အခန်း ၁၅၀
Vol. 10 Ch. 150
အပိုင်း (၁၅၀)
နတ်ဆိုးအစေခံတစ်ယောက်ချင်းဆီမှာ ကောင်းကင်ကို ဖျက်ဆီးမဲ့နတ်ဆိုးသခင်ကြီးချန်ထားတဲ့ မှော်စည်းတံဆိပ် တစ်ခုစီရှိကြတယ်။ ဒီမှော်စည်းတံဆိပ်က သာမန်လူထက်သာလွန်တဲ့ မှော်စွမ်းအင်နဲ့ သက်တမ်းတစ်ခုကို ရရှိအောင်ပြုလုပ်ပေးထားတယ်။ ဒါပေမဲ့တစ်ချိန်တည်းမှာပဲ သူတို့လှုပ်ရှားမှုတိုင်းကို နတ်ဆိုးသခင်ကြီးက စောင့်ကြည့်ထားပြီး သူတို့တွေက နတ်ဆိုးသခင်ကြီး ခိုင်းစေထားတဲ့ အမိန့်မှန်သမျှကို သေချာပေါက်ပြီးမြောက်အောင် လုပ်ပေးရတယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ သူတို့တွေ ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်။
ဒါပေမဲ့ ဒီနတ်ဆိုးအစေခံတွေက နှစ်တစ်ထောင်နီးပါး ကျင့်ကြံရေးလောကထဲမှာ နစ်မြှပ်ခြင်း ခံလာရတဲ့အပြင် သူတို့တွေမှာ အစကတည်းက မြင့်မြတ်တဲ့ အကျင့်စရိုက် လုံးဝမရှိတဲ့အတွက် သူတို့တွေက အစားပဲစားတတ်ပြီး ဘာမှမလုပ်တတ်တော့ဘဲ ခေတ်ဟောင်းအမြင်နဲ့ လူတစ်စု ဖြစ်လာတော့တယ်။
သူတို့တွေက အမိန့်ကို ပြီးမြောက်အောင်လုပ်ပေးနိုင်ကြပေမဲ့ ဒီလုပ်ပေးနေတဲ့ ဖြစ်စဥ် အတောအတွင်းမှာ သူတို့က သူတို့လုပ်ချင်တာလုပ်ပြီး ပျင်းရိစွာလဲ နေနိုင်ကြသတဲ့။
နောက်ဆုံး မိုးပြိုရင်တောင် သူတို့ကိုထောက်ပံ့ပေးမဲ့ နတ်ဆိုးသခင်ကြီး ရှိနေသေးတယ်လေ။
အထူးသဖြင့် လတ်တလောမှာ ကျင့်ကြံရေးလောကထဲမှာ ကောလာဟလတွေ အများကြီး ကြားခဲ့ရတယ်။ ဂိုဏ်းကြီးတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးလည်း ကြားထားတာရှိသေးတယ်။
တကယ်လို့ ကျင့်ကြံရေးလောကက ဒီအချိန်မှာ ဖရိုဖရဲဖြစ်သွားလို့ ဂိုဏ်းကြီးတွေကလူတွေက သူတို့ကို ဖမ်းမိသွားကြမယ်ဆိုရင် ဘာဖြစ်သွားမှာလဲ...
ဒီလိုစဥ်းစားလိုက်ပြီး နတ်ဆိုးအစေခံများစွာက ထရပ်လိုက်ကြပြီး နတ်ဆိုးသခင်ကြီးရဲ့အမိန့်ကို ပြတ်ပြတ်သားသား ဆောင်ရွက်လေတော့တယ်။
တချို့တွေက ကျင့်ကြံရေးလောကကို နှောင့်ယှက်ဖို့အတွက် နှစ်တစ်ရာသက်တမ်း အစီအစဥ်တစ်ခုကို ဖော်ထုတ်နေကြတယ်။ တချို့ကတော့ ဆွေးနွေးတိုင်ပင်ဖို့အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ ကြိုးကြိုးစားစား လုပ်နေကြလေရဲ့။ တချို့တွေကတော့ ကျင့်ကြံရေးလောကထဲမှာ လှည့်ပတ်စောင့်ကြည့်ဖို့အတွက် သူတို့ရဲ့နာမည်ကို ကြုံရာ ပြောင်းလဲလိုက်ကြပြီး သူတို့ဘာသာ အမှန်တကယ် ပျော်ပျော်ရွှင်ရွှင်နေနေကြလေရဲ့...
ဒါပေမဲ့...
