← Chapters

အခန်း (၄၃၁-၄၃၂)

Vol. 44 Ch. 431-432

အခန်း (၄၃၁-၄၃၂)

Vol. 44 Ch. 431-432

အခန်း (၄၃၁) မှုန်ဝါးဝါး မြင်ကွင်းများ

သူတို့၏ စကားမပြောနိုင်လောက်အောင် အံ့သြနေသည့် တုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ ယောင်ရန်က တခစ်ခစ် ရယ်မောလိုက်လေသည်။ သို့သော် မှောင်မိုက်နေသော ကောင်းကင်ယံမှ တောက်ပသည့် မီးတောက်တစ်ခုကို သူမ သတိပြုမိလိုက်ချိန်တွင် ထိုရယ်မောမှုက အချိန်တိုအတွင်းမှာ ပင် ပျောက်ကွယ်သွားခဲ့ပေတော့သည်။

တောက်ပနေသော မီးတောက်က သူတို့ဆီသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် နီးကပ်လာသောအခါ သူမ ၏ အကြည့်တို့က စူးရှသွားခဲ့လေသည်။ သူမ တစ်စုံတစ်ရာ တုံ့ပြန်မှု မပြုလုပ်နိုင်မီမှာပင်၊ ချွမ်ယွမ်ဝေက အလွန်ဆိုးရွားသော နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရပြီး ဟု ရုတ်တရက် သတိပေးလိုက်သည်။

"ကားရပ်လိုက်…"

သူ၏ သတိပေးသံကို ကြားသည်နှင့် စီမာယွမ်က ဘရိတ်ကို ဆောင့်နင်းလိုက်ကာ စတီယာရင်ကို ချိုးကွေ့ လိုက်သည်။

"ဝုန်း…"

စက္ကန့်ပိုင်းလေးအတွင်းမှာပင်၊ တစ်စုံတစ်ရာက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ရှေ့ရှိ ပုံပျက်နေသော သတ္တဝါဆိုးများကို ဖိခြေပစ်လိုက်ကာ နားကွဲမတတ် ပေါက်ကွဲမှုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပေတော့ သည်။

"ဘုန်း…"

"သေချာကိုင်ထားကြ…"

ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အပူလှိုင်းကြီးက စီမာယွမ် သတိပေးပြီး တစ်စက္ကန့်အကြာမှာပင် သူတို့ ထံ ရိုက်ခတ်လာသည်။

"ဝှစ်…"

လေပြင်းတိုက်ခတ်မှုက သံချပ်ကာကားကို တိုက်ခတ်သွားပြီး အရာအားလုံး ငြိမ်သက်မသွားမီ ကား ကြီးကို ခဏတာ တုန်ခါသွားစေခဲ့ပေသည်။

ယောင်ရန်က သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ စိုးရိမ်စွာ မေးလိုက်လေသည်။

"အားလုံး အဆင်ပြေကြရဲ့လား…"

"အဆင်ပြေပါတယ်…"

ချွမ်ယွမ်ဝေက အပြင်ဘက်ကို ကြည့်ရင်း ပြန်ဖြေလိုက်လေသည်။ မီးလောင်နေဆဲဖြစ်သော အရာဝတ္ထု ကို စိုက်ကြည့်ရင်း သူက မေးလိုက်လေသည်။

"အဲဒါ ဘာကြီးလဲ…"

အနီးကပ် သွားရောက်စစ်ဆေးစရာ မလိုဘဲ ယောင်ရန်က အဖြေကို သိနှင့်နေပြီးဖြစ်ပေသည်။ သူမက ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ တံခါးဖွင့်ပြီး အပြင်သို့ ထွက်လိုက်လေသည်။

သူမ မီးလောင်နေသော အရာဝတ္ထုဆီသို့ ချဉ်းကပ်သွားသည်ကို မြင်သောအခါ အခြားသူများလည်း သံချပ်ကာကားထဲမှ ထွက်လာပြီး သူမနောက်သို့ လိုက်သွားခဲ့ကြလေသည်။

ပြုတ်ကျနေသော ဂြိုဟ်တုနှင့် သုံးမီတာအကွာတွင် ရပ်နေရင်း ယောင်ရန်သည် အေးစိမ့်သော ရာသီဥတု နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော မီးတောက်မှ ဖြာထွက်နေသည့် အပူရှိန်ကို ခံစားနေရပေသည်။ သူမ ဂြိုဟ်တုကို စစ်ဆေးနေစဉ် မီးတောက်များက ပတ်ဝန်းကျင်ကို လင်းထိန်လျက်ရှိလေခဲ့ပေသည်။

ခဏအကြာတွင် ထိုအရာပေါ်၌ ရေးသားထားသော စာအချို့ကို သူမ သတိပြုမိသွားခဲ့လေသည်။

"မရီး... ဒါက ဘာကြီးလဲ…"

