အခန်း ၁၅၆
Vol. 11 Ch. 156
အပိုင်း (၁၅၆)
စောလော့လျှို့ဝှက်နယ်မြေပတ်ဝန်းကျင်မှာ ရှိပြီး ကောင်းကင်လာတဲ့အသံကို ကြားနိုင်ကြတဲ့ကျင့်ကြံသူတွေ အားလုံးက ဇဝေဇဝါနဲ့ အထိတ်တလန့်ဖြစ်သွားကြတယ်။
ဒီလိုရော... လုပ်လို့ရလို့လား။
ဒီနည်းလမ်းက တကယ်ပဲအသုံးဝင်တဲ့ပုံပေါ်ပေမဲ့လည်း... အရမ်းရက်စက်တယ်လေ ဟုတ်တယ်မလား။
ဒီလိုကယ်တင်ခြင်းနည်းလမ်းကို မကြာခဲ့ဖူးတဲ့အပြင် လူတွေက ဒီအကြောင်းကိုကြားပြီး မြင်လိုက်ရတဲ့အခါ သူတို့တွေကို ကြောက်လန့်တကြား ထွက်ပြေးသွားအောင် လုပ်ပစ်လိုက်မှာ မဟုတ်လား။
ဒါပေမဲ့ လေမင်လို လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်လာရရင်တော့ ဒီလိုပြောင်းလဲခြင်း နည်းလမ်းက ... သင့်တော်တဲ့ပုံပါပဲ။
ဒီလိုစဥ်းစားလိုက်ပြီး သိပ်မဝေးလှတဲ့နေရာမှာရှိနေတဲ့ လေမင်ကို လှမ်းကြည့်လိုက်ကြတယ်။
ဒီအခိုက်အတန့်မှာတော့ လေမင်ရဲ့မျက်လုံးတွေထဲမှာ ကျိုးကြောင်းမဲ့တဲ့လောဘတွေ ခေါင်းမာမှုတွေ မရှိတော့ဘဲ အနည်းငယ် ခြောက်ခြားသွားတော့တယ်။
သူက တံတွေးကိုမျိုချလိုက်ပြီး သူ့စိတ်ထဲမှာကိုယ့်ဟာကို ဆက်ပြီးနှစ်သိမ့်နေတယ်။
ကိုယ်တော်ဟွိုက်ချင်းက ချန်ဖူဂိုဏ်းမှာ သူရဲ့မေတ္တာကရုဏာနဲ့ ကြင်နာသနားတတ်မှုတွေကြောင့် နာမည်ကြီးတယ်လေ။ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာတောင် သူက ဘယ်တော့မှ လက်တုံ့မပြန်ခဲ့ဘူး။ သူက လူတွေကို ကြင်နာသနားလာအောင် နားချဖို့ သူ့ကိုယ်သူ စွန်ရဲ အစာတစ်ခုအဖြစ် စွန့်စားဖို့တောင် ဆန္ဒရှိလိမ့်အုံးမယ်။
ဒီအကြောင်းပြချက်ကြောင့်ပဲ သူက ကိုယ်တော်ဟွိုက်ချင်းကို အခွင့်ကောင်းယူရဲခဲ့တာလေ။
ဒါပေမဲ့ သူက ကိုယ့်ဟာကို ဘယ်လောက်ပဲ နှစ်သိမ့်နေပါစေ သူ့မျက်လုံးထဲက ကြောက်ရွံ့မှုတွေကတော့ တစ်စက်ကလေးမှ ပျောက်ကွယ်မသွားခဲ့ဘူး။
နောက်ဆုံးမှာတော့ သူက မနေနိုင်တော့ဘဲ ခေါင်းမော့လိုက်ပြီး သူ့ဘေးမှာရှိနေတဲ့ ဟွိုက်ချင်းကို သေသေချာချာလေး လှမ်းကြည့်လိုက်တယ်။
ဒီအချိန်မှာတော့ ဟွိုက်ချင်းက ခေါင်းငုံ့မထားတော့ဘဲ သူ့လက်ထဲက ပုတီးလုံးတွေ လှည့်နေတဲ့ အရှိန်ကလည်း ပုံမှန်ထက်အများကြီး ပိုပြီးမြန်ဆန်နေခဲ့တယ်။
ဟွိုက်ချင်းက အပြင်လောကကလာတဲ့ စကားသံကို ကြားလိုက်ရချိန်တုန်းကတော့ သူ့မျက်လုံးထဲမှာ တအံ့တသြနဲ့ ငြင်းပယ်မှုတွေ အပြည့်ပါပဲ။
ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူက မေတ္တာကရုဏာထားသင့်တယ်လေ၊ ဘယ်လိုလုပ်ပြီး လူကယ်မဲ့အရေးကို ဒီလိုကိစ္စမျိုးပြုလုပ်နိုင်မှာလဲ။
ဒါပေမဲ့ အပြင်လောကကလာတဲ့စကားသံ ရှင်းပြလိုက်ပြီးတဲ့အခါမှာတော့ တည်ငြိမ်ပြီး လေးလေးနက်နက် ဆင်ခြင်သုံးသပ်နိုင်စွမ်းတွေက နဂိုက မေတ္တာကရုဏာကြီးမားပြီး ကြင်နာတတ်တဲ့ သူ့မျက်လုံးထဲမှာ ဖြည်းဖြည်းချင်းပေါ်လာခဲ့တယ်။
တကယ်တမ်းကျတော့ အပြင်လောကကလာတဲ့ စကားသံက အတိုင်းအတာတစ်ခုအထိ အဓိပ္ပာယ်ရှိပါတယ်။
