အခန်း ၁၅၄
Vol. 11 Ch. 154
အပိုင်း (၁၅၄)
ကွေးယွမ်ခန်းမထဲက လူတွေက အပြင်လောကကစကားသံကို ကြားလိုက်တဲ့အခါ သူတို့မျက်နှာပေါ်က အမူအရာက ရုတ်ခြည်းဆိုသလို ပိုပြီးအသက်ဝင်လာခဲ့တယ်။
ခေါင်းဆောင်တွေအနေနဲ့ သူတို့တွေက ဒီအစည်းအဝေးကို တက်ရောက်လာခဲ့ရတာလေ။ ဒါပေမဲ့—
ဘယ်သူတွေက ဒီနေရာမှာ မဟာရန်ဖက်ဂိုဏ်းတွေနဲ့ တွေ့ချင်ပါ့မလဲ။
အဓိကအချက်က သူတို့လို လူကြီးတွေရဲ့ရှေ့မှာ သူတို့တွေက ရွံ့ရှာမှုကို သည်းခံထားရပြီး အရမ်းကိုညီညွှတ်မျှတပြီး အချင်းချင်းချစ်မြတ်နိုးနေတဲ့ပုံစံ ဟန်ဆောင်နေရတယ်လေ။
ဒီနေရာမှာ ရန်သူတွေကို ချီးမွမ်းနေရမဲ့အစား သူတို့တွေက ဖုန်းရန်ဂိုဏ်းချုပ်ကြီးဆီမှာ ပွဲသွားကြည့်တာပဲ ပိုကောင်းလိမ့်အုံးမယ်။ ဒီ့အပြင် သူတို့တွေလည်း အရမ်းကို သိချင်မိတယ်လေ။
ဖုန်းရန်ဂိုဏ်းက လွန်ခဲ့တဲ့နှစ်၁၀၀ကျော်တုန်းကဆိုရင် အရမ်းကိုမှ ကြွယ်ဝချမ်းသာခဲ့တာပဲ။ အခုကျတော့ ဝိညာဥ်ကျောက်တုံးတွေကို ရှာဖွေဖို့ ညစ်ညမ်းရုပ်ပုံတွေ ရောင်းရတဲ့အထိ... ဘယ်လိုလုပ်ပြီး ကျဆင်းသွားရတာလဲ။
အသက်သုံးချက်လောက် ရှူပြီးတဲ့နောက်မှာ ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးက စိတ်မရှည်နိုင်တော့ဘဲ အဓိကနေရာမှာ ထိုင်နေတဲ့ ဂိုဏ်းချုပ်ကြီးတွေကို သွေးတိုးစမ်းသလို ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးချီ ဖုန်းရန်ဂိုဏ်းချုပ်ကြီးက အမြဲတမ်း ဝီရိယရှိပြီး ကြင်နာသနားတတ်ပါတယ်။ သူ ဒီလိုအရေးကြီးတဲ့ အခမ်းအနားကို တမင်သက်သက်တော့ အလွတ်ခံမှာ မဟုတ်ပါဘူး၊ ကြည့်ရတာ သူ အန္တရယ်တစ်ခုခုနဲ့ ကြုံတွေ့နေရတယ်နဲ့တူတယ်..."
ဒီအချိန်မှာ တခြားသူတွေကလည်း ဖုန်းရန်ဂိုဏ်းချုပ်ကြီးရဲ့ လက်ရှိအခြေအနေကို ကောင်းကောင်း သိထားကြပေမဲ့လည်း သူတို့အားလုံးက ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးရဲ့စကားကို ထောက်ခံလိုက်ကြတယ်။
"ဟုတ်တယ် ဖုန်းရန်ဂိုဏ်းချုပ်ကြီးက အန္တရာယ်တစ်ခုခု ကြုံတွေ့နေရတာပဲ ဖြစ်မယ်"
"ဟုတ်တယ် ဟုတ်တယ်၊ ကျုပ်တို့တွေ အတူတူသွားပြီးတော့ စုံစမ်းကြည့်ကြမလား"
သေမင်းနတ်ဘုရားနဲ့ သူတို့ရဲ့မဟာရန်သူဂိုဏ်းတွေနဲ့ အပြန်အလှန် လောကဝတ်စကား ဆက်ပြီးပြောနေရမဲ့အစား သူတို့တွေက ပွဲကြည့်ဖို့ပဲ ဖုန်းရန်ဂိုဏ်းချုပ်ကြီးဆီကိုပဲ သွားချင်ကြတော့တယ်လေ။
ဝမ့်ကျန့်ဂိုဏ်ချုပ်ကြီးက တခြားဂိုဏ်ကြီးငါးခုရဲ့ ဂိုဏ်းချုပ်ကြီးတွေနဲ့ အကြည့်ချင်းဖလှယ်လိုက်တယ်။ သူတို့ရဲ့မျက်လုံးထဲမှာ လုံးဝမသိသာတဲ့ စိတ်လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက ခေါင်းကိုတစ်ဖက်လှည့်လိုက်ပြီး ချောင်းဟန့်လိုက်ကာ ကျန်ယွဲ့ဂိုဏ်းချုပ်ကြီး ပြောတဲ့စကားကို ခေါင်းညိတ်ကာ တလေးတစား ထောက်ခံလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးယွဲ့ပြောတာ ဟုတ်ပါတယ်။ ဂိုဏ်းချုပ်ကြီးဖုန်းဆီကို အတူတူသွားလည်ရအောင်ပါ၊ တကယ်လို့ ဘာမှမဟုတ်ဘူးဆိုရင်လည်း ကျုပ်တို့တွေက ဝမ်းသာရတာပေါ့။ တကယ်လို့ တစ်ခုခုဖြစ်နေတယ်ဆိုရင်တော့ ကျုပ်တို့တွေက ဂိုဏ်းချုပ်ကြီးဖုန်းကို ချက်ချင်းကူညီပေးနိုင်တာပေါ့"
ဒီလိုနဲ့ လူအဖွဲ့ကြီးက ဖုန်းရန်ဂိုဏ်းချုပ်ကြီးရှိရာ မြင့်မြတ်တောင်ထွတ်ဆီကို ရောက်လာကြတော့တယ်။
ရှေ့ကနေလျှောက်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူရဲ့သနားစရာ ဂိုဒေါင်လေးအကြောင်းကို စဥ်းစားမိပြီး သူ့အမူအရာက တည်ကြည်တဲ့အတွေးတွေ အပြည့် ဖြစ်သွားခဲ့တယ်။
ညစ်ညမ်းရုပ်ပုံတွေ ရောင်းပြီးတော့... တကယ်ပဲ ဝိညာဥ်ကျောက်တုံးတွေ ရှာနိုင်လို့လား။
စာအုပ်ဆိုင်က ညစ်ညမ်းရုပ်ပုံတွေက အရမ်းကို အပေါစားဆန်လွန်းတယ်လို့ သူ ဘာဖြစ်လို့ အမှတ်ရနေမိပါလိမ့်...
