← Chapters

အခန်း ၁၄၆

Vol. 10 Ch. 146

အခန်း ၁၄၆

Vol. 10 Ch. 146

အပိုင်း (၁၄၆)

ချန်းရှီရိက သော့ပေါင်းဂိုဏ်းချုပ်ရဲ့သမီးလေ။ သူက ကလေးဘဝထဲက ပိုးထည်တွေကိုပဲ ဝတ်ဆင်လာခဲ့ပြီး လူအမြောက်အမြားရဲ့ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရတယ်။ သူမှာ မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေများစွာ ပိုင်ဆိုင်ထားတယ်။ ဒါကြောင့်လည်း သူ့ရဲ့အကျင့်စရိုက်ကလည်း အနည်းငယ် မောက်မာထောင်လွှားပြီး ပျက်စီးနေမှာကတော့ မလွဲမသွေပဲ။

စုန့်ရင်က သော့ပေါင်းဂိုဏ်းချုပ်ကြီးရဲ့ အကြီးဆုံးတပည့်။ သော့ပေါင်းဂိုဏ်းရဲ့ နောက်တက်မဲ့ ဂိုဏ်းချုပ်ဆိုလည်း ဟုတ်တယ်။ သူရဲ့အရည်အချင်းက သော့ပေါင်းဂိုဏ်းက တပည့်တွေအများကြီးထဲမှာ အတော်ဆုံးလို့ သတ်မှတ်လို့ရတယ်။ သူတို့နှစ်ယောက်ကြားမှာ ဘာစေ့စပ်ကြောင်းလမ်းထားတာမှ မရှိဘူးဆိုပေမဲ့လည်း သော့ပေါင်းဂိုဏ်းချုပ်ကြီးက ချန်းရှီရိရဲ့ စုန့်ရင်အပေါ် ချစ်မေတ္တာကို သတိထားမိလိုက်ပြီးတဲ့နောက်မှာ စုန့်ရင်ကို သူ့သမက်လို သတ်မှတ်ထားခဲ့ပြီး သူ့ကို ကျင့်ကြံရေးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးခဲ့တယ်။

လူအများကြီးရဲ့အမြင်မှာတော့ စုန့်ရင်နဲ့ ချန်းရှီရိတို့က သတ်မှတ်ထားပြီးသား စုံတွဲတွေတစ်ခုလိုပဲ။

ဒါကြောင့်ပဲ ချန်းရှီရိက စုန့်ရင်ရဲ့စာဖတ်ခန်းထဲမှာ ချီရှီရဲ့ပုံတူပန်းချီကားကို မြင်လိုက်ရပြီး အရမ်းဒေါသထွက်သွားပြီး သစ္စာဖောက်ခံလိုက်ရသလို ခံစားရတာပေါ့။

သူမနဲ့ ချီရှီတို့က သူရဲ့မိတ်ဆွေသက်သက်ပါပဲဆိုတဲ့ စုန့်ရင်ရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူမမှာ အရမ်းဒေါသထွက်သွားပြီး သူ့မျက်လုံးတွေကလည်း ဒေါသကြောင့် နီရဲသွားတော့တယ်။ သူက သူ့နောက်ကို ဆယ်စုနှစ်ကြာအောင် လိုက်လာခဲ့ပြီး သူ့အတွက်နဲ့ သူ့အဖေဖြစ်သူကိုလည်း အကြိမ်ပေါင်းများစွာ ဆန့်ကျင်ခဲ့ကာ သူ့ဖက်က ရပ်တည်ပြီး ပြောဆိုပေးခဲ့တယ်။ ဒါပေမဲ့လည်း သူကတော့ သူတို့တွေက မိတ်ဆွေသက်သက်ပါပဲလို့ ပြောနေသတဲ့လား။

စုန့်ရင်က ဒီလိုဖြစ်သွားတဲ့ ချန်းရှီရိကို ကြည့်လိုက်ပြီး သူက ချီရှီကို သူ့နောက်ကိုပို့ထားပြီး ကာကွယ်ပေးထားပေမဲ့လည်း သူ့မျက်လုံးထဲက အမူအရာကတော့ အစတုန်းကလို ဒေါသထွက်နေတဲ့အမူအရာ ရှိမနေတော့ဘူး။

သူက ကလေးဘဝတည်းက ချန်းရှီရိနဲ့အတူ ကြီးပြင်းလာခဲ့ပြီး သူမကို သူ့ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တာလေ။ သူမက သူ့ဆရာရဲ့သမီး ဖြစ်တယ်ဆိုတာကို မပြောသေးနဲ့အုံး... တကယ်လို့ သူက နောက်တက်မဲ့ဂိုဏ်းချုပ် ဖြစ်လာချင်တယ်ဆိုရင် သူက သူမကို တည်ငြိမ်နေအောင် ဆက်ပြီးထားမှရမှာပဲ။

ဒီလိုစဥ်းစားမိလိုက်ပြီး သူက သူ့အမူအရာကို ပြေလျော့ထားလိုက်ကာ တစ်ခုခုပြောတော့မယ် ပြင်လိုက်စဥ်မှာပဲ သူ့နောက်က ဆူညံသံတစ်ခုကို ကြားလိုက်ရတော့တယ်။

သူက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ချီရှီဘေးမှာ ရုတ်တရက်ပေါ်လာတဲ့လူကို မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်ကာ ချန်းရှီရိကို နှစ်သိမ့်ပေးမဲ့ကိစ္စကိုတောင် သတိမထားနိုင်တော့ဘူး။

ဒီလူက ဘယ်သူလဲ။

သူက ချီရှီကို ဘာဖြစ်လို့များ အဲ့လောက်တရင်းတနှီးနဲ့ ခေါ်နေရတာလဲ။

နောက်ပြီး ကျန်းယွီကလည်း စုန့်ရင်ကိုတောင် မကြည့်လေဘူး။

သူက သူ့ရှေ့မှာ ခေါင်းငုံ့ထားတဲ့ ချီရှီကို ပြုံးပြလိုက်ပြီး သူရဲ့ဇာမဏီမျက်လုံးတွေထဲမှာလည်း သာလွန်ပြီး အကူအညီပေးချင်တဲ့ အရိပ်အယောင်တစ်ခုပါရှိနေတယ်။

သော့ပေါင်းဂိုဏ်းဆိုတာ သူ့အတွက်တော့ မသိမသာလေး ပိုချမ်းသာတဲ့ ဂိုဏ်းတစ်ခုပါပဲ။ သော့ပေါင်းဂိုဏ်းတစ်ခုလုံးမှာ မဟာယနကျင့်ကြံသူတွေ မရှိဘူးလေ။ ကျင့်ကြံရေးလောကတစ်ခုလုံးမှာ ပျံ့နှံ့နေတဲ့ သော့ပေါင်းခန်းမကြောင့်သာ မဟုတ်ဘူးဆိုရင် သော့ပေါင်းဂိုဏ်းက ခုနှစ်ခုမြောက်ဂိုဏ်းကို အရွေးခံဖို့အတွက် ကွေးယွမ်ဂိုဏ်းကို ဘယ်လိုလုပ်ပြီးတော့လာနိုင်ပါ့မလဲ။

သူက ကြီးမြတ်သူဟွားမင်ရဲ့ တစ်ဦးတည်းသောတပည့်လေ။ ဟွားရှောင်ဂိုဏ်းမှာ သူ့အဆင့်အတန်းက အင်မတန်မှ မြင့်မားတယ်။ ဟွားရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကတောင် သူ့ကို မြင်တဲ့အခါ သူ့ကိုဆရာတူဦးလေးလို့ တရင်းတနှီးနဲ့ ခေါ်ရတယ်လေ။

ဒီလိုစဥ်းစားလိုက်ပြီး သနားစဖွယ်ဖြစ်သွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ချီရှီကို ကြည့်လိုက်တယ်။

ချီရှီက ဒီလိုလူမျိုးနဲ့ ပတ်သက်နေလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူးလေ။ အခုတော့ သူက ဒီလူရဲ့ဂိုဏ်းတူညီမလေးကြောင့် ဒီကိုရောက်လာခဲ့ရတယ်...

