အခန်း ၁၆၀
Vol. 11 Ch. 160
အပိုင်း (၁၆၀)
လောကစည်းမျဉ်းရဲ့ ဖျက်ဆီးခံလိုက်ရတဲ့ ဝူကျန်းကြေးမုံကို ကြည့်လိုက်ပြီး ရှဲ့ချီယွမ်က ခေါင်းကို အနည်းငယ်လှည့်လိုက်ကာ ပါးနပ်ပြီး ပညာသားပါပါမျက်လုံးတွေနဲ့ သူ့ဘေးမှာ ရပ်နေတဲ့ လူကိုကြည့်လိုက်တယ်။
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်နဲ့ ဒီလျှို့ဝှက်နယ်မြေထဲမှာ ဆန္ဒတစ်ခု လုပ်နိုင်တယ်ဆိုတော့...
ရှဲ့ချီယွမ်က သူ့မျက်လုံးတွေကို မသိမသာ မျက်လွှာချထားလိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း လုံးဝကိုမသိသာတဲ့ ကူကယ်ရာမဲ့သွားတဲ့ အရိပ်တစ်ခုဖြစ်ပေါ်လာတယ်။
စူးလီကလည်း သူ့ရှေ့မှာ ဘာတစ်ခုမှ ဖုံးကွယ်မထားတဲ့အတွက် သူကလည်း သူမရဲ့သရုပ်မှန်ကို အတိုင်းအတာတစ်ခုအထိ ခန့်မှန်းမိတယ်လေ။
ဒါပေမဲ့ သူမရဲ့သရုပ်မှန်က... သူထင်ထားတာထက် အများကြီး ပိုပြီးသာလွန်နေမယ်လို့တော့ ထင်မထားဘူးပေါ့။
ကြည့်ရတာ သူမဘေးမှာ နေဖို့ အရည်အချင်းပြည့်မီဖို့ဆိုရင် သူကတော့ တော်တော်လေး ပိုပြီးတော့ ကြိုးစားရတော့မဲ့ပုံပဲ။
ဒါပေမဲ့...
ရှဲ့ချီယွမ်က မြေကြီးပေါ်မှာ စွဲမက်ဖွယ်ကောင်းအောင် တင့်တယ်လှပစွာ ပွင့်လန်းနေတဲ့ ဝူကျန်းပန်းခိုင်ကို ကြည့်လိုက်ပြီး စူးလီကို အသနားခံနေတဲ့ ၀ူကျန်းကြေးမုံရဲ့စကားလုံးတွေက ရုတ်တရက်ဆိုသလို သူ့စိတ်ထဲမှာပြန်ပေါ်လာခဲ့တယ်။
ချောမောလှပတဲ့...ယောက်ျားတစ်သိုက်တဲ့လား။
သူ့မျက်လုံးထဲမှာ လုံးဝကိုမသိသာတဲ့ ညို့မှိုင်းမှုတစ်ခုဖြစ်သွားပြီး အပြာရောင်ငရဲမီးတစ်ပွင့်က ပန်းပွင့်တွေကြားထဲကို တိတ်တိတ်ကလေး ပြုတ်ကျသွားခဲ့တယ်။ ဝူကျန်းပန်းပွင့်တွေ အားလုံးက ရုတ်ခြည်းဆိုသလို ပြာကျသွားပြီး ဝူကျန်းကြေးမုံရဲ့ အရိပ်အယောင်တွေအားလုံးကလည်း မီးထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။
ဒီအချိန်မှာတော့ စူးလီနဲ့ ရှဲ့ချီယွမ်တို့ရဲ့နောက်က ဂိုဏ်းကြီး၆ခုက လူတွေကလည်း နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။
အစတုန်းက သူတို့ရဲ့အသက်တွေကို စွန့်လွှတ်ဖို့ စဉ်းစားထားခဲ့ကြတဲ့ ဂိုဏ်းချုပ်ကြီးတွေက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ရဲ့မျက်နှာပေါ်မှာလည်း ကြောင်အမ်းအမ်းဖြစ်သွားတဲ့ အမူအရာတွေ ဖြစ်နေခဲ့တယ်။
ခဏအကြာမှာတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့အသံက တုန်တုန်ယင်ယင်နဲ့ ထွက်ပေါ်လာတယ်။
"ပြီးသွားပြီလား"
ကျင့်ကြံရေးလောကကြီးကို ဖရိုဖရဲဖြစ်သွားအောင်လုပ်နိုင်ပြီး သူတို့တွေက သူတို့ရဲ့အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် အချိန်အတိုင်းအတာတစ်ခုအထိပဲ ဖိနှိပ်ခံထားရနိုင်တဲ့ ဝူကျန်းကြေးမုံကြီးက... ဒီလိုပဲ ဖျက်ဆီးခံလိုက်ရတာလား။
ဒါက တကယ်တော့ အိပ်မက်တစ်ခု မဟုတ်ပါဘူးနော်။
ဒါက လူတစ်ယောက်မသေခင်မှာ မက်တတ်တဲ့ တကယ်ကို လှပတဲ့အိပ်မက်နဲ့ တူနေတာပဲ...
