အခန်း ၁၅၅
Vol. 11 Ch. 155
အပိုင်း (၁၅၅)
၃ရက်တာကာလအတွင်းတွင် ကွေးယွမ်ဂိုဏ်းကို လာခဲ့ကြတဲ့ ကျင့်ကြံသူတွေအားလုံးမှာ အလွန်မှ အလုပ်များသွားကြပြီး ကျင့်ကြံရေးလောကတစ်ခုလုံးက နတ်ဆိုးအစေခံများကို ကြိုးစား ဖမ်းဆီးကြတော့တယ်။
၇ခုမြောက်ဂိုဏ်းကို ရွေးချယ်ဖို့အတွက်တော့... နောက်ဆုံးတွင် ဒါကို အချိန်တော်တော်ကြာတဲ့အထိ ရွှေ့ဆိုင်းထားလိုက်ရတယ်။ ရက်အနည်းငယ် ကွာခြားရုံလောက်ကတော့ ဘာမှထူးခြားသွားမှာ မဟုတ်ဘူးလေ။
အန်းချင်းရဲ့ အသေးစိတ်ကျပြီး ပြည့်စုံအောင် ရှင်းလင်းချက်တွေကြောင့် ကျင့်ကြံရေးလောကထဲမှာရှိတဲ့ နတ်ဆိုးအစေခံအားလုံးကို တစ်ချီတည်း ဖမ်းဆီးနိုင်ခဲ့တယ်။ တစ်ယောက်တလေလေးမှ လွတ်ထွက်သွားတာ မရှိခဲ့ဘူး။
တခါတလေ အန်းချင်းပြောတဲ့အကြောင်းအရာတွေက အရမ်းကို အသေးစိတ်ကျနေတာကြောင့် ဂိုဏ်းချုပ်ကြီးတွေက အန်းချင်းမှာ တခြားနတ်ဆိုးအစေခံတွေနဲ့ ဒါမှမဟုတ် နောက်ကွယ်က သူ့သခင်နဲ့များ အငြှိုးအာဃာတများ အမှန်တကယ် ရှိလေသလားလို့တောင် သံသယဖြစ်ရတယ်။
ဂိုဏ်းပေါင်းများစွာက တစ်ဆက်တည်း ဆောင်ရွက်ကြတဲ့အတွက် ဒီနတ်ဆိုးအစေခံတွေက အဖမ်းမခံရခင် တုန့်ပြန့်ဖို့ အချိန်တောင် မရလိုက်ကြဘူး။
သိပ်မကြာခင်မှာ ဂိုဏ်းကြီး၆ခုရဲ့ လျှို့ဝှက်အခန်းများထဲတွင် အန်းချင်းအပေါ် မဆုံးနိုင်တဲ့ကျိန်ဆဲသံတွေ ထွက်လာကြတော့တယ်။ သုံးလိုက်ကြတဲ့ စကားလုံးတွေမှာ အရမ်းကို ထက်ရှရက်စက်လိုက်တာ ကြားလို့တောင် မကောင်းတော့ဘူး။
နတ်ဆိုးအစေခံတွေက နောက်ကွယ်ကလူနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို မဖော်ထုတ်နိုင်ကြပေမဲ့ လူက ထောင်ပေါင်းများစွာ ရှိနေတော့ မှန်ကန်တဲ့နည်းလမ်းတစ်ခုကို သုံးလိုက်သရွေ့ သူတို့လည်း တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်တာပဲ။
ဂိုဏ်းကြီး၆ခုရဲ့ပူးပေါင်းမှုနဲ့ သူတို့တွေက နောက်ဆုံးတော့ နတ်ဆိုးအစေခံတွေရဲ့ အဖြေတွေထဲက နောက်ကွယ်ကလူအကြောင်း သဲလွန်စရှာဖွေတွေ့ရှိခဲ့တော့တယ်။
သဲလွန်စအားလုံးက နတ်ဆိုးလောကကို ဦးတည်နေတယ်။
ဒါပေမဲ့လည်း နတ်ဆိုးလောကက အရမ်းကို ကြီးမားလှတာဆိုတော့ နောက်ကွယ်က လူရှိတဲ့နေရာကို မသိနိုင်သေးသလို သူက ကျင့်ကြံရေးလောကထဲက တစ်နေရာရာမှာ ပုန်းအောင်းနေသလားဆိုတာကိုလဲ မသိနိုင်ဘူး။ သူတို့တွေက အရမ်းကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားလိုက်လို့လည်း ဖြစ်နိုင်တယ်။ အဖမ်းခံထားရတဲ့ နတ်ဆိုးအစေခံတွေရဲ့ ထိန်းချုပ်မှုတွေက တစ်ချိန်တည်းမှာ သက်ရောက်မှုတွေ ဖြစ်လာပြီး သူတို့အားလုံးက ချက်ချင်းဆိုသလို ပြာအဖြစ်ပြောင်းလဲသွားကြတယ်။
သူတို့တွေက အန်းချင်းလို သစ္စာဖောက်ဖြစ်လာခဲ့တာပဲဖြစ်ဖြစ် သစ္စာရှိတဲ့သူအဖြစ် ကျန်ရှိနေကြတာပဲဖြစ်ဖြစ် သူတို့အားလုံးက သေမှာကို ကြောက်ရွံ့နေကြတယ်။
ဂိုဏ်းကြီး၆ခုက ဂိုဏ်းချုပ်တွေက သူတို့တပည့်တွေရဲ့ အစီရင်ခံစာကို နားထောင်ပြီး သူတို့တစ်ယောက် ချင်းစီရဲ့မျက်နှာပေါ်မှာ အင်မတန်မှ တည်ကြည်တဲ့ အမူအရာတစ်ခု ဖြစ်သွားတယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက လေးပင်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။ "ဒီလူက သူ့ရဲ့လက်အောက်ငယ်သားအပေါ်မှာတောင် အရမ်းကို ရက်စက်တာပဲ။ နောက်ဆိုရင် သူက ဘယ်လိုမကောင်းတဲ့ကိစ္စတွေကို လုပ်ဦးမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကတော့ မကြုံစဖူး အေးစက်လို့နေတယ်။ "သူက ကျွန်တော်တို့တွေ မသိလိုက်တဲ့အချိန်မှာပဲ ဂိုဏ်းကြီး၆ခုရဲ့ရတနာတွေကို ဖျက်ဆီးပစ်နိုင်တယ်။ သူက ဒါကိုတောင် ဂရုမစိုက်ဘူး။ ဒီလူက အင်မတန်မှ ဆိုးညစ်တဲ့လူဖြစ်တဲ့အပြင် ရှော့တွက်လို့မရနိုင်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်နေရမယ်"
ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူ့မုတ်ဆိတ်မွှေးကိုပွတ်သပ်လိုက်ပြီး သူ့လက်ထဲက သူ့မှော်အင်းကွက်ကို မြှောက်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ သူက အလကားပါပဲဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းခါပြလိုက်ပြီး သွေးတိုးစမ်းသလို မေးလိုက်တယ်။ "ဒီလူက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော်တုန်းက ဖြစ်ခဲ့တဲ့ကပ်ဘေးနဲ့ ပက်သက်နေတယ်လို့ထင်လား"
လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက စောလော့လျှို့ဝှက်နယ်မြေ ပွင့်သွားပြီးတဲ့နောက်မှာ နောက်ဆုံး ဘာဖြစ်သွားခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြဘူး။ သူတို့သိထားခဲ့တာက ဝိညာဉ်စွမ်းအင်ဆေးပင်တွေ သေဆုံးခဲ့ပြီး ဝိညာဉ်သားရဲတွေကလည်း သောင်းကျန်းခဲ့ကာ အတော်ဆုံး အရည်အချင်းရှိကြတဲ့ ကျင့်ကြံသူအများအပြားကလည်း အဲဒီနေရာမှာ သေခဲ့ကြတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကျင့်ကြံရေးလောကက မကြာခဏဆိုသလို ဖရိုဖရဲဖြစ်ခဲ့ပြီး ကျင့်ကြံရေးလောကထဲမှာ အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေ နည်းသထက်နည်းလာခဲ့တယ်...
ဒီနှစ်ပေါင်း ၁၀၀၀ အတော်အတွင်းမှာ ကျင့်ကြံသူတွေအားလုံးက လက်ရှိကျင့်ကြံရေးလောကနဲ့ အသားကျလာခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀လောက်က ကျင့်ကြံရေးလောကရဲ့ ပေါများကြွယ်ဝပြီး တည်ငြိမ်အေးချမ်းတဲ့အခြေအနေကို လုံးဝမေ့လျော့လာခဲ့ကြတယ်။
ဒါကို သေသေချာချာ စဉ်းစားကြည့်ခဲ့မယ်ဆိုရင် တကယ်လို့များ အပြင်လောကကလာတဲ့အသံသာ မရှိခဲ့ဘူးဆိုရင် ဂိုဏ်းကြီး၅ခုရဲ့ရတနာတွေလည်း ဖျက်ဆီးခံရလောက်ပြီးပြီ။
ချန်ဖူဂိုဏ်းမှာ ဂိုဏ်းကိုကာကွယ်ပေးမဲ့ ဓာတ်တော်တွေရှိတယ်ဆိုပေမဲ့လည်း ဂိုဏ်းကြီး၅ခု ပြိုလဲသွားပြီးရင် ချန်ဖူဂိုဏ်းကလည်း သူ့ဟာသူ ရပ်တည်နိုင်မှာ မဟုတ်တော့ဘူးလေ။
ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ဆက်တိုက်တိုက်ခိုက်ခံရတာက လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀၀တုန်းက ကျင့်ကြံရေးလောကကို ထိခိုက်မှုရှိသွားတာနဲ့ သေချာပေါက် ခြားနားမှာမဟုတ်လေဘူး။
ချန်ဖူဂိုဏ်းသားတွေရဲ့ ကရုဏာသက်တဲ့မျက်ဝန်းတွေထဲမှာတော့ ဗုဒ္ဓကသာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချပေးနိုင်မယ်ဆိုတဲ့အကြည့်တွေနဲ့ ပြည့်နေတယ်။ "ချန်ဖူဂိုဏ်းကလည်း နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ရှာဖွေတဲ့နေရာမှာ အားထုတ်မှု တစ်ချက်မှမလျော့ဘဲ ကျင့်ကြံရေးလောကကို အေးချမ်းသွားအောင် ပြန်လုပ်ပေးမှာပါ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ရှေ့ကိုတစ်လှမ်းတိုးလာပြီး တွေဝေမနေဘဲ ပြောလိုက်တယ်။ "ဟုတ်တယ်။ အဲဒီလူကို ကျုပ်တို့ရဲ့နောက်ကွယ်မှာ ကြံစည်နေတာကို ခွင့်ပြုထားမဲ့အစား ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကာကွယ်ဖို့ သူ့ကိုသတ်လိုက်တာ ပိုကောင်းမယ်”
တစ်ခုပဲ...အပြင်လောကကလာတဲ့အသံက ဒီနောက်ကွယ်က လူရဲ့အကြံအစည်ကို မသိခဲ့ဘူးဆိုရင်တော့...
သူက အပြင်လောကကလာတဲ့အသံနဲ့ ပတ်သက်ပြီး အရာအားလုံးကို သိထားတဲ့အပြင် နတ်ဆိုးလောကရဲ့ အကြောင်းအရာအသေးစိတ်ကိုလည်း သိထားတယ်။ ဒါပေမဲ့...
