အခန်း ၁၆၆
Vol. 11 Ch. 166
အပိုင်း (၁၆၆) အချပ်ပို ၂
ယခုအခါမှာတော့ ကျင့်ကြံရေးလောကထဲမှာ ဘာအပေါက်မှမရှိတော့သလို အရာအားလုံးကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကအတိုင်း အစီအစဉ်တကျ လည်ပတ်နေခဲ့တယ်။
ဒီစည်းမျဉ်းစည်းကမ်းတွေရှိနေတဲ့အတွက် စူးလီက မျက်စိရှေ့မှာ တွေ့ကြုံလာတဲ့ပြဿနာကိုသာ ရှင်းလင်းပေးဖို့ လိုအပ်ပြီး ဒုတိယရှီထျန်း ပေါ်မလာအောင် ကာကွယ်ပေးဖို့ပဲလိုအပ်တယ်။
ဒါပေမဲ့ ရှီထျန်းလိုပြဿနာမျိုးက နှစ်ရာချီမှတစ်ခါသာ ပေါ်ပေါက်တတ်တဲ့ပုံပဲ။
ဒါကြောင့် ကောင်းကင်တာအိုအနေနဲ့ စူးလီက ကျင့်ကြံရေးလောကထဲမှာ အားလပ်နေတဲ့ လူတစ်ယောက် ဖြစ်ခဲ့တယ်။
ဒီအချိန်မှာတော့ သူမက လက်တစ်ဖက်နဲ့မေးကို ထောက်ထားပြီး ပတ်ဝန်းကျင်ရှုခင်းတွေကို ပျင်းရိငြီးငွေ့စွာနဲ့ ကြည့်နေမိခဲ့တယ်။
ဒီနေ့ရဲ့ လောကငယ်လေးက သူမဒီနေရာကိုအရင်ဆုံး ရောက်လာတုန်းကအချိန်နဲ့စာရင် အများအပြား ပြောင်းလဲသွားခဲ့ပြီပဲ။
ဆင်းရဲသားရပ်ကွက်ကနေ အံ့သြစရာကောင်းတဲ့နယ်မြေတစ်ခုအဖြစ် တိုးတက်ပြောင်းလဲသွားတယ်လို့ ပြောလို့ရတယ်။
တစ်ချိန်တုန်းက မိုးယိုနေတဲ့တဲအိမ်လေးက အခုဆိုရင်တော့ ကြီးကျယ်ခမ်းနားတဲ့ မျက်နှာကျက်တွေနဲ့ အစားထိုးဝင်ရောက်လာခဲ့တယ်။
အစတုန်းက ကျပ်တီးမြေဖြစ်နေတဲ့ ခြံဝင်းတွေဟာ အခုဆိုရင်ခြေလှမ်း၁၀လှမ်းတိုင်းမှာ လှပတဲ့မြင်ကွင်းတစ်ခုနဲ့ အစားထိုးဝင်ရောက်လာပြီး ဇရပ်တွေ၊ ရေကန်ဘေးလျှောက်လမ်းတွေ၊ ဝါးတောတွေနဲ့ပြည့်နှက်နေခဲ့တယ်။ သူတို့တစ်ခုချင်းစီဟာလည်း သူမအကြိုက်နဲ့ အထူးတလည် ကိုက်ညီနေတယ်။
သူမကို စိတ်အကျေနပ်ရဆုံးအရာဆိုရင်တော့ ထူးထူးခြားခြား ခြံဝင်းထဲကအရသာရှိတဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ အသီးတွေပဲ။
သူမရဲ့ပတ်ဝန်းကျင်မှ သစ်သီးရနံ့သင်းသင်းလေးကို ရှူရှိုက်လိုက်ပြီး သူမလက်ထဲကစာအုပ်ရဲ့ စာမျက်နှာတစ်မျက်နှာကို ပျင်းရိလေးတွဲစွာနဲ့ လှန်လိုက်တယ်။
အခုဆိုရင် ကျင့်ကြံရေးလောကထဲက ဇာတ်လမ်းတွေကလည်း ပိုပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာခဲ့ပြီ။
ချစ်လှစွာသော အမျိုးသားကျင့်ကြံသူရဲ့ ဝိဉာာဉ်အမြစ်တွေကို အစားထိုးပေးတဲ့အကြောင်း၊ အမွေဆက်ခံသူအစစ်နဲ့ အမွေဆက်ခံသူ အတုအယောင်ကြားကအကြောင်း၊ ခင်ပွန်းသည်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ချစ်ခြင်းကြမ္မာဆိုးကို ချိုးဖျက်ခဲ့တဲ့အကြောင်း၊ အမျိုးသားကျင့်ကြံသူက သားဖြစ်သူကိုအသုံးချပြီး ပလ္လင်ကို တက်လှမ်းခဲ့တဲ့အကြောင်း စသဖြင့်ပါပဲ...
သူမကို အလန့်တကြား ဖြစ်ရစေတဲ့အရာကတော့ ဒီစာအုပ်ထဲက အဖေဖြစ်သူကို သတ်ခဲ့တဲ့ နည်းလမ်းအကြောင်းပဲ။
ကျင့်ကြံရေးလောကထဲက အတွေးတွေက တိုးတက်တာ မြန်ဆန်လွန်းလို့ သူမမှာ နည်းနည်းလေးတောင် ခေတ်နောက်ကျကျန်ခဲ့သလိုပဲ။
ဒါပေမဲ့လည်း ဇာတ်လမ်းတွေက ဘယ်လောက်ပဲ စိတ်ဝင်စားစရာကောင်းနေပါစေ စာမျက်နှာ ၂မျက်နှာလောက် လှန်လိုက်ပြီးရင် အရင်တုန်းက စိတ်မဝင်စားတဲ့အကြောင်းအရာကို ပြန်ရောက်သွားသလိုပဲ။
စူးလီရဲ့မျက်လုံးတွေက ဇာတ်လမ်းစာအုပ်ပေါ်ကို ရောက်နေပေမဲ့လည်း သူမရဲ့အတွေးတွေကတော့ တခြားကို လွင့်မျောနေဆဲ။
ရှဲ့ချီယွမ်က ဒီနေ့ဘာတွေနဲ့များ အလုပ်များနေပါလိမ့်။
သူမက ခဏလောက် သေသေချာချာလေး စဉ်းစားလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုနဲ့ သူမရဲ့လက်ထဲက ပုံပြင်စာအုပ်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်ထားလိုက်တယ်။
မှတ်မိပြီ။ မနေ့တုန်းက ရှဲ့ချီယွမ်နဲ့ ဇာတ်လမ်းအကြောင်း ဆွေးနွေးတုန်းက ဒီထဲမှာရေးထားခဲ့တဲ့ အသီးသကြားလုံးကို စားချင်တယ်လို့ ပြောခဲ့ဖူးသလိုပဲ...