တင်းကျန့်ဖုန်းက သူမအနီးသို့ ချဉ်းကပ်လာရင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဒါက မေပယ်နိုင်ငံက ဂြိုဟ်တုတစ်ခုပဲ…"

ယောင်ရန်က ပြုတ်ကျနေသော ဂြိုဟ်တုမှ အကြည့်လွှဲကာ ပြန်ဖြေလိုက်လေသည်။

သူမပြောသည်ကို ကြားပြီးနောက် အခြားသူများမှာ အံ့သြတကြီး စိုက်ကြည့်နေမိကြပေသည်။

တင်းကျန့်ဖုန်းက သေချာမြင်ရအောင် ရှေ့သို့ ထပ်တိုးလိုက်ပြီး အာမေဋိတ်သံဖြင့် ရေရွတ်လိုက်လေ သည်။

"ဘုရားရေ… ဒါတကယ်ကြီး မေပယ်နိုင်ငံက ဂြိုဟ်တုပဲ…"

ကွမ်းဟောက်ထျန်းက တင်းကျန့်ဖုန်း၏ စကားကို အနည်းငယ် သံသယဝင်သွားသဖြင့် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့လေသည်။

"ငါ့ကို ပြစမ်း… ငါကြည့်ရအောင်…"

အဖွဲ့သားများက ဂြိုဟ်တုကို စစ်ဆေးနေစဉ် ချွမ်ယွမ်ဝေက ရုတ်တရက် အထက်သို့ မော့ကြည့်လိုက်ပြီး အရေးတကြီး ပြောလိုက်လေသည်။

"ငါတို့ အခုချက်ချင်း ဒီနေရာကနေ ထွက်သွားဖို့ လိုတယ်…"

သူစကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက သူ့အား လှည့်ကြည့်လာခဲ့လေကြသည်။ သူ၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ယောင်ရန်က ပြောလိုက်သည်။

"သွားကြစို့"

ချွမ်ယွမ်ဝေက မှောင်မိုက်နေသော ကောင်းကင်ယံကို တင်းမာသော အမူအရာဖြင့် စိုက်ကြည့်နေဆဲဖြစ် သည်ကို သတိပြုမိသဖြင့် စီမာယွမ်က သူ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ခေါ်လာခဲ့လေသည်။ လူတိုင်း သံချပ်ကာကားထဲသို့ ရောက်သွားသည်နှင့် စီမာယွမ်က လီဗာကို နင်းကာ အရှိန်တင် မောင်းနှင် ထွက်ခွာသွားခဲ့လေတော့သည်။

နှစ်မိနစ်အကြာတွင်၊ ကောင်းကင်မှ ဂြိုဟ်တုများ ပိုမိုပြုတ်ကျလာခဲ့ပေသည်။

မာဘန်ရွှမ်က ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်ကာ ပြုတ်ကျလာသော ဂြိုဟ်တုများကို လက်ညှိုးထိုးပြလိုက်လေသည်။

"ကြည့်စမ်း၊ နောက်ထပ် တစ်လုံး ကျလာပြန်ပြီ…"

အခြားသူများလည်း ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ဂြိုဟ်တု ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ပြုတ်ကျလာသည်ကို မြင်လိုက်ကြရလေသည်။ သူတို့၏ မျက်နှာအမူအရာများ မှုန်ကုပ်သွားစဉ်မှာပင် ချွမ်ယွမ်ဝေက ရုတ်တရက် စကားဆိုလာခဲ့လေသည်။

"အာယွမ်... အခုချက်ချင်း အမြန်လမ်းမပေါ်ကနေ ဆင်းလိုက်တော့…"

ချွမ်ယွမ်ဝေ၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းကို ယုံကြည်သောကြောင့် စီမာယွမ်က တွေဝေမနေခဲ့ပေ။ သူက လမ်းဘေးရှိကာရံထားသော သံတန်းများကို ဝင်တိုက်ကာ အမြန်လမ်းပေါ်မှ မောင်းဆင်းသွားခဲ့လေ တော့သည်။ စက္ကန့်အနည်းငယ်အကြာတွင်၊ သူတို့ ခုလေးတင် ထွက်ခွာလာခဲ့သော နေရာကို ဂြိုဟ်တု တစ်လုံး ပြုတ်ကျလာခဲ့လေတော့သည်။

"ဝုန်း…"

သူတို့အနောက်ဘက်ရှိ ပေါက်ကွဲမှုကို ကြည့်ရင်း ယောင်ရန်က မေးလိုက်လေသည်။

"အစ်ကိုချွမ်၊ ကျွန်မတို့ စစ်ဆေးရေးဂိတ်ကို ဘေးကင်းကင်းနဲ့ ရောက်နိုင်ပါ့မလား…"

