အခန်း (၄၃၅-၄၃၆)
Vol. 44 Ch. 435-436
အခန်း (၄၃၅) ဝိုင်းရံပိတ်ဆို့ခံရခြင်း
ယောင်ရန် ပြောလိုက်သည့် စကားကို ကြားသောအခါ အသက်ရှင်ကျန်ရစ်သူများသည် ဝန်လေးစွာ ဖြင့်ပင် သူမ၏ ညွှန်ကြားချက်ကို လိုက်နာပြီး ခိုလှုံရာစခန်းသို့ ပြန်သွားကြပေတော့သည်။ ယောင်ရန်နှင့် လုံယုတို့သည်လည်း သူတို့နောက်မှ ကပ်လျက် လိုက်ပါလာခဲ့လေသည်။
ထာဝရည ကုန်ဆုံးသွားခြင်းက အသက်ရှင်ကျန်ရစ်သူများအတွက် မျှော်လင့်ချက်များ ယူဆောင်လာ ပေးခဲ့သော်လည်း၊ မီးတောင်ပြာများနှင့် မြူများထူထပ်စွာ ရောက်ရှိလာခြင်းက သူတို့၏ ပျော်ရွှင်မှု အပေါ် အရိပ်မည်းတစ်ခု ဖြန့်ကြက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပေတော့သည်။
ဗုံးခိုကျင်းထဲသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ကျားရှန်းကို သွားရောက်ရှာဖွေလိုက်လေသည်။ ထမင်းစားဆောင်တွင် သူမကို တွေ့လိုက်ရသဖြင့် ယောင်ရန်က နှုတ်ဆက်လိုက်လေသည်။
"မမကျား... ကောင်းသောနံနက်ခင်းပါ…"
ကျားရှန်းက မော့ကြည့်လိုက်ပြီး ယောင်ရန် လျှောက်လာသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"ထမင်းစားပြီးပြီလား…"
ယောင်ရန်က သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း ပြန်ဖြေလိုက်လေသည်။
"မစားရသေးဘူး…"
ယောင်ရန်တွင် ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုခု ရှိနေသည်ကို ရိပ်မိသဖြင့် ကျားရှန်းက အလိုက် တသိပင် မေးလိုက်လေသည်။
"ငါ ဘာကူညီပေးရမလဲ.."
ယောင်ရန်က ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့... မမကျား၊ ထာဝရညကတော့ နောက်ဆုံးမှာ ကုန်ဆုံးသွားပြီ၊ ဒါပေမဲ့ အခု လေထုထဲမှာ မီးတောင်ပြာတွေနဲ့ မြူတွေက အရမ်းကို ညစ်ညမ်းနေတယ်… လူတွေအတွက် နှာခေါင်းစည်း တွေ ပြင်ဆင်ပေးဖို့ လိုမယ်ထင်တယ်…"
ထိုစကားကို ကြားသောအခါ ကျားရှန်းက သူမ၏ တူကို ချလိုက်ပြီး ပြောလိုက်လေသည်။
"ပြဿနာမရှိပါဘူး၊ ထုတ်လုပ်တာနဲ့ ဝေပေးတဲ့ကိစ္စကို ငါ တာဝန်ယူလိုက်မယ်လေ…"
"ကောင်းပါပြီ၊ ဒါဆို လိုအပ်တဲ့ ပစ္စည်းတွေကို ခဏနေရင် ဂိုဒေါင်ထဲ သွားထည့်ပေးထားလိုက်ပါ့မယ်"
ထိုကိစ္စကို အတည်ပြုပြီးနောက် ကျားရှန်းက ထပ်မေးလိုက်လေသည်။
"လော့ချန်မြို့ကို ဘယ်တော့လောက် သွားဖြစ်မှာလဲ…"
"မနက်ဖြန်လောက် ဖြစ်မယ်ထင်တယ်…"
ယောင်ရန်က ပြန်ဖြေလိုက်လေသည်။
"မသွားခင်မှာ နောက်ဆုံးပြင်ဆင်မှုတွေ လုပ်ဖို့ လိုသေးတယ်… ပြီးတော့ ဒီမြူတွေနဲ့ မီးတောင်ပြာ တွေကြောင့် ဖျားနာတာတွေ ဖြစ်လာမှာကိုလည်း စိတ်ပူနေမိတယ်…"
"အင်း... နားလည်ပါပြီ…."
ကျားရှန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။
"လော့ချန်မြို့မှာ ဘယ်လောက်ကြာကြာ နေဖို့ စိတ်ကူးထားလဲ…."
ယောင်ရန်က ခေါင်းခါပြလျက်….၊
"ကျွန်မလည်း မသေချာဘူး… ရက်အနည်းငယ်လည်း ဖြစ်နိုင်သလို လအနည်းငယ်လည်း ကြာနိုင်တယ်.."
