဲသီးစားရတာကို တော်တော်လေး ကျေနပ်သဘောကျသွားမိပြီး သူမရဲ့သိစိတ်ပင်လယ်ထဲ ကောင်းကင်စာအုပ်ကို ပိတ်လိုက်တယ်။
[မိသားစုတစ်ခုတည်းက မဟုတ်ဘူးဆိုရင် တံခါးတစ်ခုတည်းကို ဝင်မှာမဟုတ်ဘူးပေါ့လေ...]
ဒီနေ့ဟာဆိုရင်ဖြင့် ကျင့်ကြံရေးလောကထဲမှာ လေပွေတစ်ခု ဖြတ်သွားတဲ့နေ့တစ်နေ့လို့ ပြောလို့ရတယ်။
ကွေးယွမ်ဂိုဏ်းချုပ်ကြီးက ကျင့်ကြံရေးအတွက် ဂိုဏ်းရဲ့တန်ဖိုးအထားရဆုံး ရတနာကို အလွဲသုံးစားလုပ်ခဲ့ပြီး မရေမတွက်နိုင်တဲ့မြို့သားတွေကို သဘာဝကပ်ဘေးထဲမှာ သေဆုံးရအောင် လုပ်ခဲ့တယ်။ သူက သူ့တပည့်အရင်း အပေါ်ကိုလည်း အပြစ်တွေကိုပုံချခဲ့တယ်။
အခုတော့ ကွေးယွမ်ဂိုဏ်းချုပ်ကြီးကို စည်းကမ်းထိန်းသိမ်းရေးခန်းမက အကြီးအကဲတွေက သူရဲ့ကျင့်ကြံရေးအဆင့်ကို ပယ်ဖျက်လိုက်ပြီး အကျဥ်းချထားလိုက်တယ်။ နာမည်အဖျက်ခံရပြီး သူ့ရဲ့ကျင့်ကြံရေးကို ဖျက်ဆီးခံထားရတဲ့ ကျန်းမုံ့လန်ကလည်း ကွေးယွမ်ဂိုဏ်းကနေ ထွက်ခွာတော့မဲ့အကြောင်း တရားဝင် ကြေညာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ကျင့်ကြံရေးလောကထဲက ဂိုဏ်းတွေ အားလုံးက သဘောပေါက်သွားတယ်။
ကွေးယွမ်ဂိုဏ်းကတော့ ဇာတ်သိမ်းသွားပြီ။
အဲ့ဒီနောက် ရက်အနည်းငယ် ကြာပြီးသွားတဲ့အခါ ခုနှစ်ခုမြောက်ဂိုဏ်းကို ပြန်လည်ရွေးချယ်ရမဲ့နေ့ ရောက်လာခဲ့တယ်။
ဒီရက်အနည်းငယ်အတွင်းမှာ ကျင့်ကြံရေးလောကထဲက မရေမတွက်နိုင်တဲ့ ဂိုဏ်းပေါင်းများစွာက ကွေးယွမ်ဂိုဏ်းကို ရောက်လာခဲ့တယ်။ နောက်ပြီးစူးလီကလည်း ...
စူးလီကတော့ ခြံဝန်းငယ်လေးထဲမှာပဲ စောင့်နေပြီး ခြံဝန်းထဲမှာ အလုပ်များနေကြပြီး ဒီအခိုက်အတန့်မှာ တားမရဆီးမရဖြစ်နေတဲ့ လူသုံးယောက်ကို တိတ်တိတ်လေး ကြည့်နေမိတော့တယ်။ သူတို့သုံးယောက်က အင်မတန်မှ အရည်အချင်းရှိပြီး သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း ကျင့်ကြံစရာမလိုဘဲ လျင်လျင်မြန်မြန် တိုးတက်လာမယ်ဆိုတာကို သူမက သိထားပါတယ်...
