အခန်း ၁၆၃
Vol. 11 Ch. 163
အပိုင်း (၁၆၃)
လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀၀)တုန်းက ချင်းယင်းက နတ်ဆိုးနယ်မြေကို လာခဲ့တဲ့အချိန်တုန်းက သူ့ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခုလွဲမှားနေတယ်ဆိုတာကို ချက်ချင်းသိလိုက်တယ်။
အဲ့ဒီအချိန်တုန်းက နတ်ဆိုးစွမ်းအင်တွေနဲ့ ဝိညာဥ်စွမ်းအင်တွေကြားမှာ အပြန်အလှန်တွန်းကန်တဲ့ ရလာဒ်လို့ ထင်ထားခဲ့တာ။ သူ့ဝမ်းဗိုက်က ဆက်တိုက် ကြီးထွားလာပေမဲ့လည်း သူက ဒါကိုအရမ်းကြီး ဂရုမစိုက်မိဘူး။
တစ်နည်းပြောရမယ်ဆိုရင် အသက်ရှင်သန်ဖို့က သူ့အတွက်အရမ်းကို ခက်ခဲနေခဲ့တာလေ။ ဒီတော့ မသေနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာကျင့်ကြံမှုကို သူ့မှာဂရုစိုက်ဖို့ အချိန်မရဘူးပေါ့။
နောက်ပိုင်းကျတော့ အကြောင်းအရာအမျိုးမျိုးကြောင့် သူ့ပတ်ဝန်းကျင်က နတ်ဆိုးစွမ်းအင်တွေက သူ့ကို ထိခိုက်တာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး တစ်ညမှာတော့ ရုတ်တရက်ဆိုသလို မြက်ပင်သုံးပင်ကို... မွေးဖွားခဲ့မိတယ်။
အဲ့ဒီအချိန်တုန်းကတော့ သူ အင်မတန်မှ ကြောက်စိတ်ဝင်သွားခဲ့တာပေါ့။ သူ့ခန္ဓာကိုယ်မှာ တစ်ခုခု ဖြစ်နေတယ်ဆိုတာကို စဥ်းစားလိုက်မိပြီး သူရဲ့ပထမဦးဆုံးတုံ့ပြန်မှုက ဒီမြက်ပင်သုံးပင်ကို ချက်ချင်းလွင့်ပစ်လိုက်ဖို့ပဲ။
ဒါပေမဲ့ ဒီမြက်ပင်သုံးခုရဲ့ ပထမဦးဆုံးတုံ့ပြန်မှုက သူတို့ရဲ့ မွေးဖွားလာမှုက သူ့ကို ကာကွယ်ပေးဖို့ဖြစ်နေတယ်။
သူတို့တွေက နတ်ဆိုးဝိညာဥ်တွေရဲ့ ကျူးကျော်ခြင်း ခံနေရတဲ့အချိန်မှာ အရမ်းကို အားနည်းနေပေမဲ့လည်း သူတို့တွေက သူတို့ရဲ့အရွက်တွေကို ကပျာကယာဝေ့ယမ်းပြီး နတ်ဆိုးဝိညာဥ်တွေကို မောင်းထုတ်ကူပေးခဲ့တယ်။ နောက်ပိုင်းကျတော့ သူ အပြင်းအထန် ဒဏ်ရာရသွားတဲ့အချိန်မှာ သူတို့တွေကအရမ်းကို စိုးရိမ်လာကြပြီး မြက်ပင်တစ်ခုလုံးက တုန်တုန်ယင်ယင်နဲ့ ဖြစ်နေကြကာ သူတို့တွေက သူတို့ရဲ့မှော်စွမ်းအားတွေ အကုန်လုံးကို သုံးပြီးတော့ သူ့အတွက် ရေစက်လေးတစ်ခုဖြစ်အောင် စုပ်ယူပေးပြီး သူ့ကိုတိုက်ခဲ့တယ်။ နောက်ပိုင်းကျတော့ သူ ပျော်ရွှင်နေတဲ့အခါကျရင် သူတို့ရဲ့အကိုင်းအခက်လေးတွေကို လှုပ်ခါလိုက်ပြီး သူ ဝမ်းနည်းနေတဲ့ အချိန်ကျရင်တော့ သူတို့ရဲ့အရွက်လေးတွေက သူရဲ့လက်ချောင်းဖျားလေးတွေကြားမှာ လာပြီးတော့ တွယ်ကပ်နေတတ်တယ်...