ထိုစကားကို ကြားသောအခါ ကျားရှန်းက ယောင်ရန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး မှာလိုက်လေ သည်။
"အပြင်မှာ ဂရုစိုက်နော်…"
"ဂရုစိုက်ပါ့မယ်…"
ခွဲခွာရမည့် ဝမ်းနည်းမှုများကို အာရုံမရောက်စေရန် ကျားရှန်းက ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
"ဒီနေ့ ပဲနို့က တကယ် အရသာရှိတယ်၊ ညီမလေး မြည်းကြည့်ဦးနော်…"
ယောင်ရန်ကလည်း ပြန်ပြုံးပြကာ ပြောလိုက်လေသည်။
"ကျွန်မ ဆေးခန်းကို ဆေးဘက်ဝင်အပင်တချို့ သွားပို့ပေးဖို့ ရှိသေးလို့ နောက်မှပဲ စားတော့မယ်နော်…."
ကျားရှန်းက ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"ကောင်းပါပြီလေ…"
ယောင်ရန် ထမင်းစားဆောင်မှ ထွက်သွားပြီးနောက် ကျားရှန်းသည် သူမ၏ နံနက်စာကို အမြန်စားလိုက် ပြီး လူများအတွက် နှာခေါင်းစည်းများ ထုတ်လုပ်ရန်နှင့် ဝေငှရန်အတွက် စတင်စီစဉ်လေတော့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် အောရီဂျင် အဖွဲ့သည် နောက်ဆုံး အရေးပေါ် သတိပေးချက် ထုတ်ပြန်ပြီးက တည်းက တိတ်ဆိတ်နေခဲ့ရာမှ ယခုအခါ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်လေသည်။
အကြောင်းကြားစာ အချက်ပေးသံကို ကြားသောအခါ ယောင်ရန်က သူမ၏ အလုပ်ကို ခေတ္တရပ်ကာ သတင်းကို ဖွင့်ဖတ်လိုက်လေသည်။
[ဝန်ထမ်းအားလုံး သတိပြုရန် - ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်ပါသည်။ လက် ရှိတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် နောက်ထပ် ညွှန်ကြားချက်များ ရယူရန် ဌာနချုပ်သို့ အစီ ရင်ခံရမည်။ လျှို့ဝှက်တာဝန် ထမ်းဆောင်နေသူများအနေဖြင့်လည်း မိမိတို့၏ အစီရင်ခံစာများကို အမြန် ဆုံး ပေးပို့ရမည်။]
ကြေညာချက်ကို ဖတ်ပြီးနောက် ယောင်ရန်သည် သူမ၏ အလုပ်များကို ဆက်လက် လုပ်ဆောင်နေ ခဲ့လိုက်လေသည်။
တစ်ချိန်တည်းမှာပင် လော့ချန်မြို့ရှိ ဝူယဲ့ဟောင်နှင့် သူ၏အဖွဲ့သားများမှာလည်း ထိုကြေညာချက်ကို လက်ခံရရှိခဲ့ကြပေသည်။
"ခေါင်းဆောင်... ဌာနချုပ်ကို ကျွန်တော် ဆက်သွယ်လိုက်ရမလား…"
သူ၏ လက်အောက်ငယ်သား တစ်ဦးက မေးလိုက်လေသည်။
"အေး... ဆက်သွယ်လိုက်…"
ဝူယဲ့ဟောင်က ခေါင်းညိတ်ပြရင်း ယောင်ယွဲ့ချွမ်ကို ဖုန်းခေါ်လိုက်လေသည်။ ဖုန်းအနည်းငယ်မြည်ပြီး နောက် တစ်ဖက်မှ ပြန်ထူးသံ ထွက်ပေါ်လာသော်လည်း ယောင်ယွဲ့ချွမ်၏ အသံမှာ အလွန်ပင် ထိတ် လန့်နေပုံရလေသည်။
"ယဲ့ဟောင်… မင်း ဘယ်မှာလဲ…"
သေနတ်သံများ၊ တိုက်ခိုက်သံများနှင့် မျိုးဗီဇပြောင်း သတ္တဝါဆိုးများ၏ ဟိန်းဟောက်သံများကို ဖုန်းထဲမှ ကြားနေရသဖြင့် ဝူယဲ့ဟောင်က အမြန်ပင် ပြန်ဖြေလိုက်လေသည်။
"ကျွန်တော် လော့ချန်မြို့ အစွန်အဖျားနားက စစ်ဆေးရေးဂိတ်မှာ…"
"ဘယ်လောက်နီးနေပြီလဲ…."
