← Chapters

အခန်း ၁၆၄

Vol. 11 Ch. 164

အခန်း ၁၆၄

Vol. 11 Ch. 164

အပိုင်း (၁၆၄)

မှော်စည်းတံဆိပ်ရဲ့ လမ်းညွှန်ပြသမှုနဲ့ စူးလီနဲ့ ဂိုဏ်းကြီး၆ဂိုဏ်းကလူတွေက မကြာခင်မှာပဲ အန္တိမဝိညာဉ်ချောက်နက်အဝကို ရောက်လာခဲ့တယ်။

သူတို့တွေ ဒီကိုရောက်လာတဲ့အချိန်မှာ ဂိုဏ်းချုပ်ကြီးတော်တော်များများက သူတို့ရဲ့မျက်လုံးတွေထဲမှာ အလွန်မှတည်ကြည်မှုတွေနဲ့ အချင်းချင်းကြည့်လိုက်ကြတယ်။

ချောက်နက်ကြီးနား နီးကပ်လာတာနဲ့အမျှ အားလုံးကိုဝါးမျိုနိုင်သယောင်ထင်ရတဲ့ သေမင်းအငွေ့အသက်ကို ခံစားလိုက်ရတယ်။

ငုံ့ကြည့်လိုက်တဲ့အခါ ချောက်နက်ကြီးထဲမှာ နေရောင်ခြည်လည်းမရှိသလို ဘာအသက်ရှိသတ္တဝါမှ မရှိတဲ့အပြင် တိတ်ဆိတ်ပြီးမဲမှောင်လို့နေတယ်။

ဒါက အန္တိမ ဝိညာဉ်ချောက်နက်ကြီးပဲ။ ကောင်းကင်တာအိုက စွန့်ပစ်ထားတဲ့နေရာတစ်ခုလို့ ပြောတယ်။

၀မ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဝိညာဉ်ချောက်နက်ကြီးရဲ့အဆုံးမရှိနိုင်တဲ့ အောက်ခြေကိုကြည့်လိုက်ပြီး သူ့အသံကလည်း အရင်တုန်းကထက် ပိုပြီးတော့တည်ကြည်လေးနက်လာခဲ့တယ်။

"ချောက်နက်ကြီးရဲ့အဝမှာ ရောက်နေတာနဲ့တင် ကျုပ်ရဲ့ဝိညာဉ်စွမ်းအင်အများစုက ချုပ်တည်းထားခံရသလို ခံစားနေရတယ်။ တကယ်လို့ ချောက်နက်ကြီးထဲကို ဝင်သွားမယ်ဆိုရင် ကျုပ်ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေအားလုံး ချုပ်နှောင်ခံလိုက်ရမှာ စိုးရိမ်မိတယ်"

ဒီလိုဆိုရင် ဒီကိစ္စနောက်ကွယ်က ကြိုးကိုင်တဲ့သူနဲ့ တိုက်ခိုက်ဖို့မပြောနဲ့။ သူတို့တွေကချောက်နက်ကြီးထဲကိုဝင်သွားတာနဲ့ချက်ချင်း သေမင်းစွမ်းအင်ရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရနိုင်တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း မျက်မှောင်ကြုတ်ထားလိုက်တယ်။ သူတို့တွေက နောက်ကွယ်က ကြိုးကိုင်သူကို ဖယ်ရှားဖို့ရောက်လာကြတာဖြစ်ပြီး ဒီနေရာမှာ သေဖို့မဟုတ်ဘူးလေ။

သူက လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။ "ဒါကနတ်ဘုရားတွေ စွန့်ပစ်ထားတဲ့နေရာတစ်ခုပဲ။ ကောင်းကင်တာအိုကတောင် ဒါကိုကိုင်တွယ်လို့ မရနိုင်ဘူး။ ချောက်နက်ကြီးထဲကို ဝင်ဖို့ဆိုတာ ကောင်းကင်ကို တက်လှမ်းရတာလောက် တကယ်ပဲခက်ခဲတယ်"

ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ စကားကိုကြားလိုက်တဲ့အခါ ပါးစပ်ထဲမှာ ပဒုမ္မာကြာပန်းသကြားလုံးကို ကိုက်ဝါးနေတဲ့စူးလီက မသိမသာ မျက်ခုံးတစ်ဖက်မြှင့်ထားလိုက်တယ်။ ကောင်းကင်တာအိုကတောင် ဒါကို ထိလို့မရဘူးတဲ့လား။

ကျင့်ကြံရေးလောကထဲမှာ သူမ ဝင်လို့မရတဲ့နေရာဆိုတာ ရှိသေးသတဲ့လား။

သူမက လူအုပ်ကြီးရဲ့ရှေ့ကို ပျင်းရိလေးတွဲစွာနဲ့ လျှောက်သွားလိုက်ပြီး ချောက်နက်ကြီးရဲ့အဝမှာ ရပ်နေလိုက်ကာ သူမရဲ့အသံကလည်း ခံစားချက်မဲ့စွာ ထွက်လာခဲ့တယ်။ "ရှင်တို့တွေ ဆိုရိုးစကားတစ်ခုကို ကြားဖူးကြလား"

ပိန်းပိတ်အောင်မဲမှောင်နေတဲ့ အောက်ဘက်က ချောက်နက်ကြီးကိုကြည့်ရင်း သူမက သူမရဲ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ သူမရဲ့လက်ဖဝါးပေါ်မှာ ကောင်းကင်တာအိုအစွမ်းပါဝင်တဲ့ အလင်းရောင်တစ်ခု ဖြည်းဖြည်းချင်း လင်းလက်လာခဲ့တယ်။ သူမက ခေါင်းကိုလှည့်လိုက်ပြီး အခုလေးတင်မှ စကားပြောလိုက်တဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။ သူမရဲ့အသံကလည်း အရင်တုန်းကလို ပျင်းရိလေးတွဲနေတုန်းပါပဲ။ ဒါပေမဲ့ သူမစကားလုံးရဲ့အဓိပ္ပာယ်ကတော့ ဒီနေရာမှာရှိနေတဲ့လူတိုင်းကို အေးခဲသွားစေတော့တယ်။

"ကောင်းကင်ဘုံရဲ့ အောက်မှာရှိတဲ့အရာအားလုံးကို ဘုရင်မင်းမြတ်က ပိုင်ဆိုင်တယ်တဲ့"

ဂိုဏ်းကြီး၆ဂိုဏ်းကလူတွေက အရင်ကတည်းက စူးလီရဲ့သရုပ်မှန်ကို ခန့်မှန်းထားခဲ့ပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူတို့အများစုကတော့ အခုထိ ဒါကို မယုံကြည်ရဲကြသေးဘူးလေ။

နောက်ဆုံး အဲဒီသရုပ်မှန်က အရမ်းကိုထိတ်လန့်စရာကောင်းလွန်းတဲ့အတွက် သူတို့မှာ အဲဒီအကြောင်းကိုတောင်မှ မစဉ်းစားရဲခဲ့ကြဘူးလေ။

ဒါပေမဲ့...

စူးလီရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သတိပြန်ဝင်လာကြတဲ့သူတွေအားလုံးက အမှတ်တမဲ့ဆိုသလို ခေါင်းကိုလှည့်လိုက်ပြီး ဝိညာဉ်ချောက်နက်ရှေ့မှာ ရပ်နေတဲ့ပုံရိပ်ကို ကြည့်လိုက်တယ်။

သူမက အဲ့ဒီနေရာမှာ အေးအေးလူလူရပ်နေပြီး သူမရဲ့လက်ထဲက အလင်းရောင်ကလည်း ဖြည်းဖြည်းချင်း မြင့်တက်သွားကာ ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်ကကြယ်တွေလို ပြောင်းလဲသွားပြီး အန္တိမချောက်နက်ကြီးထဲမှာ ဖြည်းဖြည်းချင်း ပြန့်ကျဲသွားခဲ့တယ်။

မရေမတွက်နိုင်တဲ့ အလင်းအစက်အပြောက်လေးတွေက နဂိုက ပိန်းပိတ်အောင်မဲမှောင်နေတဲ့ ချောက်နက်ကြီးထဲမှာ ပေါ်လာပြီး ဒီအလင်းရောင်အစက်လေးတွေက တစ်ခုတည်းဖြစ်အောင် စုစည်းသွားခဲ့တယ်။ ဝိညာဉ်ချောက်နက်ကြီးကလည်း ရုတ်တရက်ဆိုသလို အလင်းတွေနဲ့ ပြည့်နှက်သွားပြီး ချောက်နက်ရဲ့ကျောက်နံရံတွေပေါ်က မျဥ်းကြောင်းတွေကို ရှင်းလင်းနေအောင် မြင်ရလာတော့တယ်။

ဒီလိုအစွမ်းမျိုးကို...