ဧကန္တ ဖုန်းရန်ဂိုဏ်းချုပ်ကြီးရောင်းတဲ့ ညစ်ညမ်းပုံတွေထဲမှာ လက်ဆင့်ကမ်းပေးလို့မရတဲ့ လျှို့ဝှက်ချက်တွေများ ရှိလို့လား... တစ်ချိန်တည်းမှာပဲ ...
ဖုန်းရန်ဂိုဏ်းချုပ်ကြီးနဲ့ အန်းချင်းတို့ကလည်း တစ်နာရီကြာတဲ့အထိ ရင်းနှီးပြီး သဟဇာတဖြစ်တဲ့ အမူအရာတစ်ခုနဲ့ စကားပြောနေကြတယ်။
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက ကုန်လွန်သွားတဲ့အချိန်ကို ကြည့်လိုက်ပြီး သူက မနေနိုင်ဘဲ မေးလိုက်တယ်။
"ဒီရတနာတွေအတွက် လူကြီးမင်းက ဝိညာဥ်ကျောက်တုံး ဘယ်လောက်များ သုံးဖို့ဆန္ဒရှိပါသလဲ"
ဒီညစ်ညမ်းပုံတွေအတွက် သူ ပေးထားတဲ့စျေးက ပုံတူသုံးခုကို ဝိညာဥ်ကျောက်တုံးတစ်တုံးလေ။ ဒီလူပေးတဲ့စျေးက သူ့ကုန်ကျစရိတ်ထက် ဝိညာဥ်ကျောက်တုံးတစ်တုံး ပိုပေးမယ်ဆိုရင် သူက ဒါတွေကို ရောင်းရမယ်။
ဒါက စာအုပ်ပေါင်းတစ်ထောင်ပဲ။
အကျိုးအမြတ် နည်းနည်းပဲ ယူပြီး ပမာဏအများကြီးရောင်းရမဲ့ ယူဆချက်ကို သူ နားလည်တယ်လေ။
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက သူ့စိတ်ထဲမှာ သူ လိုအပ်ချက်တွေကို လျှော့ချနေတဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို သူရဲ့ကျန့်ရွှမ်ပေါ်မှာ သတင်းတစ်ခု ရောက်လာခဲ့တယ်။ ကျန့်ရွှမ်ပေါ်က အရေအတွက်ကို ကြည့်လိုက်ပြီး သူမှာ အရမ်းကို အထိတ်တလန့်ဖြစ်သွားလို့ အသက်မရှူနိုင်ဘဲ သတိမေ့မျောသွားသလိုတောင် ဖြစ်သွားတယ်။ သူမှာ အသက်ပြင်းပြင်း ဆက်တိုက်ရှူနေရပြီး သူ့အသံကလည်း တုန်ယင်ကာ သောကရောက်သလို ဖြစ်နေတော့တယ်။
"ငါး... ငါးထောင်၊ ဝိညာဥ်ကျောက်တုံးငါးထောင် ဟုတ်လား"
သူ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့ဘေးက မင်ယင်ကျိုးက ရုတ်တရက် သူ့လက်ထဲက ကျန့်ရွှမ်ကို လုယူလိုက်ပြီး ကောင်းကင်ထဲကို ထိုးဖောက်တော့မယောင် ထင်ရတဲ့အသံတစ်ခုက ရုတ်တရက် မြည်ဟီးလာခဲ့တယ်။
"တစ်ခုကို ဝိညာဥ်ကျောက်တုံးငါးထောင် ဟုတ်လား"
သူတို့ရဲ့တံခါးနားကို အခုလေးတင်မှ ရောက်လာကြတဲ့ အားလုံးက မင်ယင်ကျိုးရဲ့အသံကို ကြားလိုက်ရတော့တယ်။ တစ်ခုကို... ဝိညာဥ်ကျောက်တုံး ငါးထောင်တဲ့လား။ ဒါဆိုရင် အခုတစ်ထောင်ဆိုတော့... ၅သန်းပေါ့။
အားလုံးက သူတို့ရဲ့ စိတ်လှုပ်ရှားမှုထဲမှာ ရွံ့ရှာဟန် တစ်ချက်လေးမှ မပါဘဲ အချင်းချင်း ကြည့်လိုက်ကြတော့တယ်။
ဒီစျေးနှုန်းနဲ့ဆိုရင် သူတို့တွေက ညစ်ညမ်းရုပ်ပုံတွေကို ရောင်းရုံတင် မကဘူး သူတို့ကိုယ်တိုင်တောင် ညစ်ညမ်းရုပ်ပုံကို ဆွဲသားဖို့အတွက် ကိုယ်ဟန်ပြဖို့တောင် ဆန္ဒရှိသေးတယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း အလွန်မှ အားကျစိတ်ဖြစ်သွားပြီး သူ့မျက်လုံးတွေက နီရဲသွားတော့တယ်။ သူက ရှေ့ကို မြန်မြန်လျှောက်လာခဲ့ပြီး တံခါးကိုနှစ်ချက်လောက် ခေါက်လိုက်ပြီးတဲ့နောက်မှာ စိတ်မရှည်လက်မရှည်နဲ့ တံခါးကို တွန်းဖွင့်လိုက်တယ်။
"ဂိုဏ်းချုပ်ကြီးဖုန်း ခင်ဗျား..."