အဲ့ဒီအချိန်ကစပြီး သူကသူတို့တွေကို နတ်ဆိုးတွေ ဒါမှမဟုတ် မြက်ပင်တွေလို့ မဆက်ဆံနိုင်တော့ဘူး။ သူတို့တွေက သူရဲ့ကလေးလေးတွေပဲလေ။
မရေမတွက်နိုင်တဲ့ ခက်ခဲတဲ့ညကာလတွေမှာ နတ်ဆိုးနယ်မြေထဲမှာ အသက်ရှင်ဖို့အတွက် သူ့ကို ခွန်အားပေးခဲ့တာ သူတို့လေးတွေပေါ့။ တစ်လကြာတဲ့အခါတော့ ဒီမြက်ပင်သုံးပင်က ကလေးသုံးယောက်အဖြစ် အသွင်ပြောင်းလာကြတယ်။
အဲဒီတုန်းက သူ့ဘဝက ဖရိုဖရဲဖြစ်နေခဲ့တာလေ။ နေ့တိုင်းဆိုသလို နတ်ဆိုးစွမ်းအင်တွေကို စုစည်းပေးနိုင်ပြီး သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးနိုင်မဲ့ အစီအရင်တစ်ခုကို လေ့လာနေတာကလွဲရင် အိပ်နေတဲ့အချိန်မှာတောင် တိုက်ခိုက်နေကြတဲ့ ဒီကလေးသုံးယောက်ကို ခွဲထားဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတယ်။
ဒါပေမဲ့...သူ့ခန္ဓာကိုယ်က ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘူးလေ။
တစ်နှစ်လုံးလုံး နတ်ဆိုးနယ်မြေထဲမှာနေလာခဲ့တာက အပြင်းအထန် ဒဏ်ရာရပြီးသားသူ့အတွက်တော့ အကန့်အသတ်နဲ့ ဖြစ်နေပြီလေ။ ချင်းယင်းက နတ်ဆိုးလောကထဲမှာ တစ်နှစ်လောက် နေလာပြီးတဲ့နောက်မှာ နတ်ဆိုး အချင်းချင်း ဝါမျိုနေတဲ့မြင်ကွင်းကို မရေမတွက်နိုင်အောင် မြင်ခဲ့ရတယ်။
အားကြီးသူသာ အသက်ရှင်ခွင့်ရတဲ့ ဒီနတ်ဆိုးလောကက ကျင့်ကြံရေးလောကထက်စာရင် အများကြီး ပိုပြီးရက်စက်ပြီး ထင်သာမြင်သာ ရှိလွန်းလှတယ်။ နတ်ဆိုးလောကက အန္တရာယ်ရှိတယ်ဆိုပေမဲ့လည်း သူ့မှာ သူ့ကလေးတွေကို ဒီလောကထဲမှာ ထားခဲ့ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိလေဘူး။
သူ့ကလေးတွေက နတ်ဆိုးတွေဖြစ်တဲ့အတွက် သူသာ နတ်ဆိုးလောကထဲက ထွက်သွားခဲ့မယ်ဆိုရင် သူ့ကလေးတွေက အချိန်မရွေး သေသွားနိုင်တယ်။
ဒီ့အပြင် သူက ကျင့်ကြံရေးလောကထဲကို ပြန်သွားပြီးရင်လည်း ရှဲ့မိသားစုရဲ့ လိုက်လံဖမ်းဆီးတာကို ခံရလိမ့်အုံးမယ်။ သူ့အတွက် သူတို့ကို ကာကွယ်ပေးဖို့ဆိုတာ ဘာနည်းလမ်းမှမရှိလေဘူး။ သူ့မှာ သူ့ကလေးတွေ ကျန်းကျန်းမာမာ ကြီးထွားလာဖို့အတွက် ပတ်ဝန်းကျင်တစ်ခုကို အကောင်းဆုံး ဖန်တီးပေးဖို့သာ တတ်နိုင်တော့တယ်။
ကျင့်ကြံရေးလောကထဲကို ပြန်လာခဲ့ပြီးတဲ့နောက်မှာ သူကရှဲ့မိသားစုနဲ့နှစ်ပေါင်းများစွာ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး နောက်ဆုံးတော့ ပြန်လည်ကုသဖို့ လျှို့ဝှက်နေရာတစ်ခုကို နောက်ဆုံးရှာဖွေတွေ့ရှိခဲ့တယ်။ သူ့တစ်ဖန်နိုးလာတဲ့အချိန်မှာ နှစ်ပေါင်း(၅၀၀)ကျော်သွားပြီလေ။