ချွမ်ယွမ်ဝေက ပြန်မဖြေမီ မျက်လုံးများကို ခဏမှိတ်ထားလိုက်လေသည်။

"ဒီလမ်းကြောင်းအတိုင်း သွားပါ… မျိုးဗီဇပြောင်းလဲနေတဲ့ကောင်တွေ ဒါမှမဟုတ် ပုံပျက်နေတဲ့ သတ္တဝါ ဆိုးတချို့တော့ ရှိလိမ့်မယ်၊ ဒါပေမဲ့ သိပ်တော့ အန္တရာယ် မများလှပါဘူး။"

မြေပုံကို စစ်ဆေးကြည့်ပြီးနောက်၊ ယောင်ရန်က အခြားရွေးချယ်စရာ လမ်းကြောင်းကို မှတ်သားထား လိုက်လေသည်။ ပိုဝေးသော်လည်း ထိုလမ်းက သူတို့၏ ခရီးပန်းတိုင်သို့ ရောက်စေမည်ဖြစ်ပေသည်။

"ကောင်းပြီလေ... "

ချွမ်ယွမ်ဝေ၏ ကြိုတင် အန္တရာယ်သတိပေးမှုများကြောင့် အဖွဲ့သားများသည် လေးနာရီကြာ ခရီးနှင်ပြီး နောက် ပထမဆုံး စစ်ဆေးရေးဂိတ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပေတော့သည်။

သံချပ်ကာကားထဲမှ ထွက်လာပြီးနောက် ယောင်ရန်က ဝင်ပေါက်ဆီသို့ လျှောက်သွားကာ သတ္တုတံခါးကို ဖွင့်ရန်အတွက် စက်ပေါ်တွင် သူမ၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်လေသည်။

တံခါးပွင့်သွားသည်နှင့် သူမက အခြားသူများဘက် လှည့်ကာ မေးလိုက်သည်။

"ရှင်တို့ အထဲဝင်ခဲ့မလား ဒါမှမဟုတ် အပြင်မှာပဲ စောင့်နေမလား…."

"ကျွန်တော်တော့ ကျန်နေခဲ့ပြီး သံချပ်ကာကားကို စောင့်နေလိုက်မယ်…."

စီမာယွမ်က ပြောလိုက်လေသည်။

တင်းကျန့်ဖုန်းက အခြားသူများနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးမှ ပြန်ဖြေလိုက်လေသည်။

"ကျွန်တော်တို့ကတော့ မရီးနဲ့အတူ လိုက်ခဲ့မယ်…"

ချွမ်ယွမ်ဝေက အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။

"ငါ အာယွမ်နဲ့အတူ အပြင်မှာပဲ နေခဲ့မယ်… တစ်ခုခုဖြစ်ခဲ့ရင် အားလုံးကို ချက်ချင်း အကြောင်းကြား လိုက်မယ်…."

"ကောင်းပြီလေ…."

ယောင်ရန်က ပြောကာ တင်းကျန့်ဖုန်း၊ မာဘန်ရွှမ်နှင့် ကွမ်းဟောက်ထျန်းတို့ကို ခေါ်ဆောင်၍ အထဲသို့ ဝင်သွားခဲ့လေသည်။

သူတို့ စစ်ဆေးရေးဂိတ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါ စီမာယွမ်က မေးလိုက်လေသည်။

"အစ်ကိုယွမ်ဝေ... သူတို့နဲ့အတူ မသွားဘဲ ဒီမှာနေခဲ့တာ တကယ်ပဲ အဆင်ပြေရဲ့လား…"

ချွမ်ယွမ်ဝေက ခေါင်းညိတ်ပြလိုက်လေသည်။

"အထဲမှာတော့ ဘာအန္တရာယ်မှ မရှိဘူး၊ ဒါပေမဲ့ အပြင်ဘက်ကတော့... ပြောရခက်တယ်။"

၎င်းကို ကြားသောအခါ စီမာယွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။ သူက အသံကိုနှိမ့်ကာ ပြောလိုက်လေသည်။

"အစ်ကိုယွမ်ဝေ... ကျွန်တော်တို့ ထွက်ပြေးဖို့ လိုလာခဲ့ရင် အစ်ကို ကျွန်တော့်ကိုပါ ခေါ်သွားဖို့ မမေ့နဲ့ နော်…"

သူ၏ စိုးရိမ်နေမှုကို ကြည့်ပြီး ပြုံးစိစိလုပ်ကာ ချွမ်ယွမ်ဝေက သူ၏ ပခုံးကို ပုတ်ပေးလိုက်လေသည်။

"စိတ်မပူပါနဲ့… ဒီမှာ ဘယ်သူ့ကိုမှ သေဖို့ ထားခဲ့မှာ မဟုတ်ပါဘူး…"