အားလုံးရဲ့ခြေထောက်တွေက အားနည်းချိနဲ့သွားပြီး ဒူးထောက်ချင်စိတ် ဖြစ်သွားကြတယ်။

စူးလီက လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ အားလုံးက တုန်ရင်နေကြတာမှ လုံးဝကို မရပ်နိုင်လောက်တဲ့အထိ ဖြစ်နေတာကိုတွေ့လိုက်ရတယ်။

သူမက နားမလည်နိုင်သလိုနဲ့ မျက်တောင်ခတ်လိုက်ပြီး မသင်္ကာတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။ "အခုကျွန်မတို့တွေ အန္တိမဝိညာဉ်ချောက်နက်ထဲကို ဝင်လို့ရပြီလေ..."

"ရှင်တို့တွေ မဆင်းကြတော့ဘူးလား"

စူးလီရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ အားလုံးက သတိပြန်ဝင်လာကြတယ်။ အခုအရေးအကြီးဆုံးကိစ္စက နောက်ကွယ်က ကြိုးကိုင်တဲ့လူကို ဖမ်းဖို့ပဲလေ။

ကောင်းကင်တာအိုက သူတို့အတွက် အတားအဆီးအားလုံးကို ရှင်းလင်းပေးခဲ့ပြီးပြီပဲ။ သူတို့တွေက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရပ်တန့်လို့ရမှာလဲ။

ဒီလိုစဉ်းစားလိုက်ပြီး ဝိညာဉ်‌ချောက်နက်အဝမှာ ရောက်နေနှင့်ပြီးသားဖြစ်တဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက တွေဝေမနေတော့ဘဲ ပြောလိုက်တယ်။ "အခုပဲ အောက်ကိုဆင်းကြရအောင်"

သူ့စကားဆုံးသွားတာနဲ့ ချက်ချင်း သူက စဉ်းစားမနေဘဲ အောက်ကိုခုန်ချလိုက်တယ်။

အဲဒီနောက်မှာတော့ ဂိုဏ်းကြီး၆ခုက တခြားသူတွေကလည်း ဆုံးဖြတ်ချက်ပြတ်သားတဲ့မျက်လုံးတွေနဲ့ အောက်ကိုခုန်ဆင်းလိုက်တယ်။

စူးလီက ဝိညာဉ်ချောက်နက်ကြီးထဲကို တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားကြတဲ့ သူတို့ရဲ့ကျောပြင်ကို ကြည့်လိုက်ပြီးသူမရဲ့ခေါင်းကို မသိမသာလှည့်လိုက်ကာ သူမဘေးကိုရောက်လာတဲ့ ရှဲ့ချီယွမ်ကိုကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာလည်း အံ့သြတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။

"ဒီလောက်အန္တရာယ်များတဲ့ နေရာတစ်ခုမှာ သူတို့တွေက ဘာမေးခွန်းမှတောင် ထပ်မမေးကြတော့ဘူးလား"

"ဒါက အရမ်းကို... ပုံမှန်ဖြစ်လွန်းနေလို့လား"

သူမရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်ရဲ့မျက်လုံးတွေမှာ ကူကယ်ရာမဲ့သွားတဲ့အရိပ်အယောင် ဖြစ်သွားတော့တယ်။ သူမက သူထင်ထားတာထက်ကို ပိုပြီးတော့တောင် ဒုံးဝေးနေသေးတယ်လေ။

သူက ဘာတစ်ခုမှ မပြောရသေးခင်မှာဘဲ စူးလီက ခေါင်းကိုပြန်လှည့်သွားပြီး စိတ်ဝင်တစားနဲ့ ဝိညာဉ်ချောက်နက်ကြီးကို ကြည့်နေတာတွေ့လိုက်ရတယ်။

သူမရဲ့အသံကလည်း ပေါ့ပါးပြီးရွှင်လန်းဝမ်းမြောက်နေလေရဲ့။ "ဒါဆိုရင်လည်း မြန်မြန် သွားကြရအောင်လေ"

ကျင့်ကြံရေးလောကကြီးကို ဒုက္ခတွေအများကြီးပေးခဲ့တဲ့ တရားခံကို သွားတွေ့ဖို့အချိန်တန်ပြီ။

ဝိညာဉ်ချောက်နက်ကြီးရဲ့အောက်ခြေကို မရောက်ခင်မှာဘဲ စူးလီက ပြင်းထန်တဲ့အသက်ရှူသံတွေကို ခံစားလိုက်ရပြီး ဝိညာဉ် ချောက်နက်တစ်ခုလုံးက ဒီအသက်ရှူသံကြောင့် ပြောင်းပြန်လန်သွားတော့တယ်။

ဒီကြမ်းတမ်းခက်ထန်တဲ့ အနက်ရောင်လေထုကြီးက နတ်ဆိုးစွမ်းအင်၊ သေမင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နဲ့ စည်းမျဥ်းစည်းကမ်းတွေကို အုပ်စိုးနိုင်တဲ့ အာဏာရှိနေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ရောနှောနေတယ်။

အောက်ဘက်မှာတော့ ဂိုဏ်းကြီး၆ဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက ဒီအရောင်အဝါကို ခုခံဖို့ အကောင်းဆုံး ကြိုးစားနေကြတယ်။ ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးတွေရဲ့မျက်နှာကလည်း ဖြူဆုတ်သွားခဲ့တယ်။

သူတို့တွေက ခဏလောက်ဆက်ပြီးထိန်းထားနိုင်တာကို မြင်လိုက်ရပြီးတဲ့နောက်မှာ စူးလီက မျက်မှောင်ကြုတ်လိုက်ပြီး အကြည့်လွှဲလိုက်ကာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အလယ်ဗဟိုတည့်တည့်ကို လှမ်းကြည့်လိုက်တယ်။

မှင်ရည်လို မဲနက်နေတဲ့ ဘောလုံးကြီးတစ်လုံးရှိနေပြီး အရမ်းကိုမဲနက်နေတဲ့အတွက် အထဲမှာ ဘာရှိလဲဆိုတာတောင် ပြောပြဖို့မဖြစ်နိုင်ဘူး။ မှင်ရည်လို မဲနက်နေတဲ့ဘောလုံးကြီးက ကြမ်းကြမ်းတမ်းတမ်း လှိမ့်လာတာနဲ့အမျှ သူ့ပတ်ဝန်းကျင်က အနက်ရောင်လေထုကလည်း ပိုသိပ်သည်းပြီး ပိုပြီးကြမ်းတမ်းလာခဲ့တယ်။

အနက်ရောင်လေထုရဲ့အလယ်မှာ ရှီထျန်းက အလွန်မှ ဒေါသထွက်နေတဲ့အတွက် သူ့စိတ်တွေတောင် ပျောက်ဆုံးသွားခဲ့တယ်။

အရာအားလုံးက ဘာဖြစ်လို့ သူ့ကိုဆန့်ကျင်နေကြတာလဲ။

ကျင့်ကြံရေးလောကကဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမဲ့ နတ်ဆိုးလောကထဲက နတ်ဆိုးသခင်ကြီး၃ယောက်ကတောင် လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀ကတည်းက တိုက်ခိုက်လာခဲ့ကြတာပဲ။

အခုကျတော့ ဘယ်လိုလုပ်ပြီး ဒီနေ့ကျမှ အနိုင်ရရှိတဲ့သူကို ဆုံးဖြတ်နိုင်သွားကြတာလဲ။

နောက်ပြီး ကျင့်ကြံရေးလောကထဲက ဒီအမှိုက်တစ်သိုက်က ဘယ်လိုလုပ်ပြီးတော့ အန္တိမဝိညာဉ်ချောက်နက်ထဲကို ဝင်လာနိုင်သွားရတာလဲ။

သူ့ပတ်ဝန်းကျင်ကလည်း မျက်စိကျိန်းလောက်အောင် လင်းလက်နေတဲ့အလင်းရောင်ကို ခံစားမိလိုက်ပြီး ရှီထျန်းက နောက်ဆုံးတော့ ဆင်ခြင်ဉာဏ်နည်းနည်းလေး ပြန်ရလာခဲ့တယ်။ သူ့အသံကစူးရှနေရာ သံပြားကြီးတစ်ခုကို ကုတ်ခြစ်နေသလိုပါပဲ။

"မင်းတို့မှာ ဘယ်လိုလုပ်ပြီးတော့ မှော်စည်းတံဆိပ်ရှိနေတာလဲ။ မင်းတို့တွေ ဘာဖြစ်လို့ဒီနေရာကို ရောက်လာနိုင်ကြတာလဲ"

"တကတည်း ဘာတွေဖြစ်နေကြတာလဲ"

