အခန်း ၁၆၁
Vol. 11 Ch. 161
အပိုင်း (၁၆၁)
စူးလီက မီးဖိုချောင်ထဲမှာတောင် အလောမကြီး ချောချောမွေ့မွေ့လေး လှုပ်ရှားနေတဲ့ ရှဲ့ချီယွမ်ကိုကြည့်လိုက်ပြီး ဘာမှမတတ်နိုင်တော့သလို မျက်တောင်ခတ်လိုက်မိတော့တယ်။
သူမက တံခါးဘောင်ကို မှီထားရင်း စိတ်ထဲမှာတော့ ကြိတ်ပြီးသက်ပြင်းချမိတယ်။
တချို့လူတွေကလေ အစားအသောက် ပြင်ဆင်နေတာတောင်မှ မျက်လုံးထဲမှာ ဘယ်လိုလုပ်ပြီး အဲဒီလောက်အထိ ကြည့်လို့ကောင်းနေပါလိမ့်။
သူမက ရှဲ့ချီယွမ်ရဲ့ လှုပ်ရှားမှုတွေကို ပျင်းပျင်းရိရိနဲ့ စောင့်ကြည့်နေတုန်းမှာပဲ ရှဲ့ချီယွမ်က လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ယကျူးမုန့်တစ်တုံးကိုယူပြီး သူမဆီကို လျှောက်လာခဲ့တယ်။
သူက သူ့လက်ထဲက ယကျူးမုန့်ကို သူမနှုတ်ခမ်းဆီ အသာအယာကပ် ပေးလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ အောက်ကနေဖြန့်ပြီး ခံပေးထားကာ ယကျူးမုန့်ကနေ ကြွေကျလာတဲ့ အမှုန့်လေးတွေကို ဂရုတစိုက်ခံထားပေးပြီး သူ့အသံကလည်း အပြုံးရိပ်လေးတစ်ခု သယ်ဆောင်ထားတယ်။
"မြည်းကြည့်ပါဦး အရသာကိုက်ရဲ့လား"
သူရွေ့လျားလာတာနဲ့အမျှ ချိုမြတဲ့မွှေးရနံ့လေးကလည်း လှိုက်တတ်လာခဲ့တယ်။
စူးလီက အနည်းငယ် မျက်လွှာချထားလိုက်ပြီး သူမရှေ့က အနုပညာလက်ရာတစ်ခုလို အရမ်းကို အနုစိတ်နေတဲ့ ယကျူးမုန့်လေးကို ကြည့်လိုက်ပြီး အသာအယာ မျက်တောင်ခတ်မိသွားတယ်။
သူမက တစ်ကိုက်လောက် ကိုက်လိုက်ပြီးတဲ့အခါ သူမရဲ့ပါးစပ်ထဲမှာ မသိမသာခါးသက်သက် ဖြစ်သွားပေမဲ့လည်း ချိုမြိန်တဲ့အရသာကို ခံစားလိုက်ရပြီး သူမရဲ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို လင်းလက်သွားခဲ့တယ်။
သူမက ခေါင်းကိုမော့လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလည်း တောက်ပနေတဲ့အပြုံးတွေနဲ့ ပြည့်နှက်သွားတယ်။ "အရသာရှိလိုက်တာ"
ရှဲ့ချီယွမ်ရယ်။ ဒါကိုဘယ်လိုများ လုပ်ထားတာလဲ။ သူလုပ်ထားတဲ့ ဝိညာဉ်စွမ်းအင် အစားအသောက်တွေက အမြဲလိုလို သူမအကြိုက်နဲ့ ဘာလို့ကိုက်ညီနေပါလိမ့်။
သူမ စကားဆုံးသွားတာနဲ့ချက်ချင်း သူမကလက်တစ်ဖက်နဲ့ ယကျူးမုန့်ကို လှမ်းယူလိုက်ကာ တစ်ကိုက်ပြီးတစ်ကိုက် ဂရုတစိုက်နဲ့ စားသောက်လိုက်တယ်။ ကိုက်လိုက်တဲ့ မုန့်တစ်ကိုက်စီတိုင်းက သူမရဲ့မျက်လုံးတွေကို ကျေနပ်စွာနဲ့ ကျဉ်းမြောင်းသွားစေခဲ့တယ်။
ရှဲ့ချီယွမ်က သူ့မျက်လုံးထဲမှာ မသိသာတဲ့အပြုံးတစ်ခုနဲ့ သူမရဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေတယ်။
သူက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး တစ်ဖက်က အသီးလက်ဖက်ရည်ကို နွှေးထားတဲ့နေရာဆီကို သွားလိုက်ကာ အသီးလက်ဖက်ရည်တစ်ခွက်ကို ထည့်ပေးလိုက်တယ်။
ရှဲ့ချီယွမ်ရဲ့အသံက အရင်တုန်းကထက်တောင် ပိုပြီးတော့ နူးညံ့သိမ်မွေ့လာပြီး ရင်းနှီးကျွမ်းဝင်တဲ့ အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားတယ်။ သူက မသိမသာပြုံးလိုက်ပြီး "မင်းသဘောကျရင် ရပါပြီ"
စူးလီက သူမရဲ့အသီးလက်ဖက်ရည်ကို သောက်ပြီးသွားတာကို မြင်လိုက်ရတဲ့အခါ သူမလက်ထဲကခွက်ကို လှမ်းယူလိုက်ပြီး သူမဘေးကစားပွဲပေါ်ကို အသာအယာချထားလိုက်တယ်။
သူက ခေါင်းကိုအနည်းငယ်ငုံ့ထားပြီး စားပွဲပေါ်မှာရှိနေတဲ့ ကျန်နေသေးတဲ့ယကျူးမုန့်တွေကို တည်တည်ငြိမ်ငြိမ် ကျက်သရေရှိရှိနဲ့ နေရာချထားလိုက်ကာ ဒီအတိုင်း သာမာန်ကာလျှံကာလေး ပြောလိုက်သလိုပါပဲ။ "ဒါဆိုရင် အခုအချိန်ကစပြီး မင်းအတွက် ကျွန်တော် ဒါကို အမြဲတမ်းလုပ်ပေးပါမယ်"
စူးလီက သူ့အသံကိုနားထောင်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ အံ့သြသွားတဲ့အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတယ်။
အမြဲတမ်း ဟုတ်လား...