ဧကန္တ...
စူးလီက စဉ်းစားဖို့အချိန်မရသေးခင်မှာဘဲ အသီးခြောက်ပန်းကန်တစ်ချပ်နဲ့ ရင်းနှီးလှတဲ့ပုံရိပ်တစ်ခုက သူမဆီကို လျှောက်လာတာကို တွေ့လိုက်ရတယ်။
ရှဲ့ချီယွမ်က နေရောင်အောက်မှာ စာအုပ်တွေရဲ့စာမျက်နှာကို ပျင်းရိလေးတွဲစွာနဲ့ လှန်လှောနေတဲ့ လူကိုကြည့်လိုက်ပြီး စိတ်အားတက်ကြွလာကာ သူမျက်လုံးထဲမှာလည်း အပြုံးတစ်ခုပေါ်လာခဲ့တယ်။
သူက ရှေ့ကို မသိမသာညွတ်လိုက်ပြီး အသီးခြောက်တစ်ခုကို သူမရဲ့ပါးစပ်ဆီ လှမ်းကမ်းပေးလိုက်ကာ ခပ်တိုးတိုးရယ်သံလေးတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒီဇာတ်လမ်းတွေကို ဖတ်နေရတာ မပျင်းဘူးလား"
စူးလီက အနည်းငယ် ဒေါသထွက်နေတဲ့ရုပ်နဲ့ အသီးခြောက်တစ်လုံးကို ကိုက်စားလိုက်ပြီး အဆုံးသတ်လေသံကိုတော့ သံရှည်ဆွဲပြီး ပြောလိုက်တယ်။ "ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူကမှ ကျွန်မနဲ့ အဖော်မလုပ်ပေးဘူးလေ။ ကျွန်မက အချိန်တွေကုန်ဖို့ ဒီဇာတ်လမ်းစာအုပ်တွေကိုပဲ အသုံးချနိုင်တော့တာပေါ့"
"ဒါ ကိုယ့်အမှားပါ"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှဲ့ချီယွမ်ရဲ့မျက်လုံးထဲက အပြုံးတွေက ပိုပြီးတော့ရိုးသားလာခဲ့တယ်။ သူက လက်ထဲက အသီးပန်းကန်ကို ဘေးကစားပွဲပေါ်ကို ချထားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မျက်လုံးကိုပင့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း ဖုံးကွယ်မထားတဲ့ အလိုလိုက်ခြင်းနဲ့ မြတ်နိုးမှုတွေ ပါဝင်နေတယ်။
"ဒါဆိုရင် စူးစူး ကိုယ့်ရဲ့အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ ဘာလုပ်သင့်တယ်လို့ထင်လဲ"
စူးလီက ရှဲ့ချီယွမ်ရဲ့ တောင်းပန်စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမပါးစပ်ထဲက အသီးခြောက်ရဲ့အရသာက အစတုန်းကလို ချိုမြိန်မှုတွေ မရှိတော့သလို ခံစားလိုက်ရတော့တယ်။
ရှဲ့ချီယွမ်က သူမကို အရမ်းအလိုလိုက်နေတာပဲ မဟုတ်လား။
သူ ဘာအမှားမှ မလုပ်ထားတာလည်း သိသာနေရဲ့သားနဲ့။ ဒီနေ့ သူ အလုပ်များနေတယ်ဆိုတာကလည်း မနေ့တုန်းက သူမ ဒီအတိုင်းပြောလိုက်တဲ့ကိစ္စကြောင့် ဖြစ်နေခဲ့တာပဲ...
