← Chapters

အခန်း ၁၅၇

Vol. 11 Ch. 157

အခန်း ၁၅၇

Vol. 11 Ch. 157

အပိုင်း (၁၅၇)

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဂိုဏ်းကြီး၅ခုက ကျင့်ကြံသူတွေက မနေနိုင်တော့ဘဲ ကိုယ်တော်ပေချန်ကို ကြည့်လိုက်ကြတယ်။

ချန်ဖူဂိုဏ်းက ကျင့်ကြံရေးလောကထဲမှာ မားမားမတ်မတ် ရပ်တည်နိုင်ပြီး အခက်အခဲတွေကို ကြံ့ကြံ့ ခံနိုင်ခဲ့တယ်ဆိုတာကို သူတို့တွေက အစောကြီးကတည်းက သိထားကြပြီးပေမဲ့လည်း သတင်းတွေ ထွက်နေသလို ကြင်နာသနားပြီး ကရုဏာတရားတွေနဲ့ဂိုဏ်းကို အုပ်ချုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ အမှန်ပဲလေ။ တချို့ပြင်းထန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း သေချာပေါက်ရှိနေမှာပဲ။

ဒါပေမဲ့လည်း ချန်ဖူဂိုဏ်းက သနားညှာတာတတ်မယ်လို့တော့ သူတို့တွေက တကယ် ထင်မထားခဲ့ဘူးလေ။ အဲဒီအပြင် သူတို့ရဲ့သနားညှာတာပုံကြီးကလည်း_

စဉ်းစားကြည့်ရုံနဲ့တင်ကို တကယ် တွန့်သွားတာပဲ။

ဒီအချိန်မှာ စောလော့လျှို့ဝှက်နယ်မြေကနေ ထွက်ခွာသွားဖို့ တွန့်ဆုတ်နေကြတဲ့ ကျင့်ကြံသူတွေကလည်း ပြန်ဆုတ်တော့မဲ့ အတွေးကို စတင်စဉ်းစားလာကြတော့တယ်။

ဘာပဲဖြစ်ဖြစ်လေ စောလော့လျှို့ဝှက်နယ်မြေက အန္တရာယ်ရှိတယ်လို့ အပြင်လောကကလာတဲ့အသံ ပြောလိုက်တာကို ကြားပြီးကတည်းက သူတို့တွေကလည်း ဝင်ချင်စိတ်မရှိတော့ပါဘူး။

တကယ်လို့ အခုချိန်မှာ ပြန်သွားခဲ့မယ်ဆိုရင် ၁ရက်၊ ၂ရက်လောက်ပဲ အချိန်ကုန်ခဲ့တာဆိုတော့ တကယ်တမ်း ဆုံးရှုံးတယ်လို့ ပြောလို့မရပါဘူး။

ကြီးမြတ်သူပေချန် ကျင့်ကြံထားခဲ့တဲ့ လောကငယ်လေးအကြောင်းကို အခုလေးတင် စဉ်းစားမိလိုက်တဲ့အခါမှာတော့...

ကျင့်ကြံသူတွေ အားလုံးက တွန့်သွားကြတော့တယ်။

တကယ်လို့ အဲဒီထဲကို ဝင်သွားမယ်ဆိုရင် အခုအချိန်မှာ ကိုယ့်ဟာကိုယ် သတ်သေလိုက်တာကတောင် ပိုကောင်းဦးမယ်။

ဒီလိုနဲ့ နောက်ထပ်လူတစ်စုက လူအုပ်ကြီးရဲ့နောက်ကို တိတ်တိတ်လေး ပြန်ဆုတ်သွားကြပြီး တွေဝေမနေဘဲ ထွက်သွားကြတော့တယ်။

လက်လျှော့ဖို့ ငြင်းဆန်နေကြပြီး ကောင်းကင်နိယာမက တအုပ်တမကြီးကိုတော့ အပြစ်ပေးမှာ မဟုတ်ဘူးလို့ စဉ်းစားနေကြတဲ့ လူအုပ်ကြီးတစ်ခုက ပြန်ဖို့ ငြင်းဆန်နေတဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ပွဲကြည့်သူတစ်ယောက်ရဲ့လေသံနဲ့ ရုတ်တရက်ထွက်လာခဲ့တယ်။

[ဝိုး... ကိုယ်တော်ပေချန်ရဲ့ လောကငယ်လေးထဲမှာ ပြုပြင်ပြောင်းလဲ ခံလိုက်ရတဲ့သူတွေက နတ်ဆိုးလောကထဲက လူတွေတဲ့လေ]

