အခန်း ၁၆၂
Vol. 11 Ch. 162
အပိုင်း (၁၆၂)
ဟမ်။
လှေပျံပေါ်မှာရှိနေကြတဲ့ ဂိုဏ်းကြီး၆ခုက ကျင့်ကြံသူတွေအားလုံးက သူတို့ရဲ့ဝိညာဉ်စွမ်းအားကို ထိန်းညှိနေရပြီး အပြင်လောကကလာတဲ့အသံကို ကြားလိုက်ကြတဲ့အချိန်မှာ သူတို့ ရောက်နေတဲ့နေရာကို လေ့လာဖို့တောင် အချိန်မရှိခဲ့ဘူး။
အားလုံးရဲ့ မျက်နှာပေါ်က အမူအရာကလည်း အထိတ်တလန့်တွေ ဖြစ်သွားကြတယ်။
ဒီကာလအတော်အတွင်းမှာ ကျင့်ကြံရေးလောကက အမျိုးသားကျင့်ကြံသူတွေက ကလေး မွေးကြတယ်ဆိုတာက အင်မတန်မှ ပုံမှန်ပါပဲ။ အထူးသဖြင့် ဟယ်ဟွမ်းဂိုဏ်းသားတွေပေါ့။ ၁၀လလောက် ကိုယ်ဝန်ဆောင်တဲ့ မရေမတွက်နိုင်တဲ့ ယောကျ်ားတွေလည်းရှိတယ်လေ။
ဒါပေမဲ့...
ဘာပဲဖြစ်ဖြစ်ပါ။ တစ်စုံတစ်ယောက်က မှော်မြက်ပင်တစ်ခုနဲ့ ဘယ်လိုလုပ်ပြီး အတူတူနေနိုင်တာလဲ...
သူတို့တွေ တကယ်ပဲ နားကြားများမှားနေခဲ့တာလား။
အဲဒါက မှော်မြက်ပင်လေ။
နောက်ပြီးတော့... သူ့ရဲ့ဘဝတစ်သက်တာမှာ မှော်မြက်ပင်၃ခုပဲ မွေးဖွားလာခဲ့ဖူးတယ် မဟုတ်လား။
အခုတော့ ဒီမှော်မြက်ပင်၃ခုက နတ်ဆိုးလောကရဲ့ နတ်ဆိုးသခင်တွေ ဖြစ်လာကြတယ်တဲ့လား။
ပျောင်ရွှမ်းရှန့်လန်ကတော့ တကယ့်ကို ကြောက်စရာကောင်းပါပေတယ်။
ပျောင်ရွှမ်းရှန့်လန် ပေါ်လာစတုန်းက အလောတကြီး လာရောက်လုယက်ခဲ့ကြတဲ့ ကြီးမြတ်သူတော်တော်များများက သူတို့ရဲ့မျက်လုံးထဲမှာ မနေနိုင်ဘဲ ကြောက်စိတ်တွေ ပေါ်လာတော့တယ်။ တော်ပါသေးရဲ့။ အပြင်လောကက လာတဲ့အသံက ပျောင်ရွှမ်းရှန့်လန်ရဲ့ ဆေးအာနိသင်ကို အချိန်မီ ပြောပြခဲ့ပေလို့ပဲ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့...
သူတို့သာ ပျောင်ရွှမ်းရှန့်လန်ကို တကယ်သာ သောက်သုံးခဲ့မယ်ဆိုရင် သူတို့တွေတော့... ၃လအတွင်း ကိုယ်၀န်ရပြီး သူတို့ရဲ့ကိုယ်ဝန်ဆောင်နှုန်းကလည်း စတင်မြင့်မားလာတော့မှာပဲ... ဒီလိုစဉ်းစားလိုက်ပြီး သူတို့တွေက တုန်ယင်နေတဲ့မျက်လုံးတွေနဲ့ အောက်က နတ်ဆိုးသခင်၃ယောက်ကို ကြည့်လိုက်တော့တယ်။
ဘယ်ကျင့်ကြံသူကများ နတ်ဆိုးတွေထဲမှာမှ ဒီနဂါးနဲ့ဇာမဏီ... ၃ကောင်ကို မွေးခဲ့လဲမသိပါဘူး။
နတ်ဆိုးသခင်၃ယောက်က မြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်တွေ ပိုင်ဆိုင်ထားကြတယ်။ သူတို့တွေက လှေပျံကြီးက တိုက်ပွဲအတွင်းဝင်လာတာကို မြင်လိုက်ရတဲ့အချိန်မှာ တစ်ခုခုမှားယွင်းနေတယ်ဆိုတာကို ဝိုးတဝါး ခံစားမိလိုက်တယ်။ သူတို့တွေက ဘာတုံ့ပြန်မှုမှ မလုပ်ရသေးခင်မှာဘဲ အပြင်လောကကလာတဲ့ အသံတစ်ခု ကြားလိုက်ရတယ်။
သူတို့တွေက အစကတည်းက အမှောင်ထုထဲမှာ နေလာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့မျက်လုံးတွေကတော့ နတ်ဆိုးစွမ်းအင်တွေ ပြည့်ဝနေပြီး ရုတ်တရက်ဆိုသလို ဖိနှိပ်ထားလို့မရတဲ့ မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။
သူ အခုပြောလိုက်တဲ့အကြောင်းက... သူတို့အဖေတဲ့လား။
သူတို့တွေက ဒီလောက်အချိန်အကြာကြီး ရှာဖွေပြီးခဲ့တာတောင်မှ သူတို့အဖေရဲ့သဲလွန်စကို တစ်ခုမှ ရှာမတွေ့ခဲ့တာလည်း မဆန်းတော့ပါဘူး။ သူက ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကိုး။
