အခန်း ၁၅၈
Vol. 11 Ch. 158
အပိုင်း (၁၅၈)
စူးလီက မျက်လုံးကိုပင့်လိုက်ပြီး သူမရှေ့မှာပေါ်လာတဲ့ ကျောက်စိမ်းကြေးမုံကို လှမ်းကြည့်လိုက်ကာ အေးစက်စက်နဲ့ ပြောလိုက်တယ်။
"နင် ထွက်လာဖို့ ဆန္ဒရှိတယ်ပေါ့လေ"
သူမစကားကို ကြားလိုက်ရတဲ့အခါ ကျောက်စိမ်းကြေးမုံပြင်တစ်ခုလုံးက တုန်လှုပ်သွားပြီး မရေမတွက်နိုင်တဲ့ ရေစက်ငယ်လေးတွေက ချောမွတ်နေတဲ့ ကြေးမုံမျက်နှာပြင်ပေါ်မှာ ရုတ်ခြည်းဆိုသလို စိမ့်ထွက်လာတော့တယ်။
ကြေးမုံပြင်တစ်ခုလုံးက တုန်ရင်နေပြီး အသံကလည်း သဘာဝမကျလောက်အောင် တုန်လှုပ်နေတော့တယ်။ "လူကြီးမင်း...လူကြီးမင်း"
သူက စူးလီ ဘယ်သူဖြစ်နေတယ်ဆိုတာကို မသိတဲ့အပြင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ နည်းလမ်းတွေကို မသိပေမဲ့လည်း သူမက သူ့ရဲ့မူလခန္ဓာကိုယ်ထက် အများကြီး အင်အားကြီးမယ်ဆိုတာကို ခံစားမိနိုင်တယ်။
သူမသာ ဆန္ဒရှိမယ်ဆိုရင် ဒီသေးငယ်လှတဲ့ နယ်မြေလေးတစ်ခု မပြောနဲ့ စောလော့လျှို့ဝှက်နယ်မြေတစ်ခုလုံးကတောင် သူ ကစားဖို့အတွက် လုံလောက်မှာ မဟုတ်ဘူးလေ။
သူမခန္ဓာကိုယ်ပေါ်က အရောင်အဝါတွေက အထူးတလည်ကို...
သူ အများကြီး ထပ်ပြီး မစဉ်းစားရဲတော့ဘူး။ သူ့ရှေ့မှာရှိနေတဲ့သူက စကားပြောလာဖို့ကိုပဲ တုန်တုန်ယင်ယင်နဲ့ စောင့်ဆိုင်းနေမိတော့တယ်။
စူးလီက ငြိမ်သက်နေတဲ့အတော်အတွင်းမှာပဲ သူက အစိတ်စိတ်အမြွှာမြွှာ ဆွဲဆုတ်ခံလိုက်ဖို့ စိတ်ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့တယ်။
သူ့ရဲ့နောက်ဘဝက ဘယ်လိုကြေးမုံမျိုး ဖြစ်သွားမယ်ဆိုတာကို သဘောပေါက်သွားတဲ့အချိန်မှာပဲ သူ့ရှေ့ကလူက နောက်ဆုံးတော့ စကားပြောလာခဲ့တယ်။
"နင်က ဒီလောကငယ်လေးရဲ့ အစောင့်ဝိညာဉ်လား"
စူးလီက ကျောက်စိမ်းကြေးမုံပေါ်မှာ ရစ်ဝဲနေတဲ့ အနက်ရောင်လေထုကို ကြည့်လိုက်ပြီး လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ကာ မသင်္ကာသလိုပြောလိုက်တယ်။ "အဲဒီလိုတော့ မဟုတ်လောက်သေးဘူး..."
ဒီလိုမည်းမှောင်နေတဲ့လေထုမျိုးက ဒီလိုကျောက်စိမ်းကြေးမုံထဲမှာ ပေါ်မလာသင့်ဘူးလေ။
စောလော့လျှို့ဝှက်နယ်မြေတစ်ခုလုံးနဲ့ လုံးဝကို ပတ်သက်ဆက်နွယ်နေတဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရတဲ့အခါ သူမက မသိမသာ မျက်ခုံးကိုပင့်ထားလိုက်ပြီး "နင်က ဒီစောလော့လျှို့ဝှက်နယ်မြေရဲ့ လျှို့ဝှက်ဝိညာဉ်နဲ့ ဘာပက်သက်မှုရှိလဲ"
ကျောက်စိမ်းကြေးမှုံက သူမကသူ့ကိုသတ်ဖို့ စိတ်ကူးမရှိဘူးဆိုတာကို ကြားလိုက်တဲ့အခါ သူမမှာ အရမ်းကို စိတ်ခံစားမိသွားပြီး မျက်ရည်တွေတောင်ဝဲတက်လာခဲ့တယ်။
"လူကြီးမင်း လူကြီးမင်းက လှပပြီး စိတ်သဘောထားကောင်းမွန်ကာ ဉာဏ်ရည်လည်း ထက်မြက်လှပါပေတယ်။ လူကြီးမင်းက ကျွန်မနဲ့ ဝိညာဉ်သခင်ကြီးကြားက ပတ်သက်မှုကို တစ်ခါတည်းနဲ့ ခန့်မှန်းနိုင်ခဲ့တယ်..."