[မဟုတ်သေးဘူး။ ဒါကို ကယ်တင်စောင်မခြင်းလို့ ပြောရမဲ့အစား ကောင်းကင်ကို တက်လှမ်းစေခြင်းလို့ ပြောရင် ပိုမှန်လိမ့်မယ်]

[အလို... လောကငယ်လေးထဲကို ဝင်မလာခင်တုန်းက သူက ခွင့်လွှတ်နိုင်စရာ မရှိတဲ့ နတ်ဆိုးစစ်သူကြီးတစ်ယောက် ဖြစ်ခဲ့တာတဲ့။ ဒါပေမဲ့ လောကငယ်လေးထဲက ထွက်လာပြီးတဲ့နောက်မှာ သူက နတ်ဆိုးအသွင်အပြင် လုံးဝမရှိတော့ဘဲ အခွံကြီးသက်သက်သာ ကျန်ခဲ့တာတဲ့လေ]

[အရမ်းကြောက်ဖို့ ကောင်းတာပဲ]

ဒီစကားကို ကြားလိုက်ရတဲ့အခါ စောလော့လျှို့ဝှက်နယ်မြေ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ကျင့်ကြံသူတွေမှာ ချွေးအေးတွေ ထွက်သွားတော့တယ်။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ခပ်တိုးတိုးလေး ထပ်ပြောလိုက်သေးတယ်။

[ဒီလောကငယ်လေးက... တကယ်တမ်းကျတော့ လူ၃၀၀၀ကျော်တောင် ဆန့်သတဲ့လား]

[ဒီလိုပြောမယ်ဆိုရင် ဒီနေရာမှာ စုဝေးနေကြတဲ့သူတွေက လူ၃၀၀၀များ ရှိနေသလား]

...

!

"အိမ်မှာ လုပ်စရာတချို့ရှိနေတာကို ရုတ်တရက် သတိရသွားပြီ..."

"ကျုပ်မိန်းမက ကလေးတွေကို စောင့်ရှောက်ပေးဖို့ အခုလေးတင် ကျုပ်ကိုပြောသွားခဲ့တာပဲ..."

"ဪ ကျုပ်ရဲ့သားက ကျုပ်ကိုလွမ်းနေပြီတဲ့..."

"ကျုပ်လည်း..."

ခဏကြာတဲ့အချိန်မှာပဲ စောလော့လျှို့ဝှက်နယ်မြေကို ဝန်းရံထားကြတဲ့ ကျင့်ကြံသူတွေအားလုံးက အလောတကြီး ထွက်သွားကြတော့တယ်။

ဒီအချိန်မှာတော့ စူးလီက ပတ်ဝန်းကျင်ကအခြေအနေကို လုံးဝဂရုမစိုက်လေဘူး။ သူမက ကြီးစွာသော စိတ်ဝင်စားမှုနဲ့ ကောင်းကင်စာအုပ်ထဲက ချန်ဖူဂိုဏ်းရဲ့မေတ္တာကရုဏာကြီးမားပုံကို ဖော်ပြထားတဲ့ စကားလုံးတွေကို ဖတ်လိုက်တယ်။

[လောကငယ်လေးထဲမှာ အကျဉ်းချခံထားရတဲ့ နောက်ဆုံးပုဂ္ဂိုလ်က လူတွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ပြီး မျိုးနွယ်စုပေါင်းများစွာကိုလည်း သုတ်သင်ခဲ့တဲ့ အမှောင်ဖုံးနေတဲ့ဟာကို ကျင့်ကြံသူတစ်ယောက်နဲ့တူတယ်]

[ကျွတ်ကျွတ် သူက အခု သူ့ရဲ့လောကငယ်လေးထဲမှာ ရှိနေသေးတယ်တဲ့...]

[ကြည့်လိုက်ပါဦးမယ်။ သူက အကြိမ်၃၀၀ကျော်တောင်မှ ကိုယ့်ဟာကိုယ် သတ်သေဖို့ ကျူးလွန်ခဲ့သတဲ့လား]

ထွက်သွားခဲ့ကြတဲ့ ကျင့်ကြံသူတွေရဲ့အရှိန်ဟာဆိုရင် နောက်မှာအရိပ်ကျန်တဲ့အထိတောင် ဖြစ်လာခဲ့တယ်။

[လောကငယ်လေးထဲမှာ ပိတ်လှောင်ခြင်းခံထားရတဲ့ နောက်ဆုံးလူက...]