နှစ်ပေါင်း(၅၀၀)ဆိုတာ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားတဲ့ လုံလောက်တဲ့အချိန်ကာလတစ်ခုပဲ။
နတ်ဆိုးလောကထဲကိုမလာခင်မှာ ချင်းယင်းက အဆိုးဆုံးကို ပြင်ဆင်ထားခဲ့ပြီးဖြစ်တယ်။
ဒါပေမဲ့ သူ့ကလေးသုံးယောက်က အသက်ရှင်နေသေးမယ်လို့ ထင်မထားခဲ့ဘူးလေ။
ဒဏ်ရာရနေတဲ့ ယိုမင် ကိုကြည့်လိုက်ပြီး ချင်းယင်းရဲ့မျက်လုံးတွေထဲမှာ ထိန်းမရနိုင်တဲ့ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်သွားခဲ့တယ်။ သူက မျက်မှောင်ကျုံ့လိုက်ပြီး သူ့အသံကလည်း တုန်ယက်နေတယ်။
"မင်အာ ဒဏ်ရာအဆင်ပြေရဲ့လား"
သူက ကပျာကယာနဲ့ သူ့သိုလှောင်အိတ်ကို မွှေနှောက်ရှာဖွေလိုက်ပြီး ယိုမင် ပြောလိုက်တဲ့စကားကို ဂရုမစိုက်မိခဲ့ဘူး။ ဒါပေမဲ့လည်း သူ့မှာရှိနေတဲ့ဆေးလုံးတွေက ကျင့်ကြံသူကိုပဲ ကုသပေးနိုင်ပြီး ဒီဆေးလုံးတွေကို နတ်ဆိုးတွေ အပေါ်အသုံးပြုတဲ့အခါ သူ့တို့ဒဏ်ရာကို ပိုပြီးဆိုးရွားလာအောင် လုပ်ဖို့ပဲရှိတယ်။
ယိုမင်က ချင်းယင်းရဲ့ စိုးရိမ်နေတဲ့အမူအရာကို မြင်လိုက်ရတဲ့အခါ သူရဲ့မူလက အေးစက်မာကျောတဲ့ နှလုံးသားက ရုတ်တရက်ဆိုသလို အနည်းငယ် နွေးထွေးသွားခဲ့တယ်။
သူက ချင်းယင်းဆီကနေ နွေးထွေးပြီး ပွေ့ဖက်ခံလိုက်ရတဲ့ အရောင်အဝါကို ခံစားလိုက်ရပြီး ဖြည်းဖြည်းချင်း မျက်တောင်ခတ်မိလိုက်တယ်။
ဒါက... သူ့အဖေပဲ။
ချင်းယင်းရဲ့မျက်လုံးတွေထဲက တိုးပွားလာတဲ့ စိုးရိမ်မှုကို မြင်လိုက်ရတဲ့အခါ သူက သူ့လက်ပေါ်က ဒဏ်ရာကို ချက်ချင်းကုသလိုက်တော့တယ်။
"အဖေ စိတ်မပူပါနဲ့၊ ဒီဒဏ်ရာသေးသေးလေးက ကျွန်တော်အတွက် ဘာမှမဟုတ်ပါဘူး"
သူက ဂရုတစိုက် ရှင်းပြလိုက်ရင်းက ဆက်ပြီးတော့ ပြောလိုက်တယ်။
"ဒုတိယညီလေးက ကျွန်တော့်ကို မရေမတွက်နိုင်အောင် ထိခိုက်အောင် လုပ်ခဲ့ပြီးပါပြီ၊ ကျွန်တော် အကြိမ်တိုင်း အသက်အနည်းငယ် ရှူရုံလောက်နဲ့ပဲ ဒဏ်ရာတွေကို ကုသနိုင်ခဲ့ပါတယ်၊ အဖေ ဒါကိုစိတ်ထဲမှာ ထည့်စရာမလိုပါဘူး"
ယိုမင်ရဲ့ဒဏ်ရာတွေ ပျောက်ကင်းသွားတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ ချင်းယင်းက နောက်ဆုံးတော့ စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီးတဲ့နောက် မော့ချင်းအတွက် ကာကွယ်ပေးနေသယောင် ထင်ရတဲ့ ယိုမင်ရဲ့စကားတွေကို ကြားလိုက်ရတယ်။
သူက မျက်မှောင်ကျုံ့လိုက်ပြီး မှော်ခေါင်းလောင်းကို လေးနက်စွာနဲ့ ကြည့်လိုက်တယ်။