"ဝိညာဥ်ကျောက်တုံးရှာဖွေတဲ့ ဒီလိုနည်းလမ်းကို ဘာဖြစ်လို့ ဖုန်းကွယ်ထားရတာလဲ"
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက ငေးကြောင်ကြောင်နဲ့ ကျန့်ရွှမ်ပေါ်က စာကိုကြည့်နေမိတယ်။ သူက တံခါးကနေ ဝင်လာတဲ့ ဆူညံသံကို ကြားလိုက်ရတဲ့အချိန်မှာ အလန့်တကြားဖြစ်သွားပြီး သူ့လက်ကို တရကြမ်း ဝေ့ယမ်းလိုက်တဲ့အခါ သူ့လက်ထဲကကျန့်ရွှမ်က အခန်းထဲကို လျှောက်ဝင်လာနှင့်ပြီးဖြစ်တဲ့ ဂိုဏ်းချုပ်တော်တော်များများရှေ့ကို လွင့်ထွက်သွားတော့တယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အဲပေါ်ကမေးခွန်းတွေကို ကြည့်လိုက်တယ်။
"ခင်ဗျားရဲ့ မန္တာန်စာရွက်ရဲ့ တိုက်ခိုက်ရေးအကွာအဝေးက ဘယ်လောက်ရှိလဲ၊ အဆင့်နိမ့်ကျင့်ကြံသူတွေကို ဘယ်နှစ်ယောက်သတ်နိုင်လဲ” စသဖြင့်ပဲ...
သူက ရုတ်တရက်ခေါင်းမော့လိုက်ပြီး မယုံမကြည်နဲ့ ဖုန်းရန်ဂိုဏ်းချုပ်ကြီးကို လှမ်းကြည့်လိုက်တယ်။
ဖုန်းရန်ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ခင်ဗျားက အတင့်ရဲလို့များ ဒီလိုပစ္စည်းတွေကို ရောင်းချရဲရသလား။
ဒါက ညစ်ညမ်းရုပ်ပုံတွေကို ရောင်းချနေတာမှ မဟုတ်ဘဲ။ ဒါက ကျင့်ကြံရေးလောကထဲမှာ တားမြစ်ထားတဲ့ပစ္စည်းတွေကို ရောင်းနေတယ်ဆိုတာ ရှင်းလင်းနေတာပဲ။
အဆင့်နိမ့်ကျင့်ကြံသူတစ်ဖွဲ့လုံးကို သတ်ပစ်နိုင်တဲ့ ဒီလိုမန္တန်မျိုးကို အရေအတွက်နည်းနည်းလေးပဲ ရှိတဲ့အချိန်ကျမှသာ ကိုယ့်ဟာကို ကာကွယ်ဖို့အတွက် သုံးလို့ရတာလေ။ ဒါပေမဲ့ ဒီလိုမန္တန်စာရွက်ပေါင်း တစ်ထောင်ဆိုရင် မရေမတွက်နိုင်တဲ့ ရွာနဲ့မြို့တွေကို ဖျက်ဆီးပစ်ဖို့တောင် လုံလောက်တာပဲ။
ဒီလိုပစ္စည်းတွေကို မှောင်ခိုစျေးကွက်ထဲမှာတောင် ရောင်းချမှာ မဟုတ်ဘူး။
ဖုန်းရန်ဂိုဏ်းချုပ်ကြီးက သူ့ကို ဝေ့ယမ်းပြလိုက်ပြီး ကပျာကယာ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးချီ ကျေးဇူးပြုပြီးတော့ ကျွန်တော် ရှင်းပြတာကို နားထောင်ပေးပါအုံး..."
"ကျုပ်တို့ဖုန်းရန်ဂိုဏ်းက အခုဆိုရင် အရမ်းကို ဆင်းရဲနေပါပြီ။ ကျုပ်တို့တွေက ဒီလူပြောတဲ့ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ"
အပြင်ဖက်မှာ ရပ်နေကြတဲ့ တခြားခေါင်းဆောင်တွေကလည်း အထဲက ဆူညံ့သံတွေကို နားထောင်လိုက်ပြီး ဇဝေဇဝါဖြစ်သွားကြတယ်။
ညစ်ညမ်းရုပ်ပုံတွေကို လေးစားအားကျစရာကောင်းတဲ့ အပြုအမူတစ်ခုနဲ့ ချပြနေတာက နည်းနည်းလေး မသင့်တော်ဘူးဆိုပေမဲ့လည်း... ကျင့်ကြံရေးလောက ဒီလိုညစ်ညမ်းပုံတွေကို ရောင်းချတာ ဘယ်တုန်းက တားမြစ်ခဲ့တာလဲ။
ဧကန္တ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဒါကို သူ့ကိုယ်သူအတွက် သိမ်းထားချင်လို့များလား...