ပိုင်ကျစ်ယွင်၊ ရှန်ကျန်းဟန်နဲ့ တခြားသူတွေကလည်း အရင်တုန်းက ဒီလိုစကားကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူမက အဲဒီအချိန်တုန်းက သူတို့စကားကို ဘယ်တုန်းကမှ တလေးတနက် မရှိခဲ့ဖူးဘူးလေ။ သူမက သူတို့ကိုကျေနပ်စေဖို့ ဒီအတိုင်းပဲ သဘောတူခဲ့တာပဲရှိတာ။
လူတိုင်းရဲ့ဘဝသက်တမ်းက အသက်၁၀၀ ဘယ်တော့မှမကျော်တဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းထဲမှာ အမြဲတမ်းဆိုတဲ့စကားလုံးက အရမ်းကို ချဲ့ကားလွန်းတယ်လေ။
သူမငယ်ငယ်တုန်းက သူမနဲ့အတူ အမြဲတမ်း နေသွားမယ်လို့ပြောခဲ့တဲ့ သူမရဲ့မိဘတွေကတောင် သူမရဲ့ရောဂါအကြောင်း သိသွားပြီးတဲ့နောက်မှာ သူမကို ပုဂ္ဂလိကဆေးရုံတစ်ခုမှာ စွန့်ပစ်ခဲ့တယ်။ သူတို့တွေက ဆယ်စုနှစ်တစ်ခုကျော်လာတာတောင်မှ သူမဆီကို ရောက်လာခဲ့တယ်ဆိုတာက လက်ချိုးရေလို့ရတယ်လေ။
ဒီအပြင် ဒါက ကျင့်ကြံရေးလောကကြီးပဲ။ ရှဲ့ချီယွမ်က အသက်ရှင်နေထိုင်လာခဲ့တာ နှစ်ထောင်ချီနေပြီ။ သူ ပြောခဲ့တဲ့ထာဝရဆိုတဲ့စကားက အရမ်းကို ရှည်လျားလွန်းပါတယ်...
ဧကန္တ သူက သူမရဲ့ဘေးမှာ နှစ် ၁၀၀၀လုံးလုံး တကယ်ပဲ နေနိုင်လို့လား။
ရှဲ့ချီယွမ် အရင်တုန်းက ပြောခဲ့တဲ့စကားကို ပြန်စဉ်းစားလိုက်မိပြီး စူးလီက မျက်လွှာချထားလိုက်ကာ သူမမျက်လုံးထဲက ခံစားချက်တွေအားလုံးကို ဖုံးကွယ်ထားလိုက်တယ်။
ဒါပေမဲ့လည်း ဒီအခိုက်အတန့်အတွင်းမှာပဲ သူမက သူမရဲ့ အစောပိုင်း ပျင်းရိငြီးငွေ့ပြီး အေးအေးလူလူရှိနေတဲ့ ရုပ်သွင်လေးကို ပြန်ဆောင်ထားလိုက်တယ်။ သူမက ရှဲ့ချီယွမ်ကို လက်ဝှေ့ရမ်းပြလိုက်ပြီး သူမရဲ့အသံထဲမှာ ဘာခံစားချက်မှမပါဘဲ ပြောလိုက်တယ်။
"ပြောမရဘူး တစ်ရက်ကျရင် ကျွန်မ ဒါကို စားချင်မှ စားတော့မှာ"
ရှဲ့ချီယွမ်ရဲ့လှုပ်ရှားမှုတွေက အနည်းငယ် ရပ်တန့်သွားပြီး မုန့်ကိုင်ထားတဲ့သူ့လက်ကလည်း အနည်းငယ် တောင့်တင်းလာခဲ့တယ်။
စူးလီစကားလုံးထဲက ငြင်းပယ်လိုက်တဲ့အခြေအနေက အရမ်းကို သိသာထင်ရှားထင်ရှားနေတာမှ လုံးဝကိုလျစ်လျူရှုထားလို့ မရနိုင်လောက်အောင်ဘဲ။
အသက်တစ်ချက်ရှုစာ အချိန်ပြီးသွားတဲ့နောက်မှာတော့ သူက ဘာမှမဖြစ်ခဲ့သလို သူ့အသံထဲမှာလည်း သိမ်မွေ့ညင်သာနေပေမဲ့လည်း မသိသာတဲ့ခေါင်းမာတဲ့ အရိပ်အယောင်တစ်ခု ပါရှိနေတယ်။
"ရပါတယ် မင်းသဘောကျတဲ့အရာတွေကို လိုက်လုပ်ပေးဖို့ ကျွန်တော် မင်းကို အဖော်လုပ်ပေးနိုင်ပါတယ်"
စူးလီက ပခုံးတွန့်ပြလိုက်ပြီး ပျင်းရိလေးတွဲစွာနဲ့ ဆက်ပြောလိုက်တယ်။ "ပြောလို့မရဘူးနော် တစ်နေ့ကျရင် ရှင် ဒါတွေကို မလုပ်ချင်တော့တာလည်း ဖြစ်နိုင်တယ်"
ရှဲ့ချီယွမ်ရဲ့အဖြေကို စောင့်မနေဘဲ သူမကပြုံးလိုက်ကာ လက်ဝှေ့ရမ်းပြလိုက်တယ်။ "အချိန်တွေ အများကြီး ရှိပါသေးတယ်။ နောက်ပိုင်းကျရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူက သိမှာမလို့လဲ"
သူမက စကားပြောပြီးသွားတာနဲ့ သပ်သပ်ရပ်ရပ်လေး စီထားတဲ့ယကျူးမုန့်ကို လှမ်းကြည့်လိုက်ပြီး ပြုံးကာ မျက်တောင်ခတ်လိုက်ပြီးတဲ့နောက် ခုနတုန်းကစကားလုံးတွေကို ဒီအတိုင်း သာမာန်ကာလျှံကာပြောလိုက်တဲ့ အမူအရာလေးအတိုင်း လုပ်လိုက်တယ်။
သူမက ယကျူးမုန့်ဘူးကို လက်ညှိုးထိုးပြလိုက်ပြီး အေးအေးလူလူ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒါကို ကျွန်မအတွက် ပြင်ဆင်ပေးထားတာလား"
ရှဲ့ချီယွမ်က စကားလမ်းကြောင်းပြောင်းလိုက်တဲ့ စူးလီရဲ့ ပေါ့ပါးတဲ့ပုံစံလေးကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူ ပေးချင်တဲ့ကတိကို ပြန်မျိုချထားလိုက်တော့တယ်။
သူက မသိမသာ မျက်လွှာချထားလိုက်ပြီး သူမကို မုန့်ဘူးလှမ်းပေးလိုက်ကာ ခပ်တိုးတိုးပြောလိုက်တယ်။ "မင်း တခြားစားချင်တာများ ရှိသေးလား"
"ကျွန်တော် အခုလုပ်ပေးနိုင်ပါတယ်"
စူးလီက မုန့်ဘူးကိုလှမ်းယူလိုက်ပြီး ဘာမှမတတ်နိုင်တော့တဲ့ အကြည့်တစ်ခုနဲ့ ခေါင်းမော့လိုက်တယ်။
"အခုလောလောဆယ်တော့ ကျွန်မအတွက် စားစရာ လုံလောက်နေပါသေးတယ်။ ရှင် အနားယူသင့်တယ်နော်"