ပုံမှန်အခြေအနေအောက်မှာဆိုရင်တော့ စူးလီက ဒီလိုစကားစမြည် ပြောနေတာကို နားထောင်ဖို့ ဆန္ဒရှိချင်ရှိဦးမယ်။
ဒါပေမဲ့ မဆုံးနိုင်တဲ့ မြှောက်ပင့်ချီးကျူးစကားတွေကို နားထောင်ရတဲ့အခါ သူမက စိတ်ထဲမှာ ရှင်းမပြတတ်တဲ့ ဒေါသတွေ ထွက်လာတော့တယ်။ အရမ်းကို သေးငယ်တယ်ဆိုပေမဲ့လည်း လျစ်လျူရှုထားလို့ မရလောက်အောင်ပဲ။
"ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေကို မကြားချင်ဘူး"
"ကျွန်မက ဝိညာဉ်သခင်ကြီးရဲ့ ကြေးမုံပါ" ကျောက်စိမ်းကြေးမုံက သူမရဲ့အသံထဲက စိတ်မရှည်မှုကို ကြားလိုက်ရတဲ့အခါ ရုတ်တရက်ဆိုသလို ပြောနေတဲ့စကားကို ရပ်လိုက်ပြီး ပေါက်ကရတွေ ပြောမနေတော့ဘဲ စူးလီရဲ့မေးခွန်းကို ဖြေလိုက်တယ်။
"ဒါပေမဲ့ ကျွန်မမှာ လွတ်လပ်တဲ့ သိစိတ်နယ်မြေတစ်ခုရှိပြီး စောလော့လျှို့ဝှက်နယ်မြေထဲက နေရာအနည်းငယ်ကို ထိန်းချုပ်ထားနိုင်တယ်"
ဒါအသုံးဝင်သားပဲ။
"နင့်ရဲ့တကယ့်ပုံစံက ကြေးမုံတစ်ခုလား" စူးလီက ပျင်းရိလေးတွဲစွာနဲ့ ကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာလည်း ဘာကိုမှဂရုမစိုက်သလို သူမကသူ့နောက်ကွယ်က တကယ့်ပုံရိပ်အမှန်ကို လုံးဝစိတ်မဝင်စားတဲ့ပုံ ဖြစ်နေတယ်။
"ဝိညာဉ်သခင်ကြီးက ကျင့်ကြံရေးလောကထဲမှာ တစ်ဦးတည်းသောရှိတဲ့လူပါ..."
စူးလီရဲ့စူးရှတဲ့အကြည့်ကို မြင်လိုက်ရတဲ့အခါ ကျောက်စိမ်းကြေးမုံက ရုတ်တရက်ဆိုသလို မူလခန္ဓာကိုယ်ကို မြောက်ပင့်ပြောဆိုနေတဲ့ စကားအားလုံးကို ရပ်ထားလိုက်ပြီး ထောင်ပေါင်းများစွာသော ချီးကျူးစကားတွေကို ဖိနှိပ်မျိုသိပ်ထားလိုက်ရတယ်။ သူက အားအင်ချည့်နဲ့စွာနဲ့ ပြန်ဖြေလိုက်တယ်။ "ဟုတ်ပါတယ်"
ဒီအချိန်မှာတော့ စူးလီက ကျောက်စိမ်းစားပွဲဘေးက ကျောက်စိမ်းကုလားထိုင်ပေါ်မှာ အေးအေးလူလူ ထိုင်ချနေနှင့်ပြီးသားဖြစ်တယ်။ သူမဘေးက ကတုန်ကယင်ဖြစ်နေတဲ့ ကျောက်စိမ်းကြေးမုံနဲ့ယှဉ်ရင် သူမက ဒီလောကငယ်လေးရဲ့ သခင်နဲ့တောင် ပိုပြီးတော့တူနေသလိုပဲ။
သူမက စားပွဲပေါ်က ဝိညာဉ်အစားအသောက်တွေကို လှမ်းကြည့်လိုက်ပြီး သူမကတစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ စိတ်ရှုပ်ရှုပ်နဲ့ အကြည့်လွှဲထားလိုက်တယ်။
"ဒီတော့ ငါတို့တွေ စောလော့လျှို့ဝှက်နယ်မြေထဲကိုဝင်လာတာနဲ့ ချက်ချင်း အားလုံးက လူချင်းကွဲသွားကြမှာပေါ့ ဟုတ်လား"
ကျောက်စိမ်းကြေးမုံပေါ်က ရေစက်လေးတွေက ရုတ်တရက်ဆိုသလို ပိုပြီးတော့ကြီးမားလာပြီး အတူတူပေါင်းစည်းသွားကြကာ ကြီးမားတဲ့ချွေးစက်တစ်ခုအဖြစ် မြေကြီးပေါ်ကို ပြုတ်ကျသွားတယ်။
"ဟုတ်ပါတယ်..."
