အခန်း (၄၃၇-၄၃၈)
Vol. 44 Ch. 437-438
အခန်း (၄၃၇) ကျွန်တော့်ကို အပြစ်မတင်ပါနဲ့
ခဏမျှ အနားယူပြီး စွမ်းအင်များ ပြန်လည်ပြည့်ဝလာသောအခါ ဝူယဲ့ဟောင်က ပြောလိုက်လေ သည်။
"ဒီမှာ အကြာကြီးနေလို့ မဖြစ်ဘူး၊ နေဝင်တာနဲ့ ငါတို့ ထွက်ကြမယ်…"
ယောင်ယွဲ့ချွမ်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
"ကောင်းပြီလေ…"
သူတို့ အနားယူရင်း နေဝင်ချိန်ကို စောင့်ဆိုင်းနေစဉ် ဝေးကွာလှသော ဖန်းချန်မြို့ရှိ ကောက်ရှုဝေ၏ ရုံးခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်လိုက်လေသည်။
တံခါးခေါက်သံကို ကြားသော်လည်း ကောင်ရှုဝေက ဖတ်လက်စ အစီရင်ခံစာကိုပင် မျက်တောင် မခတ်ဘဲ အော်ပြောလိုက်လေသည်။
"ဝင်ခဲ့ပါ…"
ဝန်ထမ်းဖြစ်သူက တံခါးဖွင့်ဝင်လာခဲ့ပြီး စားပွဲကြီးပေါ်သို့ အစီရင်ခံစာတစ်စောင် တင်လိုက်ကာ အေးဆေး စွာ အစီရင်ခံလိုက်လေသည်။
"ဒါရိုက်တာကောက်၊ ဒါက ပရောဂျက် ဇီးရိုး အတွက် စမ်းသပ်ချက် အစီရင်ခံစာပါ…."
ကောင်ရှုဝေက အစီရင်ခံစာကို ယူ၍ ဖတ်ကြည့်လိုက်လေသည်။
အစီရင်ခံစာပါ ရလဒ်များမှာ သူ မျှော်လင့်ထားသလို ဖြစ်မနေသည်ကို မြင်သောအခါ သူက အစီရင် ခံစာကို ပိတ်လိုက်ပြီး ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်လေသည်။
"အဲဒီ သိပ္ပံပညာရှင်တွေကို သူတို့အလုပ်ကို သေသေချာချာ လုပ်ဖို့ ပြောလိုက်… မဟုတ်ရင် သူတို့ ကိုယ်တိုင် စမ်းသပ်ခံ သတ္တဝါတွေ ဖြစ်သွားလိမ့်မယ်"
ဝန်ထမ်းဖြစ်သူကလည်း ရိုကျိုးစွာဖြင့် ပြောကာ အစီရင်ခံစာကို ပြန်ယူ၍ ထွက်သွားတော့သည်။
"ဟုတ်ကဲ့ပါ ဒါရိုက်တာကောက်…"
ဝန်ထမ်း ထွက်သွားပြီးနောက် ကောင်ရှုဝေက ကုလားထိုင်နောက်သို့ မှီချလိုက်ပြီး အတွေးနက် နေမိသည်။ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက ဖုန်းကို ကောက်ကိုင်ပြီး နံပါတ်တစ်ခု နှိပ်လိုက်လေသည်။
ဖုန်းဆက်သွယ်မိသည်နှင့် မေးလိုက်လေသည်။
"လော့ချန်မြို့က အခြေအနေ ဘယ်လိုရှိလဲ…"
စက္ကန့်ပိုင်းအကြာတွင် တစ်ဖက်မှ လူတစ်ဦး၏ အသံထွက်ပေါ်လာခဲ့လေသည်။
"ပစ်မှတ်က လော့ချန်မြို့ထဲ ဝင်သွားတာကို တွေ့ရပါတယ်၊ အခုတော့ မျိုးဗီဇပြောင်း သတ္တဝါတွေရဲ့ ဝိုင်းထားတာကို ခံနေရပါတယ်…"
ထိုသတင်းကို ကြားသော် ကောင်ရှုဝေက ခေတ္တမျှ စဉ်းစားပြီး အမိန့်ပေးလိုက်လေသည်။
"ဆက်ပြီး စောင့်ကြည့်နေ၊ သူ မသေစေနဲ့…."