တကယ်လို့ ဒကာကြီးလေမင်က စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်သွားခဲ့မယ်ဆိုရင် သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ ဒကာကြီးလေမင်ရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလေ။ သူကိုယ်တိုင်လည်း ဒီနေရာမှာပဲ သေသွားနိုင်တယ်။
ဒီ့အပြင် ဒကာကြီးလေမင်ကလည်း သူ့ကိုယ်တိုင် မလွတ်မြောက်နိုင်ရတဲ့အကြောင်းအရင်းကလည်း ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုး ရှိနေတဲ့အတွက် သူ့ကိုယ်သူ ပိုပြီးနစ်မြှပ်သွားအောင်လုပ်နေတာကိုသာ စောင့်ကြည့်နိုင်ပြီး ငွေဝဲဂယက်ထဲမှာ ပိုပိုပြီးနစ်မြှပ်သွားခဲ့တာပဲ။
သူ့ရဲ့စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ သူတို့တစ်ဘဝလုံးမှာ အန္တရာယ်တွေထဲမှာပဲ နေထိုင်ရပြီး အချိန်မရွေး သူတို့ရဲ့အသက်တွေကို စွန့်လွှတ်ရနိုင်တယ်။
တကယ်လို့ ဒကာကြီးလေမင်သာ တတ်နိုင်သမျှမြန်မြန် လွတ်မြောက်သွားပြီး ကောင်းကင်ဘုံကို အေးအေးချမ်းချမ်း တက်သွားနိုင်ရင်တော့ဖြင့်...
ဒါက ပြောင်းလဲခြင်းတမျိုး ဖြစ်မယ်ထင်ပါတယ်။ သူ အရင်တုန်းကလုပ်ခဲ့တဲ့ အရာတွေထက်ပိုပြီးတော့ စေ့စပ်သေချာတဲ့ ပြောင်းလဲခြင်းမျိုးပဲ။
ဒါပေမဲ့ ...
နောက်ဆုံး ဒါက သူရဲ့ကျင့်ကြံရေးပုံစံနဲ့ သွေဖည်နေတာပဲ...
ဂိုဏ်းက ဒီလို ပြုပြင်ပြောင်းလဲခြင်းကို တကယ်ပဲ လက်ခံပေးနိုင်ပါ့မလား။
သူ့မျက်လုံးတွေက ငိုက်စိုက်ကျသွားပြီး သူ့လက်ထဲက ပုတီးစေ့တွေရဲ့ လှည့်နေတဲ့နှုန်းကလည်း တဖြည်းဖြည်းနဲ့ ပိုပြီးမြန်ဆန်လာခဲ့တယ်။
သူ့ရှေ့က လေမင်က သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေလိုက်ပြီး သူ့အမူအရာကလည်း အင်မတန်မှ ပျာယာခတ်သွားတော့တယ်။ သူက အရမ်းကို တိုးညင်းတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ကိုယ်တော် ... အဆင်ပြေရဲ့လား"
အားလုံးက ဟွိုက်ချင်းရဲ့ တုံ့ပြန်မဲ့အဖြေကို မျှော်လင့်နေကြတဲ့အချိန်မှာပဲ အပြင်လောကက လာတဲ့အသံက ထပ်ပြီးပြောလိုက်တယ်။
[အဲ့လိုပြောလို့ ဒီလိုကယ်တင်ခြင်း အနာခံနည်းလမ်းက ချန်ဖူဂိုဏ်းမှာ အရမ်းကိုနာမည်ကြီးတာပဲ~~]
စူးလီက အားလုံးရဲ့တုံ့ပြန်ပုံကို လုံးဝဂရုမစိုက်လေဘူး။ သူမက ရှဲ့ချီယွမ် လှမ်းပေးလာတဲ့မုန့်ကို လက်တစ်ဖက်ထဲမှာ ကိုင်ထားပြီး သူမရဲ့သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို လှန်လှောကြည့်ရှုလိုက်တယ်။
[ဒီဟွိုက်ချင်းက အရမ်းကိုရိုးသားနေသေးတာပဲ~~]
[ချန်ဖူဂိုဏ်းကတပည့်တွေ ပြောင်းလဲပေးခဲ့တဲ့ လူတစ်ရာအားလုံး ကရုဏာမေတ္တာနဲ့ ပြောင်းလဲပေးခဲ့တယ်လို့ သူထင်နေတာတော့ မဟုတ်ပါဘူးနော်]
[ကျွတ်ကျွတ်.. သူက အသက်နှစ်၆၀၀မှာပဲ ကျင့်ကြံရေးလောကကို တုန်လှုပ်သွားအောင်လုပ်နိုင်ပြီး ပေါင်းစပ်ကျင့်ကြံရေးအဆင့်ရှိတဲ့ မဟာယနကြီးမြတ်သူကို ပြောင်းလဲပေးနိုင်ပြီး ဝိညာဥ်ဝါးမျိုကြီးမြတ်သူ လူသတ်နတ်ဘုရားကိုလည်း မကောင်းမှုတွေကို စွန့်လွှတ်စေပြီး ဒီနေ့ ကျင့်ကြံရေးလောကထဲမှာ ကောင်းမှုကုသိုလ်တွေ လုပ်နိုင်တဲ့ လူကောင်းတစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးခဲ့တယ်တဲ့...]