ယောင်ယွဲ့ချွမ်က သတ္တဝါဆိုးအုပ်စုထဲသို့ မီးလုံးတစ်လုံးဖြင့် ပစ်ပေါက်ရင်း မေးလိုက်လေသည်။
ဝူယဲ့ဟောင် ပြန်မဖြေနိုင်ခင်မှာပင် ဖုန်းထဲမှ ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခဲ့ပေသည်။
'ဝုန်း….'
စက္ကန့်အနည်းငယ်အကြာတွင် ယောင်ယွဲ့ချွမ်က အလောတကြီး အော်ပြောလိုက်လေသည်။
"ငါ့ရဲ့ တည်နေရာကို မင်းဆီ ပို့ပေးလိုက်မယ်… မြန်မြန်လာပြီး ကူညီပေးပါဦး…"
ဖုန်းမှာ ရုတ်တရက် ပြတ်တောက်သွားသော်လည်း ခဏအကြာတွင် ဝူယဲ့ဟောင်သည် ယောင်ယွဲ့ချွမ်၏ ကိုဩဒိနိတ် တည်နေရာကို လက်ခံရရှိလိုက်လေသည်။
တည်နေရာကို မှတ်သားပြီးနောက် ဝူယဲ့ဟောင်က သူ၏အဖွဲ့သားများကို လှည့်ကြည့်ကာ အမိန့်ပေး လိုက်လေသည်။
"ငါတို့ ခေါင်းဆောင်ယောင်ကို သွားကူညီမယ်၊ သွားကြစို့…"
သူ၏ အမိန့်အရ လက်အောက်ငယ်သားများသည် ရိက္ခာများကို အမြန်တင်ဆောင်ကာ သံချပ်ကာကား များပေါ်သို့ တက်လိုက်ကြတော့သည်။ ဌာနချုပ်မှ ရှေ့ဆက်ရန် ခွင့်ပြုချက်ရပြီးနောက် စစ်ဆေးရေး ဂိတ်မှ ထွက်ခွာကာ လော့ချန်မြို့ဆီသို့ ဦးတည်မောင်းနှင်သွားကြလေတော့သည်။
ဝူယဲ့ဟောင်နှင့် သူ၏အဖွဲ့သားများ မြို့ထဲသို့ အမြန်မောင်းနှင်နေစဉ်တွင် ယောင်ယွဲ့ချွမ်နှင့် သူ၏အဖွဲ့သား များသည် မျိုးရိုးဗီဇပြောင်း သတ္တဝါဆိုးများ၏ တရစပ် တိုက်ခိုက်ခြင်းကို အသည်းအသန် ခုခံနေ ကြရ လေသည်။
တောင်ဘက်မှ သတ္တဝါဆိုးများ ပိုမို ချဉ်းကပ်လာသည်ကို မြင်သောအခါ လက်အောက်ငယ်သား တစ်ဦး သတိပေးလိုက်သည်။
"ခေါင်းဆောင်... တောင်ဘက်ကနေ နောက်ထပ် ရောက်လာပြန်ပြီ…"
ယောင်ယွဲ့ချွမ်က တိုးတိုးလေး ကျိန်ဆဲလိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။ အနီးနား တွင် တစ်ဝက်တစ်ပျက် ပြိုကျနေသော အဆောက်အအုံတစ်ခုကို တွေ့လိုက်ရသဖြင့် သူ၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။
ချဉ်းကပ်လာသော သတ္တဝါဆိုးများဆီသို့ မီးလုံးကြီးတစ်လုံး ထပ်မံပစ်ပေါက်လိုက်ရင်း သူက အမိန့်ပေး လိုက်လေသည်။
"ဟို အဆောက်အအုံဆီကို ဦးတည်လိုက်ကြ…"
သူ၏ အမိန့်အတိုင်း အဖွဲ့သားများသည် ဆုတ်ခွာကာ ပြိုကျနေသော အဆောက်အအုံဆီသို့ ပြေးသွား ကြလေတော့သည်။ ရှေ့ဆုံးမှ ဦးဆောင်ရင်း ယောင်ယွဲ့ချွမ်သည် မီးလုံးများစွာကို ပစ်ပေါက်ကာ ဝိုင်းရံ ထားသော သတ္တဝါဆိုးများကြားတွင် လမ်းဖောက်ပေးလိုက်လေသည်။
"ဘုန်း.. ဘုန်း… ဘုန်း…"
သတ္တဝါဆိုးများ ခေတ္တမျှ တန့်သွားချိန်တွင် ယောင်ယွဲ့ချွမ်က အော်ပြောလိုက်လေသည်။
"မြန်မြန်… ဒီဘက်ကိုလာ…"
အဖွဲ့သားများသည် သူ့နောက်မှ ကပ်လျက် လိုက်ပါလာပြီး သတ္တဝါဆိုးအုပ်ကြီးကို အသည်းအသန် ခုခံတိုက်ခိုက်နေကြပေသည်။ မိနစ်သုံးဆယ်ခန့် အသက်လုတိုက်ခိုက်ပြီးနောက် သူတို့သည် ပြိုကျ နေသော အဆောက်အအုံသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြလေသည်။ အထဲသို့ ရောက်သည်နှင့် ယောင်ယွဲ့ချွမ်က အမိန့်ပေးလိုက်ပြန်လေသည်။