ဧကန္တ ဒီကိစ္စရဲ့နောက်ကွယ်ကလူက ကျောက်တုံးတွေကြားထဲကများ ခုန်ထွက်လာတာလား။
တစ်ဖက်မှာတော့ ဝိညာဉ်နတ်ဆိုးချောက်နက်ထဲမှာ_
‘ကျောက်တုံးတွေကြားထဲက ထွက်လာတယ်’ဆိုတဲ့ ထျန်းရှီက ဒေါသထွက်လွန်း လို့ထိန်းချုပ်မရအောင် ဖြစ်သွားတော့တယ်။
သူ့ဘေးက အနက်ရောင်စွမ်းအင်တွေကလည်း သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို ကြမ်းကြမ်းတမ်းတမ်း ဝါးမျိုပစ်နေတယ်။ ဒါပေမဲ့ ဒီလိုအဆုံးမရှိတဲ့ မှောင်မဲတဲ့ချောက်နက်ထဲမှာ ဘာဝိညာဉ်စွမ်းအင်အပင်မှမရှိသလို ဘာဝိညာဉ်သားရဲမှလည်း မရှိလေဘူး။ သူ ဝါးမျိုနိုင်တာဆိုလို့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လေထဲမှာလွင့်နေတဲ့သဲမှုန်တွေနဲ့ ကျောက်ခဲအစတွေသာ ရှိတော့တယ်။
၁နာရီလောက် ကြာပြီးတဲ့အခါမှာတော့ သူကသတိပြန်ဝင်လာပြီး သူ့အသံထဲမှာလည်း လောကကြီးကို ဖျက်ဆီးပစ်နိုင်သယောင် ဒေါသတွေ အပြည့်ဖြစ်နေတယ်။
"မင်းတို့ကောင်တွေ ငါ့ကို ဒီလိုလုပ်ဖို့ဖိအားပေးခဲ့တာပဲ"
အစတုန်းကတော့ သူက ချန်ဖူဂိုဏ်းနဲ့ ကျင့်ကြံရေးတစ်လောကလုံးကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးဖို့ ဒီလှည့်ကွက်ကို မသုံးရသေးခင် ဂိုဏ်းကြီး၅ခု ပျက်စီးသွားလုနီးပါး အခြေအနေအထိ စောင့်ဆိုင်းမယ်လို့ စဉ်းစားထားခဲ့တာပဲ။
အဲဒီအချိန်ကျရင် ကျင့်ကြံရေးလောကကြီးက ဖရိုဖရဲဖြစ်သွားပြီး ဘယ်သူကမှလည်း သူ့ကို လွန်ဆန်နိုင်တော့မှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ အခုကျတော့ သူ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး။
ကျင့်ကြံရေးလောကထဲမှာ သူ့အစီအစဉ်တွေအားလုံးက အမြစ်ကနေ လှန်ခံလိုက်ရပြီဖြစ်တဲ့အတွက် သူက ဒါကိုနောက်တစ်ဖန် ပြန်စီစဉ်ဖို့ပဲတတ်နိုင်တော့တယ်။
စောလော့လျှို့ဝှက်နယ်မြေ ပွင့်လာသရွေ့ သူ့ရဲ့အရှိန်အဝါနဲ့ဆိုရင် ကျင့်ကြံရေးလောကကြီးက ဖရိုဖရဲနောက်တစ်ဖန် ဖြစ်သွားတော့မှာ သေချာတယ်။
အဲဒီအချိန်ကျရင် သူ့မှာလည်း မရေမတွက်နိုင်တဲ့ နတ်ဆိုးအစေခံတွေ ရှိလာလိမ့်မယ်။
ကျင့်ကြံရေးတစ်လောကလုံးကလည်း သူ့အိတ်ကပ်ထဲကို နောက်ဆုံးတော့ရောက်လာလိမ့်မယ်။
...
"ဒီလိုဆိုရင်တော့..."
"စောလော့လျှို့ဝှက်နယ်မြေကလည်း ပွင့်တော့မှာပဲ"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက အဝေးတစ်နေရာမှ ကောင်းကင်ထဲက ထိုးတက်လာတဲ့ လင်းလက်တဲ့အရောင်အဝါကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာလည်း အံ့ဩမှုအပြည့် ဖြစ်သွားခဲ့တယ်။
"စောလော့လျှို့ဝှက်နယ်မြေပွင့်ဖို့ နှစ်ပေါင်း ၁၀၀ နီးပါး လိုသေးတယ် မဟုတ်လား"
"ဘာဖြစ်လို့များလဲ..."
ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက ဝိညာဉ်စွမ်းအင်တွေ သောင်းကျန်းထကြွနေတဲ့နေရာကို ငေးကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ လေးနက်သွားတဲ့အမူအရာတစ်ခု ဖြစ်သွားခဲ့တယ်။ "လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀တုန်းက စောလော့လျှို့ဝှက်နယ်မြေထဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ဘူးလေ။ ဒီတစ်ခါ စောလော့လျှို့ဝှက်နယ်မြေ ပွင့်သွားတာက မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေမှာစိုးရတယ်"
ချန်ဖူဂိုဏ်းက တပည့်ရဲ့အသံထဲမှာတော့ ဇင်အငွေ့အသက်တွေ ပြည့်နေခဲ့ပြီး "စောလော့လျှို့ဝှက်နယ်မြေထဲမှာ ကျုပ်တို့တွေရှာနေတဲ့ အဖြေရှိနေလောက်တယ်"
စောလော့လျှို့ဝှက်နယ်မြေတွေ အားလုံးက အန္တရာယ်ရှိပြီး အခွင့်အရေးတွေ ရှိနေတယ်ဆိုပေမဲ့လည်း လွန်ခဲ့တဲ့နှစ်ထောင်ချီက စောလော့လျှို့ဝှက်နယ်မြေက ကျင့်ကြံရေးလောကထဲကို ယူလာခဲ့တဲ့ ကပ်ဘေးအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက လေးပင်နေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒီခရီးက သေချာပေါက် အရမ်းကို အန္တရာယ်များနေမှာပဲ။ ဂိုဏ်းချုပ်ကြီးတွေက စောလော့လျှို့ဝှက်နယ်မြေထဲကိုဝင်ဖို့ လူအင်အားအရေအတွက်ကို သေချာသတ်မှတ်ဖို့လိုလိမ့်မယ်"
အဲဒီနေ့မှာပဲ ကျင့်ကြံရေးလောကထဲက ဂိုဏ်းကြီးများစွာက မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေနဲ့ သီးခြားကျင့်ကြံသူတွေက စောလော့လျှို့ဝှက်နယ်မြေထဲကို အပြေးအလွှား ရောက်လာကြတယ်။
လှေပျံပေါ်မှာ။
စူးလီက သူမရဲ့မျက်လုံးထဲမှာ ဘာမှမတတ်နိုင်တဲ့ အရိပ်အယောင်တစ်ခုနဲ့ သူမပတ်ဝန်းကျင်မှာရှိနေတဲ့ ပိုင်ကျစ်ယွင်၊ ရှန်းချန်းဟန်နဲ့ လင်းကျောက်တို့ကို ကြည့်နေမိတယ်။ ဒီကာလအတွင်းမှာ သူတို့၃ယောက်စလုံးက လေ့ကျင့်ရေးနဲ့ အလုပ်များနေကြပြီး မကြာခဏဆိုသလိုမှသာ သူမဆီကို လာလည်တတ်တယ်လေ။
ဒီတော့ သူမမှာ ဒီလိုနာကျင်မှုမျိုး မခံစားရတာ တော်တော်ကြာသွားပြီပေါ့။
လွန်ခဲ့တဲ့လဝက်တုန်းကနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီလူ၃ယောက်ကြားက တွန်းထိုးနေတဲ့ ခံစားချက်ကလည်း အများကြီး လျော့နည်းသွားတယ်။ ဒါပေမဲ့...