[ချန်ဖူဂိုဏ်းသားတွေက ဘာအစွန်းအထင်းမှမရှိဘဲ ရွှံ့နွံ့ထဲကနေပေါ်ထွက်လာတဲ့ ကြာပန်းဖြူတစ်ပွင့်လို့ ထင်နေသေးတဲ့လူတွေ ရှိနေသေးတာလား...]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဟွိုက်ချင်းက ပုတီးကို လှည့်နေတာကိုရပ်လိုက်ပြီး သူ့မျက်လုံးထဲမှာလည်း ရှုပ်ထွေးသွားတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတယ်။
ချန်ဖူဂိုဏ်းရဲ့တပည့်တွေက အမှန်တကယ် သြချရလောက်အောင် အရည်အချင်းရှိပြီး ဗုဒ္ဓရဲ့ သင်ယူပြသမှုအောက်မှာ သာလွန်လာခဲ့တဲ့သူတွေပဲလေ။ ဒါပေမဲ့အပြင်လောကက ပြောလိုက်တဲ့စကားသံအရဆိုရင် ...
အဲ့လိုမဖြစ်နိုင်...
ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့ စကားသံကခပ်တိုးတိုးလေး ပေါ်ထွက်လာတယ်။
[ကျွတ်ကျွတ်... ဒီလူတစ်ရာထဲမှာ စိတ်နှလုံးကောင်းမွန်တဲ့ လူတချို့နဲ့ အနိုင်ရဖို့ တကယ်ပဲခက်ခဲတဲ့ တပည့်တွေကလွဲရင် ကျန်တာတွေက...]
[အသက်ရှင်နေကြသေးတဲ့ လူတော်တော်များများကတော့ ချန်ဖူဂိုဏ်းက ကျင့်ကြံသူတွေဆိုတဲ့စကားကို ကြားလိုက်တာနဲ့ ထွက်ပြေးချင်သွားတော့တာပဲ၊ ပြင်းထန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေအတွက်ကတော့ ဒါက ပြန်လှည့်လို့လည်း အသုံးမဝင်တော့ဘူးလေ—]
[ချန်ဖူဂိုဏ်းသားတွေကိုပဲ သူတို့ကို ကောင်းကင်ဘုံကို စောစောစီးစီး ပို့လွှတ်ခွင့် ပေးထားလိုက်တာပေါ့~~]
အပြင်လောကကလာတဲ့စကားသံကို ကြားလိုက်ကြတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့တံတွေးတွေကို တစ်ပြိုင်တည်း မျိုချလိုက်ကြပြီး ချန်ဖူဂိုဏ်းသားကို ထပ်ပြီးမကြည့်ရဲကြတော့ဘူး။
ကျင့်ကြံရေးလောကထဲမှာ လူတွေကို ကယ်တင်ပေးပြီး လောကကြီးကို ကူညီပေးဖို့ လိုလိုလားလားရှိပြီး အရမ်းကို မေတ္တာကြီးမားတဲ့ ချန်ဖူဂိုဏ်းသားတွေက တကယ်တမ်းကျတော့ ဒီလိုဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားလိမ့်မှာလဲ...
အော်မီတော်ဖော်... အော်မီတော်ဖော်။
ဒီအချိန်မှာတော့ ဟွိုက်ချင်းရဲ့လက်ထဲက ပုတီးစေ့တွေက တစ်ဖန်စပြီးတော့ လည်လာတော့တယ်။ ဒါပေမဲ့လည်း ဒီတစ်ချိန်မှာတော့ သူ့လက်ထဲက လှုပ်ရှားမှုတွေက အရင်တုန်းကထက် ပိုပြီးတော့ နှေးကွေးသွားပြီး အလျင်မလိုတဲ့ အပြုအမူတစ်ခု ဖြစ်နေကာ ကြည်ညိုစရာကောင်းတဲ့ သဘာဝသွင်ပြင်တစ်ခု ရစ်ဝဲနေတယ်။
သူက ခေါင်းကို အနည်းငယ်မော့လိုက်ပြီး သူ့ရှေ့မှာရပ်နေတဲ့ လေမင်ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲက အမူအရာတွေကလည်း အရင်တုန်းကနဲ့ တစ်ပုံစံတည်းပါပဲ။ လောကကြီးကို စောင့်ရှောက်ပြီးတော့ ပြည်သူတွေကို သနားညှာတာတတ်နေတယ်။
ဒါပေမဲ့...