"ဒီအဆောက်အအုံကို မြေတံတိုင်းနဲ့ ဝိုင်းကာလိုက်ကြ…"
သူ့စကားဆုံးသည်နှင့် မြေဓာတ်စွမ်းအားရှင် နှစ်ဦးသည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြလေသည်။ ဝိုင်းရံ လာသော သတ္တဝါဆိုးအုပ်ကြီးမှာ ပိုမို များပြားလာသည်ကို တွေ့သောအခါ ယောင်ယွဲ့ချွမ်က နောက်ထပ် အမိန့်တစ်ခု ပေးလိုက်လေသည်။
"သူတို့ကို တားထားကြ… မင်းတို့နှစ်ယောက်... သူတို့ကို ကာကွယ်ပေးထား…"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်…"
အဖွဲ့သားနှစ်ဦးက အမိန့်ကို လက်ခံကာ မြေဓာတ်စွမ်းအားရှင် နှစ်ဦးကို ကာကွယ်ပေးရန် အပြေးအလွှား သွားလိုက်ကြလေသည်။
ယောင်ယွဲ့ချွမ်၏ ဦးဆောင်မှုနှင့် အဖွဲ့သားများ၏ စုပေါင်းအားထုတ်မှုကြောင့် မြေတံတိုင်း ပုံဖော်ပြီးစီး သည်အထိ ချဉ်းကပ်လာသော သတ္တဝါဆိုးများကို အချိန်အတော်ကြာ ခုခံထားနိုင်ခဲ့ကြပေသည်။
ဆယ်မိနစ်အကြာတွင် မြေဓာတ်စွမ်းအားရှင် တစ်ဦးမှာ အမောတကောဖြင့် ဒူးထောက်ကျသွားခဲ့လေ တော့သည်။
"ခေါင်းဆောင်... ကျွန်တော့်ရဲ့ စွမ်းအင်တွေ အကုန် ကုန်သွားပြီ…" ဟု ပြောလိုက်လေသည်
ထိုစကားကို ကြားသောအခါ ယောင်ယွဲ့ချွမ်က သူ၏ခါးတွင် ချိတ်ထားသော အိတ်ကလေးကို အမြန်ဖွင့် ကာ ဖန်ပုလင်းငယ်တစ်လုံး ထုတ်လိုက်လေသည်။ ထိုပုလင်းကို မြေဓာတ်စွမ်းအားရှင်ထံ လှမ်းပစ်ပေး ရင်း ပြောလိုက်လေသည်။
"ဒါကို သောက်လိုက်…"
ထိုသူသည် တွေဝေမနေဘဲ ဖန်ပုလင်းအဆို့ကို ဖွင့်ကာ အပြာနုရောင် အရည်များကို မော့သောက်လိုက် လေသည်။ သောက်ပြီးနောက် သူက ချောင်းအနည်းငယ်ဆိုးကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
"စွမ်းအင် ဘယ်လောက် ပြန်ရလာပြီလဲ…"
ယောင်ယွဲ့ချွမ်က တစ်ဝက်တစ်ပျက် ဆောက်ထားသော မြေတံတိုင်း အပြင်ဘက်တွင် မီးတံတိုင်းတစ်ခု ဖန်တီးရင်း မေးလိုက်လေသည်။
စွမ်းအားရှင်က မျက်လုံးကို ခေတ္တမှိတ်ကာ အာရုံစူးစိုက်လိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
"(၇၀) ရာခိုင်နှုန်းလောက် ပြန်ရလာပါပြီ…" ဟု ဖြေလိုက်လေသည်။
သူ၏ အဖြေကို ကြားရသောအခါ ယောင်ယွဲ့ချွမ်သည် နောက်ထပ် ဖန်ပုလင်းငယ်များကို ထုတ်ယူကာ တခြားသူများကိုပါ ဝေပေးလိုက်ပြီး မျိုးဗီဇပြောင်း သတ္တဝါဆိုးများကို ဆက်လက် ခုခံနေတော့သည်။
"ဆေးရည်ကို သောက်ပြီး ဆက်တိုက်ကြစို့…"
သူက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်…"
အခန်း (၄၃၆) ဆင့်ကဲပြောင်းလဲမှု