ဒါတော့ မဟုတ်သေးဘူး။ အခုလေးတင် ဖြစ်ပျက်သွားခဲ့တဲ့အရာအားလုံးက သူ့အိပ်မက်ထဲမှာတောင် စဉ်းစားမကြည့်ရဲနိုင်တဲ့ အရာမျိုးပဲ။
"ကြည့်ရတာ... ပြီးသွားပြီထင်တယ်" ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ပါးစပ်ကို အတင်းပိတ်ထားလိုက်ကာ အရမ်းကို အထိတ်တလန့် ဖြစ်ရလွန်းလို့ ပါးစပ်တောင်မှ ပြန်မပိတ်နိုင်တော့တဲ့အတိုင်းပဲ။
ဒီအချိန်မှာပဲ အားလုံးက စူးလီကို မိစ္ဆာကြီးတစ်ကောင်ကို မြင်နေရသလိုပုံစံနဲ့ ကြည့်နေကြတယ်။
စကားလေးတစ်ခွန်းက ကျင့်ကြံရေးလောကတစ်ခုလုံးကို ကူကယ်ရာမဲ့သွားအောင် လုပ်နိုင်တဲ့ ဝူကျန်းကြေးမုံကို ကိုယ့်ဟာကိုယ် ဖျက်ဆီးသွားရလောက်တဲ့အထိ ဖိအားပေးနိုင်သတဲ့။
သူက ကျင့်ကြံရေးလောကထဲမှာ ပဋိပက္ခတွေကို ဖယ်ရှားပစ်နိုင်တဲ့ တန်ကြေးကို ပေးလိုက်ရတာပဲ။
မသေမျိုးနတ်ဘုရားတစ်ပါးကတောင် ဒါကို လုပ်နိုင်မှာ မဟုတ်ဘူးလေ။ သူမရဲ့အရည်အချင်းတွေက ကျင့်ကြံသူတစ်ယောက် ရရှိနိုင်တဲ့ အတိုင်းအတာထက် သာလွန်နေတာ အရမ်းသိသာတယ်။
ဒါပေမဲ့ သူက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးဆိုရင် ဘာဖြစ်နိုင်သေးလဲ။
မဟုတ်မှလွဲရော...
သူတို့တွေက မိုးကြိုးပစ်ခံရတာ အကြိမ်ပေါင်းများစွာ ရှိလာတာကြောင့်လားတော့မသိဘူး။ ဒီလိုတွေးလိုက်တဲ့ သူတို့စိတ်ထဲမှာ ဒီအတွေး ထွက်ပေါ်လာတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို သူတို့ရဲ့နှလုံးသားထဲမှာ အေးစိမ့်စိမ့် ခံစားချက်တစ်ခု ဖြစ်သွားပြီး အားလုံးက ကောင်းကင်တာအိုကို အမှတ်တမဲ့စပြီးတော့ ချီးကျူးစကား ပြောဆိုလိုက်တယ်။
စူးလီက အသံကို ကြားလိုက်တဲ့အခါ လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ထူးဆန်းတဲ့အမူအရာကို တွေ့လိုက်ရတယ်။
ဒီလူတွေက... တစ်ခုခုများ ဖြစ်နေကြတာလား။
သူတို့တွေက ဘာဖြစ်လို့ တစ်ချိန်လုံး သူမကိုပဲ ချီးကျူးစကားပြောနေကြတာလဲ။
ဒီအချိန်မှာပဲ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက အရင်ဆုံး သတိဝင်လာတယ်။ သူက စူးလီကို တလေးတနက် ဦးညွှတ်လိုက်ပြီး သူ့အသံထဲမှာလည်း ကျေးဇူးတင်တဲ့စိတ် အပြည့်ဖြစ်နေခဲ့တယ်။
"ကျေးဇူးတင်ပါတယ် ချန်ပေ့။ ကျင့်ကြံရေးလောကနဲ့ ရွှေဟော်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူ့စကားဆုံးသွားတာနဲ့ ချက်ချင်း ဂိုဏ်းကြီးခြောက်ဂိုဏ်းက ကျင့်ကြံသူတွေအားလုံးကလည်း တစ်ပြိုင်တည်း သူမကို ဦးညွတ်လိုက်ကြပြီး သူတို့ရဲ့အသံထဲမှာလည်း တစ်ခါမှာမဖြစ်စဖူး လေးစားမှုတွေနဲ့အပြည့်ဖြစ်နေခဲ့တယ်။
"ကျင့်ကြံရေးလောကကြီးနဲ့ ရွှေဟော်ကို ကယ်တင်ပေးတဲ့အတွက် ချန်ပေ့ကို ကျေးဇူးတင်ပါတယ်"
