အခန်း ၁၄၈
Vol. 10 Ch. 148
အပိုင်း (၁၄၈)
ကြီးမြတ်သူနှစ်ယောက်ရဲ့ ခြိမ်းခြောက်မှုအောက်မှာ အပေါ်ယံမှာတော့ စူးလီနဲ့ ကြီးမြတ်သူယွီချင်းလို အဆင့်မြင့်ကျင့်ကြံရေး ပိုင်ဆိုင်ထားတဲ့ ကြီးမြတ်သူတချို့ကလွဲရင် လင်ဖုန်းပတ်ဝန်းကျင်မှာ တခြားကျင့်ကြံသူတွေ မရှိကြလေဘူး။
ဒါပေမဲ့...
အတင်းအဖျင်းကို နားထောင်ရတာကြိုက်တဲ့လူတွေက ကျင့်ကြံရေးလောကထဲမှာ အများကြီးလေ။
ဒါကြောင့် ဒီမြင့်မြတ်တောင်ထွတ်က အပေါ်ယံမှာ တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့တယ်လို့ ထင်ရပေမဲ့လည်း တကယ်တမ်းကျတော့ ဒီတောင်ထဲမှာ တိတ်တိတ်လေး ပုန်းနေကြတဲ့ ကျင့်ကြံသူတွေမှ အများကြီးပဲ။
ဒီလူတွေကလည်း သူတို့ရဲ့စိတ်ထဲမှာ အတွေးကိုယ်စီ ရှိနေကြတယ်လေ။ သူတို့တွေကို တွေ့သွားကြတယ်ဆိုရင်တောင် အလွန်ဆုံး သူတို့တွေက ဒီနေရာမှာ လေ့ကျင့်နေတယ်လို့ ပြောလိုက်ရုံပဲပေါ့။
နောက်ဆုံး ကောင်းကင်နိယာမက အားလုံးကိုအပြစ်ပေးတာမှ မဟုတ်ပဲ...
ဒါက ကြီးမြတ်သူနှစ်ယောက်ကြားက တိုက်ခိုက်မှုကို သူတို့ဘဝမှာ ကိုယ်တိုင်မျက်မြင်ကြုံတွေ့နိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးလေ။ ဒီလောက်များပြားတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေတယ်ဆိုတော့ ပြောစရာတောင် မလိုတော့ဘူးပေါ့။
အပြင်လောကကအသံဆီကနေ ကြီးမြတ်သူနှစ်ယောက် လက်ရည်ချင်းယှဥ်ရတဲ့ အကြောင်းအရင်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ လူတချို့က မနေနိုင်ဘဲ ချောင်းဆိုးသွားကြတော့တယ်။
ဒီလိုသက်ပြင်းချစရာကောင်းပြီး နှမြောစရာကောင်းတဲ့ အခြေအနေက ကြီးမြတ်သူယွမ်လင်းဆီမှာ တကယ်တမ်း ဖြစ်ပျက်သွားခဲ့တဲ့သတဲ့လား။ ကြီးမြတ်သူက အရမ်းဒေါသထွက်သွားတာလည်း မဆန်းတော့ပါဘူး။
ကျင့်ကြံရေးလောကထဲကို ကြည့်လိုက်မယ်ဆိုရင် ကိုယ် နှစ်နှစ်ကာကာချစ်နေတဲ့လူတစ်ယောက်က ရုတ်တရက် ကိုယ့်ရဲ့မေမေလေး ဖြစ်လာတာကို ဘယ်သူက လက်ခံနိုင်ပါ့မလဲ။
ဒါပေမဲ့လည်း...
ကြီးမြတ်သူယွမ်လင်းနဲ့ သူ့အဖေ ကြီးမြတ်သူရွေ့အန်းတို့ နှစ်ယောက်စလုံးက မဟာယန ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကြီးမြတ်သူတွေလေ။
သူ့ကျင့်ကြံရေးအဆင့်က ကျွမ်းကျင်နှံ့စပ်တဲ့အပြင် သူ့မိသားစုနောက်ခံကလည်း ကျင့်ကြံရေးလောကထဲမှာ ထိပ်တန်းမိသားစုတွေထဲက တစ်ခုပဲ။ လူအများအပြားက သူ့ဆီမှာ ကိုယ့်ဟာကို ပေးဆပ်လိုက်တာကလည်း ပုံမှန်ပဲလေ။ ဒါပေမဲ့ အခုကျတော့... ကြီးမြတ်သူနှစ်ယောက်စလုံးက အမျိုးသမီးကျင့်ကြံသူတစ်ယောက်ထဲကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့သတဲ့လား။
အပြင်လောကကလာတဲ့ စကားသံ ပြောလိုက်တဲ့အဓိပ္ပာယ်ကို ထောက်ချင့်မယ်ဆိုရင် ကြည့်ရတာ ဒီအမျိုးသမီးကျင့်ကြံသူကို ကြီးမြတ်သူယွမ်လင်းက အရင်ဆုံး တွေ့ခဲ့တဲ့ပုံပဲ။ ဧကန္တ အဖေနဲ့သားက အမျိုးသမီးတစ်ယောက်အတွက် တိုက်ခိုက်နေကြသတဲ့လား။
ဒီလိုစဥ်းစားလိုက်ပြီး အားလုံးရဲ့ မျက်လုံးထဲက အမူအရာတွေက ပိုပြီးသိချင်စိတ်ဖြစ်လာတော့တယ်။ အပြင်လောကကလာနဲ့အသံကလည်း သူတို့နဲ့ အတွေးတစ်ခုတည်းဆိုတာ သိသာတယ်။
[နောက်ဆုံးမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကြည့်လိုက်အုံးမယ်...]