စူးလီက အသံကိုနားထောင်လိုက်ပြီး ရွံရှာသွားတဲ့ရုပ်တစ်ခုနဲ့ သူမရဲ့နားကို ပွတ်သပ်လိုက်တယ်။ သူမရဲ့အသံထဲမှာ ဘာစိတ်ခံစားချက်မှ မပါတဲ့အပြင် လူတွေကိုအင်မတန်မှ လှောင်ပြောင်သရော်နေသလို ခံစားနေရတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ရှင်က ကံဆိုးလို့နေမှာပေါ့"

ရှီထျန်းက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး နောက်ဆုံးတော့ လေထဲမှာရှိနေတဲ့လူ၂ယောက်ကို သတိထားမိသွားတယ်။

သူက ရှဲ့ချီယွမ်ကို ဒီအတိုင်း လျစ်လျူရှုထားလိုက်ပြီး စူးလီကိုစိုက်ကြည့်နေရင်း သူ့ပတ်ဝန်းကျင်က အနက်ရောင်လေထုကလည်း ရုတ်ခြည်းဆိုသလို ပေါက်ကွဲသွားခဲ့တယ်။

ဂိုဏ်းကြီး၆ဂိုဏ်းက ကျင့်ကြံသူတွေက အနက်ရောင်စွမ်းအင်ကြောင့် လွင့်ထွက်သွားကြတယ်။ ဒါပေမဲ့လည်း စူးလီကတော့ လေထဲမှာ အထိအခိုက်မရှိ ရပ်နေနိုင်တုန်းပဲ။ သူမရဲ့ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တွေက လေကြောင့် မသိမသာလေးလွင့်ပျံသွားခဲ့တယ်။

ရှီထျန်းက သူ့ပတ်ဝန်းကျင်မှာ အင်မတန်မှအင်အားကြီးမားတဲ့ ကောင်းကင်တာအိုစွမ်းအင်ကို ခံစားမိလိုက်ပြီး သူ့မျက်လုံးတွေက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။

ကောင်းကင်တာအိုက လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်က သူ့ရဲ့အလစ်တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားပြီး ပျောက်ကွယ်လုနီးပါး အခြေအနေဖြစ်သွားခဲ့တာမဟုတ်လား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီအပြင် ပြီးခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ အတွင်းမှာ သူက ကျင့်ကြံရေးလောကထဲက ကံကောင်းခြင်းတွေကို တိတ်တိတ်လေး စုပ်ယူနေခဲ့တာပဲ။ ကောင်းကင်တာအိုက ရှိနေသေးတယ်ဆိုရင်တောင် အခုအချိန်လောက်ဆိုရင် သူက အင်အားကျဆင်းနေသင့်ပြီလေ။

စူးလီက ရှီထျန်းရဲ့ စူးရှတဲ့အကြည့်တွေကို လုံးဝဂရုမစိုက်လေဘူး။ ဒီအခိုက်အတန့်မှာ သူမက ကောင်းကင်စာအုပ်ထဲမှာ ပေါ်လာတဲ့စာလုံးတွေကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးတွေထဲမှာလည်း စိတ်ဝင်စားမှုအပြည့်ဖြစ်သွားခဲ့တယ်။

[လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ တုန်းက ကောင်းကင်ဝါးမျိုခြင်းကြီးမြတ်သူ ချီယွီရှန်းဖြစ်နေတာကိုး...]

ဒီစကားကို ကြားလိုက်ရတဲ့အခါ အနက်ရောင်စွမ်းအင်တွေနဲ့ ကြိုးကြိုးစားစားတိုက်ခိုက်နေကြရတဲ့ ဂိုဏ်းကြီး၆ခုက တအံ့တဩနဲ့ ခေါင်းမော့လိုက်ပြီး သိပ်မဝေးလှတဲ့နေရာက အနက်ရောင်စွမ်းအင်တွေကို ထုတ်လွှတ်နေတဲ့ အမဲရောင်အလုံးကြီးကို ကြည့်လိုက်ကြတယ်။

ကောင်းကင်ဝါးမျိုသူတဲ့လား။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀တုန်းက စောလော့ လျှို့ဝှက်နယ်မြေထဲကို ပြုတ်ကျသွားတဲ့ ကောင်းကင်ဝါးမျိုတဲ့သူလား။

ဒါဆိုရင် စောလော့လျှို့ဝှက်နယ်မြေထဲမှာ ထောင်ချောက်တစ်ခုကို ပြုလုပ်ထားခဲ့ပြီး ကျင့်ကြံရေးလောကထဲက မရေမတွက်နိုင်တဲ့ ပြိုင်ဖက်ကင်းပါရမီရှင်တွေကို သေဆုံးအောင်လုပ်ခဲ့တာ ရှီထျန်းပေါ့။

ဒီအချိန်မှာပဲ စူးလီက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောလိုက်တယ်။

[ဒီကောင်းကင်ဝါးမျိုသူက... သူ့အရည်အချင်းက တကယ်တမ်းကျတော့ အဲဒီလောက်လည်း မကောင်းပါဘူး...]

[ကျွတ်ကျွတ်... အခြေတည်စဝိညာဉ်အဆင့်ကို အောင်မြင်ဖို့တောင်မှ အရမ်းခက်ခဲနေတယ်တဲ့]

[အခြေတည်စ ဝိညာဉ်ကျင့်ကြံခြင်းအဆင့်ထဲမှာ နှစ်ပေါင်းရာချီအောင် စောင့်ဆိုင်းလာခဲ့ပြီး မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေကို သုံးခဲ့ပြီးတာတောင်မှ သူက အဆင့်တက်ဖို့ မအောင်မြင်နိုင်သေးဘူးတဲ့။ ဒီတော့ သူက... ဆေးမြီးတိုတစ်ခုကို စမ်းကြည့်နေတာတဲ့လား]

[ဟဲ့... မဟာယနကျင့်ကြံသူရဲ့ ကလေးရဲ့ကျင်ငယ်တဲ့...]

[ဒီလိုပြောလို့ ပကတိအတိုင်း သန့်စင်နေတဲ့ မဟာယနကျင့်ကြံသူတစ်ယောက်ကို ရှာဖွေဖို့ တော်တော်လေး ခက်ခဲမှာပဲနော်]

ဒီစကားကို ကြားလိုက်ရတဲ့အခါ ဆင်ခြင်ဉာဏ်တချို့ ပြန်လည်ရလာခဲ့တဲ့ ရှီထျန်းက ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အနက်ရောင်စွမ်းအင်တွေ လှိုက်တက်လာတာကို ရုတ်တရက် ခံစားလိုက်ရတယ်။

ဒါက နှစ်ပေါင်းထောင်ချီအောင် သူဖုံးကွယ်လာခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ တစ်စုံတစ်ယောက်က ဒီအကြောင်းကို တကယ်ပဲ ထုတ်ပြောရဲသတဲ့လား။

သူကတော့ ဒီအသံပိုင်ရှင်ကို သေချာပေါက်သတ်ရလိမ့်မယ်။

သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အနက်ရောင်စွမ်းအင်တွေက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပျံ့လွင့်လာခဲ့တယ်။

သူက သူ့ရဲ့လျှို့ဝှက်ချက်ကို သိနေတဲ့သူတိုင်းကို သတ်ပစ်ချင်နေတဲ့အချိန်မှာပဲ အသံက ထပ်ပြီးထွက်လာခဲ့တယ်။

[ဒီဆေးမြီးတိုကလည်း... ချန်ဖူဂိုဏ်းသားတွေရဲ့ ဆံမျှင်တစ်ခု ပါဝင်ရတယ်တဲ့လား]

[...ချန်ဖူဂိုဏ်းသားတွေမှာ ဘယ်လိုလုပ်ပြီး ဆံချည်မျှင်ရှိပါ့မလဲ]

[ဒီဆေးမြီးတိုထဲမှာ ကျောက်စိမ်းချီလင်ရဲ့ ကျင်ကြီးကလည်း တကယ်တမ်း ထည့်ရသေးတယ်တဲ့လား]

[အလိုဟယ်... ဘယ်လိုလုပ်ပြီး အဲဒီလိုဟာတွေ ရှိနေသေးတာလဲ]

ဒီစကားကို ကြားလိုက်ရတဲ့အခါ ဂိုဏ်းကြီး၆ဂိုဏ်းက လူတွေရဲ့လက်ထဲက ဝိညာဉ်စွမ်းအင်တွေက ရုတ်တရက် ရပ်တန့်သွားကြပြီး သူတို့တွေကို အနက်ရောင်ဝိညာဉ်စွမ်းအင် ရိုက်မိမလိုတောင် ဖြစ်သွားခဲ့တယ်။

ဒီလိုဆေးမြီးတိုမျိုးက... ဘယ်လိုလုပ်ပြီးအရမ်းကို ကျင်ငယ်နံ့ ထွက်နေရတာလဲ။

ရှီထျန်း... သူ ဒါကြီးကို တကယ်ယုံနေတာတော့ မဟုတ်ဘူးမလား။

စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး သူမရဲ့အသံကလည်း ပိုပြီးဆိုသလို လေးစားမှုတွေ ဖြစ်လာခဲ့တယ်။

[ရှီထျန်းက ဒီလျှို့ဝှက်ဆေးမြီးတိုအားလုံးကို ရှာဖွေခဲ့တဲ့အပြင်...]