စူးလီက သူတို့တွေကို ရေတွက်ပြီးသွားတဲ့အခါမှာ နောက်ဆုံးတော့ အဓိပ္ပာယ်ပါပါနဲ့ သက်ပြင်းချလိုက်တော့တယ်။

[ကိုယ်တော်ပေချန်က အရင်ကတည်းက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လုံးဝသတ်ဖြတ်ခဲ့တာ မရှိခဲ့ဘူးပဲ...]

[ဒီလူက ဘယ်လောက်ပဲ ရက်စက်ပြီး ယုတ်မာနေပါစေ သူက ဘယ်နှစ်ကြိမ်ပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်စရာမရှိတဲ့ ပြစ်မှုတွေပဲ ကျူးလွန်နေပါစေ အများဆုံး လုပ်ခဲ့တဲ့အရာကတော့ သူ့ကို လောကငယ်လေးတစ်ခုထဲမှာ ပိတ်ဆို့ထားလိုက်တာပဲ။ ဒီလောက်ပဲတဲ့...]

[သနားညှာတာ တတ်လိုက်တာ]

သူမက ခေါင်းကို မော့လိုက်တဲ့အချိန်မှာတော့ စောလော့လျှို့ဝှက်နယ်မြေ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကျင့်ကြံသူတွေ အားလုံးက ထွက်ပြေးသွားခဲ့ကြပြီး ဂိုဏ်းကြီး၆ခုက ကျင့်ကြံသူတွေသာ ဒီနေရာမှာ ကျန်ခဲ့တော့တယ်။

စူးလီက ကောင်းကင်စာအုပ်ကို ပိတ်လိုက်ပြီးတဲ့နောက်မှာ နားမလည်နိုင်သလို မျက်တောင်ခတ်လိုက်မိတယ်။

သူမ ဖရဲသီးစားနေတဲ့ အချိန်အတော်အတွင်းမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။

ထွက်မသွားချင်ခဲ့ကြတဲ့ အဲ့ဒီလူတွေအားလုံးက ဘာဖြစ်လို့ ထွက်သွားကြတာတဲ့လဲ။

ဒီလိုစဉ်းစားလိုက်ပြီး သူမက ဂိုဏ်းကြီး၆ခုက ကြီးမြတ်သူတွေကို လှမ်းကြည့်လိုက်ပြီး နားလည်သိတတ်မှုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ကျင့်ကြံရေးလောကထဲမှာ ခွန်အားသာလေးစားရာလေ။

ဒီနေရာမှာ စောင့်ကြပ်နေကြတဲ့ မဟာယနကျင့်ကြံသူ ၁၂ယောက်ကျော်တောင်ရှိတယ်။ ဒီကျင့်ကြံသူတွေက ဘယ်လိုပဲ သောင်းကျန်းနေကြပါစေ သူတို့တွေက ဒီလောက်များပြားတဲ့ ဂိုဏ်းချုပ်ကြီးတွေနဲ့ ကျင့်ကြံသူတွေကိုတော့ ဆန့်ကျင်ရဲမှာမဟုတ်ဘဲ လိမ်လိမ်မာမာနဲ့ ထွက်သွားကြတာကတော့ သဘာဝပါပဲ။

ဒါပေမဲ့ အားလုံးက ထွက်သွားကြပြီဆိုတော့ စူးလီရဲ့ဖရဲသီးစားချင်တဲ့ စိတ်ဝင်စားမှုကလည်း အများကြီး လျော့ကျသွားခဲ့တယ်။

သူမက သူမရဲ့ခေါင်းကို မသိမသာ စောင်းထားလိုက်ပြီး သူမဘေးမှာရပ်နေတဲ့ ရှဲ့ချီယွမ်ကို ကြည့်လိုက်ကာ သူမရဲ့အသံထဲမှာလည်း သက်ပြင်းချတဲ့လေသံတစ်ခု နဲ့-

"ချန်ဖူဂိုဏ်းထဲမှာ ဖြစ်ပျက်သွားတဲ့ကိစ္စတွေက အများကြီးပဲ"

ရှဲ့ချီယွမ်က တဖျတ်ဖျတ်လက်နေတဲ့မျက်လုံးတွေနဲ့ သူမကို ကြည့်လိုက်ပြီး မျက်လုံးတွေကို မသိမသာ မျက်လွှာချထားလိုက်ကာ အရမ်းကိုပေါ့ပါးပြီး ညင်သာတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"တခြားသူတွေရဲ့ စိတ်လှုပ်ရှားမှုက တကယ်ပဲ အဲဒီလောက်တောင် စိတ်၀င်စားစရာကောင်းလို့လား"

စူးလီက သူဘာဖြစ်လို့ ဒီလိုမေးလဲဆိုတာကို နားမလည်ပါဘူး။ သူမကလည်း စဉ်းစားမနေဘဲ ပြန်ဖြေလိုက်တော့တယ်။ "ဟုတ်တယ်လေ"

"အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဘာကစိတ်ဝင်စားစရာ ကောင်းဦးမှာလဲ"

ရှဲ့ချီယွမ်က အမြဲတမ်းလိုလို အလွန်မှကြည်လင်ပြီး မြူမှုန်တငွေ့မှမရှိတဲ့ သူမရဲ့မျက်လုံးထဲကို ကြည့်လိုက်ပြီး သူ့ရဲ့ဘေးမှာချထားတဲ့လက်ကို အနည်းငယ်တင်းနေအောင် ဆုပ်ထားမိလိုက်တယ်။

"ကျွန်တော်"

စူးလီက သူ့ကို အူကြောင်ကြောင်လေးကြည့်လိုက်ပြီး"ဟင်"

ရှဲ့ချီယွမ်က အနည်းငယ် မျက်လွှာချထားလိုက်ပြီး သူ့မျက်လုံးတွေထဲက ခံစားချက်တွေ အားလုံးကို ဖုံးကွယ်ထားလိုက်တယ်။ သူက တဖန် ခေါင်းကို မော့လိုက်တဲ့အချိန်မှာတော့ သူ့မျက်လုံးတွေထဲမှာ အရင်တုန်းကလိုပဲ နွေးထွေးပြီး နူးညံ့သိမ်မွေ့မှုတွေ ပြန်လည်ရောက်ရှိနေခဲ့တယ်။

သူ့အသံထဲမှာလည်း အပြုံးရိပ်တစ်ခု ပါနေလေရဲ့။

"ကျွန်တော်... မင်းကြိုက်တတ်တဲ့ ဝိညာဉ်စွမ်းအင်မုန့်နဲ့ အစားအစာတွေရဲ့ လုပ်နည်းကို ချရေးထားတယ်။ နောက်တစ်ခါ အဲဒါတွေကိုလုပ်ပြီးတော့ တခြားသူတွေကို မြည်းစမ်းစေချင်လို့ပါ"

သူ့စကားကို ကြားလိုက်တဲ့အခါ စူးလီရဲ့အသံက အနည်းငယ် အံ့အားသင့်သွားတယ်။

"ရှင်ထွက်သွားတော့မလို့လား"

ဒီလိုပြောရတာတော့ နည်းနည်းလေး ထူးဆန်းနေတယ်။ ပိုင်ကျစ်ယွင်က ထွက်သွားလိမ့်မယ်။ ရှန်းချမ်းဟန်ကလည်း ထွက်သွားလိမ့်မယ်။ လင်းကျောက်ကလည်း ထွက်သွားလိမ့်မယ်လို့ သူမ စဉ်းစားထားပြီးသားပဲ။

ဒီအတွက် သူမကလည်း အရာအားလုံးကို အမြဲတမ်း ပြင်ဆင်ထားခဲ့တယ်လေ။

ဒါပေမဲ့ ရှဲ့ချီယွမ်ကျတော့...

ဒါပေမဲ့ သူ ထွက်သွားလိမ့်မယ်ဆိုတဲ့ကိစ္စကိုတော့ သူမက အမြဲတမ်း လျစ်လျူရှုထားမိခဲ့တဲ့ပုံပဲ။

အခုဆိုရင် ရှဲ့ချီယွမ်က လုံလောက်အောင် သန်မာနေပြီး ပိုင်ကျစ်ယွင်နဲ့ တခြားသူတွေလို လေ့ကျင့်ဖို့အတွက် ကျင့်ကြံရေးလောကထဲကို သွားဖို့မလိုဘူးဆိုတာ သိထားနေလို့ပဲများလား။

ရှဲ့ချီယွမ်က သူမရဲ့အကြိုက်တွေကို ကောင်းကောင်း သိနေတဲ့အတွက်ကြောင့် သူမက သူဘေးမှာ ရှိနေတာကို အသားကျနေလို့များလား။

ဒါမှမဟုတ် ရှဲ့ချီယွမ်က သူမရဲ့မျက်လုံးထဲမှာ အရမ်းကို မျက်စိပသာဒ ဖြစ်နေလို့များလား...