စူးလီက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး စိတ်ဝင်စားခြင်းကြီးစွာနဲ့ ကောင်းကင်စာအုပ်ကို လှန်လှောကြည့်ရှုလိုက်တယ်။
[ကျွတ်ကျွတ်... ဟိုတုန်းက ကြီးမြတ်သူယွီလင်းက ကြီးမြတ်သူချင်းဖုန်း ပြောခဲ့တဲ့နေရာကို သွားခဲ့ပြီး အဲ့ဒီနေရာမှာ သန်မာ လှပပြီး အရည်အချင်းရှိတဲ့ လင်းဟန်နဲ့ တွေ့ဆုံခဲ့သတဲ့...]
[အဲ့ဒီတုန်းက ကြီးမြတ်သူယွမ်လင်းက လင်းဟန်က နည်းနည်းလေး ထူးခြားတယ်လို့ စဥ်းစားမိခဲ့တာပေါ။ ဒါပေမဲ့ သူက ကြီးမြတ်သူချင်းဖုန်း သူ့အတွက် တွက်ချက်ပေးခဲ့တဲ့ ဗေဒင်ကို ပြန်စဥ်းစားမိလိုက်တဲ့အချိန်မှာ သူမက သူနဲ့ရေစက်ပါတဲ့ တာအိုလက်တွဲဖော်လို့ အခိုင်အမာ ယုံကြည်သွားခဲ့တယ်တဲ့]
[ကံကြမ္မာကြောင့် တွေ့ဆုံခဲ့ကြတဲ့ တာအိုလက်တွဲဖော်... နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် ချစ်ခြင်းတရားကို မခံစားခဲ့ဘူးတဲ့ ကြီးမြတ်သူယွမ်လင်းက ဒီစကားလုံးရဲ့ဆွဲဆောင်မှုကို ဘယ်လိုလုပ်ပြီး လွန်ဆန်နိုင်ပါ့မလဲ]
[ဒီတော့ နောက်တစ်ချိန်မှာပဲ သူက လင်းဟန်နဲ့နီးစပ်အောင် နည်းလမ်းမှန်သမျှနဲ့ ကြိုးစားတော့တယ်]
[လင်းဟန်က တော်တော်လေးကို လှပတဲ့အပြင် သူက အရမ်းကိုဉာဏ်ကောင်းပြီး ဇွဲနပဲလည်း ကြီးရှာတယ်။ ကံကြမ္မာက ယှဥ်တွဲပေးတဲ့ တာအိုလက်တွဲဖော်ဆိုတဲ့စကားလုံးရဲ့ လွှမ်းမိုးခံလိုက်ရပြီးတဲ့နောက်မှာ ဒီကြီးမြတ်သူယွမ်လင်းကလေ နောက်ဆုံးတော့ ချစ်ခင်မြတ်နိုးသွားတော့တာပေါ့...]
ဒီစကားကို ကြားလိုက်ရပြီတဲ့နောက်မှာ ကြီးမြတ်သူယွမ်လင်းက ဒေါသတကြီး ကြီးမြတ်သူချင်းဖုန်းနဲ့ စာရင်းလာရှင်းတဲ့အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားကြတော့တယ်။
ဒီဆိုးရွားတဲ့ရေစက်နဲ့ ဆက်ဆံရေးတစ်ခုက ကြီးမြတ်သူချင်းဖုန်းကြောင့် ဖြစ်လာခဲ့တာကိုး။
ကြီးမြတ်သူချင်းဖုန်း တွက်ချက်ပေးခဲ့တဲ့ ဗေဒင်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကြီးမြတ်သူယွမ်လင်းက ဘယ်လိုလုပ်ပြီးတော့ သူရဲ့မေမေလေးအပေါ် နက်ရှိုင်းတဲ့ခံစားချက်တွေ ရှိလာပါ့မလဲ။
[လင်းဟန်ကတော့ ကြီးမြတ်သူယွမ်လင်းကို သာမန်မိတ်ဆွေတစ်ယောက်လိုပဲ သဘောထားတာလေ]
[ဒါပေမဲ့ ကြီးမြတ်သူယွမ်လင်းကတော့ လင်းဟန်က သူရဲ့ ရေစက်ပါလာတဲ့ တာအိုလက်တွဲဖော်လို့ အခိုင်အမာ ယုံကြည်နေခဲ့တာ။ ဒီတော့ သူက လင်းဟန်ကို ယွမ်မိသားစုထဲရောက်အောင် အကောင်းဆုံး ကြိုးစားခဲ့တာပေါ့...]
[ကျွတ်ကျွတ် လင်းဟန်က အရမ်းကို အရည်အချင်းရှိပြီးသားပဲ၊ လင်းမိသားစုရဲ့ အရင်းအမြစ်တွေနဲ့ ထောက်ပံ့ပေးလိုက်တဲ့အခါ သူက ယွမ်မိသားစုရဲ့ ဧည့်အကြီးအကဲတစ်ယောက် ဖြစ်လာပြီး ယွမ်မိသားစုအတွက် အများကြီး အကျိုးဆောင်ပေးခဲ့တာပဲ]
[ဒီအချိန်မှာ ဆယ်နှစ်ကျော်ကြာအောင် ဂူပိတ်ပြီးကျင့်ကြံနေတဲ့ ကြီးမြတ်သူယွမ်လင်းရဲ့အဖေဖြစ်သူ ရွေ့အန်းကလည်း... ထွက်လာခဲ့တော့တယ်]
ဒီအချိန်မှာတော့ စူးလီက သိလိုစိတ်အပြည့်နဲ့ ကောင်းကင်စာအုပ်ထဲက ကြီးမြတ်သူရွေ့အန်းရဲ့ ရုပ်ပုံလွှာကို ကြည့်လိုက်တယ်။
တောက်ပတဲ့မျက်လုံးတွေနဲ့ ဓားသွားလိုမျက်ခုံးတွေ ပိုင်ဆိုင်ထားပြီး တည်ငြိမ်ထည်ဝါတဲ့ ရွေ့အန်းက လုံးဝ အရွယ်တင်နေတာကို ကြည့်လိုက်မိပြီး စူးလီက မရင့်ကျက်ဘဲ စိတ်လိုက်မာန်ပါနိုင်တဲ့ ယွမ်လင်းကို မော့ကြည့်လိုက်ကာ အံ့သြမနေဘဲ ခေါင်းညိတ်မိလိုက်တော့တယ်။
[ကြီးမြတ်သူရွေ့အန်းရဲ့ ရုပ်အသွင်နဲ့စိတ်သဘောထားက သူ့သားထက်ကို အများကြီး ပိုကောင်းနေတာပဲကိုး။ ကြီးမြတ်ယွမ်လင်းက လင်းဟန်ကို ဆယ်နှစ်လောက် လိုက်ခဲ့ပေမဲ့လည်း သူမကို ရယူဖို့ကျဆုံးခဲ့တာလည်း မဆန်းတော့ဘူးလေ။ ကြီးမြတ်သူရွေ့အန်းက ကျင့်ကြံရာကနေထွက်လာပြီး ဆယ်ရက်အကြာမှာပဲ လင်းဟန်နဲ့ ချစ်ကျွမ်းဝင်သွားခဲ့တယ်တဲ့...]