[သူက ၃နှစ်ဆက်တိုက် ဒါကိုစားခဲ့သတဲ့]

ဒါကိုမြင်လိုက်တဲ့အခါ သူမမှာ မနေနိုင်တော့ဘဲ ခေါင်းမော့လိုက်ပြီး ရှီထျန်းကို အရိုးခံအတိုင်း မေးလိုက်တော့တယ်။

"ရှင့်ကို အခြေတည်စ ဝိညာဉ်ကျင့်ကြံခြင်းအဆင့် ကူညီပေးခဲ့တဲ့ အဲဒီလျှို့ဝှက်ဆေးနည်းတွေကလေ... ဘယ်လိုအရသာမျိုး ရှိသလဲ"

[ရှင်က ဒီလိုထူးထူးဆန်းဆန်း ပစ္စည်းမျိုးကိုမှ ထူးထူးခြားခြားကြီး ကြိုက်နေတာလား]

ကောင်းကင်ဝါးမျိုခြင်း အနက်ရောင်စွမ်းအင်တွေက စူးလီဆီကို အရှိန်နဲ့ပြေးဝင်လာခဲ့တယ်။ သူ့အသံထဲမှာလည်း မိစ္ဆာဆန်ဆန် ဒေါသအပြည့်ပါပဲ။

"အဲဒါမင်းပဲ"

"ငရဲကိုသွားပေတော့"

ရှီထျန်းပတ်ဝန်းကျင်က အနက်ရောင်အငွေ့တွေက ရုတ်တရက်ဆိုသလို မရေမတွက်နိုင်တဲ့ မှော်သားရဲတွေအဖြစ် ပြောင်းလဲသွားပြီး စူးလီနဲ့ သူမရဲ့နောက်မှာရှိတဲ့ ဂိုဏ်းကြီး၆ခုက ကျင့်ကြံသူတွေအားလုံးကို တိုက်ခိုက်တော့တယ်။

စူးလီက တစ်ချက် မလှုပ်ရှားရသေးခင်မှာဘဲ သူမရဲ့ဘေးက ရှဲ့ချီယွမ်က ရုတ်တရက် သူမရဲ့ရှေ့မှာ ဝင်ရပ်လိုက်တယ်။ လက်တစ်ချက်အဝှေ့မှာပဲ သူ့လက်ထဲက ဝိညာဉ်စွမ်းအင်တွေက မရေမတွက်နိုင်တဲ့ ပါးလျတဲ့အပ်ချည်မျှင်အဖြစ် ပြောင်းလဲသွားပြီး စူးလီပတ်ဝန်းကျင်က ဝိညာဉ်သားရဲတွေအားလုံးကို ချည်နှောင်ထားလိုက်တော့တယ်။

ဂိုဏ်းကြီး၆ဂိုဏ်းက ကျင့်ကြံသူတွေအားလုံးကလည်း ဝိညာဉ်သားရဲတွေကို ခက်ခက်ခဲခဲ ကြိုးစားတိုက်ခိုက်နေရတယ်။

ဒီအချိန်မှာတော့ ရှဲ့ချီယွမ်က ရှီထျန်းနဲ့တိုက်ခိုက်နေနှင့်ပြီးဖြစ်တယ်။

စူးလီက သူမပတ်ဝန်းကျင်က တိုက်ခိုက်နေတာတွေကို အာရုံစိုက်ထားရင်း ကောင်းကင်စာအုပ်ကို တစ်ဖန်လှန်လှော ကြည့်ရှုလိုက်တယ်။

သူမက ရှီထျန်းရဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး တကယ်ကို သိချင်စိတ်ဖြစ်မိတယ်လေ။

သူက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးတက်ဖို့အတွက် အဲဒီလျှို့ဝှက်ဆေးနည်းတွေကို သုံးခဲ့တာတဲ့... ရှီထျန်းက ဘာပဲလုပ်လုပ်ပါ။ သူမကတော့ အံ့ဩမှာ မဟုတ်တော့ပါဘူး။

ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး စူးလီရဲ့မျက်ခုံးက မသိမသာ တွန့်ချိုးသွားတော့တယ်။

[လျှို့ဝှက်ဆေးနည်းတစ်ခုကိုသုံးပြီး ၃နှစ်အကြာမှာတော့ ရှီထျန်းက နောက်ဆုံးတော့ အခြေတည်စ ဝိညာဉ်ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်ခဲ့တယ်တဲ့]

[ဒါပေမဲ့လည်း သူ့အရည်အချင်းက အရမ်းကို ညံ့ဖျင်းတယ်လေ။ အခြေတည်စ ဝိညာဉ်ကျင့်ကြံခြင်းအဆင့်ဆိုတာ သူရောက်ရှိနိုင်တဲ့ နောက်ဆုံးအကန့်အသတ်ပဲ]

[နောက်ဆုံးတော့ အခြေတည်စဝိညာဉ်ကျင့်ကြံခြင်းအဆင့်ထဲမှာ ပိတ်ဆို့နေတဲ့သူက ကျင့်ကြံဖို့အတွက် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်သွေးကို အသုံးပြုဖို့ ရွေးချယ်ခဲ့တယ်]

[မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ်ပြီးတဲ့နောက်မှာ သူက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ကို ခက်ခက်ခဲခဲချိုးဖျက်ခဲ့ရတယ်]

[သူ မဟာယနကျင့်ကြံသူတစ်ယောက် ဖြစ်လာတာကတော့...]

[ကောင်းကင်ဝါးမျိုသူက သူ့ရဲ့အင်မတန်မှ အရည်အချင်းရှိလှတဲ့ သူ့ရဲ့အစ်ကိုနဲ့ မိဘတွေကိုဝါးမျိုခဲ့ပြီး သူ့ရဲ့မိသားစုတစ်ခုလုံးကိုတောင်မှ စွန့်လွှတ်ခဲ့တယ်တဲ့]

စူးလီက သူမရဲ့မျက်လုံးထဲမှာ ဖုံးကွယ်မထားနိုင်တဲ့ ရွံရှာမှုတွေ ဖြစ်သွားခဲ့တယ်။

[တူညီတဲ့ သွေးတွေစီးဆင်းနေတဲ့ မရေမတွက်နိုင်တဲ့လူတွေရဲ့ သက်ရောက်မှုအောက်မှာ သူကနောက်ဆုံးတော့ မဟာယနကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တယ်]

သားရဲတွေနဲ့ တိုက်ခိုက်နေကြတဲ့ကျင့်ကြံသူတွေအားလုံးကလည်း ဒီစကားကို ကြားလိုက်ရတယ်။

အထက်တန်းစားမိသားစုတစ်ခုဖြစ်တဲ့ ချီမိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရတဲ့အကြောင်းအရင်းက တကယ်တမ်းကျတော့ ချီမိသားစုရဲ့ဒုတိယသခင်လေး ချီယွီရှန်းကြောင့် ဖြစ်နေတာကိုး။

ချီမိသားစုထဲမှာ ကျင့်ကြံသူ ရာကျော်ရှိတယ်လေ။

ရှီထျန်းက ဒီအတိုင်းကို တိရစ္ဆာန်သာသာပဲရှိတာပဲ။

ရှီထျန်းက သူ့ပတ်ဝန်းကျင်ကလူတွေက သူ့ကိုကြည့်နေတဲ့အကြည့်ကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ပတ်ဝန်းကျင်က အနက်ရောင်စွမ်းအင်တွေက ပိုပြီးတော့ ကြမ်းတမ်းလာခဲ့တယ်။

တကယ်လို့ လူတစ်ယောက်က ကိုယ့်ဟာကိုယ်အတွက်သာ မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုရင် သူက ကောင်းကင်နဲ့ မြေကြီးရဲ့ အပြစ်ပေးခြင်း ခံရမှာပဲလေ။

သူ မမှားခဲ့ပါဘူး။

သူက သာလွန်တဲ့ကျင့်ကြံခြင်းအဆင့် ရနိုင်နေသ၍ သူအရာအားလုံးကို စွန့်လွှတ်နိုင်ပါတယ်။

သူက ကျင့်ကြံရေးလောကရဲ့ အသစ်ခန့်အပ်ထားတဲ့ ကောင်းကင်တာအိုတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ အားလုံးက သူတို့ဟာသူတို့ သူ့ရဲ့ခြေထောက်အောက်မှာ ၀ပ်တွားခယလာရလိမ့်မယ်။

ရှဲ့ချီယွမ်က သူ့ပတ်ဝန်းကျင်က အနက်ရောင် စွမ်းအင်တွေက ပိုပိုပြီးသိပ်သည်းလာတာကို ခံစားမိလိုက်ပြီး ဒါကသူ့ကိုဝါးမျိုတော့မတတ် ဖြစ်နေခဲ့တယ်။ တည်ငြိမ်သွားတဲ့ အရိပ်အယောင်တစ်ခုက သူ့မျက်လုံးထဲမှာ ဖြတ်ခနဲလက်လာခဲ့တယ်။

ရှီထျန်းသူ့အပေါ်မှာ သုံးနေတဲ့ဖိအားတွေက မသေမျိုးကျင့်ကြံသူတစ်ယောက်နဲ့ တော်တော်လေးကို ညီမျှလေတယ်။ သူက ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲတယ်ဆိုပေမဲ့လည်း သူကရှီထျန်းထက်တော့ မသိမသာလေးပိုပြီးတော့ သာလွန်နေသေးတယ်။

ဒါပေမဲ့...

