အခန်း ၁၅၃
Vol. 11 Ch. 153
အပိုင်း (၁၅၃)
အန်းချင်းက ရုတ်တရက်ခေါင်းကိုလှည့်လိုက်ပြီး မယုံမကြည်နဲ့ သူလက်အောက်ငယ်သားတွေကို ကြည့်လိုက်တယ်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သူ့ရွေးချယ်ထားခဲ့တဲ့ဂိုဏ်းတွေက အချင်းချင်း နှစ်ပေါင်းရာချီအောင် ရန်စောင်လာခဲ့ပြီး မဟာရန်သူတွေလို့တောင် သတ်မှတ်လို့ရနေပြီပဲ။ တကယ်လို့ သူဘာမှ မလုပ်ဘူးဆိုရင်တောင် သူတို့တွေကနောက်ကွယ်မှာ အချင်းချင်း တိုက်ခိုက်နေကြအုံးမှာပဲလေ။
ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သူက သူ့လူတွေကို တိတ်တိတ်ကလေး လှုံ့ဆော်ခိုင်းခဲ့ပြီး နတ်ဆိုးသခင်ကြီး သူ့ကိုပေးခဲ့တဲ့ မှော်ရတနာတွေကိုလည်း အသုံးချခဲ့သေးတာပဲ...
လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ဒီဂိုဏ်းတွေက အချင်းချင်း သေတဲ့အထိတိုက်ခိုက်သင့်ကြပြီး ဆယ်ခုမှာ တစ်ခုလောက်ပဲ အသက်ရှင်ကျန်ရစ်သင့်တာလေ။
ဒီလိုစဥ်းစားပြီး သူက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ သူ့မျက်နှာမှာ ကျုံ့နေတဲ့မျက်ခုံးတွေက တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။
ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေက ကြောင်သူတော်အဖြစ်ဆုံး ဆိုတာကို သူ ဘယ်လိုလုပ်ပြီး မေ့နေခဲ့ပါလိမ့်။ သူတို့ရဲ့နောက်ကွယ်က ဆက်ဆံရေးက ဘယ်လိုပဲရှိနေပါစေ သူတို့အားလုံးက အပြန်အလှန်အားဖြင့်တော့ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ရှိနေကြတဲ့ပုံပေါ်တာပဲ။
အန်းချင်းက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး သူ့အသံကလည်း ပြန်လည်တည်ငြိမ်လာခဲ့တယ်။
"ငါတို့တွေ အခြေအနေကို အပေါ်ယံပဲ ကြည့်လို့မရဘူး၊ ငါတို့တွေက အတွင်းဘက်အခြမ်းကိုလည်း အာရုံစိုက်ထားဖို့လိုတယ်... နောက်ကွယ်မှာ သူတို့ရဲ့ဆက်ဆံရေးတွေက ဘယ်လိုရှိလဲ"
လက်အောက်ငယ်သားက အန်းချင်းရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူ့အမူအရာက ပိုလိုတောင် ဇဝေဇဝါ ဖြစ်လာတော့တယ်။ သူက ပိုပြီးတော့ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
"ဒီဂိုဏ်းတွေကြားက နောက်ကွယ်ကဆက်ဆံရေးက..."
သူက အန်းချင်းရဲ့မျက်နှာကို ဂရုတစိုက် အကဲခတ်လိုက်ပြီး ဆုံးဖြတ်ချက် ပြတ်သားနေတဲ့စိတ်တစ်ခုနဲ့ ဆက်ပြောလိုက်တယ်။
"နှစ်ပေါင်းတစ်ရာ မိတ်ဆွေဆက်ဆံရေးတစ်ခုကို လက်မှတ်ထိုးနိုင်လောက်တဲ့အထိ ကောင်းမွန်နေကြတယ်။ ပြီးတော့ ဒါကို ကောင်းကင်တာအိုကလည်း အသိအမှတ်ပြုထားတယ်လေ"
ဒီအဖြေကို ကြားလိုက်ရတဲ့အခါ အန်းချင်းရဲ့ပထမဦးဆုံး တုန့်ပြန်မှုက ဒေါသထွက်သွားတာမဟုတ်ဘဲ ဇဝေဇဝါ ဖြစ်သွားတော့တယ်။
"သူတို့တွေက ... ရူးသွားကြတာလား"
ရာစုနှစ်တစ်ခုကြာအောင် ခင်မင်ရင်းနှီးမှုအတွက် စာချုပ်တစ်ခုတဲ့လား။
တစ်ချိန်တုန်းက သူတို့တွေက ရက်ရက်စက်စက် အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး အချင်းချင်းရဲ့ ဘိုးဘွားတွေကိုတောင် သတ်ပစ်ချင်တဲ့အထိ ဖြစ်ခဲ့တာကို မေ့သွားပြီတဲ့လား။