[ဒီကာလအတောအတွင်းမှာ ကြီးမြတ်သူရွေ့အန်းက သူနဲ့လင်းဟန်တို့အတွက် တာအိုစုံတွဲအခမ်းအနားကို ပြင်ဆင်နေတယ်လေ]
[ဟားဟားဟား ကြီးမြတ်သူယွမ်လင်းက သိပ်မကြာခင်မှာ သူရဲ့အခေါ်အဝေါ်ကို တရားဝင်ပြောင်းလဲပြီး လင်းဟန်ကို တလေးတစားနဲ့ မေမေလေးလို့ခေါ်ရတော့မှာပဲ...]
ဒီစကားကို ကြားလိုက်ရတဲ့အခါ အားလုံးက လေထဲမှာရှိနေတဲ့ ကြီးမြတ်သူယွမ်လင်းကို မနေနိုင်ဘဲ ကြည့်လိုက်ကြတော့တယ်။
ကြီးမြတ်သူယွမ်လင်းက... အရမ်းသနားစရာကောင်းနေတာပဲ။
ကြီးမြတ်သူယွမ်လင်းက ဒီစူးရှတဲ့အကြည့်တွေကို ခံစားမိနေတယ်။ သူက အံ့ကြိတ်ထားလိုက်ပြီး အေးစက်နေတဲ့အကြည့်တစ်ခုနဲ့ ကြီးမြတ်သူချင်းဖုန်းကို ကြည့်လိုက်တယ်။
သူက အဖေဖြစ်သူရဲ့ အရည်အချင်းကို ပြီးပြည့်စုံနေအောင် အမွေရထားခဲ့ပြီး ငယ်ငယ်ကတည်းက ကျင့်ကြံရေးမှာပဲ စိတ်နှစ်ထားရအောင် အဖေဖြစ်သူရဲ့ ဖိအားပေးခံခဲ့ရပြီး သူ စိတ်အာရုံလွင့်သွားတာကို ကာကွယ်ဖို့အတွက် သူ့ပတ်ဝန်းကျင်မှာ ရုပ်ရည်ချောမောတဲ့ အမျိုးသမီး၊ အမျိုးသားတွေတောင် မရှိတော့ဘူးတဲ့လေ။
သူက နောက်ဆုံးတော့ သူ့အဖေရဲ့မျှော်မှန်းချက်ကို ပြည့်မီနိုင်ခဲ့ပြီး မဟာယနကျင်ကြံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့တယ်။ နောက်ဆုံးတော့ သူ့အဖေရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားနိုင်ခဲ့ပြီး သူလုပ်ချင်တာကို လုပ်နိုင်သွားခဲ့တယ်တဲ့။
သူရဲ့တာအိုလက်တွဲဖော်အတွက်၊ လှပတဲ့မျှော်မှန်းချက်တွေအတွက် သူက ငွေပမာဏ အများကြီးကို သုံးခဲ့ပြီး ကြီးမြတ်သူချင်းဖုန်းကို သွားရောက်ရှာဖွေခဲ့ပြီး သူ့အတွက်မင်္ဂလာပွဲကို တွက်ချက်ခိုင်းခဲ့တာပေါ့။
ဒီလိုစဥ်းစားလိုက်ပြီး ကြီးမြတ်သူယွမ်လင်းရဲ့ မျက်လုံးတွေထဲမှာ သွေးရဲရဲနီသွားတော့တယ်။
ဟုတ်တယ်။ သူက ကြီးမြတ်သူချင်းဖုန်းရဲ့ ညွှန်ကြားချက်ကြောင့်ပဲ ဟန်အာနဲ့ အမှန်တကယ် တွေ့ခဲ့တယ်။ ဒါပေမဲ့...