သူက ပြန်ပြီး ပျောက်ကင်းသွားတဲ့ ရှီထျန်းရဲ့ရင်ဘတ်ပေါ်က ဒဏ်ရာတွေကိုကြည့်လိုက်ပြီး သူ့ရဲ့တိုက်ခိုက်မှုတွေကလည်း ဆက်ပြီးလျော့ကျမသွားတာကို တွေ့လိုက်ရတယ်။

ရှီထျန်းက သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုကိုခံစားလိုက်ရပြီး သူ့ရဲ့မည်းနက်နေတဲ့ မျက်လုံးအိမ်တွေက ဖြည်းဖြည်းချင်းဆိုသလို ရှဲ့ချီယွမ်ကို ကြည့်လိုက်တယ်။

အန္တိမ ဝိညာဉ်ချောက်နက်ကြီးထဲမှာနေတဲ့ နှစ်ပေါင်း ၁၀၀၀အတော်အတွင်းမှာ သူက ကျင့်ကြံရေးလောကထဲက သူ့မှတ်ဉာဏ်တွေအားလုံးနီးပါးကို မေ့ပျောက်လုနီးပါးဖြစ်နေခဲ့ပြီပဲ။

ဒါပေမဲ့... သူ့ရှေ့ကလူကတော့ အရမ်းကို မှတ်မှတ်ရရ ဖြစ်နေတယ်။

"ချီယွမ် ကျေးဇူးပါပဲ"

သူ့အသံက ထိန်းမရလောက်အောင် ဝန်တိုမှုတွေနဲ့ တိမ်ဝင်နေခဲ့တယ်။

"မင်း မသေသေးဘူးနော်"

ရှီထျန်းရဲ့ စကားဆုံးသွားတာနဲ့ချက်ချင်း အင်မတန်မှပါးလွှာတဲ့ အပ်ချည်မျှင်က သူ့ရဲ့နက်မှောင်နေတဲ့ ဆံပင်ကို ထိုးဖောက်သွားပြီး သူ့မျက်လုံးကို သွားပြီးတော့ ထိခိုက်သွားတယ်။

ရှဲ့ချီယွမ်က မျက်နှာပေါ်က အမူအရာ လုံးဝပြောင်းလဲမသွားဘဲ ပါးလွှာတဲ့အပ်ချည်မျှင်ကို စုစည်းလိုက်ပြီး ဂရုမစိုက်သလိုနဲ့ ပြောလိုက်တော့တယ်။

"မင်းကို စိတ်ပျက်စေမိတဲ့အတွက် အားနာပါတယ်"

ဒီအချိန်မှာတော့ စူးလီကလည်း ဝိညာဉ်စာအုပ်ထဲကစာလုံးတွေကို မြင်လိုက်ရတယ်။ သူမက ရုတ်တရက် သူ့လက်ကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး ဒေါသသံနဲ့ ပြောလိုက်တော့တယ်။

[ဟိုတုန်းက ရှဲ့ချီယွမ်ကို ချုပ်နှောင်ဖို့ ဝိညာဉ်ရတနာတွေနဲ့ ရှဲ့မိသားစုကို ထောက်ပံ့ပေးခဲ့တဲ့သူက ရှီထျန်းပဲ]

ရှီထျန်းက သူ့ရင်ဘတ်ထဲက ဝိညာဉ်စွမ်းအင်အပ်ချည်မျှင်ကို ခပ်ကြမ်းကြမ်း ဆွဲနုတ်ပစ်လိုက်တယ်။ သူ့လက်ထဲက အနက်ရောင်ဝိညာဉ်တွေကလည်း ဝိညာဉ်စွမ်းအင်တွေကြောင့် ပျက်စီးယိုယွင်းသွားပြီး အနက်ရောင်အခိုးအငွေ့တွေ ထွက်လာခဲ့တယ်။ သူက လှောင်ပြောင်သရော်ကာ အော်ရယ်လိုက်တယ်။

"မင်းမိဘအရင်းတွေရဲ့ သွေးရေအိုင်ထဲကို ပို့ခံလိုက်ရတဲ့ခံစားချက်က ဘယ်လိုနေလဲ"

"သက်သောင့်သက်သာမှ ရှိရဲ့လား"

ရှဲ့ချီယွမ်နဲ့ တိုက်ခိုက်နေတဲ့သူရဲ့လှုပ်ရှားမှုတွေကလည်း တစ်ချက်ကလေးမှ ရပ်တန့်မသွားခဲ့ဘူး။

ဒါပေမဲ့လည်း ဝိညာဉ်ချည်ကြိုးတွေထက် ပိုပြီးတော့ မြန်ဆန်နေတာက ကောင်းကင်တာအို အစွမ်းပါဝင်နေတဲ့ ဝိညာဉ်စွမ်းအင်တစ်ခုပဲ။

ဝိညာဉ်စွမ်းအင်က ရုတ်ခြည်းဆိုသလို ရှီထျန်းရဲ့ပတ်ဝန်းကျင်က အနက်ရောင်အငွေ့အသက်တွေကို တိုက်စားသွားပြီး အနက်ရောင်ချည်မျှင်တွေ ဖုံးအုပ်နေတဲ့ မျက်နှာတစ်ခုက ပေါ်လာတဲ့အခါ ဘာမျက်နှာသွင်ပြင်တစ်ခုမှမရှိဘဲ မျက်လုံးတစ်လုံးသာ ရှိနေခဲ့တယ်။

နောက်တစ်စက္ကန်မှာတော့ စူးလီက ရှဲ့ချီယွမ်ရဲ့ဘေးကိုရောက်လာပြီး သူ့လက်ကိုဝှေ့ရမ်းလိုက်ကာ သူ့လက်ထဲက ဝိညာဉ်စွမ်းအင်တွေက ရှီထျန်းဆီကို ဖြာကျသွားတော့တယ်။

ရှီထျန်းက သူ့ပတ်ဝန်းကျင်က အနက်ရောင်လေထုကို မြန်မြန်စုစည်းထားလိုက်ပြီး ဝိညာဉ်သားရဲတွေအားလုံးကိုလည်း အနတ်ရောင်လေထုအဖြစ် ပြောင်းလဲလိုက်ကာ သူ့ကို တစ်ဖန်ခြုံငုံထားလိုက်တယ်။

သူက ကောင်းကင်တာအိုရဲ့ အင်မတန်မှကြီးမားတဲ့အစွမ်းကို ခံစားမိလိုက်ပြီး သူ့ရဲ့နက်မှောင်နေတဲ့ မျက်လုံးတွေကလည်း တွန့်လိမ်သွားပြီး ခြောက်ခြားမှုအပြည့် ဖြစ်သွားခဲ့တယ်။

"မဖြစ်နိုင်ဘူး"

"ငါ မင်းကို ပျောက်ဆုံးလုနီးပါး ဖြစ်သွားတဲ့အထိ တိုက်ခိုက်ခဲ့တာပဲ။ မင်းမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုပြင်းထန်တဲ့ဝိညာဉ်စွမ်းအားတစ်ခု ပိုင်ဆိုင်နေရတာလဲ"

ကောင်းကင်တာအိုက အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်လို့ သူ အစတုန်းက ထင်ထားခဲ့တာလေ။ ဒါကြောင့် သူကခုနတုန်းက မလှုပ်ရှားခဲ့တာပေါ့။ သူက သူ့ကိုအာရုံလွဲပြောင်းဖို့အတွက် သူ့ရဲ့လျှို့ဝှက်ချက်တချို့ကိုပဲ ဖော်ထုတ်ခဲ့တာလေ။