သူ့အမူအရာကတော့... အရင်တုန်းကထက်ကို ပိုပြီးတော့ နည်းနည်းလေး သက်သောင့်သက်သာ ဖြစ်သွားတဲ့ပုံပါပဲ။
သူက လက်အုပ်ချီလိုက်ပြီး လေမင်ရဲ့နာမည်ကို ခေါ်လိုက်တယ်။
"ဒကာကြီးလေမင်က လျှို့ဝှက်နယ်မြေထဲကို သွားဖို့ပြင်းပြနေတယ်ဆိုမှတော့ ဒီကနိမ့်ပါးလှတဲ့ ကိုယ်တော်ကလည်း..."
"မသွားဘူး"
လေမင်က တချို့ကိစ္စတွေကို မျှော်လင့်ထားတဲ့ပုံပါပဲ။ သူ့ခြေထောက်တွေက အားပျော့သွားပြီး ပြတ်ပြတ်သားသား မြေကြီးပေါ်ကို ဒူးထောက်ချလိုက်တော့တယ်။ သူက ကပျာကယာ ခေါင်းခါပြလိုက်ပြီး
"ကျွန်တော် စောလော့လျှို့ဝှက်နယ်မြေထဲကို မဝင်တော့ပါဘူး"
ဝိညာဥ်ကျောက်တုံးတွေကိုရှာဖွေတာက အသက်လောက် အရေးမကြီးဘူးလေ။
သူက သူ့ဘေးမှာရှိနေတဲ့ မြင့်မြတ်သစ်ပင်ကို ကိုင်ထားပြီး တုန်လှုပ်နေတဲ့ခြေထောက်တွေနဲ့ မြဲမြန်နေအောင် ထရပ်လိုက်တယ်။ သူက နောက်ကိုဆုတ်ရင်း သူ့အသံကလည်း တုန်ယင်လို့နေတယ်။
"ကိုယ်တော် ကျွန်တော် ဒီကိစ္စကို စဥ်းစားပြီးသွားပြီ။ တကယ်တမ်းကျတော့ ကျွန်တော် သွားစရာ မလိုတော့ပါဘူး..."
သူက ခုနတုန်းက အပြင်လောကကပြောလိုက်တဲ့စကားကို စဥ်းစားပြီးပြီလေ။ သူ့အသံက ရုတ်တရက်ပိုပြီးတော့ ကျယ်လာခဲ့တယ်။
"ကျွန်တော် စောလော့လျှို့ဝှက်နယ်မြေထဲကို လုံးဝသွားမှာ မဟုတ်ဘူး"
"ကျွန်တော် အဲ့ဒီအန္တရာယ်ရှိတဲ့ နေရာတွေထဲကို ဘယ်တော့မှထပ်ပြီး သွားတော့မှာမဟုတ်ဘူး"
လေမင်က ဟွိုက်ချင်းရဲ့မျက်နှာပေါ်က ကရုဏာသက်နေတဲ့ပုံကို ကြည့်လိုက်ပြီး သူ့အသံကအနည်းငယ် ငိုသံပါသွားတော့တယ်။
"ဒီကာလအတွင်းမှာ ကိုယ်တော်ရဲ့ ဂရုတစိုက် သင်ကြားပြသပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု အသိဉာဏ်ပွင့်သွားပါပြီ"
"ကျွန်တော် ပြန်သွားပြီးတော့ ဒီကာလအတွင်းမှာ ရှာဖွေထားတဲ့ ဝိညာဥ်ကျောက်တုံးတွေကိုသုံးပြီး မြို့သူမြို့သားတွေကို ကူညီပေးပါမယ်"
လေမင်က စကားပြောလို့ ပြီးသွားတဲ့အခါ သူက လှည့်ပြီးထွက်ပြေးသွားပြီး သူ့ရဲ့အားနည်းချိနဲ့နေတဲ့ ခြေထောက်နှစ်ချောင်းကို တရွတ်တိုက်ဆွဲသွားကာ နောက်မှာအရိပ်တစ်ခုသာ ကျန်ခဲ့တော့တယ်။
စူးလီက ထွက်ပြေးသွားတဲ့သူ့ပုံရိပ်ကို ကြည့်လိုက်ပြီး သူ့အသံထဲမှာလည်း သံသယအပြည့် ဖြစ်သွားတော့တယ်။
[ဒီလေမင်က အခုပဲ ထွက်ပြေးသွားပြီလား]
ဒါပေမဲ့ ကောင်းကင်စာအုပ်ထဲမှာ သူမ ဖတ်ထားခဲ့တဲ့ စောလော့လျှို့ဝှက်နယ်မြေက အကြောင်းအရာတွေကို စဥ်းစားလိုက်ပြီး သူမက နားလည်သွားတဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
[ဟုတ်တာပေါ့လေ။ သေရမှာ ကြောက်တဲ့လေမင်က ဘယ်လိုလုပ်ပြီးတော့ စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်နိုင်မှာလဲ]
[ဟွိုက်ချင်းရဲ့ အကာအကွယ် ပေးထားတယ်ဆိုရင်တောင် ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်က အချိန်အကြာကြီး အသက်ရှင်နိုင်လိမ့်မှာ မဟုတ်ဘူးလေ ဟွိုက်ချင်းကတောင် အချိန်အကြာကြီး နေနိုင်မှာမဟုတ်ဘူး...]