သူတို့တွေက ယောက်ျားတစ်ယောက်က ကလေးမွေးတယ်ဆိုတာကို အံ့အားသင့်စရာမရှိသလို ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတစ်ယောက်က သူတို့အဖေဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း တစ်ခုခု မှားယွင်းတယ်လို့ မထင်ခဲ့ကြဘူး။
နတ်ဆိုးလောကထဲမှာ ဒါက ထုတ်ပြောစရာတောင် မလိုလောက်ဘူးလေ။
နတ်ဆိုးလောကဆိုတာ အသက်ရှင်သန်ဖို့အရေးက ရုန်းကန်နေရတဲ့ နေရာတစ်ခုပဲ။
နတ်ဆိုးမြက်ပင်တွေအနေနဲ့ သူတို့တွေက သူတို့ရဲ့တစ်သက်စာလုံးမှာ လူသားအသွင် ပြောင်းလဲဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူးလေ။
ဒါက အသွင်ပြောင်းဖို့ လုံလောက်တဲ့ကံတရားတစ်ခု ရှိနေတယ်ဆိုရင်တောင် နောက်ဆုံးကံတရားကတော့ သူတို့ရဲ့ နတ်ဆိုးတွေ ဝါးမျိုခံလိုက်ရဖို့ပဲရှိတယ်။
သူတို့ကို အသက်ရှင်အောင် လုပ်ပေးခဲ့တာ သူတို့အဖေဖြစ်တဲ့အပြင် သူတို့အဖေက သူတို့အတွက်လည်း မရေမတွက်နိုင်တဲ့ မှော်ရတနာတွေကို ချန်ထားပေးခဲ့သေးတယ်။ ဒါကြောင့်ပဲ သူတို့တွေက လုံလုံခြုံခြုံနဲ့ ကြီးပြင်းလာနိုင်ခဲ့တာပဲ။
နတ်ဆိုးလောကထဲမှာ အများစုက နတ်ဆိုးအဖေပဲဖြစ်ဖြစ် နတ်ဆိုးအမေပဲဖြစ်ဖြစ် သူတို့ရဲ့ကိုယ်ပိုင်သားသမီးတွေကို အစားအသောက်လိုပဲ သဘောထားခဲ့တာလေ။
သူတို့ရဲ့အဖေကသာ သူတို့ရဲ့နိမ့်ပါးတဲ့အဆင့်ကို အထင်မသေးတဲ့အပြင် သူတို့ရဲ့လုံခြုံရေးကိုလည်း စိုးရိမ်ခဲ့တဲ့အတွက် သူတို့အတွက် မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေကို ချန်ထားပေးခဲ့တာ။
သူက သူတို့တွေကို အန္တရာယ်ကင်းတဲ့နေရာတစ်ခုမှာလည်း ထားပေးခဲ့သလို ဝိညာဉ်စွမ်းအင် အမြောက်အများလည်း ထားပေးခဲ့သေးတယ်။
ပြီးတော့... သူတို့တွေကိုတောင် နာမည်ပေးခဲ့သေးတယ်။
ဒီတော့ အခုသူတို့ရဲ့အဖေက ဘယ်မှာပါလိမ့်။
သူတို့ရဲ့ခန္ဓာကိုယ်တွေက ဝမ်းသာစိတ်ကြောင့် တုန်လှုပ်သွားတဲ့အချိန်မှာပဲ အဲဒီရင်းနှီးလှတဲ့အသံက ထပ်ပြီးတော့ ထွက်လာခဲ့တယ်။
[လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀တုန်းက အစီအရင် ပြုလုပ်ပေးတတ်တဲ့ ရသေ့ချင်းယင်းကုန်းဇီက လျှို့ဝှက်နယ်မြေတစ်ခုထဲမှာ ပျောင်ရွှမ်းရှန့်လန်ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့တယ်တဲ့]
[အဲဒီတုန်းက သူကလည်း ဒါကို ပျောင်ရွှမ်းရှန်းလန်လို့ ထင်သွားခဲ့တာတဲ့။ ဒါကြောင့် သူက သူတတ်နိုင်သမျှအားလုံးကို ခူးလာခဲ့တယ်တဲ့]
နောက်ပိုင်းကျတော့ အဲဒီတုန်းက အာဏာအကြီးမြင့်ဆုံးဖြစ်တဲ့ ရှင်းမိသားစုက ဒီသတင်းကို ကြားခဲ့ပြီး ကျင့်ကြံရေးလောကတစ်ခုလုံးမှာ ချင်းယင်းရဲ့တည်နေရာကို ရှာဖွေခဲ့ကြတယ်တဲ့။ သူတို့တွေက သူ့ကိုဖမ်းဆီးဖို့ မရေမတွက်နိုင်တဲ့ မဟာယနကျင့်ကြံသူတွေကိုလည်း လွှတ်ခဲ့ပြီး သူ့ကိုသတ်ချင်ပြီး ရတနာတွေကိုလည်း သိမ်းပိုက်ချင်ခဲ့တယ်တဲ့။
[အဲဒီအချိန်တုန်းက ချင်းယင်းက ပေါင်းစပ်ကျင့်ကြံအဆင့်ပဲ ရှိသေးတယ်။ အစီအရင်တစ်ခုရဲ့ အကူအညီနဲ့ ဒီမဟာယနကျင့်ကြံခြင်းအဆင့်ရှိတဲ့သူတွေရဲ့ လက်ထဲကနေ လွတ်မြောက်လာနိုင်ခဲ့တယ်]
[ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းကိုကွာခြားလှတယ်လေ။ ချင်းယင်းက ထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်]
နတ်ဆိုးသခင်ကြီး၃ယောက်က ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ သူတို့တစ်ယောက်ချင်းစီရဲ့ မျက်နှာပေါ်မှာ ဒေါသအငွေ့အသက်တွေ ဖြစ်သွားခဲ့တယ်။ သူတို့တွေက သူတို့အဖေကို ထိခိုက်အောင်လုပ်ခဲ့တဲ့ လူတွေကို အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြတ်ချင်သွားတော့တယ်။
ဒီအချိန်မှာတော့ အပြင်လောကကလာတဲ့အသံက ဆက်ပြီးပြောလိုက်တယ်။
[နောက်ပိုင်းကျတော့ လိုက်လံဖမ်းဆီးခံရပြီး အကြိမ်ပေါင်းများစွာ အသက်ဆုံးရှုံးလို့နီးပါးဖြစ်ခဲ့ရတဲ့ ချင်းယင်းက ပျောင်ရွှမ်းရှန့်လန်ကို ယူပြီး နတ်ဆိုးလောကထဲကို ထွက်ပြေးဖို့ ရွေးချယ်ခဲ့တယ်]
[နတ်ဆိုးနယ်မြေထဲ ရောက်လာပြီးတဲ့နောက်မှာ သူက သန္ဓေတည်နတ်ဆိုးမြက်ရဲ့ သူ့လက်မှာ မတော်တဆ ပြတ်ရှခံလိုက်ရပြီးတဲ့နောက်... ကိုယ်ဝန်ရလာတော့တယ်]
ဒါကိုမြင်လိုက်တဲ့အခါ စူးလီရဲ့အသံက ရုတ်တရက်ဆိုသလို နှမြောတသသလို ဖြစ်သွားခဲ့တယ်။
[ဒီတော့ ဒါက လူသားမြက်ပင်တစ်ခု မဟုတ်ဘူးပေါ့...ဪ...]
[အဲဒီအချိန်တုန်းက ချင်းယင်းက အပြင်းအထန် ဒဏ်ရာရနေတဲ့အပြင် ဝိညာဉ်နတ်ဆိုးတွေရဲ့ ကျူးကျော်ခြင်းကိုလည်း တောင့်ခံခဲ့ရတယ်။ ဒီလိုအခြေအနေအောက်မှာပဲ သူက ရှိသမျှအားနဲ့ ဒီကလေး၃ယောက်ကို မွေးဖွားခဲ့တယ်တဲ့]
[သူ့ရဲ့အစီအရင်တွေရဲ့ ကျေးဇူးကြောင့်ပဲ သူက နတ်ဆိုးလောကထဲမှာ အချိန်အကြာကြီး တောင့်ခံနိုင်ခဲ့တာ]
[ချင်းယင်းကလည်း ထူးဆန်းတဲ့လူတစ်ယောက်ပဲ။ သူက ယောက်ျားတစ်ယောက်က ကလေးမွေးဖွားတာ ဒါမှမဟုတ် နတ်ဆိုးတစ်ယောက်ကို မွေးဖွားခဲ့တာကိုတောင်မှ ထူးဆန်းတယ်လို့ မထင်ဘူးတဲ့။ သူက သူ့ကလေးတွေ ကလေးဘဝမှာ အန္တရာယ်ကင်းကင်း ကြီးပြင်းလာအောင် အကောင်းဆုံး ကြိုးစားပေးခဲ့သေးတယ်]
[လဝက်ကျော်လုံးလုံး သူက သူမွေးထားတဲ့ ဒီကလေး၃ယောက်ကို အားစိုက်ထုတ်မှု အများကြီးလုပ်ပြီး စောင့်ရှောက်ပေးခဲ့တယ်]
စူးလီက တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး ဆက်ဖတ်လိုက်တယ်။
[နောက်ဆုံးတော့ ချင်းယင်းရဲ့ခန္ဓာကိုယ်က နတ်ဆိုးနယ်မြေထဲမှာ ဆက်နေဖို့ သူ့ကိုထပ်ပြီး မထောက်ပံ့ပေးနိုင်တော့ဘူး။ ဒီကလေး၃ယောက်ကလည်း နတ်ဆိုးတွေ ဖြစ်နေတယ်။ ဒီတော့ သူတို့တွေက နတ်ဆိုးနယ်မြေထဲကနေ ထွက်သွားလို့ လုံးဝမရနိုင်ဘူးလေ]
[သူက ကလေးတစ်ယောက်ချင်းစီအတွက် လုံခြုံတဲ့နေရာတစ်ခုကိုသာ ရှာဖွေပေးနိုင်ခဲ့ပြီး သူတို့ရဲ့ တည်ရှိမှုကို အစီအရင်တစ်ခုနဲ့ ဖုံးကွယ်ထားပေးကာ သူတို့ကို မိစ္ဆာအသွင် ပြောင်းလဲပေးမဲ့ ဝိညာဉ်ရတနာ အများကြီးကို ချန်ထားပေးခဲ့တယ်။ သူတို့တွေက အန္တရာယ်ကင်းကင်း ကြီးပြင်းလာမှာကို မျှော်လင့်ချက်နဲ့ပေါ့]
[ဒီကလေး၃ယောက်ကို ခွဲထားပြီး အဝေးကြီးမှာ ထားထားရတဲ့ အကြောင်းအရင်းကတော့... ဒီနတ်ဆိုးသခင်၃ယောက်က မွေးလာကတည်းက အချင်းချင်း စားသောက်ချင်နေကြတာတဲ့။ ဒါကြောင့်မလို့ ချင်းယင်းက သူတို့တွေကို ခွဲထားတာကလွဲပြီး တခြားမတတ်နိုင်ခဲ့ဘူး]