ဒါပေမဲ့ နင်တို့တွေက ဒီအချိန်ကို ဒီလိုသုံးနေမဲ့အစား နင်တို့ရဲ့သက်တူရွယ်တူရှိနေတဲ့ တခြားလူတွေနဲ့ အပြင်ထွက်လည်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ဝါသနာတစ်ချို့ကို စူးစမ်းရှာဖွေတာက ပိုကောင်းလိမ့်မယ် မဟုတ်လား။
သူတို့တွေက နေ့တိုင်း ဒီခြံဝန်းထဲမှာနေပြီး သူမရှေ့မှာပဲ ဘာဖြစ်လို့ ရှိနေကြတာလဲ... ဝိညာဥ်အစားအသောက်တွေ လုပ်ပေးတဲ့သူကလည်း လုပ်ပေး။ အမွှေးပွရုပ် ထိုးနေတဲ့သူကလည်း ထိုး။ သန့်ရှင်းရေးလုပ်နေတဲ့သူကလည်း လုပ်လို့။
သူမကို ဘာမှမတတ်နိုင်အောင် ဖြစ်ရစေတယ်အရာကတော့ ...
"ချန်ပေ့ ချိုချိုစပ်စပ် ဟင်းလျာတွေကို ကြိုက်လား။ ဒါမှမဟုတ် အစပ်ပဲပါတဲ့ ဟင်းလျာကိုကြိုက်လား"
ဒါကို ဟင်းလျာလို့ ခေါ်တယ်ပေါ့လေ။
"ချန်ပေ့ ဒီထူးဆန်းတဲ့ သားရဲမွှေးပွရုပ်လေးတွေကို သဘောကျရဲ့လား”
ထူးဆန်းတဲ့သားရဲတွေက မွှေးပွရုပ်လေးတွေလုပ်ဖို့ သင့်တော်ရဲ့လား။
"မမ ညီမလေးက ရေကန်ထဲကရေတွေအားလုံးကို ဖောက်ထုတ်ပြီး ရေကန်အောက်ခြေကို သန့်ရှင်းရေး လုပ်ပြီးပြီ၊ ညီမလေးအံ့သြဖို့ကောင်းတယ်မလား"
စူးလီ...
...ဒီသုံးယောက်က ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ တီထွင်မှုမျိုးစုံကို ရုတ်တရက်ကြီး ဘာဖြစ်လို့စပြီး အကြံထုတ်လာမှန်း နားမလည်နိုင်တော့ဘူး။ တစ်ချိန်တည်းနီးပါး မေးလာတဲ့ သူတို့သုံးယောက်ရဲ့မေးခွန်းကို နားထောင်ပြီးတဲ့နောက်မှာ စူးလီက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ဘာမှမပြောဘဲ မျက်လုံးကို မှိတ်ထားလိုက်တော့တယ်။
"... စိတ်ချမ်းသာသလိုနေကြပါ "
ဒီအချိန်မှာပဲ တံခါးနားမှာ ဖြည်းညင်းတဲ့ တံခါးခေါက်သံတစ်ခု ထွက်လာတယ်။
စူးလီက ခေါင်းကိုမော့လိုက်ပြီး သူမရဲ့ကယ်တင်ရှင်တစ်ယောက် ရောက်လာသလို တံခါးကိုကြည့်လိုက်တယ်။
ခြံဝန်းတံခါးကို အမြဲတမ်း ဖွင့်ထားတဲ့အတွက် အဲ့ဒီနေရာမှာ အရပ်မြင့်မြင့် ကျက်သရေရှိလှတဲ့ ပုံရိပ်တစ်ခုရပ်နေတာကို တွေ့ရတယ်။ သူမရဲ့အကြည့်ကို ခံစားမိလိုက်ပြီးတဲ့နောက်မှာ ခပ်ရေးရေး အပြုံးတစ်ခုက သူ့မျက်လုံးထဲမှာဖြစ်တည်လာခဲ့တယ်။