စူးလီက ကျင့်ကြံရေးလောကထဲကို ဆင်းလာကတည်းက ဒီစကားတွေကို မရေမတွက်နိုင်အောင် ကြားခဲ့ပြီးပြီလေ။ သူမရဲ့နားရွက်တောင်မှ ဒီစကားသံကြောင့် အသားမာတက်လုနီးပါးပဲ။
ဒီလူတွေက ချီးကျူးစကားနဲ့ ကျေးဇူးတင်စကားကို တတွတ်တွတ် ပြောကြတော့မှာကို မြင်လိုက်တဲ့အခါ သူမက မြန်မြန်လက်ဝှေ့ယမ်းပြလိုက်ပြီး သူမရဲ့အသံထဲမှာလည်း ဘာကိုမှမမှုတဲ့ အရိပ်အယောင်တစ်ခု ပါသွားခဲ့တယ်။
"လျှို့ဝှက်နယ်မြေထဲမှာ ကောင်းကောင်းကမ်းကမ်း ဘာမှမရှိပါဘူး။ ရှင်တို့တွေ ဘာဖြစ်လို့ မထွက်သွားသေးတာလဲ"
သူမက စကားပြောပြီးလိုက်တာနဲ့ ချက်ချင်း သူမရဲ့ခေါင်းကို မသိမသာလေး စောင်းထားလိုက်ကာ လေထဲမှာ တုန်တုန်ယင်ယင်နဲ့ သူ့ရဲ့တည်ရှိမှုကို အကောင်းဆုံးသေးငယ်အောင် ကြိုးစားနေတဲ့ ကျောက်စိမ်းကြေးမုံကို လှမ်းကြည့်လိုက်တယ်။
"ဒီကြေးမုံပြင်က..."
သူမက ကျောက်စိမ်းကြေးမုံရဲ့အသက်ရှူသံကို ခံစားမိလိုက်ပြီး မသိမသာ မျက်ခုံးပင့်ထားလိုက်တယ်။
"ဝူကျန်းကြေးမုံပြင်က လျှို့ဝှက်နယ်မြေထဲမှာ စည်းမျဉ်းနိယာမအစွမ်းကို စုပ်ယူနိုင်တဲ့ ကိုယ်ပွားတွေ ရှိနေမှာ စိုးရိမ်တယ်လေ။ ဒါကြောင့် သူက သူတို့တွေကို ဒီအရည်အချင်းကို အလဲအလှယ် လုပ်ခွင့် မပေးထားဘူး"
"ဒီကြေးမုံကလည်း မွေးဖွားလာကတည်းက မကောင်းတာ တစ်ခုခုလုပ်ဖို့ အခွင့်အရေး လုံးဝမရခဲ့ဘူးလေ"
ရုတ်တရက် ထရပ်လိုက်တဲ့ ကျောက်စိမ်းကြေးမုံကို ကြည့်လိုက်ပြီး သူမက ပြုံးလိုက်တယ်။
"တကယ်လို့ သူက ချန်ဖူးဂိုဏ်းမှာ ဆယ်စုနှစ်တစ်ခုလောက်နေပြီး သူ့ကိုယ်သူ သန့်စင်အောင် လုပ်ခဲ့မယ်ဆိုရင် သူက တော်တော်လေးကို ကောင်းမွန်တဲ့ ဝိညာဉ်ရတနာတစ်ခု ဖြစ်လာနိုင်တယ်"
စူးလီရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်ဖူဂိုဏ်းသားတွေက တည်တည်ကြည်ကြည်နဲ့ ဦးညွတ်လိုက်ပြီး ပြောလိုက်တယ်။ "ချန်ပေ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ့မယ်"
ယွီကျင်းက သူ့ရဲ့မူလခန္ဓာကိုယ် ပျက်စီးသွားတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက ဆက်ပြီး အသက်ရှင်နိုင်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။
စူးလီရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူကအရမ်းကို စိတ်ထဲမှာခံစားလိုက်ရပြီး မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့ကာ ရေပေါက်ရေစက်တွေက ကြေးမုံပြင်ပေါ်မှာ တစ်စက်စက် စီးကျလာခဲ့တယ်။ "လူကြီးမင်း... ဝူးဝူးဝူး... လူကြီးမင်းက ကျွန်မရဲ့ပြန်လည်မွေးဖွားလာတဲ့မိဘပါပဲ။ လူကြီးမင်းက..."