အန်းချင်းက သူ ဂရုအစိုက်ဆူံး ဂိုဏ်းနှစ်ခုကို စဥ်းစားမိလိုက်ပြီး အံ့ကြိတ်ရင်းနဲ့ မေးလိုက်တယ်။
"ကျန်ယွဲ့ဂိုဏ်းနဲ့ တွမ်းဟွမ်ဂိုဏ်းတို့အခြေအနေဘယ်လိုရှိလဲ"
လက်အောက်ငယ်သားတွေရဲ့ အမူအရာက ပိုလိုတောင် ရှုပ်ထွေးသွားခဲ့တယ်။
"ကျန်ယွဲ့ဂိုဏ်းချုပ်နဲ့ တွမ်းဟွမ်ဂိုဏ်းချုပ်တို့က သွေးသောက်ညီအစ်ကိုတွေတောင် ဖြစ်လာကြပြီ"
အန်းချင်းရဲ့ ညိုမည်းနေပြီးသား မျက်နှာအမူအရာက ပိုလိုတောင် ဆိုးရွားလာခဲ့တယ်။ သူက သူပေးပစ်ခဲ့တဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေကို စဥ်းစားလိုက်တဲ့အချိန်မှာ သူ့နှလုံးသားက နာကျင်မှုကြောင့် တုန်လှုပ်လာခဲ့တော့တယ်။ ဒါက သူ့သိုလှောင်အိတ်ထဲမှာ တစ်ဝက်ကျော်ကျော်လောက် ရှိတဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေလေ။ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး တိမ်ဝင်နေတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"တကယ်တည်း ဘာတွေဖြစ်သွားတာလဲ"
လက်အောက်ငယ်သားတွေက အန်းချင်းကို ဒီအတိုင်း ကြည့်နေကြပြီး ပိုသတိထားပြီး စကားပြောလိုက်ရတယ်။ သူတို့တစ်ယောက်ချင်းဆီက ဂိုဏ်းအသီးသီးရဲ့ ကျင့်ကြံသူတွေဆီကနေ ကောက်နုတ်ချက် ပြုလုပ်ထားတဲ့ စကားလုံးတွေကို ပြောပြလိုက်တယ်။
အန်းချင်းက သူ့စကားကို နားထောင်လိုက်ပြီး သူ့ရင်ဘတ်က ဒေါသကြောင့် မောက်တက်လာခဲ့တယ်။
"မင်း ပြောချင်တာက အဲ့ဒီအတွက်ကြောင့်..."
"ငါတို့ပေးပစ်ခဲ့တဲ့ ရတနာတွေကြောင့် ဒီဂိုဏ်းတွေကြားက ဆက်ဆံရေးက ရုတ်တရက် တိုးတက်လာတယ်တဲ့လား"
လက်အောက်ငယ်သားက သူ့ကိုမော့ကြည့်လိုက်ပြီး သူရဲ့ဒေါသထွက်နေတဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါ သူက ခေါင်းကို မြန်မြန်ပြန်ငုံ့ထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်တော့တယ်။
"အဲ့ဒါတင် မဟုတ်ပါဘူး... အဲ့ဒီလူသတ်သမားသခင်ကြီးတွေ ရှိနေတာကြောင့်လည်း ပါပါတယ်..."
အန်းချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တုန်ယင်သွားခဲ့တယ်။
ဒီတော့ အခု ဒီဂိုဏ်းတွေအချင်းချင်းကို အရမ်းကို ရင်းနှီးသွားရတာက တကယ်တမ်းကျတော့ သူရဲ့အကျိုးဆောင်မှုကြောင့်တဲ့လား။
ဒီလိုဆက်ပြီး ဖြစ်နေလို့မဖြစ်ဘူးလေ။
သူက နတ်ဆိုးသခင်ကြီးရဲ့အမိန့်ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့တဲ့အပြင် သူက... ဒီလိုခါးသီးစရာကောင်းတဲ့ နောက်ဆက်တွဲတွေကိုလည်း ခံစားရအုံးမယ်တဲ့။
တကယ်လို့ နတ်ဆိုးသခင်ကြီးသာ ဒါကိုသိသွားမယ်ဆိုရင်...
အန်းချင်းမှာ မနေနိုင်တော့ဘဲ တုန်ယင်သွားတော့တယ်။ ဒါပေမဲ့ အခုကျတော့ သူက ဒီမှာရှိနေတဲ့ ဝိညာဥ်ရတနာတွေအားလုံးကို သုံးပြီးသွားသလောက် ရှိနေပြီလေ...
သူ့မှာကျန်တဲ့ ဝိညာဥ်ရတနာတွေကတော့- အဟမ်း... အဲ့ဒါတွေက သူ့ကိုယ်သူကာကွယ်ဖို့အတွက် သူ သုံးနေကျဝိညာဥ်ရတနာတွေပေါ့။ ဒါကြောင့် သူ ဒါတွေကို မထိနိုင်ဘူးလေ။
ဒါပေမဲ့...