[လက်ရှိ စောလော့လျှို့ဝှက်နယ်မြေထဲမှာ မဟာယနကျင့်ကြံသူတွေကတောင် အထဲကို ဝင်သွားမယ်ဆိုရင် ဒုက္ခတွေ အများကြီး ခံစားရနိုင်မယ် ထင်တယ်။ ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ အသက်ရှင်နေနိုင်လိမ့်မယ် ဟုတ်တယ်မလား]
ဒီစကားကို ကြားလိုက်ကြတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့မျက်လုံးထဲမှာ တည်ကြည်လေးနက်သွားတဲ့ အရိပ်အယောင်ဖြစ်သွားတယ်။
အပြင်လောကက လာတဲ့အသံက... စောလော့လျှို့ဝှက်နယ်မြေက တကယ်ပဲအရမ်းကို အန္တရာယ်များတယ်လို့ ပြောနေတာလား။ ဒီအချိန်မှာပဲ ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေက အချင်းချင်း ကြည့်လိုက်ကြတော့တယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးကလည်း စတင် တွက်ချက်တော့တယ်။ တကယ်လို့ သူတို့တွေသာ စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်သွားခဲ့မယ်ဆိုရင် သူတို့တစ်ဖွဲ့လုံးက သုတ်သင်ခံရနိုင်ခြေရှိပြီး ဘယ်သူကမှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်တဲ့ ဖြစ်နိုင်ခြေ အရမ်းများနေသလားလို့ပေါ့။ ဒါကြောင့်ပဲ သူတို့တွေက ဒီနေရာကိုမလာခင် စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်ကြမဲ့သူတွေနဲ့ ဂိုဏ်းရဲ့ အရေးကိစ္စအားလုံးကို စီစဥ်ခဲ့ပြီးသားဖြစ်ခဲ့တယ်လေ။
အခုတော့ ဒီနေရာမှာရှိနေတဲ့ ကျင့်ကြံသူတွေအားလုံးက ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေပဲ တကယ်လို့ တစ်ချိန်တည်းမှာ သူတို့အားလုံးက တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် ကျင့်ကြံရေးလောကတစ်ခုလုံးက ဖရိုဖရဲဖြစ်သွားလိမ့်မယ်။
ဒါက ချန်ဖူဂိုဏ်းက အုပ်ချုပ်မှုနယ်မြေထဲက မြို့တစ်မြို့ပဲ။ ချန်ဖူဂိုဏ်းသားတွေကလည်း ရှေ့ကိုထွက်လာကြပြီး လျှို့ဝှက်နယ်မြေထဲကို ဝင်ကြမဲ့သူအားလုံးကို တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။
"ဒကာကြီးတို့အားလုံး ထျန်းကျီးဂိုဏ်းချုပ်ကြီးက အထူးတလည် တွက်ချက်ထားပြီးပါပြီ။ စောလော့လျှို့ဝှက်နယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပါတယ်။ မဟာယနကျင့်ကြံသူတစ်ယောက်ကတောင် အထဲကို ဝင်သွားမယ်ဆိုရင် အထိခိုက်မရှိဘဲ ထွက်လာနိုင်လောက်မှာ မဟုတ်ဘူး"
ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျင့်ကြံသူတချို့က မနေနိုင်ဘဲ မေးကြတော့တယ်။
"ကိုယ်တော် ကိုယ်တော်က ကျုပ်တို့ကို စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့လက်လျှော့ပြီး ကျုပ်တို့ကို အိမ်ပြန်စေချင်တာလား"
အပြင်လောကကလာတဲ့အသံက ပြောလိုက်တဲ့ ချန်ဖူဂိုဏ်းသားတွေရဲ့ သွေးထွက်သံယို ကယ်တင်ခြင်းအကြောင်းကို ကြားခဲ့ပြီးသားဆိုပေမဲ့လည်း ကောင်းကင်စည်းမျဥ်းကတော့ လူတိုင်းကို အပြစ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ချန်ဖူဂိုဏ်းသားတွေက စကားတစ်ခွန်း၊ နှစ်ခွန်းလောက်အတွက်နဲ့ သူတို့တွေကို တကယ်သတ်နိုင်မှာမလို့လား။
“ကိုယ်တော် ကိုယ်တော်က လောကကြီးကိုစောင့်ရှောက်ပြီး ကျွန်တော်တို့အတွက် ကောင်းကျိုးတွေကို လုပ်ပေးနေတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ လူတချို့ကတော့ ကိုယ်တော်တို့ရဲ့စေတနာကိုမသိဘဲ ကိုယ်တော်တို့က သူတို့ကိုမောင်းထုတ်ပြီး စောလော့လျှို့ဝှက်နယ်မြေထဲက အခွင့်အရေးအားလုံးကို ကိုယ့်ဟာကို ယူသွားချင်တယ်လို့ ထင်နေကြတာပဲ"
"ဟုတ်တယ် ဟုတ်တယ်..."