ထိုသို့ အားပေးစကား ဆိုသော်လည်း စီမာယွမ်မှာ စိတ်ရှုပ်ထွေးနေဆဲဖြစ်လေသည်။ သူက ခေါင်းကို ကုတ်ရင်း တွေးလိုက်လေသည်။

*အခု စိတ်အေးရမလား၊ ပိုပြီး စိုးရိမ်ရမလားတောင် မသိတော့ပါဘူး…*

စစ်ဆေးရေးဂိတ်အတွင်းတွင် ယောင်ရန်နှင့် အခြားသူများသည် ပင်မအခန်းကြီးထဲသို့ ဝင်ရောက်သွား ကြလေတော့သည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤနေရာနှင့် ပတ်သက်၍ ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှုကို ယောင်ရန် ခံစားလိုက်ရလေသည်။ အေးစက်နေသော သတ္တုနံရံတစ်လျှောက် လက်ဖြင့် ပွတ်သပ် ကြည့်လိုက်ရာ ၎င်း၏ ချောမွေ့သော မျက်နှာပြင်ကို သတိပြုမိသွားခဲ့လေသည်။

*ငါ အရင်က ဒီကို ရောက်ဖူးတာလား… ဘာလို့ ဒီလောက်တောင် ရင်းနှီးနေသလို ခံစားနေရတာလဲ…*

"မရီး၊ မီးဘယ်လိုဖွင့်ရမလဲ သိလား…."

တင်းကျန့်ဖုန်းက မေးလိုက်သည်။

ယောင်ရန်က ပြန်ဖြေမည့်အစား သူမစိတ်ထဲမှ မှုန်ဝါးဝါး မြင်ကွင်းများအတိုင်း လိုက်လုပ်လိုက်လေ သည်။ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် သူမ၏ လက်ချောင်းများက ခလုတ်တစ်ခုကို စမ်းမိသွားခဲ့ပေသည်။ သူမက တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် ၎င်းကို နှိပ်လိုက်လေသည်။

"ကလစ်… ဝှစ်…"

သူမ ခလုတ်ကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ထုထဲသို့ အလင်းရောင်များ လွှမ်းခြုံသွားရာ ယောင်ရန် မျက်လုံးကို ခေတ္တမျှ မှိတ်ထားလိုက်ရသည်။ အလင်းရောင်နှင့် မျက်စိကျင့်သားရသွားသော အခါ အခန်းကြီးက သူမအမြင်အာရုံထဲသို့ ရောက်လာပြီး သူမစိတ်ထဲရှိ မြင်ကွင်းများက ပိုမို ရှင်းလင်း လာခဲ့လေသည်။

*ဒီနေရာက...*

ထိုမြင်ကွင်းများကို သူမ အဆက်အစပ် မဖော်နိုင်မီမှာပင် ကွမ်းဟောက်ထျန်း၏ အသံ ထွက်ပေါ်လာ ခဲ့လေသည်။

"ညီအစ်ကိုတို့၊ မရီး... ဒါကို လာကြည့်ကြပါဦး…"

သူ၏ အသံလာရာနောက်သို့ လိုက်သွားကြရာ သူတို့ ဘေးဘက်ရှိ အခန်းငယ်တစ်ခုသို့ ရောက်သွားကြ လေသည်။

"ဘုရားရေ… ဒါတွေက လက်နက်တွေလား…"

တင်းကျန့်ဖုန်းက မယုံကြည်နိုင်စွာ မျက်လုံးများကို ပွတ်သပ်ရင်း အာမေဋိတ်သံဖြင့် ပြောလိုက်လေ သည်။

အခြားသူများက လက်နက်များကို ကိုင်တွယ်ကြည့်ရင်း ဝမ်းသာလုံးဆို့နေချိန်တွင် ယောင်ရန်ကမူ လက်နက်များ စီတန်းထားသော စင်တစ်ခုဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်လေသည်။ သေနတ် တစ်လက်ကို ကောက်ကိုင်၍ စစ်ဆေးကြည့်ပြီးနောက် သူမက မေးလိုက်လေသည်။

"ဒီမော်ဒယ်မျိုးကို ကျွန်မ အရင်က တစ်ခါမှ မမြင်ဖူးဘူး… ရှင် တို့ကော ဒါကို ဘယ်လိုသုံးရမလဲ သိကြ လား…"

မာဘန်ရွှမ်က သူမကိုင်ထားသည်နှင့် တူညီသော မော်ဒယ်တစ်လက်ကို ကောက်ကိုင်ကာ သေချာ စစ်ဆေးကြည့်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"ဒါက နောက်ဆုံးပေါ် လက်ကိုင်သေနတ် မော်ဒယ်နဲ့ တူတယ်၊ ဒါပေမဲ့ တချို့အစိတ်အပိုင်းတွေက ကျွန်တော် အရင်က မြင်ဖူးခဲ့တာတွေနဲ့ နည်းနည်းတော့ ကွာခြားနေတယ်…."