"ကျန်တဲ့သူတွေကော…."
ထိုလူက မေးလိုက်လေသည်။
ကောင်ရှုဝေက အေးစက်စက် လေသံဖြင့် ပြန်ဖြေလိုက်၏။
"သူတို့ကိုတော့ လွှတ်ထားလိုက်…"
ထိုသူက ခေတ္တမျှ တွေဝေသွားပြီးမှ ပြောလိုက်လေ၏။
"ယောင်ယွဲ့ချွမ်လည်း အဲဒီမှာ ရှိနေတယ်…"
ယောင်ယွဲ့ချွမ်၏ အမည်ကို ကြားလိုက်ရချိန်တွင် ကောင်ရှုဝေ၏ မျက်လုံးများမှာ လှုပ်ခတ်သွားခဲ့ပေ သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူကပြတ်သားစွာ ပြောလိုက်လေသည်။
"နှစ်ယောက်လုံးကို ကာကွယ်လိုက်၊ သူတို့ သေသွားရင် မင်းလည်း သူတို့နဲ့အတူ မြေမြှုပ်ခံရမယ်လို့ မှတ်ထား…"
"ဟုတ်ကဲ့ပါ ဒါရိုက်တာ…"
ထိုသူက အမိန့်ကို နာခံလိုက်ပြီး ဖုန်းချသွားခဲ့လေသည်။
ဖုန်းချပြီးနောက် ကောင်ရှုဝေက မျက်လုံးကိုမှိတ်ကာ နားထင်ကို ပွတ်ရင်း တွေးနေမိပေသည်။
*ယွဲ့ချွမ်းက ဘာလို့ အဲဒီကို ရောက်သွားတာလဲ၊ သူ့ကို အဝေးကို ဆွဲထုတ်ဖို့ နည်းလမ်းရှာရမယ်…*
ထိုသို့တွေးရင်း သူက မတ်မတ်ထိုင်ကာ သူ၏ စွမ်းအားကို အသုံးချလိုက်လေသည်။ ငါးမိနစ်အကြာတွင် သူ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး အမောတကောဖြင့် အသက်ကို လုရှူနေခဲ့ရတော့သည်။
တုန်ယင်နေသော သူ၏လက်များကို ကြည့်ရင်း ကောင်ရှုဝေက ရူးသွပ်ဟန် ပါသော အသံဖြင့် ရယ်မော ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ဟား..ဟား… ဘာလို့လဲ... ဘာလို့ အခုထိ ဒီအတိုင်းပဲ ဖြစ်နေတာလဲ၊ ငါ ဘာလို့ ရလဒ်ကို မပြောင်းလဲ နိုင်ရတာလဲ… စီမံကိန်းမှာ တစ်ခုခု မှားနေတာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကလည်း အနာဂတ်ကို ပြောင်းလဲနေတာလား…"
သူသည် မျက်လုံးများကို ပြန်မှိတ်ကာ သူ၏ စွမ်းအားကို ထပ်မံ အသုံးချလိုက်ပြန်သည်။ ကြည့်လိုက် တိုင်း မြင်နေရသည့် အနာဂတ်က အတူတူပင် ဖြစ်နေသဖြင့် သူ၏ စွမ်းအင်များ ကုန်ခမ်းသည်အထိ ကြိမ်ဖန်များစွာ ထပ်ခါတလဲလဲ ကြိုးစားနေမိလေတော့သည်။
စားပွဲကို လက်သီးဖြင့် ထိုးလိုက်ကာ ကောင်ရှုဝေက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"ဘာလို့လဲ… ဘာလို့ အခုထိ ဒီအတိုင်းပဲ ဖြစ်နေရတာလဲ…"
သူ၏ မေးစေ့မှ ချွေးအေးများ စီးကျလာပြီး စားပွဲပေါ်သို့ တစ်စက်ချင်း ကျနေခဲ့ပေသည်။ မိနစ်နှစ်ဆယ် အတွင်းမှာပင် အကြိမ်ကြိမ် သေဆုံးရမှုများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသဖြင့် ကောင်ရှုဝေ၏ စိတ် အခြေအနေမှာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပေသည်။