"ကြီးမြတ်သူချင်းဖုန် ခင်ဗျားက ခင်ဗျားရဲ့ဆံပင်အတွက် မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေကို မှားယွင်းတွက်ချက်ပေးခဲ့တယ်လို့ ကျုပ် ကြားထားတယ်"
ကြီးမြတ်သူယွမ်လင်းရဲ့အသံက သွားကြားထဲကနေ ညှစ်ပြီးထွက်လာရတဲ့အသံလိုပဲ။
သူက တစ်လုံးချင်း မေးခွန်းထုတ်လိုက်တယ်။
"ကျုပ်က ခင်ဗျားကို ဆုလာဘ်အနေနဲ့ ဝိညာဥ်ကျောက်တုံး တစ်သောင်းတောင် ပေးခဲ့တယ်လေ။ ခင်ဗျားက ကျုပ်ကိုလှည့်စားဖို့အတွက် အတုအယောင်တွက်ချက်မှုကို တကယ်ပဲ အသုံးပြုခဲ့တယ်တဲ့လား"
ဒီအချိန်မှာတော့ ကြီးမြတ်သူချင်းဖုန်းရဲ့ ရင်ဘတ်ကို ပို့လွှတ်လိုက်တဲ့ ဝိညာဥ်စွမ်းအင်တွေက ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီး ကြီးမြတ်သူချင်းဖုန်းရဲ့ ခေါင်းတည့်တည့် ပြေးဝင်သွားတော့တယ်။
နောက်စက္ကန့်မှာပဲ တောက်ပပြီး အင်မတန်မှ ပြောင်းရှင်းနေတဲ့ ခေါင်းတစ်လုံးက အားလုံးရဲ့ရှေ့မှာ ပေါ်လာခဲ့တယ်။
ဒိနေရာမှာ ခိုးပြီးနားထောင်နေကြတဲ့ ကျင့်ကြံသူတွေက ကြီးမြတ်သူချင်းဖုန်းကို ဒီလိုပုံစံ တွေ့လိုက်ရတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာ အတွေးတစ်ခုသာရှိတော့တယ်။
တကယ်ကြီး...ခေါင်းပြောင်နေတာပဲ။
သူတို့တွေက ကျန့်ရွှမ်ထဲက အတင်းအဖျင်းကဏ္ဍမှာ ကြီးမြတ်သူချင်းဖုန်းရဲ့ ခေါင်းပြောင်ကြီးအကြောင်းကို မြင်ခဲ့ပြီးပြီဆိုပေမဲ့လည်း... မြင်ရမှပဲ ယုံရတော့တာပဲ။
ဒီအချိန်မှာတော့ ကြီးမြတ်သူချင်းဖုန်းက ကြီးမြတ်သူယွမ်လင်းရဲ့ မဲပြာနေအောင် ရိုက်နှက်ခံထားရပြီး သူရဲ့ပြောင်နေတဲ့ခေါင်းကလည်း အရင်တုန်းက ကြီးမြတ်သူချင်းဖုန်းရဲ့ ရုပ်သွင်တစ်စက်လေးမှ မကျန်လေတော့ဘူး။
ကြီးမြတ်သူချင်းဖုန်းက သူ့ခေါင်းပေါ်မှာ အေးစိမ့်စိမ့်ခံစားချက် ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းတွေက အဆက်မပြတ် တုန်ယင်သွားတော့တယ်။ ကြီးမြတ်သူယွမ်လင်းရဲ့ လက်သီးက သူ့မျက်နှာကို ထပ်ပြီးထိုးမိတော့မဲ့အချိန်မှာပဲ သူက မြန်မြန်ပြောလိုက်တော့တယ်။ သူ့အသံထဲမှာလည်း မျိုသိပ်ထားရတဲ့ ဝမ်းနည်းမှုတစ်ခု သယ်ဆောင်ထားလေရဲ့။
"ကျုပ် ခင်ဗျားကို မှားယွင်းတွက်ချက်ပေးခဲ့တာ မဟုတ်ပါဘူး"
အဲ့ဒီနေ့က တွက်ချက်မှုက သူ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ ပြုလုပ်ထားပြီး သေသေချာချာ တွက်ချက်ပေးခဲ့ပြီး သူရဲ့ဆံပင်ပေါင်း ဆယ့်နှစ်ပင်ကျော်တောင်မှ သုံးထားခဲ့သေးတာပဲ။
"ဟောကိန်းက အမှားမဟုတ်ဘူးတဲ့လား"
ဒီစကားကို ကြားလိုက်ရပြီးတဲ့အခါ ကြီးမြတ်သူယွမ်လင်းရဲ့လက်ထဲက ဝိညာဥ်စွမ်းအင်တွေက အရင်တုန်းကထက်တောင် ပိုပြီးပြင်းထန်လှခဲ့တယ်။
"ကျုပ်က ဒါကို ယုံလိမ့်မယ်လို့ ခင်ဗျားက ထင်နေတာလား"
"ကျုပ်အဖေက အခုဆိုရင်..."
[သူ တကယ်မလိမ်ခဲ့ပါဘူးလေ...]
စူးလီက ကြီးမြတ်သူချင်းဖုန်းရဲ့ ခေါင်းတုံးကြီးကို အချိန်အကြာကြီး ကြည့်နေမိတယ်။ ကြီးမြတ်သူ ယွမ်လင်းရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိနဲ့ လှန်လှောကြည့်လိုက်တယ်။ စာအုပ်ထဲက စကားလုံးတွေ မြင်လိုက်ရပြီးတဲ့နောက်မှာ သူမက သူမရဲ့အသံထဲမှာ ကံဆိုးလေခြင်းဆိုတဲ့ ခံစားချက်တစ်ခုကို မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့တယ်။
[ဒီဟောကိန်းက ကြီးမြတ်သူချင်းဖုန်းက မရေမတွက်နိုင်တဲ့ဆံပင်တွေနဲ့ သုံးနာရီကျော်ကြာအောင် အချိန်ပေးပြီး တကယ် ဂရုတစိုက်တွက်ချက်ပေးခဲ့တဲ့ဟာပဲ]
[အဲ့လိုမှမဟုတ်ဘူးဆိုရင် အချိန်နဲ့နေရာကို အဲ့လောက်ရှင်းရှင်းလင်းလင်း ဘယ်ထောက်ပြနိုင်ပါ့မလဲ...]
[ဒါပေမဲ့ ဒီဟောကိန်းက တကယ်ပဲအကဲဖြတ်ဖို့ ခက်ခဲတယ်လေ...]