ဒီလောက်လူတွေအများကြီးရှိတဲ့အထဲမှာ အသုံးဝင်တဲ့လူတွေက လက်ချိုးရေလို့တောင်ရတယ်။
ကျင့်ကြံရေးလောကထဲမှာ နတ်ဆိုးအစေခံတွေ ထောင်ချီအောင်ရှိနေကြတာပဲ။ သူတို့အားလုံးနီးပါးက မြှောက်ပင်ပြောဆိုဖို့ပဲ တတ်တယ်ဆိုပေမဲ့လဲ တစ်ခါတစ်လေကျရင်တော့ တစ်ယောက် နှစ်ယောက်လောက်က ချွင်းချက်ရှိနေသေးတယ်။
ကောင်းကင်ကို ဖျက်ဆီးမဲ့ နတ်ဆိုးသခင်ကြီးအမိန့်ကို မြင်လိုက်ရတဲ့အခါ အန်းချင်းက လက်ဝေ့ယမ်းလိုက်ပြီး သူရဲ့လက်အောက်ငယ်သားအားလုံးကို ဆင့်ခေါ်လိုက်တယ်။
စိတ်ဓာတ်ပြင်းပြပြီး အားကောင်းတဲ့လှုပ်ရှားမှု တစ်တွဲလုံးအပြီးမှာတော့ လက်အောက်ငယ်သားတွေက မျက်နှာတွေမှာ နီရဲနေပြီး သူတို့မျက်လုံးတွေကလဲ စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေတယ်။ သူတို့တွေက အချိန်မရွေး အန်းချင်းနဲ့အတူ မီးတောင်ကိုကျော်ရပါစေ ပင်လယ်ကိုဖြတ်ရပါစေ ဆန္ဒရှိနေတဲ့ပုံစံမျိုးပဲ။
သူတို့ရဲ့အမူအရာကို မြင်လိုက်ရတဲ့အခါ အန်းချင်းက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး သူ့အသံကလဲ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားတယ်။
"နတ်ဆိုးသခင်ကြီးက ငါ့ကို အမိန့်တစ်ခုပေးလာပြီဆိုတော့..."
"ကျွန်တော်တို့တွေက ကျွန်တစ်ယောက်လို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်"
အားလုံးရဲအသံက လိုဏ်ဂူထဲမှာ ပဲ့တင်ထပ်သွားတော့တယ်။
အန်းချင်းက သူ့လက်ကို အသာအယာမြှောက်လိုက်ပြီး သူတို့တွေ တည်ငြိမ်သွားတဲ့အချိန်မှာ သူက သူလက်အောက်ငယ်သားတွေအတွက် ကိုယ်ချင်းစာစိတ်ကို ပြသလိုက်တယ်။
"မင်းတို့အားလုံးက ငါ့ရဲ့သစ္စာရှိလက်အောက်ငယ်သားတွေပဲ၊ ငါက မင်းတို့တွေကို အန္တရာယ်ရှိတဲ့ တာဝန်တစ်ခုတည်းမှာ ဘယ်လိုလုပ်ပြီးထားခဲ့နိုင်ပါ့မလဲ"
ဒီအချိန်မှာတော့ သူက သူ့အင်္ကျီလက်ပေါ်က မရှိတဲ့ဖုန်မှုန့်တွေကို ခါချပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
"ကျင့်ကြံရေးလောကထဲမှာ မတည့်ကြတဲ့ဂိုဏ်းတွေ အများကြီးရှိတာပဲ မဟုတ်လား။ ငါတို့တွေက သူတို့ကို နည်းနည်းလောက် ဆွပေးလိုက်တာနဲ့ သူတို့တွေကို အချင်းချင်းတိုက်ခိုက်အောင် လုပ်ပေးနိုင်တယ်ဆိုတာ သေချာတယ်"
"ဒီလိုဆိုရင် ငါတို့တွေက အကျိုးအမြတ်တွေကို ရိတ်သိမ်းနိုင်လိမ့်မယ်"
သူက ဒါကိုစလုပ်ဖို့အတွက် လက်အောက်ငယ်သားတချို့ကို ခိုင်းစေထားပြီးပြီ။
တကယ်လို့ သူတို့တွေကို ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေက ဖမ်းမိသွားခဲ့မယ်ဆိုရင် ဒါက သူ့အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်လာလိမ့်မှာ မဟုတ်လား။
ကျင့်ကြံရေးလောကထဲမှာ ဂိုဏ်းပေါင်းများစွာရှိတာပဲ။ တကယ်လို့ သူတို့တွေက အားလုံးကို မတည့်အောင်လုပ်နိုင်မယ်ဆိုရင် သူတို့တွေက နတ်ဆိုးသခင်ကြီးရဲ့အမိန့်ကို မြန်မြန်ပြီးမြောက်အောင် လုပ်နိုင်မဲ့အပြင် ကျင့်ကြံရေးလောကကိုလဲ အနှောက်အယှက်ဖြစ်သွားအောင် လုပ်နိုင်မယ်လေ။
အဲ့ဒီအချိန်ကျရင် သူက နတ်ဆိုးသခင်ကြီးရဲ့ တန်ဖိုးထားခံရပြီး သာမန်နတ်ဆိုးအစေခံကနေပြီး အုပ်ချုပ်သူတစ်ယောက်အဖြစ် ရာထူးတိုးလာလိမ့်မယ်။
တစ်ဖက်မှာတော့ ကွေးယွမ်ဂိုဏ်းထဲမှာ ဂိုဏ်းအားလုံးက စုဝေးနေကြတယ်။
ဖရဲသီးစားရတာကို အလွန်မှကျေနပ်နေမိတဲ့စူးလီက ခြံဝန်းထဲကနေ ဖြည်းဖြည်းချင်း လျှောက်လာပြီး သူမရဲ့စိတ်ထဲမှာ သက်ပြင်းချလိုက်မိတယ်။ သူမရဲ့ကျင့်ကြံရေးလောကထဲက ရူးသွပ်နေကြတဲ့လူတွေက ဘယ်လိုပျော်ရမယ်ဆိုတာ တကယ်သိတာပဲ။
လျိုရှူးက လီရှန်းရဲ့လက်ထဲမှာ ဘယ်လောက်ကြာကြာခံမလဲ မသိပါဘူး။
သူမ မြင့်မြတ်တောင်ထွတ်ပေါ်ကနေ ဆင်းလာတာနဲ့ချက်ချင်း ရုတ်တရက်ဆိုသလို သိပ်မဝေးလှတဲ့ နေရာမှာ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ သူမက သူမရောက်နေတဲ့နေရာမှာ ရပ်လိုက်ပြီး တော်တော်လေး ဇဝေဇဝါဖြစ်သွားတော့တယ်။ အဲ့ဒါက ရှဲ့ချီယွမ်နဲ့ ထျန်းကျီးဂိုဏ်းချုပ် မဟုတ်လား...