"ကြည့်ရတာ ရှင်က တခြားလောကငယ်လေးထဲက ကြေးမုံဝိညာဉ်တွေထက် တော်တော်လေး ပိုသန်မာမဲ့ပုံပဲ"
အဲဒီလိုမှ မဟုတ်ဘူးဆိုရင် လူတွေအားလုံးကြားထဲမှာမှ အင်အားအကြီးဆုံးဖြစ်တဲ့သူမကို အစကတည်းက ရွေးချယ်လိမ့်မှာ မဟုတ်ဘူးလေ။
ဒီလိုစဉ်းစားလိုက်ပြီး စူးလီက လက်တစ်ဖက်နဲ့ ကျောက်စိမ်းစားပွဲကို စည်းချက်ကျကျ ပုတ်နေလိုက်တယ်။ "ဒါဆိုရင် နင်က တခြားလောကငယ်လေးထဲက လက်ရှိအခြေအနေကို မြင်နိုင်မှာပေါ့ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်" ယွီကျင်းက ကပျာကယာနဲ့ကြေးမုံကို လှုပ်ခါမိသွားပြီး သူက ပိုပြီး ဖြည်းဖြည်းနှေးနှေးလေး ပြောခဲ့မယ်ဆိုရင် ကြေးမုံရဲ့ဦးခေါင်းက တွဲလျက်ရှိမနေမှာကို စိုးရိမ်နေမိတော့တယ်။
"ကြည့်ပါ။ ဒါက ကျင့်ကြံသူတွေရှိနေတဲ့ လောကငယ်လေးတစ်ခုပါပဲ"
သူ့စကားဆုံးသွားတာနဲ့ ချက်ချင်း ချန်ဖူဂိုဏ်းက ဂိုဏ်းသားတွေရဲ့ပုံရိပ်တွေက ကြေးမုံပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။
ချန်ဖူဂိုဏ်းသားတစ်ယောက်က အေးခဲရေအိုင်ထဲကို ရောက်နေပြီး မျက်လွှာချထားကာ လက်အုပ်ချီထားပြီး ဗုဒ္ဓကျမ်းစာတွေကို ရေရွတ်နေတယ်။ သိပ်မဝေးလှတဲ့နေရာမှာတော့ အနီရောင်ဝတ်စုံနဲ့ ပုံရိပ်တစ်ခုက အပြုံးတစ်ခုနဲ့ သူ့ကို ကြည့်နေတယ်။
နောက်တစ်စက္ကန့်မှာပဲ ကြေးမုံထဲကမြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ မူလကအေးစက်နေတဲ့ ရေအိုင်က ရုတ်တရက်ဆိုသလို မီးလျှံတွေအပြည့်ဖြစ်နေတဲ့ မြို့တစ်ခုအဖြစ် ပြောင်းလဲသွားတယ်...