သူမက ပိုင်ကျစ်ယွင် သူမအတွက် ယူလာပေးတဲ့ ရှန်းမေယဲ့လျန်လင်းရူလက်ဖက်ရည်ကို ကြည့်လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ သူမရဲ့အသံကလည်း အနည်းငယ် တုန်ရင်လို့နေတယ်။
"ရှောင်ပိုင် နင်လေ... ဒါကိုအရင်ဆုံးခဏလောက် ချထားလိုက်ပါဦး။ ငါ ခဏနေမှသောက်ပါ့မယ်"
သူမက ဒါကို ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သောက်ခဲ့ပြီးပြီလေ။ ဘယ်လိုပြောရမလဲဆိုတော့ သူမအရမ်းကြိုက်တဲ့ အစားအသောက်၃ခုကို အတူတူပေါင်းထားလိုက်တဲ့အခါ မျိုချဖို့ တော်တော်လေး ခက်ခဲသွားတဲ့ ထူးဆန်းတဲ့ အရသာတစ်ခု ဖြစ်သွားတာပဲ။
ဒီအပြင် သူမက ဒီကာလအတော်အတွင်းမှာ ရှဲ့ချီယွမ်ကြောင့်လည်း ပျက်စီးသွားပြီလေ။ အရင်တုန်းက ပိုင်ကျစ်ယွင် နှပ်ပေးခဲ့တဲ့ အသီးလက်ဖက်ရည်ကတောင် အခုဆိုရင် သူမက ဒါကို မသောက်နိုင်တော့ဘူး ဖြစ်သွားတယ်။ ဒီလက်ဖက်ရည်ခွက်ဆိုရင်တော့ ပြောမနေပါနဲ့တော့...
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ပိုင်ကျစ်ယွင်ရဲ့ မျက်လုံးတွေက မသိမသာ လှုပ်ရှားသွားတယ်။ သူမက သူမဘေးက ကျောက်စားပွဲပေါ်က ကြည်လင်ပြီး လင်းလက်တဲ့ အလင်းရောင်တွေ ပိုင်ဆိုင်ထားတဲ့ သရေစာနဲ့ အစားအသောက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေမိတယ်။
ဒီကာလအတွင်းမှာ သူမက သူမရဲ့ချန်ပေ့ကို လျစ်လျူရှုထားခဲ့မိပြီး အဘိဓာန်အတွင်းမှာ ဝိညာဉ်ဆေးပင်တွေကိုပဲ လေ့လာရင်း အလုပ်များနေခဲ့တာ... နောက်ပြီး... မသေမျိုးတစ်ဝက် ကျင့်ကြံသူကို လွှတ်ထားခဲ့မိတာ။
မသေမျိုးကြီးမြတ်သူ သူမကိုပေးခဲ့တဲ့ ဝိညာဉ်ဆေးပင်ဆိုင်ရာ အဘိဓာန်အတွက် အရမ်းကို ကျေးဇူးတင်ပေမဲ့လည်း... သူမက ချန်ပေ့ရဲ့နှလုံးသားထဲက သူမရဲ့နေရာကို အစားထိုးဖို့တော့ သူ့ကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။
ဒါက ဝိညာဉ်စွမ်းအင်အစားအသောက်နဲ့ ဝိညာဉ်စွမ်းအင်လက်ဖက်ရည်လေးပဲ မဟုတ်ဘူးလား။
သူမလည်း လုပ်နိုင်ပါတယ်။
သူမက ချန်ပေ့ပိုပြီးတော့ အကြိုက်တွေ့နိုင်တဲ့ဝိညာဉ် အစားအသောက်တွေနဲ့ ဝိညာဉ်လက်ဖက်ရည်တွေကို သေချာပေါက် ရှာဖွေပြီးတော့ ပြုလုပ်ရလိမ့်မယ်။
သူမက ဆုံးဖြတ်ချက် ချလိုက်ပြီးတာနဲ့ချက်ချင်း သူမဘေးမှာ ထိုင်နေတဲ့ရှဲ့ချီယွမ်က နတ်သမီးဆီးပန်းပွင့်ယမကာခွက်တစ်ဝက်ကို စူးလီရဲ့ခွက်ထဲ လောင်းထည့်ပေးလိုက်တယ်။
အဲဒီနောက်မှာတော့ စူးလီက တွေဝေတာ မရှိဘဲ ယမကာခွက်ကို လှမ်းကိုင်လိုက်တာကို တွေ့လိုက်ရတယ်။
ဒါက သူမ ချန်ပေ့ကို လက်ဖက်ရည်ပန်းကန် လှမ်းပေးလိုက်တုန်းက သူမရဲ့တုံ့ပြန်ပုံနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတာပဲ။
ပိုင်ကျစ်ယွင်က ကွဲကြေသွားတဲ့နှလုံးသားတစ်ခုကို ထိန်းချုပ်ထားလိုက်ပြီး တိတ်တိတ်လေးနောက်ကို ၂လှမ်း ဆုတ်သွားလိုက်တယ်။
နောက်ဆုံးမှာတော့ သူမက ကိုယ့်ဟာကိုယ် မထိန်းနိုင်တော့ဘဲ ရှဲ့ချီယွမ်ကို စွပ်စွဲတဲ့အကြည့်တစ်ခုနဲ့ မော့ကြည့်လိုက်တယ်။
မသေမျိုးကြီးမြတ်သူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကိုမြင့်မားတယ်။ သူက ဘယ်လိုလုပ်ပြီး သူမထက်ပိုကောင်းတဲ့ ဝိညာဉ်စွမ်းအင်လက်ဖက်ရည်နဲ့ ဝိညာဉ်စွမ်းအင် အစားအသောက်တွေကို ချက်ပြုတ်နိုင်နေတာလဲ။