သူမရဲ့ကျင့်ကြံရေးအခြေအနေကို အကဲခတ်ပြီးတဲ့နောက်မှာ သူရဲ့သနားစိတ်က ပိုပြီးတော့တောင် ကြီးထွားခဲ့တယ်။

မတွေ့ရတာ သုံးနှစ်ကြာသွားပြီးတဲ့နောက်မှာ ချီရှီက ချီကျင့်ကြံရေးအဆင့်ကိုးကိုပဲ ရောက်သေးတယ်တဲ့။

သူက သူ့ဆရာရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး သူမကို လက်မထပ်နိုင်ဘူးဆိုပေမဲ့လည်း တကယ်လို့ သူမသာ သူ့ဘေးမှာနေဖို့ ဆန္ဒရှိတယ်ဆိုရင် သူကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ။ အနည်းဆုံးတော့သူက သူမရဲ့ကျင့်ကြံခြင်းအဆင့်ကို အခုလိုမျိုး နှေးကွေးနေအောင် ထားမှာတော့ မဟုတ်ဘူးလေ။ သူက သူမရဲ့လက်ရှိအကြပ်အတည်းကို ဖြေရှင်းပေးဖို့ ကူညီပေးမှာလည်း အမှန်ပါပဲ။

သူက အသံကို နှိမ့်ထားလိုက်ပြီး သူ့ရှေ့ကလူကို နှစ်သိမ့်ပေးဖို့ ကြိုးစားတော့မဲ့ဆဲဆဲမှာပဲ ရင်းနှီးတဲ့အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

[ဟယ်ဟွမ်းဂိုဏ်းရဲ့ တပည့်တစ်ယောက်လို့ မပြောရဘူးပဲ]

[တကယ်တမ်းကျတော့ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... ချစ်သူဟောင်းက ဆယ့်ရှစ်ယောက်တောင်ပါပဲ]

ကျန်းယွီက အပြင်လောကကအသံက ဘယ်လိုလုပ်ပြီး ဒီနေရာကို ပေါ်လာလဲလို့ မစဥ်းစားရသေးတဲ့အချိန်မှာပဲ ဒီစကားကို ကြားလိုက်ရတော့တယ်။

ရည်စားဟောင်း... ဘာအဓိပ္ပာယ်လဲ။

သူ့ရှေ့က သိပ်မဝေးလှတဲ့နေရာက စုန့်ရင်နဲ့ ချန်းရှီရိတို့ကလည်း မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ရုပ်တစ်ခု ဖြစ်သွားကြတယ်။

ဆူညံသံရဲ့ ဆွဲဆောင်တာ ခံလိုက်ရတဲ့အတွက် ရွှေအမြုတေကျင့်ကြံသူ၊ အခြေတည်စ ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူအပါအဝင် ဂိုဏ်းကြီးတော်တော်တော်များများက တပည့်တွေကလည်း ဒီနေရာမှာ ရှိနေကြတယ်လေ။ လူတော်တော်များများကလည်း အပြင်လောကကလာတဲ့ စကားသံပြောလိုက်တာကို ကြားလိုက်ကြမှာပဲ။ အားလုံးရဲ့မျက်လုံးတွေက အတင်းအဖျင်း နားထောင်ချင်တဲ့စိတ်နဲ့ လင်းလက်သွားတော့တယ်။

အားလုံးက သူတို့ရဲ့နားကို စွင့်ထားလိုက်တဲ့အချိန်မှာပဲ အပြင်လောကကအသံက ဆက်ပြီးပြောလိုက်တယ်။

[ဒီစုန့်ရင်နဲ့ ကျန်းယွီတို့က ချီရှီရဲ့ ရည်းစားဟောင်းတွေက သူတို့နှစ်ယောက်တည်းပဲ ရှိတယ်လို့ ထင်နေကြမှာတော့ မဟုတ်ပါဘူးနော်]

[ဟားဟားဟား ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူတို့ရဲ့ရှေ့မှာ စီနီယာ ဆယ့်ခြောက်ယောက်တောင် ရှိသေးတာပဲ...]

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်းယွီက နောက်ဆုံးတော့ အပြင်လောကကလာတဲ့ စကားသံ ပြောလိုက်တဲ့အဓိပ္ပာယ်ကို နားလည်သွားတော့တယ်။ သူက ရုတ်တရက်ဆိုသလို လက်ကို တင်းနေအောင် ဆုတ်ထားလိုက်ပြီး ဒေါသထွက်သွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ချီရှီကို ကြည့်လိုက်တယ်။

သူက ဒီလောက်လူအများကြီးနဲ့တွဲဖို့ ခေါင်းတစ်လုံးနဲ့ အမြီးတစ်ခု ရှိနေတာတဲ့လား။

ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ သူက သူ့မျက်နှာအမူအရာကို ထိန်းသိမ်းထားလိုက်ပြီး အထင်သေးတဲ့ပုံစံတစ်ခုနဲ့ စဥ်းစားလိုက်တယ်။

သူ့အထင်တော့ ဒီကျင့်ကြံသူဆယ်ခြောက်ယောက်ကလည်း စုန့်ရင်လိုလူတွေပဲ ဖြစ်မှာပဲ။

ဒါပေမဲ့ ဒီကိစ္စမှာတော့ ချီရှီက သူနဲ့အတူတူ နေချင်ပါတယ်ဆိုရင်တောင် သူက သေသေချာချာ စဥ်းစားဖို့ လိုအပ်သွားပြီ။ သူက မျက်မှောင်ကျုံ့ပြီး စဥ်းစားနေတုန်းမှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြောလိုက်တယ်။

[ချီရှီရဲ့ရည်းစားဟောင်းတွေက ဘယ်သူလဲဆိုတာ ကြည့်လိုက်ပါအုံးမယ်...]