စူးလီက မျက်တောင်ခတ်လိုက်ပြီး သူမနဲ့ရှဲ့ချီယွမ်တို့ အတူတူကုန်ဆုံးခဲ့တဲ့အချိန်ကို ရုတ်တရက် ပြန်စဉ်းစားလိုက်မိတယ်။
ရှဲ့ချီယွမ်က သူမရဲ့ဘေးမှာပေါ်လာကတည်းက ဒီသဘောထားတစ်ခုတည်း ရှိခဲ့တဲ့ပုံပဲ။
သူက အမြဲတမ်း သူမရဲ့အကြိုက်တွေကို စိတ်ထဲမှာမှတ်ထားတတ်ပြီး သူလုပ်ခဲ့တဲ့ အရာအားလုံးကလည်း သူမ ပျော်ရွှင်ဖို့ သူ့အတွက် နေ့စဉ်လိုအပ်ချက်တွေပဲ။
သူကျတော့ သူ တကယ်ကြိုက်နှစ်သက်တဲ့အရာ၊ မကြိုက်တဲ့အရာတွေကို ဘယ်တော့မှ ထုတ်မပြောခဲ့တဲ့ပုံပဲ။
အဲဒီနေ့က သူ့ရဲ့ချစ်ခြင်းကို ဝန်ခံစကားပြောခဲ့ပြီးကတည်းက သူတို့ရဲ့ဆက်ဆံရေးကလည်း နည်းနည်းလေးပိုပြီး ရင်းနှီးလာခဲ့တယ်။ ရှဲ့ချီယွမ်ရဲ့လုပ်ရပ်တွေက သူ ကျင့်ကြံရေးလောကထဲမှာ ရှိနေတုန်းက အချိန်လိုပဲ အမြဲလိုလိုပဲ အရာအားလုံးထက် သူမကို ဦးစားပေးခဲ့တယ်။
သတိပြန်ဝင်လာခဲ့ပြီးတဲ့နောက်မှာတော့ စူးလီက မတ်မတ်လေးထိုင်လိုက်ပြီး ရှဲ့ချီယွမ်ကို တလေးတနက်နဲ့ ကြည့်လိုက်တယ်။
သူမရဲ့နှုတ်ဆိတ်နေမှုကြောင့် သူ့မျက်လုံးထဲက တင်းကြပ်နေတဲ့ခံစားချက်နဲ့ ကူကယ်ရာမဲ့နေတဲ့ပုံကို မြင်လိုက်ရတဲ့အခါ စူးလီက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လေးနက်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ရှဲ့ချီယွမ် ကျွန်မရှင့်ကို မေးစရာလေး နည်းနည်းရှိလို့ပါ"
ရှဲ့ချီယွမ်ရဲ့ ထူထဲတဲ့မျက်တောင်တွေက မသိမသာ လှုပ်ခတ်သွားပြီး သူ့မျက်လုံးထဲမှာလည်း ဇဝေဇဝါနဲ့ သတိဖြစ်သွားတဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။
"စူးစူး မေးလေ"
စူးလီက သူ့အမူအရာကို ကြည့်လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်တယ်။ သူမရဲ့အမူအရာက တည်ငြိမ်နေပေမဲ့လည်း သူမရဲ့အသံကတော့ အများကြီး ပျော့ပျောင်းလို့နေတယ်။
"ကျွန်မတို့တွေ အချင်းချင်းသိလာခဲ့တာ အရမ်းကြာသွားပြီပဲ။ ဒါပေမဲ့ ကျွန်မကတော့ ရှင် ဘာကြိုက်တတ်တယ်ဆိုတာကို မသိသေးသလိုပဲ..."
"မင်းလေ။ ကို မင်းကိုကြိုက်တာ" သူမရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်ရဲ့မျက်လုံးတွေက လုံးဝကိုတွန့်ဆုတ်မနေဘဲ မေးခွန်းကိုတောင် မစဉ်းစားတော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အဖြေကိုသိပြီးသားပဲလေ။
ရုတ်တရက်ဆိုသလို စူးလီက သူမရဲ့မျက်နှာပေါ်မှာ ထိန်းသိမ်းထားရတဲ့ လေးနက်မှုတွေက ပြိုကွဲသွားပြီး မြင့်တက်သွားတဲ့ သူမရဲ့နှုတ်ခမ်းထောင့်လေးကို ဖိနှိပ်ထားရတော့တယ်။
"ကျွန်မ ဒါကို သိပါတယ်"
"တခြားဟာတွေ ပြောပြပါ"
ရှဲ့ချီယွမ်ရဲ့ မျက်လုံးတွေထဲမှာ ဇဝေဇဝါနဲ့ နှုတ်ဆိတ်မှုတွေ ပြည့်နှက်သွားခဲ့တယ်။
သူ လုပ်ချင်တာတွေအားလုံးက လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀လုံးက သွေးရေအိုင်ထဲမှာ လုံးဝ သုတ်သင်ခံလိုက်ရတယ် ထင်တယ်။ သွေးရေအိုင်ထဲမှာ အတွေးဆိုတာလည်း သူ့အတွက်တော့ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်ခဲ့တယ်လေ...
စူးလီက ရှဲ့ချီယွမ်ရဲ့မျက်နှာပေါ်က အမူအရာကို ကြည့်လိုက်ပြီး စာအုပ်ကို ကိုင်ထားတဲ့ သူမရဲ့လက်ကို တင်းနေအောင် ဆုပ်ထားလိုက်မိတယ်။
ခုနတုန်းက သူမရဲ့မေးခွန်းက... သူ့ကို တစ်ခုခု မပျော်ရွှင်သွားအောင် လုပ်မိလိုက်တာလား။
သူမရဲ့မျက်လုံးထောင့်ကနေ စားပွဲပေါ်က အသီးသကြားလုံးကို မြင်လိုက်ပြီး လက်လှမ်းယူလိုက်ကာ ရှဲ့ချီယွမ်ရဲ့နှုတ်ခမ်းပေါ်ကို တင်ပေးလိုက်တယ်။
သူသကြားလုံးကို စားတာကို မြင်လိုက်တဲ့အခါ စိတ်အေးသွားကာ သက်ပြင်းချလိုက်မိတယ်။
သူမက မျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့အရင်ကအတွေးတွေကို မေ့လျော့သွားအောင် လုပ်ပေးဖို့ ကြိုးစားလိုက်တယ်။ "ကျွန်မမေးခွန်းကို ပြောင်းချင်တယ်"
ရှဲ့ချီယွမ်က သူ့ပါးစပ်ထဲက အချိုအရသာကို ခံစားမိလိုက်ပြီး သူ့ရဲ့လွင့်မျောနေတဲ့အတွေးတွေက ရုတ်တရက် ပြန်ရောက်လာခဲ့တယ်။ သူ့မျက်လုံးထဲက ခံစားချက်တွေကလည်း အရင်တုန်းကထက်စာရင် အများကြီး ပိုပြီးနွေးထွေးလာခဲ့တယ်။
"မင်း မေးလေ"
စူးလီက ရှေ့ကိုအနည်းငယ် ညွတ်သွားလိုက်ပြီး လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