ဒါက တကယ့်ကို ကြောင်းကျိုးဆီလျော်မှုမရှိဘူးလေ။
သူမဘေးမှာတော့ ရှန်ချန်းဟန်ရဲ့အမူအရာက ပိုလို့တောင် ရှုပ်ထွေးသွားသေးတယ်။
ရှန်ချန်းဟန်က စူးလီကိုင်ထားတဲ့ ယဲ့လျန်ခေါင်းအုံးကို ကြည့်လိုက်ပြီး အူကြောင်ကြောင်လေးနဲ့ မျက်တောင်ခတ်မိသွားတယ်။
ဒီခေါင်းအုံးကို အလွန်မှ သေသေသပ်သပ် ဖန်တီးထားတဲ့အပြင် နှစ်၁၀၀၀မှာ ရှားရှားပါးပါးမြင်ရတဲ့ မိုးမခသား အစိမ်းရောင်ပိုးထည်နဲ့ ပြုလုပ်ထားတယ်။ ဒီပဒုမ္မာကြာပန်းကလည်း လှပပြီး တင့်တယ်လှတဲ့အပြင် သင်းပျံ့နေတဲ့မွေးရနံ့တစ်ခုကိုလည်း ဆောင်ထားတယ်။
ဒါက ဒီကာလအတော်အတွင်း သူမလုပ်ထားတဲ့ ဝိညာဥ်သားရဲအရုပ်တွေက အရမ်းကိုရိုးရှင်းသွားတဲ့ပုံစံ ဖြစ်သွားပြီး သေသေချာချာလေး လုပ်မထားတဲ့ပုံစံတောင် ဖြစ်သွားသေးတယ်။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဧကန္တ မသေမျိုးကြီးမြတ်သူက ဝိညာဉ်စွမ်းအင် အစားအသောက်တွေကို ချက်ပြုတ်နိုင်တဲ့အပြင် အချုပ်အလုပ်မှာလည်း ကျွမ်းကျင်နေတာလား။
ဒါဆိုရင်တော့... ချန်ပေ့ရဲ့ဘေးမှာနေရဖို့ သူမအတွက် နေရာတစ်ခု ရှိပါဦးမလား။
မဖြစ်ဘူး။
သူမ အရင်တုန်းကလို ဒီအတိုင်းပဲ ငြိမ်နေလို့မဖြစ်တော့ဘူး။ သူမလည်း သူမရဲ့ရှေ့ကလူလို ခေါင်းအုံးတွေနဲ့ အရုပ်လေးတွေနဲ့ ပတ်သက်ပြီး ပိုပြီးတော့ လေ့လာဖို့လိုအပ်တယ်။
သူမက သူမဘေးက ငွေခြင်းတောင်းကို လှမ်းကြည့်လိုက်ပြီး တွေးတွေးဆဆနဲ့ ဝိညာဉ်ဓားကို တင်းနေအောင် ဆုပ်ထားလိုက်တယ်။ ချန်ပေ့က ဝိညာဉ်ဓားခေါင်းအုံးကိုတော့ သဘောကျမလား မသိဘူးနော်။
လင်းကျောက်အတွက်ကတော့ စူးလီနားမှာ ခဏလောက် တွယ်ကပ်နေပြီးတဲ့နောက်မှာ လှေပျံပေါ်က အပြန်အဆင်တွေရဲ့ ဆွဲဆောင်ခြင်း ခံလိုက်ရတယ်။
ဒီတစ်ခါ လှေပျံရဲ့ပုံစံက အရင်တုန်းကဟာတွေနဲ့ ယှဥ်လိုက်ရင် လုံးဝကို ကွာခြားသွားတဲ့ အပြောင်းအလဲတစ်ခုကို ပြင်ဆင်ထားခဲ့တယ်။
တစ်ချိန်တုန်းက ဗလာအတိဖြစ်နေတဲ့ လှေဝမ်းထဲမှာ အခုတော့ မရေမတွက်နိုင်တဲ့ဝိညာဉ်အပင်တွေကို သေသေချာချာလေး စီစဉ်ထားပြီး အရမ်းကို လှပတဲ့ဝိညာဉ်ရတနာတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကိုလည်း ဒီအပင်တွေရဲ့ကြားမှာ နေရာချထားတယ်။ ခြေလှမ်း၅လှမ်းတိုင်းမှာ ဇရပ်တစ်ဆောင်ရှိနေပြီး ခြေလှမ်း၁၀လှမ်းလောက် လှမ်းလိုက်ရင် မြင်ကွင်းတစ်ခုကို မြင်ရတယ်။
လှေပျံပေါ်က ဇရပ်ဆောင်တွေကတောင် အရင်တုန်းကထက် အဆပေါင်းများစွာ ပိုပြီးခမ်းနားကြီးကျယ်နေခဲ့တယ်။
ဒီအပြင် ဒီလှေပျံကို အလှဆင်ထားတဲ့သူက အင်မတန်မှကောင်းမွန်တဲ့ အနုပညာရသတစ်ခု ပိုင်ဆိုင်ထားပြီး ရှုခင်းတိုင်းကလည်း အင်မတန်မှတင့်တယ်လှကာ အပြန်အလှန် လိုက်ဖက်ညီနေတယ်။
ညင်သာတဲ့လေပြေတစ်ခု တိုက်ခတ်သွားတဲ့အခါ ဝိညာဉ်သစ်ပင်တွေက တရှပ်ရှပ်မြည်သွားပြီး ရနံ့သင်းတဲ့ ဝိညာဉ်စွမ်းအင်လေထုတစ်ခုက လွင့်ပျံသွားကာ လူတွေကို လန်းဆန်းသွားအောင် ပြုလုပ်ပေးနေတယ်။
ဒါကိုမြင်လိုက်တဲ့အခါ လင်းကျောက်က ခေါင်းကိုငုံ့ထားလိုက်ပြီး သူမရဲ့သိုလှောင်အိတ်ထဲက ဝိညာဥ်ရတနာတွေအားလုံးကို မွှေနှောက်ရှာဖွေလိုက်တဲ့အခါ လှေဝမ်းပေါ်က ကျောက်တုံးပေါ်မှာ အစားထိုးပြီး သုံးလို့ရနိုင်တဲ့ ဝိညာဉ်ရတနာတွေ တစ်ခုမှမရှိဘူးဆိုတာ တွေ့လိုက်ရတယ်။
ဒါက သူမကို ကြီးမားတဲ့အထိတ်တလန့် ဖြစ်သွားစေတော့တယ်။