ရုတ်ခြည်းဆိုသလိုပဲ အစောပိုင်းက လင်းကျောက် ရှင်းပေးထားတဲ့ ခြောက်ကပ်နေတဲ့ခြံဝန်းဟာ အနည်းငယ် ပိုပြီးတောက်ပလာသလို ဖြစ်လာခဲ့တယ်။
ပိုင်ကျစ်ယွမ်နဲ့ တခြားသူတွေက ရှဲ့ချီယွမ်ကို မြင်လိုက်ရတဲ့အခါ အမှတ်တမဲ့ သူတို့အားလုံးရဲ့ လှုပ်ရှားမှုတွေကို ရပ်ထားမိကြတယ်။
ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာလားတော့ မသိပါဘူး။ ဒါပေမဲ့ သူတို့တွေ သူ့ကို မြင်လိုက်တဲ့အချိန်တိုင်း သူတို့ရဲ့စိတ်ထဲမှာ ရှင်းမပြတတ်တဲ့ အန္တရာယ်တစ်ခုကို ခံစားနေမိတယ်။
"လာထိုင်ပါ"
စူးလီက အပြုံးတစ်ခုနဲ့ ရှဲ့ချီယွမ်ကို နှုတ်ဆက်လိုက်ပြီး ခြံဝန်းထဲက အလုပ်များနေကြတဲ့ လူသုံးယောက်ကို မြန်မြန် ပြန်သွားခိုင်းလိုက်ကာ ဧည့်သည်ကို ဧည်ခံပေးရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားအနားယူခိုင်းလိုက်တယ်။
သူတို့ရဲ့အင်တင်တင် ပုံရိပ်သုံးခု တံခါးနားက ပျောက်ကွယ်သွားတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမက စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ငြိမ်ငြိမ်သက်သက်နဲ့ သူမရဲ့ထိုင်ခုံကို ပြန်မှီထားလိုက်တယ်။
ဒီလို အေးအေးလူလူ အချိန်ဆိုတာ သူမအတွက်တော့ ဇိမ်ခံမှုတစ်ခုပဲလို့ အမှန်တကယ် မှတ်ယူလို့ရနိုင်တယ်လေ။
ဒီလိုစဥ်းစားလိုက်ပြီး သူမက ခပ်တိုးတိုး သက်ပြင်းချလိုက်တယ်။
နောက်တစ်စက္ကန့်မှပဲ လက်ဖက်ရည်ခွက်ကို ကိုင်ထားတဲ့ လက်တစ်ခုက တည်တည်ငြိမ်ငြိမ် ကျက်သရေရှိရှိနဲ့ သူမဖက်ကို လှမ်းပေးလိုက်တယ်။
လက်ဖက်ရည်ခွက်ထဲကနေ ထွက်လာတဲ့ ခပ်ဖျော့ဖျော့ အအေးဓာတ်တစ်ခု ရှိနေပြီး သူမက ဒီအပူချိန်ကို အကြိုက်ဆုံးပဲလေ။
စူးလီက ထင်ရှားတဲ့အရိုးအဆစ်တွေနဲ့ သွယ်လျသန်မာတဲ့လက်ကို ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို လှမ်းမယူရသေးခင်မှာ တဒင်္ဂ မှင်တက်အံ့သြမိသွားတယ်။
တစ်ငုံလောက် သောက်လိုက်ပြီးတဲ့အခါမှတော့ သူမရဲ့ပါးစပ်ထဲမှာ မသိမသာ အေးမြချိုမြိန်တဲ့ အသီးလက်ဖက်ရည်ကို ခံစားမိလိုက်ပြီး ကျေနပ်စွာနဲ့ မျက်လုံးကို ကျုံ့ထားလိုက်မိတယ်။
သူမရဲ့အမူအရာကို မြင်လိုက်ရပြီးတဲ့နောက်မှာ ရှဲ့ချီယွမ်လုံးဝ တောင့်တင်းနေတဲ့ခန္ဓာကိုယ်က နောက်ဆုံးတော့ ပြေလျော့သွားတယ်။