"ရှဲ့ချီယွမ် ရှင် မကြိုက်တဲ့အရာတွေက ဘာတွေလဲ"
ဒီအချိန်မှာတော့ သူမက စိတ်ထဲမှာတိတ်တိတ်လေး ဆုံးဖြတ်ချက်ချပြီးသားပဲ။
ရှဲ့ချီယွမ်က လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ရှဲ့မိသားစုဝင်တွေကို မုန်းတီးတယ်လို့ ပြောခဲ့မယ်ဆိုရင် သူမက သူ့ဒေါသကို ဖြေပေးဖို့အတွက် သူတို့ရဲ့စိတ်ဝိညာဉ်တွေကို ပြန်လည်စုစည်းပေးဖို့ အကောင်းဆုံးကြိုးစားမယ်လို့ပေါ့။
စူးလီရဲ့မေးခွန်းကို နားထောင်ပြီးတဲ့နောက်မှာ ရှဲ့ချီယွမ်က ခဏလောက် မှင်တက်အံ့သြသွားပြီး သူ့မျက်လုံးထဲမှာလည်း မရပ်တန့်နိုင်တော့တဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်။
အခုတော့... ကြည့်ရတာ သူ့မှာ မကြိုက်တဲ့အရာတွေ မရှိတော့တဲ့ပုံပဲ။
ဒါပေမဲ့ သူက သူမကို မကြိုက်တဲ့အရာနဲ့ ကြိုက်တဲ့အရာအကြောင်း ပြန်ဖြေရမယ်ဆိုရင် သူမက မပျော်မရွှင်ဖြစ်သွားတော့မယ် ထင်တယ်။ ဟုတ်တယ်မလား။
သူက သူ့ပါးစပ်ထဲက အင်မတန်မှ ချိုမြနေတဲ့ အသီးအရသာကို ခံစားမိလိုက်ပြီး သူ့ရဲ့ထူထဲနေတဲ့ မျက်တောင်တွေက မသိမသာ လှုပ်ခတ်သွားခဲ့တယ်။ "ကျွန်တော်ကလား အရမ်းချိုတဲ့အရာတွေဆိုရင် မကြိုက်ဘူး"
"ဒီအသီးခြောက်က... နည်းနည်းလေး ချိုတယ် ထင်တယ်"
သူ့ရဲ့အဖြေကို ကြားလိုက်တဲ့အခါ စူးလီက ခုနတုန်းက အသီးခြောက်ရဲ့ချိုမြိန်တဲ့အရသာကို အမှတ်တမဲ့ ပြန်စဉ်းစားမိလိုက်တယ်။
သူမက ချိုတဲ့အရသာတွေကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့တာလေ။ ခုနတုန်းက သူမ ခံစားမိလိုက်တဲ့ အချိုအရသာက နည်းနည်းလေး အရမ်းချိုနေသလိုပဲ။
ဒီလိုစဉ်းစားလိုက်ပြီး သူမက အသာအယာ မျက်တောင်ခတ်လိုက်ကာ ရုတ်တရက်ဆိုသလို သူမရဲ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်ထွက်လာခဲ့တယ်။
နူးညံ့သိမ်မွေ့မှုအပြည့်ဖြစ်နေတဲ့ ရှဲ့ချီယွမ်ကို ကြည့်လိုက်ပြီး သူမက ရှေ့ကိုအနည်းငယ် ကပ်သွားလိုက်ကာ သူ့ရဲ့နှုတ်ခမ်းထောင့်ပေါ်မှာ အရမ်းကို ညင်သာတဲ့အနမ်းတစ်ခုကို ပေးလိုက်တယ်။
"ဒီလိုဆိုရင်ရော နည်းနည်းလေး ပိုပြီးတော့ သက်သာလာပြီလား"
ရှဲ့ချီယွမ်က သူ့နှုတ်ခမ်းထောင့်မှာ ဖြတ်ပြေးသွားတဲ့ အပူချိန်ကိုခံစားလိုက်ရပြီး သူ့နားဖျားတွေအပြင် သူ့မျက်နှာတစ်ခြမ်းနဲ့ လည်ပင်းတွေကလည်း နီရဲသွားတော့တယ်။
သူက ချက်ချင်းဆိုသလို တုန်ယင်သွားတဲ့နှလုံးသားကို ခံစားမိလိုက်ပြီး အချိန်တော်တော်ကြာအောင် စကားတစ်လုံးမှ မပြောနိုင်ဘဲဖြစ်သွားခဲ့တယ်။ သူက ငေးကြောင်ကြောင်လေးနဲ့ စူးလီရဲ့ နှုတ်ခမ်းထောင့်လေးကို တစ်ဆက်တည်း စိုက်ကြည့်နေခဲ့မိတယ်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိတဲ့တစ်ချိန်မှာတော့ နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့ပြီး ကပျာကယာနဲ့ အကြည့်ကိုလွှဲထားလိုက်ကာ သူ့ရဲ့နားတွေကလည်း သွေးတွေစီးကျနေသလို နီရဲလို့နေတယ်။
သူက ခြောက်ကပ်ကပ်လေသံတစ်ခုနဲ့ ပြောလိုက်တယ်။ "တကယ်တော့ ကိုက အဲဒီဟာကို အဲဒီလောက်အထိ မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး"
"ကိုက... နောက်တစ်ခု စားချင်သေးတယ် ရမလား"
စူးလီက အစတုန်းကတော့ အနည်းငယ် ရှက်နေပေမဲ့လည်း ရှဲ့ချီယွမ်ရဲ့တုံ့ပြန်ပုံက သူမရဲ့တုံ့ပြန်ပုံထက် အဆ၁၀၀လောက်ပိုပြီးတော့ ပြင်းထန်နေတာကို တွေ့လိုက်ရတဲ့အခါ သူမက ရုတ်တရက် တည်ငြိမ်သွားခဲ့တယ်။
ရှဲ့ချီယွမ်ရဲ့စကားတွေကို နားထောင်လိုက်ပြီး သူမမှာ မနေနိုင်တော့ဘဲ ခပ်တိုးတိုးလေး ရယ်မောမိတော့တယ်။
သူမက ရှေ့ကိုအနည်းငယ် ထပ်တိုးလိုက်ပြီး သူမရဲ့နှာခေါင်းနဲ့ သူ့နှာခေါင်းလေးကို အသာအယာ ပွတ်သပ်လိုက်တယ်။
"တကယ်တမ်းကျတော့ ဒါကို စားစရာ မလိုပါဘူးလေ။ ဟုတ်တယ်မလား"
ရှဲ့ချီယွမ်က သူမရဲ့စကားလုံးတွေကို နားလည်သွားခဲ့တယ်။ သူက လက်တစ်ဖက်နဲ့ သူမရဲ့ခါးကို သိုင်းဖက်ထားလိုက်ပြီး သူမရဲ့နှုတ်ခမ်းတွေကို ဝါးမျိုလုမတတ် ဖုံးအုပ်ထားလိုက်တော့တယ်။
သူ သူမကို စတွေ့လိုက်တဲ့အချိန်ကတည်းက... သူ့ရဲ့လုပ်ချင်တဲ့ဝါသနာတွေအားလုံးက သူမနဲ့ ပတ်သက်နေတဲ့ အရာတွေကြီးပါပဲ...