ကောင်းကင်နိယာမတွေကို သုံးပြီး ကောင်းကင်တာအိုကို ဒဏ်ခတ်နိုင်မဲ့ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုပဲ။

ဒါက ဘယ်လိုလုပ်ပြီး ကောင်းကင်တာအိုကို လုံးဝမထိခိုက်ဘဲ ဖြစ်နေရတာလဲ။

သူက အထိတ်တလန့် ဖြစ်နေတုန်းမှာပဲ သူ့ပတ်ဝန်းကျင်က အနက်ရောင်စွမ်းအင်တွေက ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလို အားလုံးရဲ့ရှေ့မှာ ပေါ်ထွက်လာခဲ့တယ်။

၀မ့်ကျန့်ဂိုဏ်းချုပ်ကြီးက ကောင်းကင်ဝါးမျိုသူရဲ့ ပုံသဏ္ဌာန်အစစ်အမှန်ကို မြင်လိုက်ရတဲ့အခါ မနေနိုင်တော့ဘဲ အေးစက်တဲ့လေတစ်ခုကို ရှူရှိုက်မိသွားတော့တယ်။

ရှီထျန်းက အခုဆိုရင် လူသားအသွင်အပြင် မရှိတော့တဲ့ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီပဲ။ သူ့မျက်နှာကို အနက်ရောင်လေထုနဲ့ဖုံးကွယ်ထားပြီး မျက်လုံးတစ်လုံးကလွဲရင် ဘာမှမမြင်ရဘူး။ ဒီကိုယ်ပေါ်မှာလည်း ဘာတစ်ခုမှ မရှိလေဘူး။ ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကလည်း အနက်ရောင်လေထုတွေနဲ့ ပြည့်နှက်နေတဲ့ အခေါင်းပေါက်ကြီးတစ်ခု ဖြစ်လာပြီး ခန္ဓာကိုယ်အောက်ပိုင်းကလည်း ကြီးမားတဲ့ အလုံးကြီးတစ်ခုသာ ဖြစ်နေခဲ့တယ်။

စူးလီက ရှီထျန်းရဲ့ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ပြီး သူမက ရွံရှာသွားတဲ့ရုပ်ကို မပြသလိုက်ခင်မှာဘဲ ဝိညာဉ်စွမ်းအားတွေက ရှီထျန်းရဲ့ခန္ဓာကိုယ်ရဲ့ အပေါ်ယံမျက်နှာပြင်ပေါ်မှာပဲ သက်ရောက်နိုင်ပြီး အထဲကို ဆက်ပြီးမထိုးဖောက်နိုင်တာကို သိလိုက်ရတယ်။

သူမက မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။

သူမကို ခုခံနေတဲ့ ဒီစွမ်းအားက...ကောင်းကင်နိယာမတဲ့လား။

ဒီအချိန်မှာတော့ ရှီထျန်းကလည်း သူမ ခဏလောက် တုံ့ဆိုင်းသွားတာကို သတိထားမိလိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆုတ်ဖြဲခံရတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး သူက အရူးလို အော်ရယ်လိုက်လေတယ်။

"ငါက ကောင်းကင်စည်းမျဉ်းတွေနဲ့ ထာဝရရှင်သန်ခြင်းအတွက် အလဲအလှယ်လုပ်ခဲ့တယ်လေ"

"မင်းက ကောင်းကင်တာအို ဖြစ်နေတယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ကောင်းကင်စည်းမျဉ်းက ငါ့ကို တည်ရှိနေဖို့ ခွင့်ပြုထားပြီးပြီပဲ။ ကောင်းကင်စည်းမျဉ်းက ငါ့ကိုသေခွင့်ပေးမှာ မဟုတ်ဘူး"

ရှေးခေတ်ကာလကနေ လက်ရှိအချိန်အခါအထိ ကောင်းကင်တာအိုအောက်မှာ စည်းမျဥ်းတွေက ရှိနေခဲ့တာပဲ။

စည်းမျဉ်းစည်းကမ်းတွေမှာ ဘာသိစိတ်ဆိုတာမှ မရှိဘဲ ကောင်းကင်တာအိုက သတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း လည်ပတ်နေရတာပဲ။

ကောင်းကင်စည်းမျဉ်းစည်းကမ်းတွေက နှစ်ပေါင်းထောင်ချီအောင် ဒီလိုလည်ပတ်လာခဲ့တာ။ လောကနိယာမက ဘယ်တော့မှ ဝင်ရောက်စွက်ဖက်လိမ့်မှာ မဟုတ်ဘူး။

စောလော့လျှို့ဝှက်နယ်မြေထဲမှာ သူက ဒီစည်းမျဉ်းစည်းကမ်း တည်ရှိနေတာနဲ့ အားနည်းချက်ကို သဘောပေါက်သွားတယ်။ ဒါကြောင့် သူက ဝူကျန်းကြေးမုံပြင်ကို သန့်စင်ဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့တယ်။

အခု သူ့ခန္ဓာကိုယ်ပေါ်မှာ သုံးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နှစ်ပေါင်းထောင်ချီအောင် လေ့ကျင့်ပြီးမှ စမ်းသပ်ထားခဲ့တာလေ။

ကောင်းကင်တာအိုက သူ အုပ်ချုပ်နေတဲ့ကာလအတွင်းမှာတောင်မှ ဒီလိုကြီးမားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုကို ထိန်းသိမ်းမထားနိုင်ခဲ့ဘူးလေ။ အခုမှနိုးထလာခဲ့တဲ့ လက်ရှိကောင်းကင်တာအိုဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့။

ဘယ်သူကမှ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး။

သူ မသေသေးသရွေ့ သူက အစကနေပြန်လုပ်နိုင်တဲ့ အခွင့်အရေးတစ်ခု အမြဲတမ်းရှိနေလိမ့်မယ်။

စူးလီက သောင်းကျန်းခက်ထန်နေတဲ့ ကောင်းကင်ဝါးမျိုသူကို ကြည့်လိုက်ပြီး သူမရဲ့မျက်ခုံးတွေကလည်း မနေနိုင်ဘဲ ပိုပြီးတွန့်ချိုးသွားခဲ့တယ်။

သူမအတွက်တော့ ရှီထျန်းရဲ့တည်ရှိမှုက မသေမျိုး ပိုးဟပ်တစ်ကောင်သာသာပါပဲ။ ဘာခြိမ်းခြောက်မှုမှ မလုပ်နိုင်ပေမဲ့ ရွံစရာတော့ တော်တော်လေးကောင်းတယ်လေ။

သူ့ကို ဖိနှိပ်ထားနိုင်တယ်ဆိုရင်တောင် နောက်ကွယ်မှာ သူလုပ်ထားတဲ့ ပြဿနာတွေကို မပြောနိုင်တဲ့အပြင် ကျင့်ကြံရေးလောကထဲကိုလည်း ဘယ်လိုပြဿနာမျိုးတွေ ပေးမယ်ဆိုတာ မသိနိုင်ဘူးလေ။

ဒီလိုစဉ်းစားလိုက်ပြီး စူးလီက သူမရဲ့လက်ကို တင်းနေအောင်ဆုပ်ထားလိုက်ကာ သူ့ပတ်ဝန်းကျင်က ကောင်းကင်တာအိုအစွမ်းတွေက ပိုပိုပြီးပြင်းထန်လာကာ ရှီထျန်းကို တိုက်ခိုက်တော့တယ်။

ရှီထျန်းရဲ့ပတ်ဝန်းကျင်က အကာအကွယ်တွေကလည်း တစ်လွှာပြီးတစ်လွှာ စုတ်ပြဲသွားခဲ့တယ်။

ရှီထျန်းရဲ့နှလုံးကို မရိုက်မိသေးခင်မှာဘဲ စူးလီက ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမရဲ့ မျက်လုံးထဲမှာလည်း မည်းနက်တဲ့အကြည့်တစ်ခု ဖြစ်သွားတယ်။

ရှီထျန်းရဲ့မသေမျိုးခန္ဓာကိုယ်က ကျင့်ကြံရေးလောကထဲက တခြားကျင့်ကြံသူတွေရဲ့အသက်နဲ့ အလဲအလှယ်လုပ်ထားခဲ့တာပဲ။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သူမက ရှီထျန်းကို သတ်ပစ်လိုက်တဲ့အချိန်မှာ ကျင့်ကြံရေးလောကထဲက လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုတစ်ဖွဲ့တို့ကလည်း သူ့နေရာမှာ သေသွားကြလိမ့်မယ်။ ရှီထျန်းကလည်း ကောင်းကင်တာအိုရဲ့တိုက်ခိုက်မှုအစွမ်းက ရပ်တန့်သွားတာကို သူ့စိတ်ထဲမှာခံစားလိုက်ရပြီး ဂုဏ်ယူ၀င့်ကြွားစွာနဲ့ ပြောလိုက်တော့တယ်။