"ဒီလက်ဖက်ရည်ကို ရှင် လုပ်ထားတာလား"
စူးလီက နှစ်ငုံလောက် သောက်လိုက်ပြီးတဲ့အခါ ကျေနပ်သွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"ရှောင်ပိုင် လုပ်ထားတာထက်တောင် ပိုပြီးတော့ ကောင်းနေသေးတယ်"
"မင်း သဘောကျတယ်ဆိုရင် ဟုတ်ပါပြီ"
ရှဲ့ချီယွမ်ရဲ့ အသံက ဝိုးတဝါးအပြုံးရိပ်တစ်ခုလေးနဲ့ ပြည့်နေတယ်။
ဝိညာဥ်စွမ်းအင် လက်ဖက်ရည်ကအစ အသီးလက်ဖက်ရည်အဆုံး တချို့သောပြောင်းလဲမှုတွေ ရှိနေပေမဲ့လည်း အနှစ်သာရကတော့ တစ်ပုံစံတည်းရှိနေတုန်းပဲ။
ပိုင်ကျစ်ယွမ်အကြောင်း ပြောလိုက်တဲ့အခါ စူးလီက သူတို့သုံးယောက် ဒီရက်ပိုင်းအတွင်းမှာ သူမကို ဝိုင်းရံနေကြတဲ့ပုံကို စဥ်းစားမိလိုက်ပြီး ခပ်တိုးတိုး သက်ပြင်းချမိတယ်။
သူမရဲ့သက်ပြင်းချသံကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်က သူမအတွက် သစ်သီးခြောက် ပန်းကန်ငယ်လေးတစ်ချပ်ကို ယူလာပေးပြီး ကြည်လင်သိမ်မွေ့တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"အကြီးအကဲပိုင်ရဲ့ အချက်အပြုတ်စွမ်းရည်က တကယ်ကို ကောင်းမွန်ပါတယ်"
ဒီအချိန်မှာတော့ သူက ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီး သူ့အသံထဲမှာ သက်ပြင်းချလိုက်သလို လုံးဝမသိသာတဲ့ အရိပ်အယောင်တစ်ခုကို ဆောင်ထားပြီး
"ဒါပေမဲ့ အကြီးအကဲပိုင်က အခုကျင့်ကြံရမဲ့ အရွယ်ရောက်နေပြီလေ။ အခု သူက ကျင့်ကြံရေးကိုပိုတော့ အာရုံစိုက်နိုင်မယ်ဆိုရင် သေချာပေါက် အကျိုးအမြတ်တွေ အများကြီးရလိမ့်မယ်"
ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်းမှာ နေ့တိုင်းလိုလို စူးလီဘေးမှာ ဝိုင်းရံနေကြတဲ့ လူသုံးယောက်အကြောင်းကို စဥ်းစားလိုက်ပြီး သူ့မျက်လုံးထဲမှာ လုံးဝမသိသာတဲ့ မဲမှောင်တဲ့ အရောင်တစ်ခု ဖြစ်သွားတယ်။
သူ့စကားကို ကြားလိုက်ရတဲ့အခါ စူးလီက သစ်သီးခြောက်တစ်ပိုင်းကို ကောက်ယူပြီး ခေါင်းညိတ်သဘောတူလိုက်တယ်။
"ရှောင်ပိုင်တင် မဟုတ်ပါဘူး၊ ဒီကလေးသုံးယောက်က ကျင့်ကြံရေးမှာ အချိန်ပိုပေးသင့်တာပါ"