[အလို- အံ့သြစရာကောင်းလေစွ]

[သခင်လေးဟွားချင်း၊ မင်ယွမ်ဂိုဏ်းရဲ့သခင်လေး၊ ဟောင်သဲ့ဂိုဏ်းရဲ့ အကြီးအကဲ ယွမ်ရှန်းနန်းဆောင်ရဲ့ လက်ရှိသခင်တဲ့...လား]

စုန့်ရင်၊ ကျန်းယွီနဲ့ တခြားသူတွေသာမကပဲ အပြင်လောကကလာတဲ့စကားသံကို ကြားလိုက်ကြတဲ့ ကျင့်ကြံသူတွေကလည်း နေရာမှာ မှင်တက်အံ့သြသွားကြတော့တယ်။ သူတို့ရဲ့မျက်နှာပေါ်က တအံ့တသြနဲ့ ဇဝေဇဝါဖြစ်သွားတဲ့ မျက်နှာက ပုံစံခွက်တစ်ခုတည်းမှာ ရိုက်နှိပ်ထားတဲ့အတိုင်းပဲ။

သူတို့တွေက ဘယ်သူလဲ။

သခင်လေးဟွားချင်းဆိုတာ ကျင့်ကြံရေးလောကထဲမှာ နာမည်ကြီးပြီး လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ သူက ဣန္ဒြေသိက္ခာရှိတဲ့အပြင် ပန်းချီဆွဲတဲ့နေရာမှာလည်း အင်မတန်မှ တော်တယ်လေ။ ကြီးမြတ်သူ တော်တော်များများက သူရဲ့လက်ရေးမူကို လိုချင်ကြတယ်လို့ ပြောကြတယ်။ မင်ယွမ်ဂိုဏ်းရဲ့ သခင်လေးကတော့ သူက မင်ယွမ်ဂိုဏ်းရဲ့ နောက်တက်မဲ့ဂိုဏ်းချုပ်လေ။ သူက အင်မတန်မှ အရည်အချင်းရှိပြီး ကျင့်ကြံရေးလောကရဲ့ မျိုးဆက်သစ်တွေထဲမှာ အကောင်းဆုံးပဲ။ ဟောင်သဲ့ဂိုဏ်းအကြီးအကဲနဲ့ ယွမ်ရှန်းနန်းဆောင်ရဲ့ သခင်လည်းရှိသေးသတဲ့လား...

သူတို့တွေ သတိပြန်ဝင်လာပြီးတဲ့နောက်မှာ အာလုံးရဲ့မျက်လုံးတွေက မနေနိုင်တော့ဘဲ ခေါင်းငုံ့ထားတဲ့ ချီရှီဆီကို ရောက်သွားကြတောာ့တယ်။

သူမရဲ့မျက်နှာက လှပချောမောတယ်ဆိုပေမဲ့လည်း သူမက ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်တော့ မဟုတ်ပါဘူး။ သူမရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း ချီကျင့်ကြံရေးအဆင့်ကိုဘဲ ရှိသေးတယ်လေ။ သူမရဲ့အရည်အချင်းကလည်း တကယ့်ကို သာမန်လို့ပဲ ပြောလို့ရပါတယ်...

သူ့မှာဘာကြောင့်များ... ဒီလိုနာမည်ကြီး လူယုံတွေရှိနေတာလဲ။

နောက်ပြီး သူတို့တစ်ယောက်ချင်းစီကလည်း... အရမ်းကို နာမည်ကြီးသတဲ့လား။ ချီရှီရဲ့ကျင့်ကြံရေးအဆင့်က ချီကျင့်ကြံရေးအဆင့်ပဲ ရှိသေးတယ်လေ။ ဒီလိုဆိုရင်တော့ သူက အပြင်လောကကလာတဲ့အသံကို ကြားနိုင်မှာ မဟုတ်ဘူးပေါ့။ သူ့လျှို့ဝှက်ချက်ကို အားလုံးက သိသွားပြီဆိုတာကိုလည်း သူက သိမှာမဟုတ်ဘူးပေါ့။

သူမက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြတဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ မရေမတွက်နိုင်တဲ့ စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီး သူမရဲ့မျက်ခုံးတွေက မသိမသာ တွန့်ချိုးသွားတယ်။ စုန့်ရင်အပေါ် သူမရဲ့ရွံ့ရှာမှုကလည်း အနည်းငယ်ပိုပြီး တိုးပွားလာတော့တယ်။

သူမက သော့ပေါင်းဂိုဏ်းကို ရောက်သွားပြီးတဲ့နောက်မှာ သူမက သူမရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်ဖို့အတွက် စုန့်ရင်ကို ရွေးချယ်ခဲ့တယ်ဆိုပေမဲ့လည်း သူ့မှာ သတိုသမီးလောင်း ရှိတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက် သူမဒီစိတ်ကူးကို လက်လျှော့ခဲ့ပါတယ်။

သူမက အစကနေအဆုံးအထိ စုန့်ရင်နဲ့ အကြိမ်အနည်းငယ်ပဲ စကားပြောခဲ့ဖူးတာပါ။ နာမည်ကောင်းတစ်ခု အမြဲတမ်း ပိုင်ဆိုင်ထားတဲ့ ဒီလိုလူက ချန်းရှီရိ မပြောဘဲနဲ့ သူ့ခံစားချက်တွေကို ဖွင့်ပြောဖို့ သူမဆီကို လာလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ။

သူမလည်း အရမ်းကို လန့်ဖျပ်သွားပြီး အဲ့ဒီနေ့မှာပဲ ဟယ်ဟွမ်းဂိုဏ်းကို ပြန်လာခဲ့တယ်လေ။

အခု သူမက ဂိုဏ်းကတပည့်တွေနဲ့ ကွေးယွမ်ဂိုဏ်းကို ရောက်လာခဲ့တယ်။ မျှော်လင့်မထားဘဲနဲ့ စုန့်ရင်နဲ့ တစ်ခါပြန်တွေ့ခဲ့ပြီး ချန်းရှီရိကလည်း လိုက်လာခဲ့တယ်။

ကံကလည်း ဆိုးလိုက်လေခြင်း။

သူမ ရှေ့မှာရပ်နေတဲ့ ကျန်းယွီကိုတော့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်စဥ်းစားမိလိုက်ပြီး သူမရဲ့မျက်လုံးထဲက ရွံ့ရှာမှုတွေက အရမ်းကို ပြည့်နှက်နေတဲ့အတွက် နောက်တစ်စက္ကန့်မှာပဲ လျှံကျတော့မလို ထင်ရတယ်။ သူမက သူမရဲ့ မျက်လုံးထောင့်ထဲကနေ မင်ယွမ်ဂိုဏ်းကတပည့်တွေနဲ့ ယွမ်ရှန်းနန်းဆောင်က တပည့်တွေက သူမဆီကို စုဝေးလာတာကို မြင်လိုက်တဲ့အခါ ရုတ်တရက်ဆိုသလို သူမရဲ့လက်တွေကို ဆုပ်ထားမိလိုက်တယ်။

ချီရှီက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နှုတ်ဆက်စကားပြောပြီး မြန်မြန်ထွက်သွားတော့မယ် ပြင်လိုက်တဲ့အချိန်မှာပဲ သူမရှေ့ကလူက သူမရဲ့လက်ကို ရုတ်တရက် လှမ်းဆွဲထားလိုက်ပြီး အမြတ်တနိုးနဲ့ ပြောလိုက်တာကို မြင်လိုက်ရတယ်။