"လျှို့ဝှက်နယ်မြေထဲမှာတုန်းက ရှင်ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သေးတယ်လေ။ ရှင့်ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာပြီဆိုရင်တောင် ရှင်ပိုပြီးတော့ ဂရုစိုက်ဖို့လိုသေးတယ်"
ရှဲ့ချီယွမ်က စူးလီရဲ့စကားလုံးတွေကို အပြုံးတစ်ခုနဲ့ပဲ တုံ့ပြန်လိုက်တယ်။ သူက သူမရဲ့ပျင်းရိလေးတွဲစွာနဲ့ ထွက်ခွာသွားတဲ့ပုံရိပ်လေးကို စောင့်ကြည့်နေလိုက်ပြီး သူ့မျက်လုံးထဲကအပြုံးတွေက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့တယ်။
အစောကြီးကတည်းက သူမရဲ့အေးအေးလူ လူရုပ်သွင်လေးရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ခပ်တန်းတန်း ခံစားချက်တစ်ခုကို သူ ခံစားမိတယ်လေ။ သူ့ကြည့်ရတာ... အချိန်မရွေးထွက်သွားဖို့ အသင့်ဖြစ်နေတဲ့ပုံပဲ။
သူမရဲ့... သရုပ်မှန်ကြောင့်များလား။
သူက မသိမသာမျက်လွှာချထားလိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း ခါးသက်တဲ့အရိပ်အယောင်တစ်ခု ပါရှိနေတဲ့ ရှုပ်ထွေးတဲ့စိတ်ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့တယ်။
တော်သေးတာက သူမက သူ့ရဲ့တည်ရှိမှုကို အရမ်းကာရောကြီး ငြင်းပယ်နေတာ မဟုတ်ဘူးလေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူ့မှာ သူမကို မြင်ရဖို့ အခွင့်အရေးလေးတောင် ရှိလာမှာမဟုတ်ဘူး။
ရှဲ့ချီယွမ်က သူ့လက်ကိုပွတ်သပ်လိုက်ပြီး သူ့လက်ဖဝါးပေါ်မှာ မသေမျိုးအဆင့်တစ်ဝက် တက်လှမ်းပြီးသားရှိတဲ့ ဝိညာဉ်စွမ်းအင်က ပေါ်ထွက်လာခဲ့တယ်။
သူ့လက်ထဲက ဝိညာဉ်စွမ်းအင်ကိုကြည့်လိုက်ပြီး ရုတ်တရက် သူ့လက်ကိုတင်းနေအောင် ဆုပ်ထားလိုက်တယ်။
မလုံလောက်သေးဘူးပဲ။ လုံလောက်တဲ့အထိ နီးစပ်လာတာတောင် မရှိသေးဘူး။
သူ့အနေနဲ့ မသေမျိုးကျင့်ကြံခြင်းအဆင့်ကို မြန်မြန်ဆန်ဆန် အောင်မြင်နိုင်မှသာ သူမနဲ့ပိုပြီးတော့ နီးနီးကပ်ကပ် နေနိုင်လိမ့်မယ်။
သူက တစ်ဆင့်ပြီးတစ်ဆင့် တက်သွားပြီးသူမနဲ့အတူ ဝန်ထုပ်ဝန်ပိုးတွေကို တာဝန်ယူပေးဖို့ ကြိုးစားရလိမ့်မယ်။
၃ရက်ကြာပြီးတဲ့နောက်မှာတော့_
ဂိုဏ်းကြီး၆ဂိုဏ်းက ဂိုဏ်းချုပ်ကြီးတွေအားလုံးက အချိန်အကြာကြီး တိုင်ပင်လာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ နတ်ဆိုးနယ်မြေထဲကို သွားမဲ့လူကို ဆုံးဖြတ်လိုက်ကြတယ်။
ကျင့်ကြံရေးလောကနဲ့ နတ်ဆိုးလောကကြားမှာ စည်းတားထားတဲ့ တံတိုင်းကြီးတစ်ခုရှိလေတယ်။ တကယ်လို့ လူတစ်ယောက်က ဒီလောက၂ခုကြားကို ဖြတ်သန်းသွားလာချင်တယ်ဆိုရင် ဒီစည်းတားထားတဲ့ တံတိုင်းကြီးကို ဖြတ်သန်းရမဲ့အပြင် ဒီလောက၂ခုရဲ့ လုံးဝကွာခြားလှတဲ့ ဝိညာဉ်စွမ်းအားတွေကိုလည်း ခံနိုင်ရည်ရှိဖို့လိုတယ်။ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ဖိနှိပ်ခံရနိုင်ပြီး တစ်ဖက်လောကရဲ့ ဝိညာဉ်စွမ်းအင်တွေကိုလည်း စုပ်ယူနိုင်လိမ့်မှာ မဟုတ်ဘူး။ အချိန်ကြာလာတာနဲ့အမျှ ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးပြီး သေဆုံးသွားလိမ့်မယ်။
ဒါကြောင့် လောက၂ခုက တစ်ခုနဲ့တစ်ခုဘယ်တော့မှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ရှားရှားပါးပါး ကြီးမားတဲ့ပွတ်တိုက်မှု ပြဿနာတွေလည်း မရှိခဲ့ဘူး။
အခုတော့ နတ်ဆိုးနယ်မြေကို သွားရမဲ့လမ်းမှာ တစ်စုံတစ်ယောက်က ကြမ်းတမ်းရက်စက်တဲ့ နတ်ဆိုးတွေကို သတိနဲ့စောင့်ကြပ်နေရမဲ့အပြင် နတ်ဆိုးဘုရင်ကြီးရဲ့ စည်းတံဆိပ်ကိုလည်း ရယူဖို့နည်းလမ်းရှာရမယ်။ ဒီကိစ္စရဲ့နောက်ကွယ်က အမည်မသိပုဂ္ဂိုလ်နဲ့လည်း တိုက်ခိုက်ရလိမ့်ဦးမယ်။
ဒီခရီးရဲ့အန္တရာယ်က စောလော့လျှို့ဝှက်နယ်မြေထဲသွားရတဲ့ အန္တရာယ်ထက်သေချာပေါက် လျော့နည်းမှာမဟုတ်ဘူး။
ဒါကြောင့် နတ်ဆိုးနယ်မြေကိုသွားရမဲ့ ဒီခရီးကို ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကြီးတွေက ဦးဆောင်ရလိမ့်မယ်။ သူတို့တွေကဂိုဏ်းထဲက အဆင့်မြင့်ဆုံး သိုင်းပညာရှင်တွေကို ခေါ်သွားရမဲ့အပြင် ဂိုဏ်းရဲ့တန်ဖိုးအရှိဆုံး ရတနာကလွဲရင် ဝိညာဉ်ရတနာအများစုကိုလည်း အတူတကွယူသွားရလိမ့်မယ်။