စူးလီက ဒီအတိုင်းဘာမှမဖြစ်နေသလို လှမ်းကြည့်လိုက်ပြီး လုံးဝစိတ်မဝင်စားတဲ့ပုံကို ပြသထားတယ်။ သူမက ပျင်းပျင်းရိရိနဲ့ပြောလိုက်တယ်။ "နောက်တစ်ခု"
ကျောက်စိမ်းကြေးမုံက နောက်ထပ်လောကငယ်လေးတစ်ခုကို မြန်မြန်ပြောင်းလဲလိုက်တယ်။
ဒါကတော့ သွေးချင်းချင်းနီနေတဲ့ တိုက်ပွဲတစ်ခုဖြစ်တယ်။ ကိုယ်တော်ကျန်းထင်က တည်ငြိမ်သပ်ရပ်တဲ့ အမူအရာတစ်ခုနဲ့ ရန်သူတွေကို ပြုပြင်ပြောင်းလဲပေးရင်း ပြန်လည်မွေးဖွားခြင်းကျမ်းကို ရွတ်ဖတ်နေခဲ့တယ်။
စူးလီက ဒီတစ်ကြိမ်မှာတော့ သူမရဲ့ခေါင်းကိုတောင်မမော့ဘဲ သူမရဲ့အသံက ပိုပြီး ပျင်းရိငြီးငွေ့နေခဲ့တယ်။ "နောက်တစ်ခု"
ကျောက်စိမ်းကြေးမုံပြင်ကြီးက လောကငယ်လေး၁၀ခုလောက်ကို ပြောင်းလဲပြီးသွားတဲ့အချိန်မှာတော့ စူးလီက စိတ်ရှုပ်ရှုပ်နဲ့ လက်ဝှေ့ရမ်းပြလိုက်တယ်။
"ထားလိုက်တော့"
သူမက ထရပ်ပြီး ထွက်သွားတော့မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမရဲ့နောက်ကနေ ရင်းနှီးတဲ့ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရတယ်။
သူမက ရုတ်တရက် ကိုယ်ကိုလှည့်ပြီး ရောက်ရှိလာတဲ့သူကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေမိတယ်။ သူ့ခန္ဓာကိုယ်မှာလည်း သွေးတွေစိုရွှဲလို့ပါပဲ။
သွေးရေအိုင်ထဲမှာတုန်းကတောင်မှ ရှဲ့ချီယွမ်က ဒီလောက်တောင် အရှက်မကွဲခဲ့ရဖူးဘူးလေ။
အခုတော့ သူ့ရဲ့အဖြူရောင်အဝတ်အစားတွေ အားလုံးက သွေးတွေနဲ့နီရဲစိုရွှဲနေပြီး အရိုးကိုတောင် မြင်ရလုနီးပါးဖြစ်နေတဲ့ သူ့ရင်ဘတ်ပေါ်မှာလည်း နက်ရှိုင်းတဲ့ဒဏ်ရာကြီးတစ်ခုရှိနေတယ်။
သူ့လက်တွေပေါ်မှာလည်း သွေးတွေနဲ့စွန်းထင်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေပေါ်က သွေးတွေကလည်း သူ့လက်ကတစ်ဆင့် အောက်ဘက်ကို တစ်စက်စက် စီးကျလို့နေတယ်။ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်သစ်ပင်တွေ အားလုံးကလည်း အနီရောင်နဲ့ ဆေးဆိုးထားသလိုပဲ။
စူးလီက ဖြည်းဖြည်းချင်း မျက်တောင်ခတ်မိတယ်။
ရှဲ့ချီယွမ်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူက လောကငယ်လေး၁ခု၊ ၂ခုကြားက နေရာလွတ်တွေကိုပဲ ဖျက်ဆီးပစ်နိုင်မှာလေ။ ဒီလိုမျိုး ဘယ်တော့မှ ဒဏ်ရာရလာလိမ့်မှာ မဟုတ်ဘူး။
တကယ်လို့များ...
သူမကို ရှာဖွေဖို့အတွက် သူက မရေမတွက်နိုင်တဲ့ နေရာလွတ်တွေကို ဖျက်ဆီးပစ်ပြီး တစ်ချိန်တည်းမှာပဲ စောလော့လျှို့ဝှက်နယ်မြေထဲက ဝိညာဉ်တွေရဲ့ ပြင်းပြတဲ့လူသတ်စိတ်နဲ့ နှင်ထုတ်နေတာကို ကိုင်တွယ်ဖြေရှင်းခဲ့ရမယ်ဆိုရင်တော့...
သူ့ရဲ့ မသေမျိုးတစ်ဝက်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ဒီလိုအပြင်းအထန် ဒဏ်ရာရသွားလောက်တဲ့အထိ ဘယ်လောက်တောင် စိုးရိမ်တကြီး ဖြစ်နေမလဲဆိုတာ သူမ မစဉ်းစားတတ်လောက်အောင်ပဲ။
ဒီကျင့်ကြံရေးလောကထဲမှာ သူမကို ထိခိုက်အောင်လုပ်နိုင်တဲ့အရာ ဘာတစ်ခုမှမရှိဘူးဆိုတာကို သူ သေချာသိနေရဲ့သားနဲ့။ ဒါနဲ့များဘာဖြစ်လို့...