စူးလီရဲ့ မျက်ခုံးတွေက မသိမသာ တွန့်ချိုးသွားပြီး သူမရဲ့မျက်လုံးထဲက ခံစားချက်တွေကလည်း သူ သတိထားရလောက်တဲ့အထိ ပိုပြီးရှုပ်ထွေးလာခဲ့တယ်။

ရှဲ့ချီယွမ်က စူးလီရဲ့ မျက်လုံးထဲက ရှုပ်ထွေးပြီးရှားရှားပါးပါး နားမလည်နိုင်တဲ့ခံစားချက်ကို ကြည့်နေမိတယ်။ သူ့လက်ချောင်းဖျားတွေက မသိမသာ လှုပ်ရှားသွားပြီး သူ့နှလုံးခုန်သံတွေကလည်း အရင်တုန်းကထက် အနည်းငယ်ပိုပြီး မြန်ဆန်လာခဲ့တယ်။

သူ့အသံကလည်း အနည်းငယ် တိမ်ဝင်လို့နေခဲ့တယ်။ "မင်း...ကျွန်တော့်ကို ထွက်မသွားစေချင်ဘူးလား"

စူးလီကစဉ်းစားမနေဘဲ ပြောလိုက်တယ်။ "ဒါပေါ့ရှင့်"

သူမရဲ့အဖြေကို ကြားလိုက်တဲ့အခါ ရှဲ့ချီယွမ်ကမနေနိုင်တော့ဘဲ သူ့နှုတ်ခမ်းထောင့်တွေကို ပင့်ထားမိလိုက်ပြီး သူ့မျက်လုံးတွေကတောင် အပြုံးတွေနဲ့ပြည့်နှက်သွားခဲ့တယ်။

ဒီအပြုံးတွေက အခိုက်အတန့်အတွင်းမှာပဲ နွေဦးကာလ ရောက်လာပြီး အရာအားလုံးက ပြန်လည်ရှင်သန်လာသလိုပဲ။ ပတ်ဝန်းကျင်က ရှုမျှော်ခင်းတွေကတောင် နည်းနည်းလေး ပိုပြီးလင်းထိန်လာသယောင် ဖြစ်သွားခဲ့တယ်။

ရှဲ့ချီယွမ်က စူးလီကို တလေးတနက်နဲ့ ကြည့်နေပြီး ဒီအချိန်မှာတော့ သူ့ရဲ့နက်မှောင်ပြီး စူးရှတဲ့မျက်လုံးထဲမှာ ဒီလူတစ်ယောက်ရဲ့ ပုံရိပ်တစ်ခုသာ ကျန်ရစ်လေတော့တယ်။

သူ့အသံကလည်း အရင်တုန်းကထက် ပိုပြီးတော့ပြတ်သားလာခဲ့တယ်။ "တကယ်လို့ မင်းက ကျွန်တော့်ကို ထွက်မသွားစေချင်ဘူးဆိုရင် ကျွန်တော် ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး"

စူးလီက သူ့ကို ကတိပေးလုနီးပါးဖြစ်တဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူ့အပြုံးကိုကြည့်ရင်း သတိပြန်ဝင်လာခဲ့တယ်။

သူမက မသိမသာ ခေါင်းလေးကို စောင်းထားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလည်း ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။

ရှဲ့ချီယွမ်က ဘာကိုပြောချင်နေတာလဲ။

သူက ဒီကတိစကားရဲ့ အဓိပ္ပာယ်ကို မသိတာများလား။

သူမက သူ့ကိုထွက်မသွားစေချင်သရွေ့ သူက...သူမကို ဘယ်တော့မှ ချန်ခဲ့မှာမဟုတ်ဘူးတဲ့လား။

ဒါဆိုရင်တော့ သူမက ရှဲ့ချီယွမ်လုပ်ထားတဲ့ ဝိညာဉ်စွမ်းအင်အစားအသောက်တွေကို အမြဲတမ်း စားသောက်နိုင်ပြီး ရှဲ့ချီယွမ် ပြောပြတဲ့ဇာတ်လမ်းတွေကို နားထောင်နိုင်မဲ့အပြင် ရှဲ့ချီယွမ် ပြင်ဆင်ပေးထားတဲ့ ရှုခင်းတွေကိုလည်း ကြည့်မြင်နိုင်မယ်။ ရှဲ့ချီယွမ်ရဲ့ မျက်စိပသာဒဖြစ်လှတဲ့ မျက်နှာလေးကိုလည်း အမြဲတမ်းကြည့်ရှုနေနိုင်မယ်ပေါ့။

ဒါပေမဲ့...