ဒီအချိန်မှာတော့ မော့ချင်းက အရမ်းကိုဒေါသထွက်သွားပြီး သွေးအန်သွားတော့တယ်။ သူ ခုနတုန်းက အသားစားနတ်ဆိုးပန်းပွင့်နဲ့ သေချာပေါက်တိုက်ခိုက်နေခဲ့တာပါ။ ဟုတ်ပါတယ်။ သူက ယိုမင်ကို တိတ်တိတ်လေး တိုက်ခိုက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူကလည်း ဒီတိုက်ခိုက်မှုကို ရှောင်ရှားနိုင်တာ သိသာနေရဲ့သားနဲ့။
ဒါပေမဲ့ ရှောင်လိုက်ရမဲ့အစား သူက တမင်ဝင်တိုက်ခဲ့တာလေ။
အတိတ်တုန်းကဆိုရင် မော့ချင်းက ယိုမင်ကို အသေအကြေတိုက်ခိုက်ခဲ့မှာပဲ... ဒါပေမဲ့ သူ့အရှေ့က ကြည်လင်နေတဲ့အရိပ်ကို မြင်လိုက်ရတဲ့အခါ သူ့မှာနတ်ဆိုးစွမ်းအင်တွေကို တစ်ချက်ကလေးမှတောင်မှ မထုတ်ရဲတော့ဘူးလေ။ သူက သူရဲ့နတ်ဆိုးစွမ်းအင်တွေ ပြည့်နေတဲ့လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူ့ရဲ့နတ်ဆိုးပုံစံသွားတွေကလည်း ကျိုးတော့မတက်အောင် ဖြစ်သွားတော့တယ်။
ချင်းယင်းက ခေါင်းငုံ့ထားနဲ့ မော့ချင်းကိုကြည့်လိုက်ပြီး မာထန်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ချင်းအာ မင်းတို့သုံးယောက်က ရင်းနှီးတဲ့ညီအစ်ကိုတွေပဲလေ၊ မင်းက ဘာပဲဖြစ်ဖြစ် တခြားသူတွေကို ထိခိုက်အောင် မလုပ်သင့်ပါဘူး"
"မင်းရဲ့ အစ်ကိုအကြီးဆုံးကို တောင်းပန်လိုက်"
ချင်းယင်းရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ မော့ချင်းရဲ့မျက်လုံးတွေက ဝမ်းနည်းစွာနဲ့ နီရဲသွားတော့တယ်။ ဒါပေမဲ့လည်း သူက သူ့အဖေကို စိတ်ပျက်သွားအောင် မလုပ်ချင်ဘူးလေ။
ဒါပေမဲ့လည်း သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ယိုမင်ရဲ့အမူအရာကို အတုယူလိုက်ကာ တိုးတိုးလေးပြောလိုက်တော့တယ်။
"အစ်ကို အရင်တုန်းက အကြိမ်ပေါင်းများစွာ လက်ရည်ယှဥ်ခဲ့ပါတယ်။ လက်ရည်ချင်း ယှဥ်ပြီးသွားတဲ့အခေါက်တိုင်းမှာ အစ်ကိုက အမာရွတ်တွေအပြည့်နဲ့ ဖြစ်သွားခဲ့ရတယ်"
"အစ်ကိုကြီးက ဒီတစ်ကြိမ် ကျွန်တော်အပေါ်မှာ အဲ့လောက်အထိ အလျှော့ပေးလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ သေးငယ်တဲ့အောင်မြင်မှုလေးတစ်ခုနဲ့ ကျွန်တော့်ကို အနိုင်ပေးခဲ့ပါတယ်"
ဒီအချိန်မှာတော့ သူကခေါင်းမော့လိုက်ပြီး မျက်လုံးထဲမှာလည်း သတိရှိနေတဲ့အကြည့်တစ်ခုနဲ့ ချင်းယင်းကို ကြည့်လိုက်တယ်။
"ကျွန်တော်မှားသွားခဲ့ပါတယ်။ နောက်ဆိုရင် ကျွန်တော် ကျွန်တော့်အစ်ကိုတွေကို ကြမ်းကြမ်းတမ်းတမ်း ဘယ်တော့မှမလုပ်တော့သလို ကျွန်တော်ရဲ့တခြားညီအစ်ကိုတွေကိုလည်း အဲ့လိုမလုပ်တော့ပါဘူး"
မော့ချင်း ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ယိုမင်က တအံ့တသြနဲ့ မျက်လုံးအဝိုင်းသား ဖြစ်သွားတော့တယ်။
"ဒုတိယညီလေး ငါ မင်းကို ဘယ်တုန်းကထိခိုက်အောင် လုပ်ခဲ့လို့လဲ..."