"အဲဒီကျင့်ကြံသူတွေက လှည့်စားရတာ အရမ်းလွယ်ကူတယ်လေ။ စည်းမျဉ်းစည်းကမ်းနယ်မြေထဲမှာ ကိုယ်ပွားလေးတွေကို နည်းနည်းလေး ချော့မော့လိုက်တာနဲ့ သူတို့တွေက သူတို့ရဲ့အသက်တွေကို လက်လွှဲပေးဖို့ လိုလားကြပြီး သူတို့ရဲ့သားစဉ်မြေးဆက်ကိုပါ ငါ့ကို လက်လွှဲပေးခဲ့ကြတယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀တုန်းက ချန်ဖူဂိုဏ်းက ရှာဖွေမတွေ့ရှိသေးတဲ့ ဝူကျန်းကြေးမုံ စီးနင်းခံထားရတဲ့ လူဘယ်နှစ်ယောက် ရှိတယ်လို့ထင်လဲ။ သူတို့တွေက ဘယ်နှစ်ယောက်ရှိတယ်လို့ မင်းထင်လဲ"

"တကယ်လို့ မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့ကို အကြိမ်ထောင်ပေါင်းများစွာ သတ်ပစ်လိုက်။ ဒါဆိုရင် ကျင့်ကြံရေးလောကထဲမှာ ကျန်ခဲ့မဲ့ကျင့်ကြံသူအရေအတွက်ကို ငါတို့မြင်လာရလိမ့်မယ်"

စူးလီက ပြန်မဖြေရသေးခင်မှာဘဲ သူမဘေးမှာရပ်နေတဲ့ ရှဲ့ချီယွမ်က ခပ်တိုးတိုးရယ်မောလိုက်တယ်။ သူက တည်ကြည်နေတဲ့ ရုပ်ရည်ဖြစ်နေတဲ့ စူးလီဘက်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး သိမ်မွေ့ပြီး ကြည်ညိုတဲ့ လေသံတစ်ခုနဲ့ပြောလိုက်တယ်။

"ဆိုရိုးစကား တစ်ခုရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကောင်းကင်တာအိုရဲ့အောက်က လူတွေအားလုံးက ဘုရင်ကြီး ပိုင်ဆိုင်တယ်ဆိုတာလေ"

ကောင်းကင်တာအို နယ်မြေအတွင်းကအားလုံးက ဘုရင်ကြီးရဲ့ လက်အောက်ခံတွေပဲ။

ဒါပေါ့။ စည်းမျဉ်းတွေဆိုတာလည်း ဒီထဲမှာအပါအဝင်ပဲလေ။

သူက စူးလီရဲ့အတွေးတွေကို ထုတ်ဖော်ပြောပြချင်ခဲ့တုန်းက ဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရပြီးပြီ။

ဝူကျန်းကြေးမုံကို တည်ရှိခွင့် ပေးလိုက်တဲ့အချိန်ကတည်းက လက်ရှိစည်းမျဉ်းစည်းကမ်းဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ကတည်းက အက်ကြောင်းတစ်ခု ဖြစ်နေခဲ့ပြီးပြီ။

မသေမျိုး ဖြစ်လာဖို့အတွက် သူ လိုအပ်တဲ့ လောကနိယာမစွမ်းအားနဲ့ အတိဒုက္ခကျော်ဖြတ်ခြင်းဆိုတာက ဒီအက်ကြောင်းလေးကို ဆွဲဖွင့်လိုက်ရုံလောက် လုံလောက်တယ်။

သူက ဒီစည်းမျဉ်းစည်းကမ်းတွေကို လောကနိယာမအောက် ချိုးနှိမ်သွားအောင် အမြဲတမ်း ရှိစေချင်ခဲ့တာ။

စူးလီက ရှဲ့ချီယွမ်ပြောတဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးထဲမှာ သံသယ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။

သူမက ဘာကိုမှ မမေးရသေးခင်မှာဘဲ ကောင်းကင်တာအိုစွမ်းအားတွေ ဝိုင်းရံထားခံရတဲ့ ရှီထျန်းဆီက မသေရုံတမယ် ရုန်းကန်နေရတော့တယ်။

ဒီတစ်ကြိမ်မှာတော့ သူက ကိုယ့်ဟာကိုယ်ဖျက်ဆီးပစ်ဖို့အတွက် နှစ်ပေါင်းထောင်ချီအောင် ဒီအလုံးထဲမှာ လျှို့ဝှက်ထားတဲ့ အနက်ရောင်စွမ်းအင်ကို အသုံးချလိုက်တယ်။

နောက်ဆုံး သူက သူ့မှာအသက်ပေါင်းများစွာရှိတယ်လေ။ ဒါပေမဲ့ ဒီလူတွေမှာတော့ တစ်ခုပဲရှိတယ်။

စူးလီက သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်ဝိညာဉ်စွမ်းအင် ဖိနှိပ်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး သူမရဲ့လက်ထဲက ကောင်းကင်တာအိုအစွမ်းကလည်း ကြီးမားတဲ့ကွန်ယက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ကိုယ့်ဟာကိုယ် ဖျက်ဆီးပစ်ချင်ခဲ့တဲ့ ရှီထျန်းရဲ့အလုံးကြီးကို တင်းနေအောင် စည်းနှောင်ထားလိုက်တော့တယ်။

အနက်ရောင်စွမ်းအင်က အင်မတန်မှ ကြီးမားလွန်းလှတဲ့အတွက် ရှီထျန်းဆီကို ချုပ်နှောင်ထားရင်း သူ့ခန္ဓာကိုယ်ပေါ်က အနက်ရောင်စွမ်းအင်တွေကို ဖြည်းဖြည်းချင်း ဖျက်ဆီးဖို့ ကောင်းကင်တာအိုအစွမ်းကိုသာ သုံးနိုင်တော့တယ်။ ခဏအတွင်းမှာပဲ သူမက သူမပတ်ဝန်းကျင်က လူတွေရဲ့ လှုပ်ရှားမှုတွေကို ဂရုမစိုက်နိုင်ဖြစ်သွားခဲ့တယ်။

ရှဲ့ချီယွမ်က နောက်ကိုခြေတစ်လှမ်း တိတ်တိတ်လေး ဆုတ်လိုက်ပြီး သူ့ကိုဖိနှိပ်ပြီး ထိန်းချုပ်ထားခဲ့တဲ့ ကျင့်ကြံခြင်းကို လွှတ်ချလိုက်တယ်။

မသေမျိုးတစ်ယောက် ဖြစ်လာမဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းမိုးကြိုးအောက်မှာ သူ့ပတ်ဝန်းကျင်မှာ ရစ်ပတ်နေခဲ့တဲ့ ခပ်ရေးရေး စည်းမျဉ်းစည်းကမ်းတွေ ထွက်လာခဲ့တယ်။

ဒီစည်းမျဉ်းစည်းကမ်းတွေက...

စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်နေတဲ့အတောအတွင်းမှာ ကောင်းကင်တာအိုရဲ့တည်ရှိမှုကို ဖော်ထုတ်ဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမထားခဲ့ဘူး။ ဒါကြောင့်မလို့ ဘယ်သူကမှ အပြင်လောကက လာတဲ့အသံနဲ့ ပတ်သက်တဲ့ အတိအကျအကြောင်းအရာတွေကို မပြောပြနိုင်ကြဘူး။

ဒါကြောင့် စူးလီကို သူ့ရဲ့ခံစားချက်အစစ်အမှန်ကို ပြောပြချင်ခဲ့တဲ့အချိန်မှာ သူက စည်းမျဉ်းစည်းကမ်းတွေရဲ့ ထိန်းချုပ်ခြင်းကို ခံခဲ့ရတာ။

ဒါကို စဉ်းစားလိုက်ပြီး ရှဲ့ချီယွမ်က ဘယ်သူမှ မကြားနိုင်တဲ့ အသံတစ်ခုနဲ့ ခပ်တိုးတိုးလေး ပြောလိုက်တယ်။

"ကောင်းကင်တာအို..."

သူ ပြောလိုက်တဲ့စကားလုံးတိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေက ပိုပြီးတော့ သူ့ကို ရစ်ပတ်ထားခဲ့တယ်။

"စိတ်ထဲက စကားလုံးတွေ..."

"ကယ်တင်ခြင်း..."

စူးလီက ရှဲ့ချီယွမ်ရဲ့ လှုပ်ရှားမှုတွေကို နားထောင်နေခဲ့တယ်။ ရှီထျန်းရဲ့အနက်ရောင်စွမ်းအင်တွေကို ဖယ်ရှားပေးရင်း မိုးကြိုးအတိဒုက္ခကျော်ဖြတ်ခြင်းလုပ်နေတဲ့ ရှဲ့ချီယွမ်ဆီကို သူမရဲ့စိတ်အနည်းငယ်ကို ပို့ထားခဲ့တယ်။

"ရှဲ့ချီယွမ် ရှင်..."