"ရှီအာ စိတ်မပူပါနဲ့ ကိုယ်ရှိပါတယ်။ ဘယ်သူကမှ မင်းကို ထိခိုက်ရဲမှာ မဟုတ်ပါဘူး"

ဒါက လူ့သဘာဝပဲလေ။ တကယ်လို့ ချီရှီအတွက် တိုက်ခိုက်ပေးမဲ့လူ တစ်စုံတစ်ယောက်မှ မရှိဘူး။ သူမမှာ သူပဲ ရှိခဲ့မယ်ဆိုရင် သူကလည်း သူမကို ကြိုက်နှစ်သက်နေခဲ့မယ်ဆိုရင် သူမအကြောင်း စဥ်းစားရင်းနဲ့ အချိန်တွေ ကုန်ဆုံးချင်မှာ မဟုတ်ဘူးလေ။

ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က သူမအတွက် တိုက်ခိုက်ပေးခဲ့မယ်ဆိုရင်တော့ အထူးသဖြင့် တိုက်ခိုက်လာတဲ့လူတွေက မရေမတွက်နိုင်တဲ့ သန်မာတဲ့လူတွေ ဖြစ်နေမယ်ဆိုရင်တော့...

ဒီအချိန်မှာ စုန့်ရင်ကလည်း ကျန်းယွီလို ဆင်တူတဲ့စိတ်ကူးတွေ ရှိထားကြတယ်။ သူက ရှေ့ကို နှစ်လှမ်းလောက် အမြန်လှမ်းလာလိုက်ပြီး ချစ်ခင်မြတ်နိုးမှုနဲ့ သူ့ရဲ့သစ္စာရှိမှုကို ပြသလိုက်တယ်။

"ရှီအာ ကိုယ်က ရှီရိကို ကိုယ့်ညီမလေးလိုပဲ သဘောထားတာပါ။ အထင်မလွဲပါနဲ့။ တကယ်တမ်းကျတော့ ..."

သူ့စကားမဆုံးသေးခင်မှာပဲ ယွမ်ရှန်းနန်းဆောင်ရဲ့ သခင်က သူ့တပည်တွေ အသိပေးလို့ သိလိုက်ရပြီး ဒီနေရာကို အလောတကြီး ရောက်လာခဲ့တယ်။ သူက အချိန်အကြာကြီး ကွဲကွာရပြီးတဲ့နောက်မှာ ပြန်လည်ပေါင်းစည်းရတဲ့ပျော်ရွှင်မှုနဲ့ ချီရှီကိုကြည့်နေတယ်။

"ရှီအာ နောက်ဆုံးတော့ ကိုယ်မင်းနဲ့ တွေ့ရပြီ"

"မင်း ကိုယ့်ကို မှတ်မိသေးရဲ့လား"

သူက သူ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ ကျောက်စိမ်းဆွဲပြားကို မြှောက်ပြလိုက်ပြီး

"ဒါက မင်းလပေါင်းများစွာ အလုပ်လုပ်ထားတဲ့လစာငွေနဲ့ ကိုယ့်အတွက် ဝယ်ပေးထားတဲ့ ကျောက်စိမ်းဆွဲပြားလေ။ ကိုယ် ဒါကို အမြဲတမ်းကိုယ်နဲ့အတူ ဆောင်ထားခဲ့တယ်။ ဒီနေ့နောက်ဆုံးတော့ ကိုယ်မင်းကို ထပ်ပြီးတွေ့နိုင်ခဲ့ပြီ"

"ရှီအာ "

ဒီအချိန်မှာပဲ ပုံရိပ်တစ်ခုက အလျင်စလို ရောက်လာခဲ့တယ်။ ဟောင်သဲ့ဂိုဏ်းအကြီးအကဲက ဝိညာဥ်စွမ်းအင်မီးကို ထိန်းချုပ်ထားလိုက်ပြီး

"ကိုယ်တို့တွေ အချင်းချင်း မတွေ့ရတာ ခုနှစ်နှစ်တောင် ရှိသွားပြီပဲ..."

သူ့အသံက အနည်းငယ်လေး သတိရှိနေတယ်။

"မင်းလုပ်ပေးတဲ့ ဝိညာဥ်စွမ်းအင်အစားအသောက်တွေကို ကိုယ်လွမ်းနေတာ"

ဒီအချိန်မှာ နောက်ထပ်ရည်းစားဟောင်း တော်တော်များများကလည်း ဒီနေရာကို ရောက်လာကြတယ်။ အားလုံးက ချီရှီကို သူတို့ရဲ့ချစ်မေတ္တာအကြောင်း ဖော်ပြနေကြစဥ်မှာ သူတို့တွေက အဲ့ဒီအချိန်တုန်း ချီရှီက သူတို့အပေါ် ဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာကို တခြားသူတွေကို ကြွားလုံးထုတ်နေလေရဲ့။

တချို့က ကျောက်စိမ်းဆွဲပြားကို ထုတ်ကြွားနေပြီ တချို့ကတော့ ချီရှီ လုပ်ပေးခဲ့တဲ့ ဝိညာဥ်စွမ်းအင် အစားအသောက်တွေကို ထုတ်ကြွားနေကာ တချို့ကတော့ ချီရှီက ကြိုးကြိုးစားစားနဲ့ လက်နဲ့ကိုယ်တိုင် ထွင်းထားပေးတဲ့ ကျောက်စိမ်းအမှတ်တရပစ္စည်းကို ကြွားလုံးထုတ်နေကြတယ်...

စူးလီက စိတ်ဝင်တစားနဲ့ နားထောင်နေလိုက်ပြီး သူမရဲမျက်လုံးတွေထဲမှာလည်း အပြုံးတစ်ခုနဲ့ အလင်းရောင် အပိုင်းအစလေးတွေ ပြည့်နှက်သွားတယ်။

ဒီအချိန်မှာတော့ အသားခြောက်တစ်ပိုင်း ကိုင်ထားတဲ့ လက်တစ်ဖက်က သူမဆီကို လှမ်းလာတယ်။

သူက အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် လက်က သူမရဲ့နှုတ်ခမ်းအနားက လက်နှစ်ဝါးအကွာအဝေးမှာ ရပ်တန့်လိုက်တယ်။ သူမက ပိုင်ကျစ်ယွမ် ခွံ့ကျွေးတာနဲ့ အသားကျနေပြီ ဖြစ်တဲ့အတွက် စဥ်းစားမနေတော့ဘဲ ရှေ့ကိုတစ်လှမ်း တိုးလိုက်ပြီး အသားခြောက်ကို တစ်ကိုက် လှမ်းကိုက်လိုက်တော့တယ်။

သူမရဲ့ပါးစပ်ထဲမှာ ချဥ်ပြီး စပ်သွားတဲ့အရသာကို ခံစားလိုက်ရတဲ့အခါ သူမက လင်းဖြာနေတဲ့မျက်လုံးနဲ့ ပြုံးလိုက်တယ်။