ဒီတစ်ကြိမ်မှာတော့ သူတို့တွေရဲ့ကိုယ်ပိုင်အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် သူတို့တွေက ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့လူကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင်လုပ်ပြီး ကျင့်ကြံရေးလောကကို ဘယ်တော့မှ အန္တရာယ်ထပ်မပေးနိုင်အောင် သေချာပေါက်လုပ်ရလိမ့်မယ်။
လှေပျံကြီးကို ဖုံးကွယ်ထားတဲ့ မန္တန်စာရွက်တွေနဲ့ လွှမ်းခြုံထားတယ်။
လှေပျံကြီးက ရှေ့ကိုရွေ့လျားနေတာနဲ့အမျှ နတ်ဆိုးနယ်မြေရဲ့ အကွာအဝေးကလည်း ပိုပြီးနီးကပ်လာခဲ့တယ်။ လှေပေါ်က လေထုအငွေ့အသက်ကလည်း ပိုပိုပြီး တိတ်ဆိတ်ကာ လေးလံလာခဲ့တယ်။
ဒီအချိန်မှာ သူ့ဘေးက လေထုပတ်ဝန်းကျင်ကို လျော့ပါးသွားလိုငြား ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ဘေးမှာ ထိုင်နေတဲ့ထျန်းကျီးဂိုဏ်းချုပ်ကြီးကို ခေါင်းငဲ့ကြည့်လိုက်တယ်။ သူကသူ့ရဲ့အသံကို တတ်နိုင်သလောက် ပြေလျော့အောင် ကြိုးစားထားပေမဲ့လည်း တင်းကြပ်နေတဲ့ခံစားချက်တစ်ခုက စွဲကျန်နေသေးတယ်။
"ထျန်းကျီးဂိုဏ်းချုပ်ကြီး ဒီခရီးအကြောင်းကိုရော ကျုပ်တို့ကို ပြောပြလို့ရမလား"
သူ့စကားဆုံးသွားတာနဲ့ချက်ချင်း စူးလီနဲ့ရှဲ့ချီယွမ်ကလွဲရင် လှေပျံပေါ်ကအားလုံးက ထျန်းကျီးဂိုဏ်းချုပ်ကြီးကို လှည့်ကြည့်လိုက်ကြပြီး အားလုံးရဲ့မျက်လုံးထဲမှာလည်း တူညီတဲ့မျှော်လင့်ချက်တွေ ပြသနေတယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက လူအုပ်ကြီးရဲ့စူးရှတောက်လောင်နေတဲ့ အကြည့်ကိုခံစားမိလိုက်ပြီး သူ့မုတ်ဆိတ်မွှေးကို တည်တည်ငြိမ်ငြိမ်နဲ့ သပ်ချလိုက်ကာ သေချာတဲ့ အရိပ်အယောင်တစ်ခုနဲ့ တည်ငြိမ်နေတဲ့လေသံတစ်ခုနဲ့ ပြုံးပြီးပြောလိုက်တယ်။ "ဒီခရီးအတွက်ကတော့ ကျုပ်ကြိုတင်တွက်ချက်မှုတွေ လုပ်ပြီးပါပြီ။ ဒါကကောင်းမွန်တဲ့ ခရီးတစ်ခုပါပဲ။ အတားအဆီးတွေ ရှိတယ်ဆိုပေမဲ့လည်း ကျုပ်တို့တွေ ကျုပ်တို့ရဲ့ဆန္ဒကို သေချာပေါက် အောင်မြင်ပါလိမ့်မယ်"
ဒီလိုပြောပြီးတဲ့နောက်မှာ သူကအပြုံးတစ်ခုနဲ့ ကျင့်ကြံသူတွေ အားလုံးကို ကြည့်လိုက်ပြီး သူတို့ကိုမသိမသာ ခေါင်းညိတ်ပြလိုက်တယ်။
သူက ၁ကြိမ်က အနာဂတ်တွေကိုပဲ ပြောခဲ့တာ မဟုတ်ဘူးလေ။ သူက ၁၀ကြိမ်မကတောင်မှ ပိုပြီးတော့တောင် ပြောနိုင်သေးတယ်။
ဒါပေမဲ့လည်း ရလဒ်ကတော့ အချည်းအနှီးဖြစ်ခဲ့တာပဲ။ ဘယ်ဖြစ်နိုင်ခြေကိုမှ အတိအကျ တွက်ချက်လို့ရတာမျိုး မဟုတ်ဘူးလေ။
ပြီးခဲ့တဲ့နှစ်ပေါင်း၁၀၀အတွင်း ကျင့်ကြံပြီး သူ့ရဲ့ကြိုးစားအားထုတ်မှုရဲ့ ကျေးဇူးကြောင့် သူက အတုအယောင် တွက်ချက်မှုတစ်ခုကို အရမ်းကိုတည်တည်ငြိမ်ငြိမ် နဲ့ပြောနိုင်တာပေါ့။
ဒါပေမဲ့ ဒီအခြေအနေမျိုးမှာတော့ သူက ဒီလိုနည်းလမ်းမျိုးနဲ့ပဲ အားလုံးကို လှည့်စားနိုင်လိမ့်မယ်လေ။
ဒီလိုနဲ့ပဲ သူ စကားဆုံးသွားတာနဲ့ချက်ချင်း သူ့ဘေးကအားလုံးက စိတ်အေးသွားတဲ့ပုံနဲ့ သက်ပြင်းချလိုက်ကြတယ်။
စောလော့လျှို့ဝှက်နယ်မြေထဲမှာ ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ တွက်ချက်မှု လုပ်ပြီးသွားတဲ့နောက် အားလုံးက သူ့ရဲ့တွက်ချက်မှုအရည်အချင်းကို ပိုပြီးတော့ ယုံကြည်လာခဲ့ကြတယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အရင်ဆုံးစကားပြောလိုက်တယ်။ "ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့တွက်ချက်မှုက ကျုပ်တို့တွေကို အများကြီးပိုပြီး စိတ်အေးသွားရစေပါတယ်"
ဒီအချိန်မှာပဲ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက ရောက်လာတော့မဲ့ စည်းတားထားတဲ့တံတိုင်းကြီးကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ "အခုတော့ နတ်ဆိုးနယ်မြေအပေါ် ကျုပ်တို့ရဲ့နားလည်မှုအများစုက လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀မှာ ကျန်ခဲ့ပြီပဲ"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀တုန်းက ဒီစည်းမျဉ်းတံတိုင်းကို ကျော်လွှားပြီး ကျင့်ကြံရေးလောကကို တိုက်ခိုက်ချင်ခဲ့တဲ့ နတ်ဆိုးတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပေါင်း ၁၀၀၀အတွင်းမှာ နတ်ဆိုးလောကကြီးက ပျောက်ကွယ်သွားတဲ့ပုံပဲ။ ဘယ်နတ်ဆိုးကမှ ကျင့်ကြံရေးလောကထဲကို ထပ်ပြီးမလာတော့ဘူး"