အားလုံးက သံသယအပြည့် ဖြစ်နေကြတဲ့အချိန်မှာပဲ ဖုန်းရန်ဂိုဏ်းချုပ်ကြီးရဲ့ အသံက အိမ်အထဲကနေ အလောတကြီး ရှင်းပြနေတယ်။
"ဖုန်းရန်ဂိုဏ်းက ကျန့်ရွှမ်ပေါ်မှာ ညစ်ညမ်းရုပ်ပုံတွေကိုပဲ ရောင်းတာပါ တခြားဟာတွေကို ဘယ်တော့မှ မရောင်းခဲ့ပါဘူး။ ကျုပ်ကို လာရှာခဲ့တဲ့လူကလည်း ဒီလူပါပဲ တချို့ကိစ္စတွေကို မရှင်းမလင်းပြောပြီးတော့ လူတွေကိုသတ်နိုင်တဲ့ အဲ့ဒီမန္တာန်စာရွက်တွေကို မေးနေတာပါ"
လက်ဖက်ရည်ခွက်တစ်ဝက်ခန့် အကြာမှာတော့ ဂိုဏ်းချုပ်ကြီးတွေအားလုံးက ကွေးယွမ်ခန်းမကို ပြန်ရောက်လာကြပြီး ဂိုဏ်းအသီးသီးက ဂိုဏ်းချုပ်တွေကလည်း အလယ်မှာရှိတဲ့ ကျန့်ရွှမ်အကြောင်း ပြောနေကြတော့တယ်။
နှစ်ပေါင်းထောင်ချီအောင် ကျင့်ကြံရေးလောကရဲ့ ပေါများကြွယ်ဝမှုတွေနဲ့ ကျဆင်းမှုတွေကအစ အနာဂတ်တိုးတက်မှုအထိ အားလုံးက နာရီဝက်လောက် စကားပြောဆွေးနွေးချင်ခဲ့ကြပြီး ဂိုဏ်းကြီးခြောက်ခုရဲ့ ဂိုဏ်းချုပ်တွေရဲ့ရှေ့မှာ ကောင်းမွန်တဲ့သဘောထားတစ်ခုကို ချန်ရစ်ဖို့ရန် အကောင်းဆုံးကြိုးစားရင်း သူတို့ရဲ့အသိပညာတွေကို ဖော်ထုတ်ဖို့ကြိုးစားတော့တယ်။
လိုရင်းကို ပြောရမယ်ဆိုရင် ဂိုဏ်းချုပ်ကြီးတွေတိုင်းရဲ့ စကားလုံးတွေက ဒီကိစ္စရဲ့နောက်ကွယ်ကလူကို အလွယ်တကူ အလွတ်ပေးလို့မရဘဲ သေချာပေါက် သင်ခန်းစာပေးရမယ်ဆိုတာပဲ ဖြစ်တယ်။
ထောင့်လေးနားမှာ နတ်သမီးဆီးပန်းပွင့် ယမကာကို သောက်နေတဲ့ စူးလီက အမွှေးတိုင်တစ်ဝက်စာအချိန်ကို နားထောင်လိုက်ပြီးတဲ့နောက်မှာ အိပ်ချင်စိတ်ဖြစ်လာတော့တယ်။ သူမက သူတို့ပြောတဲ့ စကားအကြောင်းအရာတွေကိုလည်း ကောင်းကင်စာအုပ်ထဲမှာ လှန်လှောပြီးကြည့်ဖို့လည်း စိတ်ကူးမရှိတော့ဘူး။
သူမက ပျင်းပျင်းရိရိနဲ့သမ်းဝေလိုက်တယ်။
[ရှင်တို့တွေက ဒီကိစ္စရဲ့နောက်ကွယ်ကလူကို ဖြေရှင်းချင်နေကြသေးတာလား။ ရှင်တို့တွေက စုံစမ်းစစ်ဆေးတာကနေ သူ့ကိုဖမ်းနိုင်မှာမလို့လား"
[တကယ်လို့ ကျွန်မအနေနဲ့ စကားနည်းနည်းပါးပါး ပြောရမယ်ဆိုရင်တော့ သူက တစ်ခုခုလွဲနေတာကို သဘောပေါက်သွားပြီး ထွက်ပြေးသွားလောက်ပြီ]
[ဒီအချိန်မှာ ရှင်တို့တွေက ဒီလူကို ဆက်ထိန်းထားပြီး တွေ့ဆုံဖို့အတွက် ချိန်းဆိုမှုတစ်ခုကို မြန်မြန်လုပ်သင့်တယ် မဟုတ်လား]
ပုံမှန်ဆိုရင် အစည်းအဝေးလုပ်ရတာ ကြိုက်ပြီး စကားအများကြီး ပြောရတာကြိုက်တဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ရုတ်တရက် အေးခဲသွားတော့တယ်။
စိတ်မရှည်လက်မရှည်နဲ့ နားထောင်လာခဲ့တဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့ထရပ်ပြီး ပြောလိုက်တယ်။
"အရေးကြီးဆုံးကတော့ ဒီလူရဲ့သရုပ်မှန်ကို ဖော်ထုတ်ပြီး သူ့ကိုဖမ်းဖို့ နည်းလမ်းတစ်ခုရှာဖို့ပဲ"
ဒီအချိန်မှာတော့ သူကခေါင်းကိုလှည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးဖက်ကို ကြည့်လိုက်ကာ သွေးတိုးစမ်းသလို မေးလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးလု ဒီကိစ္စရဲ့နောက်ကွယ်ကလူရဲ့ တည်နေရာကို ရှာဖွေဖို့အတွက် ကျန့်ရွှမ်ကိုသုံးပြီး တကယ်ပဲနည်းလမ်းရှာဖွေလို့ မရဘူးလား"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ကပျာကယာနဲ့ ခေါင်းခါလိုက်တယ်။
တကယ်လို့ သူသာ ဒီလောက်ဂိုဏ်းချုပ်တွေ အများကြီးရဲ့ရှေ့မှာ ရတယ်လို့ ပြောမယ်တယ်ဆိုရင် ချန်ထျန်းဂိုဏ်းက အသစ်သန့်စင်ထားတဲ့ ကျန့်ရွှမ်ကိုထပ်ပြီးတော့ ဘယ်တော့မှ ရောင်းလို့မရတော့ဘူးလို့ ခန့်မှန်းရတယ်။
ဒီအပြင့် သူ့မှာ တကယ်ပဲ နည်းလမ်းမရှိဘူးလေ...