[အဲ့ဒီတုန်းက လင်းဟန်ကလည်း ကြီးမြတ်သူယွမ်လင်းနဲ့ ရေစက်တစ်ခု ရှိခဲ့ပါတယ်။ တကယ့်ကို ကြီးမားတဲ့ရေစက်ပဲ...]
[သူက ရှင့်ရဲ့မေမေလေးဖြစ်လာမဲ့သူလေ ဘယ်လိုလုပ်ပြီးတော့ ရှင်နဲ့လက်တွဲဖော်ဖြစ်နိုင်ပါ့မလဲ]
[ကြီးမြတ်သူချင်းဖုန်းရဲ့ ရှေးဖြစ်ဟောချက်ကလည်း သူ့ရဲ့အတွက်အချက်က မတိကျဘူးလို့ ရှင် ပြောခဲ့တယ်နော်။ ဒါပေမဲ့လည်း တကယ်တမ်းကျတော့ သူ မှန်နေတဲ့အချက်တွေမှ အများကြီးပဲ၊ သူရဲ့ကြိုတင်ဟောကိန်းတွေက တိကျတယ်လို့ ရှင်ပြောခဲ့တယ်။ ဒါပေမဲ့လည်း သူက ဟောကိန်းတစ်ခုတည်းနဲ့ ကြီးမြတ်သူယွမ်လင်းကို သနားစရာကောင်းတဲ့သူဖြစ်အောင် လုပ်နိုင်ခဲ့သေးတာပဲ]
အပြင်လောကက လာတဲ့အသံ ထွက်လာတာနဲ့ချက်ချင်း ကြီးမြတ်သူယွမ်လင်းရဲ့ လက်သီးတွေက ကြီးမြတ်သူချင်းဖုန်းဖက်ကို ဝေ့ယမ်းသွားတော့တယ်။
အမွှေးတိုင် တစ်တိုင်စာအပြီးမှာတော့ ဒေါသကိုဖွင့်ချပြီးခဲ့တဲ့ ကြီးမြတ်သူယွမ်လင်းက အရမ်းကို ရှက်ရွံ့စရာကောင်းတဲ့အခြေအနေတစ်ခုနဲ့ မြေကြီးပေါ်မှာ လှဲလျောင်းနေတဲ့ ကြီးမြတ်သူချန်းဖုန်းကို ချန်ပြီး ထွက်သွားခဲ့တော့တယ်။
အားလုံးက ဒီကိစ္စပြီးသွားပြီလို့ ထင်ထားခဲ့တဲ့အချိန်မှာပဲ နောက်ထပ်ပုံရိပ်တစ်ခုက လေထဲမှာ ပျံသန်းလာခဲ့လေရဲ့။
ရောက်လာတဲ့သူကတော့ ရဲရဲတောက်နီနေအောင် ဝတ်စားထားတဲ့ဝတ်စုံတစ်ခုနဲ့ လူပဲ။ သူမက အံ့ကြိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ သူမရဲ့မျက်လုံးတွေက ကြီးမြတ်သူချင်းဖုန်းကို ကျော်ပြီး မရပ်မနားနိုင်အောင် ပတ်ရှာနေတော့တယ်။ သူမက ထျန်းကျီးဂိုဏ်းကတပည့်တစ်ယောက်ကို လှမ်းဆွဲလိုက်ပြီး အံ့ကြိတ်ကာ မေးလိုက်လေရဲ့။
"ထျန်းကျီးဂိုဏ်းရဲ့ ကြီးမြတ်သူချင်းဖုန်း ဘယ်မှာလဲ"
ထျန်းကျီးဂိုဏ်းကတပည့်က ဇဝေဇဝါနဲ့ သူမ အခုလေးတင် ဖြတ်လျှောက်လာတဲ့နေရာကို လက်ညိုးထိုးပြလိုက်တယ်။
"လူကြီးမင်းက ... ဟိုမှာပါ"
အနီရောင်ဝတ်စုံ ဝတ်စားထားတဲ့အမျိုးသမီးက ပွန်းပဲ့ဒဏ်ရာနဲ့ ရောင်ကိုင်းနေတဲ့ မြေကြီးပေါ်ကပုံရိပ်ကို မြင်သွားပြီး အခိုက်တန့် အံ့သြသွားတော့တယ်။ အဲ့ဒီနောက်မှာတော့ သူမက မျက်ခုံးတွေကို ပင့်ထားလိုက်ပြီး ဒေါသတကြီးနဲ့ လျှောက်သွားလိုက်နဉါ။ သူမက သူမရဲ့လက်တွေကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သုန်မှုန်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ကြီးမြတ်သူချင်းဖုန်း ရှင်ကျွန်မကို ကောင်းမွန်တဲ့ဟောကိန်းတစ်ခု ဟောပေးလိုက်တယ်ဆို"
[ကျွန်မက ရှင့်ကို ကျွန်မရဲ့အခွင့်အရေး ဘယ်မှာလဲလို့ မေးခဲ့တာလေ။ ရှင်ကတော့ ဟွားထျန်းမြို့ ချွန်းရှန်းဂေဟာမှာလို့ ပြောခဲ့တယ်]
သူမရဲ့အသံက အေးစက်လွန်းလို့ လူတွေကိုတောင်မှ အေးခဲသွားမယောင်ပါပဲ။
“ကျွန်မ အဲ့ဒီမှာ နှစ်နှစ်လုံးလုံး နေလာခဲ့ပြီးပြီ၊ ကျွန်မရဲ့ကျင့်ကြံခြင်းအဆင့်က မတိုးတက်လာတဲ့အပြင် ရွံ့စရာကောင်းသလိုဖြစ်ခဲ့ရပြီး အဆင့်တစ်ဝက်တောင်မှ လျော့ကျသွားသေးတယ်”
စူးလီက ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ တွေးတွေးဆဆနဲ့ ကောင်းကင်စာအုပ်ကို လှန်လှောကြည့်လိုက်တယ်။
[ချွန်းရှန်းဂေဟာ ငါ အမှတ်မမှားဘူးဆိုရင်...]