သူ့စကားကို ကြားလိုက်ရတဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။ "လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀တုန်းက နတ်ဆိုးဘုရင်ကြီးက အမြဲတမ်း စစ်ပွဲတွေကို နှစ်သက်လာခဲ့တာလေ။ ဧကန္တ သူက ပြီးခဲ့တဲ့နှစ်ပေါင်း ၁၀၀၀အတွင်းမှာ သူ့ရဲ့အကျင့်စရိုက်များ ပြောင်းလဲသွားလို့များလား။ သူက ဗုဒ္ဓရဲ့ တပည့်များ ဖြစ်သွားတာလား"
"ဒီလိုဆိုရင်တော့ နတ်ဆိုးတံဆိပ်ကိုရယူဖို့ ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်။ ၀မ်ကျန့်ဂိုဏ်းချုပ်ကြီးက ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ စကားနောက်ကို စဉ်းစဉ်းစားစားနဲ့ လိုက်ပြောလိုက်ပြီး သူ့ပေါင်ကို ရိုက်လိုက်ကာပြောလိုက်တယ်။ "တကယ်လို့ ကျုပ်တို့တွေက တိုက်ခိုက်စရာမလိုဘဲ နတ်ဆိုးတံဆိပ်ကို ရရှိနိုင်မယ်ဆိုရင် ကျုပ်တို့တွေ အန္တိမဝိညာဉ်ချောက်နက်ထဲကို တိုက်ရိုက်သွားလို့ရပြီပေါ့"
[နတ်ဆိုးဘုရင်ကြီးတဲ့လား]
စူးလီက မျက်လုံးကိုမှိတ်ထားပြီး ကုလားထိုင်ပေါ်မှာထိုင်ရင်း ပျင်းရိငြီးငွေ့နေခဲ့တယ်။
သူမက လှေပျံပေါ်မှာရှိနေတဲ့ လူတိုင်းရဲ့အကြောင်းအရာတွေကို သိထားပြီးသားလေ။ ဒီတော့ သူမကသူတို့တွေကို ကြည့်လိုက်တဲ့အချိန်မှာ လုံးဝစိတ်ဝင်စားမှုကို မစုဆောင်းနိုင်ခဲ့ဘူး။
ဒါပေမဲ့...
မကြာခဏဆိုသလို သူမအပေါ်ရောက်နေတဲ့ ရှဲ့ချီယွမ်ရဲ့ စူးရှတဲ့အကြည့်တွေကို ခံစားမိလိုက်တဲ့အခါ သူမမှာ ရုတ်တရက်ဆိုသလို သူမရဲ့မျက်လုံးတွေကို တင်းကြပ်နေအောင်ပဲ မှိတ်ထားလိုက်ရတယ်။
ပြီးခဲ့တဲ့၂ရက်တုန်းက သူမကရှဲ့ချီယွမ်ကို သူမဆီကနေ ခပ်ခွာခွာလေးထားဖို့ ကြိုးစားထားပေမဲ့လည်း...
သူ လုပ်ပေးတဲ့ဝိညာဉ်စွမ်းအင်အစားအသောက်တွေ၊ မုန့်တွေ၊ အသီးလက်ဖက်ရည်၊ အသီးဝိုင်တွေက ဘယ်လိုလုပ်ပြီးများ သူမရဲ့အကြိုက်နဲ့ အဲဒီလောက်အထိ ကိုက်ညီနေပါလိမ့်။
နောက်ပြီး မိန်းမလှလေးက ဒုက္ခတွေကို ယူဆောင်လာပေးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားက တည်ရှိနေရတယ်ဆိုတာကလည်း သူ့အကြောင်းနဲ့သူကိုး။
ရှဲ့ချီယွမ်ရဲ့မျက်နှာကို ကြည့်လိုက်ပြီး... သူမမှာ သူ့ကိုငြင်းပယ်ဖို့ အေးစက်စက် စကားလုံးတွေကို ဂရုမစိုက်သလို ထပ်ပြီးမပြောနိုင်တော့ဘူး။
ဒါကို စဉ်းစားလိုက်ပြီး စူးလီကသူမရဲ့စိတ်ထဲမှာ ကြိတ်ပြီးသက်ပြင်းချမိတယ်။
သူမက သိပ်မဝေးလှတဲ့နေရာကနေ ရောက်လာတဲ့ အသံကို နားထောင်လိုက်ပြီး သူမကိုယ်သူမ အာရုံလွှဲထားချင်လိုက်တယ်။ ဒါကြောင့် သူမက သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိနဲ့ဖွင့်လိုက်ပြီး နတ်ဆိုးနယ်မြေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စတင်ဖတ်ရှုလိုက်တယ်။
သူမက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာလည်း ထိတ်လန့်မှုအပြည့် ဖြစ်သွားခဲ့တယ်။
[နတ်ဆိုးနယ်မြေထဲက နတ်ဆိုးဘုရင်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ကတည်းက သေသွားခဲ့ပြီးပြီတဲ့လား]
အပြင်လောကကအသံကို ကြားလိုက်ကြတဲ့အခါ အားလုံးမှာ မှင်တက်အံ့သြသွားကြတယ်။
နတ်ဆိုးဘုရင်ကြီးက... သေသွားပြီတဲ့လား။
နတ်ဆိုးဘုရင်ကြီးရဲ့ကျင့်ကြံခြင်းအဆင့်က ကျင့်ကြံရေးလောကနဲ့ ယှဉ်ပြီးတော့ တွက်ချက်မယ်ဆိုရင် သူ့ရဲ့အဆင့်က အတိဒုက္ခကျော်ဖြတ်ခြင်း ကြီးမြတ်သူတစ်ယောက်နဲ့ ညီမျှတာပဲ။ သူ့မှာ မြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်တစ်ခု ပိုင်ဆိုင်ထားတဲ့အပြင် နှစ်ထောင်ချီကြာအောင် ရှည်နိုင်တဲ့သက်တမ်းတစ်ခုလည်း ပိုင်ဆိုင်ထားတယ်လေ။ သူက ဘယ်လိုလုပ်ပြီး အဲဒီလောက် အစောကြီး သေဆုံးသွားတာလဲ။
ဒီအချိန်မှာတော့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး သူ့ရဲ့ကြောက်ရွံ့မှုတွေကို မျိုသိပ်ထားလိုက်ကာ အပြင်လောကကလာတဲ့ စကားသံကို ထပ်ပြီးပြောလိုက်တယ်။