...
စူးလီက အရင်တုန်းကထက် ပိုပြီးအရသာပျော့ပျောင်းတဲ့ ယကျူးမုန့်ကို စားလိုက်တယ်။
ဒီကာလအတွင်းမှာ သူမရဲ့ဆက်တိုက်အားထုတ်မှုတွေကြောင့် နောက်ဆုံးတော့ သူမက ရှဲ့ချီယွမ်ကို လုံခြုံသွားတဲ့စိတ်ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ခဲ့တဲ့အပြင် သူ့ရဲ့တခြားဘက်ခြမ်းကိုလည်း ချပြလာအောင်လုပ်နိုင်ခဲ့တယ်။
အဖြူရောင်အဝတ်အစားနဲ့ အစိမ်းရောင်ဝါးပင်တွေကို ကြိုက်နှစ်သက်တဲ့ ရှဲ့ချီယွမ်က အရသာချိုပြီး အသီးလက်ဖက်ရည်တွေကို မကြိုက်ဘူးတဲ့။
သူမက သူ့အနားကို အနည်းငယ်လေး တိုးသွားတဲ့အချိန်မှာ ပြောစရာစကားတွေ ပျောက်ဆုံးသွားပြီး နှလုံးခုန်လာသလိုခံစားရပြီး ရှက်ရွံတတ်တဲ့ရှဲ့ချီယွမ်က...
ဒီအချိန်မှာတော့...
မနေ့တုန်းကတော့ သူမက တိမ်လွှာကြေးမုံကိုသုံးပြီး ဖရဲသီးစားနေခဲ့တာလေ။ ဟယ်ဟွမ်းဂိုဏ်းနဲ့ ပတ်သက်တဲ့ ဖရဲသီးကိုဖတ်နေတုန်းမှာ အနက်ရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကို မတော်တဆ တွေ့မြင်ခဲ့တယ်။ သူမက ဒီအတိုင်းပဲ သူ့ကို သာမန်ကာလျှံကာ ချောလိုက်တာလို့ ချီးကျူးခဲ့မိတယ်လေ။
ထင်မထားဘဲ သူမဆီကို ပုံပြင်စာအုပ်တွေလာပို့ပေးတဲ့ ရှဲ့ချီယွမ်က မတော်တဆကြားသွားခဲ့တယ်။
ဒါကို စဉ်းစားလိုက်ပြီး စူးလီရဲ့မျက်လုံးထဲမှာ ကူကယ်ရာမဲ့သွားတဲ့ပုံစံ ထွက်ပေါ်လာခဲ့တယ်။
ရှဲ့ချီယွမ်က တိတ်တိတ်ကလေးစပြီး သဝန်တိုတတ်လာခဲ့တယ်။ ဒါကလည်း ဒီကာလအတွင်းမှာ သူမရဲ့လှုပ်ရှားမှုတွေက အရမ်းကို ထိရောက်မှုရှိတယ်ဆိုတဲ့သက်သေပဲ။
ယကျူးရဲ့ အချိုဓာတ်ကို လျှော့ချပြီး အသီးလက်ဖက်ရည်နေရာမှာ လက်ဖက်ရည်နဲ့ အစားထိုးလိုက်တာပေါ့...
ဒီလောက်သေးသေးဖွဲဖွဲလေးနဲ့များ ရှဲ့ချီယွမ်က ဘယ်လိုလုပ်ပြီး အဲဒီလောက်သဝန်တိုနေပါလိမ့်...