သူ့စကားဆုံးသွားပြီးတဲ့နောက်မှာတော့ သူက ကူကယ်ရာမဲ့သွားသလို ခေါင်းကိုတစ်ဖက် လှည့်ထားလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်တော့တယ်။
"အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါက နှိမ့်ချပြီး ညီလေးတွေကို အနိုင်ပေးသင့်ပါတယ်။ ညီလေး ပြောလိုက်တဲ့စကားကို အစ်ကိုက လိုက်လျောပေးရမှာပါ"
ယိုမင်က သူ့အဖေကို တမင်တကာ နားလည်မှုလွဲသွားအောင် ပြောလိုက်တဲ့စကားကို နားထောင်လိုက်ပြီး သူ့မှာ ဒေါသအရမ်းထွက်သွားတဲ့အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်သွားခဲ့တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဒဏ်ရာမရတဲ့နေရာ မရှိဘူးလို့ခံစားလိုက်ရတယ်။
ဒီအချိန်မှာတော့ ဘေးကနေ ရန်ဖြစ်နေကြတာကို စောင့်ကြည့်နေတဲ့ အန်းမြန့်က ချင်းယင်းရဲ့ဘေးကို တိတ်တိတ်ကလေး ရောက်လာခဲ့တယ်။
သူကတော့ လိမ္မာပါတယ်ဆိုတဲ့အကြောင်း ချင်းယင်းကို ပြတော့မဲ့ဆဲဆဲမှာပဲ ယိုမင်က သူ့အတွေးတွေကို စိတ်အားထက်သန်စွာနဲ့ သတိထားမိတော့တယ်။ ယိုမင်က ကြီးမားတဲ့ခွေးတစ်ကောင်လိုပဲ။ အန်းမြန့်ကို ဘေးကိုတွန်းထုတ်လိုက်ပြီး မျက်နှာအပေါ်မှာလည်း ရိုးသားတဲ့အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။
"အဖေ မော့ချင်းကို အပြစ်မပြောပါနဲ့၊ ဒီဒဏ်ရာသေးသေးလေးက နတ်ဆိုးလောကထဲမှာတော့ ဘာမှမဟုတ်ပါဘူး"
သူ့စကား ဆုံးသွားပြီးတဲ့နောက်မှာ သူက သူ့လက်ကိုဆန့်လိုက်ပြီး ရိုးသားတဲ့အပြုအမူတစ်ခုနဲ့ သူ့ခေါင်းကို ပွတ်သပ်လိုက်တယ်။
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အန်းမြန့်က ကျွန်တော့်မိစ္ဆာနှလုံးသားကို ထိုးဖောက်သွားခဲ့တယ်လေ၊ အဖေ ကြည့်လေ၊ ကျွန်တော် အခု အကောင်းအတိုင်းဖြစ်နေတာပဲ"
ချင်းယင်းက ရုတ်တရက်ဆိုသလို သူ့လက်တွေကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး သူ့မျက်လုံးတွေကလည်း အင်မတန်မှ တည်ကြည်သွားတော့တယ်။
မိစ္ဆာနှလုံးသားကို ထိုးဖောက်ခဲ့တယ်တဲ့လား။
ဒါက သေကွင်းသေကွက် တိုက်ခိုက်မှုတစ်ခုပဲ။
ပွဲကြည့်နေတဲ့ အန်းမြန့်က ခုနတုန်းက မော့ချင်းရဲ့ ထုတ်မပြောလိုက်တဲ့ ခံစားချက်တွေကို နားလည်သွားခဲ့တယ်။ သူ အံ့ကြိတ်ပြီး မေးလိုက်တယ်။
"အစ်ကို မင်းကရော ငါ့ကိုဘယ်တုန်းကမှ မသတ်ခဲ့ဖူးလို့လား"
ယိုမင်က တိုးတိုးလေး သက်ပြင်းချလိုက်ပြီး
"တကယ်လို့ တတိယညီလေးက ဟုတ်တယ်လို့ပြောတယ်ဆိုရင်လည်း ဟုတ်ရမှာပေါ့"
"မင်း..."