"ကျုပ် သိသလောက်ဆိုရင် နတ်ဆိုးနယ်မြေထဲက နတ်ဆိုးဘုရင်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀တုန်းက ကျရှုံးသွားခဲ့ပြီတဲ့"
ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက အရင်ဆုံးသတိဝင်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်တော့တယ်။
"ဂိုဏ်းချုပ်ကြီးထျန်း အခုနတ်ဆိုးနယ်မြေရဲ့ နတ်ဆိုးဘုရင်ကြီးက ဘယ်လိုနတ်ဆိုးမျိုးလဲ။ သူ့ရဲ့အကြိုက်တွေက ဘယ်လိုရှိလဲ"
သူတို့တွေက အရေအတွက်နည်းပါးပြီး ထောင်ချီတဲ့နတ်ဆိုးတွေနဲ့ ယှဉ်ပြီးတိုက်ခိုက်ဖို့ဆိုတာ မတတ်နိုင်ဘူးလေ။ တကယ်လို့ သူတို့တွေက နတ်ဆိုးစည်းတံဆိပ်ကို လိုချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက နတ်ဆိုးဘုရင်ကြီးကနေတစ်ဆင့် အောင်မြင်မှုကို ရှာဖွေတာကအကောင်းဆုံးပဲ။
ဒါပေမဲ့လည်း အပြင်လောကကလာတဲ့စကားသံက အားလုံးကို စိတ်ပျက်သွားတဲ့ အရိပ်အယောင်တစ်ခုကို ပေးစွမ်းလေတော့တယ်။
[ဒီအချိန်မှာ နတ်ဆိုးနယ်မြေထဲမှာ နတ်ဆိုးဘုရင်တစ်ပါးမှ မရှိဘူးတဲ့]
စူးလီက ဂိုဏ်းချုပ်တော်တော်များများရဲ့ လှုပ်ရှားမှုတွေကို နားထောင်လိုက်ပြီး ကောင်းကင်စာအုပ်ကို ကြည့်ပြီး ပျင်းပျင်းရိရိနဲ့ပြောလိုက်တယ်။
[အခုနတ်ဆိုးလောကထဲမှာ နတ်ဆိုးသခင်ကြီး ၃ယောက်ပဲ ရှိတယ်တဲ့]
[လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀တုန်းက နတ်ဆိုးလောကက အဖွဲ့၃ဖွဲ့ကွဲသွားခဲ့တယ်။ နတ်ဆိုးသခင်ကြီး၃ယောက်ကလည်း အပြန်အလှန် တိုက်ခိုက်လာခဲ့ကြပေမဲ့လည်း ဘယ်သူကမှ ဘယ်သူ့ကို မသတ်နိုင်ခဲ့ကြဘူးတဲ့]
[အခု ဒီနတ်ဆိုးသခင်ကြီး၃ယောက်က တိုက်ခိုက်နေကြတုန်းပဲ]
နတ်ဆိုးဘုရင်ကြီး မရှိဘူးတဲ့လား။
နတ်ဆိုးဘုရင်ကပဲ နတ်ဆိုးစည်းတံဆိပ်ကို ဖွင့်နိုင်တာလေ။ တကယ်လို့ နတ်ဆိုးဘုရင်ကြီး မရှိတော့ဘူးဆိုရင် အန္တိမဝိညာဉ်ချောက်နက်ထဲကိုဝင်ဖို့ နည်းလမ်းမရှိတော့ဘူးပေါ့။
ဒဏ္ဍာရီအရဆိုရင် အန္တိမဝိညာဉ်ချောက်နက်ကြီးက ကောင်းကင်တာအို စွန့်ပစ်ထားတဲ့နေရာတစ်ခုပဲ။ ဒီနေရာက အင်မတန်မှလျှို့ဝှက်ပြီး နတ်ဆိုးတွေဖြစ်ဖြစ် ကျင့်ကြံသူတွေပဲဖြစ်ဖြစ် သူတို့တွေက ဒီအန္တိမဝိညာဉ်ချောက်နက်ကြီးကို ရှာဖွေနိုင်မှာမဟုတ်ဘူးတဲ့။
တကယ်လို့ မှော်စည်းတံဆိပ် မရှိဘူးဆိုရင်တော့...
သူတို့တွေက ဒီတစ်ကြိမ်လက်ဗလာနဲ့ ပြန်လာရတော့မှာလား။
ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့အသံက တုန်ရင်လို့နေပြီး အပြင်လောကကလာတဲ့ စကားသံကို ကောက်ချက်ချလိုက်တယ်။ "ဒီနေ့ နတ်ဆိုးလောကထဲမှာ နတ်ဆိုးသခင်ကြီး၃ယောက်ကပဲ အပြန်အလှန် တိုက်ခိုက်နေကြတယ်ဆိုတော့ နတ်ဆိုးဘုရင်ကြီး ဖြစ်လာမဲ့လူကို မဆုံးဖြတ်ရသေးဘူးဆိုတဲ့ သဘောပဲ"
၀မ်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာကလည်း ဖြူစုတ်သွားခဲ့တယ်။ သူက သူ့ဘေးကမွေးချင်းဓားကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး အေးစက်စက်အသံတစ်ခုနဲ့ ပြောလိုက်တယ်။ "တကယ်လို့ ကျုပ်တို့တွေက နတ်ဆိုးသခင်ကြီး တစ်ယောက်ကို ကူညီပြီးကျန်တဲ့ နတ်ဆိုးသခင်ကြီး၂ယောက်ကို တိုက်ခိုက်ပေးခဲ့မယ်ဆိုရင် နတ်ဆိုးလောကမှာ နတ်ဆိုးဘုရင်အသစ်တစ်ယောက် ရှိလာလိမ့်မှာ မဟုတ်လား"
"ကျုပ်တို့တွေကလည်း နတ်ဆိုးစည်းတံဆိပ်ကို ငှားပြီး အန္တိမဝိညာဉ်ချောက်နက်ထဲကိုဝင်ဖို့ နတ်ဆိုးဘုရင်ကြီးရဲ့ အကူအညီကို အားကိုးလို့ရနိုင်တယ်မလား"
ဒီစကားကို ကြားလိုက်တဲ့အခါ စူးလီကကောင်းကင်စာအုပ်ထဲက စာလုံးကိုထပ်ပြီးလှမ်းကြည့်လိုက်ကာ သူမစိတ်ထဲမှာကြိတ်ပြီး သက်ပြင်းချလိုက်တော့တယ်။
[တကယ်လို့ ဒါက အဲဒီလောက်တောင် လွယ်ကူနေမယ်ဆိုရင် ဒီနတ်ဆိုးသခင်ကြီး၃ယောက်က နှစ်ပေါင်း၅၀၀လုံးလုံး တိုက်ခိုက်နေပါဦးမလား]
[ဒီနတ်ဆိုးသခင်ကြီး၃ယောက်က နတ်ဆိုးနယ်မြေထဲက နတ်ဆိုးတစ္ဆေမြက်ရဲ့ ပြန်လည်ဝင်စားထားတာတွေလေ။ နတ်ဆိုးတစ္ဆေမြက်က ဒုတိယအဆင့် နတ်ဆိုးမြက်တစ်ခု ဆိုပေမဲ့လည်း သူ့မှာ အင်မတန်မှကြီးမားတဲ့ အသက်စွမ်းအင်တစ်ခု ပိုင်ဆိုင်ထားပြီး မသေမျိုးလို့တောင် ခေါ်လို့ရတယ်...]