ဘယ်လိုပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းတယ် မဟုတ်လား။
စူးလီက သူမရဲ့လက်ထဲမှာ ၃ပုံ၁ပုံသာ စုဆောင်းရသေးတဲ့ ရှဲ့မိသားစုရဲ့ဝိညာဉ်တွေကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့သွားသလို သက်ပြင်းချလိုက်တော့တယ်။
သူမက ကောင်းကင်တာအိုတစ်ယောက် ဖြစ်နေသေးတယ်ဆိုရင်တောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ကတည်းက ပျောက်ကွယ်သွားပြီဖြစ်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ဝိညာဉ်ကို ရှာဖွေဖို့ဆိုတာ သူမအတွက်တော့ အရမ်းကို ခက်ခဲနေသေးတယ်လေ။
ဒီအချိန်မှာပဲ ရှဲ့ချီယွမ်က အသီးလက်ဖက်ရည်တစ်အိုးနဲ့ သူမဆီကိုရောက်လာတော့တယ်။
စူးလီက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ရှဲ့ချီယွမ်ရဲ့လက်ထဲက အသီးလက်ဖက်ရည်ကို ကြည့်လိုက်တယ်။ သူမက မျက်တောင်ခတ်မိသွားခဲ့တယ်။
၂နာရီတောင် မပြည့်သေးဘူးလေ။ အသီးလက်ဖက်ရည်နေရာမှာ ကြည်လင်နေတဲ့လက်ဖက်ရည်ကို အစားထိုးထားခဲ့တာမဟုတ်လား။
ဒါက နည်းနည်းလေးတော့... မြန်နေတယ် မဟုတ်လား။ သူမက ခေါင်းကိုမော့လိုက်ပြီး ရှဲ့ချီယွမ်ဘက်ကို မြှောက်ပင့်နေတဲ့အမူအရာတစ်ခုနဲ့ နှုတ်ခမ်းထောင့်လေးကို ပင့်ပြလိုက်တယ်။
ရှဲ့ချီယွမ်ရဲ့ မသိမသာတင်းကြပ်သွားတဲ့ အမူအရာက ရုတ်တရက် ပျော့ပျောင်းသွားခဲ့တယ်။ သူက မသိမသာ လှုပ်ရှားနေတဲ့လက်ဖက်ရည်ကို ကြည့်လိုက်ပြီး ကျန်နေသေးတဲ့ ယကျူးမုန့်အနည်းငယ်ကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ကူကယ်ရာမဲ့သွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တော့တယ်။
"မင်း ဒါကို မငြီးငွေ့သေးဘူးလား"
စူးလီက သူမရဲ့မျက်လုံးတွေကို တဖျတ်ဖျတ်ခတ်လိုက်ပြီး "ဒီတစ်ခါ ယကျူးမုန့်ကလေ... အရမ်းကြီး မချိုတော့ဘူးနော်။ ဒါကြောင့် ဒါက လက်ဖက်ရည်နဲ့ တွဲပြီးတော့ စားစရာမလိုတော့ဘူးလေ"
သူမက ပါးစပ်ကိုဖွင့်လိုက်တာနဲ့ ချက်ချင်း ရှဲ့ချီယွမ်က သူမအတွက် အသီးလက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ပေးလိုက်တယ်။
ဒီအချိန်မှာတော့ သူက စူးလီရဲ့လက်ထဲက ဖန်ပုလင်းကိုကြည့်လိုက်ပြီး သံသယအရိပ်အယောင်တစ်ခုနဲ့ မေးလိုက်တယ်။
"ဒါက..."
သူ့မေးခွန်းကိုကြားလိုက်တဲ့အခါ စူးလီက သူမက ပုလင်းကိုပြန်မသိမ်းရသေးတာကို နောက်ကျမှ သတိထားမိလိုက်တယ်။
သူမက ဒီလက်ဆောင်အတွက် အသင့်မဖြစ်သေးဘူးလေ။
ဒါပေမဲ့ အခုတော့ ရှဲ့ချီယွမ်က အရာအားလုံးကို သူ့စိတ်ထဲမှာ ထိန်းသိမ်းထားရမဲ့အစား သူ့သံသယတွေကို တိုက်ရိုက်မေးဖို့ အခွင့်အရေးရှိလာခဲ့ပြီ။
တကယ်လို့ သူမက မဖြေဘူးဆိုရင်...
ရှဲ့ချီယွမ်က သူမရဲ့ချီတုံချတုံဖြစ်နေတဲ့အမူအရာကို ကြည့်လိုက်ပြီး မျက်လွှာချထားလိုက်ကာ ခံစားချက်တွေကို မသိမသာ ဖုံးကွယ်ထားလိုက်တော့တယ်။
သူ့မျက်လုံးတွေကို တစ်ဖန် ပြန်ပင့်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့အစောပိုင်းက သိမ်မွေ့ညင်သာမှုနဲ့ ဘာမှဂရုမစိုက်တတ်တဲ့ အမူအရာက ပြန်ရောက်လာပြီး ဘာမှမဖြစ်ခဲ့သလို စားပွဲပေါ်က ယကျူးမုန့်ကို အစားထိုးပေးလိုက်တယ်။
သူက လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ယကျူးမုန့်တစ်တုံးကို ကောက်ကိုင်လိုက်ပြီး သိမ်မွေ့ညင်သာတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။ "ဒီတစ်ခုကို မြည်းကြည့်ပါဦး။ ဒါက မင်းရဲ့အကြိုက်နဲ့ ကိုက်ညီမှာပါ"
စူးလီက တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကိုစောင့်ကြည့်နေလိုက်ပြီး ခုနကဖြစ်သွားတဲ့အရာတွေကို ဘေးချိတ်ထားလိုက်တော့တယ်။ သူမက လက်တစ်ဖက်နဲ့ယကျူးမုန့်ကို လှမ်းယူလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်က ဖန်ပုလင်းငယ်ကို သူ့ကို လှမ်းပေးလိုက်တယ်။
သူမက စူပုတ်ပုတ်နဲ့ ပြောလိုက်တယ်။
"အစတုန်းကတော့ ကျွန်မက ဒီလက်ဆောင်ကို ရှင့်ကိုမပေးသေးခင် အရင်ဆုံးပြင်ဆင်ထားချင်ခဲ့တာ။ ဒါပေမဲ့ ရှင်က ဒါကို တွေ့သွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူးလေ"
သူမရဲ့စကားကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်က ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး ဖန်ပုလင်းကိုကိုင်ထားတဲ့ သူ့ရဲ့လက်တွေကလည်း နေရာမှာတင် တောင့်တင်းသွားတော့တယ်။
သူ့အသံထဲမှာလည်း ဇဝေဇဝါဖြစ်သွားတဲ့အရိပ်အယောင်တစ်ခု ပါလာခဲ့တယ်။ "ဒါက... ကိုယ့်အတွက် လက်ဆောင်လား"
စူးလီက ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့အသံထဲမှာလည်း စိတ်ရှုပ်သွားတဲ့ ခံစားချက်အပြည့် ဖြစ်နေခဲ့တယ်။ "အရမ်းကို ကြာနေပြီလေ။ ဒါပေမဲ့ ကျွန်မ ရှင် ဘာကြိုက်တတ်လဲဆိုတာကို အခုထိ မသိသေးဘူး..."