တကယ်လို့ သူ့မှာ ကျန့်ရွှမ်ပေါ်မှာ ခြေရာခံနိုင်တဲ့အစီအရင်ကို တကယ်ပဲ ထည့်သွင်းနိုင်ခဲ့မယ်ဆိုရင် ဒီလောက်အချိန်တွေ ကြာလာပြီးတဲ့နောက်မှာ ဘယ်ကျင့်ကြံသူကမှ ဒါကိုရှာမတွေ့ဘူးဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။
စူးလီက မနေနိုင်တော့ဘဲ ပျင်းရိလေးတွဲစွာနဲ့ ပြောလိုက်တယ်။
[ရှင်တို့တွေက ဒီလူကို ဘာဖြစ်လို့ရှာနေမှာလဲ...]
[ရှင်တို့တွေက သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားနိုင်ပြီး ရက်အနည်းငယ်ကြာရင် အရောင်းအဝယ် သွားလုပ်တဲ့အခါ ရှင်တို့တွေ သူ့ကို လက်ပူးလက်ကြပ် ဖမ်းမိနိုင်တာပဲ မဟုတ်ဘူးလား]
ဒီစကားကို ကြားလိုက်တဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း သတိပြန်ဝင်လာပြီး ဖုန်းရန်ဂိုဏ်းချုပ်ကြီးကို မြန်မြန်ပြောလိုက်တယ်။
"ဖုန်းရန်ဂိုဏ်းချုပ်ကြီးက ဒီလူကို စိတ်အေးသွားအောင် လုပ်ထားဖို့လိုတယ်။ ကျုပ်တို့တွေ မျက်နှာချင်းဆိုင် အရောင်းအဝယ် လုပ်တဲ့အချိန်ကျရင် ဒီလူက လူတွေကို ထိခိုက်စေနိုင်တဲ့ မန္တာန်စာရွက်တွေ အများကြီး လိုချင်ရတဲ့အကြောင်းအရင်းကို အလိုလို အဖြေထုတ်နိုင်မှာပဲလေ"
သူတို့တွေက ရာထူးအမြင့်နေရာ ရှိနေခဲ့တာအချိန်ကြာသွားပြီ ပြဿနာတွေဖြေရှင်းဖို့ သူတို့ရဲ့လက်အောက်ငယ်သားတွေကိုပဲ ခိုင်းနေတာ အကျင့်ပါနေပြီလေ။ သူတို့တွေက သူခိုးတစ်ယောက်နဲ့ တွေ့လိုက်ရရင် သူတို့လုပ်မဲ့ အရင်ဆုံးတုန့်ပြန်မှုက သူခိုးရဲ့တည်နေရာကိုရှာပြီး သူ့ကိုဖမ်းဖို့ပဲ။
အစတုန်းက သူခိုးကို ငါးစာကိုဟပ်အောင်လုပ်မဲ့ ဒီလိုရိုးရှင်းတဲ့နည်းလမ်းတစ်ခုကို မစဥ်းစားမိဘူးလေ။
ဒီအချိန်မှာပဲ ခန်းမအလယ်မှာရှိနေတဲ့ကျန့်ရွှမ်က ရုတ်တရက်ဆိုသလို လင်းလက်လာပြီး စာကြောင်းလေးတချို့ ဖြည်းဖြည်းချင်းပေါ်လာခဲ့တယ်။
"ဒီလောက်အကြာကြီးဖြစ်နေပြီ၊ ခင်ဗျား ကျုပ်စာကို ဘာဖြစ်လို့ မပြန်တာလဲ၊ ခင်ဗျား ကျုပ်ကို လိမ်နေတာလား"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့ပြီးပြောလိုက်တယ်။
"ဒါက အဲ့ဒီလူနဲ့ ပတ်သက်တဲ့သတင်းပဲ"
ဒီအချိန်မှာတော့ ပွဲကို တစ်ချိန်လုံးစောင့်ကြည့်လာခဲ့တဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ကျန့်ရွှမ်ပေါ်မှာ ပေါ်လာတဲ့စာတွေကို ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့ကာ သူ့မုတ်ဆိတ်မွှေးကို သပ်လိုက်တယ်။
"ကြည့်ရတာ ဒီလူက ဂိုဏ်းချုပ်ကြီးဖုန်းကို သံသယတစ်ခု ရှိနေတဲ့ပုံပဲ"
"ကျုပ်တို့တွေက ခုနတုန်းက တခြားကိစ္စပေါ်လာတဲ့အတွက် ခဏလောက် နှောင့်နှေးသွားတယ်လို့ ပြောလိုက်ရမလား"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။ "ဒါမှမဟုတ် ကျုပ်တို့တွေ စျေးနှုန်းကိုပဲ ညှိလိုက်ရမလား၊ သူက ဒီလောက်ပမာဏအများကြီးကို ဝယ်တာဆိုတော့ ကျုပ်တို့တွေကလည်း သူ့ကိုအကျိုးအမြတ်နည်းနည်းလေးတော့ ပေးလို့ရပါတယ် ဟုတ်တယ်မလား"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ခဏလောက်စဥ်းစားလိုက်ပြီး တိကျတဲ့အကြံပြုချက်တစ်ခုကို ပြောလိုက်တယ်။
"အချိန်က တော်တော်လေးကို ကြာနေပြီပဲ၊ ကျုပ်တို့တွေက ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်တွေ့ရတဲ့အတွက် ရန်သူကို အခုလေးတင်မှ နှိမ်နှင်းပြီးခဲ့တာလို့ပြောရင် ပိုကောင်းမလား"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း သွေးတိုးစမ်းသလို မေးလိုက်တယ်။