အခန်း (၄၃၂) ထူးဆန်းသော ဖိုင်တွဲများ

မာဘန်ရွှမ်၏ စကားကို ကြားပြီးနောက် ယောင်ရန်က လက်နက်များကို ပြန်ထားလိုက်ပြီး ပြောလိုက် လေသည်။

"ကျွန်မ ဂိုဒေါင်ကို သွားစစ်ကြည့်လိုက်ဦးမယ်…"

ထိုသို့ပြောပြီးနောက် သူမက ဘေးဘက်အခန်းမှ ထွက်လာခဲ့လေသည်။ သူမစိတ်ထဲမှ မှုန်ဝါးဝါး မြင် ကွင်းများအတိုင်း လိုက်သွားရင်း ယောင်ရန်သည် အနောက်ဘက်ဧရိယာရှိ ဂိုဒေါင်ဆီသို့ ဦးတည်သွား ခဲ့လေသည်။

သူမ အထဲသို့ဝင်သွားပြီး ဗလာဖြစ်နေသော စင်များနှင့် သေတ္တာများကို မြင်လိုက်ရသော်လည်း ၎င်းတို့ ကို ချက်ချင်း ဖြည့်တင်းရန် အလျင်မလိုခဲ့ပေ။ ကျယ်ဝန်းသော ဂိုဒေါင်ထဲတွင် လျှောက်သွားနေရင်း သေတ္တာနှင့် စင်တစ်ခုစီတွင် စာတန်းတစ်ခုစီ တပ်ထားသည်ကို ယောင်ရန် သတိပြုမိသွားခဲ့ပေသည်။

စင်များနှင့် သေတ္တာများကို စစ်ဆေးပြီးနောက် ယောင်ရန်က စာတန်းများအတိုင်း ပစ္စည်းများကို စတင် ဖြည့်တင်းလိုက်လေသည်။ ဆယ့်ငါးမိနစ်ခန့် အချိန်ယူပြီးစီးသွားပြီးနောက် ဘေးဘက်ရှိ တံခါးတစ်ချပ် ကို သူမ သတိထားမိသွားခဲ့လေသည်။

သိချင်စိတ်ဖြင့် ယောင်ရန်က တံခါးကို ဖွင့်လိုက်ရာ နေရောင်ခြည်စွမ်းအင်သုံး ရေခဲခန်းတစ်ခုကို တွေ့ လိုက်ရလေသည်။ ကံမကောင်းစွာဖြင့်၊ ပြီးဆုံးခြင်းမရှိသော ညတာရှည်ကြီး ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ရာ ထိုရေခဲခန်းကို အသုံးပြု၍ မရနိုင်တော့ပေ။

သူမက တံခါးကို ပိတ်လိုက်ပြီး ဂိုဒေါင်ထဲမှ ထွက်လာကာ အခြားနေရာများကို ဆက်လက်စစ်ဆေးခဲ့လေ သည်။ နာရီဝက်ခန့်အကြာတွင်၊ ယောင်ရန်က အရာအားလုံးကို စစ်ဆေးပြီးစီးသွားပြီး ဂိုဒေါင်ကိုလည်း စနစ်တကျ စီစဉ်ပြီးသွားခဲ့ပြီဖြစ်လေသည်။

မထွက်ခွာမီ သူမ၏ လက်ပတ်နာရီပေါ်ရှိ မြေပုံကို ဖွင့်ကြည့်လိုက်လေ၏။ အနီရောင်အစက်လေးက အစိမ်းရောင်သို့ ပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ သူမက ပြုံးပြီး ပြောလိုက်လေသည်။

"ရဲဘော်တို့... သွားကြစို့… ကျွန်မတို့ သွားရမယ့်နေရာ နှစ်နေရာ ကျန်သေးတယ်…."

သူမ လုပ်စရာရှိသည်များ ပြီးစီးသွားပြီဖြစ်ကြောင်း မြင်သောအခါ တင်းကျန့်ဖုန်းက မေးလိုက်လေ သည်။

"မရီး... ကျွန်တော်တို့ သေနတ်တစ်လက်စီ ယူသွားလို့ရမလား…."