သူက အမြဲတမ်းလိုလို တစ်ဖက်လူရဲ့ အမူအရာကို အကဲခတ်နေခဲ့တာလေ။ စူးလီရဲ့မျက်နှာပေါ်က စိတ်မရှည်တဲ့ပုံကို မြင်လိုက်ရပြီးတဲ့နောက်မှာ ချက်ချင်းဆိုသလိုပဲ ပြောနေတဲ့စကားကို ရပ်လိုက်ပြီး ကြေးမုံပြင်အဖြစ် ပြန်လည်ပြောင်းလဲလိုက်ကာ ချန်ဖူဂိုဏ်းသားရဲ့ဘေးကို သွားလိုက်ပြီးတဲ့နောက် စူးလီကို အာမခံပေးဖို့ ကြေးမုံပြင်ရဲ့မျက်နှာပြင်ကို ပုတ်လိုက်တယ်။
"လူကြီးမင်း စိတ်မပူပါနဲ့။ ကျွန်မ သေချာပေါက် လူသစ်စိတ်သစ် ဖြစ်အောင် ပြောင်းလဲပြီး ကြေးမုံပြင်အသစ် ဖြစ်လာပါ့မယ်"
စူးလီက သူ့ကို ပျင်းရိလေးတွဲစွာနဲ့ လက်ခါပြလိုက်ပြီး ကိုယ်ကိုလှည့်လိုက်တဲ့အချိန် ရှဲ့ချီယွမ်ကို မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးတွေက အနည်းငယ် တောက်ပလာခဲ့တယ်။
"ကျွန်မ ယကျူးလုပ်ထားတဲ့ သကြားလုံးကို မြည်းကြည့်ချင်သေးတယ်။ အဲ့ဒါတွေရော အရသာပိုကောင်းလာပြီလား"
သူမရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်က ခဏလောက် သေသေချာချာ လေးစဉ်းစားလိုက်ပြီးမှ တော်တော်လေးသေချာတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။ "မနက်ဖြန်ကျရင် ကျွန်တော် စူးစူးအတွက် ယူလာပေးမယ်လေ"
စူးလီက ဒီအတိုင်း ထုတ်ပြောလိုက်ပေမဲ့လည်း သူ့ရဲ့အဖြေကို ကြားလိုက်ရတဲ့အခါ တအံ့တဩ မျက်တောင်ခတ်ပြလိုက်ပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။ "ကောင်းပြီလေ"
စူးလီနဲ့ ရှဲ့ချီယွမ်တို့က ဝမ်းသာအားရ စကားစမြည်ပြောရင်း ဘေးချင်းယှဥ်လျှောက်ကာ ထွက်သွားကြတယ်။
သူတို့နောက်က လိုက်လာတဲ့လူတွေကလည်း ရှေ့က ထွက်လာတဲ့စကားဝိုင်းရဲ့ ခပ်တိုးတိုးရယ်သံတွေကို နားထောင်လိုက်ပြီး အားလုံးရဲ့မျက်လုံးထဲမှာ အတိတ်ကို ပြန်သတိရသွားတဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်သွားတယ်။
တကယ်တမ်းကျတော့ စူးလီချန်ပေ့နဲ့ မသေမျိုးကြီးမြတ်သူတို့က...