အမြဲတမ်း ဘာကိုမှဂရုမစိုက်ဘဲ သတ်ဖြတ်မှုကို တားဆီးဖို့ သတ်ဖြတ်ခြင်းကိုပဲ အသုံးချနေကြတဲ့ ဒီနတ်ဆိုး၃ယောက်လုံးက ဒီအခြေအနေကို လူသားတွေမှာပဲ ရှိနေနိုင်တဲ့ စိုးရိမ်ပူပန်မှုနဲ့ မျှော်လင့်ချက်တွေနဲ့အတူ ကြည့်နေမိတော့တယ်။
သူတို့ရဲ့အဖေက အဲဒီတုန်းက သူတို့ကို စွန့်ပစ်ဖို့ မရည်ရွယ်ခဲ့တဲ့အပြင် သူတို့ကိုတောင်မှ ကာကွယ်ပေးနေခဲ့တာပဲ။
ဒါဆိုရင် အခု သူတို့အဖေက ဘယ်မှာလဲ။
ဒီအချိန်မှာပဲ ကောင်းကင်ကလာတဲ့အသံက သက်ပြင်းချလိုက်တဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
[လောကကြီးမှာ မိဘတွေက သနားစရာကောင်းတယ်လို့ ပြောကြတယ်...]
[ချင်းယင်းက သူ့ရဲ့ဒဏ်ရာတွေကို ပြန်ကောင်းလာအောင် လုပ်ပြီးတဲ့အခါ သူ့ကို နတ်ဆိုးနယ်မြေထဲမှာ တစ်သက်လုံး နေထိုင်သွားစေနိုင်တဲ့ အစီအရင်တစ်ခုကို စတင်ပြီးတော့ လေ့လာခဲ့တယ်။ အခု သူက နတ်ဆိုးနယ်မြေထဲမှာ သူ့ကလေးကို ရှာဖွေနေတယ်တဲ့...]
အဖေက သူတို့ကို ရှာဖွေနေတယ်။
နတ်ဆိုးသခင်ကြီး၃ယောက်ရဲ့ နတ်ဆိုးစွမ်းအင်တွေက ရုတ်ခြည်းဆိုသလို ဆူပွက်လာခဲ့တယ်။ သူတို့တွေက သူတို့ရဲ့အဖေကို တွေ့ရတော့မှာတဲ့။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာတော့...
နတ်ဆိုးသခင်တစ်ယောက်ချင်းစီက ဖုံးကွယ်မထားတဲ့ လူသတ်လိုတဲ့စိတ်တွေ ဖော်ပြနေတဲ့ အမူအရာနဲ့ တခြားနတ်ဆိုးသခင်၂ယောက်ကို ကြည့်နေကြတယ်။
သူတို့ကို သတ်လိုက်မယ်။ သူတို့အဖေက သူ့တစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်လာလိမ့်မယ်။
ဒီလိုစဉ်းစားလိုက်ပြီး နတ်ဆိုးသခင်တွေတိုင်းရဲ့ မျက်လုံးတွေထဲမှာ နီရဲနေတဲ့တိုက်ခိုက်လိုတဲ့ စိတ်ဝိညာဉ်တွေ အပြည့်ဖြစ်သွားခဲ့တယ်။
သူတို့ဘေးက များစွာသော နတ်ဆိုးစစ်သူကြီးတွေကလည်း သူတို့ဆီကနေ လူသတ်လိုတဲ့ ပြင်းပြစိတ်ကို ခံစားမိလိုက်ကြပြီး သူတို့ရဲ့ခန္ဓာကိုယ်ပေါ်က နတ်ဆိုးစွမ်းအင်တွေက အစွယ်တွေ၊ လက်သည်းတွေနဲ့ တခြားဘက်ကို စတင်တိုက်ခိုက်ကြတော့တယ်။
အောက်ဘက်က တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်တော့မဲ့မြင်ကွင်းကို ကြည့်နေကြတဲ့ လှေပျံပေါ်ကလူတွေက သူတို့ရဲ့မျက်လုံးတွေထဲမှာ စိုးရိမ်စိတ်တွေ ပြည့်နှက်သွားခဲ့တယ်။
ခုနတုန်းက ဒီနတ်ဆိုးသခင်၃ယောက်ရဲ့ တုံ့ပြန်ပုံကို အကဲခတ်ကြည့်ရမယ်ဆိုရင် သူတို့တွေက အပြင်လောကကလာတဲ့အသံကို ကြားနိုင်ကြတာ သိသာတယ်။
ဒါပေမဲ့ ဘာဖြစ်လို့များ သူတို့တွေက ညီအစ်ကိုတွေ ဖြစ်နေတယ်ဆိုတာကို သိနေတာတောင် အချင်းချင်း ဘာဖြစ်လို့ တိုက်ခိုက်နေကြသေးတာလဲ။
သူတို့တွေက သူတို့ချစ်ရတဲ့အဖေကို အတူတူ သွားရှာသင့်တာ မဟုတ်လား။
နတ်ဆိုးသခင်ကြီး၃ယောက်က စတင်တိုက်ခိုက်တော့မယ်ဆဲဆဲမှာပဲ စူးလီက ကောင်းကင်စာအုပ်ရဲ့ စာမျက်နှာကို ပျင်းရိပျင်းတွဲနဲ့ လှန်လှောလိုက်တယ်။
[ချင်းယင်းကတော့ ကလေး၃ယောက်ကို ရတနာတွေလို သဘောထားတာ။ သူတို့တွေက မရေမတွက်နိုင်အောင် အချင်းချင်း တိုက်ခိုက်ခဲ့တယ်ဆိုတာကို သူ သိသွားရင်တော့ဖြင့်...]