မျှော်လင့်တကြီးဖြစ်နေသော သူတို့၏ မျက်နှာအမူအရာများကို သတိပြုမိသွားသဖြင့် ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။

"ရတာပေါ့…"

ယင်းကိုကြားသောအခါ တင်းကျန့်ဖုန်း၏ မျက်နှာက ဝင်းလက်သွားခဲ့ပေတော့သည်။

"ကျေးဇူးတင်ပါတယ် မရီး…"

ထို့နောက် သူတို့သုံးယောက်သည် သေနတ်ရွေးချယ်ရန်အတွက် ဘေးဘက်အခန်းဆီသို့ ပြန်သွားခဲ့ကြ သည်။ မကြာမီမှာပင် သူတို့တစ်ဦးစီတိုင်း လက်နက်အသစ်တစ်လက်စီ ကိုင်ဆောင်ကာ ပြန်ရောက် လာခဲ့ကြပေတော့သည်။

တင်းကျန့်ဖုန်းက ပြုံးဖြီးဖြီးလုပ်ကာ အလွန်ကောင်းမွန်သော စိတ်အခြေအနေဖြင့် ပြောလိုက်လေသည်။

"မရီး... သွားကြစို့…"

ယခုအခါ သေနတ်အသစ်များ တပ်ဆင်ထားပြီဖြစ်၍ သူတို့က တက်ကြွစွာဖြင့် စစ်ဆေးရေးဂိတ်မှ ထွက် ခွာလာခဲ့ကြလေတော့သည်။ ယောင်ရန်က ဝင်ပေါက်ကို သော့ခတ်ပြီးနောက် သူတို့အားလုံး သံချပ်ကာ ကား ပေါ်တက်ကာ ဒုတိယမြောက် စစ်ဆေးရေးဂိတ်ဆီသို့ ဦးတည်သွားလိုက်ကြလေတော့သည်။

သံချပ်ကာကားထဲတွင် မာဘန်ရွှမ်က ချွမ်ယွမ်ဝေကို သေနတ်တစ်လက် ကမ်းပေးလိုက်ပြီး ကားမောင်း နေသော စီမာယွမ်ကိုလည်း နောက်တစ်လက် ပေးလိုက်လေသည်။

"အစ်ကို... ဒါက အစ်ကို့အတွက်…"

ချွမ်ယွမ်ဝေက သေနတ်ကို လှမ်းယူလိုက်ပြီး အံ့သြတကြီး မေးလိုက်လေသည်။

"မင်း ဒါကို ငါ့ကို ပေးချင်တာ သေချာလို့လား…"

မာဘန်ရွှမ်က ခေါင်းညိတ်ပြလိုက်လေသည်။

"သေချာတာပေါ့…ကျွန်တော်တို့အားလုံး တစ်လက်စီ ယူပြီးသွားပြီဆိုတော့ အစ်ကိုနဲ့ အစ်ကိုစီမာ အတွက် နောက်ထပ် နှစ်လက် ယူလာခဲ့တာလေ… "

သူ၏ ရိုးသားမှုကို မြင်သောအခါ ချွမ်ယွမ်ဝေက လက်ခံလိုက်ပြီး ပြောလိုက်လေသည်။

"ကျေးဇူးပါပဲ…"

ဒုတိယစစ်ဆေးရေးဂိတ်သို့ အသွားလမ်းတွင် ပြုတ်ကျလာသော ဂြိုဟ်တုအရေအတွက်မှာ သိသိသာ သာ တိုးလာခဲ့ပေသည်။

နှစ်နာရီအကြာတွင် အော်ရီဂျင် ထံမှ အရေးပေါ် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အသိ ပေးချက် အသံကို ကြားသောအခါ ယောင်ရန်က ၎င်းကို ဖွင့်ကာ သတိပေးချက်ကို ဖတ်လိုက်လေသည်။

[ဝန်ထမ်းများအားလုံး အသိပေးအပ်ပါသည်။ ကျွန်ုပ်တို့၏ ဂြိုဟ်တု ပြုတ်ကျသွားပါပြီ။ အေးဂျင့်များ အားလုံး ငါးမိနစ်အတွင်း ပြန်လည်သတင်းပို့ရမည်ဖြစ်ပြီး ဘေးကင်းလုံခြုံသော စစ်ဆေးရေးဂိတ်များကို ရှာဖွေပါ။ ညွှန်ကြားချက်အသစ်များကို အသင့်စောင့်ဆိုင်းပါ။]

သတိပေးချက်ကို ဖတ်ပြီးနောက် ယောင်ရန်သည် ရှီရွှမ်း သူမကို ပေးထားသော ဂြိုဟ်တုဖုန်းကို ထုတ် ကာ လုံယုထံ ဖုန်းခေါ်လိုက်လေသည်။ နှစ်စက္ကန့်မျှအကြာတွင် ဖုန်းဝင်သွားခဲ့လေသည်။

သူမ စကားမပြောနိုင်မီမှာပင် လုံယု၏ စိုးရိမ်တကြီး အသံက ထွက်ပေါ်လာခဲ့လေတော့သည်။

"ရန်ရန်…"