[ဟုတ်နေပါပြီ ချွန်းရှန်းဂေဟာကလည်း ဆောင်ကြာမြိုင် အဆောက်အအုံတစ်ခုပဲလေ၊ ချွန်းဖုန်းဂေဟာနဲ့ အရမ်းကိိုနီးတာပေါ့...]
[အလှဆုံးဂေဟာရှင်ရွေးပွဲမှာ မိတ်ကပ်အပြည့်နဲ့ ကလူကျီစယ်ပြီး ပါဝင်ခဲ့ကြတဲ့ အဲ့ဒီလူရည်မွန်တချို့က ချွန်းရှန်းဂေဟာကပဲ ထင်တယ်...]
[ဟဲ့... အဲ့ဒီနေရာမှာ သုံးလလောက် နေလာပြီးတဲ့နောက်မှာတော့ ဒီလူရဲ့ကျင့်ကြံခြင်းအဆင့်က ရွံ့ရှာခံရတဲ့ ထိခိုက်မှုကြောင့် အဆင့်လျော့ကျသွားတာလည်း မဆန်းတော့ဘူးလေ]
[နေပါအုံး...]
[ဒီလိုပြောလို့ ကြီးမြတ်သူချင်းဖုန်း တွက်ချက်ပေးခဲ့တဲ့တစ်ယောက်က ချွန်းဖုန်းဂေဟာထဲက ကံကောင်းတဲ့မိန်းမ ကံတရားပါတဲ့ လူတစ်ယောက်လေ၊ ဒါက ချွန်းရှန်းဂေဟာနဲ့ ဆန့်ကျင်ဖက်ပဲပေါ့]
[အလိုဟယ်... ဒီဟောကိန်းကအရမ်းကို တိကျသလို လုံးဝကို မတိမကျတာပဲ၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်နေရတာလဲ]
ဒီလိုစဥ်းစားလိုက်ပြီး စူးလီက ခေါင်းမော့လိုက်ကာ အနည်းငယ် သနားစိတ်နဲ့ အလည်လာသူကို ကြည့်လိုက်တော့တယ်။
[သူမရဲ့အခွင့်အရေးက တစ်အိမ်ကျော်လေးမှာ ရှိနေပေမဲ့ နှစ်နှစ်တောင် နှောင့်နှေးသွားရတယ်ဆိုတာကို သိသွားလို့ကတော့ဖြင့်...]
[ကျွတ်ကျွတ်... သူက အခုချိန်မှ အဲဒီကံကောင်းတဲ့ ဇနီးသည်ကံတရား ပိုင်ဆိုင်ထားတဲ့သူကို ရှာချင်တယ်ဆိုရင်တောင် နောက်ထပ် နှစ်ခုနှစ်ဆယ်ကျော်လောက် တန်းစီပြီးစောင့်ရအုံးမှာပဲ...]
နောက်ထပ် စိတ်လှုပ်ရှားစရာ တိုက်ပွဲတစ်ခု...
နောက်ဆုံးတော့ အနီရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးက သူ့ဒေါသတွေကို ဖွင့်ထုတ်ပြီးတဲ့နောက်မှာ သူမရဲ့အင်္ကျီလက်ကို ဝေ့ယမ်းပြီး ကွေးယွမ်ဂိုဏ်းကို ထွက်သွားလေတော့တယ်။
ကြီးမြတ်သူချင်းဖုန်းဆိုတာ ထျန်းကျီးဂိုဏ်းရဲ့ ကြီးမြတ်သူတစ်ယောက်ပဲလေ။ သူ့မှာ ကျင့်ကြံရေးအဆင့် မြင့်မားတဲ့အပြင် ထျန်းကျီးဂိုဏ်းရဲ့ အကာအကွယ်တစ်ခုလည်း ဖြစ်နေတာပဲ။ ကြီးမြတ်သူချင်းဖုန်းနဲ့ လာပြီးစာရင်းရှင်းကြတဲ့ ကျင်ကြံသူတွေက တိုက်ခိုက်မှုတစ်ခုနဲ့ပဲ လာပြီးစာရင်းရှင်းကြရတာပေါ့။
ဒါကြောင့် ထျန်းကျီးဂိုဏ်းက ကြီးမြတ်သူချင်းဖုန်းနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးကို ကွေးယွမ်ဂိုဏ်းကို အတူတူလာခွင့် ယုံယုံကြည်ကြည်နဲ့ ပေးထားခဲ့တာ။
ကြီးမြတ်သူချင်းဖုန်းက အရိုက်ခံရလိမ့်မယ်ဆိုတာကို ထျန်းကျီးဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက သေချာပေမဲ့လည်း သူတို့တွေက ကြီးမြတ်သူချင်းဖုန်းနဲ့အတူ ကွေးယွမ်ဂိုဏ်းကို လာဖို့ခွင့်ပြုရတဲ့အကြောင်းကတော့...