အဖွဲ့သားများသည် ဆေးရည်များကို တွေဝေမနေဘဲ ချက်ချင်းပင် မော့သောက်လိုက်ကြပေသည်။ စွမ်းအင်များ ပြန်လည်ပြည့်ဝလာသည်နှင့်အမျှ မြေဓာတ်စွမ်းအားရှင် နှစ်ဦးက မြေတံတိုင်းကို ဆက်လက်တည်ဆောက်နေစဉ် ကျန်သူများကလည်း တိုက်ပွဲကို ပြန်လည်စတင်လိုက်ကြလေသည်။
နှစ်နာရီကြာ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူတို့သည် တစ်ဝက်တစ်ပျက် ပြိုကျနေလျက်ရှိသော အဆောက်အအုံကို ငါးမီတာအမြင့်ရှိသည့် တံတိုင်းဖြင့် ပတ်လည်ကာရံနိုင်ခဲ့ကြပြီ ဖြစ်ပေသည်။ အား လုံးမှာ အမောတကောဖြင့် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားပြီး အသက်ကို အလုအယက် ရှူနေကြရလေတော့သည်။
ယာယီအောင်ပွဲကို မြင်တွေ့လိုက်ရသဖြင့် ယောင်ယွဲ့ချွမ်သည် တံတိုင်းကို မှီလိုက်ပြီး မေးစေ့မှ စီးကျ လာသော ချွေးများကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ သို့သော် သူ၏ ခေတ္တအနားယူချိန်၌ တံတိုင်း အပြင်ဘက်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံများကြောင့် ပျက်ပြားသွားရလေတော့သည်။
"ဝုန်း…ဝုန်း…ဝုန်း…"
မကြာမီမှာပင် သူ၏လက်ပတ်နာရီတွင် ဖုန်းဝင်လာကြောင်း အချက်ပေးသံ မြည်လာခဲ့လေသည်။ မျက်နှာပြင်ပေါ်တွင် ဝူယဲ့ဟောင်၏ အမည်ကို မြင်လိုက်ရသဖြင့် ယောင်ယွဲ့ချွမ်က ဖုန်းလက်ခံ ဖြေလိုက်လေသည်။
"မင်း ဘယ်မှာလဲ…"
သူက အလောတကြီးမေးလိုက်လေသည်။
"ငါ တော်တော်လေးမြင့်တဲ့ တံတိုင်းကြီးတစ်ခုကို မြင်နေရပြီ…"
ဝူယဲ့ဟောင်က ပြန်ဖြေလာခဲ့လေသည်။
ယောင်ယွဲ့ချွမ် သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
"ငါတို့ အထဲမှာရှိတယ်…. မင်းတို့အဖွဲ့ ဝင်လာလို့ရအောင် ငါ လမ်းဖွင့်ပေးမယ်…"
"ကောင်းပြီလေ… နှစ်မိနစ်အတွင်း ငါတို့ ရောက်လာခဲ့မယ်…"
ဝူယဲ့ဟောင်က ပြောလိုက်လေသည်။
ဖုန်းချလိုက်ပြီးနောက် ယောင်ယွဲ့ချွမ်က မြေဓာတ်စွမ်းအားရှင်များကို လှည့်ကြည့်ကာ အမိန့်ပေးလိုက် လေသည်။
"သံချပ်ကာကားတွေ ဝင်လို့ရလောက်အောင် လမ်းတစ်ခု ဖွင့်ပေးလိုက်ကြ…"
သူတို့မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သော်လည်း မြေဓာတ်စွမ်းအားရှင် နှစ်ဦးမှာ ခေါင်းညိတ် ပြကာ အားတင်း၍ ထရပ်လိုက်ပြီး တံတိုင်းကို ဖွင့်ရန် ပြင်ဆင်လိုက်ကြလေသည်။
တစ်မိနစ်ခွဲခန့် ကြာပြီးနောက်တွင် ကောင်းကင်ယံမှာ ရုတ်ချည်းပင် မှောင်မိုက်သွားခဲ့လေသည်။ လေထု ထဲတွင် လျှပ်စစ်ဓာတ်များ ပြည့်နှက်လာပြီး မိုးတိမ်တောင်များ အုံ့မှိုင်းလာခဲ့လေသည်။ စက္ကန့်အနည်း ငယ်အကြာတွင် ကောင်းကင်ယံမှ လျှပ်စီးတန်းများ တဖြဖြ ဖြတ်သန်းကျဆင်းလာတော့သည်။
"ဂျိန်း...ဝုန်း…ဝုန်း…ဝုန်း…"
ဤမြင်ကွင်းကို မြင်သော်လည်း ယောင်ယွဲ့ချွမ်က တည်ငြိမ်စွာပင် အမိန့်ပေးလိုက်လေသည်။
"အသင့်ပြင်ထားကြ…"