သူ၏ လေသံထဲမှ စိုးရိမ်ပူပန်နေမှုကို ခံစားမိသဖြင့် ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

"ကျွန်မပါ… ခုလေးတင် အော်ရီဂျင် ဌာနချုပ်ဆီကနေ အရေးပေါ် သတိပေးချက်တစ်ခု ရလိုက်လို့ ရှင့်ဆီ ဖုန်းဆက်လိုက်တာ… သူတို့ရဲ့ ဂြိုဟ်တု ပြုတ်ကျသွားပြီတဲ့…"

"ဒီလိုကိုး… နင်ကော ဘယ်လိုနေလဲ… အဆင်ပြေရဲ့လား…"

လုံယုက စိုးရိမ်တကြီး ထပ်မေးလိုက်လေသည်။

"ကျွန်မက အဆင်ပြေပါတယ်… ကျွန်မ အတွက် စိတ်မပူနဲ့… ရှင်ကော…"

ယောင်ရန်က ပြန်မေးလိုက်လေသည်။

သူမ ဘေးကင်းကြောင်း ကြားလိုက်ရသဖြင့် နောက်ဆုံးတွင် လုံယု စိတ်အေးသွားတော့သည်။

စစ်ထရပ်ကားတစ်စီးကို မှီထားရင်း၊ အသက်ရှင်ကျန်ရစ်သူများကို ရေဝေငှပေးနေသော သူ၏ ရဲဘော် များကို လှမ်းကြည့်ကာ သူက ပြောလိုက်လေသည်။

"ကိုယ်လည်း အဆင်ပြေပါတယ်… မြေပြိုတဲ့အောက်မှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူ တစ်စုကို ခုလေးတင် ကိုယ်တို့ ကယ်တင်နိုင်ခဲ့တယ်… ဘယ်သူမှ မကျန်တော့ဘူးလို့ အတည်ပြုပြီးတာနဲ့ အရေး ပေါ် ကယ်ဆယ်ရေးစခန်းကို ကိုယ် တို့ ပြန်သွားကြတော့မှာ။"

သူ၏ အလုပ်က အရေးကြီးမှန်း သိသောကြောင့် ပြုတ်ကျလာသော ဂြိုဟ်တုများကြောင့် လင်းထိန်နေ သည့် မှောင်မိုက်သော ကောင်းကင်ယံကို ယောင်ရန် မော့ကြည့်လိုက်ပြီး နက်ရှိုင်းသော တွေးတောမှုထဲ နစ်ဝင်သွားခဲ့လေသည်။ အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ခံအသံမှ တစ်စုံတစ်ယောက်က လုံယုကို လှမ်းခေါ်နေသည်ကို သူမ ကြားလိုက်ရလေသည်။

အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး သူမက ပြောလိုက်လေသည်။

"နောက်မှပဲ ဖုန်းဆက်လိုက်တော့မယ်နော်… ဂရုစိုက်ပြီး ဘေးကင်းအောင်နေနော်…"

"အင်း… နောက်မှ နင်ပြန်ရောက်ရင် ဖုန်းဆက်လိုက်ဦး…"

လုံယုက ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့…"

ဖုန်းချသွားပြီးနောက် လုံယုက ဂြိုဟ်တုဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များကို သွားရောက်ကူညီပေးနေခဲ့လေသည်။ နာရီအနည်းငယ် ကြာပြီးနောက် ယောင်ရန်နှင့် သူမ ၏အဖွဲ့သည် ဒုတိယမြောက် စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာခဲ့လေသည်။

ယခုတစ်ကြိမ်တွင် မာဘန်ရွှမ်နှင့် အခြားသူများသည် စီမာယွမ်၊ ချွမ်ယွမ်ဝေတို့နှင့်အတူ အပြင်ဘက် တွင်သာ နေခဲ့ရန် ဆုံးဖြတ်ခဲ့ကြလေတော့သည်။

တစ်ယောက်တည်း ဝင်သွားပြီးနောက် ယောင်ရန်က ဂိုဒေါင်ထဲသို့ ပစ္စည်းများကို အမြန်ဖြည့်တင်းလိုက် ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။ သို့ရာတွင် အခန်းငယ်တစ်ခုကို ဖြတ်သန်းသွားစဉ် သူမ ခြေလှမ်းများ ရပ်တန့်သွားခဲ့လေသည်။ တံခါးတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို မြင်သောအခါ သူမက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

"ဓာတ်ခွဲခန်း…"

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူမက တံခါးကိုဖွင့်ကာ အထဲသို့ ဝင်သွားလိုက်လေသည်။ မီးဖွင့်လိုက် သောအခါ စမ်းသပ်ပြွန်များ သို့မဟုတ် စမ်းသပ်ကိရိယာများကဲ့သို့သော ဓာတ်ခွဲခန်းသုံး ပစ္စည်းများ အစား တန်းစီနေသော ဖိုင်သိမ်းဗိရိုများကို ယောင်ရန် တွေ့လိုက်ရပေသည်။