ဒါကြီးက ဘာဖြစ်လို့များ တစ်ဖက်စောင်းနင်း စာချုပ်တစ်ခုလို ဖြစ်နေပါလိမ့်။

စူးလီက သူမရဲ့မျက်လုံးတွေကို မသိမသာမှိတ်လိုက်ပြီး စဉ်းစားလိုက်ပေမဲ့လည်း ဒီအခိုက်အတန့်မှာ ဘယ်လိုတုံ့ပြန်ရမယ် မသိအောင်ဖြစ်သွားတော့တယ်။

ဒီအချိန်မှာပဲ စောလော့လျှို့ဝှက်နယ်မြေက ရုတ်တရက်ဆိုသလို မျက်စိကြိမ်းလောက်တဲ့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။

သိပ်မဝေးလှတဲ့နေရာက ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့အသံကလည်း လေးနက်ပြီးတည်ကြည်ကာ ထွက်လာခဲ့တယ်။ "စောလော့လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ"

ဂိုဏ်းကြီး၆ခုရဲ့ ဂိုဏ်းချုပ်ကြီးတွေက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ရဲ့မျက်နှာပေါ်က အမူအရာတွေကလည်း မကြုံစဖူး ညှိုးငယ်နေကြတော့တယ်။

စောလော့လျှို့ဝှက်နယ်မြေကို သွားတဲ့ဒီခရီးက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တယ်ဆိုတာကို သူတို့သိထားတယ်လေ။

ဒါပေမဲ့လည်း သူတို့ဂိုဏ်းကြီး၆ခုရဲ့ ဂိုဏ်းချုပ်တွေအားလုံး ပူးပေါင်းပါဝင်မှသာ စောလော့လျှို့ဝှက်နယ်မြေရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာဖို့ ဂိုဏ်းချုပ်ကြီးတံဆိပ်ကို သုံးနိုင်မှာဖြစ်ပြီး နှစ်ပေါင်းထောင်ချီကတည်းက ရှိလာခဲ့တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာ။

သူတို့တွေက ဒီနေရာကို မလာခင်ကတည်းက ဂိုဏ်းက ကိစ္စအဝဝအားလုံးကို စီစဉ်ခဲ့ပြီးသား။

ဒီလိုစဉ်းစားလိုက်ပြီး ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူ့မုတ်ဆိတ်မွှေးကို သပ်လိုက်ကာ သေရေးရှင်ရေးကို ဂရုမစိုက်တဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။ "ကျုပ်တို့ရဲ့ခရီးနဲ့ပတ်သက်ပြီး ကျုပ် ခင်ဗျားတို့ကို အခုလေးတင်ပဲ ပြောခဲ့ပြီးပါပြီ။ ရလဒ်ကအရမ်းကို ကောင်းမွန်ပါတယ်"

"ကျုပ်တို့ရဲ့ခရီးက အရမ်းကိုလွယ်ကူမယ်လို့ ထင်ရပါတယ်"

ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း သူ့ပတ်ဝန်းကျင်က တည်ကြည်တဲ့ အရောင်အဝါကို ထိန်းချုပ်ထားလိုက်ပြီး ခပ်တိုးတိုးရယ်မောလိုက်ကာ ရယ်စရာပြောလိုက်လေရဲ့။ "တော်သေးတာပေါ့။ ဒါက ကြီးမြတ်သူချင်းဖုန်းရဲ့ တွက်ချက်မှု မဟုတ်ပေလို့ပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျုပ်က တကယ်ပဲ မယုံရဲတော့ပါဘူး"

"ဒါပေါ့လေ။ ကျုပ်တို့တွေက ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ အတွက်အချက်ကိုတော့ ယုံပါတယ်"

ဒီအချိန်မှာပဲ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကလည်း ပြုံးလိုက်တယ်။

ဂိုဏ်းကြီး၆ခုရဲ့ ဂိုဏ်းချုပ်ကြီးတွေက စကားပြောရင်း ရယ်မောရင်း စောလော့လျှို့ဝှက်နယ်မြေထဲကို တစ်လှမ်းချင်း လျှောက်ကာဝင်သွားကြတယ်။ ဂိုဏ်းကြီးတွေက ကျင့်ကြံသူတွေကလည်း သူတို့နောက်က လိုက်ပါလာကြပြီး စောလော့လျှို့ဝှက်နယ်မြေထဲကို ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့ကြတယ်။

သူတို့နောက်မှာတော့ ဂိုဏ်းကြီး၆ခုက တပည့်တွေအားလုံးက တစ်ပြိုင်တည်းရှေ့ကို အနည်းငယ် တိုးလာကြပြီး သူတို့ရဲ့အသံကလည်း ကောင်းကင်ယံတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့တယ်။

"တပည့်တို့က ဒီနေရာမှာ ဂိုဏ်းချုပ်ကြီးနဲ့ လူကြီးမင်းတို့အားလုံးကို စောင့်ဆိုင်းနေပါမယ်"