ဒီအချိန်မှာပဲ ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေက စူးလီရဲ့သရုပ်မှန်ကို သိလိုက်ရပြီးတဲ့နောက်မှာ သတိပြန်ဝင်လာတော့တယ်။ လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်နံ့လေးကို ကြည့်လိုက်ပြီး ဒီနတ်ဆိုးသခင်ကြီးသုံးယောက်က ခဏနေကျရင် ဆက်ပြီးတော့တိုက်ခိုက်မှာကို စိုးရိမ်သွားခဲ့တဲ့အတွက် သူတို့တွေက ချင်းယင်းနဲ့ နတ်ဆိုးသခင်ကြီးသုံးယောက်ဆီကို အလောတကြီး ရောက်ချလာတော့တယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ သခင်လေချင်းယင်းတို့က အရင်တုန်းက တစ်ကြိမ်တွေ့ခဲ့ဖူးကြတယ်။ သူက ရှေ့ကို လျှောက်ထွက်လာပြီး ချင်းယင်းကို တလေးတနက် ဦးညွှတ်လိုက်ပြီးတဲ့နောက် လက်ရှိအခြေအနေကို သူ့ကို ပြောပြလိုက်တယ်။
ချင်းယင်းက မျက်လုံးတွေထဲမှာ ရှုပ်ထွေးတဲ့အကြည့်တစ်ခုနဲ့ သူ့စကားလုံးတွေကို နားထောင်နေမိတယ်။ သူက လေးလံတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒါဆိုရင် အခု ကျွန်တော်တို့က မင်အာ၊ ချင်းအာနဲ့ မြန့်အာတို့ထဲ ဒီနတ်ဆိုးသုံးယောက်ထဲကနေ နတ်ဆိုးဘုရင်ကြီးကို ရွေးချယ်ပေးဖို့လိုတာပေါ့... "
နတ်ဆိုးဘုရင်ကြီးဆိုတာကလည်း တစ်ယောက်ပဲရှိနိုင်တယ်။ ဒါဆိုရင် ကျန်တဲ့ကလေးနှစ်ယောက်က နတ်ဆိုးဘုရင်ဖြစ်လာဖို့ အခွင့်အရေးရမဲ့ ကံကြမ္မာမရှိတော့ဘူးပေါ့။
သူက လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀၀)တုန်းက သူတို့တွေကို ခွဲပြီးသွားခဲ့ရတယ်။ သူက ကလေးတွေရှေ့မှာ ပေါ်လာတာနဲ့ ချက်ချင်း နတ်ဆိုးဘုရင်နေရာကို လက်လျော့လိုက်ဖို့ သူ့ကလေးတွေကို ဖိအားပေးရမှာတဲ့လား။
ဒါပေမဲ့ အခုအချိန်မှာ ကျင့်ကြံရေးလောကကလည်း အန္တရာယ်ထဲကျရောက်နေတယ်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူက ဘယ်လိုလုပ်ပြီး ဘေးမှာပဲရပ်ကြည့်နေနိုင်ပါ့မလဲ။
နတ်ဆိုးသခင်သုံးယောက်ကလည်း ချန်းထျန်းဂိုဏ်းချုပ်ကြီးရဲ့ စကားတွေကို ကြားလိုက်ကြတယ်။ မော့ချင်းနဲ့ အန်းမြန့်တို့က အချင်းချင်းကြည့်လိုက်ကြပြီး အချင်းချင်းရဲ့အတွေးကို သဘောပေါက်သွားကြတယ်။
နတ်ဆိုးသခင်နှစ်ယောက်က အတူတူနောက်ကို တစ်လှမ်းဆုတ်လိုက်ကြပြီး ယိုမင်ရဲ့ရှေ့မှာ သစ္စာရှိပါတယ်ဆိုတဲ့ အပြုအမူတစ်ခုနဲ့ ဒူးထောက်ချလိုက်တယ်။
"နတ်ဆိုးဘုရင်ကြီးကို နှုတ်ခွန်းဆက်သပါတယ်"