တကယ်လို့ သူသာ အစွမ်းထက်တဲ့ဝိညာဥ်ရတနာတွေ မန္တာန်စာရွက် ဒါမှမဟုတ် အဆိပ်ခတ်နေတဲ့ ဝိညာဥ်ရတနာတွေကို ဝယ်နိုင်ခဲ့မယ်ဆိုရင် ကျင့်ကြံရေးလောကထဲက နေရာအသီးသီးမှာ ချထားနိုင်ခဲ့မယ်ဆိုရင်...
ဒါဆိုရင် ကျင့်ကြံရေးလောကတစ်ခုလုံးက သေချာပေါက် ရုန်းရင်းဆန်ခတ်ဖြစ်သွားမှာပဲ။
ဒါဆိုရင်တော့ နတ်ဆိုးသခင်ကြီးရဲ့အမိန့်ကလည်း အလိုလိုပြီးမြောက်သွားလိမ့်မယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူကဘောလုံးလေးလိုကွေးနေတဲ့ သူရဲ့လက်အောက်ငယ်သားကို ကြည့်လိုက်ပြီး စိတ်ရှုပ်ခံမနေဘဲ ခေါင်းကိုလှည့်ထားလိုက်ကာ မျက်မှောင်ကျုံ့ရင်း မေးလိုက်တော့တယ်။
"မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေနဲ့ မြို့သူမြို့သားတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တဲ့ မှော်ရတနာတစ်ခုကို ကျင့်ကြံရေးလောကထဲမှာ ဘယ်မှာဝယ်ရသလဲဆိုတာ သိလား"
လက်အောက်ငယ်သားရဲ့ မျက်နှာပေါ်ကအမူအရာက လုံးဝကို ကြောက်လန့်တကြား ဖြစ်သွားခဲ့တယ်။
ဘယ်မှာရှိတယ်ဆိုတာကို သူက ဘယ်လိုလုပ်ပြီးသိနိုင်ပါ့မလဲ။
အန်းချင်းရဲ့ စိတ်မရှည်မှုတွေ တိုးပွားလာတဲ့အမူအရာကို မြင်လိုက်ရတဲ့အခါ သူကတစ်ခုခုကို သတိရသွားတဲ့နဲ့ သူရဲ့ကွေးနေတဲ့ခန္ဓာကိုယ်က ရုတ်တရက်ဖြောင့်တန်းသွားခဲ့တယ်။
"ကျွန်တော် သိပြီ"
"ကျန့်ရွှမ်ပေါ်မှာပါ"
အခုနောက်ပိုင်းထွက်ထားတဲ့ ကျန့်ရွှမ်က အချင်းချင်း ဆက်သွယ်လို့ရသလို ထူးခြားတဲ့စာပေးအယူ လုပ်ဆောင်ချက်တစ်ခုလည်း ပါတာကြောင့် ကျင့်ကြံသူတွေက အချင်းချင်းနားလည်ကြတယ်လေ။
ဒီလုပ်ဆောင်ချက်က ဆက်တိုက်ဆိုသလို တိုးတက်အောက်လုပ်လာခဲ့တာ အခုဆိုရင် ကျင့်ကြံသူတွေက သတင်းအချက်အလက်တွေကို အရောင်းအဝယ်လုပ်တဲ့ အကြောင်းအရာတွေတင်ပေးနိုင်တဲ့ ဆိုင်လေးတစ်ခုတောင် ဖြစ်လာပြီလေ။
သူတို့တွေက ဂရုတစိုက် ရှာဖွေကြည့်မယ်ဆိုရင် လူကြီးတွေလိုအပ်တာကို သေချာပေါက်ရှာဖွေနိုင်မှာပဲ။
သူ့စကားကို ကြားလိုက်ပြီးတဲ့အခါ အန်းချင်းရဲ့မျက်လုံးတွေက မသိမသာပြေလျော့သွားခဲ့တယ်။
"ဪ အဲ့လိုလား"
လက်အောက်ငယ်သားက သူ ဝယ်လာတာသိပ်မကြာသေးတဲ့ ကျန့်ရွှမ်ရဲ့နောက်ဆုံးဗားရှင်းကို မြန်မြန်ထုတ်လိုက်ပြီး တလေးတစားနဲ့ ကမ်းပေးလိုက်တယ်။
"လူကြီးမင်းတစ်ချက်လောက် ကျေးဇူးပြုပြီးတော့ ကြည်ကြည့်ပါ"
...