"ကိုယ်က စူးစူး ကိုယ့်ကိုပေးသမျှအရာအားလုံးကို ကြိုက်ပါတယ်" ရှဲ့ချီယွမ်က သူ့မျက်လုံးထဲမှာ မရပ်တန့်နိုင်တော့တဲ့ အပြုံးတစ်ခုနဲ့ သူ့လက်ထဲက ဖန်ပုလင်းလေးကို ဂရုတစိုက်ကိုင်ထားလိုက်တယ်။
စူးလီက သူ့ရဲ့ဝမ်းသာသွားတဲ့ အမူအရာကို ကြည့်လိုက်ပြီး ပုလင်းထဲမှာ ပါနေတဲ့ပစ္စည်းတွေကို စဉ်းစားမိလိုက်တဲ့အခါ... သူမ ပေးလိုက်တာက မှားယွင်းနေတဲ့လက်ဆောင်တစ်ခုများ ဖြစ်နေမလားလို့ စပြီးသံသယဖြစ်သွားတော့တယ်။
သူမက တိုးတိုးလေး ပြောလိုက်တယ်။ "ဒီလိုလေ ကျွန်မက လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀တုန်းက ရှင့်ကို အနိုင်ကျင့်ခဲ့တဲ့ရှဲ့မိသားစုဝင်တွေရဲ့ ဝိညာဉ်တွေကို စုဆောင်းထားခဲ့တာ"
"ဒါပေမဲ့ သူတို့အားလုံးရဲ့ဝိညာဉ်တွေကို မစုစည်းရသေးဘူး။ စုစည်းထားတဲ့ဟာတွေကလည်း တစ်ဝက်တောင် မရှိသေးဘူးလေ"
ပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ်တစ်ခုဖွဲ့စည်းလို့တောင် မရသေးဘူးပေါ့။
ရှဲ့ချီယွမ်က ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက်မှာ ခေါင်းမော့လိုက်ပြီး တအံ့တဩနဲ့ ပြောလိုက်တော့တယ်။ "ဒါဆို စူးစူးက အခုနောက်ပိုင်း ဒီကိစ္စနဲ့ အလုပ်များနေခဲ့တာလား"
သူ စဉ်းစားမိလိုက်တယ်...
သူက စောင့်ရှောက်ထိုင်ချလိုက်ပြီး လက်တစ်ဖက်ကို စူးလီရဲ့လက်ပေါ် ဂရုတစိုက်တင်ထားလိုက်ကာ ခေါင်းကိုမော့လိုက်ရင်း စူးလီကိုကြည့်ပြီး လေးနက်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။ "ကိုယ် ဒါကို အရမ်းသဘောကျပါတယ်"
"ကိုယ် ဒါကို တကယ်သဘောကျတာပါ"
သူ့ရဲ့မျက်လုံးထဲက ရိုးသားတဲ့ အပြုံးတစ်ခု ထွက်လာခဲ့တယ်။ "ဒါပေမဲ့ ဒါတွေကို စုဆောင်းရတာက အရမ်းပင်ပန်းလှပါတယ်။ ကိုယ်က ဒီလူတွေအတွက်ကြောင့်နဲ့တော့ စူးစူးကို အရမ်းကြီးပင်ပန်းတာမျိုး မဖြစ်စေချင်ပါဘူး"
သူက သူမရဲ့လက်ကိုကိုင်ထားလိုက်ပြီး အနမ်းဖျော့ဖျော့လေးတစ်ခုကို ပေးလိုက်တယ်။ "သူတို့တွေက မထိုက်တန်ပါဘူးလေ"
စူးလီက သူမရဲ့နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားလိုက်ပြီး "ဒါပေမဲ့ ရှင် ဒီလူတွေကို လက်စားမချေချင်ဘူးလား။ ရှင်သည်းခံထားရတဲ့ ဒုက္ခတွေအားလုံးကို ပြန်မပေးချင်ဘူးလား"
သူမရှဲ့ချီယွမ်နဲ့ တွေ့တဲ့အချိန်တုန်းက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေက သူမအတွက်တော့ လျှို့ဝှက်ချက်နည်းနည်းလေးပဲဆိုပေမဲ့ အလွန်ဆုံး သူတို့တွေကသူမကို သက်ပြင်းချအောင် လုပ်နိုင်ရုံလောက်ပဲလေ။
ဒါပေမဲ့ အခုကျတော့...
ကောင်းကင်စာအုပ်ထဲက စကားလုံးတိုင်းက လွန်ခဲ့တဲ့နှစ် ၂၀၀၀ က သွေးရေအိုင်ထဲမှာ ရှဲ့ချီယွမ်ရင်ဆိုင်ခဲ့တဲ့ ဒုက္ခတွေကို မှတ်တမ်းတင်ထားခဲ့ပြီး သူမကို သွေးတွေပွက်ပွက်ဆူလာစေကာ ရင်နာရအောင်လုပ်နေတယ်လေ။
ရှဲ့ချီယွမ်က ရှဲ့မိသားစုတွေရဲ့ လူအပေါ် စူးလီရဲ့မျက်နှာပေါ်က ရွံရှာဒေါသဖြစ်နေတာကို မြင်လိုက်တဲ့အခါ သူက သူမရဲ့လက်ကိုချော့မော့သလို ကိုင်ထားလိုက်ပြီး
"ဒါတွေ အားလုံးက ပြီးသွားပါပြီ"
စူးလီက သတိပြန်ဝင်လာပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်တော့တယ်။
"ရှင်က တစ်ခုခု ချိုမြိန်စရာအကြောင်းအရာကို ပြောတော့မယ်လို့ ထင်ထားခဲ့တာ"
ရှဲ့ချီယွမ်ရဲ့မျက်လုံးတွေက သံသယဖြစ်နေတဲ့အရိပ်အယောင်ကို မြင်လိုက်ရတဲ့အခါ သူမက အရင်တုန်းက ခေတ်သစ်လောကမှာ သူမဖတ်ဖူးခဲ့တဲ့ ဝတ္ထုတွေကို ပြန်စဉ်းစားမိလိုက်ပြီး မျက်တောင်လေးခတ်ကာ ပြောလိုက်တော့တယ်။
"ဒီလိုလေ။ ခံစားခဲ့ရတာတွေအားလုံးက ကိုနဲ့တွေ့ဆုံဖို့ပါပဲ။ အဲဒီနောက်မှာတော့ ခံစားခဲ့ရတာတွေအားလုံးက ထိုက်တန်ပါတယ်တဲ့"
"ဥပမာ..."