ဒီအချိန်မှာတော့ ရှဲ့ချီယွမ်က သူမရှေ့မှာ ပေါ်လာတတ်တဲ့ လူတစ်ယောက်နဲ့ လုံးဝကွာခြားနေတော့တယ်။
သူ့မျက်နှာပေါ်ကအမူအရာက တည်ငြိမ်တယ်ဆိုတာထက် ပိုပြီးတော့ကို ဂရုမစိုက်သလိုဖြစ်နေတယ်။ သူက အရာအားလုံးကို လျစ်လျူရှူထားပြီး ဘယ်အရာကမှလဲ သူရဲ့စိတ်ဝင်စားမှုကို နှိုးဆွနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ပုံစံ။
သူ့ပတ်ဝန်းကျင်က အရောင်အဝါကလဲ ထောင်ချီအောင်ခဲနေတဲ့ ရေခဲချပ်တစ်ခုလို ထင်ရတယ်။ သူ့ပတ်ဝန်းကျင်က ဝိညာဥ်ဆေးပင်တွေနဲ့ ဝိညာဥ်သစ်ပင်တွေကတောင် ခြိမ်းခြောက်မှုကို အာရုံခံမိနေတဲ့ပုံပဲ။ လေပြေလေးတစ်ချက် ဖြတ်တိုက်သွားတဲ့အချိန်မှာတောင် သူတို့တွေက သူတို့ရဲ့သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေကို လုံးဝမသိသာအောင် လှုပ်ရှားခွင့် မပေးရဲလေဘူး။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ရှဲ့ချီယွမ်ရှေ့မှာရပ်နေပြီး မသိမသာ လက်ပြင်ကုန်းထားပြီး ဆံပင်ဖြူဖြူ မုတ်ဆိတ်မွှေးဖြူဖြူနဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူက ဒီခြိမ်းခြောက်မှုကြောင့် လေထဲမှာ ယိမ်းယိုင်နေတဲ့ အဖြူရောင်ပန်းငယ်လေးတစ်ပွင့်နဲ့ အနည်းငယ် ဆင်တူနေတော့တယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ အစောပိုင်းက သူတော်စင်တစ်ယောက်လို ပုံပန်းသွင်ပြင်ကို ပြန်စဥ်းစားမိလိုက်ပြီး စူးလီမှာ မနေနိုင်ဘဲ အသံထွက်ရယ်မောမိလိုက်တော့တယ်။
သူမရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှဲ့ချီယွမ်ရဲ့ခန္ဓာကိုယ်ပေါ်က နှင်းဓာတ်လို အေးခဲပြီး အေးစက်စက် အငွေ့အသက်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ သူ့ပတ်ဝန်းကျင်က အရောင်လဲ ရုတ်တရက်ဆိုသလို နူးညံ့ပြီးနွေးထွေးလာခဲ့တာမှ ကမ္ဘာကြီးက အသက်ပြန်ဝင်လာတဲ့အတိုင်းပဲ။
ပတ်ဝန်းကျင်က ဝိညာဥ်သစ်ပင်တွေကလဲ သူတို့ရဲ့အသက်သွေးကြောကို ပြန်လည်ရရှိသွားသယောင် လေထဲမှာ လှုပ်ခါနေတော့တယ်။
ရှဲ့ချီယွမ်က သူ့ခေါင်းကို အနည်းငယ် စောင်းထားလိုက်ပြီး မျက်လုံးထဲမှာ ခပ်ရေးရေးအပြုံးတစ်ခုနဲ့ စူးလီရှိရာဖက်ကို လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ သူက ပိုပြီးတော့ သေချာကြည့်လေလေ သူ့မျက်လုံးထဲက နက်ရှိုင်းနေတဲ့ ကြောက်လန့်စိတ်ကို မြင်နေရလေလေပဲ။
စူးလီက လူနှစ်ယောက်ရှေ့ကို အေးအေးလူလူနဲ့ လျှောက်လာခဲ့တယ်။ သူမက မသိမသာခေါင်းကို စောင်းထားလိုက်ပြီး သူမရဲ့အသံထဲမှာလဲ ရှုတ်ချနေတဲ့အသံတစ်ခုနဲ့ ရှဲ့ချီယွမ်ကို ကူကယ်ရာမဲ့သွားသလို ကြည့်လိုက်မိတယ်။
"ရှင့်ဒဏ်ရာတွေက အခုထက်ထိ မပျောက်သေးဘူးလေ။ ဘာဖြစ်လို့ အနားမယူဘဲနဲ့ အပြင်ဖက်မှာ လျှောက်သွားနေတာလဲ"
ရှဲ့ချီယွမ်က သူမရဲ့အသံထဲက စွပ်စွဲသံကိုကြားလိုက်ရတဲ့အခါ သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီး ထူထူထဲတဲ့မျက်တောင်တွေကလဲ မသိမသာ တဖျတ်ဖျတ် ခတ်သွားပြီးနောက် သတိထားနေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"ကျွန်တော်က ဒီအတိုင်း ထျန်းကျီးဂိုဏ်းချုပ်ကြီးကို... မေးစရာရှိနေလို့ပါ"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက သေမင်းတံခါးဝကို ရောက်သွားခဲ့သလို ခံစားလိုက်ရပြီးနောက်မှာ သူ့ခန္ဓာကိုယ်ကို ဖိစီးထားတဲ့ မသေမျိုးတစ်ဝက် ဖြစ်နေပြီးသားဖြစ်တဲ့ ကျင်ကြံသူတစ်ယောက်ရဲ့ ဖိအားက ဖြည်းဖြည်းချင်းဆီ ပြေလျော့သွားတာကို ခံစားလိုက်ရတယ်။