ကွေးယွမ်ဂိုဏ်း ယောက်ရှန်းတောင်ထွတ်။
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက သူ့ရဲ့စုတ်ပြဲနေတဲ့ ဂိုဏ်းချုပ်ဝတ်စုံကို မျက်လုံးထဲမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်တစ်ခုနဲ့ ငေးကြည့်နေမိတယ်။ သူ့ဘေးက အကြီးဆုံးတပည့်က ပိုလိုတောင် ရိုးရိုးရှင်းရှင်း ဝတ်စားထားပြီး ကွေးယွမ်ဂိုဏ်းရဲ့ အစေခံတွေထက်တောင် ပိုပြီးတော့ ဟောင်းနွမ်း စုတ်ပြတ်နေသေးတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းကဆိုရင် ဖုန်းရန်ဂိုဏ်းက ကျင့်ကြံရေးလောကထဲမှာ အချမ်းသာဆုံးဂိုဏ်းတစ်ခု ဖြစ်ပြီး ခုနှစ်ခုမြောက်ဂိုဏ်းနေရာကို ယှဥ်ပြိုင်နိုင်တဲ့အနေအထားတောင် ရှိတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အရင်ဂိုဏ်းချုပ်ကြီးက စီမံခန့်ခွဲတဲ့နေရာမှာ ညံ့ဖျင်းခဲ့တဲ့အတွက် အခုတော့ ဂိုဏ်းက လူဆယ်ယောက်ပဲ ကျန်တဲ့အထိ ကျဆင်းသွားခဲ့တယ်။
ဒီနေ့ သူတို့တွေ ဒီနေရာကိုလာပြီး ခုနှစ်ခုမြောက်ဂိုဏ်းရွေးချယ်ပွဲကို တက်ရောက်နိုင်တယ်ဆိုတာကလည်း သူတို့ရဲ့ဘိုးဘေးဘီဘင်တွေ အကာအကွယ်ကိုပဲ ကျေးဇူးတင်ရမယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူက ကြိတ်ပြီး သက်ပြင်းချလိုက်တယ်။
"ရှောင်ကျိုး ငါတို့တွေ ကျန့်ရွှမ်ပေါ်မှာ ရောင်းထားတဲ့ပစ္စည်းနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်က လာမေးသေးလား"
ယင်ကျိုးရဲ့မျက်နှာက သူ့ဆရာထက်တောင် ပိုပြီးညှိးနွမ်းနေသေးတယ်။ သူက လေးပင်စွာနဲ့ သက်ပြင်းချလိုက်မိတော့တယ်။
"ဆရာ ကျွန်တော်တို့တွေက ကျန့်ရွှမ်ပေါ်မှာ ရှေ့ဆုံးနေရာအတွက် မတတ်နိုင်ဘူးလေ။ ဖုန်းရန်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းတွေအားလုံးက အောက်ဆုံးကို ရောက်သွားပြီ၊ တချို့လောက်ကပဲ ဒါကို မြင်ရနိုင်တယ်"
ဒီအချိန်မှာပဲ သူက ခဏလောက်တုံ့ဆိုင်းသွားပြီး သူ့အသံကလည်း စကားပြောဖို့ ပိုပြီးခက်ခဲလာတဲ့ပုံပဲ။
"ဖုန်းရန်ဂိုဏ်းက ရောင်းထားတဲ့ပစ္စည်းတွေက တကယ်တမ်းကျတော့ ..."
သူ့စကားမဆုံးသေးခင်မှာဘဲ စားပွဲပေါ်က ကျန့်ရွှမ်က ရုတ်တရက် လင်းလက်လာခဲ့တယ်။
မင်ကျိုးက ကျန့်ရွှမ်ကို အမှတ်တမဲ့ ကောက်ကိုင်လိုက်ပြီး
"မင်းတို့ဆီမှာ ရတနာတွေ ဘယ်လောက်ရှိလဲ" ဆိုတဲ့စကားလုံးကို ဖတ်ကြည့်လိုက်မိတယ်။ သူက မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး တအံ့တသြနဲ့ ပြောလိုက်တယ်။
"ဆရာ တစ်ယောက်ယောက်ကတော့ အဲ့ဒီပစ္စည်းကို ဝယ်ချင်တယ်တဲ့"
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက ဂိုဏ်းရဲ့တစ်ခုတည်းသောကျန့်ရွှမ်ကို လှမ်းပြီးလုယူလိုက်ကာ သူ့လက်တွေက တုန်တုန်ယင်ယင်နဲ့ တစ်ဖက်လူကို စာတစ်စောင်လှမ်းပို့လိုက်တယ်။
"တာအိုရောင်းရင်း ရောင်းရင်းက ဘယ်လောက်များများ ဝယ်ချင်လို့လဲ"
တစ်ဖက်မှာတော့ လက်အောက်ငယ်သားက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး အန်းချင်းကို အာမခံလိုက်တယ်။
"လူကြီးမင်း ကျင့်ကြံရေးလောကထဲမှာ ဘယ်ကျင့်ကြံသူကမှာ လူကြီးမင်းလိုချင်တဲ့ ဝိညာဥ်ရတနာတွေကို ပေါ်ပေါ်ထင်ထင် မရောင်းရဲကြဘူးလေ"
"ဒီလူကို ကြည့်လိုက်စမ်း၊ သူ့မှာအရမ်းကို ကြောက်လွန်းလို့ သူ ရောင်းမဲ့ပစ္စည်းကိုတောင်မှာ ထုတ်မပြရဲဘူးလေ၊ သူက သူ့ရဲ့အချက်အလက်တွေကို ဒီလိုလျှို့ဝှက်တဲ့နေရာတစ်ခုမှာ တမင်သက်သက် သိမ်းထားတာတဲ့..."