သူတို့တွေက အပြင်လောကကလာတဲ့ စကားသံကနေ စောလော့လျှို့ဝှက်နယ်မြေထဲက အန္တရာယ်အကြောင်းကို သိရှိကြပြီးပေမဲ့လည်း သူတို့တွေကို ဝင်ခွင့်မပေးခဲ့တဲ့အတွက် ချန်ဖူဂိုဏ်းသားတွေကို အပြစ်တင်နေကြသေးတယ်"
ကျင့်ကြံသူကတွေက အခွင့်အရေးတွေအတွက် ကောင်းကင်ဘုံနဲ့ဆန့်ကျင်ပြီး တိုက်ခိုက်နေကြပေမဲ့လည်း စောလော့လျှို့ဝှက်နယ်မြေကို အရမ်းကို အန္တရာယ်များတယ်ဆိုတာကို သိခဲ့ပြီးတဲ့နောက်မှာ လူအများစုကတော့ သူတို့ရဲ့အသက်ကို တန်ဖိုးထားပြီး အပြင်လောကကလာတဲ့အသံက သူတို့တွေသေတဲ့အထိ ကံဆိုးရမယ်ဆိုတာကိုတော့ တားလိမ့်မှာ မဟုတ်ဘူးလေ...
လူတော်တော်များများကတော့ သွားချင်နေကြသေးတယ်။ သူတို့ကို ပြန်ခိုင်းနေတာကတော့ ချန်ဖူဂိုဏ်းသားတွေပဲ။
သူတို့တွေက စောလော့လျှို့ဝှက်နယ်မြေထဲကို မဝင်ကြဘူးဆိုရင်တောင် ချန်ဖူဂိုဏ်းသားတွေဆီကနေ တစ်ခုခု ယူပြန်သွားမဲ့ နည်းလမ်းတစ်ခုတော့ ရှာဖွေရအုံးမှာပဲလေ။ သူတို့ရဲ့ခရီးကို အလဟဿ ဖြစ်လို့တော့ မဖြစ်ဘူးမလား။
တချို့လူတွေက ချန်ဖူဂိုဏ်းရဲ့ ဝိညာဥ်ရတနာတွေနဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ ဝိညာဥ်ရတနာတွေအပေါ်ကိုတောင် မျက်စိကျနေကြပြီ။
တချို့စိတ်ကောင်းရှိကြတဲ့ ကျင့်ကြံသူတွေကတော့ ဒီနေရာကနေ တိတ်တိတ်လေးထွက်သွားကြပြီး ကျန်နေတဲ့ကျင့်ကြံသူတွေ အားလုံးကတော့ မှန်ကန်တဲ့ မကျေမနပ်မှုတွေအပြည့် ဖြစ်နေပြီး သူတို့တွေက ကြီးမားတဲ့ မတရားမှုတစ်ခုကို ရင်ဆိုင်ခဲ့ရတဲ့ရုပ်တွေ ဖြစ်နေကြတယ်။
ဒီအချိန်မှာပဲ ချန်ဖူဂိုဏ်းက ဂိုဏ်းသားသုံးယောက်က တည်တည်ငြိမ်ငြိမ်နဲ့ ထွက်ရပ်လိုက်တယ်။
ဒီအခိုက်အတန့်အတွင်းမှာပဲ ခုနတုန်းက ဆူဆူညံ့ညံ့ဖြစ်နေကြတဲ့ ကျင့်ကြံသူတွေက ရုတ်တရက် ငြိမ်ကျသွားတော့တယ်။
ကျင့်ကြံရေးလောကထဲမှာ အင်အားက အမြဲတမ်း လေးစားရမဲ့အရာပဲလေ။
ဒါပေမဲ့ အသက်တစ်ချက်နှစ်ချက်လောက် ရှူလိုက်ပြီးတဲ့နောက်မှာတော့ ကျင့်ကြံသူတွေအားလုံးက တစ်ဖန်လှုပ်ရှားဖို့ အသင့်ဖြစ်နေကြပြန်တယ်။
သူတို့ဖက်က လူတွေအများကြီးလေ။ ချန်ဖူဂိုဏ်းသားတွေက ဒီနေရာမှာ ရှိနေတယ်ဆိုရင်တောင် သူတို့တွေကသူတို့အားလုံးကို သတ်နိုင်မှာမလို့လား။
ဂိုဏ်းကြီးခြောက်ခုဆီကနေ ရနိုင်မဲ့အကျိုးကျေးဇူးအခွင့်အရေးတွေက နှစ်တစ်ရာမှာ တစ်ခါတောင် ရှိတာမဟုတ်ဘူးလေ။
ဒါပေမဲ့ အပြင်လောကကလာတဲ့အသံက တိုးတိုးလေး ဆက်ပြောလိုက်တယ်။
[ကျွတ်ကျွတ် ကြည့်လိုက်ပါအုံးမယ်—]
[ချန်ဖူဂိုဏ်းချုပ်ကြီး ကျန့်ထင်းက ဂိုဏ်းရဲ့နည်းလမ်းအတိုင်း သတ်ဖြတ်ခြင်းကို တားမြစ်ဖို့အတွက် သတ်ဖြတ်ခြင်းနည်းလမ်းကို သုံးခဲ့တယ်လေ~~]