ဒါပေမဲ့လည်း စူးလေနဲ့ ရှဲ့ချီယွမ်တို့ကိုလေးစားတဲ့အနေနဲ့ ဘယ်သူကမှ ဒီအကြောင်းကို အများကြီး မစဉ်းစားရဲကြဘူး။
အထူးသဖြင့် စူးလီရဲ့ကိစ္စနဲ့ ပတ်သက်ရင်ပေါ့။ သူတို့တွေက အများကြီး မစဉ်းစားရဲဘူးလေ... သူတို့တွေ မိုးကြိုးပစ်ခံရမှာ တကယ်ကြောက်ပါတယ်။
သူတို့ပတ်ဝန်းကျင်က အောင့်သက်သက် ကိုးရို့ကားရားအခြေအနေကို ခံစားလိုက်ရပြီးတဲ့နောက်မှာ ရွှမ့်ချန်ဂိုဏ်းရဲ့ နားလည်မှုအရှိဆုံးဂိုဏ်းချုပ်ကြီးက အပြုံးတစ်ခုနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးကို ဦးလွှတ်နှုတ်ဆက်လိုက်တယ်။
"ထျန်းကျီးဂိုဏ်းချုပ်ကြီးက တကယ်တော့ ရှေ့ဖြစ်ကို ကြိုတွက်ချက်နိုင်တဲ့ ပညာရှင်တစ်ယောက်ပါပဲ"
ဒီအချိန်မှာတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း သတိပြန်ဝင်လာပြီး သူ့အသံထဲမှာ အရင်တုန်းကလို အရမ်းကြီး လေးနက်တဲ့ပုံ မပေါ်တော့ဘူး။ "ဟုတ်ပါတယ်။ ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ အတွက်အချက်က အင်မတန်မှ တိကျခဲ့ပါတယ်"
အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ခရီးတစ်ခု ဖြစ်လာနိုင်တဲ့ လျှို့ဝှက်နယ်မြေကို ဝင်တဲ့ခရီးတစ်ခုက တကယ်တမ်းကျတော့ ထျန်းကျီးဂိုဏ်းချုပ်ကြီး ပြောခဲ့သလိုပဲဖြစ်နေပြီး သူတို့တွေက အိမ်ကို အလွယ်တကူ ပြန်လာနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ"
အံ့သြစရာကောင်းလောက်အောင်ပဲ ကျင့်ကြံသူတစ်ယောက်တစ်လေမှ မသေဆုံးခဲ့ကြတဲ့အပြင် သူတို့ရဲ့ဒဏ်ရာတွေကလည်း မပြင်းထန်ဘဲ ၂ရက်လောက် အနားယူလိုက်တာနဲ့ ကုသပျောက်ကင်းသွားနိုင်ခဲ့တယ်။
သူတို့တွေက အပြင်လောကရဲ့ထုတ်ဖော်ပြောကြားခြင်းကတစ်ဆင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀က လျှို့ဝှက်နယ်မြေထဲမှာ ဖြစ်ပွားခဲ့တဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရပြီး စူးလီရဲ့အကာအကွယ်အောက်မှာ အထိအခိုက်မရှိဘဲ လွတ်မြောက်ခဲ့တယ်။
ဝရုန်းသုန်းကား ဖြစ်ရပ်တွေအားလုံးကလည်း ဘာမှမရှိတော့တဲ့ နတ္ထိသဘောတရားအဖြစ် ပျောက်ကွယ်သွားခဲ့တယ်။
ကြည့်ရတာ ဒါက ဘုရားသခင်ရဲ့ ကျင့်ကြံရေးလောကအပေါ် ကူညီစောင်မမှုပဲ ဖြစ်ရမယ်။
လျှို့ဝှက်နယ်မြေအပြင်ဘက်မှာတော့ ဂိုဏ်းကြီး၆ခုကတပည့်တွေ၊ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေက စုဝေးနေကျပြီး အားလုံးကလည်း သူတို့ရဲ့မျက်နှာပေါ်မှာ တည်ငြိမ်ပြီး ဝမ်းနည်းနေတဲ့ အမူအရာတွေနဲ့ ဖြစ်နေကြတယ်။
အပြင်လောကကလာတဲ့စကားသံ ထုတ်ပြောခဲ့တဲ့ သေလုနီးပါး အတွေ့အကြုံရှိနိုင်တဲ့ နေရာတစ်ခု၊ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီက မရေမတွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို ပိတ်လှောင်ပြီး သေစေခဲ့တဲ့ လျှို့ဝှက်နေရာတစ်ခု...