ဒီအခိုက်အတန့်လေးမှာပဲ ရှဲ့ချီယွမ်က ရုတ်တရက်ဆိုသလို အသက်ရှူရပ်သွားတဲ့ ခံစားချက်က ဘာလဲဆိုတာကို သဘောပေါက်သွားတော့တယ်။

စူးလီရဲ့ပြုံးနေတဲ့ မျက်နှာကိုကြည့်လိုက်ပြီး သူ့လက်တွေက လျော့ရဲလိုက် တင်းလာလိုက်၊ တင်းလာလိုက် လျော့ရဲလိုက်ဖြစ်နေပြီး သူ့မျက်နှာပေါ်မှာ သိမ်မွေ့ပြီးညင်သာတဲ့ အမူအရာတစ်ခုကို ထိန်းထားဖို့အတွက် သူ့ခွန်အားအားလုံးကို သုံးလိုက်ရတော့တယ်။ သူ့အသံကလည်း အနည်းငယ် တိမ်ဝင်လို့နေတယ်။

"မင်း သဘောကျတယ်ဆိုရင် ဟုတ်ပါပြီ"

စူးလီက သူ့ခံစားချက်တွေကို လုံးဝဂရုမစိုက်မိလေဘူး။ သူမက အပြုံးနဲ့ လက်ထဲက ကျန်တဲ့အသားခြောက်ကို လှမ်းယူလိုက်ပြီး သူမရဲ့မျက်လုံးတွေကတော့ ချီရှီနဲ့ တခြားသူတွေရှိမှာ ရောက်လို့နေတယ်။

ချီရှီက သူတို့အပေါ် ဘယ်လောက်တောင် ကောင်းခဲ့တယ်ဆိုတာကို အငြင်းပွားနေတာကို မြင်လိုက်ရတဲ့အခါ သူမက သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို မနေနိုင်ဘဲ ဖွင့်ကြည့်မိတော့တယ်။

[ဟားဟားဟား...]

[စုဆောင်းထားတဲ့လစာငွေအားလုံးနဲ့ ဝယ်ထားတဲ့ ကျောက်စိမ်းဆွဲပြားဆိုတာ... ဆိုင်ငယ်လေးတစ်ခုကနေ သာမန်ကာလျှံကာ ဝယ်ထားတဲ့ပစ္စည်းတစ်ခုပဲ။ ရှင့်လက်ထဲကတစ်ခုက အပိုရထားတဲ့ဟာလေ...]

[ဟားဟားဟား ကြီးမြတ်သူဟွားချင်းအတွက် ချီရှီဝယ်လာပေးခဲ့တဲ့ ကျောက်စိမ်းဆွဲပြားက အပိုတစ်ခု ရထားတဲ့ဟာတဲ့...]

ကျောက်စိမ်းဆွဲပြားကို ကိုင်ထားတဲ့ ယွမ်ရှန်းနန်းဆောင်သခင်က ရုတ်တရက် အေးခဲသွားခဲ့တယ်။

[ဟားဟားဟား သူကိုယ်တိုင် လုပ်ထားပေးခဲ့တဲ့ ဝိညာဥ်စွမ်းအင်အစားအသောက်က ...]

[ချီရှီက ပါဝင်ပစ္စည်းတွေကို ဒီအတိုင်း ပစ်ထည့်ထားပြီး သူ့အတွက် မသောက်ရဲခဲ့တဲ့ ဟင်းရည်ကို ပြောနေတာလား]

[ဒါမှမဟုတ် အပြင်ဖက် ဝိညာဥ်စွမ်းအင် စားသောက်ဆိုင်ကနေ တိုက်ရိုက်မှာယူပြီး ပို့ပေးလာတဲ့ ဝိညာဥ်စွမ်းအင် အစားအသောက်တွေကို ပြောနေတာလား]

ပွဲကိုစောင့်ကြည့်နေပြီး ယွမ်ရှန်းနန်းဆောင်သခင်ကို လှောင်ပြောင်သရောနေတဲ့ ဟောသ်သဲ့ဂိုဏ်း အကြီးအကဲရဲ့မျက်နှာက ရုတ်တရက် ညိုမည်းသွားတော့တယ်။

[သူကိုယ်တိုင်ထွင်းထုထားတဲ့ ကျောက်စိမ်းတံဆိပ်ပြားဆိုတာကတော့...]

[ဟားဟားဟား ဒါက လက်ကားနဲ့ ဝယ်ထားတဲ့ဟာပဲ။ ဒါက ခုနှစ်ခုကို ဝိညာဥ်ကျောက်တုံးဆယ်တုံးနဲ့ ဝယ်ထားခဲ့တာလေ]

[နောက်ပြီး ဝိညာဥ်ဆေးပင် မဟုတ်ပါဘူး၊ ဒါက ဝိညာဥ်မြက်ပင်လို့ပြောရင် အသင့်တော်ဆုံး ဖြစ်လိမ့်မယ်...]

အပြင်လောကကလာတဲ့ စကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ယွမ်ရှန်းနန်းဆောင်သခင်နဲ့ တခြားသူတွေက မျိုသိပ်ထားတဲ့ ဒေါသတွေနဲ့ ချီရှီကို ကြည့်လိုက်ကြတော့တယ်။

သူမက သူတို့ကိုဘာဖြစ်လို့ ဒီလိုလှည့်စားခဲ့တာတဲ့လဲ။

သူတို့တွေက သူမအပေါ် လုံလောက်အောင် မကောင်းခဲ့ပေးလို့လား။

စူးလီကလည်း ဒီမေးခွန်းကို အရမ်းကိုသိချင်နေတာ သိသာတယ်။ သူက အသားခြောက်ကို တမြုံ့မြုံ့ ဝါးရင်း ကောင်းကင်စာအုပ်ကို စိတ်လှုပ်ရှားစွာနဲ့ လှန်လှောကြည့်ရှုလိုက်လေရဲ့။

[ဟိုက်...]

[ဒီလူဆယ်ရှစ်ယောက်က ဘယ်လိုလုပ်ပြီး တစ်ယောက်ထက်တစ်ယောက် ပိုပြီးတော့စက်ဆုပ်စရာ ကောင်းနေတာလဲ]

[ကြည့်လိုက်ပါအုံးမယ် ယွမ်ရှန်းနန်ဆောင်သခင်က... အလို... ချစ်ရတဲ့သူတွေ မရေမတွက်နိုင်ပါလား...]

[ဟောင်သဲ့ဂိုဏ်းအကြီအကဲက တကယ်တမ်းကျတော့ ဝိညာဥ်စွမ်းအင် ရတနာကိုရဖို့အတွက် ဝိညာဥ်သားရဲကို ဆွဲဆောင်ခဲ့ပြီး ချီရှီကို ဒဏ်ရာရအောင် လုပ်ခဲ့တာတဲ့လား]

[ကျန်းယွီကကျတော့ သူ့ဘေးက တပည့်တွေအားလုံးကို ချီရှီကို အခက်အခဲ ဖြစ်အောင် လုပ်ခိုင်းထားပြီး စောင့်ကြည့်နေပြီမှ... သူက ချီရှီကို စိတ်ရှည်ရှည်နဲ့ စောင့်ခိုင်းထားသတဲ့လား]

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ ချီရှီဘေးကလူတွေရဲ့ မျက်လုံးတွေထဲမှာ ထိတ်လန့်မှုတွေ မနာလိုမှုတွေ လုံးဝမရှိတော့ဘဲ ကိုယ်ချင်းစာတဲ့ အရိပ်အယောင်တစ်ခုသာ ကျန်ခဲ့တော့တယ်။

ဒီကြီးမြတ်လှတဲ့ ယောကျာ်းသားတွေက မသေမျိုးတွေနဲ့ ဆင်တူနေကြပေမဲ့လည်း... မထင်ထားခဲ့မိတာက...