ရှဲ့ချီယွမ်က သူမရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေလိုက်ပြီး သူမရဲ့လက်ထဲက ပန်းကန်ကို ဖြည်းဖြည်းလေး ချထားလိုက်ကာ သူမဘေးက လက်ဖက်ရည်ပန်းကန်ကို အသီးလက်ဖက်ရည်နဲ့ ပြန်ပြီးတော့ ဖြည့်ပေးလိုက်တယ်။
"ကျွန်တော့်မှာ ကျင့်ကြံရေးနည်းလမ်းတချို့ရှိတယ်။ ဒါကို အနီးကပ် လေ့လာထားပြီးသား။ အကြီးအကဲပိုင်နဲ့ တခြားသူတွေအတွက် အရမ်းကိုသင့်တော်တယ်"
"တကယ်လား"
စူးလီက ခေါင်းကို မသိမသာလေး စောင်းလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ အံ့သြသွားတဲ့အပြုံးတစ်ခုနဲ့ သူ့ကို လှမ်းကြည့်လိုက်တယ်။
"တကယ်ပါ"
ရှဲ့ချီယွမ်က ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်တယ်။
ဒီလိုနဲ့ အဲဒီနေ့ကစပြီး ပိုင်ကျစ်ယွမ်မှာ ကျင့်ကြံရေးလောကထဲက မျိုးတုန်းပျောက်ကွယ်ပြီးသား ဝိညာဥ်စွမ်းအင်အပင်တွေရဲ့ မီတာတစ်ဝက်လောက်ရှည်တဲ့ အဘိဓာန်ကြီးတစ်ခု ရလာခဲ့တယ်။
ရှန်းချန်းဟန်ကလည်း အခုဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်ကတည်းက ပျောက်ဆုံးနေတဲ့ ဓားသိုင်းကျမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်။
လင်းကျောက်အတွက်ကတော့ ရှန်ကွေးလိပ်နက်ကြီးရဲ့ စီစဥ်မှုအောက်မှာ သူ့မှာ အချိန်ပို လဝက်တစ်ခု ရှိနေသေးတယ်ဆိုရင်တောင် ဒီမှော်လေ့ကျင့်ရေးကို ပြီးမှာမဟုတ်တော့ဘူး။
သူတို့သုံးယောက်ခမျာ စူးလီကို လာကြည့်ဖို့ မပြောနဲ့ နေ့တိုင်းတရားထိုင်ပြီး အိပ်ဖို့တောင် အချိန်မရှိရှာလေတော့ဘူး။ နောက်ပြီး စူးလီရဲ့ ခြံဝန်းထဲမှာတော့ မျက်လုံးကို ပသာဒဖြစ်စေတဲ့ ရှဲ့ချီယွမ်လို့ ခေါ်တဲ့ ဒီလူသစ်တစ်ယောက် ရောက်နေလေတော့တယ်။
နှစ်ရက်အတွင်းမှာ ခြံဝန်းဟာဆိုရင် လုံးဝကို ပြောင်းလဲသွားခဲ့တယ်။
ခြံဝန်းထဲမှာ စူးလီ အကြိုက်ဆုံး ဝါးပင်တချို့ကို ထောင့်တစ်နေရာမှာ အစီစဥ်တကျ စိုက်ပျိုးထားတယ်။ ညနှင်းပန်းတချို့ကိုလည်း နဂိုက ရေတွေဝပ်နေတဲ့ ရေကန်တစ်ခုဘေးမှာ စိုက်ထားတယ်။
မြင့်မားလှတဲ့ မေပယ်လ်သစ်ပင်က စိမ်းစိုလို့နေပြီး နေရောင်ခြည်ထဲမှာ အရိပ်တွေ ဟိုတစ်ကွက် ဒီတစ်ကွက်ကျနေတယ်။ ပုံရိပ်နှစ်ခုက သစ်ပင်အရိပ်အောက်မှာ ထိုင်နေကြပြီး နေရောင်ခြည်က သစ်ရွက်ကြားကနေ ထိုးထွက်လာပြီး သူတို့အပေါ် ဖြာဆင်းနေကာ သူတို့ရဲ့ပုံရိပ်ကို ပိုပြီးအေးဆေးကာ အပန်းဖြေသလို ဖြစ်နေစေတယ်။