ဒီတော့ မသေမျိုးကြီးမြတ်သူက... အဲဒီလောက်တောင် ချမ်းသာသတဲ့လား။
သူမလည်းပဲ ချမ်းသာချင်လိုက်တာ။ မသေမျိုးကြီးမြတ်သူထက်ကို ပိုပြီးတော့ချမ်းသာချင်တယ်။
ပြီးရင်တော့ သူမက သူမအစ်မရဲ့လှေပျံကို အစားထိုးပေးချင်ပြီး အိမ်နဲ့အဝတ်အစားတွေ အားလုံးကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တယ်။
ပိုင်ကျစ်ယွင်၊ ရှန်ချန်းဟန်နဲ့ လင်းကျောက်တို့က မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ အထိတ်တလန့် ဖြစ်သွားကြပေမဲ့လည်း သူတို့အားလုံးက သူတို့ရဲ့စိတ်ထဲမှာတော့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ ချထားလိုက်တော့တယ်။
သူတို့၃ယောက်က အပြန်အလှန် ကြည့်လိုက်ကြပြီး မျက်နှာပေါ်မှာ ပြတ်သားတဲ့ရုပ်တစ်ခုနဲ့ စူးလီကို နှုတ်ဆက်စကား ပြောလိုက်တော့တယ်။
စူးလီက သူတို့၃ယောက်ရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး သူမရဲ့လက်ထဲက နတ်သမီး ဆီးပန်းပွင့်ယမကာကို တစ်ငုံလောက် သောက်လိုက်ပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးတွေက လခြမ်းလေးလို ဖြစ်သွားတဲ့အထိ ပြုံးနေလိုက်တယ်။
ရှဲ့ချီယွမ်က သူမရဲ့ဝမ်းသာနေတဲ့အမူအရာကို ကြည့်လိုက်ပြီး အပြုံးရိပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"အရမ်းပျော်နေတာလား"
စူးလီက သူမရဲ့ခေါင်းကို လှည့်လိုက်တဲ့အခါ သူမရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေသေးတယ်။ သူမက ပိုင်ကျစ်ယွင်နဲ့တခြားသူတွေ သူမဘေးမှာရှိနေတာကို မကြိုက်တာတော့ မဟုတ်ပါဘူး။ တစ်ခုပါပဲ...
သူမက မျက်တောင်ခတ်လိုက်ပြီး သက်ပြင်းချသံတစ်ခုနဲ့ ပြောလိုက်တယ်။ "သူတို့တွေလည်း သူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်တွေ ရှိသင့်တယ်လေ"
"ကျွန်မကိုပဲ ဦးစားပေးပြီး ကျွန်မဘေးမှာပဲ နေနေကြတာမျိုးက မဖြစ်သင့်ဘူး"
ဘယ်သူကမှလဲ ဘယ်သူနဲ့မှအမြဲတမ်းနေနိုင်မှာ မဟုတ်ဘူးလေ။
သူမက နောက်ဆုံးတော့လည်း သူတို့တွေကိုနှုတ်ဆက်သွားရမှာပဲ။ သူတို့တွေက သူတို့ကိုယ်တိုင်အတွက် ဘဝကိုနေထိုင်ဖို့သင်ယူပြီး သူတို့တကယ်ကြိုက်နှစ်သက်တဲ့အရာကို ရှာဖွေသင့်တယ်လေ။
ရှဲ့ချီယွမ်က စူးလီဘေးက တကယ်စစ်မှန်တဲ့ အရောင်အဝါကို ခံစားလိုက်ရပြီး လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားတဲ့သူ့လက်က ရုတ်တတ်ရက် တင်းကြပ်သွားတော့တယ်။
သူက သူ့မျက်လုံးတွေကို မသိမသာ မျက်လွှာချထားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်လှုပ်ရှားမှုအားလုံးကို ဖုံးကွယ်ထားလိုက်ကာ ခုနတုန်းက သူ လွှတ်ခနဲမေးချင်သွားတဲ့မေးခွန်းကို မျိုသိပ်လိုက်ရတော့တယ်။
သူကျတော့ရော။
ဒါပေမဲ့လည်း နောက်ဆုံးတော့ သူ ဘာမှမပြောခဲ့ပါဘူး။
အနည်းဆုံးတော့ အခုလောလောဆယ် သူမ စဉ်းစားနေတဲ့အနာဂတ်ထဲမှာ သူ့ကိုဖယ်ချန်ထားတာမျိုး မရှိဘူးလေ။
ရှဲ့ချီယွမ်က ခေါင်းမော့လိုက်ပြီး သူ့အသံကလည်း သိမ်မွေ့ညင်သာကာ တည်ငြိမ်နေတော့တယ်။
"တရုတ်နှင်းသီးနဲ့ နှပ်ထားတဲ့ လက်ဖက်ရည်အသစ်ကို မြည်းစမ်းကြည့်ချင်လား"
စူးလီက တွေဝေမနေဘဲ အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။
"မြည်းကြည့်ချင်တယ်"
...