သူက ကုလားထိုင်ပေါ်သို့ ပြန်မှီချလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် ဖြူဖျော့နေသည့် မျက်နှာကို အုပ်ထားမိလေသည်။ စိတ်ကို ပြန်လည် ထိန်းချုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူက ဖုန်းကို ပြန်ကိုင်ကာ နံပါတ်တစ်ခု နှိပ်လိုက်လေသည်။
ဖုန်းဆက်သွယ်မိသည်နှင့် သူက ညွှန်ကြားလိုက်သည်။
"ပရောဂျက် ဇီးရိုး ကို အမြန်ဆုံး အကောင်အထည်ဖော်လိုက်တော့…"
ဖုန်းချပြီးနောက် သူသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်နေမိပေသည်။
အရောင်များ ဖြည်းဖြည်းချင်း ပြောင်းလဲလာသော မှိုင်းညို့ညို့ ကောင်းကင်ယံကို ကြည့်ရင်း သူက ခပ်တိုးတိုး ပြောလိုက်လေသည်။
"ညီမလေး... အစ်ကို့ကို အပြစ်မတင်ပါနဲ့၊ ဒါတွေအားလုံးကို ရပ်တန့်ဖို့အတွက် အဲဒီအရာကို စတေးဖို့ ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး…"
နာရီအနည်းငယ်အကြာ၊ နေမင်းကြီးသည် အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ် သွားသောအခါ တစ်ဝက်တစ်ပျက် ပြိုကျနေသော အဆောက်အအုံအတွင်း အနားယူနေသည့် ဝူယဲ့ဟောင်သည် အပြင်ဘက်ရှိ သတ္တဝါဆိုးများ၏ ဟိန်းဟောက်သံများ သိသိသာသာ တိတ်ဆိတ် သွားသည်ကို သတိထားမိလိုက်လေသည်။
သူက သူ၏ လက်အောက်ငယ်သား တစ်ဦးကို လှည့်ကြည့်ကာ ညွှန်ကြားလိုက်လေသည်။
"အပြင်ဘက်က အခြေအနေကို သွားကြည့်လိုက်ဦး…"
လေစွမ်းအားရှင်က ခေါင်းညိတ်ပြကာ မတ်တပ်ရပ်၍ အပြင်သို့ ထွက်သွားလေသည်။
သူသည် လေဓာတ်စွမ်းအင်ကို အသုံးပြု၍ ပေါ့ပါးစွာပင် မြေတံတိုင်းအပေါ်သို့ ခုန်တက်ကာ အခြေအ နေကို အကဲခတ်ကြည့်လိုက်လေသည်။
ငါးမီတာအမြင့်ရှိသဖြင့် အောက်ဘက်ရှိ သတ္တဝါဆိုးများမှာ သူ့အား သတိမထားမိကြပေ။ ခေတ္တမျှ စောင့်ကြည့်ပြီးနောက် သူသည် လေကို ပြန်လည် ထိန်းချုပ်ကာ အောက်သို့ ပြန်ဆင်းလာခဲ့လေသည်။
မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ပြီးနောက် သူက အဆောက်အအုံထဲသို့ ပြန်ဝင်ကာ သတင်းပို့လိုက် လေသည်။
"ဗိုလ်ကြီး အပြင်က သတ္တဝါတွေ နည်းနည်းတော့ လျော့သွားပြီ…"
ဝူယဲ့ဟောင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"နောက်တစ်နာရီဆိုရင် ငါတို့ ထွက်မယ်၊ အားအင်ပြန်ပြည့်အောင် စားသောက်ထားကြ၊ ရှေ့မှာ တိုက်ပွဲ ကြီး လာဦးမယ်…."