စူးလီက ပဒုမ္မာကြာပန်းရဲ့ မွှေးရနံ့ကို ရှူရှိုက်လိုက်ပြီး ဇိမ်ကျကျနဲ့ မျက်လုံးတွေကို မှိတ်ထားတယ်။
သူမက သူမရဲ့ပတ်ဝန်းကျင်အတွက် အမြဲလိုလို ဘာလိုအပ်ချက်မှ မရှိခဲ့ဘူးလေ။ သူမမှာ နေစရာနေရာ တစ်ခုရှိပြီး အေးအေးလူလူနဲ့ ဖရဲသီးစားနိုင်တာက ကောင်းနေပါပြီ။
သူမရဲ့မူလက နေထိုင်ရာနေရာနေရာလေးက အခုဆိုရင် ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူးလေ။ အရာအားလုံးက သူမရဲ့သဘောကျအတိုင်းပဲ ဖြစ်နေတယ်။
သူမက မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ဒီတော့ သူမဘေးမှာ ရှိနေတဲ့လူရဲ့ သိမ်မွေ့ညင်သာပြီး ယုံကြည်ကိုင်းရှိုင်းတဲ့အကြည့်ကို သတိမထားမိလေဘူး။
ရှဲ့ချီယွမ်က စူးလီရဲ့ပုံရိပ်ကို နှုတ်ဆိတ်ကာ ကြည့်နေမိတယ်။ သူရဲ့အရောင်အဝါကလည်း အရင်တုန်းကထက် ပိုပြီးပျော့ပြောင်းလာခဲ့တယ်။
သူမကို ကြည့်နေရုံသက်သက်နဲ့ သူကိုယ်တိုင် ထိန်းချုပ်လို့မရနိုင်အောင် အရမ်းကို ပျော်ရွှင်နေမိမယ်လို့ လုံးဝ ထင်မထားမိခဲ့ဘူးလေ။
ဒီအချိန်မှာပဲ ငြင်းခုံသံတစ်ခုက ခြံဝန်းရဲ့ သိပ်မဝေးလှတဲ့ နေရာတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာတယ်။
စူးလီက တဖြည်းဖြည်း ကျယ်လောင်လာပြီး ရှင်းလင်းလာတဲ့အသံကို နားထောင်လိုက်ပြီး သူမမျက်လုံးတွေကို ဖွင့်လိုက်ကာ တလဲ့လဲ့ တောက်ပနေတဲ့မျက်လုံးတွေနဲ့ ခြံဝန်းရဲ့ဝင်ပေါက်ကို ကြည့်လိုက်တယ်။
ဖရဲသီးတစ်လုံးပဲ။
ရှဲ့ချီယွမ်က သူမရဲ့လှုပ်ရှားမှုတွေကို ကြည့်လိုက်ပြီး ထရပ်လိုက်ကာ သူရဲ့ဘယ်ဘက်လက်ကို သူမဆီ လှမ်းပေးလိုက်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။
"အတူတူသွားကြည့်ချင်လား"
စူးလီက စဥ်းစားမနေဘဲ သူ့လက်ကို လှမ်းဆွဲလိုက်ကာ သူ့လက်ထဲက အားနဲ့ထရပ်လိုက်ပြီး ပုံမှန်အတိုင်း လက်ကို ပြန်ဖြုတ်လိုက်ပြီး တံခါးဆီကို စိတ်လှုပ်ရှားစွာနဲ့ လျှောက်သွားလိုက်တယ်။ သူမမှာ ဖရဲသီးစားဖို့ အရမ်းကို အလုပ်များသွားတဲ့အတွက် သူမနောက်ကလူရဲ့ နားအဖျားတွေက အရမ်းကို နီရဲသွားပြီး သွေးတွေစီးကျမတက်ဖြစ်နေတာကို သတိမထားမိလေဘူး။
...