အထူးသဖြင့် သူတို့တွေက ကျန်းယွီနဲ့ တခြားသူတွေက သူတို့တွေ မှားတယ်လို့ လုံးဝမထင်ဘဲ ဒီကိစ္စကိုလည်း လုံးဝ တလေးတနက် မထားတာကို မြင်လိုက်ရတဲ့အခါ ဒီလူတွေအပေါ် ခံစားချက်ကောင်းကောင်းရှိတဲ့ အမျိုးသမီးကျင့်ကြံသူအားလုံးက သူတို့မျက်လုံးတွေကို လွှဲထားလိုက်ကြပြီး သူတို့တွေကို ထပ်မကြည့်ကြတော့ဘူး။

[နောက်ပြီးတော့အဲ့ဒီ စုန့်ရင်...]

ဒီထူးဆန်းဖွယ်ရာ ရွံ့စရာကောင်းတဲ့လူတွေကို မြင်လိုက်ရပြီးတဲ့နောက်မှာ စူးလီက သူမရဲ့ပါးစပ်ထဲက အသားခြောက် နောက်ဆုံးတစ်ကိုက်ကို ဖြည်းဖြည်းချင်း မျိုချလိုက်ပြီး ကိုယ်ချင်းစာတရားတစ်ခုနဲ့ ချီရှီကို လှမ်းကြည့်လိုက်တယ်။

ဒါက ဘယ်လိုကံတရားမျိုးပါလဲ။

သူမက ဖရဲသီးဆက်စားတော့မဲ့ဆဲဆဲမှာပဲ လက်တစ်ဖက်က အသီးလက်ဖက်ရည်တစ်ခွက်နဲ့ သူ့ဆီကိုရောက်လာခဲ့တယ်။

စူးလီက အချိန်နှောင်းမှပဲ သတိထားမိလိုက်တယ်။ ခုနတုန်းက အသားခြောက် နည်းနည်းလေး ငန်နေတာပဲ။

သူမက အသီးလက်ဖက်ရည်ကို တစ်ငုံလောက် သောက်လိုက်ပြီး ရုတ်တရက်တစ်ခုခုကို သတိထားမိသွားတဲ့ပုံနဲ့ လက်ဖက်ရည်ခွက်ကို သူမရှေ့က လူရဲ့လက်ထဲကို ထိုးထည့်ပေးလိုက်ပြီး သူမရဲ့သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လှန်လှောကြည့်လိုက်တယ်။

[ချီရှီက အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ခံလိုက်ရပြီးတာတောင် သူ ချစ်ရတဲ့တစ်စုံတစ်ယောက်ကို ဆက်ပြီး ရှာဖွေရတဲ့အကြောင်းအရင်းက ဘာများပါလိမ့်...]

[ကျင့်ကြံရေးအတွက် ဖြစ်နေတာကိုး...]

အားလုံးက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ မှင်တက်အံ့သြသွားကြတယ်။

ချီရှီဘေးက လူနည်းစုကတော့ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခုနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

ကျင့်ကြံရေးအတွက်တဲ့လား။

ဒါပေမဲ့ သူတို့တွေမှာ ချီရှီနဲ့ ဘာချစ်မှုရေးရာကိစ္စမှ မရှိကြဘူးလေ။ ချီရှီကို ဒီအတိုင်းပဲ လိုက်ခဲ့တာ။

သူတို့တွေက ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်ပြီး ကျင့်ကြံလို့ရမှာလဲ။ ဒီအချိန်မှာပဲ အပြုံးတစ်ခုပါဝင်နေတဲ့ ကောင်းကင်ကလာတဲ့အသံက ထွက်လာခဲ့တယ်။

[ဟယ်ဟွမ်းဂိုဏ်းက တပည့်တွေရဲ့ လေ့ကျင့်ရေးပုံစံက တကယ်ကိုရှော့ခ့်ရစရာပဲ]

[အတိတ်တုန်းက ကြီးမြတ်သူယွီချင်း ရှိခဲ့တယ်လေ။ တခြားသူတွေက သူ့ကို ပိုပြီးတော့ ချစ်မြတ်နိုးလေလေ သူရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း ပိုပြီးတော့ တိုးတက်လာလေလေပဲ]

[နောက်ပိုင်းကျတော့ ကြီးမြတ်သူလဲ့ချန်း ရှိလာခဲ့တယ်။ သူကတော့ အချစ်ကြောင့် နိုပ်စက်ခံရလေလေ သူရဲ့ကျင့်ကြံရေးအဆင့်က တိုးမြင့်နိုင်လေလေတဲ့]

[အခုကျတော့ ချီရှီ ရောက်လာပြန်ပြီ၊ သူကျတော့ သူရဲ့ချစ်ရသူကို လိုက်ရတဲ့ကာလက အချိန်ကြာရှည်လေလေ သူရဲ့ကျင့်ကြံရေးအဆင့်က တိုးတက်လာလေလေပဲတဲ့]

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ စုန့်ရင်နဲ့ တခြားသူတွေက ပိုလိုတောင် နားမလည်နိုင်အောင် ဖြစ်သွားကြတယ်။

ဒါက ဘာအဓိပ္ပာယ်တဲ့လဲ။

အပြင်လောကကအသံက သူတို့ရဲ့သံသယတွေကို မြန်မြန်ဆန်ဆန်ပဲ အဖြေပေးလိုက်တယ်။

[ဟင်... ဒီတော့ ချီရှီက တစ်စုံတစ်ယောက်ကို လေးစားအားကျသွားပြီး သူရဲ့အင်အားတွေအားလုံးကို ဒီလူအပေါ်ပဲပုံအပ်ထားတဲ့အခါ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အမြန်ဆန်ဆုံး တိုးတက်လာတာပဲ]

[ဒီတော့ ဒီလူကို လိုက်ရတာပိုပြီးတော့ ခက်ခဲလေလေ။ သူမရဲ့ပုံအပ်ထားတဲ့ ခံစားချက်က ပိုပြီးတော့ များလာလေလေ သူရဲ့ကျင့်ကြံရေးက ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်လေလေပဲပေါ့...]

[ဒါပေမဲ့လည်း ဒီလူတွေက သူမ လိုချင်တဲ့ပုံစံမျိုး မတုံ့ပြန်ခဲ့ကြဘူးလေ...]