[ဒါနဲ့တကယ်လို့များ သူတို့ထဲကတစ်ယောက်က တကယ်ပဲ အသတ်ခံရပြီး တခြားတစ်ယောက်ကို ကိုယ်လက်အင်္ဂါ ကျိုးပဲ့အောင် လုပ်ခဲ့တယ်ဆိုတာကို သိသွားရင်တော့ ချင်းယင်းက တရားမျှတမှုအတွက် ကိုယ့်ရဲ့ဆွေမျိုးရင်းခြာကို သတ်ဖြတ်မှာ မဟုတ်ဘူးဆိုရင်တောင် သူက အရမ်းကို စိတ်ပျက်သွားမိမှာသေချာတယ်...]
ဒီအချိန်မှာတော့ ထိခိုက်လုဆဲဆဲဖြစ်နေတဲ့ နတ်ဆိုးစွမ်းအင်တွေက ရုတ်တရက်ဆိုသလို ကွဲကွာသွားတော့တယ်။
သူတို့ရဲ့အဖေက နတ်ဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာကို သူတို့တွေက ဘယ်လိုလုပ်ပြီး မေ့မှာလဲ။ တကယ်လို့ သူတို့ကြားက တိုက်ပွဲအကြောင်းကို တကယ်သာ သိသွားခဲ့မယ်ဆိုရင်...
အရေးအကြီးဆုံးက သူတို့တွေက အချင်းချင်း သတ်နိုင်မလားဆိုတာ မသေချာဘူးလေ။ တကယ်လို့ သူတို့တွေက ဟန်ဆောင်ပြီး သူတို့အဖေကို သွားပြီးတိုင်တောမယ်ဆိုရင်တောင်...
ဒီလိုစဉ်းစားလိုက်ပြီး နတ်ဆိုးသခင်ကြီး၃ယောက်ရဲ့ နတ်ဆိုးစွမ်းအင်တွေက ရုတ်တရက်ဆိုသလို လုံးဝထိန်းချုပ်ခံထားလိုက်ရပြီး တစ်ဖက်လူကိုဒုက္ခပေးမဲ့ အရိပ်အယောင်တွေ လုံးဝမရှိတော့ဘူး။
စစ်မြေပြင်ပေါ်က နတ်ဆိုးစစ်သူကြီးတွေနဲ့ စစ်သည်တွေက သူတို့ရဲ့နတ်ဆိုးသခင်ကြီးက သူ့ရဲ့လူသတ်လိုတဲ့ ပြင်းပြစိတ်ကို ထိန်းချုပ်လိုက်တာကို တွေ့တဲ့အခါ သူတို့အားလုံးက ငေးကြောင်ကြောင်လေးနေရာမှာတင် ရပ်နေမိတော့တယ်။
ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ထပ်ပြီးထွက်လာတော့တယ်။
[ဟမ်- ချင်းယင်းက နတ်ဆိုးလောကထဲကို အခုမှရောက်လာပြီး နတ်ဆိုးလောကရဲ့ နတ်ဆိုးပန်းပွင့်နဲ့ ရင်ဆိုင်နေရတယ်တဲ့လား]
[ကျွတ်ကျွတ် ချင်းယင်းရဲ့ဒဏ်ရာတွေက အခုမှ ကုသပြီးခါစပဲ ရှိသေးတယ်လေ။ သူက နတ်ဆိုးလောကကို ဝင်ဝင်လာခြင်းမှာပဲ ဒါကိုအသားကျနိုင်သေးတာ မဟုတ်ဘူး။ တကယ်လို့ မသေဘူးဆိုရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မယ်]
ဘယ်လို။
နတ်ဆိုးသခင်ကြီး ၃ယောက်တင်မကဘဲ လှေပျံပေါ်က ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ကျင့်ကြံသူတွေအားလုံးကလည်း အင်မတန်မှ စိုးရိမ်သွားတဲ့ရုပ် ဖြစ်သွားတော့တယ်။
အခု ချင်းယင်းက နတ်ဆိုးသခင်ကြီး၃ယောက်ကို ညီညီညွတ်ညွတ် ဖြစ်သွားအောင် လုပ်နိုင်ပြီး နောက်တက်မဲ့နတ်ဆိုးဘုရင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ တစ်ဦးတည်းသော ကျင့်ကြံသူပဲ။
တကယ်လို့ သူက မတော်တဆကိစ္စနဲ့ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ကျင့်ကြံရေးလောကရော နတ်ဆိုးလောက၂ခုစလုံးက မဆုံးနိုင်တဲ့ ကပ်ဘေးတွေ ကျရောက်လာလိမ့်မယ်။
ဒီလိုစဉ်းစားလိုက်ပြီး အားလုံးက နားစွင့်ထားလိုက်ကာ ချင်းယင်း အဆင်ပြေပါစေလို့ သူတို့စိတ်ထဲမှာ ဆုတောင်းရင်း အပြင်လောကကလာတဲ့ စကားသံကို အာရုံစိုက်ပြီး နားထောင်နေလိုက်ကြတော့တယ်။