"ပြီးတော့ သူ့ဖော်ပြချက်ကိုလည်း ကြည့်လိုက်ပါအုံး၊ သုခဘုံကိုတက်လှမ်း လေထဲလွင့်မျောဖို့လား၊ အရိုင်းဆန်ဆန် တိုက်ခိုက်လိုက်ပါ၊ ဒီလောက်ကို ပြင်းထန်နိုင်ပါတယ်တဲ့၊ ဒါက တောထဲမှာ အဆိပ်ငွေ့တွေကို ထုတ်လွှတ်နိုင်တဲ့ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ရမယ် နောက်ပြီး စောစောစီးစီး ကောင်းကင်ဘုံကို ရောက်သွားနိုင်တယ်ဆိုတော့ ဒါက လူတွေကို သူတို့ရဲ့သေခြင်းတရားကို ပို့ဆောင်ပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား"
သူက လုံးဝကို သေချာနေတဲ့ပုံနဲ့ပြောလိုက်တယ်။
"သူက လူကြီးမင်း လိုချင်တဲ့ပစ္စည်းကို ရောင်းနေတာပဲဖြစ်ရမယ်"
အန်းချင်းက သူ့စကားလုံးတွေကို နားထောင်လိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်တယ်။
"ဒါက ယုတ္တိရှိတာပဲ"
လက်အောက်ငယ်သားက သူ ခေါင်းညိတ်ပြလိုက်တာကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေကလည်း လင်းလက်သွားပြီး သတိနဲ့ကြိုးစားပြီး မေးလိုက်တယ်။
"ဒါဆိုရင် လူကြီးမင်း ကျွန်တော်သူ့ကို အခုချက်ချင်း ဆက်သွယ်လိုက်ရတော့မလား"
အန်းချင်းက သူ့ကို လှမ်းကြည့်လိုက်ပြီး "အင်း" လို့ပြောလိုက်တယ်။
သူရဲ့လက်အောက်ငယ်သားတွေက ကျန့်ရွှမ်ပေါ်မှာ အမည်မသိလို့ ရေးထားတဲ့ ရောင်းသူဆီကို မြန်မြန်ဆက်သွယ်ကြတော့တယ်။ အသက်တစ်ချက် နှစ်ချက်လောက် ရှူပြီးတဲ့အခါမှာတော့ သူက ကျန့်ရွှမ်ပေါ်ကစာကို ကြည့်လိုက်ပြီး ခေါင်းကိုမော့လိုက်ကာ လေသံတိုးတိုးနဲ့ မေးလိုက်တယ်။
"လူကြီးမင်း ဒီလူကို ကျွန်တော်တို့ကို ဘယ်နှစ်ခုပေးစေချင်လဲ"
အန်းချင်းက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်တယ်။
"အရမ်းများနေတယ်ဆိုရင်လည်း တခြားသူတွေကို သတိထားမိရာ ကျသွားလိမ့်မယ်၊ ဒီတော့ အရင်ဆုံး အခုတစ်ထောင်ပဲ ဝယ်ကြရအောင်"
"တစ်ထောင်"
ဖုန်းတစ်ဖက်က ဖုန်းရန်ဂိုဏ်းချုပ်ကြီးက အထိတ်တလန့်နဲ့ ထအော်တော့တယ်။ သူ့ဘေးက မင်ယင်ကျိုးကလည်း နားမလည်နိုင်အောင် ဖြစ်သွားတယ်။
ဒီလူက ညစ်ညမ်းပုံတူ အခုတစ်ထောင်ကို ဘာဖြစ်လို့ လိုချင်နေတာတဲ့လဲ။ ဟုတ်ပါတယ်။ သူတို့ ကျန့်ရွှမ်ပေါ်မှာ ရောင်းနေတဲ့ပစ္စည်းက ညစ်ညမ်းပုံတူတွေလေ။
ဒါတွေက အပေါစားဆန်တယ်ဆိုပေမဲ့လည်း ကာမအားတိုးဆေးလိုပဲ ဝယ်လိုအားများတယ်။ ဒါပေမဲ့... ဖုန်းရန်ဂိုဏ်းက အရမ်းကို ဆင်းရဲလွန်းလို့ သူတို့မှာ ကာမအားတိုးဆေးကို ရောင်းဖို့ ဝိညာဉ်ကျောက်တုံးတောင်မှ မရှိဘူးလေ။ ဒီတော့ သူတို့တွေက ရောင်းလို့ရမဲ့ ပိုပြီးစျေးပေါတဲ့ပစ္စည်းတစ်ခုခုပဲ ရှာဖွေနိုင်တော့တာပေါ့။
အဲဒီအချိန်တုန်းကဆိုရင် ဖုန်းရန်ဂိုဏ်းချုပ်ကြီးက ကာမအားတိုးဆေးက အရမ်းကို ရောင်းအားကောင်းနေတာကို မြင်လိုက်ရတဲ့အခါ အင်မတန်မှ မနာလိုဖြစ်မိသွားခဲ့တယ်လေ။ ဒီတော့ သူက စိတ်ကူးတစ်ခုကို ဖော်ထုတ်လိုက်ပြီး ကာမအားတိုးဆေးအတွက် အစားထိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့ဒါကတော့... ညစ်ညမ်းရုပ်ပုံတွေပဲပေါ့။