ဒီတစ်ခါ စောလော့လျှို့ဝှက်နယ်မြေ ပေါ်လာတဲ့တည်နေရာက လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀၀တုန်းက နေရာနဲ့အတူတူပဲဖြစ်ပြီး ချန်ဖူဂိုဏ်းနားမှာ ရှိတယ်။
စောလော့လျှို့ဝှက်နယ်မြေ အမှန်တကယ် မပွင့်သေးခင်မှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ဒီနေရာကို ရောက်လာနှင့်ပြီ။
စောလော့လျှို့ဝှက်နယ်မြေထဲက အန္တရာယ်တွေကိုအားလုံးက ကောင်းကောင်း သိထားကြပေမဲ့လည်း ကျင့်ကြံသူတွေက စိန်ခေါ်မှုကို ထိပ်တိုက်တွေ့ဆုံပြီး အခွင့်အရေးအတွက်တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြတယ်။ တကယ်လို့ အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ တစ်စုံတစ်ယောက်က ကြောက်ရွံ့ထိတ်လန့်နေမယ်ဆိုရင် ဆက်ပြီးကျင့်ကြံမနေဘဲ ကျင့်ကြံရေးလောကထဲကို တိုက်ရိုက်ဆင်းသွားပြီး ကျောင်းဆရာ သွားလုပ်လိုက်တော့ပေါ့။
စူးလီက လှေပျံပေါ်ကနေ ဆင်းလာတာနဲ့ချက်ချင်း ပတ်ဝန်းကျင်မှာ တစ်ကွဲတစ်ပြားစီရပ်နေကြတဲ့ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေရဲ့ မြင်ကွင်းကိုမြင်လိုက်ရတယ်။
သူမဘေးက သိပ်မဝေးလှတဲ့နေရာမှာတော့ ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ချောမောလှပတဲ့ ချန်ဖူဂိုဏ်းသားတစ်ယောက်က သူ့မျက်နှာပေါ်မှာ ကရုဏာသက်နေတဲ့အမူအရာတစ်ခုနဲ့ ကြမ်းတမ်းခက်ထန်တဲ့ ရုပ်တစ်ခုပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ကို ဆုံးမဩဝါဒပေးနေတယ်။
ဆုံးမဩဝါဒခံယူနေတဲ့ ကျင့်ကြံသူကတော့ လုံးဝစိတ်မရှည်လက်မရှည် ဖြစ်နေတဲ့ပုံပဲ။ သူက ဘာမှဂရုမစိုက်သလို ပြောလိုက်တယ်။ "စောလော့လျှို့ဝှက်နယ်မြေထဲမှာ အန္တရာယ်တွေ အများကြီးရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ အန္တရာယ်နဲ့ အခွင့်အရေးဆိုတာ အတူယှဥ်တွဲတည်ရှိနေတာပဲ။ ကျုပ်က ကျုပ်မိသားစုတွေကိုလည်း ထောက်ပံ့ပေးချင်သေးတယ်။ ဒီတော့ ကျုပ်က စောလော့လျှို့ဝှက်နယ်မြေထဲမှာ ကျုပ်ရဲ့ကံကောင်းခြင်းကို စမ်းသပ်ကြည့်ရလိမ့်မယ်လေ"
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက ခေါင်းကိုလှည့်လိုက်ပြီး သူ့အသံထဲမှာလည်း ရုတ်တရက်ဆိုသလို မြှောက်ပင့်နေတဲ့လေသံတွေ ဖြစ်လာခဲ့တယ်။ "ဒီအပြင် ကိုယ်တော်က ကျင့်ကြံရေးအဆင့် ဒီလောက်အမြင့်ကြီး ပိုင်ဆိုင်ထားတာပဲ။ ကျွန်တော့်ကို သေချာပေါက် ကာကွယ်ပေးနိုင်မှာပါ။ ဟုတ်တယ်မလား"
ချန်ဖူဂိုဏ်းသားက သူ့အဖြေကို ကြားလိုက်ရတဲ့အခါ သူ့မျက်လုံးတွေထဲမှာ ကူကယ်ရာ မဲ့သွားတော့တယ်။ သူက အဲဒီလူရဲ့မေးခွန်းကို ပြန်ဖြေနေတဲ့အတိုင်း ဗုဒ္ဓရဲ့နာမည်ကိုပဲ တတွတ်တွတ် ရေရွတ်နေတော့တယ်။
စူးလီက ဒါကိုကြားလိုက်ရတဲ့အချိန်မှာ မနေနိုင်တော့ဘဲ အနည်းငယ် သိချင်စိတ်ဖြစ်သွားတယ်။
ဘာပဲဖြစ်ဖြစ်လေ ဒီနေရာမှာစောင့်နေရင်းနဲ့ လုပ်စရာမှမရှိဘဲ။ ဒီတော့ ဖရဲသီးလေးနည်းနည်းလောက် စားလိုက်တာပေါ့။
ဒီလိုစဉ်းစားလိုက်ပြီး သူမက သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လှန်လှော ကြည့်ရှုလိုက်တယ်။
[ချန်ဖူဂိုဏ်းက ချန်ဖူဂိုဏ်းသားတွေက တခြားသူတွေကို ကူညီပေးပြီး သူတို့တွေကို လမ်းမှန်ပေါ်ရောက်လာအောင် နားချတဲ့နေရာမှာ အရမ်းကိုလိုလိုလားလား ရှိကြတာပဲလား]
အပြင်လောကကလာတဲ့အသံက စောလော့လျှို့ဝှက်နယ်မြေထဲမှာလည်း ပေါ်လာတတ်သလား။
အားလုံးက စဉ်းစားဖို့အချိန်အများကြီး မရသေးခင်မှာဘဲ အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို ကြားလိုက်ရတယ်။
[ကျွတ်ကျွတ်... ဒါကဂိုဏ်းရဲ့ တာဝန်တစ်ရပ်ဖြစ်နေတာကို...]
[ချန်ဖူဂိုဏ်းက တပည့်တစ်ယောက်ချင်းစီမှာ သတ်မှတ်ထားတဲ့ အရေအတွက်တစ်ခုနဲ့ ကယ်တင်ပေးရမဲ့ နာမည်စာရင်းတစ်ခု ရှိသတဲ့လား]
"ဒါက တကယ်ကို...အဆင့်မြင့်တာပဲ"
[တိုက်တိုက်ဆိုင်ဆိုင် ဟွိုက်ချင်းက အရှက်မဲ့ပြီး သိမ်ဖျင်းလွန်းတဲ့ လေမင်ကို တာဝန်ပေးခံရတယ်တဲ့]
[ဟွိုက်ချင်းရဲ့ အကာအကွယ်နဲ့ဆိုရင် လေမင်က သူ့အရင်က တစ်ခါမှမသွားရဲခဲ့ဘူးတဲ့ အန္တရာယ်ရှိတဲ့ နေရာအများအပြားကို သွားခဲ့ပြီး ငွေအများကြီးရှာခဲ့တယ်တဲ့]
[သနားစရာကောင်းလိုက်တဲ့ ဟွိုက်ချင်းပဲ။ သူ့ကို ပြောင်းလဲဖို့အတွက် သူက နေရာအမျိုးမျိုး နောက်လိုက်သွားရပြီး အကြိမ်ပေါင်းများစွာလည်း ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်တဲ့။ သူ့ဒဏ်ရာတွေက အခုထိတောင်မှ မပျောက်သေးဘူးဆိုပဲ...]