အစကတည်းက ဂိုဏ်းချုပ်ကြီးနဲ့သူ့ရဲ့လူတွေက ပြန်လာဖို့ အစီအစဉ်မရှိဘဲ အားလုံးကို သေသေချာချာ အစီအစဉ်ချပေးခဲ့တယ်။
ဂိုဏ်းချုပ်ကြီးတွေရဲ့ တပည့်အရင်းတွေနဲ့ ကြီးမြတ်သူတွေက အသံထွက်ပြီး ငိုကြွေးနေကြလေရဲ့။
ဒီအချိန်မှာပဲ လျှို့ဝှက်နယ်မြေက ရုတ်တရက်ဆိုသလို တောက်ပတဲ့အလင်းတန်းတစ်ခု ထုတ်လွှတ်လာခဲ့တယ်။ အားလုံးက အလင်းတန်းဘက်ကို ကြည့်လိုက်ပြီး လျှို့ဝှက်နယ်မြေထဲကို ဝင်သွားကြတဲ့လူတွေအားလုံးက တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်ထွက်လာတာကို မြင်လိုက်ရတယ်။
"ဂိုဏ်းချုပ်ကြီးလား..."
"ဆရာ..."
အားလုံးက သူတို့ရဲ့ဝမ်းနည်းနေတဲ့မျက်နှာကို မဖုံးကွယ်ရသေးခင်မှာဘဲ သူတို့ရဲ့မျက်နှာပေါ်မှာ သူတို့ရဲ့ရုပ်ရည်ကို တော်တော်လေး ထူးခြားသွားအောင် ပြုလုပ်လိုက်တဲ့ အံ့ဩမှုနဲ့ဝမ်းနည်းမှု ခံစားချက် အရောအနှောတစ်ခု ဖြစ်သွားခဲ့တယ်။
ဂိုဏ်းချုပ်ကြီးနဲ့ ဆရာတို့က လွန်ခဲ့တဲ့၅နာရီလောက်ကမှ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားခဲ့ကြတာမဟုတ်လား။
သူတို့တွေ အခုပဲပြန်ထွက်လာကြပြီတဲ့လား။
အထိအခိုက်မရှိ မြင့်မားတဲ့စိတ်အားတက်ကြွမှုတွေနဲ့ ထွက်လာကြတယ်။
ဒါမှမဟုတ် သူတို့တွေပဲ အချိန်အမှတ်မှားသွားလို့လား... ဧကန္တ ဂိုဏ်းချုပ်ကြီးနဲ့ တခြားသူတွေက လျှို့ဝှက်နယ်မြေထဲကို မဝင်ရသေးတာလား။
ဂိုဏ်းချုပ်ကြီး တော်တော်များများက လျှို့ဝှက်နယ်မြေထဲမှာ ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာများကို အကျဉ်းချုံး ပြောပြလိုက်ပြီး သူတို့အားလုံးက တည်ငြိမ်နေတဲ့အမူအရာနဲ့ ချန်ဖူဂိုဏ်းထဲကို ဝင်သွားကြတော့တယ်။
အခုအချိန်မှာတော့ ဝူကျန်းကြေးမုံပြဿနာကို ဖြေရှင်းပြီးသွားပြီ။ ဝူကျန်းကြေးမုံရဲ့ပိုင်ရှင် ကျင့်ကြံရေးလောကထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀က ဖရိုဖရဲတွေကို ဖြစ်သွားစေခဲ့တဲ့ တရားခံကတော့ အခုအထိ အသက်ရှင်နေသေးတယ်။
ဒီအပြင် သူက ပိုပြီးကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုကိုလည်း ကြံစည်ထားသေးတယ်။
ဒီလူ အသက်ရှင်နေသရွေ့ ကျင့်ကြံရေးလောကကြီးက အေးချမ်းနေလိမ့်မှာ မဟုတ်ဘူး။