"ဟုတ်ကဲ့ပါ ခေါင်းဆောင်…"
သူတို့ အနားယူနေစဉ်မှာပင် တံတိုင်းအပြင်ဘက်ရှိ သတ္တဝါဆိုးများမှာ တဖြည်းဖြည်းချင်း လူစုကွဲသွား ခဲ့ကြကေသည်။ တစ်နာရီအကြာတွင် ဝူယဲ့ဟောင်၊ ယောင်ယွဲ့ချွမ်နှင့် အဖွဲ့သားများမှာ သံချပ်ကာကား သုံးစီးပေါ်သို့ တက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် လေစွမ်းအားရှင် နှစ်ဦးက မြေစွမ်းအားရှင် များကို တံတိုင်းထိပ်သို့ ပို့ဆောင်ပေးလိုက်လေသည်။ အပေါ်သို့ ရောက်သည်နှင့် မြေစွမ်းအားရှင် တစ်ဦး က အချက်ပြလိုက်လေသည်။
"ဗိုလ်ကြီးဝူ... ကျွန်တော်တို့ အသင့်ဖြစ်ပါပြီ…"
သံချပ်ကာကား တစ်စီး၏ အပေါ်တွင် မတ်တပ်ရပ်နေသော ဝူယဲ့ဟောင်က ခေါင်းညိတ်ပြကာ အမိန့်ပေး လိုက်လေသည်။
"တံတိုင်းကို ဖွင့်လိုက်တော့…"
သူ့အမိန့်အရ မြေစွမ်းအားရှင်များသည် သူတို့၏ လက်ဖဝါးများကို တံတိုင်းပေါ်သို့ တင်ကာ စွမ်းအားကို အသုံးပြုလိုက်ကြလေသည်။
'ဂြုန်း... ဂြုန်း...'
စက္ကန့်ပိုင်းအတွင်းမှာပင် တံတိုင်းတွင် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ တွေဝေမနေဘဲ ကားဒရိုင် ဘာ များက လီဗာကို နင်းလိုက်ကြရာ ကားများမှာ အရှိန်ပြင်းစွာ ထွက်ခွာသွားကြတော့သည်။
မြေစွမ်းအားရှင်များ အလုပ်ပြီးသွားချိန်တွင် လေဓာတ်စွမ်းအားရှင်များက သူတို့ကို သံချပ်ကာကား များ၏ အပေါ်သို့ ပို့ဆောင်ပေးလိုက်ကြသည်။ ထိုလေးဦးလုံးမှာ ဖွင့်ထားသော ပြတင်းပေါက်များမှ တစ်ဆင့် ကားထဲသို့ လျှောတိုက် ဝင်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် ရှေ့ဆုံးကားပေါ်တွင် မတ်တပ်ရပ်နေသော ယောင်ယွဲ့ချွမ်က သူ၏လက်ကို မြှောက် လိုက်ပြီး ဧရာမ မီးလုံးကြီးတစ်လုံးကို ဖန်တီးကာ ရှေ့သို့ ပစ်ပေါက်လိုက်လေသည်။
"ဝုန်း…."
မီးလုံးကြီးက လမ်းကြောင်းပေါ်ရှိ သတ္တဝါဆိုးများကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့ပေသည်။
လမ်းကြောင်းမှာ တစ်ဝက်တစ်ပျက် ရှင်းသွားသည်နှင့် ဝူယဲ့ဟောင်ကလည်း မိုးကြိုးတန်းများကို ဆင့်ခေါ်လိုက်ပြန်လေသည်။ နောက်စက္ကန့်တွင် ကားများ၏ အပေါ်၌ မိုးတိမ်တောင်များ အုံ့မှိုင်းလာခဲ့ပြီး ဝူယဲ့ဟောင်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ မိုးကြိုးတန်းများစွာမှာ တဖြဖြ ကျဆင်းလာခဲ့လေ သည်။
"ဂျိန်း… ဝုန်း…. ဝုန်း….ဝုန်း…."