မြေဓာတ်စွမ်းအားရှင်များသည် ကျန်ရှိသမျှ စွမ်းအင်များကို စုစည်းကာ သူတို့၏ လက်ဖဝါးများကို တံတိုင်းပေါ်သို့ ဖိကပ်လိုက်ကြလေသည်။
လျှပ်စီးတန်းများက ကောင်းကင်ယံကို ပိုမို လင်းထိန်သွားစေချိန်တွင် ယောင်ယွဲ့ချွမ်က အမိန့်ပေးလိုက် လေသည်။
"တံတိုင်းကို ဖွင့်လိုက်တော့…"
သူ၏ အချက်ပေးမှုအရ မြေဓာတ်စွမ်းအားရှင် နှစ်ဦးသည် သူတို့၏ စွမ်းအားကို အသုံးပြု၍ တံတိုင်းတွင် ကွက်လပ်တစ်ခု ဖန်တီးလိုက်လေသည်။ ထိုကွက်လပ်မှတစ်ဆင့် သူတို့ဆီသို့ အရှိန်ပြင်းစွာ မောင်းနှင် လာသော သံချပ်ကာကား သုံးစီးကို မြင်တွေ့လိုက်ရပေသည်။
ဝူယဲ့ဟောင်သည် ရှေ့ဆုံးကားပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး လက်ကို ဝှေ့ယမ်းကာ မိုးကြိုးတန်း များကို ဆင့်ခေါ်နေခဲ့ပေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ယောင်ယွဲ့ချွမ်နှင့် သူ၏အဖွဲ့သားများသည် တံတိုင်းအတွင်းသို့ ဝင်ရန် ကြိုးစားနေသော သတ္တဝါဆိုးများကို တိုက်ခိုက်ရန် အပြင်သို့ ပြေးထွက်သွား ကြလေတော့သည်။
တံတိုင်းဝတွင် ပိတ်ဆို့နေသော သတ္တဝါဆိုးများ ပိုမို များပြားလာသည်ကို မြင်သောအခါ ယောင်ယွဲ့ချွမ် က လက်ကို မြှောက်လိုက်ပြီး ဧရာမ မီးလုံးကြီးတစ်လုံးကို ဖန်တီးကာ သတ္တဝါဆိုးအုပ်ကြီးထဲသို့ ပစ်ပေါက်လိုက်လေသည်။
'ဝုန်း……'
မီးလျှံများက မျိုးဗီဇပြောင်း သတ္တဝါဆိုးများကို ဝါးမြိုသွားပြီး ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲ သွားစေခဲ့ပေသည်။ ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ဝူယဲ့ဟောင်ကလည်း သူ၏ လျှပ်စီးစွမ်း အင်ကို အသုံးပြု၍ မိုးကြိုးတန်းများကို ဧရာမ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ရက်လုပ်လိုက်လေသည်။
'ဂျိန်း….'
လျှပ်စီးပိုက်ကွန်ကြီး ပြီးစီးသွားသောအခါ ဝူယဲ့ဟောင်က ထိုပိုက်ကွန်ကို အောက်သို့ လွှတ်ချလိုက် ပေတော့သည်။
'ဝုန်း…..'
လျှပ်စီးပိုက်ကွန်က အောက်သို့ ကျဆင်းသွားပြီး မျိုးဗီဇပြောင်း သတ္တဝါဆိုးများကို တစ်စစီ ဆွဲဖြဲကာ ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားစေသည်။ လမ်းကြောင်းမှာ ခေတ္တမျှ ရှင်းလင်းသွားသဖြင့် ကားဒရိုင်ဘာများက လီဗာကို အကုန်နင်းလိုက်ကြလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သံချပ်ကာကား သုံးစီးမှာ ငါးမီတာမြင့်သည့် မြေတံတိုင်းအတွင်းသို့ မောင်းနှင်ဝင်ရောက်သွားခဲ့ပေတော့သည်။
နောက်ဆုံး သံချပ်ကာကား ဝင်သွားသည်နှင့် ယောင်ယွဲ့ချွမ်က အမိန့်ပေးလိုက်လေသည်။
"တံတိုင်းကို ပြန်ပိတ်လိုက်တော့…"
အမိန့်ကို ကြားသည်နှင့် မြေဓာတ်စွမ်းအားရှင်များက ဟာကွက်ကို ချက်ချင်းပင် ပြန်လည် ပိတ်ဆို့ ထားလိုက်ကြလေတော့သည်။
'ဝှူး... ဒုန်း….'