ဒါက မသေမျိုးတစ်ဝက် ကျင့်ကြံသူပဲ။
ကျင့်ကြံရေးလောကထဲမှာ မသေမျိုးတစ်ဝက်အဆင့် ရောက်နေတဲ့သူတွေ တကယ်ပဲ ရှိနေသေးတယ်။
နှစ်နှစ်ထောင်ကျော်ကြာအောင် ရှဲ့မိသားစုရဲ့သွေးအိုင်ထဲမှာ ချုပ်နှောင်ခံထားရပြီးတဲ့နောက် ရှဲ့ချီယွမ်က သူရဲကျင့်ကြံရေးအဆင့်မှာ ဘာထိခိုက်မှုမှမခံစားရတဲ့အပြင် မသေမျိုးတစ်ဝက် ကျင့်ကြံခြင်းအဆင့်ထိ ရောက်သွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။
သူရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ ဘာကိုပဲလုပ်ချင်ပါစေ ကျင့်ကြံရေးလောကထဲက ဘယ်သူကမှ သူ့ကို တားမြစ်နိုင်မှာ မဟုတ်ဘူးလေ။
ကံကောင်းချင်တော့ ဒီမသေမျိုးကျင့်ကြံသူက ကျင့်ကြံရေးလောကကို ဖျက်ဆီးချင်တဲ့စိတ်ဆန္ဒတော့ မရှိတဲ့ပုံပဲ။
ခုနတုန်းက မသေမျိုးကြီးမြတ်သူရဲ့ မေးခွန်းကို စဥ်းစားလိုက်ပြီး ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ မျက်လုံးထဲမှာ သံသယအရိပ်အယောင် ပြည့်သွားတော့တယ်။ ဒါပေမဲ့ မသေမျိုးကြီးမြတ်သူက ဘာဖြစ်လို့များ... အပြင်လောကက လာတဲ့အသံကို စိတ်ဝင်စားနေတာလဲ။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဇဝေဇဝါဖြစ်နေပြီး အသည်းအသန် စဥ်းစားနေတုန်းမှာပဲ ရုတ်တရက်ဆိုသလို ရှဲ့ချီယွမ်ဆီကနေ ကျေနပ်ဖွယ်ကောင်းတဲ့ အကြံဉာဏ်တစ်ခုကို ကြားလိုက်ရတယ်။ အခုလေးတင် ပြန်ကောင်းလာခဲ့တဲ့ ခွန်အားတွေက ရုတ်တရက် ဆုတ်ယုတ်သွားသလိုပဲ။ သူ့ခြေထောက်တွေက အားနည်းချိနဲ့သွားပြီး မြေကြီးပေါ်ကို ပုံကျမလိုတောင် ဖြစ်သွားတယ်။
သူက မသေမျိုးကြီးမြတ်သူရဲ့ အကြံပေးချက်နဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်နိုင်ပါ့မလဲ။
ရှဲ့ချီယွမ်ရဲ့ သူ့အပေါ်ကြည့်နေတဲ့ စူးရှတဲ့အကြည့်ကို ခံစားရပြီးတဲ့နောက် သူက ကြက်ပေါက်လေးက စပါးစေ့ကို တစ်တောက်တောက် ကောက်စားနေသလို ကပျာကယာ ခေါင်းညိတ်ပြလိုက်တော့တယ်။
"ဟုတ်ပါတယ်၊ မသေမျိုးကြီးမြတ်သူက ကျုပ်ကို မေးခွန်းတချို့မေးချင်လို့ပါ"
စူးလီက သူ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ခုနတုန်းက ရှဲ့ချီယွမ်ရဲ့အမူအရာကို စဥ်းစားမိသွားပြီး သူမ အခုလေးတင် စားလာခဲ့တဲ့ ကြီးမြတ်သူချင်းဖုန်းနဲ့ပတ်သက်တဲ့ ကောလာဟလကိုလဲ စဥ်းစားမိသွားခဲ့တယ်။
သူမက ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ပခုံးကို အားတက်သရော ပုတ်ပေးလိုက်ပြီး ပြောလိုက်တယ်။
"ထျန်းကျီးဂိုဏ်းချုပ်ကြီး၊ ရှဲ့ချီယွမ်က ကျင့်ကြံရေးလောကထဲကို အခုပြန်ရောက်လာတာပါ၊ ရှင်သူ့ကို အရူးလုပ်လို့ မရဘူးနော်"
သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့အခါ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဖြည်းဖြည်းချင်း ခေါင်းကို လှည့်လိုက်ပြီး သူ့မျက်လုံးထဲမှာလဲ မယုံကြည်နိုင်မှုအပြည့် ဖြစ်သွားတော့တယ်။