စက္ကန့်ပိုင်းအတွင်းမှာပင် ကားများကို ဝိုင်းရံထားသော သတ္တဝါဆိုးများကို မိုးကြိုးတန်းများက ချေမှုန်း ပစ်လိုက်ပေတော့သည်။ မီးလုံးများနှင့် မိုးကြိုးတန်းများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် လမ်းကြောင်းမှာ ပွင့်သွားခဲ့ပြီ ဖြစ်လေသည်။
နာရီဝက်ခန့်အကြာတွင် သံချပ်ကာကား သုံးစီးမှာ ဝိုင်းရံထားသော သတ္တဝါအုပ်ကြီးကြားမှ လွတ် မြောက်သွားပြီး လျှို့ဝှက်ဓာတ်ခွဲခန်းရှိရာသို့ ဦးတည်မောင်းနှင်သွားကြလေတော့သည်။
အခန်း (၄၃၈) လော့ချန်မြို့သို့ ထွက်ခွာခြင်း
နောက်တစ်နေ့ နံနက်စောစောတွင် ယောင်ရန်နှင့် လုံယုတို့ စောစောနိုးလာခဲ့ကြလေသည်။
မျက်နှာသစ်၊ သန့်စင်ပြီးနောက် သူငယ်ချင်းများနှင့်အတူ နံနက်စာ စားခဲ့ကြသည်။ ထို့နောက် နှစ်ဦးသား ကျောပိုးအိတ်ကိုယ်စီလွယ်၊ လက်နက်များကိုယ်စီကိုင်ကာ ကားပါကင်ရှိရာသို့ လျှောက်လာခဲ့ကြလေ သည်။
သူတို့နှစ်ဦး ထွက်ခွာတော့မည်ကို မြင်သောအခါ ကျန်ရှိနေသူများက သူတို့၏ အလုပ်များကို ခေတ္တရပ် နားကာ လိုက်လံပို့ဆောင်ပေးခဲ့ကြလေသည်။
ရှီရွှမ်းနှင့် တခြားသူများကို ကြည့်ရင်း လုံယုက ပြောလိုက်လေသည်။
"ကျွန်တော်တို့ကို လိုက်မပို့ကြပါနဲ့တော့…."
ရှီရွှမ်းက သူ့ကိုကြည့်ကာ မေးလိုက်လေသည်။
"ခေါင်းဆောင်... ကျွန်တော်တို့ကို တကယ်ပဲ ခေါ်မသွားချင်ဘူးလား…"
လုံယုက ခေါင်းညိတ်ပြလိုက်လေသည်။ သူက ရှီရွှမ်း၏ ပုခုံးကို ပုတ်ကာ မှာလိုက်လေသည်။
"ဒီနေရာက မင်းတို့ကို လိုအပ်တယ်၊ တကယ်လို့ ငါတို့ ပြန်မလာနိုင်ခဲ့ရင် မင်းပဲ ဒီနေရာကို ဆက်ပြီး ဦးဆောင်ရလိမ့်မယ်…"
ထိုစကားကို ကြားသောအခါ ရှီရွှမ်က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ပြောလိုက်လေသည်။
"ခေါင်းဆောင်... ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ရမယ်နော်၊ ကျွန်တော်တို့ ဒီမှာ စောင့်နေပါ့မယ်…"
"ကောင်းပြီလေ…"
လုံယုက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်သည်။ အချိန်နှောင်းနေပြီ ဖြစ်သဖြင့် လုံယုက ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"သွားကြစို့…."
မထွက်ခွာမီ ယောင်ရန်က ကျားရှန်းကို ကြည့်ကာ ပြောလိုက်လေသည်။
"မမကျား... ကျွန်မ ရိက္ခာစာရင်းကို အဓိကထိန်းချုပ်ရေးခန်းထဲမှာ ထားခဲ့တယ်နော်၊ ကျန်တဲ့ ရိက္ခာ တွေကို အဲဒီစာရင်းနဲ့ တိုက်စစ်လို့ရပါတယ်…"
ကျားရှန်းက ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်လေသည်။
"အင်း... သိပြီ၊ ခေါင်းဆောင် နဲ့ ညီမလေးတို့ နှစ်ယောက်လုံး အပြင်မှာ ဂရုစိုက်ကြဦးနော်…"