[ဟားဟား... သူရဲ့ဟောကိန်းရဲ့ လှည့်စားတာမခံရတဲ့ ထျန်းကျီးဂိုဏ်းကကျင့်ကြံသူတွေ တစ်ယောက်မှမရှိဘူးလို့ ဘယ်သူကပြောလဲ]
ဂိုဏ်းတစ်ခုတည်းက ကြီးမြတ်သူတွေက သူတို့အချင်းချင်းကြားမှာ တိုက်ခိုက်လို့မရဘူးလေ။ တစ်စုံတစ်ယောက်က ကြီးမြတ်သူချင်းဖုန်းကို ရိုက်နှက်ချင်တယ်ဆိုရင်တော့ သူတို့တွေက သူ့ကိုတားနိုင်မှာ မလို့လား။
ကံအကြောင်း ပါလာတဲ့အတိုင်းပေါ့။ အနီရောင်ဝတ်အမျိုးသမီးက ထွက်သွားပြီးတဲ့နောက်မှာပဲ ကြိမ်တုတ်တစ်ချောင်းနဲ့ ဆံပင်တွေဖြူဖွေးနေတဲ့ အဖိုးကြီးတစ်ယောက်က ကြီးမြတ်သူချင်းဖုန်းရှေ့ကို ဆင်းသက်လာတော့တယ်။
“ကြီးမြတ်သူ ခင်ဗျား ကျုပ်ကို ဒဏ်ရာတွေအများကြီး ပေးခဲ့တာပဲ...”
သုံးနာရီအတွင်းမှာ လူဆယ်နှစ်ယောက်ကျော်က ကြီးမြတ်သူချင်းဖုန်းနဲ့ စာရင်းရှင်းဖို့ ရောက်လာခဲ့ကြတော့တယ်။
ပြောရမယ်ဆိုရင်တော့ ကြီးမြတ်သူချင်းဖုန်းက ဂရုတစိုက်နဲ့ ဟောကိန်းထုတ်ပေးခဲ့မယ်ဆိုရင်... ရလဒ်အနေနဲ့ သေးငယ်တဲ့အမှားလေးတစ်ခုက ကြီးမြတ်တဲ့အမှားတစ်ခု ဖြစ်သွားအောင် ဦးတည်စေတယ်လေ။
နောက်ဆုံးမှာတော့ စူးလီက ဖရဲသီးတွေ အများကြီးစားလိုက်ပြီး ထုံထိုင်းလာပြီးတဲ့နောက် သူမရဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကကို ဘယ်တုန်းက ပိတ်လိုက်မိမှန်း မသိအောင်ပါပဲ။
အချိန်တော်တော်ကြာသွားပြီးတဲ့နောက်မှာတော့ နောက်ဆုံးတော့ ဘယ်ကျင့်ကြံသူကမှ ကြီးမြတ်သူချင်းဖုန်းကို လက်စားချေဖို့ လာမရှာကြလေတော့ဘူး။
ဒါပေမဲ့လည်း ဒီနေရာမှာရှိနေတဲ့ ကျင့်ကြံသူတွေနဲ့ အကြောင်းအရာတစ်ခုလုံးကို ကြားလိုက်ကြတဲ့သူတွေက ရုတ်တရက်ဆိုသလို ထျန်းကျီးဂိုဏ်းရဲ့ ရှေ့ဖြစ်ဟောနိုင်တဲ့အရည်အချင်းကို သံသယ ဖြစ်သွားကြတော့တယ်။
ဒီအချိန်မှာပဲ သိမ်မွေ့ပြီး ယဥ်ကျေးတဲ့ အမူအရာတစ်ခုနဲ့ ချောမောလှပတဲ့ ကျင့်ကြံသူတစ်ယောက်က လူအုပ်ရှေ့ကို ထွက်လာပြီး သူ့ဘေးမှာတော့ ချောမောနုနယ်တဲ့ အမျိုးသမီးတစ်ယောက်က ရပ်နေတယ်။
အမျိုးသမီးက သူမရဲ့မျက်လုံးတွေကို ပင့်လိုက်တဲ့အချိန်မှာ သူမပတ်ဝန်းကျင်က လူတွေအတွက် နက်ရှိုင်းတဲ့ခံစားချက်တစ်ခုနဲ့ ပြည့်နှက်နေတယ်။
လျိုရှူးက အပြင်လောကကလာတဲ့စကားသံ အချိန်အကြာကြီး ပျောက်ကွယ်သွားပြီး အဆင့်မြင့်ကျင့်ကြံရေး ပိုင်ဆိုင်ထားတဲ့ ဘယ်ကျင့်ကြံသူကမှ ကြီးမြတ်သူချင်းဖုန်းကို လာမရှာတော့တာကို တွေ့လိုက်ရတဲ့အခါ သူက နောက်ဆုံးတော့ ထွက်ရပ်လိုက်တယ်။
သူက သူ့ဘေးမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို ဦးညွှတ်လိုက်ပြီး ဖြောင့်မတ်တည်ကြည်စွာနဲ့ ပြောလိုက်တယ်။
"အနာဂတ်ကို ဟောကိန်းထုတ်တယ်ဆိုတာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို တွက်ချက်ရတဲ့ နည်းလမ်းတစ်ခုဆိုတာ အားလုံးသိထားကြမှာပါ။ တစ်ခါတစ်လေ ဒါက မှားယွင်းတယ်ဆိုတာကလည်း ပုံမှန်ပါပဲ”
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက သူ့နောက်မှာရှိတဲ့လူကို အမြတ်တနိုးနဲ့ လှမ်းကြည့်လိုက်တယ်။ သူရဲ့အသံကလည်း ကျေးဇူးတင်စိတ်တွေ စွန်းထင်းနေပြီး သိမ့်မွေ့နေလေရဲ့။
"ကြီးမြတ်သူချင်းဖုန်းက ကျွန်တော့်ရဲ့ကံတရားကို တွက်ချက်ပေးခဲ့တဲ့အတွက်ကြောင့်ပဲ ကျွန်တော် ရှန်းရှန်းနဲ့ တွေ့ဆုံနိုင်ခဲ့တာပါ"
သူက လီရှန်းရဲ့ နဖူးပေါ်ကဆံစလေးတွေကို သူမရဲ့နားနောက်ကို အသာအယာ ပို့ပေးလိုက်ပြီး
"ကျွန်တော်က ကြီးမြတ်သူချင်းဖုန်းကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က ခင်ဗျားတို့အားလုံးကို ဒီလိုအထင်မလွဲစေချင်ပါဘူး"
အစတုန်းက ပြန်တော့မယ် ပြင်နေတဲ့စူးလီက ရုတ်တရက် သိချင်စိတ်တွေ ဖြစ်လာတော့တယ်။
[ကြီးမြတ်သူချင်းဖုန်းရဲ့ အတွက်အချက်က တစ်ခါတစ်လေကျရင် မှန်တယ်တဲ့လား]
လျိုရှူးရဲ့လက်က ရုတ်တရက် တင်းကြပ်သွားတယ်။ အပြင်လောကက လာတဲ့အသံက ပြန်သွားတာကြာပြီ မဟုတ်လား။
[ကြီးမြတ်သူချင်းဖုန်းက ဒီပုဂ္ဂိုလ်ကို ဘယ်လိုမြင်လဲဆိုတာ ကြည့်လိုက်အုံးမယ်...]