[၁၀ကြိမ် သတ်လိုက်မယ်ဆိုရင် ၁၀ကြိမ်လုံးလုံးပြန်ပြီး အသက်ရှင်လာနိုင်တယ်။ သူ့ကိုပိုပြီးတော့ သတ်လေလေ သူက ပိုပြီးတော့ အင်အားကြီးမားလာလေလေပဲ။ ဘယ်လိုလုပ်ပြီး သတ်လို့ရမှာလဲ]
ဒီစကားကို ကြားလိုက်ရတဲ့ လူတွေရဲ့မျက်လုံးထဲက အမူအရာတွေက ပိုပိုပြီးကြံရာမရ ဖြစ်လာခဲ့တယ်။
နတ်ဆိုးမြက်က ဒုတိယအဆင့် နတ်ဆိုးမြက်ပဲမဟုတ်လား။
သူက ဘယ်လိုလုပ်ပြီး နတ်ဆိုးသခင်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားနိုင်ရတာလဲ။ သူက ဘယ်လိုလုပ်ပြီး နတ်ဆိုးသခင်၃ယောက်အဖြစ် ပြောင်းလဲသွားခဲ့ရတာလဲ။
ဒီအပြင် ဒီနတ်ဆိုးသခင်တွေက အသွင်ပြောင်းပြီးသွားရင် အရမ်းကိုအင်အားကြီးလှတဲ့အပြင် သူတို့တွေကလည်း... မသေနိုင်တော့ဘူးတဲ့လား။
ဒီလိုဆိုရင် သူတို့တွေ ဘာလုပ်သင့်လဲ။
နတ်ဆိုးလောကထဲကို သွားပြီးဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့သူကို အပြစ်မပေးဘဲ သိက္ခာကျပြီး ကျင့်ကြံရေးလောကထဲကို ပြန်လာလို့တော့မရဘူးလေ ဟုတ်တယ်မလား။
အရင်ဆုံး သတိပြန်ဝင်လာတဲ့သူကတော့ ဟယ်ဟွမ်းဂိုဏ်းချုပ်ပါပဲ။ သူက တည်တည်ကြည်ကြည်နဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးကို ပြောလိုက်တယ်။
"ဒါဆိုရင် ဂိုဏ်းချုပ်ကြီး ဒီနတ်ဆိုးသခင်၃ယောက်ရဲ့ အားနည်းချက်တွေကို သိလား"
ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ထပ်ပြီးထွက်လာခဲ့တယ်။
[ဒီနတ်ဆိုးသခင်ကြီး၃ယောက်ရဲ့ အားနည်းချက်တွေက ဘာပါလိမ့်]
ဒီအချိန်မှာပဲ လှေပျံက သတ်မှတ်ထားတဲ့ စည်းမျဉ်းအမှတ်အသားနေရာကို ကျော်ဖြတ်လာခဲ့တယ်။ ကျင့်ကြံသူတွေ အားလုံးကလည်း သူတို့ပတ်ဝန်းကျင်မှာ ဖရိုဖရဲရက်စက်ကြမ်းတမ်းလှတဲ့ နတ်ဆိုးစွမ်းအင်တွေကို ခံစားလိုက်ရပြီး သူတို့ရဲ့မျက်နှာတွေကလည်း ရုတ်ခြည်းဆိုသလို ဖြူဖျော့သွားခဲ့တယ်။ လှေပျံပေါ်က မန္တန်စာရွက်ရဲ့အစွမ်းကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီအဖွဲ့ထဲက တစ်ဝက်လောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးသွားနေလောက်ပြီ။
ဒီအချိန်မှာပဲ လှေပျံကြီးက ထိန်းချုပ်လို့မရနိုင်တော့ဘဲ အနက်ရောင်စွမ်းအားရှိတဲ့ မှော်စွမ်းအင်ဂူကြီးတစ်ခုစီကို ဦးတည်သွားခဲ့တယ်။ နောက်တစ်စက္ကန့်မှာတော့ မှော်စွမ်းအင်ဂူကြီးထဲကို ဝင်သွားခဲ့တဲ့ လှေပျံက ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာခဲ့တယ်။
လှေပျံကြီးက လှုပ်ခါသွားတဲ့ အခိုက်အတန့်မှာပဲ ရှဲ့ချီယွမ်က သူ့ရဲ့ဝိညာဉ်စွမ်းအင်တွေကို သုံးပြီး လှေပျံကို တည်ငြိမ်အောင် လုပ်ထားလိုက်ရတယ်။ သူက ခေါင်းကိုအနည်းငယ် စောင်းထားလိုက်ပြီး မျက်လုံးမှိတ်ကာ ဝမ်းသာအားရ ဖရဲသီးစားနေဆဲဖြစ်တဲ့ စူးလီကို ကြည့်လိုက်တယ်။ သူ့ရဲ့တင်းကြပ်နေတဲ့ ခန္ဓာကိုယ်ကလည်း ဖြည်းဖြည်းချင်း ပြေလျော့လာခဲ့တယ်။
ရှဲ့ချီယွမ်ရဲ့လှုပ်ရှားမှုတွေက အရမ်းကိုမြန်ဆန်ခဲ့တဲ့အတွက် စူးလီမှာ လှုပ်ရှားဖို့တောင် အချိန်မရလိုက်ဘူး။
သူမက သူမအပေါ်မှာရှိနေတဲ့ ရှဲ့ချီယွမ်ရဲ့စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီး သူမရဲ့မျက်လုံးတွေကို ပိုပြီးတင်းကြပ်နေအောင်မှိတ်ထားလိုက်ကာ ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကိုပဲ ပိုပြီးအာရုံစိုက်ကာ ဖတ်နေလိုက်တော့တယ်။
[ဒီ၃ယောက်ရဲ့ အားနည်းချက်က.. .ဖြစ်နိုင်တာကတော့ ဒီနတ်ဆိုးသခင်၃ယောက်က... အားလုံးက မားမားဘွိုင်းတွေပဲ]