"ဟုတ်ကဲ့၊ မမတို့လည်း ဂရုစိုက်ကြပါဦး…"
နှုတ်ဆက်စကားများ ဆိုပြီးနောက် ယောင်ရန်နှင့် လုံယုတို့ သံချပ်ကာကားပေါ်သို့ တက်လိုက်ကြသည်။ လုံယုသည် သူ၏ သူငယ်ချင်းများကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက် လီဗာကို နင်းကာ ခိုလှုံရာစခန်း အတွင်းမှ မောင်းထွက်ခဲ့လေတော့သည်။
ရှီရွှမ်းနှင့် တခြားသူများသည် သံချပ်ကာကား မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့် နေကြပြီးမှ မိမိတို့၏ အလုပ်များဆီသို့ ပြန်သွားခဲ့ကြပေသည်။
ဘေးထိုင်ခုံတွင် ထိုင်နေသော ယောင်ရန်သည် သူမ၏ နေရာလွတ် ထဲမှ မြေပုံတစ်ခုကို ထုတ်ယူလိုက်ပြီး အော်ရီဂျင် အဖွဲ့မှ ထုတ်ပြန်ထားသည့် မြေပုံနှင့် တိုက်စစ်ကြည့်လိုက်လေသည်။ အန္တရာယ်အကင်းဆုံး လမ်းကြောင်းကို မှတ်သားနေစဉ် သူမ၏ လက်ပတ်နာရီမှ အကြောင်းကြားစာ အချက်ပေးသံ ထွက် ပေါ်လာခဲ့လေသည်။
ထိုအသံကို ကြားသဖြင့် ယောင်ရန်က မြေပုံကို ဘေးသို့ ခေတ္တချထားလိုက်ပြီး မက်ဆေ့ခ်ျကို စစ်ဆေး လိုက်လေသည်။ ဝူယဲ့ဟောင်ဆီမှ ဖြစ်သည်ကို မြင်သောအခါ သူမ ဖွင့်ဖတ်လိုက်သည်။
[သခင်မလေး... ဒါကို ကြည့်သင့်တယ် ထင်လို့ပါ]
မက်ဆေ့ခ်ျနှင့်အတူ ဖိုင်တစ်ခုပါ ပူးတွဲပါရှိလေသည်။ ယောင်ရန်က ထိုဖိုင်ကို ဖွင့်လိုက်ပြီး အထဲမှ အကြောင်းအရာများကို ဖတ်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ် သွားခဲ့ရလေသည်။
သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် လုံယုက မေးလိုက်လေသည်။
"ရန်ရန်... ဘာဖြစ်လို့လဲ…."
သူ၏ မေးခွန်းကြောင့် ယောင်ရန်မှာ အတွေးထဲမှ သတိပြန်ဝင်လာခဲ့လေသည်။ သူမသည် ထိုဖိုင်ကို အကြိမ်ကြိမ် ပြန်ဖတ်ကြည့်ပြီးနောက် လုံယုဘက်သို့ လှည့်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက် လေသည်။
"အာယု... ဝူယဲ့ဟောင်က ကျွန်မဆီ ဖိုင်တစ်ခု ပို့ထားတယ်…"
လုံယုသည် သူမ၏ အမူအရာကို ကြည့်ကာ တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသဖြင့် ဘာမှဝင်မပြောဘဲ သူမ ဆက်ပြောမည့်စကားကို ငြိမ်၍ စောင့်နေလိုက်လေသည်။
ခေတ္တမျှ တွေဝေနေပြီးနောက် သူမက နောက်ဆုံးတွင် မေးလိုက်လေသည်။
"အယု... 'ပရောဂျက် ဇီးရိုး' အကြောင်း ကြားဖူးလား…"
ယခင်ဘဝက ယောင်ရန်သည် 'ပရောဂျက် ဇီးရိုး' ၏ အဓိက စမ်းသပ်ခံ သားကောင် ဖြစ်ခဲ့ရသည်ကို လုံယု မှတ်မိနေခဲ့ပေသည်။ သူမက ဘာကြောင့် ဒီအကြောင်းကို ရုတ်တရက် ထုတ်မေးရသည်ကို သိလိုသဖြင့် သူက ပြန်မေးလိုက်လေသည်။
"ဒါကို ဘာလို့ မေးတာလဲ…."