ဒီလိုနဲ့ ဖုန်းရန်ဂိုဏ်းက ကျန့်ရွှမ်ပေါ်မှာ ညစ်ညမ်းရုပ်ပုံတွေကို ရောင်းချတဲ့ အသက်မွေးဝမ်းကြောင်း စတင်ခဲ့ကြတယ်။
သနားစရာကောင်းတာကတော့ ရက်ပေါင်းများစွာ ကြာပြီးတဲ့အထိမှာတောင် ရုပ်ပုံလေးတစ်ပုံကိုတောင်မှ မရောင်းချရသေးဘူးလေ။
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက ကျန့်ရွှမ်ပေါ်ကသတင်းကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသွားကာ သိချင်စိတ် ဖြစ်သွားတော့တယ်။ နောက်ဆုံးတော့ သူက မနေနိုင်ဘဲမေးလိုက်တော့တယ်။
"ဒီလောက်အများကြီးကို ဘာအတွက်သုံးမလို့လဲ မသိဘူးနော်"
တစ်ဖက်က လက်အောက်ငယ်သားက သူ့ မေးခွန်းကို မြင်လိုက်တဲ့အခါ သူ့ဘေးက အန်းချင်း စိတ်ဆိုးမှာကို စိုးရိမ်တဲ့အတွက် စိတ်မရှည်လက်မရှည်နဲ့ ပြောလိုက်တော့တယ်။
"ခင်ဗျားကဘာတွေ အဲ့လောက်ဂရုစိုက်နေတာလဲ။ ခင်ဗျားတို့မှာရှိလား မရှိသလားဆိုတာပဲပြောပါ"
"အဲ့လိုမှ မဟုတ်ဘူးဆိုရင်လည်း ကျုပ် တခြားတစ်ယောက်ကိုပဲ သွားရှာတော့မယ်"
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက မြန်မြန်ပြန်ဖြေလိုက်တယ်။
"ရှိပါတယ်၊ ရှိပါတယ်၊ ရှိတယ်"
"ဒါပေမဲ့လည်း ဒီနေ့ခေတ်မှာ ဒီလိုပစ္စည်းမျိုးက အများအပြား မရှိဘူးဆိုတာ ခင်ဗျားလည်း သိမှာပါ၊ ဒါက အခုတစ်ထောင်လုံး ပြင်ဆင်ဖို့အတွက်ဆိုရင် အနည်းဆုံး နောက်တစ်ရက်၊ နှစ်ရက်လောက် အချိန်ပေးရလိမ့်မယ်"
အန်းချင်းကလည်း ကျန့်ရွှမ်ပေါ်ကသတင်းကို မြင်လိုက်တယ်။ သူလည်း သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲတမ်း သတိထားနေရတာကြောင့် သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
"မေးခွန်းနည်းနည်းထပ်မေးပြီးတော့ သူ ရောင်းနေတဲ့ပစ္စည်း အတိအကျ သိရအောင် ရှာဖွေလိုက်"
လက်အောက်ငယ်သားက နားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်တယ်။
"ဒီဝိညာဥ်ရတနာတွေကို လုပ်ဖို့အတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ရလို့လဲ"
ဖန်းယွမ်ဂိုဏ်းချုပ်ကြီးက ကျင့်ကြံရေးလောကထဲမှာ အချိန်အကြာကြီး ရုန်းကန်လာရတာဆိုတော့ ဝိညာဥ်ကျောက်တုံးရှာဖွေဖို့အတွက် မရေမတွက်နိုင်တဲ့ အလုပ်တွေကို လုပ်ခဲ့ရတယ်လေ။ သူက ဒီမေးခွန်းကို မြင့်လိုက်ဖို့အတွက် မရေမတွက်နိုင်တဲ့ စိတ်ကူးပေါင်း သောင်းခြောက်ထောင်က သူ့စိတ်ထဲမှာ ချက်ချင်းပေါ်ထွက်လာခဲ့တယ်။
အိမ်း ပစ္စည်းတွေကို ရောင်းတဲ့အခါ နည်းနည်းလောက် ချဲ့ကားပြီးပြောလိုက်တာက ပုံမှန်ပါပဲလေ။
"တာအိုရောင်းရင်း ကျွန်တော်တို့ရဲ့ရတနာကို ကောင်းကင်ပိုးနဲ့ လုပ်ထားတဲ့ အဆင့်မြင့် အရည်အသွေးစာရွက်ကို သုံးထားပြီး ယွီဟန်မှင်နဲ့ ဖြည့်ဆည်းထားပြီး ကျင့်ကြံရေးလောကထဲမှာတော့ ရှားပါးတဲ့ရတနာတစ်ခုပါပဲ။ နှံ့စပ်ကျွမ်းကျင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်က ဆွဲသားထားတာပါ..."