စူးလီရဲ့စကားလုံးတွေကို နားထောင်လိုက်ပြီး ရှဲ့ချီယွမ်က မသိမသာ မျက်မှောင်ကြုတ်လိုက်တော့တယ်။ သူက မတတ်သာတော့ဘဲ သူမကိုစကားဖြတ်ပြောလိုက်ရတော့တယ်။ "စူးစူး ကို့မှာ ဒါရှိပြီးပြီလေ..."
"ဒါက ကျိုးကြောင်းမသင့်လို့လား"
သူက သူမကိုတစ်လေးတစ်နက်နဲ့ ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း ချစ်ခြင်းမေတ္တာအပြည့် ဖြစ်နေခဲ့တယ်။ "ကို ခံစားခဲ့ရတဲ့ ဒုက္ခတွေအားလုံးအတွက် မင်းက ဘာမှလုပ်ပေးစရာမလိုပါဘူး"
"မင်းက ဒီဝမ်းနည်းစရာ အခြေအနေကနေ ဆွဲထုတ်ပေးခဲ့တဲ့သူပါ"
"ကိုယ့်အတွက်တော့ မင်းက မျှော်လင့်ချက်အလင်းရောင်၊ လောကကြီးရဲ့အလှတရားအားလုံးပဲ"
"မင်းက ဒီလောကထဲမှာ ကိုယ်အချစ်ရဆုံးသောသူပဲ"
ရှဲ့ချီယွမ်ပြောလိုက်တဲ့ စကားကိုကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီရဲ့နားတွေကလည်း နီရဲသွားခဲ့တယ်။
ရုတ်တရက်ဆိုသလို သူမက ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးရဲ့ ချောမောလှပပုံကို ချီးကျူးလိုက်တုန်းက ရှဲ့ချီယွမ်ရဲ့အထီးကျန်သွားတဲ့ ရုပ်လေးကို သတိရသွားတော့တယ်။
သူမက တလေးတနက်နဲ့ ပြောလိုက်တယ်။ "ရှဲ့ချီယွမ် ကျွန်မ ရှင့်ကို ပြောထားတယ် မဟုတ်လား..."
သူမက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့မျက်နှာကောက်ကြောင်းလေးကို ထိကိုင်လိုက်တော့တယ်။ "ရှင့်ရဲ့ရုပ်ရည်သွင်ပြင်က ကျွန်မ အကြိုက်ဆုံးပါလို့လေ"
သူမက စကားပြောပြီးသွားတဲ့နောက်မှာတော့ သူမရဲ့လက်တွေက သူ့ရင်ဘတ်ပေါ်ကို တစ်ဖန်ရောက်သွားခဲ့တယ်။ "ဒီစိတ်ဝိညာဉ်ကလည်း ကျွန်မအချစ်ရဆုံးစိတ်ဝိညာဉ်ပဲ"
နောက်ဆုံးတော့ သူမကလက်၂ဖက်ကို ဆန့်လိုက်ပြီး ရှဲ့ချီယွမ်ကိုပွေ့ဖက်လိုက်တယ်။ "ဒီလူကတော့ ကျွန်မအချစ်ရဆုံးလို့ပေါ့"
ရှဲ့ချီယွမ်က သူ့လက်တစ်ဖက်ကို ဆန့်လိုက်ပြီး စူးလီရဲ့လက်မောင်းကိုကိုင်ထားလိုက်ကာ သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ရင်သွားခဲ့တယ်။
သူက ဒုက္ခတွေခံစားနေရတာကို မမှုပါဘူး။
သူက သူ့ရဲ့အတိတ်ကကိစ္စတွေကို စဉ်းစားမိလိုက်တဲ့အချိန်တိုင်း သူ့ရင်ခွင်ထဲက ဒီလူလေးကို နည်းနည်းလေးပိုပြီးတော့ ချစ်လာရုံသက်သက်ပါပဲ။
သူမက သူ့ကို လိုအပ်နေသရွေ့ သူမနဲ့အတူတူ အမြဲတမ်း ရှိနေလိမ့်မယ်လို့ ကတိပေးထားခဲ့တယ်လေ။ ဒါပေမဲ့ သူက သူပြောလိုက်တဲ့စကားရဲ့ ဒုတိယတစ်ဝက်ကိုတော့ သူကိုယ်တိုင်အတွက် ဆက်ပြီးထိန်းထားရမယ်။
သူ သူမကိုဆက်ပြီးတော့ မလိုချင်တော့တဲ့အချိန်ကျရင် ကိုယ့်ဟာကိုယ်သတ်ပစ်ရမယ်လို့ပေါ့။
စည်းမျဉ်းစည်းကမ်းတွေဆိုတာ ဘာအသိစိတ်မှ ရှိမနေဘူးဆိုရင်တောင် ကောင်းကင်တာအိုဆီကနေ ဘယ်တော့မှထွက်ခွာသွားလိမ့်မှာ မဟုတ်ဘူးလေ။
အဲဒါတွေက အမြဲတမ်း အတူတူရှိနေလိမ့်ဦးမှာပဲ။
...