စူးလီက သူမရဲ့နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားလိုက်ပြီး အခိုက်အတန့် သူမရဲခံစားချက်တွေကို ရှင်းမပြနိုင်အောင် ဖြစ်သွားတော့တယ်။
သူမက ဒါကို နောက်တစ်ခါ ထပ်လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီလောကငယ်လေးထဲကို ရှဲ့ချီယွမ်ကို သူမနဲ့အတူ ခေါ်သွားနိုင်တယ်ဆိုတာကို သိလိုက်ရတယ်။
ရှဲ့ချီယွမ်က သူမရဲ့ပုံရိပ်ကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမရဲ့ခန္ဓာကိုယ်ပေါ်က မပြောင်းလဲသွားတဲ့ အရောင်အဝါတွေကို ခံစားလိုက်ရပြီး သူမက ဘာဒဏ်ရာမှ မရဘူးဆိုတာကို သိလိုက်ရတယ်။ သူ့ရဲ့တင်းမာနေတဲ့ ခန္ဓာကိုယ်ကလည်း နောက်ဆုံးတော့ ပြေလျော့သွားခဲ့တယ်။
သူ့ခန္ဓာကိုယ်ပေါ်က ရုတ်တရက်နာကျင်မှုကို ခံစားလိုက်ရပြီး သူက မသိမသာ မျက်မှောင်ကြုတ်မိတယ်။
သူ့အတွက်တော့ ဒီလိုနာကျင်မှုမျိုးက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ သူက သူမ သူ့ကို စိုးရိမ်နေမှာကိုတော့ မလိုချင်ဘူးလေ။
သူ့ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေက မသိမသာရွေ့လျားသွားပြီး သူ့ခန္ဓာကိုယ်ပေါ်က သွေးတွေအားလုံးကလည်း ဝိညာဉ်စွမ်းအင်တွေနဲ့အတူ လေထဲမှာ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ အားလုံးကလည်း ပျောက်ကင်းသွားခဲ့တယ်...
အနည်းဆုံးတော့ ဒီလိုမြင်ရသင့်တာပေါ့။
သူ့ခန္ဓာကိုယ်ပေါ်က သွေးနံ့တွေပျောက်ခဲ့သွားပြီးတဲ့အခါမှာတော့ သူက စူးလီဆီကို တစ်လှမ်းချင်း လျှောက်လာခဲ့တယ်။
စူးလီက သူမရဲ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီး သူမဆီကို လာနေတဲ့ရှဲ့ချီယွမ်ကို ပြင်းပြတဲ့စိတ်နဲ့ ကြည့်နေလိုက်တယ်။
သူက သူမကို ဘယ်လောက်တောင် အကြာကြီးရှာဖွေခဲ့ရတာလို့ ပြောလာလိမ့်မယ်လို့ သူမက ထင်ထားခဲ့တာ။ ဒါမှမဟုတ်ဘူးဆိုလည်း သူမအခုလုပ်ခဲ့သလို မြင်ကွင်းကနေ ပျောက်ကွယ်မသွားဖို့ ပြောလာမယ်လို့ထင်ထားခဲ့တာ။ ဒါမှမဟုတ်ရင်လည်း သူမက အဆင်ပြေဖို့ မျှော်လင့်တယ်လို့ ပြောလာမယ်လို့ ထင်ထားခဲ့ပေမဲ့...
မျှော်လင့်မထားဘဲ ရှဲ့ချီယွမ်က သူ့လက်ကို ဒီအတိုင်းဆန့်တန်းလိုက်ပြီး သကြားလုံးတစ်ခုကို လှမ်းပေးလိုက်ကာ သူ့အသံကလည်း သူတို့မခွဲခွာခင်ကအတိုင်း နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ် ဖြစ်နေခဲ့တယ်။
"ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ယဲ့လျန်လုပ်ထားတဲ့ သကြားလုံးကို စားချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"
"မြည်းကြည့်ပါဦး ဒါကိုကြိုက်၊ မကြိုက် သိရအောင်"
စူးလီက သကြားလုံးကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ပြီး ဇဝေဇဝါနဲ့ပြောလိုက်တယ်။ "ရှင်..."
ဒီစကားကိုပဲ ပြောချင်တာလား။
ရှဲ့ချီယွမ်က သကြားလုံးယူလိုက်တဲ့ သူမကို ကြည့်လိုက်တဲ့အချိန်မှာ ခပ်ဖျော့ဖျော့အပြုံးတစ်ခုက သူ့မျက်လုံးထဲမှာ ပေါ်ထွက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ သူ့အသံကလည်း လေးနက်မှုအပြည့်နဲ့ ထွက်လာတယ်။ "နောက်တစ်ခါကျရင် ကျွန်တော် မင်းကို အချိန်အကြာကြီး စောင့်ခိုင်းရအောင် မလုပ်တော့ပါဘူး"
သူ့ရဲ့အာမခံစကားကို ကြားလိုက်ရတဲ့အခါ စူးလီက သူမရဲ့အင်မတန်မှ ရှုပ်ထွေးနေတဲ့ စိတ်ခံစားချက်ထဲက အပြစ်ရှိစိတ်ကို နောက်ဆုံးတော့ ဖယ်ရှားနိုင်ခဲ့တယ်။
သူမက တမင် ရှဲ့ချီယွမ်ကို မခေါ်ဘဲထားခဲ့တာ သိသာရဲ့သားနဲ့...