စူးလီရဲ့စိတ်အစဉ်တစ်ခုလုံးက ကောင်းကင်စာအုပ်ထဲကို ရောက်နေပြီး သူ့ပတ်ဝန်းကျင်က လူတွေရဲ့ထောင်ပေါင်းများစွာသော အတွေးတွေနဲ့ အမူအရာတွေကို သတိမထားမိလေဘူး။
သူမက သူမရဲ့မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလည်း တွေဝေသွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။
တကယ်လို့ သူမသာ တခြားအချိန်မှာ ဒီဖရဲသီးကို စားခဲ့မယ်ဆိုရင် ဒီအတိုင်းစိတ်ထဲမှာပဲ စကား၁ခွန်း၊ ၂ခွန်းလောက် ပြောပြီး သက်ပြင်းချနေမိမှာပဲ။
သူမက အမြဲတမ်းလိုလို ပွဲကိုဒီအတိုင်းကြည့်နေတတ်ပြီး ၀င်ပါတယ်ဆိုတာ ရှားပါးတယ်လေ။ သူမ ဝင်ပါခဲ့တဲ့ အကြိမ်အနည်းငယ်ကလည်း အမြဲတမ်းရုတ်တရက် စိတ်ကူးပေါက်လာလို့ပါ။
ဒါပေမဲ့ အခုကျတော့...
[တကယ်လို့ ချင်းယင်းသာ တကယ် သေသွားခဲ့မယ်ဆိုရင် နတ်ဆိုးဘုရင်တစ်ယောက်က နတ်ဆိုးနယ်မြေထဲမှာ ပေါ်လာမဲ့အချိန်ကို ဘယ်သူမှ ပြောပြနိုင်တော့မှာ မဟုတ်ဘူး]
[နတ်ဆိုးတံဆိပ်ပြား မရှိဘူးဆိုရင် အန္တိမချောက်နက်ကြီးကို ရှာဖို့က အရမ်းခက်ခဲသွားလိမ့်မယ်...]
ဒီလိုစဉ်းစားလိုက်ပြီး စူးလီက နတ်ဆိုးစွမ်းအင်တွေ စတင်ပြီး သောင်းကျန်းတော့မဲ့ အောက်ဘက်က နတ်ဆိုးသခင်၃ယောက်ကို လှမ်းကြည့်လိုက်တယ်။
[ဒါက နောက်ထပ်တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာလား]
[နောက်ထပ် နှစ်ပေါင်း၅၀၀အထိ တိုက်ခိုက်မနေကြပါနဲ့တော့လေ...]
ဒီလိုစဉ်းစားလိုက်ပြီး သူမကတိတ်တိတ်လေး သက်ပြင်းချလိုက်တော့တယ်။
[ထားလိုက်ပါတော့လေ။ ငါကိုယ်တိုင်ပဲ သူတို့ကို ပြောပြပါတော့မယ်]
[ဒါက စကားလေးတစ်ခွန်း ပြောရုံကိစ္စပဲ]
ဒီစကားကို ကြားလိုက်တဲ့အခါ ဂိုဏ်းကြီး၆ဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက အူကြောင်ကြောင်နဲ့ မျက်တောင်ခတ်လိုက်မိတော့တယ်။
လူကိုယ်တိုင်... ပြောပြမယ်တဲ့လား။
ဧကန္တ အပြင်လောကကလာတဲ့အသံက တခြားနေရာကနေ ဒီနေရာကို စိတ်နဲ့ ရောက်လာနိုင်ပြီး ချင်းယင်းရှိတဲ့နေရာကို ဒီနတ်ဆိုးသခင်၃ယောက်ကို ပြောပြတော့မှာလား။
ဒီအပြင် အပြင်လောကကလာတဲ့အသံက ကောင်းကင်တာအိုနဲ့ အရမ်းကို နီးနီးကပ်ကပ် ပတ်သက်နေတယ်လေ။ သူက ဘယ်လိုလုပ်ပြီး အားလုံးရဲ့ရှေ့မှာ ဒီလိုအလွယ်တကူ ပေါ်လာလို့ရမှာလဲ။ ဒါတောင် နတ်ဆိုးလောကထဲမှာ ပေါ်လာမယ်တဲ့လေ။
အားလုံးက မယုံမကြည်ဖြစ်နေကြပြီး သူတို့နားကြားများ မှားလေသလားလို့ စဉ်းစားနေတဲ့အချိန်မှာပဲ ထောင့်မှာထိုင်နေတဲ့ စူးလီက တိတ်တိတ်လေး ထရပ်လိုက်တယ်။
လူအုပ်ကြီးထဲက အံ့သြပြီးဇဝေဇဝါဖြစ်နေတဲ့ အကြည့်တွေကြားထဲမှာ သူမက လှေပျံအစွန်းက လက်ရန်းပေါ်ကို ခြေလှမ်းအနည်းငယ်နဲ့ လျှောက်သွားလိုက်ပြီး အောက်မှာရှိနေတဲ့ နတ်ဆိုးလောကထဲကလူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တော့တယ်။
"ယိုမင်၊ အန်းမြန့်၊ မော့ချင်း၊ နင်တို့တွေ နင်တို့အဖေကို ရှာနေကြတာ မဟုတ်လား"
"သူက အခု..."