[ချန်ဖူဂိုဏ်းက နတ်ဆိုးနယ်မြေနဲ့ ချိတ်ဆက်နေတယ်။ ဒီနယ်မြေစည်းနှစ်ခုကို စောင့်ကြပ်နေတာကလည်း ဂိုဏ်းချုပ်ကျန့်ထင်းပဲ။ သူက အများအပြားသတ်ခဲ့ပြီး မဟာယနကျင့်ကြံခြင်းကိုရောက်ဖို့ ကိုယ်ဟာကို တွန်းအားပေးခဲ့တာတဲ့]
[အလယ်က တစ်ယောက်ကတော့... ကြီးမြတ်သူကိုယ်တော် ရှောင်စုပဲ၊ သူကျတော့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မဟာယနကျင့်ကြံသူ တစ်ဝက်လောက်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်တဲ့လေ~~]
ဒီစကားကို ကြားလိုက်ကြတဲ့ ကျင့်ကြံသူအားလုံးက သူတို့ရဲ့အမူအရာမှာ ကြောက်လန့်တကြား ဖြစ်သွားတဲ့ အရိပ်အယောင်တွေ ဖြစ်သွားကြတယ်။ သူတို့ရဲ့စိတ်ထဲမှာ သူတို့တွေက ဘာကိုစဥ်းစားနေပါစေ မဟာယနကိုယ်တော်တစ်ယောက်နဲ့ ရင်ဆိုင်ဖို့ကိုတော့ ကြောက်ရွံ့နေတဲ့ခံစားချက် ဖြစ်နေသေးတယ်။
အဲဒီနောက်မှာ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ ပါးနပ်တဲ့စူးရှတဲ့မျက်လုံး ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူက အရင်ဆုံး ပြောလိုက်တယ်။
"ဧကန္တ ဂိုဏ်းကြီးခြောက်ခုက ကျုပ်တို့တွေ စောလော့လျှို့ဝှက်နယ်မြေထဲကိုဝင်ပြီး အခွင့်အရေးတွေကို ဖမ်းဆုပ်မှာကို ကာကွယ်ဖို့အတွက် ကျုပ်တို့အားလုံးကို သတ်တော့မလို့လား"
သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ တခြားကျင့်ကြံသူတွေ အားလုံးကလည်း သတိပြန်ဝင်လာခဲ့တယ်။
တကယ်လို့ ချန်ဖူဂိုဏ်းက လူတချို့က သူတို့တွေကို တကယ်ပဲ သတ်ရဲခဲ့တယ်ဆိုရင် ချန်ဖူဂိုဏ်းနဲ့ ကျင့်ကြံရေးလောကထဲက ဂိုဏ်းချုပ်ခြောက်ခုလုံးရဲ့ အဆင့်အတန်းက တုန်လှုပ်သွားလိမ့်မယ်လေ။
ခေါင်းဆောင်က မောက်မာထောင်လွှားပြီး ဂိုဏ်းကြီးခြောက်ခုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံက နောက်ဆုံးကိုယ်တော်ကို မိတ်ဆက်ပေးလိုက်တယ်။
[နောက်ဆုံးကိုယ်တော်ကတော့ မေတ္တာကရုဏာနဲ့ ပေချန်ကိုယ်တော်ပဲ]
အားလုံးရဲ့မျက်လုံးတွေက အမှတ်တမဲ့ဆိုသလို ကောင်းကင်ကလာတဲ့စကားသံ ပြောလိုက်တဲ့နေရာနောက်ကို လိုက်သွားပြီး ကိုယ်တော်ပေချန်ဆီကို ရောက်သွားတော့တယ်။ မေတ္တာကရုဏာကြီးမားတဲ့ ကိုယ်တော်ဆိုတာ ချန်ဖူဂိုဏ်းတစ်ဂိုဏ်းလုံးမှာ အကြင်နာတတ်ဆုံးလူပဲလေ။ သူက မျက်နှာပေါ်မှာ အပြုံးဖျော့လေးတစ်ခုဆောင်ထားပြီး အေးချမ်းပြီး မေတ္တာကရုဏာကြီးမားတဲ့ပုံ ပေါ်နေကာ သူ့မျက်လုံးထဲမှာလည်း ကျင့်ကြံရေးလောကထဲမှာ တစ်စုံတစ်ခု ထိခိုက်သွားမှာကို မမြင်ရက်တဲ့ ကရုဏာအကြည့်တွေပါနေတယ်။
အားလုံးက တစ်ချက်ကြည့်လိုက်တာနဲ့ လုံးဝကိုစိတ်အေးသွားသလို ခံစားလိုက်ရတယ်။
[ကိုယ်တော်ပေချန်က နှစ်ပေါင်းတစ်ထောင်အတွင်း ကျင့်ကြံလာပြီးတဲ့နောက်မှာ ဘယ်သက်ရှိကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးတဲ့...]