ယောင်ရန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ ပြန်ဖြေလိုက်လေသည်။
"ပရောဂျက် ဇီးရိုးကို စီစဉ်ပြီး တည်ထောင်ခဲ့တဲ့သူက... ကျွန်မရဲ့ အဘိုးပဲ…"
သူမ၏ ဖွင့်ဟချက်ကြောင့် လုံယု စိတ်လွတ်သွားပြီး လမ်းဘေးက ကျောက်တုံးကြီးတစ်ခုကို ဝင်တိုက်မိ လုနီးပါး ဖြစ်သွားခဲ့လေသည်။ သူက ကားကို အမြန်ထိန်းလိုက်သဖြင့် တိုက်မိခြင်းမှ သီသီလေး လွတ် သွားခဲ့ရပေသည်။ ကားအခြေအနေ ပြန်လည် တည်ငြိမ်သွားမှ လုံယု သက်ပြင်းချနိုင်တော့သည်။
ထို့နောက် သူက ယောင်ရန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။
"မင်း ခုနက ဘာပြောလိုက်တာလဲ၊ ပရောဂျက် ဇီးရိုးကို တည်ထောင်ခဲ့သူက မင်းရဲ့ အဘိုး ဟုတ်လား…"
ယောင်ရန်က ခေါင်းညိတ်ပြကာ ရှင်းပြလိုက်လေသည်။
"ဟုတ်တယ်၊ ဝူယဲ့ဟောင်ကလည်း ကောင်ရှုဝေ သေတ္တာတော်ကို တည်ထောင်ခဲ့တဲ့ အကြောင်းရင်းက ကျွန်မအဘိုး ပရောဂျက် ဇီးရိုးကို တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဆက်စပ်နေနိုင်တယ်လို့ သံသယရှိ နေတယ်…"
ထိုစကားကို ကြားသောအခါ လုံယုက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည်။
"ငါမှတ်မိသလောက်တော့ မင်းက ပရောဂျက် ဇီးရိုးရဲ့ အဓိက စမ်းသပ်ခံ သားကောင် ဖြစ်ခဲ့တာ မဟုတ် လား…."
ယောင်ရန်က ဝမ်းနည်းရိပ်သန်းစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ လုံယု ခေတ္တမျှ တိတ်ဆိတ်သွားပြီး နောက် ထပ်မေးလိုက်လေသည်။
"တကယ်လို့ မင်းအဘိုးက ပရောဂျက် ဇီးရိုးကို စီစဉ်ခဲ့သူဆိုရင် သူတို့က ဘာလို့ မင်းကိုမှ စမ်းသပ်ခံ သားကောင်အဖြစ် အသုံးချခဲ့တာလဲ…"
ထိုစကားကြောင့် ယောင်ရန် ခေါင်းခါမိလေသည်။ သူမ သိခဲ့သော အဘိုးမှာ အလွန် ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သူ ဖြစ်ပေသည်။ သူမကိုလည်း အမြဲတမ်း ကာကွယ်ပေးခဲ့သူ ဖြစ်၏။
ပရောဂျက် ဇီးရိုး၏ အဓိက ရည်ရွယ်ချက်မှာ သူမကို နာကျင်စေရန် မဟုတ်ကြောင်း ယောင်ရန် အသေ အချာ ယုံကြည်ခဲ့ပေသည်။ သို့သော် လျှို့ဝှက်ဓာတ်ခွဲခန်းထဲတွင် နှစ်နှစ်တိုင်တိုင် နှိပ်စက်ညှင်းပန်းခံခဲ့ ရသည့် အတွေ့အကြုံများကြောင့် ယခုအခါတွင်မူ ယောင်ရန် မသေချာတော့ပေ။
သူမ၏ အတွေးများမှာ ရှုပ်ထွေးနောက်ကျိလာပြီး သူမ သိခဲ့သမျှ အရာအားလုံးကို သံသယဝင်လာခဲ့ လေသည်။ သူမ၏ ဘဝတစ်ခုလုံးက လိမ်ညာမှုများဖြင့် တည်ဆောက်ထားသကဲ့သို့ ခံစားနေရပေသည်။
သူမ၏ ဖြူဖျော့နေသော မျက်နှာနှင့် စိုးရိမ်ပူပန်နေသော အမူအရာကို မြင်သောအခါ လုံယုက သူမ၏ အေးစက်နေသော လက်ကလေးကို လှမ်းဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"ရန်ရန်... ဝူယဲ့ဟောင်က အော်ရီဂျင် ရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲလေ…"
"အောရီဂျင် နဲ့ သေတ္တာတော် ကြားမှာရှိတဲ့ ရန်ငြိုးရန်စတွေကြောင့် ဝူယဲ့ဟောင် ပေးတဲ့ သတင်းအချက် အလက်တွေကို အကုန်လုံး ပုံအပ်ယုံလို့ မရဘူး… ကိုယ် တို့လည်း လျှို့ဝှက်ဓာတ်ခွဲခန်းဆီကို သွားနေ တာပဲဆိုတော့ ဒီကိစ္စကို ကိုယ်တို့ကိုယ်တိုင်ပဲ စုံစမ်းကြည့်ကြတာပေါ့…"
သူ၏ စကားကြောင့် ယောင်ရန် စိတ်ကြည်လင်သွားခဲ့လေသည်။ သူမ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ ပြောလိုက်လေသည်။
"ဟုတ်တယ်၊ အယု ပြောတာမှန်တယ်၊ ကျွန်မ ဒီကိစ္စကို သေသေချာချာ စုံစမ်းကြည့်ဖို့ လိုမယ်…."