ဒါကို မြင်လိုက်တဲ့အခါ စူးလီကမနေနိုင်ဘဲ ခေါင်းမော့လိုက်ပြီး ချီရှီကို ထပ်ကြည့်လိုက်မိတယ်။

[သူရဲ့ကျင့်ကြံရေးနည်းလမ်းအရဆိုရင် သူရဲ့ကျင့်ကြံခြင်းအဆင့်က အခုချိန်လောက်ဆိုရင် ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်ကို ရောက်သင့်နေပြီပဲ]

[သူက ဆယ့်ရှစ်ယောက်လုံးကို ဆက်တိုက်လိုက်လာပြီးတဲ့အချိန်တောင်မှ သူရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လိုလုပ်ပြီး အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်တောင် မရောက်သေးတာလဲ]

စူးလီက ကောင်းကင်စာအုပ်ကို တစ်ဖန်လှမ်းကြည့်လိုက်တယ်။

[ဟားဟားဟား ချီရှီက ဘယ်လိုလုပ်ပြီး အဲ့လောက် သနားစရာကောင်းနေရတာလဲ]

[သူရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ဖို့ လိုက်ရတာ အင်မတန်မှ ခက်ခဲတယ်လို့ထင်ရတဲ့ ကျင့်ကြံသူ တစ်ဆယ့်ရှစ်ယောက်နောက်ကိုလိုက်ခဲ့ပေမဲ့ နောက်ဆုံးကျတော့...]

[သူက ဒီလူဆယ့်ရှစ်ယောက်ကို တစ်ယောက်ချင်းစီ လိုက်ရတဲ့အချိန်မှာ ဆယ်ရက်ထက် ပိုမကြာခဲ့ဘူးတဲ့။ သူတို့အားလုံးက သူတို့ရဲ့အချစ်တွေကို သူမဆီမှာ ဖွင့်ဟ ဝန်ခံခဲ့ကြတယ်လေ ဟားဟားဟား...]

[သူမက သူတို့တွေ သူမကို မကြိုက်အောင် ဘယ်လိုပဲ လုပ်ဆောင်နေပါစေ၊ ဘယ်လိုပဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရုပ်ဆိုးနေအောင်လုပ်နေပါစေ ဒါက အသုံးမဝင်ဘူးတဲ့]

[ပိုဆိုးတာက ဒီလူဆယ့်ရှစ်ယောက်လုံးက တစ်ယောက်ထက် တစ်ယောက် ပိုပြီးတော့ ဆိုးရွားနေတာပဲ။ သူတို့တွေက ချီရှီအပေါ်မှာ သူတို့ရဲ့ချစ်မေတ္တာတွေကို ဝန်ခံပြီးသွားရင် သူတို့တွေက သူ့မကို အစေခံတစ်ယောက်လို အပျိုရံတစ်ယောက်လို ဆက်ဆံနေကြသေးတာတဲ့]

[ချီရှီက ထွက်မပြေးဘဲ ဘယ်လိုလုပ်ပြီးတော့ နေမှာလဲ]

[နှစ်သုံးဆယ်! နဂိုက အင်မတန်မှ အရည်အချင်းရှိလှတဲ့ ချီရှီက နှစ်သုံးဆယ်လုံးလုံး ချီကျင့်ကြံရေးအဆင့်မှာပဲ ပိတ်မိနေပြီး သူ့မှာ အုတ်မြစ်တည်အဆင့်ကိုတောင် မဖွဲ့စည်းနိုင်ခဲ့သေးဘူး]

[ဒါက ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ သနားစရာ ကောင်းနေရတာလဲ...]

ကျန်းယွီမှာ ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့ဒေါသတွေကို ဆက်မထိန်းထားနိုင်တော့ဘဲ ဒေါသတကြီးနဲ့ သူ့ရှေ့ကလူကို ကြည့်လိုက်ပြီး သူ့အသံထဲမှာလည်း မယုံကြည်နိုင်မှုအပြည့်တွေ ဖြစ်သွားတော့တယ်။

“ချီရှီ မင်းက ကျင့်ကြံရေးအတွက် ငါနဲ့အတူတူရှိချင်ခဲ့တာလား”

"မင်းငါ့ကို လုံးဝမချစ်ခဲ့ဘူးပေါ့"

တခြားချစ်သူဟောင်းတွေကလည်း ဝိုင်းအုံလာကြပြီး သူတို့တစ်ယောက်ချင်းဆီက ကြီးမားတဲ့မတရားမှုတွေ ခံစားထားရတဲ့ပုံနဲ့ သူတို့ရဲ့မျက်လုံးတွေထဲမှာ ဒေါသနဲ့ စွပ်စွဲချက်တွေအပြည့် ဖြစ်နေတယ်။

အမြဲတမ်းလိုလို ဒေါသကြီးတတ်နဲ့ ဟောင်သဲ့ဂိုဏ်းရဲ့ အကြီးအကဲကတော သူတို့တွေက ချီရှီကို သူတို့ဂိုဏ်းဆီကို ခေါ်ပြန်သွားဖို့ စတင်စီစဥ်တော့တယ်။

ချီရှီက ခေါင်းကိုငုံ့ထားလိုက်ပြီး သူမက တစ်ခုခုလွဲချော်နေတယ်လို့ သတိထားမိလိုက်တဲ့အချိန်မှာ ဂိုဏ်းကို စာတစ်စောင် ပို့ပြီးသား ဖြစ်နေခဲ့တယ်။

အခုတော့ သူတို့တွေကို အချိန်ဆွဲထားဖို့ပဲ ကျန်တော့တယ်။

ဒီလိုစဥ်းစားလိုက်ပြီး သူမက ခေါင်းကိုမော့ကာ ဖြောင့်မတ်တည်ကြည်စွာနဲ့ ပြောလိုက်တယ်။

"ကျွန်မက ဟယ်ဟွမ်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ တကယ်လို့ ကျွန်မက ကျင့်ကြံရေးအတွက် ရှင်တို့နဲ့အတူတူရှိနေတာ မဟုတ်ရင် ကျွန်မက ရှင်တို့ကို ကြိုက်နေတယ်လို့ ထင်နေတာလား"

"ဒီ့အပြင် ကျွန်မတို့တွေက လုံးဝအတူတူရှိနေခဲ့ကြတာ မဟုတ်ပါဘူး။ ရှင်တို့တွေ ကျွန်မကိုဒီလို ဝိုင်းထားကြတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"

"အတူတူ မရှိခဲ့ကြဘူးဟုတ်လား" ချီရှီနဲ့ အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ ကျန်းယွီက အံ့ကြိတ်ထားလိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်တယ်။

"မင်းနောက်ဆိုရင်လည်း ဒီလိုအရမ်းကို စွာတေးလန်နိုင်ပါစေလို့ ငါဆုတောင်းတယ်"

သူမရဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ ဝိညာဥ်စွမ်းအားက ထိန်းချုပ်မှုအနည်းငယ် လွတ်ကင်းသွားတဲ့အချိန်မှာပဲ ဟယ်ဟွမ်းဂိုဏ်းက တောင်ထွတ်သခင်တွေ တော်တော်များများက ဒီကိုရောက်လာကြတယ်။

"ဘယ်သူက ဟယ်ဟွမ်းဂိုဏ်းရဲ့တပည့်တွေကို ထိရဲသလဲ"