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို လှမ်းကြည့်လိုက်ပြီး တစ်ခွန်းချင်းစီ ပြောလိုက်တော့တယ်။
[အမှောင်နယ်မြေရဲ့ နတ်ဆိုးခန်းဆောင်ဂူထဲမှာ]
ဒီအချိန်မှာတော့ သူကထပ်ပြီး ပြောလိုက်တယ်။
"မြန်မြန်သွားဖို့ မမေ့နဲ့နော်။ နင်တို့အဖေက အသားစားနတ်ဆိုးပန်းပွင့်ရဲ့ လက်ထဲမှာ လက်ဖက်ရည်ခွက်တစ်ဝက်စာ အချိန်ပဲ တောင့်ခံနိုင်တော့တာ"
စူးလီ စကားဆုံးသွားတဲ့နောက်မှာပဲ သူမကကိုယ်ကို လှည့်လိုက်တဲ့အခါ ဆွံ့အပြီး ကြောက်လန့်နေတဲ့ ရုပ်ဖြစ်သွားကြတဲ့ လူတွေကို မြင်လိုက်ရတော့တယ်။
၀မ်ကျန့်ဂိုဏ်းချုပ်ကြီးက မှိန်ပျသွားတဲ့မျက်လုံးတွေ ဖြစ်သွားပြီး နောက်ပြန်လှန်ကြသွားတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ဘေးမှာရှိနေတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကို သွားတိုက်မိတော့တယ်။ တောင့်တင်းနေပြီးသားဖြစ်တဲ့ ဂိုဏ်းချုပ်ကြီးကလည်း လဲကျသွားပြီး သူ့ရဲ့ဘေးမှာရှိနေတဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးကို အရှိန်နဲ့သွားတိုက်မိလိုက်တယ်။ မကြာခင်မှာပဲ ရပ်နေကြတဲ့ လူတွေအားလုံးက အစဉ်လိုက်ပဲ နောက်ကိုလဲကျသွားတော့တယ်။
လူတို့ရဲ့ခန္ဓာကိုယ်က ကြမ်းပြင်ကို သွားပြီးထိခိုက်မိတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို အိပ်မက်ကနေ နိုးထလာသလို ဖြစ်သွားပြီး သတိရသွားကြတယ်။
စူးလီက... အပြင်လောကကလာတဲ့ နာမည်ကြီးအသံ ဖြစ်နေတာကိုး။
အရာအားလုံးကိုသိတဲ့ အပြင်လောကကလာတဲ့အသံ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေကို ကယ်တင်ပေးခဲ့တဲ့အသံ ဂိုဏ်းကြီး၆ခုနဲ့ ကျင့်ကြံရေးလောကကို ကယ်တင်ပေးခဲ့တဲ့အသံ။ ဒါက ခေါင်းလည်းမရှိ အမြီးလည်းမရှိတဲ့ နဂါးတစ်ကောင်လိုပဲ။
သူတို့တွေကို အန္တရာယ်ကနေ ကယ်တင်ပေးခဲ့ပြီး သူတို့ရဲ့ဂိုဏ်းကို ကူညီကာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ကူညီပေးခဲ့ပြီး မရေမတွက်နိုင်တဲ့ ဆိုးညစ်တဲ့သူတွေကို ဖော်ထုတ်ပေးခဲ့တဲ့ ပြင်ပလောကကလာတဲ့အသံ။
ကောင်းကင်တာအိုနဲ့ အရမ်းကိုပတ်သက်ဆက်နွယ်မှုရှိနေတဲ့ အပြင်လောကကလာတဲ့အသံ။
စူးလီက ရှန်းချန်းဟန်ရဲ့ဓားအရိုးကို အလွယ်တကူ အစားထိုးပေးနိုင်ခဲ့တဲ့မြင်ကွင်း၊ ကျန်းမုန့်လန်ကို သူ့ရဲ့ဝိညာဥ်အရင်းအမြစ်တွေ ပြန်တည်ဆောက်ပေးခဲ့တဲ့မြင်ကွင်း၊ စကား၁ခွန်း၊ ၂ခွန်းလောက်နဲ့ ကျင့်ကြံရေးလောကတစ်ခုလုံးကို ကူကယ်ရာမဲ့သွားအောင် လုပ်နိုင်တဲ့ဝူကျန်းကြေးမုံကို ဖျက်ဆီးနိုင်ခဲ့တဲ့မြင်ကွင်းကို ပြန်စဉ်းစားမိလိုက်ကြပြီးတဲ့နောက်မှာ...
အတိုင်းအတာတစ်ခုအထိ သတိဝင်နေကြသေးတဲ့ ကျင့်ကြံသူတွေအားလုံးမှာ သူတို့မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်တော့တယ်။
ဒီလိုဆိုရင် သူတို့ဘေးမှာ အမြဲတမ်းရှိနေခဲ့တဲ့ စူးလီက...