စူးလီက အသံကြောင့် သတိပြန်ဝင်လာပြီး သူမရဲ့မျက်နှာကလည်း အစောပိုင်းက အေးဆေးညင်သာပြီး ပျင်းရိလေးတွဲတဲ့ပုံစံ ပြန်ဖြစ်သွားခဲ့တယ်။

ဒါပေမဲ့ သူမက ရှဲ့ချီယွမ်ရဲ့ စူးရှတဲ့အကြည့်တွေကိုတော့ အမှတ်တမဲ့ ရှောင်ရှားမိလိုက်တယ်။

သူမက ရှေ့က စောလော့လျှို့ဝှက်နယ်မြေကို ကြည့်လိုက်ပြီး သူမရဲ့အသံက အနည်းငယ် တောင့်တောင့်တင်းတင်း ဖြစ်လို့နေတယ်။

"စောလော့လျှို့ဝှက်နယ်မြေ ပွင့်သွားပြီတဲ့ မြန်မြန်ဝင်သွားကြရအောင်"

ပြောရင်းဆိုရင်း သူမက ဘေးဘီကို မကြည့်တော့ဘဲ စောလော့လျှို့ဝှက်နယ်မြေထဲကို လျှောက်သွားလိုက်တော့တယ်။

ရှဲ့ချီယွမ်က ရှေ့ကနေ တစ်ယောက်တည်း လျှောက်သွားနေတဲ့ သူမကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ အပြုံးရိပ်တစ်ခု ဖြစ်ပေါ်သွားကာ သူက တစ်ခုခုကို စဉ်းစားမိလိုက်တဲ့ပုံပဲ။

သူက ခြေ၂လှမ်းလောက် မြန်မြန်လှမ်းလိုက်ပြီး သူမရဲ့ဘေးကို ရောက်လာခဲ့တယ်။

စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတဲ့ အခိုက်အတန့်မှာပဲ ပတ်ဝန်းကျင်နေရာလွတ်က စွမ်းအင်လှိုင်းတွေကို ခံစားမိလိုက်ပြီး သူ့မျက်လုံးတွေက ရုတ်တရက် ဆိုသလိုစူးရှလာခဲ့တယ်။

သူက တခုခုလွဲနေပြီဆိုတာကို သိလိုက်တာနဲ့ချက်ချင်း လက်ကိုလှမ်းလိုက်ပြီး စူးလီရဲ့ လက်ကောက်ဝတ်ကို လှမ်းဖမ်းဖို့ ကြိုးစားလိုက်တယ်။

ဒါပေမဲ့လည်း သူ့လက်က လူ၂ယောက်ကြားက အကွာအဝေးကို လှမ်းဆွဲလိုက်ပေမဲ့လည်း သူကဘာကိုမှ မဖမ်းမိနိုင်ဘူး ဖြစ်သွားတယ်။

သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်တဲ့အချိန်မှာပဲ သူ့လက်တွေက လေဟာနယ်ထဲက ရက်စက်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုကြောင့် အစင်းရာအမာရွတ်တွေနဲ့ ဖုံးအုပ်သွားခဲ့တယ်။ ဒါပေမဲ့လည်း သူကသူ့လက်ပေါ်က ဒဏ်ရာတွေကို မကြည့်ဘဲ သွေးတွေကို ဒဏ်ရာကနေ ဒီအတိုင်းစီးကျခွင့်ပေးထားလိုက်တယ်။

သူ့မျက်လုံးတွေက စူးရဲသွားပြီး လုံးဝကို ဖော်ထုတ်လို့မရနိုင်တဲ့ ရက်စက်တဲ့အဓိပ္ပာယ်တစ်ခု သယ်ဆောင်ထားသလိုပဲ။ လက်တစ်ချက်အဝှေ့မှာပဲ နေရာတစ်ခုလုံးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့တယ်။

ဒီနေရာက ဘာမှမရှိသလို ဟိုနေရာမှာလည်း ဘာမှမရှိဘူးဖြစ်နေတယ်...