စူးလီက ခန်းမထဲက ဂိုဏ်းချုပ်ကြီးတွေရဲ့အကြံပြုချက်ကို နားထောင်လိုက်ပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်တော့တယ်။
[ကျင့်ကြံရေးလောကထဲက ဒီဂိုဏ်းချုပ်ကြီးတွေအားလုံးက... လောကီရေးရာရဲ့ ညစ်ညမ်းခြင်း မရှိခဲ့ဘူးတဲ့လား]
[ဒါက ရောင်းသူစျေးကွက်တစ်ခုလေ]
[ဒီလိုမန္တန်စာရွက်မျိုးကို ရောင်းတဲ့နေရာတစ်ခုကို ကျင့်ကြံရေးလောကထဲမှာ ရှာမတွေ့နိုင်တဲ့အတွက် ဒါကိုဝယ်ဖို့ ကျန့်ရွှမ်ပေါ်ကို ရောက်လာခဲ့တာပဲ]
[ဒါပေါ့ တစ်ဖက်လူက သံသယမဝင်ရအောင် ဒီတစ်ခါ ရှင်တို့တွေက ဒါကို သေသေချာချာလေး လုပ်ရလိမ့်မယ်]
[တကယ်လို့ ရှင်တို့တွေက ကျွန်မကို ပြောစေချင်တယ်ဆိုရင် ဒီလိုပဲ ပြန်ဖြေလိုက်ပေါ့]
"ကျုပ်ခင်ဗျားရဲ့စာကို ဘာဖြစ်လို့မပြန်ခဲ့တာလဲ ဟုတ်လား ခင်ဗျားမှာ နားလည်မှုရောရှိသေးရဲ့လား"
စူးလီက ခန်းမထဲက ဂိုဏ်းချုပ်ကြီးတွေကို အေးအေးလူလူ အကြံပေးရင်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်တယ်။
သူမဘေးမှာရှိနေတဲ့ လူရဲ့မျက်လုံးတွေက ပိုပြီးနူးညံ့သိမ်မွေ့လာပြီး အရင်တုန်းကထက်ပိုပြီး စဥ်းစားပေးတတ်လာတာကို သူမ သတိမထားမိလိုက်ဘူး။ ပိုပြီးရိုးစင်းတဲ့ အပြုံးတစ်ခုတောင်မှ ပေါ်လာသေးတယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အပြင်လောကကလာတဲ့အသံရဲ့ ညွှန်ကြားမှုကို နားထောင်ပြီးတဲ့နောက်မှာ သူက တစ်ခုခုကို ရုတ်တရက်နားလည်သွားတဲ့ပုံနဲ့ သူ့ပေါင်ကို ရိုက်လိုက်တယ်။
ဟုတ်တယ်။ အပြင်လောကကလာတဲ့ ပြောတဲ့စကားက မှန်တယ်။
ဒီအတိုင်း မာမာတင်းတင်းလေး ဖြစ်နေရမှာပေါ့။
ဒီလိုစဥ်းစားလိုက်ပြီး သူက သူ့လက်ကို ဆန့်ထုတ်လိုက်တော့ ခန်းမအလယ်မှာရှိနေတဲ့ ကျန့်ရွှမ်က သူ့လက်ထဲကို ရောက်လာခဲ့တယ်။ သူက မျက်နှာပေါ်မှာ ထောင်လွှားနေတဲ့ရုပ်တစ်ခုနဲ့ ပြန်စာကို ချရေးလိုက်တယ်။
"ဒီလိုဝိညာဥ်တုံးလေး နည်းနည်းပါးပါးအတွက်များ ခင်ဗျားက ကျုပ်ကို စာပြန်ခိုင်းနေတာလား"
တစ်ဖက်တွင်_
အန်းချင်းကတော့ သူကစျေးနဲ့ လိုအပ်ချက်တွေကို ပိုလိုက်ပြီးကတည်းက ဘယ်သူမှ စာမပြန်လာတာကို တွေ့လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့အတွေးတွေက သူ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
သူက သံသယစဖြစ်လာပြီး ဒီမန္တန်စာရွက် ကျန့်ရွှမ်ပေါ်မှာဝယ်ဖို့ လက်လျှော့တော့မဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ပြန်စာအသစ်တစ်ခုက ရောက်လာခဲ့တယ်။
ကျန့်ရွှမ်ပေါ်ကစာတွေကို ကြည့်လိုက်ပြီး ဒါကအင်မတန်မှ မယဥ်ကျေးတာသိသာပေမဲ့လည်း သူ့ကိုစိတ်အေးသလို ခံစားရစေခဲ့တယ်။
ဒါပေမဲ့လည်း အရင်က ဒီလိုပို့ခဲ့တဲ့စာကို ပြန်စဥ်းစားလိုက်ပြီး သူက မျက်မှောင်ကျူံ့ပြီးမေးလိုက်တယ်။
"ခင်ဗျားရဲ့သဘောထားက ခုနတုန်းကနဲ့ လုံးဝကို မတူတော့တဲ့ပုံပဲနော်"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း ခဏလောက်ပဲ စဥ်းစားလိုက်ပြီး ကိုယ့်ဟာကို အသိအမှတ်ပြုနေတဲ့ ရုပ်တစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။
"အဲ့ဒါက ခုနတုန်းက ကျုပ်ရဲ့ညီလေ၊ ကျုပ်ညီက တုံးအတယ်ဗျ၊ ဒါပေမဲ့ ကျုပ်ကတော့ အဲ့လောက် မတုံးဘူး။ ဒီလိုပစ္စည်းကို ရောင်းတဲ့အခါမှာ ဘယ်လိုစွန့်စားမှုတွေ ယူရတယ်ဆိုတာ ခင်ဗျား မသိလို့လား"