ဒီအချိန်မှာတော့ သူတို့တွေက ဒီလူဘယ်မှာရှိနေလဲဆိုတာကို သိသွားကြပြီ။
နတ်ဆိုးလောက... နောက်ဆုံးဝိညာဉ် တည်ရှိရာ ချောက်နက်ကြီး။
ဝိညာဉ်တို့ရဲ့ချောက်နက်ကြီးထဲမှာ-
ရှီထျန်းက ဝူကျန်းကြေးမုံက သူနဲ့ လုံးဝကို အဆက်အသွယ်ပြတ်သွားတာကို ခံစားလိုက်ရပြီး သူ့မျက်လုံးတွေထဲက အကြည့်ကလည်း ရူးသွပ်သွားခဲ့တော့တယ်။
ဝူကျန်းကြေးမုံဆိုတာ သူ အားစိုက်ထုတ်မှုတွေ အများကြီးထည့်ထားပြီး နှစ်ပေါင်းထောင်ချီအောင် အချိန်ပေးပြီး သန့်စင်ထားခဲ့တဲ့ ဝိညာဉ်ရတနာတစ်ခုပဲ။ သူ့ကို သူ့ရဲ့ဝိညာဉ်စွမ်းအင်သွေးတွေနဲ့ တိုက်ကျွေးပေးခဲ့တာ။ သူနဲ့ ခွဲခွာသွားနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀လုံးက လျှို့ဝှက်နယ်မြေထဲကို ခရီးသွားခဲ့ပြီးတဲ့နောက်မှာ ဝူကျန်းကြေးမုံက မြင့်မြတ်ရှေးဟောင်းရတနာတစ်ခု ဖြစ်လာပြီးသားပဲ။
ဒါပေမဲ့ အခုကျတော့ သူက ဝူကျန်းကြေးမုံရဲ့တည်ရှိမှုကို ခံစားလို့မရနိုင်တော့ဘူး။
ဝူကျန်းကြေးမုံ ဖျက်ဆီးခံလိုက်ရပြီ။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကျင့်ကြံရေးလောကထဲမှာ လောကစည်းမျဉ်းနယ်မြေကို ဖျက်စီးနိုင်တဲ့သူ မရှိသေးပါဘူး။ အခု သူ့ကိုပိုပြီးဒေါသထွက်ရစေတဲ့အရာက ဝူကျန်းကြေးမုံက သူရှိနေ သေးတာကို ထုတ်ပြောလိုက်ပြီလားဆိုတာက မသိသေးတဲ့အချက်ပဲ။
ကျင့်ကြံရေးလောကထဲမှာ ဘယ်သူကမှ သူ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူးဆိုပေမဲ့လည်း...
ပြီးခဲ့တဲ့နှစ်ပေါင်း ၁၀၀၀အတွင်း ကျင့်ကြံရေးလောကထဲမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ သူ မသိထားသလို လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀တုန်းက သူ့အစီအစဉ်တွေ အားလုံးကလည်း ရုတ်တရက်ကြီး ပျက်စီးသွားရတဲ့ အကြောင်းအရင်းကိုလည်း မသိလေဘူး။
သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုတစ်ခုအဖြစ် အသုံးချမဲ့ စောလော့လျှို့ဝှက်နယ်မြေထဲမှာတောင်...
ကိစ္စပေါင်းသောင်းချီကို စိတ်ပူစရာမလိုဘဲ အဆိုးဆုံးကိုပဲ ပြင်ဆင်ထားလိုက်တော့တာပေါ့။
တကယ်လို့ ကျင့်ကြံရေးလောကထဲက အဲဒီလူတွေကသာ သူ ရှိနေမဲ့နေရာကို သိသွားမယ်ဆိုရင်...