သူတို့တွေက အသေအကြေ တိုက်ခိုက်ကြတယ်ဆိုတာကလည်း အချင်းချင်း မကြိုက်ကြလို့လေ။ ဘယ်သူကမှ နတ်ဆိုးဘုရင်ကြီး ဖြစ်လာချင်ကြတာ မဟုတ်ဘူး။
နတ်ဆိုးဘုရင်တစ်ယောက် ဖြစ်လာတယ်ဆိုတာ အာဏာရှိလာတဲ့အချိန်မှာ ကိုယ့်ဟာကိုယ် အချုပ်အနှောင်တွေထဲမှာ ချုပ်ထားခံရပြီး နတ်ဆိုးဘုရင် ပြီးမြောက်အောင်လုပ်ရမဲ့ တာဝန်တွေကိုလည်း သေချာပေါက်ပြီးမြောက်အောင် လုပ်ရလိမ့်မယ်။
အခုနတ်ဆိုးနယ်မြေက ပြိုကွဲနေပြီး နတ်ဆိုးဘုရင်ကြီးက ဒီအရှုပ်အထွေးတွေကို ကိုင်တွယ်ဖို့ တာဝန်ရှိတဲ့ တစ်ယောက်သောသူ ဖြစ်လာလိမ့်မယ်။ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် သူ့မှာ နှစ်ပေါင်းသုံးရာ ဒါမှမဟုတ် ငါးရာအထိ အချိန်ပေးဖို့လုပ်ရလိမ့်မယ်။
ဒီ့အပြင့် သူတို့ရဲ့အဖေက ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဒီနေရာကို သေချာပေါက် ပြန်လာလိမ့်မယ်။ နတ်ဆိုးဘုရင်က နတ်ဆိုးလောကထဲမှာပဲ သေချာပေါက်နေရမယ်။ ဒီတော့ သူတို့အဖေကို အဖော်ပြုပေးရမဲ့သူက သူတို့နှစ်ယောက်ပဲ ကျန်တော့တယ် မဟုတ်လား။
ဒီလိုစဥ်းစားလိုက်ပြီး မော့ချင်းနဲ့ အန်းမြန့်တို့ရဲ့ မျက်နှာပေါ်က အမူအရာတွေက ပိုပြီးရိုးသားလာတော့တယ်။
ယိုမင်ကလည်း နတ်ဆိုးဘုရင်ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ကို ကောင်းကောင်းသိထားတယ်။
သူကမော့ချင်းနဲ့ အန်းမြန့်တို့ရဲ့ အမူအရာကို ကြည့်လိုက်ပြီး အလွန်မှဒေါသထွက်သွားပြီး သူတို့ရဲ့မျက်နှာပေါ်က အပြစ်ကင်းစင်တဲ့ပုံစံကို ထိန်းချုပ်ဖို့လွတ်ကင်းသွားလုနီးပါး ဖြစ်သွားခဲ့တယ်။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တွေဝေမနေဘဲငြင်းဆန်လိုက်တယ်။
"အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါက ဘယ်လိုလုပ်ပြီး နတ်ဆိုးဘုရင်ရဲ့ရာထူးကို တစ်ယောက်ထဲ ယူထားနိုင်ပါမလဲ"
ဒီလိုပြောလိုက်ပြီး သူကသူ့ရှေ့မှာရှိနေတဲ့ ချင်းယင်းကို တလေးတနက် မြန်မြန်ပြောလိုက်တယ်။
"ဒီရာထူးကို ညီငယ်လေးနှစ်ယောက်ကို ပေးလိုက်တာက ပိုပြီးတော့ကောင်းပါတယ်"
"ကျွန်တော်က အစ်ကိုကြီးကို ထိခိုက်အောင်လုပ်မိတဲ့အတွက် တကယ့်ကို အပြစ်ရှိသလိုခံစားမိပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်က နတ်ဆိုးဘုရင်နေရာကို အစ်ကိုကြီးဆီကိုပဲ လိုလိုလားလား ပေးလိုက်ပါ့မယ်"