သူက... မသေမျိုးကြီးမြတ်သူကို အရူးလုပ်နေသတဲ့လား။
သူ့ကို သတ္တိတွေ ဆယ်ဆပေးမယ်ဆိုရင်တောင် သူက အဲ့လိုမလုပ်ရဲပါဘူးလေ။
ရှဲ့ချီယွမ်က သူမရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်လုံးတွေထဲက ခံစားချက်ကို ဖုံးကွယ်ဖို့အတွက် မသိမသာ မျက်လွှာချထားလိုက်တယ်။ ဒါပေမဲ့ သူ့နှုတ်ခမ်းထောင့်က မသိမသာလေး မြင့်တက်သွားပုံကတော့ လက်ရှိအချိန် သူ့ခံစားချက်ကို ပြောပြနေလေရဲ့။
သူက ရှေ့ကိုနှစ်လှမ်းတိုးလာပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
"ထျန်းကျီးဂိုဏ်းချုပ်ကြီးက ကျွန်တော့်ကို မလှည့်စားထားပါဘူး"
"သူနဲ့ ကျွန်တော်က ..."
သူက ထျန်းကျီးဂိုဏ်းချုပ်ကြီးကို တည်တည်ငြိမ်ငြိမ်နဲ့ လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ဘာခံစားချက်မှမပါပေမဲ့ ခါတိုင်းလို နူးညံ့သိမ့်မွေ့နေလေတယ်။
"ကျွန်တော်တို့တွေ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်"
ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက သူမရဲ့ခေါင်းကို မသိမသာလေး စောင်းထားလိုက်ပြီး
"တကယ်လား"
သူမ ထျန်းကျီးဂိုဏ်းချုပ်ကြီးကို မယုံကြည်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူမကို မနေနိုင်ဘဲ သံသယဖြစ်စရာကောင်းလောက်တဲ့ အတိတ်ကမှတ်တမ်းတချို့တွေ ရှိထားတဲ့သူလေ။
ရှဲ့ချီယွမ်က အပြုံးတစ်ခုနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။
"အခု ရှင်လဲ ရှင့်အကြံဉာဏ်တွေ ရပြီးသွားပြီဆိုတော့ ပြန်ပြီးအားဖြည့်ရမဲ့အချိန် ရောက်သွားပြီပေါ့ ဟုတ်တယ်မလား"
စူးလီက သက်ပြင်းချလိုက်ပြီး သူ့မအသံထဲမှာ ဘာမှမတတ်နိုင်တဲ့ အရိပ်အယောင်တစ်ခုပါနေတယ်။
သူမပတ်ဝန်းကျင်က လူတိုင်းမှာ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခု ရှိတယ်လေ။ ရှဲ့ချီယွမ်ကလွဲလို့ပေါ့...
သူ့ကို ပထမဦးဆုံးအကြိမ် တွေ့တုန်းကနေပြီး အခုအချိန်အထိ...
ရှဲ့ချီယွမ်ကလဲ သူမရဲ့အသံထဲက ခံစားချက်ကို သတိထားမိလိုက်တယ်။ သူက သတိအနေအထားနဲ့ သူမကို လှမ်းကြည့်လိုက်ပြီး
"ဒါဆို ကျွန်တော် အခုပြန်သွားပြီးတော့... အနားယူလိုက်ပါ့မယ်"
စူးလီက သူ့ကိုကြည့်လိုက်ပြီး ဆွဲဆောင်မှုရှိလှတဲ့ အလှပိုင်ရှင်လေးအတွက် သူမရဲ့နှလုံးသားထဲမှာ ကြိတ်ပြီးသက်ပြင်းချမိတော့တယ်။ လူတစ်ယောက်က အဲ့လောက်အထိ လှရက်လွန်းလို့ ငါ့မှာ သူ့ကို ဒေါသတောင် မထွက်ရက်တော့ဘူးလေ။ သူမက မျက်တောင်ခတ်ပြီး ပြောလိုက်တယ်။
"သွားကြမယ်"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဘေးချင်းယှဥ်လျှောက်နေကြတဲ့ လူနှစ်ယောက်ရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး သူရဲ့တင်းကြပ်နေတဲ့ နှလုံးသားက နောက်ဆုံးတော့ မသိမသာ ပျော့ပြောင်းသွားတော့တယ်။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့အစောပိုင်းသံသယတွေက ပိုပြီးနက်ရှိုင်းလာတော့တယ်။
စူးလီက ဘယ်သူများလဲ။
သူက ကောင်းကင်ရဲ့နိယာမတွေကို ဖန်တီးနိုင်တဲ့အပြင် မသေမျိုးကြီးမြတ်သူကိုလဲ ဒီလိုဆက်ဆံနိုင်သတဲ့...