စူးလီက နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး ရှေ့ကိုတစ်လှမ်းလှမ်းလိုက်ကာ ရှဲ့ချီယွမ်ရဲ့ ဘယ်ဘက်လက်ကို လှမ်းကိုင်လိုက်တယ်။
ရှဲ့ချီယွမ်က မသိမသာ တအံ့တဩဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း ရုတ်တရက်ဆိုသလို တောင့်တင်းသွားခဲ့တယ်။
"စူးစူး မင်း..."
စူးလီက သူ့ခန္ဓာကိုယ်ထဲက ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး အားနည်းချည့်နဲ့နေတဲ့ ဝိညာဉ်စွမ်းအားတွေကို ခံစားမိလိုက်ပြီး လိုရင်းကိုပဲ ပြောလိုက်တော့တယ်။ "ကျွန်မ ရှင့်ဒဏ်ရာတွေကို ကုသပေးမယ်"
နောက်၁စက္ကန့်မှာပဲ သူမက ဘာအတားအဆီးမှမကြုံတွေ့ရဘဲ ရှဲ့ချီယွမ်ရဲ့ဝိညာဉ်စွမ်းအင်ထဲကို ရောက်သွားတာကို တွေ့လိုက်ရတယ်။ ဒါက သူမရဲ့ကိုယ်ပိုင်အိမ်ထဲကို ဝင်ထွက်နေသလိုပဲ။ သံသရာက မြန်မြန်ဆန်ဆန်ကို ပြီးမြောက်သွားခဲ့တယ်။
ရှဲ့ချီယွမ်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်တယ်ဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ သူက မသေမျိုးအဆင့် ရောက်လုနီးပါးဖြစ်နေတဲ့ သူတစ်ယောက်ပဲလေ...
သူက သူမအပေါ်မှာ အဲဒီလောက်တောင် အကာအကွယ် မလုပ်ထားဘူးတဲ့လား။
ဒါပေမဲ့လည်း ရှဲ့ချီယွမ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လုနီးပါးဖြစ်နေတဲ့ ဒဏ်ရာတွေကို ခံစားမိလိုက်ပြီး စူးလီကသူမရဲ့စိတ်ထဲက ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အတွေးတွေကို ဖိနှိပ်ထားလိုက်ရင်း သူ့ဒဏ်ရာအများစုကို ကုသပေးဖို့ပဲအာရုံစိုက်ထားလိုက်တယ်။
ကျန်တာကိုတော့...
စဉ်းစားမနေတော့ဘဲ သူမက သူမရဲ့သိုလှောင်အိတ်ထဲက မှော်စွမ်းအင်ကုသခြင်း ဆေးပင်တစ်ခုကို ထုတ်ယူလာပြီး ရှဲ့ချီယွမ်ရဲ့ပါးစပ်ထဲကို ဒီအတိုင်းထိုးထည့်ပေးလိုက်တယ်။
ရှဲ့ချီယွမ်က အနည်းငယ် တအံ့တဩဖြစ်သွားပြီးတဲ့နောက်မှာ သူက တွေဝေမနေဘဲ ဝိညာဉ်ဆေးပင်တွေကိုစားလိုက်ပြီး သူ့မျက်လုံးထဲမှာလည်း တွယ်ရစ်ကျန်နေတဲ့ အပြုံးတစ်ခု ဖြစ်တည်နေခဲ့တယ်။
သူက ဝိညာဉ်ဆေးပင်တွေကို မျိုချလိုက်တာကို မြင်လိုက်ရပြီးတဲ့နောက်မှာ စူးလီကနောက်ဆုံးတော့ ကိုယ်ကိုလှည့်လိုက်ပြီး သူ့နောက်မှာရှိနေတဲ့ ကျောက်စိမ်း ကြေးမုံကို ဂရုမစိုက်သလို ကြည့်လိုက်တယ်။
ဒီအချိန်မှာပဲ သူမက စောလော့လျှို့ဝှက်နယ်မြေထဲက ကိစ္စတွေကို လုံးဝစိတ်ဝင်စားတာ မရှိလေတော့ဘူး။
ဒါပေမဲ့လည်း ငါ မသွားသေးခင်တော့...