၀မ်ကျန့်ဂိုဏ်းချုပ်ကြီးမှာ အသက်တောင်မရှူနိုင်လောက်အောင် ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်သွားတော့တယ်။
စူးလီက သူတို့ရဲ့ရှုံ့မဲ့နေတဲ့ရုပ်အသွင်တွေကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ နားမလည်နိုင်မှုအပြည့် ဖြစ်သွားတော့တယ်။
"ရှင်တို့တွေ ဘာဖြစ်နေကြတာလဲ"
"နတ်ဆိုးစွမ်းအင်တွေက ခန္ဓာကိုယ်ထဲ ဝင်သွားလို့လား"
အဲဒီလိုလည်း ဖြစ်ဟန်မတူပါဘူး။ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက အကြိမ်ကြိမ်အဖန်ဖန် တုန်ယင်လို့နေတယ်။ နောက်ဆုံးတော့ သူက အားတင်းကာ ထရပ်လိုက်ပြီး သူ့အသံထဲမှာလည်း ထိန်းချုပ်လို့မရတဲ့ လေးစားမှုအပြည့်နဲ့ တုန်ရီနေတော့တယ်။
"သူတို့တွေက... နတ်ဆိုးသခင်ရဲ့အဖေဆီမှာ ဖြစ်သွားတဲ့ကိစ္စကြောင့် အထိတ်တလန့် ဖြစ်သွားတာ နေပါလိမ့်မယ်"
စူးလီက သူမဘေးကနေ လှမ်းပေးလာတဲ့ ယကျူးမုန့်ကို သတိထားမိလိုက်ပြီး အမှတ်တမဲ့ လှမ်းယူလိုက်ကာ ပါးစပ်ထဲထည့်လိုက်တယ်။
သူမက သူမရဲ့ပါးစပ်ထဲက ချိုမြိန်တဲ့အရသာကို ခံစားလိုက်ရတဲ့အချိန်မှာ သတိပြန်ဝင်လာပြီး ဘာမှမဖြစ်ခဲ့သလို သူမရဲ့ခေါင်းကို ပြန်လှည့်ထားလိုက်တော့တယ်။ "အဟမ်း၊ နတ်ဆိုးသခင်၃ယောက်နဲ့ အဖေတစ်ယောက်ရဲ့ဇာတ်လမ်းက တကယ့်ကို တော်တော်လေး မှော်ဆန်လှပါပေတယ်"
အောက်မှာရှိနေတဲ့ နတ်ဆိုးသခင်၃ယောက်ကတော့ သူမ စကားပြောပြီးသွားတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားကြတယ်။ ကျန်တဲ့နတ်ဆိုးရဲမက်တွေနဲ့ စစ်သည်တွေနဲ့ စစ်သူကြီးတွေကလည်း သူတို့ရဲ့နတ်ဆိုးသခင် ထွက်သွားတာကို မြင်လိုက်တဲ့အခါ လူစုခွဲလိုက်ကြတော့တယ်။
စူးလီက ပတ်ဝန်းကျင်က အရေအတွက်လျော့နေသွားပြီဖြစ်တဲ့ နတ်ဆိုးတွေကိုကြည့်လိုက်ပြီး ရှေ့ကို လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်တော့တယ်။ "ကျွန်မတို့တွေရော မသွားကြသေးဘူးလား"
"တကယ်လို့ နောက်ကျသွားမယ်ဆိုရင် နတ်ဆိုးသခင်တွေက သူတို့ရဲ့အဖေနဲ့ ထွက်ပြေးသွားလောက်ပြီ"
"မင်း ပြောတာမှန်ပါတယ်" ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။ "သွားကြစို့"
အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ လှေပျံတစ်ခုနဲ့ ကောင်းကင်ပေါ်မှာ သွားလာခဲ့ကြတဲ့ ကျင့်ကြံသူတစ်စုက အမှောင်နယ်မြေထဲက နတ်ဆိုးခန်းဆောင်ဂူဆီကို ရောက်လာခဲ့တယ်။
နတ်ဆိုးခန်းဆောင်ဂူထဲမှာ သိမ်မွေ့တဲ့မျက်နှာတစ်ခုနဲ့ အစိမ်းရောင်အဝတ်အစားဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခုက အလယ်မှာ ရပ်နေတယ်။ သူ့ရှေ့မှာတော့ သိုးလေးတွေလို ယဥ်ပါးတဲ့ပုံစံနဲ့ နတ်ဆိုးသခင်၃ယောက်က ရှိနေခဲ့တယ်။
သူတို့ကြားမှာ ချင်းယင်းနဲ့ အနီးဆုံးမှာရပ်နေတဲ့ ယိုမင်က ဘာမှမဖြစ်ခဲ့သလို အနက်ရောင်အငွေ့အသက်တွေ ဖိထားတယ်။ ဒါက မှော်ခေါင်းလောင်းလက်နက်နဲ့ တမင်သက်သက် ဝင်တိုက်ပြီးမှဖြစ်လာတဲ့ ဒဏ်ရာလေ။
ဒါက ဘယ်လိုပဲကြည့်ကြည့် ခုနတုန်းကဖြစ်သွားတဲ့ကိစ္စက မော့ချင်းရဲ့ သူ့ကိုထိခိုက်လိုတဲ့ ရည်ရွယ်ချက်ဆိုတာ သိသာတယ်။
လက်ဖက်ရနံ့(သောက်တဲ့လက်ဖက် မဟုတ်ပါဘူးနော်)မွှေးနေတဲ့ မျက်နှာတစ်ခုနဲ့ သူက ချင်းယင်းကို ပြောလိုက်တယ်။ "အဖေကျေးဇူးပြုပြီးတော့ ညီလေးကို အပြစ်မပြောပါနဲ့"
"ကျွန်တော် တစ်ခုခု အမှားလုပ်ခဲ့လို့ ညီလေးက အရမ်းဒေါသထွက်သွားတာ ဖြစ်ပါလိမ့်မယ်"
...