တံတိုင်းကို ပြန်ပိတ်လိုက်သည်နှင့် အပြင်ဘက်ရှိ သတ္တဝါဆိုးများမှာ တံတိုင်းကို တဘုန်းဘုန်း ဝင်တိုက် ကြလေတော့သည်။
' ဘုန်း … ဘုန်း … ဘုန်း …'
တရစပ် ဝင်တိုက်နေသော်လည်း တံတိုင်းမှာ ခိုင်မြဲစွာ ရပ်တည်နေဆဲဖြစ်သည်။ အရေးပေါ် အန္တရာယ် ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် အားလုံးမှာ စိတ်သက်သာရာရစွာဖြင့် မြေပြင်ပေါ်သို့ ပုံကျသွားကြပေသည်။
ဝူယဲ့ဟောင်က ရှေ့ဆုံးကားပေါ်မှ ခုန်ဆင်းလာပြီး မျက်နှာဖြူဖျော့ကာ ချွေးများရွှဲနင့် နေသော ယောင်ယွဲ့ချွမ် ထံသို့ လျှောက်လာခဲ့လေသည်။
သူ့အား တွဲကူပေးရင်း ယောင်ယွဲ့ချွမ် အလွန်အမင်း ပင်ပန်းနေသည်ကို ဝူယဲ့ဟောင် သတိပြုမိလိုက် လေသည်။ ဘာစကားမှ မပြောဘဲ ဝူယဲ့ဟောင်က ဖန်ပုလင်းငယ်တစ်လုံးကို ထုတ်ကာ ယောင်ယွဲ့ချွမ်၏ ပါးစပ်ထဲသို့ ဆေးရည်များကို လောင်းထည့်ပေးလိုက်လေသည်။ ဆေးရည်ကို သောက်ပြီးနောက် ယောင်ယွဲ့ချွမ်၏ ခေါင်းကိုက်ဝေဒနာမှာ သက်သာသွားပြီး အင်အားများ ပြန်လည် ရရှိလာခဲ့ပေသည်။
သူ့မျက်နှာ ပြန်လည် လန်းဆန်းလာသည်ကို မြင်သောအခါ ဝူယဲ့ဟောင်က သူ၏အဖွဲ့သားများကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်လေသည်။
"အားလုံးကို စွမ်းအင်ပြန်ပြည့်ဆေးရည်တွေ ဝေပေးလိုက်ကြ…"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်…."
သူတို့က ပြန်ထူးကာ ပင်ပန်းနေသော ရဲဘော်များကို အပြေးအလွှား သွားရောက် ကူညီကြတော့သည်။
ဝူယဲ့ဟောင်၏ အဖွဲ့သားများထံမှ အကူအညီ ရရှိလိုက်သဖြင့် ယောင်ယွဲ့ချွမ်နှင့် သူ၏အဖွဲ့သားများမှာ နောက်ဆုံးတွင် အနားယူခွင့် ရသွားကြပေတော့သည်။
သူ၏အဖွဲ့သားများက တခြားသူများကို စားသောက်ဖွယ်ရာနှင့် ရေများ ဝေငှပေးနေစဉ် ဝူယဲ့ဟောင်က ယောင်ယွဲ့ချွမ်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ၊ မင်းတို့ ဘယ်လိုဖြစ်ပြီး ဒီသတ္တဝါဆိုးတွေရဲ့ ဝိုင်းရံတာကို ခံလိုက်ရတာလဲ…"
ယောင်ယွဲ့ချွမ်က ရေကို အဝသောက်လိုက်ပြီး ခေါင်းခါပြကာ….၊
"ငါလည်း မသိဘူး… လော့ချန်မြို့ထဲကို ငါတို့ စဝင်တုန်းက ဒီသတ္တဝါဆိုး တစ်ကောင်မှ မရှိဘူး… ဒါပေမဲ့ မြို့လယ်ခေါင်နား ရောက်လာတဲ့အခါမှာတော့ ဒီသတ္တဝါဆိုးတွေက ဘယ်ကနေ ရောက်လာမှန်း မသိဘဲ ငါတို့ကို အုပ်စုလိုက်ကြီး ဝိုင်းတိုက်ကြတော့တာပဲ…"
ထိုစကားကို ကြားသောအခါ ဝူယဲ့ဟောင်က ခေတ္တမျှ စဉ်းစားသွားပြီး ပြောလိုက်လေသည်။
"ဒါ ထူးဆန်းတယ်… ပုံမှန်ဆိုရင် ဒီသတ္တဝါဆိုးတွေက စည်းမဲ့ကမ်းမဲ့ သွားလာနေကြတာ၊ အခုလို အုပ်စု လိုက်ကြီး ဖွဲ့ပြီးရှိနေတာက အရမ်းကို ထူးခြားနေတယ်…"
သူ၏ စကားအပြီးတွင် နှစ်ဦးသား အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားခဲ့ကြလေသည်။ သတ္တဝါဆိုးများ ၏ ထူးခြားသော အပြုအမူကို စဉ်းစားနေစဉ်မှာပင် သူတို့၏ လက်ပတ်နာရီများမှ အကြောင်းကြားစာ အချက်ပေးသံများ မြည်လာခဲ့လေသည်။
"တီ..တီ..တီ.."
သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဌာနချုပ်မှ ပေးပို့လာသော မက်ဆေ့ခ်ျကို ပြိုင်တူ ဖွင့်ဖတ်လိုက်ကြလေသည်။
[ဝန်ထမ်းအားလုံး သတိပြုရန်။ ရေဒီယိုသတ္တိကြွမှု မြင့်တက်လာခြင်းကြောင့် မျိုးဗီဇပြောင်း သတ္တဝါဆိုး များမှာ ဆင့်ကဲပြောင်းလဲလာပြီး အဆင့်တက်လာကြပြီ ဖြစ်သည်။ အဆင့်မြင့် သတ္တဝါဆိုးများသည် ယခုအခါ အတိုင်းအတာတစ်ခုအထိ အသိဉာဏ် ရှိလာကြပြီး အဆင့်နိမ့် သတ္တဝါဆိုးများကို ထိန်းချုပ်နိုင် ကြောင်း ငါတို့ တွေ့ရှိခဲ့ရသည်။]
[မျိုးဗီဇပြောင်း သတ္တဝါဆိုးများသည် နေ့ဘက်တွင် ပိုမို လှုပ်ရှားတက်ကြွပြီး ပိုမို အင်အားကြီးမားကြ သည်။ လက်ရှိတွင် အပြင်ထွက်နေသော ဝန်ထမ်းများအနေဖြင့် အထူး ဂရုစိုက်ကြရန်နှင့် နေ့ဘက်တွင် တိုက်ခိုက်မှုများကို ရှောင်ကြဉ်ကြရန် တိုက်တွန်းလိုပါသည်။ အကြောင်းမှာ သူတို့၏ ဟိန်းဟောက်သံ များက အနီးနားရှိ တခြားသော သတ္တဝါဆိုးများကို ဆင့်ခေါ်နိုင်သောကြောင့် ဖြစ်သည်။]
ကြေညာချက်ကို ဖတ်ပြီးနောက် ယောင်ယွဲ့ချွမ်နှင့် ဝူယဲ့ဟောင်တို့သည် အခြေအနေမှန်ကို နားလည် သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။
မက်ဆေ့ခ်ျကို ပိတ်လိုက်ရင်း ယောင်ယွဲ့ချွမ်က ပြောလိုက်လေသည်။
"ငါနဲ့ ငါ့အဖွဲ့ကို သတ်ဖို့ တစ်စုံတစ်ယောက်က တမင်တကာ ဒီသတ္တဝါဆိုးတွေကို ခေါ်လာတာလို့ ငါ ထင်နေတာ… အခုတော့ ရေဒီယိုသတ္တိကြွမှု မြင့်တက်လာလို့ သူတို့ ဆင့်ကဲပြောင်းလဲသွားတာ ဖြစ်နေ တာကိုး…"
ဝူယဲ့ဟောင်က ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ…"
ယောင်ယွဲ့ချွမ်က မျက်စောင်းထိုးလိုက်ပြီး ခပ်ထေ့ထေ့ ပြန်ဖြေလိုက်လေသည်။
"ငါက မင်းကို ကူညီဖို့ လာတာပေါ့ကွ၊ အသိသာကြီးပဲ…သေတ္တာတော် က ဘယ်လောက် အန္တရာယ်ရှိမှန်း သိရက်နဲ့ ဒီလောက် လူနည်းနည်းလေးနဲ့ လာရဲတယ်နော်… မင်းက သတ္တိကောင်းတာလား၊ ဒါမှမဟုတ် ရူးမိုက်တာလားဆိုတာ ငါလည်း မစဉ်းစားတတ်တော့ဘူး…."
ဝူယဲ့ဟောင်က ယောင်ယွဲ့ချွမ်၏ စုတ်ပြတ်သတ်နေသော ပုံစံကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
"အင်း... ငါ နားလည်ပါပြီ…"
ဝူယဲ့ဟောင်၏ အကြည့်ထဲတွင် စကားလုံးပေါင်းများစွာ ပါဝင်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ယောင်ယွဲ့ချွမ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း ချက်ချင်းပင် မျက်နှာပြောင်တိုက်ကာ နှာခေါင်းရှုံ့လျက် ခပ်တည်တည်ပင် နေလိုက်လေတော့သည်။