"ခင်ဗျားဝယ်ချင်ရင် ဝယ်လို့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားပိုပြီးတော့ ပေးရမယ်"
တခြားဂိုဏ်းချုပ်တွေကလည်း သူ့ကိုတားဖို့မပြောနဲ့ တုံ့ပြန်မှုတွေတောင် မလုပ်ခဲ့ကြဘူး။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဒီအတိုင်း မျက်မှောင်ကျုံ့လိုက်ပြီး ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးကို ပိုပြီးပါးပါးနပ်နပ်လုပ်ဖို့ ပြောတော့မဲ့အချိန်မှာပဲ တစ်ဖက်လူရဲ့ပြန်စာက အားလုံးကို မှင်တက်အံ့သြသွားစေတော့တယ်။
."ခင်ဗျားပြောတာ ဟုတ်ပါတယ်၊ ကျုပ်က မန္တန်စာရွက်တစ်ခုချင်းဆီအတွက် နောက်ထပ်သုံးသောင်း ထပ်ပေးမယ်ဆိုရင်ဘယ်လိုလဲ"
ဂိုဏ်းချုပ်ကြီး တော်တော်များများက သူတို့ရဲ့မျက်နှာပေါ်မှာ ထူးဆန်းသွားတဲ့အမူအရာတွေနဲ့ အချင်းချင်းကြည့်လိူက်ကြတယ်။
ဒါက ဖြစ်ရောဖြစ်နိုင်ရဲ့လား။
နောက်ဆုံး အပြင်လောကကလာတဲ့စကားက မကြာခဏဆိုသလို ချဲ့ကားပြီးပြောနေတာဆိုရင်တောင်... မဟုတ်သေးဘူး ဒါက မှန်ကန်တဲ့လမ်းညွန်ချက်ဖြစ်ရမယ်။ နှစ်ဖက်စလုံးက အချိန်မှီ ဝမ်းသာအားရ သဘောတူလိုက်ကြပြီး အရောင်းအဝယ်လုပ်မဲ့နေရာကို သတ်မှတ်လိုက်ကြတယ်။
အပြင်လောကကလာတဲ့အသံရဲ့ အကြံပြုချက်အတိုင်း ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဇာတ်လမ်းတစ်ခုကိုတောင် လုပ်ကြံလိုက်သေးတယ်။ သူကသူ့ လက်အောက်ငယ်သားကို လုပ်ငန်းနဲ့ ဝိညာဥ်ကျောက်တုံးတွေ လွှဲပေးလိုက်ပေမဲ့လည်း သူ့လက်အောက်ငယ်သား ဝိညာဥ်ကျောက်တုံးတွေနဲ့ ထွက်ပြေးသွားတယ်တဲ့လေ။ ဒီလူကို ဖမ်းဖို့အတွက် သူက အရောင်းအဝယ်လုပ်မဲ့နေရာကို ကိုယ်တိုင်လာရမယ်လို့ ပြောလိုက်သေးတယ်။
အန်းချင်းက ကျန့်ရွှမ်ပေါ်ကစာကို ကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ ဘာသံသယမှ မရှိတော့တဲ့အပြင် ဒီလူကို ရှင်းနှီးတဲ့မိတ်ဆွေတစ်ယောက်လိုတောင် သတ်မှတ်လိုက်သေးတယ်...။ တကယ့်ကို တာဝန်သိတဲ့ စီးပွားရေးသမားတစ်ယောက်ပဲ။
သူက သူ့တပည့်တွေရဲ့ အရူးလုပ်မခံရဖို့သူ့ကိုတောင်မှ သတိပေးလိုက်သေးတယ်။
ဝိညာဥ်ကျောက်တုံးတွေဆိုတာ သူ့အတွက်တော့ ဘာမှမဟုတ်ဘူးလေ။ နတ်ဆိုးသခင်ကြီး သူတို့ကို ပေးလိုက်တဲ့ပစ္စည်းထဲမှာ ဝိညာဥ်ကျောက်တုံးတွေက အသုံးမဝင်ဆုံးပဲပေါ့။
ကျင့်ကြံရေးလောကကို ဖရိုဖရဲဖြစ်အောင်လုပ်နိုင်မဲ့ ဝိညာဥ်ရတနာတွေတဲ့ မန္တာန်စာရွက်တွေအတွက် အလဲအလှယ်လုပ်ဖို့ ဝိညာဥ်ကျောက်တုံး ၈သန်းလောက်ပဲ သုံးလိုက်တာက ပြီးပြည့်စုံတဲ့ အရောင်းအဝယ်တစ်ခုပါပဲ။
ဒါပေမဲ့ဒီ လူပြောတာလည်း မှန်ပါတယ်။ ဒီလောက်ကြီးမားတဲ့ပမာဏကို အရောင်းအဝယ် လုပ်မှာဆိုတော့ သူကိုယ်တိုင် လာတာကသဘာဝပဲလေ။
ဒီလိုနဲ့နောက်တစ်နေ့မှာတော့ အန်းချင်းနဲ့သူ့လူတွေက သဘောတူထားတဲ့နေရာကို ရောက်လာကြတဲ့အခါ သူတို့တွေက ဂိုဏ်းကြီးခြောက်ဂိုဏ်းက လူတွေရဲ့ ဝိုင်းရံခြင်းကို ခံလိုက်ရတော့တယ်။
အန်းချင်က ဝိုင်းရံထားတဲ့ ဆေးစိမ်ထားတဲ့ပိုက်ကွန်ကို ကြည့်လိုက်ပြီး လှည့်စားခံလိုက်ရတဲအတွက် သူ့မျက်လုံးထဲမှာလည်း ဒေါသအပြည့်ဖြစ်သွားတယ်။
ဒီလူက စီးပွားရေးသမား ဟန်ဆောင်ပြီး သူ့ကို လိမ်လည်ရလောက်အောင် အတင့်ရဲလှချည်လား။