ဒီစကားကို ကြားလိုက်ရပြီးတဲ့အခါ အားလုံးက သူတို့ရဲ့အကြည့်တွေကို ပြောင်းလိုက်ကြပြီး သူတို့ရဲ့အာရုံကလည်း ချန်ဖူဂိုဏ်းက တခြားလူတွေဆီ ရောက်သွားတယ်။
သိပ်မကြာခင်မှာပဲ သူတို့စိတ်ထဲမှာ ချန်ဖူကိုယ်တော်ဆိုတာကို လုံးဝမရှိလေတော့ဘူး။
ဒါပေမဲ့လည်း စိတ်ထင်နေတာလားတော့ မသိဘူး။ ခုနတုန်းက အပြင်လောကကလာတဲ့အသံက နည်းနည်းလေး ထူးဆန်းနေတယ်လို့ ဘာဖြစ်လို့ခံစားမိနေပါလိမ့်။
ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ထူးဆန်းတဲ့လေသံနဲ့ ဆက်ပြောလိုက်တယ်။
[ကရုဏာမေတ္တာကြီးမားပြီး ဇင်ပိုင်ဆိုင်ထားတဲ့ ကိုယ်တော်ရဲ့ အရည်အချင်းကတော့ လောကငယ်လေးတစ်ခုကို ဖွင့်ပေးတာတဲ့... ပုံရိပ်ယောင်လောကတစ်ခုဆိုပဲ]
[ဒီလောကငယ်လေးထဲမှာ ဘာသတ္တဝါမှာ မရှိ အချိန်တောင်မှ မရှိဘူးတဲ့။ အဲဒီလောကငယ်လေးထဲကို ဝင်သွားလိုက်တာနဲ့ချက်ချင်း အရာအားလုံးက ရပ်တန့်သွားတယ်တဲ့]
[အထဲမှာရှိနေတဲ့ ကျင့်ကြံသူတွေက ရေသောက်စရာလည်းမလို စားစရာလည်းမလိုဘဲ ကျင့်ကြံစရာတောင် မလိုဘူးတဲ့။ နေ့တိုင်း သူတို့လိုအပ်တဲ့အရာကတော့ ကိုယ့်ဟာကိုပြန်ပြီး သုံးသပ်ဖို့ပဲတဲ့။ ကိုယ်ဟာကိုနဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်တဲ့အချိန်ကျရင် ဒီလောကငယ်လေးထဲကနေ ထွက်လာနိုင်ပြီတဲ့]
[ဗုဒ္ဓတရားတော်ကို နားလည်နိုင်စွမ်းပိုပြီး မြန်ဆန်တဲ့ ကျင့်ကြံသူတွေကတော့ အနည်းဆုံး နှစ်တစ်ရာလောက်နေရင် ထွက်လာနိုင်တယ်တဲ့ ဒါပေမဲ့ နှေးကွေးတဲ့လူတွေကျတော့... နှစ်၁၀၀၀တောင်မှာ လိုအပ်တယ်တဲ့လေ]
[ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကိုယ်တော်ရဲ့မေတ္တာကရုဏာကြီးမားမှုက အင်မတန်မှ ကြင်နာသနားတတ်ပြီး လူသတ်ဖို့ကို မရက်စက်နိုင်ဘူးလေ။ ဒီတော့ အဲ့ဒီအထဲမှာလဲ ကိုယ်ဟာကို သတ်သေလို့မရနိုင်ဘူးတဲ့...]
[ဒီအပြင် လောကငယ်လေးထဲက အချိန်စီးဆင်းနှုန်းကလည်း လက်တွေ့လောကနဲ့ အရမ်းကို ကွာခြားသတဲ့။ အဲ့ဒီအထဲမှာ နှစ်ပေါင်းတစ်သောင်းလောက် နေလာခဲ့တယ်ဆိုရင်တောင် လက်တွေ့လောကထဲမှာ အသက်တစ်ချက်ရှူစာပဲ ရှိသေးတယ်တဲ့လေ...]
အားလုံးက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့မျက်လုံးထဲမှာ လုံးဝကိုဖုံးကွယ်မထားနိုင်တဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်သွားတော့တယ်။
တကယ်တည်း ဒီလူက ဒီလောက်ရက်စက်တဲ့နည်းလမ်းမျိုးကို ဘယ်လိုလုပ်ပြီး စဥ်းစားမိပါလိမ့်...
သူတို့ရဲ့မျက်လုံးထဲမှာတော့ ကြီးမြတ်သူပေချန်က ခုနတုန်းကလိုပဲ ကြင်နာသနားတတ်တဲ့ရုပ်လေး ဘယ်လိုလုပ်ပြီး ဖြစ်နေနိုင်သေးတာလဲ။
ဒီအချိန်မှာ သူက တကယ့်ကို ရက်စက်လှတဲ့ အရောင်အဝါတစ်ခု ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးတစ်ယောက်ဆိုတာ ရှင်းနေတာပဲ။
အပြင်လောကကလာတဲ့အသံကလည်း မတတ်သာတော့ဘဲ သက်ပြင်းချလိုက်ပြီး
[ကိုယ်တော်ရဲ့ မေတ္တာကရုဏာကြီးမားပုံနဲ့ သက်ရှိငရဲဘုရင်ကြားက ကွာခြားချက်ကို ဘယ်သူက သိနိုင်ပါ့မလဲ]
...