[ကျွတ်ကျွတ်... ဒီလျိုရှူးက အစားထိုးတစ်ယောက်ကို ရှာဖွေနေတဲ့ လူယုတ်မာတစ်ယောက် ဖြစ်နေတာကိုး]
[သူက ကြီးမြတ်သူချင်းဖုန်းကို ဒီကျင့်ကြံရေးလောကထဲမှာ သူရဲ့လရောင်ဖြူနဲ့ ရုပ်ချင်းတူတဲ့သူကို တွက်ချက်ခိုင်းခဲ့တယ်တဲ့လေ]
[ဟင်]
[သူ့တောင်းဆိုချက်ကို ကြားလိုက်ပြီးတဲ့နောက်မှာ ကြီးမြတ်သူချင်းဖုန်းက ဒီကိစ္စကို စဥ်းစားမစားဘဲနဲ့ ဦးတည်ချက်တစ်ဖက်ကို လက်ညှိုးထိုးပြလိုက်တယ်တဲ့လေ...]
ဒါကိုမြင်လိုက်တဲ့အခါ စူးလီက ခဏလောက် မသိမသာ မျက်မှောင်ကျုံ့သွားတော့တယ်။
[အဲ့ဒီနောက်မှာတော့ လျိုရှူးက သူရဲ့လရောင်ဖြူနဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းတူတဲ့ လီရှန်းနဲ့ သွားတွေ့တော့တာပဲ။ အဲ့ဒီလားရာဖက်မှာ ...]
[ကျွတ်ကျွတ် လျိုရှူးက သူရဲ့လရောင်ဖြူအပေါ် တကယ်ကောင်းခဲ့တာပဲ။ သူက လီရှန်း သူ့ကိုပေးတဲ့ ဝိညာဥ်ရတနာတွေအားလုံးကို သူအရမ်းလိုချင်ပေမဲ့လည်း မရနိုင်တဲ့သူရဲ့လရောင်ဖြူကို ပေးခဲ့တယ်တဲ့]
[ဒီ့အပြင်...]
လျိူရှူးက သတိပြန်ဝင်လာပြီး သူ့ပတ်ဝန်းကျင်ကလူတွေကို အလန့်တကြားနဲ့ ပြောလိုက်တော့တယ်။
"ရှန်းရှန်း ကိုယ်ရှင်းပြတာ နားထောင်ပါအုံး"
“ယောင်ယောင်နဲ့ ကိုယ်က ဒီအတိုင်းသာမန်မိတ်ဆွေတွေပါ...”
"ဟုတ်တယ်၊ ကိုယ်က သူ့တာအိုလက်တွဲဖော်ရဲ့ အနိုင်ကျင့်ခံနေရတာကို မြင်ရတဲ့အတွက် ဒီအတိုင်း စိတ်မကောင်းဖြစ်မိလို့ပါ...”
လီရှန်းက သူမရဲ့ခေါင်းကိုဆက်ပြီး ငုံ့ထားလိုက်ပြီး လေပြေတစ်ချက်က သူမရဲ့အဝတ်အစားထောင့်ကို ဖြတ်တိုက်သွားတဲ့အခါ သူမရဲ့ရုပ်က ပိုပြီးတော့နုနယ်ကာ သနားစရာကောင်းသွားတော့တယ်။
လီရှန်းကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေ တော်တော်များများက မျက်လုံးထဲမှာ ရွံ့ရှာတဲ့အရိပ်အယောင်တွေနဲ့ လျိုရှူးဖက်ကို လှည့်ကြည့်လိုက်ကြတယ်။
ဒီအချိန်မှာတော့ စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး သူမရဲ့မျက်မှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခု ပေါ်လာခဲ့တယ်။
[ကြီးမြတ်သူချင်းဖုန်းက သူရဲ့ဟောကိန်းကို ဘယ်လိုပဲ ထုတ်ပြောနေပါစေ။ သူက ဒီလိုထူးဆန်းတဲ့ ရလဒ်တွေကို ရအောင်လုပ်ပေးနိုင်သတဲ့လား]
[ဒီလီရှန်းက တကယ့်ကိုပြီးပြည့်စုံတဲ့ အစားထိုးတစ်ယောက်ပဲ၊ တကယ့်ကို ရုပ်ချင်းဆင်တူတဲ့အပြင် အရမ်းလည်း ချမ်းသာသေးတယ်တဲ့]
သူမက နုနယ်ပြီး ကူကယ်ရာမဲ့နေတဲ့လီရှန်းကို ကြည့်လိုက်ပြီး သူမဘေးက လျိုရှူးရဲ့ဖက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးထဲမှာ သနားတဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
[ဒါပေမဲ့ ဖြစ်နိုင်ခြေတစ်ခုရှိရမယ်ဆိုရင် ...]
[ဒီလီရှန်းက တကယ်တော့ တစ်ဖက်စွန်း ရောက်နေသူတစ်ယောက်ပဲ]
...