ချန်းရှီယိက လှပတဲ့ရုပ်သွင်တွေနဲ့ ကျက်သရေရှိလှတဲ့ ပန်းရောင်ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားတယ်။ သူမရဲ့နောက်မှာတော့ သော့ပေါင်းဂိုဏ်းက မရေမတွက်နိုင်တဲ့ တပည့်တွေရပ်နေကြပြီး သူတို့တွေက ဟယ်ဟွမ်းဂိုဏ်းက တပည့်တစ်ယောက်နဲ့တူတဲ့လူကို ဝန်းရံထားတဲ့ပုံပဲ။
"နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်နိမ့်နေတဲ့ပုံကိုလည်း ကြည့်လိုက်အုံး။ နင်ရဲ့အုတ်မြစ်ကိုတောင်မှ မတည်ဆောက်ရသေးဘူး။ တကယ်ရွံ့စရာကောင်းတာပဲ"
"နင်က ဟယ်ဟွမ်းဂိုဏ်းရဲ့ ပုံမှန်တပည့်တစ်ယောက်ပဲ။ နင်က ငါတို့အစ်ကိုနဲ့ တန်လို့လား"
အဲ့ဒီနေ့က စုန့်ရင်အခန်းထဲက သူမ မြင်လိုက်တဲ့ပုံတူပန်းချီကားကို စဥ်းစားမိလိုက်ပြီး သူမရဲ့အသံက အနည်းငယ် ကြမ်းတမ်းလာခဲ့တယ်။
"နင်ရဲ့သုန်မှုန်နေတဲ့မျက်နှာကို ထပ်ကြည့်လိုက်အုံး၊ တစ်စုံတစ်ယောက်က နင့်ကို သဘောကျလိမ့်မယ်လို့ တကယ်ထင်နေတာလား"
"မိသားစုနောက်ခံလည်းမရှိ၊ ရုပ်ရည်လည်းမရှိ၊ အရည်အချင်းလည်းမရှိဘဲနဲ့ နင်က နင့်ရဲ့ဟယ်ဟွမ်းဂိုဏ်းမှာပဲနေပြီး ဂိုဏ်းကိုသန့်ရှင်းရေးပဲ လုပ်ပေးလိုက်သင့်တယ်"
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူမက လက်ခုပ်တီးလိုက်ပြီး သူမနောက်က တပည့်တွေကို ပျင်းရိလေးတွဲစွာနဲ့ ညွှန်ကြားလိုက်တယ်။
"တခြားလူရဲ့နယ်မြေထဲမှာ အလွန်အကျွံ မလုပ်ကြနဲ့၊ သူ့ကို အမှန်နဲ့အမှား သိလောက်အောင်ပဲ သင်ခန်းစာ နည်းနည်းလေး ပေးလိုက်"
ချီရှီရဲ့မျက်နှာပေါ်က အမူအရာက ဝိုင်းရံထားခံလိုက်ရတဲ့အခါ ကြောက်ရွံ့ပြီး သတိအနေအထား ဖြစ်သွားတယ်။ သူမက နောက်ကို မသိမသာလေး နှစ်လှမ်းလောက်ဆုတ်လိုက်ပြီး သူမရဲ့အသံက အရမ်းကို ပျော့ပြောင်းလို့နေတယ်။
"စိတ်မပူပါနဲ့ အစ်မချန်း၊ ကျွန်မအစ်ကိုစုန့်ကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး"
ဒီအချိန်မှာပဲ ပျော်ရွှင်စရာကို လာရောက်ကြည့်ရှုကြတဲ့ မရေမတွက်နိုင်တဲ့တပည့်တွေက ဒီနေရာကိုရောက်လာတယ်။
ပတ်ဝန်းကျင်မှာလူတွေ ပိုပိုပြီးတော့ ရောက်လာတာကို ခံစားလိုက်ရတဲ့အခါ ချီရှီက ပိုပြီးတော့ပျာယာခတ်လာခဲ့တယ်။ သူမက သော့ပေါင်းဂိုဏ်းကတပည့်တွေ တိုက်ခိုက်ခံရမှာ မကြောက်ပေမဲ့ သူမ ကြောက်တာက...