ဒီအမည်ခံသပ်သပ် နာမည်ကြီးပြီး ဖြောင့်မတ်တဲ့ဂိုဏ်းတွေက ဒီလိုကိစ္စမျိုးကို တကယ်ပဲ လုပ်နိုင်တယ်ဆိုတာ မိစ္ဆာတွေအတွက်တော့ တကယ့်ကိုအရှက်ရစရာပဲ။ သူက ဒီလိုစဥ်းစားလိုက်ပြီး ကပျာကယာနဲ့ အကာအကွယ် မှော်လက်နက်ပစ္စည်းအမျိုးမျိုးကို ဆွဲထုတ်လိုက်တယ်။ ဒါပေမဲ့လည်း ရန်သူက အရေအတွက် အရမ်းများပြားပြီး အရမ်းကိုအင်အားကြီးမားတယ်။ များပြားလှတဲ့ ကြီးမြတ်သူတွေရဲ့ အကူအညီလည်းရှိနေတယ်။ အမွှေးတိုင်တစ်တိုင် အချိန်အတောအတွင်းမှာပဲ သူနဲ့သူ့လက်အောက်ငယ်သားတွေက ဂိုဏ်းချုပ်ကြီးတွေရဲ့ရှေ့ကို အဖမ်းခံလိုက်ရတော့တယ်။ ထျန်းကျီးဂိုဏ်းချုပ်ကြီးက အန်းချင်းကိုယ်ပေါ်က အရောင်အဝါတွေကို သေသေချာချာလေး အာရုံခံလိုက်ပြီး လေးနက်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒီလူတွေက ကျုပ်ကိုဒုက္ခပေးခဲ့တဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲက ကျင့်ကြံသူတွေရဲ့ အရောင်အဝါနဲ့ တစ်ပုံစံတည်းရှိနေတယ်။"
[ဒီအပြင့် ခုနတုန်းက ဒီလူ သုံးခဲ့တဲ့မှော်ရတနာတွေကလည်း အရမ်းကို ရင်းနှီးနေတယ်]
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ရှေ့ကိုတစ်လှမ်းတိုးလာပြီး သြဇာသံတစ်ခုနဲ့ အန်းချင်းကို မေးလိုက်တယ်။
"မင်း နောက်ကွယ်ကလူက ဘယ်သူလဲ"
အန်းချင်းက ဒေါသတကြီးတံတွေးထွေးလိုက်ပြီး သူ့မျက်လုံးက ကြောက်စရာကောင်းဖြစ်သွားကာ
"အကြီးအကဲတွေနဲ့ပတ်သက်တဲ့ သတင်းတစ်ခုခုကို ကျုပ်ဆီက နေရလိမ့်မယ်လို့ ထင်မနေနဲ့"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ခုနတုန်းက သူတွေ့ခဲ့တဲ့သူက ကပျာကယာနဲ့ သူ့ရဲ့အကာအကွယ်မှော်ရတနာကို ထုတ်လိုက်တာကို ပြန်စဥ်းစားမိတဲ့အခါ သူ့မျက်လုံးတွေကို စွေထားလိုက်တယ်။
သူက သူ့ဘေးမှာရှိတဲ့လူကို တစ်ချက်လောက်ကြည့်လိုက်ပြီး ရှေ့ကို တစ်လှမ်းတိုးသွားလိုက်တယ်။
"ကျုပ် အထင်တော့ ဒီလူကလည်း အရင်ကဟိုလူတွေနဲ့ အတူတူပဲဖြစ်ရမယ်၊ သူက ထိန်းချုပ်ထားခံရပြီး သူတို့နောက်ကွယ်ကလူရဲ့ သတင်းအချက်အလက်တွေကို ဖော်ထုတ်လို့မရလောက်ဘူး"
သူက ပြောရင်းဆိုရင်း သူ့ဘေးက မွေးချင်းဓားကို တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲထုတ်လိုက်တယ်။
"ဒီလူက အသုံးမဝင်တော့ဘူးဆိုမှတော့ ဓားတစ်ချက်တည်းနဲ့ သူ့ကို ဖယ်ရှားပစ်လိုက်တာက ပိုကောင်းမယ်ထင်တယ်"
"ဂိုဏ်းချုပ်ကြီးချီစကား အင်မတန်မှ သင့်မြတ်ပါပေတယ်။ ဒီလိုမကောင်းတဲ့လူတွေ သေသွားမယ်ဆိုလည်း သနားစရာ မရှိပါဘူး"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက အပြုံးတစ်ခုနဲ့ ထောက်ခံလိုက်တယ်။
အန်းချင်းက သူလည်ပင်းပေါ်ကို ရောက်လာတော့မဲ့ မွေးချင်းဓားကို ကြည့်လိုက်ပြီး သူရဲ့နဂိုက ခိုင်မာပြတ်သားပြီး တည်ငြိမ်နေတဲ့အမူအရာက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။
ဒီလူတွေက ဘယ်လိုလုပ်ပြီး အဲ့လောက် ရိုင်းစိုင်းပြီး ပြတ်ပြတ်သားသား စီမံနိုင်ရတာလဲ။
ဒီလိုအချိန်မှာ သူ့ကို ထိန်းသိမ်းထားပြီး စုံစမ်းသင့်တာမဟုတ်လား။
သူတို့တွေက ဘယ်လိုလုပ်ပြီး အကြိမ်တိုင်း သူ့ကို သတ်ချင်နေရတာပါလိမ့်။ သူက လျှို့ဝှက်ချက်တွေ အများကြီး သိထားတယ်ဆိုတာ သိသာနေလျက်နဲ့လေ။ နတ်ဆိုးသခင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကလွဲရင် တခြားအရာအားလုံးကို ဆွေးနွေးလို့ရပါတယ်။
သူ့ရဲ့အသက်အန္တရာယ်က အန္တရာယ်ရှိတာကို မြင်လိုက်ရတဲ့အခါ သူ့မှာအလောတကြီးနဲ့ ပြောလိုက်ရတော့တယ်။
"ကျင့်ကြံရေးလောကထဲမှာရှိတဲ့ နတ်ဆိုးအစေခံတွေအားလုံးရှိတဲ့ တည်နေရာကို ကျုပ်သိပါတယ်"
"ကျုပ်ကိုမသတ်ပါနဲ့"
…