ရှဲ့ချီယွမ်ရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို စဉ်းစားမိလိုက်ပြီး သူမရဲ့မျက်လုံးပေါ်မှာ အေးစက်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
သူမက စောလော့လျှို့ဝှက်နယ်မြေရဲ့ ဝိညာဉ်သခင်ကြီးနဲ့ စကား’ကောင်းကောင်းလေး’တော့ တစ်ခါလောက် ပြောချင်သေးတယ်။
ကျောက်စိမ်းကြေးမုံက သူမရဲ့စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီး ကြေးမုံတစ်ခုလုံးကလည်း အရိပ်တွေ ထွက်လာတဲ့အထိ တုန်လှုပ်သွားခဲ့တယ်။ "လူကြီးမင်း"
"ဒီလောကငယ်လေးထဲမှာ ပိတ်မိနေတဲ့လူ အများကြီးရှိသေးတယ် ဟုတ်တယ်မလား"
အလွန်တရာသေးငယ်တဲ့ အလင်းတစ်ခုက စူးလီရဲ့လက်ထဲမှာ ရုတ်တရက် စုစည်းလာပြီး သူမက တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။
"နင် သူတို့တွေအားလုံးကို လွှတ်ပေးနိုင်သင့်ပါတယ် ဟုတ်တယ်မလား"
ယွီကျင်းက အရာအားလုံးကို ဖျက်ဆီးနိုင်သယောင်ရှိတဲ့ အဲ့ဒီအလင်းရောင်လေးပေါ်က ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်ပြီး ငိုယိုရင်းခေါင်းညိတ်ပြလိုက်တယ်။ "လုပ်နိုင်ပါတယ်"
နောက်၁စက္ကန့်မှာပဲ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေက ရုတ်တရက်ဆိုသလို ဒီလောကငယ်လေးထဲမှာ ပေါ်ထွက်လာခဲ့တယ်။
တချို့ကတော့ အဝတ်အစားတွေ အပိုင်းပိုင်းအစစ ဆုတ်ပြဲနေပြီး ဖယိုဖရဲအနေအထားရောက်နေပြီး တခြားသူတွေကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေကြကာ ဒီလောကငယ်လေးထဲမှာ သူတို့ဆီမှာ ဘာဖြစ်သွားခဲ့တယ်ဆိုတာကို မသိကြတော့ဘူး။ တချို့ကတော့ သွေးဆာနေကြပြီး သူတို့ရဲ့ဓားကိုမရပ်မနား တရစပ် ဝှေ့ရမ်းနေကြဆဲဖြစ်တယ်။ တချို့တွေကတော့ ကိုယ့်ဟာကို ဖျက်ဆီးဖို့တောင်မှ ပြင်ဆင်နေကြပြီဖြစ်တယ်...
စူးလီက ဒီလူတွေရဲ့ထူးဆန်းတဲ့ရုပ်ကို ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်မိလိုက်တယ်။
ဒီလောကငယ်လေးတွေက... လူတွေကိုသတ်ဖြတ်ဖို့ ပုံစံရေးဆွဲထားတဲ့ပုံပဲ။
အသက်၁ချက်၊ ၂ချက်လောက် ရှူပြီးတဲ့ကာလအတွင်းမှာတော့ အားလုံးကနောက်ဆုံးတော့ သတိပြန်ဝင်လာကြပြီး သူတို့ရဲ့ဝိညာဉ်စွမ်းအားတွေကို အူကြောင်ကြောင်နဲ့ ပြန်သိမ်းထားလိုက်ကြတယ်။ ကြီးမြတ်သူလင်းဖုန်း ဘေးမှာရပ်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း သူ့ကိုမြန်မြန် ဖက်ထားလိုက်တယ်။
"လူကြီးမင်း ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါ။ အခုအန္တရာယ် မရှိတော့ပါဘူး။ ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုယ် ဖျက်ဆီးဖို့ မကြိုးစားပါနဲ့တော့"
ကြီးမြတ်သူလင်းဖုန်းက နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ့ဝိညာဉ်စွမ်းအားတွေကို ပြန်သိမ်းဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရတယ်။