စိတ်တည်ငြိမ်သွားသောအခါ ယောင်ရန်သည် ဖိုင်ပေါ်သို့ အာရုံပြန်ထားကာ ဆက်လက်ဖတ်ရှုနေတော့ သည်။
ယောင်ရန်နှင့် လုံယုတို့ လော့ချန်မြို့သို့ သွားနေစဉ်မှာပင် ရွှီချီဖန်သည် ရှိုဒူး မြို့ရှိ သူ၏ သူလျှိုထံမှ လျှို့ဝှက်သတင်းအချက်အလက်များကို လက်ခံရရှိခဲ့လေသည်။
"ဒါ တကယ်ပဲ သေချာရဲ့လား…."
ရွှီချီဖန်က ဂြိုလ်တုဖုန်း မှတစ်ဆင့် မေးလိုက်လေသည်။
စက္ကန့်ပိုင်းအကြာတွင် တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ ခပ်တိုးတိုး အသံထွက်ပေါ်လာခဲ့လေသည်။
"ဟုတ်ကဲ့ သေချာပါတယ် ကွပ်ကဲရေးမှူးရွှီ… လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မ အထဲကို ခိုးဝင်နိုင်ခဲ့ပြီး သူတို့ ဆွေးနွေးနေတာကို ကြားခဲ့ရတာပါ… ဗဟိုအစိုးရက ရေငုပ်သင်္ဘောတွေကို အသည်းအသန် ရှာဖွေနေကြ ပါတယ်…."
"သူတို့ပြောပုံအရဆိုရင် သူတို့ဆီမှာ ရေငုပ်သင်္ဘော အစင်း ၂၀ ထက်မက ရှိနေပြီ၊ ဒါပေမဲ့ သူတို့က ထပ်ပြီး လိုချင်နေကြတုန်းပဲ…"
သူလျှို၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ရွှီချီဖန် အတွေးနက်သွားခဲ့လေသည်။ ခဏကြာသောအခါ သူက ညွှန်ကြားလိုက်လေသည်။
"ဒီအကြောင်းကို ထပ်ပြီး စုံစမ်းကြည့်ဦး၊ ပြီးတော့ ငါ့ဆီကို အမြန်ဆုံး ပြန်သတင်းပို့ပါ…."
"ဟုတ်ကဲ့ပါ ကွပ်ကဲရေးမှူး…"
ဖုန်းချပြီးနောက် ရွှီချီဖန်က မျက်မှောင်ကြုတ်ကာ တွေးနေမိလေသည်။
*ရေငုပ်သင်္ဘော တစ်စင်းမှာ လူပေါင်း (၁၃၀) ကနေ (၁၆၀) လောက်အထိ ဆံ့တယ်။ အစင်း (၂၀) ကျော် ဆိုရင် လူပေါင်း (၂၆၀၀) လောက်အတွက် နေရာရှိနေပြီ… သူတို့က ဒီလောက်များတဲ့ ရေငုပ်သင်္ဘော တွေနဲ့ ဘာတွေကြံစည်နေတာလဲ…*
ဗဟိုအစိုးရ၏ ရည်ရွယ်ချက်ကို မသိနိုင်သဖြင့် ရွှီချီဖန်က ချက်ချင်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူက ဂြိုလ်တုဖုန်းကို ကောက်ကိုင်ပြီး ရွှီရူဟန်ဆီသို့ ဖုန်းခေါ်လိုက်လေသည်။ ခေတ္တမျှ စောင့်ပြီးနောက် တစ်ဖက်မှ ရွှီရူဟန်၏ တည်ငြိမ်သော အသံကို ကြားလိုက်ရလေသည်။
"ဦးလေး လေး... တစ်ခုခု လိုအပ်လို့လားခင်ဗျ…"