ဒီအချိန်မှာပဲ စုန့်ရင်က သတင်းကိုကြားလိုက်ပြီး ချန်းရှီယိဆီရောက်လာကာ သူမရဲ့လုပ်ရပ်တွေကို အပြင်းအထန် တားမြစ်လေတယ်။
"ရှီယိ ရှီအာနဲ့ငါက မိတ်ဆွေသက်သက်ပါ၊ မင်းက ဒီနေရာမှာ ဘာဖြစ်လို့ သူ့ကို အရှက်ခွဲနေတာလဲ"
စုန့်ရင်ရဲ့ ရှားရှားပါးပါး သူမကို ဆုံးမနေတဲ့လေသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်းရှီယိရဲ့ မျက်လုံးတွေက ရုတ်တရက် နီရဲသွားခဲ့တယ်။
သူမက အံ့ကြိတ်လိုက်ပြီး ပြောလိုက်တယ်။
"ရှီအာ ဟုတ်လား"
"ဒီလောက် တရင်းတနှီးနာမည်နဲ့ ရှင်တို့တွေက မိတ်ဆွေသက်သက်ပါပဲလို့ ပြောနေတာလား"
"ဒါဆိုရင် ကျွန်မတို့ကရော၊ ကျွန်မတို့ကြားက ဆက်ဆံရေးကဘာလဲ"
စုန့်ရင်က ခေါင်းငုံ့ထားတဲ့ချီရှီကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ ကိုယ်ကိုလှည့်ကာ ခြောက်ကပ်ကပ် လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဟုတ်တာပေါ့... မိတ်ဆွေလေ"
ဒါကို မြင်လိုက်တဲ့အခါ စူးလီက လူညစ်တစ်ယောက်က လှေနံနှစ်ဖက်နင်းနေတဲ့ သာမန်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုလို့ စဥ်းစားမိလိုက်တယ်။
ငြီးငွေ့သွားသလို ခံစားလိုက်ရပြီး သူမက ထွက်ခွာတော့မလို ပြင်လိုက်တဲ့အချိန်မှာပဲ ကျောက်စိမ်းလိုညှင်သာတဲ့ အပြာရောင်ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခုက ချီရှီဆီလာတာကို မြင်လိုက်ရတယ်။
"ရှီအာ တစ်ယောက်ယောက်က မင်းကို အနိုင့်ကျင့်နေတာလား"
ဒီအသံကို ကြားလိုက်ရတဲ့အခါ ချီရှီရဲ့ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားတယ်။
သူမက ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရင်းနှီးတဲ့ လူတော်တော်များများကို တွေ့လိုက်ရလေရဲ့။
ဒီမြင်ကွင်းကို မြင်လိုက်ရပြီး စူးလီက ရုတ်တရက်ဆိုသလို ပိုပြီးစိတ်ဝင်စားလာတော့တယ်။ သူမက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်ပြီး စာအုပ်ထဲကစာတွေကို ဖတ်လိုက်ပြီးတဲ့နောက်မှာတော့ လေးစားအားကျသွားတဲ့ရုပ်နဲ့ ခေါင်းကိုမော့လိုက်တယ်။
[ဟယ်ဟွမ်းဂိုဏ်းရဲ့တပည့်လို့ မပြောရဘူးပဲ]
[တကယ်ပဲ တစ်၊နှစ်၊သုံး... အဆက်ဟောင်း ဆယ့်ရှစ်ယောက် ရှိနေတာပဲ]
…