"ဟုတ်ပါတယ်၊ တကယ်လို့ အစ်ကိုကြီးက သဘောမတူဘူးဆိုရင် ဒါကအစ်ကိုကြီးက ကျွန်တော်တို့ကို ခွင့်မလွှတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့နော်"
အန်းမြန့်ရဲ့စကား ဆုံးသွားပြီးတဲ့နောက်မှာတော့ သူက မြေကြီးပေါ်ကို ဒူးထောက်ချနေဆဲဖြစ်ကာ လေးစားအားကျမှုအပြည့်နဲ့ ချင်းယင်းကိုကြည့်လိုက်တယ်။
"အဖေ ဒုတိယအစ်ကိုနဲ့ ကျွန်တော်က ကျွန်တော်တို့ရဲ့အမှားကို သဘောပေါက်သွားပါပြီ ကျွန်တော်တို့တွေက နောက်ဆိုရင် နတ်ဆိုးဘုရင်အဖြစ် အစ်ကိုကြီးရဲ့ ရာထူးကို သေချာပေါက်ကူညီပေးပါမယ်"
ချင်းယင်းက သူတို့ရဲ့စကားကို ကြားလိုက်ရတဲ့အခါ သူရဲ့မျက်လုံးတွေထဲမှာ စိတ်အေးသွားတဲ့ခံစားချက် ဖြစ်သွားခဲ့တယ်။
နတ်ဆိုးလောကထဲမှာဆိုပေမဲ့ သူ့ကလေးတွေကတော့ ရင်းရင်းနှီးနှီးနဲ့ စည်းစည်းလုံးလုံး ရှိနေနိုင်သေးတာပဲလေ။ ဒါက ကံကောင်းခြင်းတစ်ခုပဲလေ။
သူ့အသံက သိမ်မွေ့နူးညံ့နေပေမဲ့လည်း အပြစ်ရှိတဲ့အရိပ်အယောင်ပါနေခဲ့တယ်။
"ချင်းအာ မြန့်အာ မင်းတို့တွေကို ဒီလိုဖြစ်စေခဲ့တဲ့အတွက် အဖေက စိတ်မကောင်းပါဘူး"
နစ်နာစေခဲ့တယ်တဲ့လား။
တစ်ဖက်မှာတော့ ယိုမင်က သူရဲ့တည်ငြိမ်နေတဲ့ အမူအရာကိုဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ သူက ခေါင်းကိုလှည့်လိုက်ပြီး တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ချင်းယင်းကို ပြောလိုက်တော့တယ်။
"အဖေ "
ချင်းယင်းက သူ့ဆံပင်ကို အသာအယာထိကိုင်ပေးလိုက်ပြီး
"မင်အာက အရမ်းစိတ်လှုပ်ရှားနေတာလား"
"စိတ်မပူပါနဲ့"
သူက လေသံ ပျော့ပျော့နဲ့ပြောလိုက်တယ်။
"မင်အာက သူရဲ့ညီလေးတွေကို အရမ်းကိုချစ်ခင်နိုင်တဲ့အတွက် သူကကောင်းမွန်တဲ့ နတ်ဆိုးဘုရင်တစ်ပါး သေချာပေါက်ဖြစ်လာနိုင်မှာပါ"
"အဖေ ပြောတာမှန်ပါတယ်"
"အစ်ကိုက နတ်ဆိုးနယ်မြေကို အရင်တုန်းကထက် သေချာပေါက်ပေါများကြွယ်ဝအောင် လုပ်နိုင်မှာပါ"
ယိုမင်က ပြန်မဖြေရသေးခင်မှာဘဲ မော့ချင်းနဲ့ အန်းမြန့်တို့က ချက်ချင်းဆိုသလို သူ့ကိုစပြီး ချီးကျူးစကားပြောကြတော့တယ်။
ဒီလိုနဲ့ယိုမင်က သူ့မျက်နှာပေါ်မှာ အင်မတန်မှ ဝမ်းသာနေတဲ့ရုပ်တစ်ခုနဲ့ နတ်ဆိုးဘုရင်အသစ်တစ်ယောက် ဖြစ်လာတော့တယ်။
ဒီအချိန်ကစပြီး နတ်ဆိုးဘုရင်တစ်ယောက် မွေးဖွားလာခဲ့ပြီး နတ်ဆိုးလောကကြီးကလည်း ညီညွှတ်သွားတော့တယ်။
...