ဒီအချိန်မှာတော့ အားလုံးက တည်ငြိမ်သွားကြပြီဖြစ်ကာ သူတို့ပတ်ဝန်းကျင်ကို ဂရုတစိုက်နဲ့ စူးစမ်းလေ့လာလိုက်ကြတယ်။
သိပ်မဝေးလှတဲ့နေရာက စူးလီနဲ့ ရှဲ့ချီယွမ်ကို မြင်လိုက်ရတဲ့အခါ အားလုံးက သူတို့ရဲ့စိတ်ထဲမှာ မနေနိုင်တော့ဘဲ တစ်ခုတည်းကိုသာ တွေးလိုက်ကြတော့တယ်။
ဧကန္တ မသေမျိုးသခင်ကြီးက သူတို့ကို ကယ်တင်ပေးခဲ့တာလား။
သူတို့တွေက ကျောက်စိမ်းကြေးမုံကို ကြည့်နေပြီး ရှေ့မှာရှိနေတဲ့ မသေမျိုးကြီးမြတ်သူစူးလီကို ကျေးဇူးတင်စကား ပြောတော့မဲ့ဆဲဆဲမှာပဲ
"အခု နင့်ရဲ့တကယ့်ခန္ဓာကိုယ်ကို သွားရှာဖို့ ငါ့ကိုခေါ်သွားပေး"
ဒီအချိန်မှာတော့ သူမက မသိမသာ ပြုံးလိုက်ပြီး သိမ်မွေ့နူးညံ့တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။ "ငါ နင့်ရဲ့ တကယ့်မူလခန္ဓာကိုယ်နဲ့ ‘စကားကောင်းကောင်း’ ပြောချင်တယ်"
ယွီကျင်းက ရုတ်တရက်ဆိုသလို အော်ငိုတော့တယ်။ "လူကြီးမင်း ကျွန်မနောက်ဆိုရင် ကောင်းမွန်တဲ့ကြေးမုံပြင်တစ်ခုပဲ လုပ်ပါမယ်။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှတ်ပေးပါ"
အသက်၃ချက်ရှူစာ အပြီးမှာပဲ ယွီကျင်းက ငိုယိုရင်း စူးလီကိုဦးဆောင်ပြီး ခေါ်လာခဲ့တယ်။
အားလုံးက စူးလီနောက်ကလိုက်လာပြီး အချင်းချင်း ကြည့်လိုက်ကြကာ သူတို့ရဲ့မျက်လုံးတွေထဲမှာလည်း ရှုပ်ထွေးသွားတဲ့ အကြည့်တစ်ခု ဖြစ်နေခဲ့တယ်။
စူးလီက အရမ်းကို စွမ်းအားကြီးမားတယ်ဆိုတာ သူတို့ သိထားပြီးဖြစ်နေပေမဲ့လည်း အကြိမ်တိုင်းလိုလိုပဲ သူမက သူတို့ရဲ့နားလည်နိုင်စွမ်းကို အသစ်တစ်ဖန်ဖြစ်အောင် တိုးမြှင့်ပေးနိုင်ခဲ့တယ်။
စောလော့လျှို့ဝှက်နယ်မြေထဲကို လွတ်လွတ်လပ်လပ် သွားလာနေနိုင်ပြီး လောကငယ်လေးထဲက ဝိညာဉ်အစောင့်တွေကို ကြိုက်သလို အမိန့်ပေးလို့ရနိုင်တယ်ဆိုတာက... သူကဘယ်သူများလဲ။
အားလုံးက အမွှေးတိုင်၁တိုင်စာ လမ်းလျှောက်လာပြီးတဲ့နောက်မှာတော့ အလင်းရောင်တစ်ခုက ရုတ်တရက်ဆိုသလို ကျောက်စိမ်းကြေးမုံပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။
"နင့်ရဲ့မူလခန္ဓာကိုယ်က နင့်ကိုဆက်သွယ်လာတာလား" စူးလီက သူမရဲ့ပါးစပ်ထဲက ပဒုမ္မာကြာသကြားလုံးကို ကိုက်စားရင်း သူမရဲ့အသံကလည်း နောက်ဆုံးတော့ အစောပိုင်းက စိတ်ပျက်ပြီး စိတ်ရှုပ်ထွေးနေတဲ့ခံစားချက်တွေ ပျောက်ကွယ်သွားခဲ့တယ်။ "သူ ဘာပြောလဲ"
ယွီကျင်းရဲ့အသံက ထိန်းချုပ်မရတဲ့မျက်ရည်တွေနဲ့ အပြည့်ဖြစ်နေတယ်။ "ဝိညာဉ်သခင်ကြီးက ကျွန်မတို့ကို... ထွက်သွားဖို့ ပြောလိုက်ပါတယ်"
စူးလီက သူ့ရဲ့အဖြေကိုကြားလိုက်တဲ့အခါ ပျင်းရိလေးတွဲစွာနဲ့ သူမရဲ့မေးစေ့ကို ပင့်ထားလိုက်တယ်။ "ဆက်သွားမယ်"
အမွေးတိုင်၁တိုင်စာ ကုန်ဆုံးသွားပြီးတဲ့နောက်မှာ_
စူးလီ: "နင့်ရဲ့မူလခန္ဓာကိုယ်က ဘာထပ်ပြောသေးလဲ"
ယွီကျင်း: "ဝိညာဉ်သခင်ကြီးက... ကျွန်မတို့ကို ထွက်သွားဖို့ တောင်းပန်နေပါတယ်"
…