ကွေးယွမ်ခန်းမထဲမှာ။
မနက်ဖန်ဆိုရင် ဂိုဏ်းကြီးတွေ အားလုံးက ခုနှစ်ခုမြောက်ဂိုဏ်းဖြစ်လာဖို့ ယှဥ်ပြိုင်ရမဲ့နေ့ပဲ။ ဒီနေ့ ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေအားလုံးက ကွေးယွမ်ခန်းမထဲမှာ စုစည်းလိုက်ကြပြီး အချင်းချင်း လောကဝတ်စကားတွေ ဖလှယ်လိုက်ကြတယ်။
စူးလီက ထောင့်နားမှာ ပျင်းရိလေးတွဲစွာနဲ့ထိုင်နေပြီး ခန်းမထဲမှာ ဖြစ်ပျက်နေတဲ့အရာကို စိတ်မဝင်စားလေဘူး။
သူမက ခေါင်းကိုလှည့်လိုက်ပြီး လှုပ်ရှားမှုတိုင်းက တည်ငြိမ်ပြီးကျက်သရေရှိလှတဲ့ သူမဘေးမှာ ထိုင်နေတဲ့လူကို ကြည့်လိုက်တယ်။ ခဏလောက် သူ့ကို ရှုစားလိုက်ပြီးတာနဲ့ သူမက မသင်္ကာတဲ့အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"ဒါနဲ့လေ ကျန်းမုံ့လန်က သူရဲ့ကျင့်ကြံခြင်းအဆင့်တွေကို ပေါင်းစည်းပြီးသွားပြီမလား"
"ကွေးယွမ်ဂိုဏ်းမှာ နှစ်ရက်လောက် ဆက်နေလိုက်ပါတဲ့လား၊ အခုပဲ ထွက်သွားတော့မလို့တဲ့လား"
သူမရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်ရဲ့လှုပ်ရှားမှုတွေက မသိမသာ တုံ့ဆိုင်းသွားခဲ့တယ်။
အဲ့ဒီနောက်တော့ သူက သူလုပ်နေတဲ့အရာကို ဆက်လုပ်လိုက်ပြီး လေသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
"ကွေးယွမ်ဂိုဏ်းဆိုတာ သူ့အတွက်တော့ အမြဲတမ်း ဝမ်းနည်စရာနေရာတစ်ခု ဖြစ်နေမှာပဲလေ"
"ကွေးယွမ်ဂိုဏ်းကနေ စောစောစီးစီး ထွက်သွားပြီး အပြင်ဖက်က အတွေ့အကြုံတွေ ယူတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပါပဲ"
စူးလီရဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက သူမပါးစပ်ကို မဖွင့်ရသေးခင်မှာ ရှဲ့ချီယွမ်က သူမကို လက်ဖက်ရည်ခွက် လှမ်းပေးလာတာကို မြင်လိုက်ရတယ်။
"ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သစ်သီးဝိုင် သောက်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"
"ကျွန်တော် အသစ်လုပ်ထားတဲ့ နတ်သမီးဆီးပန်းပွင့် ယမကာကို မြည်းစမ်းကြည့်ပြီးတော့ မင်းရဲ့အကြိုက်နဲ့ ကိုက်မကိုက် ကြည့်ကြည်လိုက်ပါအုံး"
ယမကာဖျော်စပ်ဖို့ မသေမျိုးဝိညာဥ်ဆေးပင်တွေကို သုံးတယ်ဆိုတာက တခြားကျင့်ကြံသူရဲ့ မျက်လုံးထဲမှာတော့ သဘာဝအရင်းအမြစ်ကို ဖြုန်းတီးတယ်လို့ သတ်မှတ်လို့ရပေမဲ့လည်း ရှဲ့ချီယွမ်နဲ့ စူးလီအတွက်တော့ ဒါက တကယ့်ကို သာမန်ပဲလေ။
စူးလီက ယမကာခွက်ကို လှမ်းယူလိုက်ပြီး အထဲက နတ်သမီးဆီးပန်းပွင့်ရဲ့ နီဖျော့ဖျော့ အရောင်ကိုကြည့်လိုက်ပြီး သိမ်သိမ်မွေ့မွေ့နဲ့ မျက်တောင်ခတ်မိလိုက်တယ်။
သူမက ယမကာခွက်နားကို နည်းနည်းလေးကပ်သွားပြီး ဂရုတစိုက်နဲ့ ရှူရှိုက်ကြည့်လိုက်တယ်။ ယမကာနံ့ အများကြီးမရနေဘဲ ချိုမြမြ နတ်သမီးဆီးပန်းပွင့်ရဲ့ ရနံ့သာရနေခဲ့တယ်။