[သူတို့၃ယောက်က အရမ်းကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာခဲ့ကြတယ်။ အကြောင်းအရင်းတစ်ခုကတော့ နတ်ဆိုးမြက်ရဲ့စွမ်းအင်က သူ့ကိုယ်ပိုင်မျိုးနွယ်ကို ဝါးမျိုနိုင်တဲ့အတွက်ကြောင့်ပဲ။ နောက်ထပ် အကြောင်းအရာတစ်ခုကတော့ သူတို့တွေက ဘယ်သူ့အမေက သူတို့ကို အချစ်ဆုံးလဲဆိုတာကို သက်သေပြချင်လို့ တိုက်ခိုက်နေကြတာတဲ့လား]
[မိစ္ဆာတွေရဲ့အသွင်ပြောင်းလဲခြင်းက ကံကောင်းခြင်းနဲ့ မှော်စွမ်းအင်တွေအပေါ် မူတည်တယ်လို့ ပြောကြတယ် မဟုတ်လား။ ဘယ်လိုလုပ်ပြီး သူတို့၃ယောက်စလုံးမှာ ရုတ်တရက် အမေတစ်ယောက်ရှိလာတာပါလိမ့်]
စူးလီက ဒါကို မြင်လိုက်တဲ့အခါ သူမရဲ့မျက်လုံးထဲမှာ သံသယအရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။
[သူတို့အမေကတော့... သူတို့တွေကိုမွေးဖွားပြီးတာနဲ့ သူတို့တွေက ဒီ၃ယောက်ကို ချန်ထားခဲ့တာလား]
[ဒါပေမဲ့ သူတို့တွေကို ချန်မထားခဲ့ခင်က သူတို့အမေတွေက သူတို့တွေအတွက် မရေမတွက်နိုင်တဲ့ မှော်ရတနာတွေနဲ့ ကိုယ့်ဟာကိုယ်ကာကွယ်ပေးနိုင်တဲ့ မှော်ရတနာတွေကို ချန်ထားပေးခဲ့တယ်တဲ့]
[ဒါကြောင့်ပဲ သူတို့တွေက အားကြီးသူတွေက အားနည်းသူတွေကို အမဲလိုက်တဲ့ အမှောင်တွေဖုံးလွမ်းပြီး ဖရိုဖရဲဖြစ်နေတဲ့ ကျင့်ကြံရေးလောကထဲမှာ ဒုတိယအဆင့် နတ်ဆိုးတစ္ဆေမြက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဒီနေ့ရဲ့နယ်ပယ်တစ်ခုကို အုပ်စိုးနိုင်တဲ့ နတ်ဆိုးသခင်တွေ ဖြစ်လာနိုင်ခဲ့တာပဲ]
ဒါကိုမြင်လိုက်ပြီး စူးလီက တစ်ခုခုလွဲမှားနေတယ်ဆိုတာကို သတိထားမိလိုက်တယ်။
[ဒီနတ်ဆိုးသခင်ကြီး၃ယောက်လုံးက မိစ္ဆာနတ်ဆိုးတစ္ဆေမြက်ကနေပြီးတော့ အသွင် ပြောင်းလဲလာခဲ့တာ။ သူတို့အားလုံးမှာလည်း မွေးမွေးပြီးချင်း သူတို့ကိုထားခဲ့တဲ့ အမေတစ်ယောက်စီ ရှိနေတယ်။ သူတို့ရဲ့အမေကလည်း သူတို့အတွက် ရတနာတွေ အများကြီးချန်ထားပေးခဲ့တယ်တဲ့...]
[ဒါကအရမ်းကို တိုက်ဆိုင်မှုတွေ များလွန်းနေတာမဟုတ်လား]
ဒီအချိန်မှာပဲ လှေပျံက နောက်ဆုံးတော့ မှော်စွမ်းအင်ဂူထဲကနေ ပြန်ပြီးထွက်လာခဲ့တယ်။
ဒါကတော့ သွေးတွေ ဖရိုဖရဲဖြစ်နေတာနဲ့ သောင်းကျန်းမှုတွေ ပြည့်နှက်နေတဲ့ နတ်ဆိုးစစ်မြေပြင်တစ်ခုပဲ။ နတ်ဆိုးသခင်ကြီး၃ယောက်က နတ်ဆိုးတွေရဲ့အရိုးနဲ့ ပြုလုပ်ထားတဲ့ နတ်ဆိုးပလ္လင်ပေါ်မှာ ထိုင်နေကြပြီး အရာဝတ္ထုတစ်ခုအဖြစ် စုစည်းသွားတော့မဲ့ အနက်ရောင် အငွေ့အသက်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲကနေ ထုတ်လွှတ်နေတယ်။
သူတို့ရဲ့အမိန့်အောက်က နတ်ဆိုးစစ်သည်တွေကလည်း သွေးဆာလောင်နေတဲ့ ရုပ်တွေပဲ။
နတ်ဆိုးသခင်ကြီးက အမိန့်တစ်ခုပေးလိုက်တာနဲ့ ဒီနတ်ဆိုးစစ်သည်တွေက အရှေ့ကို အရှိန်နဲ့ပြေးတက်သွားကြပြီး သူတို့ရဲ့အသက်အန္တရာယ်ကိုတောင်မှ ဂရုမစိုက်ပဲ ရန်သူနတ်ဆိုးတွေကို သတ်ဖြတ်ကြတယ်။
စစ်ပွဲက ဖြစ်လုဖြစ်ခင်အချိန်လေးမှာပဲ နတ်ဆိုးစစ်သူကြီးနဲ့ နတ်ဆိုးသခင်ကြီး၃ယောက်တို့က ရုတ်တရက်ဆိုသလို အသံတစ်ခုကို ကြားလိုက်ရတယ်။
[ဝိုး... ဒီနတ်ဆိုးသခင်ကြီး၃ယောက်ရဲ့ အမေတွေက တကယ်တမ်းကျတော့ တစ်ယောက်တည်း ဖြစ်နေတာပဲ]
[မဟုတ်သေးဘူး၊ ဒါကို အဖေလို့ ပြောရမှာ မဟုတ်လား]
[ကျင့်ကြံသူတစ်ယောက်က တခြားနယ်မြေမှာ အမြွှာ ၃ယောက်ကို မွေးဖွားခဲ့တာတဲ့... ဒါက လွယ်တော့မလွယ်ဘူး]
[ဒီလိုပြောလို့ ပျောင်ရွှမ်းရှန့်လန်ရဲ့ အာနိသင်က တကယ်ကောင်းတာပဲ။ တစ်ကိုက်လောက်လေးပဲ စားလိုက်တာ။ အမျိုးသားကျင့်ကြံသူတစ်ယောက်က မှော်စွမ်းအင်မြက်နဲ့ ကလေးတစ်ယောက်ကိုတောင် မွေးဖွားပေးနိုင်သတဲ့လေ]
…