မဖြစ်ဘူး။
သူ့မှာ အချိန်ပိုလိုအပ်ပြီး သူ့ကိုအလုပ်အကျွေးပြုမဲ့ နတ်ဆိုးအစေခံတွေလည်း လိုအပ်သေးတယ်။
ဒီလိုစဉ်းစားလိုက်ပြီး ရှီထျန်းဘေးက ကြမ်းတမ်းခက်ထန်တဲ့ အနက်ရောင်စွမ်းအင်တွေက တဖြည်းဖြည်း လျော့နည်းသွားခဲ့တယ်။
အန္တိမဝိညာဉ်ချောက်နက်ကြီးဆိုတာ နတ်ဆိုးလောကရဲ့ တားမြစ်ထားတဲ့နေရာတစ်ခုပဲ။ တကယ်လို့ ဒီနေရာကို ဝင်လာချင်တယ်ဆိုရင် နတ်ဆိုးဘုရင်ကြီးရဲ့ မှော်စည်းတံဆိပ် တစ်ခုရှိမှရမယ်။
နတ်ဆိုးဘုရင်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀တုန်းက သူ့လက်ထဲမှာ သေသွားပြီလေ။
သူက ကျင့်ကြံရေးလောကထဲက လက်ရှိအခြေအနေကို မသိနိုင်ဘူးဆိုပေမဲ့လည်း နတ်ဆိုးလောကရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သူ သေချာလေးသိထားတယ်။
ဒီနေ့အခါမှာ နတ်ဆိုးလောကကို အပိုင်း၃ပိုင်း ပိုင်းခြားထားတယ်။ နတ်ဆိုးသခင်၃ယောက်က တူညီတဲ့အရည်အချင်းတွေရှိကြပြီး အပြန်အလှန် မုန်းတီးကြတယ်။ ဘယ်နတ်ဆိုးသခင်ကမှ ကျန်တဲ့၂ယောက်ကို မဖိနှိပ်နိုင်သလို နတ်ဆိုးဘုရင်လည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး။
နတ်ဆိုးဘုရင် မရှိတဲ့အတွက် နတ်ဆိုးဘုရင်စည်းတံဆိပ်ဆိုတာကလည်း ရှိလာမှာမဟုတ်ဘူး။ ဘယ်သူကမှ အန္တိမဝိညာဉ်ချောက်နက်ထဲကို ဝင်လာနိုင်လိမ့်မှာ မဟုတ်ဘူး။
ဒီလိုစဉ်းစားလိုက်ပြီး မှောင်မဲနေတဲ့ အရှိန်အဝါတစ်ခုက ရှီထျန်းရဲ့မျက်လုံးထဲမှာ ပေါ်ထွက်လာခဲ့တယ်။
နတ်ဆိုးလောကက အခုအရမ်းကို အေးချမ်းနေသေးတယ်လေ။ သူက ဒါကိုပိုပြီး ဖရိုဖရဲဖြစ်သွားအောင် လုပ်ချင်တယ်။
ဒီအချိန်ကိုက်မှာပဲ သူကသွေးတွေ၊ သတ်ဖြတ်မှုတွေ၊ သစ္စာဖောက်မှုတွေကို လိုအပ်နေတယ်။
ကျင့်ကြံရေးလောကထဲက အဲဒီလူတစ်စုက တကယ်ပဲနတ်ဆိုးလောကထဲကို လာခဲ့မယ်ဆိုရင်တောင် ဘာဖြစ်နိုင်မှာမလို့လဲ။
နတ်ဆိုးလောကထဲက ဖရိုဖရဲအခြေအနေတွေက နှစ်ထောင်ချီကြာအောင် ဘယ်တုန်းကမှ ရပ်တန့်ခဲ့တာမှ မဟုတ်ဘဲ။ အခုဆိုရင် နတ်ဆိုးသခင်၃ယောက်ကလည်း မဟာရန်သူတွေ ဖြစ်သွားကြပြီ။ သူတို့အားလုံးက မဆုံးနိုင်တဲ့အမုန်းတရားတွေကို ထုတ်လုပ်ပေးနိုင်တယ်။
ဒီလိုအခြေအနေအောက်မှာ နတ်ဆိုးဘုရင် မွေးဖွားလာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
သူတို့တွေက ဖရိုဖရဲဖြစ်နေတဲ့ နတ်ဆိုးလောကကြီးကို အေးချမ်းသွားအောင် လုပ်နိုင်မှာမလို့လား။
ရယ်စရာပဲ။
ရှီထျန်းက ရက်ရက်စက်စက် ကြောက်မက်ဖွယ်ကောင်းအောင် အော်ရယ်လိုက်ပြီး အနက်ရောင်လေစီးကြောင်းတွေက သူ့ခန္ဓာကိုယ်ထဲကနေ တိတ်တဆိတ် ထွက်ခွာသွားကာ ချောက်နက်ကြီးရဲ့ အပေါ်ဘက်ကောင်းကင်ဆီကို ပျံတက်သွားကြတော့တယ်။
...