သူက လုံးဝကို ပျာယာခက်သွားပြီး နေရာအခု ၁၀၀၀ နီးပါးကို လှည့်ပတ်သွားလာခဲ့ပေမဲ့လည်း စူးလီကို ရှာမတွေ့နိုင်အောင် ဖြစ်နေတယ်။

တခြားဘက်မှာတော့ စူးလီက စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်လာတာနဲ့ချက်ချင်း ဒီနယ်မြေထဲက လှုပ်ရှားနေတဲ့ စွမ်းအင်လှိုင်းတွေကို ခံစားမိလိုက်တယ်။

သူမက စောလော့လျှို့ဝှက်နယ်မြေအပြင်ဘက်မှာ ဖြစ်သွားခဲ့တဲ့အကြောင်းအရာတွေနဲ့ ရှဲ့ချီယွမ်ရဲ့ အစောပိုင်းက ကတိစကားကို စဉ်းစားမိလိုက်တယ်။ သူမက ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတော့ သူမနဲ့အတူ ရှဲ့ချီယွမ်ကို ခေါ်မလာဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ဒီလောကထဲမှာ လုံးဝကိုခွဲခွာလို့မရနိုင်တဲ့ လူတွေ ဘယ်မှာရှိလို့လဲ။

ရှဲ့ချီယွမ်ကို ငြိမ်းချမ်းမှုနဲ့တိတ်ဆိတ်မှုတချို့ ရသွားပါစေလေ။

သူမက နောက်ကို လှည့်မကြည့်နေတော့ဘူး။ ဒီလိုနဲ့ သူမရဲ့နောက်ကွယ်က နေရာလွတ်ထဲက ဒဏ်ရာဒဏ်ချက်တွေနဲ့ လက်ကိုမမြင်လိုက်ရဘူး။

လောကငယ်လေးထဲမှာတော့-

စူးလီက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး စိတ်ဝင်တစားနဲ့ လောကငယ်လေးရဲ့ ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်လိုက်တယ်။

ဒီနေရာက သူမရဲ့အကြိုက်အတိုင်း လုပ်ထားပေးတာနဲ့တူတယ်။ ရေကန်ထဲက ပဒုမ္မာကြာပန်း၊ ဝင့်ကြွားပြီး ကျက်သရေရှိနေတဲ့ ဝါးပင်တွေနဲ့... စားပွဲပေါ်က ဝိညာဉ်အစားအသောက်နဲ့ လက်ဖက်ရည်တွေ။

သူမက အခုမှ ကျင့်ကြံရေးလောကထဲကို ရောက်လာတယ်ဆိုရင်တော့ ဒီလိုသရေစာတွေကို တော်တော်လေး စိတ်ဝင်စားမိမှာပဲ။ ဒါပေမဲ့ အခုကျတော့ သူမက ရှဲ့ချီယွမ် လုပ်ထားပေးတဲ့ဟာကို စားလာခဲ့တာ တော်တော်လေး ကြာသွားပြီလေ...

သူမက စားပွဲပေါ်က ပစ္စည်းတွေကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ဖြစ်သွားတဲ့ရွံရှာမှုကို လုံးဝ ဖုံးကွယ်မထားလေတော့ဘူး။

"ပန်းပွင့်ပုံမုန့်တွေကလည်း ရှဲ့ချီယွမ် လုပ်ပေးတာလောက်တောင် ကြည့်လို့မကောင်းဘူး။ သကာရည်သစ်သီးကလည်း အဆီအဆိမ့် များနေတဲ့အနံ့နဲ့ ရှဲ့ချီယွမ် လုပ်ပေးထားတာလောက် သေချာပေါက် အရသာရှိမှာ မဟုတ်ဘူး။ ဝိညာဉ်လက်ဖက်ရည် ဘာဖြစ်လို့စိမ်းပြီးတော့ ဝါဖန့်ဖန့် ဖြစ်နေတာလဲ။ ဒီလောက်အထိ ရုပ်ဆိုးအကျည်းတန်နေမှတော့ ဘယ်သူက ဒါကို သောက်နိုင်ပါ့မလဲ"

"ရှဲ့ချီယွမ် လက်ဖက်ရည် နှပ်တာကို မကြည့်ထားဘူးလား"

"ငါ ဘာကြိုက်တတ်တယ်ဆိုတာကို သိရဲ့သားနဲ့ ဘာဖြစ်လို့ ဝတ်ကျေတမ်းကျေပဲ လုပ်ထားတာလဲ"

လေပွေတချက် ဝှေ့တက်သွားပြီး ပတ်ဝန်းကျင်က ဝါးရွက်တွေက တရှပ်ရှပ်မြည်သွားခဲ့တယ်။

စူးလီက သူမရဲ့ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားမိလိုက်ပြီး လက်ပိုက်ထားလိုက်ကာ စိတ်မရှည်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ငါ ၃ အထိရေမယ်နော်"

"၁ ၂ ..."

အနက်ရောင် အရောင်အဝါတစ်ခုနဲ့ ကျောက်စိမ်းကြေးမုံတစ်ခုက ရုတ်တရက် ခုန်ထွက်လာပြီး တုန်ရင်နေတဲ့အသံတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။

"နင် ငါ့ကို ရှာနေတာလား"

…

All Chapters