[ဒီလေမင်က သူ့အသက်ကိုတော့ အရမ်းကိုဂရုစိုက်သားပဲ။ တကယ်လို့ ဟွိုက်ချင်းကသာ သူ့ကို မကာကွယ်ပေးခဲ့ဘူးဆိုရင် သူက စောလော့လျှို့ဝှက်နယ်မြေထဲကို ဘယ်လိုလုပ်ပြီးတော့ ဝင်လာရဲပါ့မလဲ]
ဒီစကားကို ကြားလိုက်တဲ့အခါ ကျင့်ကြံသူတွေအားလုံးက ရွံရှာတဲ့အကြည့်နဲ့ လေမင်ကို ကြည့်လိုက်ကြတယ်။
ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိအရှက်မဲ့ရပါလိမ့်။
လေမင်က အားလုံးရဲ့အကြည့်ကို ခံစားလိုက်မိတယ်။ ဒါပေမဲ့လည်း နည်းနည်းလေး အရှက်ရသလို ခံစားလိုက်ရပေမဲ့လည်း သူကတော့ ဂုဏ်ယူ၀င့်ကြွားစွာနဲ့ရင်ကို ဖွင့်ထားတုန်းပဲ။
ဒီလူတွေက ဒီအတိုင်း မနာလိုဖြစ်နေကြတာပဲ။
သူတို့တွေမှာ သူတို့ကိုကာကွယ်ပေးမဲ့ ချန်ဖူဂိုဏ်းသားတွေ ရှိနေမယ်ဆိုရင် သူတို့တွေက သူ့ထက်တောင် ပိုပြီးရက်စက်ကြလိမ့်ဦးမယ်။
လေမင်ရဲ့လုံခြုံစိတ်ချရပြီး နမော်နမဲ့နိုင်နေတဲ့ ရုပ်အသွင်ကို မြင်လိုက်တဲ့အခါ အားလုံးက သူ့ကိုမုန်းတီးလိုက်ကြပြီး တစ်ချိန်ထဲမှာပဲ ဟွိုက်ချင်းအတွက် ကိုယ်ချင်းစာစိတ်တွေ ပိုပြီးခံစားရတော့တယ်။
ကိုယ်တော်ဟွိုက်ချင်းက ဘယ်လိုအကုသိုလ်များ ရှိခဲ့လို့ ဒီလိုလူမျိုးကို ပြောင်းလဲပေးဖို့ တာဝန်ယူနေရပါလိမ့်။
ကံဆိုးချင်တော့ ဒါက ဂိုဏ်းရဲ့တာဝန်တစ်ခု ဖြစ်နေတယ်လေ။ သူတို့တွေက ဒါကိုလက်လျှော့လိုက်လို့ မရဘူးပေါ့။ ဒီလူကို သူ လုပ်ချင်တာတိုင်း အကုန်ပေးလုပ်ဖို့ပဲ တတ်နိုင်ခဲ့တယ်လေ။ ဒါက တကယ့်ကိုပဲ...
ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ပျင်းရိလေးတွဲစွာနဲ့ ဆက်ပြီးတော့ပြောလိုက်တယ်။
[ဒီချန်ဖူဂိုဏ်းသားတွေက တကယ့်ကို မပါးနပ်ကြတာပဲ]
[တခြားသူတွေကို ဆုံးမနားချဖို့အတွက် ကိုယ့်ရဲ့ကိုယ်ပိုင်အသက်ကို အသုံးချထားတာက တကယ့်ကို အသုံးမဝင်ဘူးလေ]
[ဒါပေမဲ့ သူ့ကိုနားချဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်အသက်ကို အသုံးချတာက ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်]
ဟွိုက်ချင်းက ငေးကြောင်ကြောင်နဲ့ အပြင်လောကကလာတဲ့အသံကို နားထောင်ပြီး နေရာမှာ တင်ရပ်နေမိတယ်။
အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားက ဘာအဓိပ္ပာယ်တဲ့လဲ။
[လေမင်ရဲ့ကျင့်ကြံရေးအဆင့်နဲ့ဆိုရင် သူ စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတာနဲ့ သေချာပေါက် သေမှာပဲ။ သူ့ကို အရင်ဆုံးဒီနေရာကနေ ပို့လိုက်တာ ပိုကောင်းတယ်...]
[ဒီလိုဆိုရင် လေမင်ကလည်း သူ အခုဖြစ်နေသလို ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ခံယူနေစရာမလိုတော့သလို အန္တရာယ်များတဲ့နေရာတွေကိုလည်း ခရီးသွားနေစရာ မလိုတော့ဘူးလေ။ ဒါကို ကယ်တင်စောင်မခြင်းလို့ ဘယ်လိုလုပ်ပြီး မသတ်မှတ်ဘဲ နေလို့ရမှာလဲ...]
[ဒါကလည်း သူ့ကံတရားကို ပြောင်းပြန်လှန်ပေးလိုက်မှာပဲ]
[ငရဲမင်းက သူ့ကို၃နာရီမှာ သေဖို့ပြောထားမယ်ဆိုရင် ရှင်က သူ့ကိုငရဲမင်းဆီ၂နာရီလောက် စောပြီး ပို့ပေးလိုက်ပေါ့...]
[ရှင်က သူ့ကို ပြောင်းလဲပေးဖို့အတွက် အများကြီး ကြိုးစားပေးခဲ့တာပဲ။ သူ့ရဲ့ကံတရားကို ပြောင်းလဲပေးဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ မှတ်လိုက်ပါ...]
[ဒါကို မြင်လိုက်ရတဲ့ ဘယ်သူမဆို သက်ပြင်းချပြီးတော့ ပြောကြလိမ့်မယ်လေ။ "ဗုဒ္ဓက သနားညှာတာတတ်ပါပေတယ်”လို့...]
...