သိချင်စိတ်ဖြင့် သူမက အနီးဆုံး ဖိုင်သိမ်းဗိရိုကို ဖွင့်လိုက်ပြီး ဖိုင်တွဲတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းကို ဖတ်ပြီးနောက် သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး အခြားတစ်ခုကို ထပ်ယူလိုက်လေသည်။

ဖိုင်တွဲများစွာကို အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် ယောင်ရန် တွေးလိုက်မိလေသည်။

*လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အဖြစ်အပျက်တွေကို ဘာလို့ မှတ်တမ်းတင်ထားရတာလဲ…*

သူမ၏ သိချင်စိတ်များ မြင့်တက်လာသော်လည်း၊ ပို၍ အရေးကြီးသော ကိစ္စများ လုပ်ဆောင်ရန် ကျန် ရှိနေသေးသဖြင့် ယောင်ရန်က ဆက်လက် မစူးစမ်းတော့ရန် ဆုံးဖြတ်လိုက်လေသည်။ သူမက ဖိုင်များ ကို ပြန်ထားခဲ့ပြီး စစ်ဆေးရေးဂိတ်ထဲမှ ထွက်လာကာ အဖွဲ့နှင့် ပြန်လည် ပူးပေါင်းလိုက်လေသည်။

တတိယမြောက် စစ်ဆေးရေးဂိတ်သို့ သွားရာလမ်းတစ်လျှောက်တွင် ယောင်ရန်က အတွေးများထဲ နစ်မွန်းနေဆဲဖြစ်လေသည်။ သူမ၏ ထူးထူးခြားခြား တိတ်ဆိတ်နေမှုကို မြင်သောအခါ တင်းကျန့်ဖုန်းက သူ၏ ညီအစ်ကိုများနှင့် အကြည့်ချင်း ဖလှယ်လိုက်သော်လည်း သူမကို အနှောင့်အယှက် မပေးရန် ရွေးချယ်လိုက်လေသည်။

တတိယမြောက် စစ်ဆေးရေးဂိတ်တွင် သူတို့၏ တာဝန်များ ပြီးစီးသွားချိန်၌ နောက်တစ်နေ့သို့ပင် ရောက်ရှိနေပြီဖြစ်လေသည်။ မျိုးရိုးဗီဇပြောင်းလဲနေသော အကောင်များနှင့် ပုံပျက်နေသော သတ္တဝါ ဆိုးများ၏ အရေအတွက်မှာ အလွန်များပြားလာသည်ကို မြင်သောအခါ သူတို့က လေကြောင်းရန်ခိုလှုံ ရေးစခန်းသို့ အလျင်အမြန် ပြန်လာခဲ့ကြပေတော့သည်။

လေကြောင်းရန်ခိုလှုံရေးစခန်းအနီးသို့ သူတို့ ရောက်ရှိလာသောအခါ ယောင်ရန်က ခပ်လှမ်းလှမ်းရှိ လင်းထိန်နေလျက်ရှိသော တောင်တန်းကြီးကို လှမ်းကြည့်လိုက်လေသည်။

"သူတို့ လူအတော်များများကို ကယ်တင်နိုင်ခဲ့တဲ့ပုံပဲ…."

ခေတ္တမျှ တွေးတောပြီးနောက်သူမက မှတ်ချက်ချလိုက်သည်။

ယင်းကိုကြားသောအခါ မာဘန်ရွှမ်က သူမ ကြည့်နေသည့်နေရာကို လိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဥက္ကာပျံတွေ မကျလာခင်က ကျွင်းချန် စစ်စခန်းမှာ အသက်ရှင်ကျန်ရစ်သူ နှစ်သန်းလောက် ရှိခဲ့တာ… လူဦးရေရဲ့ (၅) ရာခိုင်နှုန်းလောက်ကို ကယ်တင်နိုင်ရင်တောင် အဲဒါက အံ့ဖွယ်တစ်ခုပဲ…"

သူ၏ စကားများက လွန်ခဲ့သော နှစ်ရက်ခန့်က ယောင်ရန် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့် ငရဲခန်းတမျှ မြင်ကွင်းများကို ပြန်လည်အမှတ်ရလာစေခဲ့ပေသည်။ စီမာယွမ်က သံချပ်ကာကားကို အနောက်ဘက် ဝင်ပေါက်မှတစ်ဆင့် ခိုလှုံရေးစခန်းထဲသို့ မောင်းသွင်းသွားစဉ် အဖွဲ့သားများမှာ တိတ်ဆိတ်သွားကြလေ တော့သည်။

All Chapters