သူမက တစ်ငုံလောက် သောက်ကြည့်လိုက်ပြီ သူမရဲ့မျက်လုံးတွေက ရုတ်တရက် လင်းလက်လာတယ်။
ဒီယမကာတစ်ခွက်က တကယ့်ကို ရနံ့သင်းသင်းလေးပဲရှိတာပဲ။ ချိုမြိန်တဲ့အသီးလက်ဖက်ရည် တစ်ခွက်နဲ့တောင် ပိုတူနေသေးတယ်။
သူမက မနေနိုင်တော့ဘဲ နောက်တစ်ငုံကို ထပ်မြည်းကြည့်လိုက်တော့တယ်။
သူမက ယမကာကို လောဘတကြီး သောက်သုံးနေတဲ့အချိန်မှာပဲ ခန်းမထဲက အတုအယောင် ယဥ်ကျေးမှုတွေက နောက်ဆုံးတော့ ရပ်တန့်သွားခဲ့တယ်။ ဒီအချိန်မှာပဲ ထောင့်နားမှာ ရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့အသံက အားလုံးရဲ့နားထဲကို ရှင်းရှင်းလင်းလင်း ဝင်လာခဲ့တယ်။
"ဟေ့လူတွေ ဖုန်းရန်ဂိုဏ်းချုပ်ကြီးက ဒီနေ့ ဘာဖြစ်လို့ ရောက်မလာတာပါလဲ"
"သူ အန္တရာယ်များ ကြုံတွေ့နေရလို့လား"
ဒီအချိန်မှာတော့ စူးလီက အသီးဝိုင်တစ်ခွက်လုံးကို သောက်သုံးပြီးသွားခဲ့တယ်။ သူမက သူမခွက်ထဲမှာ ဘာမှမရှိတော့တဲ့အကြောင်း သူမဘေးဘီက လူတွေကို ခွက်ကို မှောက်ချည်လှန်ချည်လုပ်ပြရင်း သက်သေပြနေခဲ့တယ်။
ဒါပေမဲ့ ရှဲ့ချီယွမ်က အပြုံးတစ်ခုနဲ့ သူမကိုဒီအတိုင်းကြည့်နေပြီး သူမကို နောက်ထပ်ယမကာတစ်ခွက် လောင်းမထည့်ပေးတာကို မြင်လိုက်ရတဲ့အခါ သူမက နှာခေါင်းရှုံ့လိုက်ပြီး အကြည့်လွှဲထားလိုက်တော့တယ်။ ရှဲ့ချီယွမ်က သူမရဲ့ပုံရိပ်လေးကို ကြည့်နေမိပြိး သူ့မျက်လုံးထဲမှာတော့ ကူကယ်ရာမဲ့သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။
ဆီးပန်းပွင့်ယမကာရဲ့အရသာက ပေါ့ပါးတယ်ဆိုပေမဲ့လည်း နောက်ဆုံး ဒါကို နတ်သမီးဆေးပင်တစ်ခုနဲ့ ဖော်စပ်ထားတာဆိုတော့ စူးလီက ယမကာသောက်တဲ့နေရာမှာ အဲ့လောက်အထိ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ...
သူက ဒီလိုတွေးလိုက်ပေမဲ့လည်း ဘာမှမတတ်နိုင်တော့သလို နောက်ထပ် ယမကာခွက်ငယ်လေးတစ်ခွက်ကို လောင်းထည့်ပေးလိုက်ပြီး စူးလီကို လှမ်းပေးလိုက်တယ်။
စူးလီက တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ယမကာခွက်ကို ကြည့်လိုက််တယ်။ သူမက တစ်ငုံလောက် သောက်မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ ခန်းမထဲကအသံတစ်ခုကို ကြားလိုက်ရလေရဲ့။
သောက်ပြီးသွားတဲ့အခါ သူမကကောင်းကင်စာအုပ်ကို ပုံမှန်အတိုင်း လှန်လှောကြည့်လိုက်တယ်။
[ဖုန်းရန်ဂိုဏ်းချုပ်ကြီး...]
[ကျွတ်ကျွတ်... သူက ကျန့်ရွှမ်ပေါ်မှာ ညစ်ညမ်းရုပ်ပုံတွေ ရောင်းရင်းအလုပ်များနေတာပဲ...]
[ဟယ်... တစ်စုံတစ်ယောက်က ညစ်ညမ်းပုံတူ အခုတစ်ထောင်ကို ဝယ်ချင်နေတာတဲ့လား]
[ပုံတူအခုတစ်ထောင်တဲ့လေ၊ ဒါကတကယ်ရော ပုံမှန်ဟုတ်ရဲ့လား]
...