ဧကန္တ...
ဂျိန်း...
"အိုး သွားပါပြီ ဟား... သွားပြီ"
ထျန်းကျီးဂိုဏ်းချုပ်ကြီးကတော့ မိုးကြိုးပစ်ခံရပြီး သတိလစ်သွားပြီ။
...
ငါးရက် ကြာပြီးသွားတဲ့နောက်မှာတော့ စူးလီက ပဒုမ္မာကြာပန်း ပျားရည်နဲ့ ရှဲ့ချီယွမ်လုပ်ပေးထားတဲ့ သစ်သီးသကြားလုံးကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ နားမလည်ခြင်း သံသယဖြစ်သွားတဲ့ အကြည့်တစ်ခု ဖြစ်သွားတော့တယ်။
ရှဲ့ချီယွမ်က လင်းဖုန်းကိုပြန်သွားပြီး ပြန်လည်အားဖြည့်နေတယ်လို့ သူမ မှတ်မိနေတာ မဟုတ်လား။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ အသစ်လုပ်ထားတဲ့ ဝိညာဥ်အစားအသောက်တွေနဲ့ နေ့တိုင်းလိုလို သူက ဘာဖြစ်လို့ သူမဆီကို လာနေတာလဲ။
ဒါက အရင်တုန်းက ရှောင်ပိုင် လုပ်နေတဲ့ အတိုင်းပဲမဟုတ်လား။
ဒီ့အပြင် ရှဲ့ချီယွမ်ရဲ့ဒဏ်ရာတွေက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ လုံးဝ ပျောက်ကင်းသွားတဲ့ပုံလဲ မပေါ်သေးပါဘူး။
သူမက ဟိုဟိုဒီဒီ စဥ်းစားနေတုန်းမှာပဲ သကာရည်သုတ်ထားတဲ့ သစ်သီးကို ကိုင်ထားတဲ့ လက်တစ်ဖက်က သူမရဲ့နှုတ်ခမ်းဆီကို လှမ်းလာလိုက်ပြီး အဲ့ဒီနောက်မှာတော့ သူမရဲ့နားထဲမှာ အပြုံးတစ်ခု ပါဝင်နေတဲ့ အသံတစ်ခုကိုကြားလိုက်ရတယ်။
"မင်းက ပဒုမ္မာကြာပန်းရဲ့ရနံ့ကို အကြိုက်ဆုံးမဟုတ်လား။ ပဒုမ္မာကြာပန်းပျားရည်နဲ့ လုပ်ထားတဲ့ သကာရည်သစ်သီးကို စားကြည့်ပါအုံး ကြိုက်ရဲ့လား"
စူးလီက အမှတ်တမဲ့တစ်ကိုက်လောက် ကိုက်ကြည့်တယ်။ အရသာကို ခံစားမိပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးတွေက ရုတ်တရက် ဝိုင်းစက်သွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူမက သူမရဲ့အစောပိုင်းက အတွေးတွေအားလုံးကို ဖယ်ထုတ်ထားလိုက်ပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်တော့တယ်။
"အရသာရှိတယ်"
ရှဲ့ချီယွမ်က ဒီလိုဝိညာဥ်စွမ်းအင်အစားအသောက်တွေကို ဘယ်လိုလုပ်ခဲ့လဲတော့ သူမ မသိပါဘူး။ ဒါပေမဲ့ ဒီအစားအသောက်တစ်ခုချင်းစီတိုင်းက သူမရဲ့အကြိုက်နဲ့ အရမ်းကိုမှ လိုက်ဖက်နေပြီး ငြင်းပယ်ဖို့ လုံးဝမတတ်နိုင်ဘူးလေ။
တစ်ချိန်တည်းမှာပဲ ဟင်းချက်နည်းပေါင်းစုံကို လက်လွှဲယူထားရတဲ့ပိုင်ကျစ်ယွင်က သူမရဲ့လက်ထဲက ဝိညာဥ်စွမ်းအင်အပင် အဘိဓာန်ကို အူကြောင်ကြောင်လေးနဲ့ စိုက်ကြည့်နေမိတယ်။
လင်းယီသစ်ပင်နဲ့ ပေါ်ကျန်းဝိညာဥ်သစ်ပင်တို့က ဘာဖြစ်လို့ တူညီတဲ့ဝိညာဥ်စွမ်းအင် တွေရှိနေတာလဲ။
မင်ရှောင်ဟွားရဲ့ အရင်ကနာမည်က ဘာဖြစ်လို့ မင်ရှောင်ချောင်ဖြစ်နေတာလဲ။ ဘာဖြစ်လို့လဲ...