ရှဲ့ချီယွမ်က သူ့ခန္ဓာကိုယ်ထဲက နာကျင်မှုတွေကို တောင့်ခံထားလိုက်ပြီး နူးညံ့သိမ်မွေ့ပြီး ရိုကျိုးတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"စူးစူး ကျွန်တော့်ကို စောင့်နေပါ"

"ခဏနေ... အဆင်ပြေသွားမှာပါ"

သူ့စကား ဆုံးသွားတဲ့နောက်မှာတော့ ရုတ်တရက်ဆိုသလို သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အတိဒုက္ခကျော်ဖြတ်ခြင်းမိုးကြိုးနဲ့ စည်းမျဉ်းစည်းကမ်းတွေကြားက သေးငယ်တဲ့အက်ကြောင်းလေးကို ရှာဖွေလိုက်တယ်။

သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။

သူက သူမဘေးမှာ တစ်သက်လုံး နေမယ်လို့ ကတိပေးထားတဲ့အတွက် ဒီကတိကို လုံးဝ မဖျက်ပစ်နိုင်ဘူး။

ဒါက အခိုက်အတန့်လေးပဲဆိုပေမဲ့ ဒါမှမဟုတ်လည်း အများကြီးပြောင်းလဲသွားနိုင်တယ်ဆိုပေမဲ့...

ရှဲ့ချီယွမ်က အတိဒုက္ခကျော်ဖြတ်ခြင်းမိုးကြိုးကို ခံနေရတာကို ဘယ်သူမှ မသိကြဘူး။

ရှဲ့ချီယွမ်က သူ့မျက်လုံးတွေကို တစ်ဖန် ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူက စည်းမျဉ်းစည်းကမ်းတွေကို အံဝင်ခွင်ကျ အသားကျနေနှင့်ပြီးသား ဖြစ်သွားတော့တယ်။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သူက စည်းမျဉ်းစည်းကမ်းတွေနဲ့ ကောင်းကင်မိုးကြိုးထဲမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းစွမ်းအင်တွေကြားက လုံးဝမသိသာတဲ့အက်ကွဲကြောင်းတစ်ခုကို အသုံးချလိုက်ပြီး ဒီစည်းမျဉ်းစည်းကမ်းတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့တာပဲ။

ဒီအချိန်မှာတော့ စူးလီရဲ့အနက်ရောင်စွမ်းအင်တွေ ဖယ်ရှားခံလိုက်ရတဲ့ ရှီထျန်းက ရုတ်တရက်ဆိုသလို စူးရှတဲ့အော်သံတစ်ခုကို အော်ထုတ်လိုက်တယ်။

စည်းမျဉ်းစည်းကမ်းရဲ့ အကာအကွယ် မရှိတော့ဘူးဆိုရင် သူက စူးလီအတွက် မြူတစ်မှုန်နဲ့ မခြားတော့ဘူးလေ။

ကောင်းကင်တာအိုရဲ့ အစွမ်းအောက်မှာ ရှီထျန်းက လွင့်မျောနေတဲ့ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး လေနဲ့အတူ လွင့်ပါသွားတော့တယ်။

ဒီအချိန်မှာတော့ ကျင့်ကြံရေးလောကထဲက အပေါက်တွေအားလုံးကလည်း လုံးဝကိုဖာ‌ထေးပြီးသား ဖြစ်သွားခဲ့တယ်။

ဘယ်တုန်းကမှ သက်ရှိသတ္တဝါတွေ မရှိနေခဲ့တဲ့ အန္တိမဝိညာဉ်ချောက်နက်ကြီးထဲမှာ ရုတ်တရက်ဆိုသလို လောကကြီးက အသက်ပြန်ဝင်လာပြီး ပန်းတွေလည်း ဖူးပွင့်လာကြကာ အရာအားလုံးကလည်း ပြန်လည်ရှင်သန်လာခဲ့တယ်။

ထူထဲပြီးလင်းရှင်းနေတဲ့ ကောင်းကင်စွမ်းအားတစ်ခုက စူးလီရဲ့ခန္ဓာကိုယ်ထဲကနေ ပေါ်ထွက်လာခဲ့တဲ့ ကောင်းကင်စွမ်းအားစက်ဝန်းက အန္တိမဝိညာဉ်ချောက်နက်ထဲကနေတစ်ဆင့် ကျင့်ကြံရေးလောကတစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့တယ်။

ကျင့်ကြံသူတွေအားလုံးကလည်း ဝိုးတဝါးခံစားမိလိုက်ကြပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ဝိညာဉ်စွမ်းအင်အမြစ်တွေကလည်း ဒီစွမ်းအားရဲ့ဖေးမခြင်းကို ခံလိုက်ရတယ်။

ကျင့်ကြံရေးလောကကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀တုန်းကလိုပဲ တစ်ဖန်ပြန်ပြီးတော့ ပေါများကြွယ်ဝလာခဲ့တော့တယ်။

ဂိုဏ်းကြီး၆ဂိုဏ်းက လူတွေအားလုံးက တစ်ပြိုင်တည်း ဒူးထောက်ချလိုက်ပြီး သူတို့ရဲ့ခေါင်းကို မြေကြီးပေါ်ကို အရှိန်နဲ့ ဦးညွတ်လိုက်ကြတော့တယ်။ အားလုံးရဲ့အသံကလည်း ခါတိုင်းလိုပဲ ကြည်ညိုလေးစားနေကြလေရဲ့။

"ကောင်းကင်တာအိုကို ဦးချဂါရ၀ ပြုပြီး ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

စူးလီက သူတို့ရဲ့အသံကို ဂရုစိုက်မနေဘဲ ပုံရိပ်တစ်ခုကိုသာ စိုက်ကြည့်နေမိတယ်။

ဒီအချိန်မှာတော့ စည်းမျဉ်းစည်းကမ်းတွေကို အစားထိုးချမှတ်ခဲ့တဲ့ ရှဲ့ချီယွမ်က စူးလီဆီကို တစ်လှမ်းချင်း လျှောက်လာခဲ့တယ်။

သူက စူးလီရှေ့ကို လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့လက်ဖဝါးပေါ်မှာကတော့ စည်းမျဉ်းစည်းကမ်း ချမှတ်တဲ့ စွမ်းအားတွေ ပါဝင်နေတဲ့ နှလုံးသားတစ်ခု ရှိနေခဲ့တယ်။

ဒီစည်းမျဉ်းစည်းကမ်းရဲ့ နှလုံးသားက စည်းမျဉ်းစည်းကမ်းတွေရဲ့ အားနည်းချက်ပဲ။ ဒါသာ ရှိနေမယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကင်တာအိုက အမြဲတမ်း ပြောင်းလဲပစ်နိုင်လိမ့်မယ်။

သူ့အသံကလည်း သူ့အရင်တုန်းက ကတိပေးခဲ့ဖူးတဲ့ အကြိမ်တိုင်းလိုပဲ ဘာမှပြောင်းလဲမသွားဘဲ အမြဲတမ်းလေးနက်ပြီး တည်ကြည်နေခဲ့တယ်။

"ကျွန်တော် မင်းနဲ့ အမြဲတမ်းရှိနေမှာပါ"

သူ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ့ကို တလေးတနက်နဲ့ ကြည့်မိလိုက်တယ်။

သူမ ဆိုတာ အမြဲတမ်း ထာဝရဆိုတဲ့စကားလုံးတွေကို ဘယ်တော့မှ ယုံကြည်ခဲ့တာ မဟုတ်ဘူးလေ။

ဒါပေမဲ့ ဒီအချိန်မှာတော့ သူမကို ယုံကြည်လာအောင် အကြောင်းပြချက်တစ်ခုပေးဖို့ကြိုးစားပြီး တောင်တန်းမြစ်ပြင်တွေကို အတူတူဖြတ်ကျော်ပေးမဲ့ လူတစ်ယောက်ရှိလာခဲ့ပြီ။

ဒီအချိန်မှာတော့ သူမက ရုတ်တရက်ဆိုသလို သူနဲ့အတူပါဝင်နေတဲ့ သူမရဲ့အနာဂတ်ကို စတင်ပြီးမျှော်လင့်ခဲ့မိတယ်။

သူမက လက်ကိုဆန့်ထုတ်လိုက်ပြီး ရှဲ့ချီယွမ်ရဲ့ လက်ကို လှမ်းတွဲလိုက်ကာ သူမရဲ့အသံကလည်း အရင်တုန်းကထက်ကို ပြီးတော့ လေးနက်တည်ကြည်လာခဲ့တယ်။

"ကောင်းပြီလေ"

...

...ပြီးပါပြီ…

All Chapters