ယွမ်ရှန့်နန်းဆောင်သခင်က သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး ရောက်လာတဲ့သူတွေကို ဦးညွှတ် နှုတ်ဆက်လိုက်ကာ နစ်နာသူမျက်နှာတစ်ခုနဲ့ ပြောလိုက်တယ်။

"တောင်ထွတ်သခင်ဟွား ဟယ်ဟွမ်းဂိုဏ်းက တပည့် ချီရှီက ကျုပ်တို့ရဲ့ခံစားချက်တွေကို လှည့်စားခဲ့တယ်။ ခင်ဗျားတို့ဂိုဏ်းက ဒါကို ဘယ်လိုဖြေရှင်းပေးမှာလဲ"

ချီရှီက ချီကျင့်ကြံရေးအဆင့်ပဲ ရှိနေတဲ့သူလေ။ ဟယ်ဟွမ်းဂိုဏ်းက အခြေအနေရဲ့ ပြင်းထန်မှုကို သိပြီး ဒီလိုတပည့်လေးတစ်ယောက်အတွက်နဲ့တော့ ဂိုဏ်းပေါင်းများစွာနဲ့ တခြားကျင့်ကြံသူတွေကို ပြစ်မှားမှာတော့ မဟုတ်ဘူးလို့ ထင်တယ်။

ဒီအချိန်မှာပဲ ကျန်းယွီနဲ့ တခြားသူတွေကလည်း ရှေ့ကိုထွက်လာကြပြီး ဟယ်ဟွမ်းဂိုဏ်းရဲ့ တောင်ထွတ်သခင်တွေကို ဖိအားပေးတော့တယ်။

စူးလီက ဒီလူတွေရဲ့လှုပ်ရှားမှုကို ဂရုမစိုက်ဘဲ သူမစိတ်ထဲမှာ တွေးတွေးဆဆနဲ့ စဥ်းစားနေမိတယ်။

[ပုံမှန်အတိုင်းဆိုရင်တော့ ဟယ်ဟွမ်းဂိုဏ်းက တပည့်တွေက ဟယ်ဟွမ်းရဲ့ စိတ်ကျင့်စဥ်အတိုင်း ကျင့်ကြံကြတာပဲ။ ထူးခြားတဲ့နည်းလမ်းတစ်ခုနဲ့ ကျင့်ကြံပြီး တာအိုလောကထဲကို ဝင်နိုင်ခဲ့ကြတဲ့သူတွေကလည်း အင်မတန်မှ အရည်အချင်းရှိကြတဲ့သူတွေပဲလေ။ တကယ်လို့ ဒီလူဆယ်ရှစ်ယောက်သာ လိုက်ရတာ အဲ့လောက်မလွယ်ကူဘူးဆိုရင် ချီရှီက အခုချိန်လောက်ဆိုရင် ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်တောင် ရောက်နှင့်နေလို့ အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့်တောင် ရောက်ချင်ရောက်နေလောက်ပြီ...]

[ဒါပေမဲ့ အခုကျတော့ ဒါက လမ်းဆုံးရောက်သွားတဲ့ပုံပဲ]

[လူတစ်ယောက်ကို လိုက်ရတာ ပိုပြီးတော့ပေး ဆပ်ရလေလေ ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ မြန်မြန်ဆန်ဆန်တိုးတက်လေ ဖြစ်ရမှာ ဒါပေမဲ့လည်း ပိုပြီးတော့ပေးဆပ်လေလေ ဒီလူက ချီရှီအပေါ် ဖွင့်ဟဝန်ခံပြီး စိတ်ခံစားချက်ရှိသွားနိုင်တဲ့ ဖြစ်နိုင်ခြေက ပိုမြင့်လေလေဖြစ်နေတယ်]

[ခဏနေအုံး...]

စူးလီရဲ့မျက်လုံးတွေက တစ်ခုခုကိုသတိရသွားပြီး ရုတ်တရက် လင်းလက်သွားတော့တယ်။

[အကြီးအကဲယွီချင်းက သူရဲ့ကိုယ်ပိုင်နည်းလမ်းကို အသုံးချပြီး သူ့ကိုယ်သူ ပြန်လိုက်ပြီး သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မဟာယနကျင့်ကြံခြင်းအဆင့်ထိရောက်အောင် တိုးမြှင့်နိုင်ခဲ့တယ်။ နောက်ပိုင်းကျတော့ ကိုယ်ပွားကို ပေါင်းစည်းလိုက်ပြီးတဲ့နောက်မှာ သူက လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်...]

[တကယ်လို့ ချီရှီကသာ ကိုယ်ပွားတစ်ခုကို သန့်စင်နိုင်ပြီး သူမရဲ့ကိုယ်ပွားကို နှစ်ပေါင်းတစ်ရာ ဒါမှမဟုတ် နှစ်ပေါင်းရှစ်ဆယ်လောက် လိုက်ခဲ့မယ်ဆိုရင် သူ လိုချင်တဲ့ခက်ခဲမှုကို ရလာလိမ့်မှာပဲလေ...]

[ပြောရရင်တော့ ကျင့်ကြံခြင်းအဆင့်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်ချင်လေလေ ပိုပြီးတော့ကြာကြာလေး လိုက်ဖို့လိုလေလေ ဖြစ်နေတာပဲ...]

[ဝိုး ဟယ်ဟွမ်းဂိုဏ်းက နောက်ထပ် လေဟာနယ်ကျင့်ကြံခြင်းအဆင့် ကြီးမြတ်သူတစ်ယောက်ကို ရလာတော့မှာပဲ]

လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကြီးမြတ်သူယွီချင်းက ဒီကိုရောက်လာတာနဲ့ ချက်ချင်း အပြင်လောကက စကားသံကို ကြားလိုက်ရတယ်။ သူမက ရုတ်တရက် ငြိမ်ငြိမ်လေးရပ်သွားပြီး မျက်လုံးထဲမှာလည်း အံ့သြမှုအပြည့် ဖြစ်သွားတယ်။

သူမက တောက်ပနေတဲ့မျက်လုံးတွေနဲ့ လူအုပ်ကြီးရဲ့အလယ်မှာ ရှိနေတဲ့ ချီရှီကို လှမ်းကြည့်လိုက်တယ်။

ဒါက သူမရဲ့ ပညာတွေကို ပြီးပြည့်စုံအောင်ဆက်ခံနိုင်မဲ့ တပည့်တစ်ယောက်ပဲ။

“ဘယ်သူက ငါ့တပည့်ကိုထိရဲလဲ ကြည့်လိုက်အုံးမယ်”

သူမက လျှပ်တစ်ပြက်ဆိုသလိုပဲ ချီရှီရဲ့ဘေးမှာ ပေါ်လာခဲ့တယ်။

"ငါ့တပည့်အလိမ္မာလေး၊ ငါ မင်းကိုရှာနေတာ နှစ်ပေါင်းတစ်ထောင်ကျော်တောင် ရှိသွားပြီ။ နောက်ဆုံးတော့ အခုမှပဲ မင်းကို ရှာတွေ့တော့တယ်ကွယ်”

...

All Chapters