ခြံဝန်းထဲမှာတော့ ရှဲ့ချီယွမ်ရဲ့မျက်လုံးတွေက မသိမသာ အပြုံးတစ်ခုနဲ့ ပြည့်နှက်နေပြီး
"တကယ်လို့ မင်း ကြိုက်တယ်ဆိုရင် နောက်တစ်ခါကျရင် မင်းအတွက် လုပ်လာပေးမယ်လေ"
စူးလီက လတ်လတ်ဆတ်ဆတ် လက်ဖက်ရည်ကို တစ်ငုံလောက် သောက်လိုက်ပြီး ခေါင်းကို လှည့်လိုက်ကာ ခပ်တိုးတိုးလေး ပြောလိုက်တယ်။
"ဒီနေ့ဇာတ်လမ်းကတော့ စိတ်ဖတ်တဲ့အကြောင်းနဲ့ပတ်သက်တာ ဖြစ်ရမယ် ဟုတ်တယ်မလား"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့အခါ ရှဲ့ချီယွမ်ရဲ့မျက်လုံးတွေက ကူကယ်ရာမဲ့သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။
စူးလီက အဲ့လောက်အထိ ဒုံးဝေးနေလိမ့်မယ်လို့ သူ တကယ်ထင်မထားခဲ့ဘူးလေ။
ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ သူက စိတ်ဖတ်တဲ့အကြောင်းကို ထုတ်ပြောတဲ့အချိန်တုန်းက ကောင်းကင်နိယာမက သူ့ကို အပြစ်ပေးတော့မတတ် ဖြစ်သွားခဲ့သေးတယ်။
"ဒီတော့... စူးစူးက နားထောင်ချင်လို့လား"
သူက ဒီနာမည်ကို ငါးရက်လောက် သုံးလာခဲ့ပေမဲ့လဲ သူဒီနာမည်ကို ပြောလိုက်တဲ့အချိန်တိုင်း သူ့နားဖျားတွေက အနည်းငယ်နီသွားတုန်းပဲ။
စူးလီက တံခါးဖက်ကို မျှော်ကြည့်လိုက်ရင်း ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သူမ စားခဲ့တဲ့ ဂိုဏ်းအသီးသီးက ထူးဆန်းတဲ့ပုံစံအမျိုးမျိုးနဲ့ ဖရဲသီးတွေကိုစဥ်းစားမိလိုက်ပြီး လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ကာ တလေးတနက်နဲ့ ပြောလိုက်တယ်။
"ကျွန်မက စိတ်ဝင်စားတဲ့ဟာမျိုးကို နားထောင်ချင်တာပါ ဟိုလို... .”
သူမစကားမဆုံးခင်မှာဘဲ အဝေးတစ်နေရာက စိုးရိမ်နေပေမဲ့လဲ စိတ်လှုပ်ရှားတဲ့အသံဖြစ်နေတဲ့ တပည့်တွေဆီကနေ ကြားလိုက်ရတယ်။
"အိုး သွားပါပြီ၊ အိုး လုပ်ကြပါအုံး"
ဂိုဏ်းကြီးနှစ်ခုဖြစ်တဲ့ ကျန်ယွဲ့ဂိုဏ်းနဲ့ တွမ်းဟွမ်ဂိုဏ်းတို့ တိုက်ခိုက်နေကြပြီ။
စူးလီရဲ့မျက်လုံးတွေက ရုတ်တရက် လင်းလက်လာတယ်။ ဂိုဏ်းကြီးနှစ်ဂိုဏ်းက တိုက်ခိုက်နေကြသတဲ့လား။
တကယ့်ကို ဖရဲသီးအကြီးကြီးပဲ။
ဒီတစ်ကြိမ်မှာတော့ သူမက ရှဲ့ချီယွမ်ကို မထားခဲ့တော့ဘူး။ ဒါပေမဲ့ သူ့ဖက်ကို လှည့်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။
"အတူတူသွားပြီးတော့ ကြည့်ချင်လား"
ရှဲ့ချီယွမ်က အဆင့်သင့် ထရပ်လိုက်လေရဲ့။
ဟွားရှန်းတောင်ထွတ်ပေါ်မှာ ဂိုဏ်းကြီးနှစ်ခု။ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေကအစ သာမန်တပည့်တွေ အားလုံးက အင်မတန်မှ ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခုမှာ အချင်းချင်း တိုက်ခိုက်နေကြတယ်။
စူးလီက သူတို့ရဲ့ဝိညာဥ်စွမ်းအင်တွေကို လက်လျှော့ထားပြီးသားဖြစ်တဲ့ လူတွေကို ကြည့်လိုက်ပြီး ပင့်သက်ရှိုက်သွားမိကာ ပြောလိုက်တော့တယ်။
"နင်က ငါ့ဆံပင်ကိုဆောင့်ဆွဲခဲ့လို့ ငါက နင့်ခန္ဓာကိုယ်အောက်ပိုင်းကို ကန်ကျောက်ပစ်မယ်ဆိုတဲ့ ပုံစံမျိုး"
သူမက အင်မတန်မှ သိချင်စိတ်ဖြစ်သွားပြီး စဥ်းစားမနေဘဲ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။
[ဒီဂိုဏ်းနှစ်ခုက ဘယ်လိုလုပ်ပြီး တိုက်ခိုက်နေကြပါလိမ့်။ ဘယ်အမုန်းတရားနဲ့ ရန်ငြိုးတွေများ ရှိနေလို့လဲ...]
ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး သူမက သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်တယ်။
[ဒီဂိုဏ်းနှစ်ခုက ရန်သူတွေ လုပ်ပါမယ်လို့ ကျိန်ဆိုထားကြတဲ့သူတွေ ဖြစ်နေတာကိုး]
[ကျွတ်ကျွတ်... တစ်ယောက်နဲ့တစ်ယောက် ကြံစည်နေကြတဲ့ဒီနည်းလမ်းက တကယ့်ကိုညစ်ပတ်တာပဲ]
[တွမ်းဟွမ်ဂိုဏ်းက ကျန်ယွဲ့ဂိုဏ်း တည်ရှိတဲ့မြို့ထဲမှာ ဆောင်ကြာမြိုင်တွေနဲ့ ပြည်တန်ဆာအိမ်တွေ ဆယ်လုံးကျော် ဖွင့်ထားခဲ့တာတဲ့။ ဒါက ကျန်ယွဲ့ဂိုဏ်းရဲ့တပည့်တွေ အတွက်ကျင့်ကြံရေးနှုန်းကို ပြင်းပြင်းထန်ထန် နှေးကွေးသွားစေတယ်လေ]
[ဟဲ့... ကျန်ယွဲ့ဂိုဏ်းက ပိုပြီးတော့တောင် ရက်စက်တာပဲ။ သူတို့တွေက တွမ်းဟွမ်ဂိုဏ်းအနီးအနားမှာ အတုအယောင် ကျင့်ကြံခြင်းကျမ်းတွေကိုတောင်မှာ သွားထားလိုက်သေးတယ်တဲ့။ ဒါက တွမ်းဟွမ်ဂိုဏ်းရဲ့ ကျင့်ကြံသူအများအပြားကို သူတို့ရဲ့ကျင်ကြံခြင်းအဆင့် တိုးတက်လာမဲ့အစား ဆုတ်ယုတ်သွားစေခဲ့တယ်]
[ဟယ်... တွမ်းဟွမ်ဂိုဏ်းကလဲ ကျန်ယွဲ့ဂိုဏ်းရဲ့ဆိုင်ထဲက ငွေသစ်ပင်ကြီးကို သေသွားအောင် ရေလောင်းလိုက်သတဲ့လား]
[အလို... ကျန်ယွဲ့ဂိုဏ်းရဲ့တပည့်တစ်ယောက်က တာဝန်တွေကို လက်ခံဖို့ တွမ်းဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လို ဟန်ဆောင်ခဲ့တယ်တဲ့။ ဒါပေမဲ့ သူလက်ခံခဲ့တဲ့ တာဝန်တိုင်းက ကျရှုးခဲ့တယ်။ အခုတော့ တွမ်းဟွမ်ဂိုဏ်ရဲ့ ဂုဏ်သတင်းက ပျက်စီးသွားပြီတဲ့...]
[ကျန့်ရွှမ်ပေါ်မှာ တခြာဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေကို အသဲအသန်ချရေးထားပြီး ကိုယ့်ဂိုဏ်းထဲက ဝိညာဥ်သားရဲကို အသုံးချပြီး တခြားဂိုဏ်းရဲ့ ဝိညာဥ်သားရဲကို မြူဆွယ်ဖို့လည်း တိတ်တိတ်လေး လုပ်ခဲ့တယ်တဲ့...]
ဒါကို မြင်လိုက်တဲ့အခါ စူးလီမှာမနေနိုင်ဘဲ သက်ပြင်းချရတော့တယ်။
[ဒီတော့ ကျင်ကြံရေးလောကထဲက ဂိုဏ်းတွေကြား ပြဿနာတွေက တကယ်တမ်းကျတော့ ဒီလောက်ရိုးရှင်းပြီး ရိုးစင်းသတဲ့လား။ ဂိုဏ်းကြီးနှစ်ခု ရုတ်တရက်စတင်ပြီး တိုက်ခိုက်တာကတော့...]
[ဟားဟားဟား တွမ်းဟွမ်ဂိုဏ်းရဲ့ အစောင့်အကြပ်အကြီးအကဲကို မြူဆွယ်ခဲ့တဲ့ ကျန်ယွဲ့ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကြောင့် ဖြစ်နေတာကိုး၊ အခုတော့ အကြီးအကဲက ကျန်ယွဲ့ဂိုဏ်းကို ဝင်ဖို့ မကျေမနပ်နဲ့ တောင်းဆိုနေတော့တာပဲ...]
[ဟားဟားဟား ဘယ်သူက ဒါကို လွန်ဆန်နိုင်ပါမလဲ]
…