အခန်း (၄၃၉-၄၄၀)
Vol. 44 Ch. 439-440
အခန်း (၄၃၉) သင်္ဘောများကို ရှာဖွေခြင်း
ရွှီချီဖန်က စကားကို လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်လေသည်။
"ရူဟန်... မင်း ရေငုပ်သင်္ဘောတွေ ရှာလို့ရနိုင်မလား…"
ထူးဆန်းသော တောင်းဆိုမှုကြောင့် ရွှီရူဟန် မျက်ခုံးအနည်းငယ် မြင့်တက်သွားခဲ့ပေသည်။ စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြန်မေးလိုက်လေသည်။
"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်၊ ဒါပေမဲ့ ရှာတွေ့မယ်လို့တော့ အာမမခံနိုင်ဘူး… ဦးလေး လေးက ဘာလို့ ရေငုပ်သင်္ဘောတွေ လိုချင်ရတာလဲ…"
ရွှီချီဖန်သည် သူရရှိထားသည့် လျှို့ဝှက်သတင်းအချက်အလက်များကို ပြောပြလိုက်ပြီးမှ ဖြည့်စွက် ပြောလိုက်လေသည်။
"အကြောင်းပြချက် မရှိဘဲ ဗဟိုအစိုးရက ရေငုပ်သင်္ဘောတွေ ရှာဖို့အတွက် ရင်းမြစ်တွေကို အလဟဿ အသုံးချမှာ မဟုတ်ဘူး… သူတို့ ဒီလို လှုပ်ရှားနေတယ်ဆိုရင် နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေရမယ်…"
သူ၏ ဦးလေး လေးစကားကို စဉ်းစားပြီးနောက် ရွှီရူဟန်က မှတ်ချက်ပေးလိုက်လေသည်။
"ဦးလေးလေး... သူတို့ အခုလို အသည်းအသန် ဖြစ်နေတာက နောက်ထပ်လာမယ့် သဘာဝဘေး အန္တရာယ် တစ်ခုခုနဲ့ ဆက်စပ်နေမယ်လို့ ကျွန်တော် သံသယရှိတယ်…"
ထိုစကားကြောင့် ရွှီချီဖန်၏ ရင်ထဲ လေးလံသွားခဲ့သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။
"ငါတို့ အမြန်လှုပ်ရှားမှ ဖြစ်မယ်၊ ရေငုပ်သင်္ဘောတွေ တတ်နိုင်သမျှ များများ ရအောင်ယူရမယ်…."
ကိစ္စ၏ အရေးကြီးပုံကို သိသဖြင့် ရွှီရူဟန်က ပြန်ဖြေလိုက်လေသည်။
"ဒီကိစ္စကို ကျွန်တော့်ကိုပဲ လွှတ်ထားလိုက်ပါ… ဦးလေး လေးကတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေ မပြတ် စောင့်ကြည့်နေပေးပါ… ထူးခြားတာ တစ်ခုခုရှိရင် ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပါဦး …ဒါက ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တယ်…"
ရွှီရူဟန်၏ စကားကို ကြားသောအခါ ရွှီချီဖန်က ဂြိုလ်တုဖုန်း ကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း မှာလိုက်လေသည်။
"နားလည်ပြီ၊ ဂရုစိုက်နော်… ပြီးတော့ ဒီသတင်းကို အပြင်ကိုမပေါက်ကြားစေနဲ့ဦး… လူတွေ အစု လိုက်အပြုံလိုက် ထိတ်လန့်ကုန်မှာကို တားဆီးရမယ
"ဟုတ်ကဲ့ပါ…"
ဖုန်းချပြီးနောက် ရွှီရူဟန်သည် မုရှီးချန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ငါတို့ စီစဉ်ထားတာထက် ပိုစောပြီး ထွက်ရတော့မယ် ထင်တယ်…"
မုရှီးချန်က မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
"တစ်ခုခု ဖြစ်လို့လား…"
ရွှီရူဟန်က ခေါင်းညိတ်ပြကာ ရွှီချီဖန်နှင့် ပြောခဲ့သော စကားများကို ပြန်လည်ပြောပြလိုက်လေသည်။
ရှင်းပြချက်ကို နားထောင်ပြီးနောက် မုရှီးချန်က တိုးတိုးလေး ရေရွတ်မိသည်။
"နောက်ထပ် ဘေးအန္တရာယ်က နိုင်ငံအနှံ့က ငြိမ်သက်နေတဲ့ မီးတောင်တွေ ရုတ်တရက် ပေါက်ကွဲတာနဲ့ ဆက်စပ်နေနိုင်မလား…"
ရွှီရူဟန်က ခေါင်းခါပြကာ ဖြေလိုက်လေသည်။
"ငါလည်း မသိဘူး…"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"ငါတို့ရဲ့ တာဝန်အတွက် ပြင်ဆင်မှုတွေ စလုပ်လိုက်တော့မယ်…"
"ကောင်းပြီ၊ မင်း ပြင်ဆင်မှုတွေ လုပ်နေတုန်း ငါလည်း ရေငုပ်သင်္ဘောတွေ ဘယ်မှာ ရှာလို့ရမလဲဆိုတာ လိုက်ကြည့်လိုက်ဦးမယ်…."
ထိုသို့ပြောရင်း မုရှီးချန်သည် သူ၏ လပ်တော့ပ်ကို ဖွင့်လိုက်လေသည်။
"အေးပါ…."
ရွှီရူဟန် ရုံးခန်းထဲမှ ထွက်သွားပြီးနောက် မုရှီးချန် အလုပ်စလုပ်တော့သည်။ ကီးဘုတ်ပေါ်တွင် သူ၏ လက်ချောင်းများက ပြေးလွှားနေရင်း တီးတိုး ရေရွတ်နေခဲ့လေသည်။
"အခုလို အချိန်မှာ ဒါကို လုပ်ရတာ ပိုခက်ခဲလာပြီ… ဂြိုဟ်တုက အလုပ်လုပ်နေသေးဖို့ပဲ မျှော်လင့်ရ တာပဲ…"
မုရှီးချန်နှင့် ရွှီရူဟန်တို့သည် ရေငုပ်သင်္ဘောများ တတ်နိုင်သမျှ များများရှာဖွေရန် အချိန်နှင့်အမျှ အပြိုင် လုနေကြစဉ်မှာပင်၊ ကမ္ဘာပျက်ကတည်းက တိတ်ဆိတ်နေခဲ့သော ဗဟိုအစိုးရသည် ရေဒီယိုမှတစ်ဆင့် ထိတ်လန့်ဖွယ်ရာ ကြေညာချက်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လိုက်လေသည်။
ဂြိုဟ်တုအများစု ပျက်ကျသွားပြီ ဖြစ်သော်လည်း အချို့မှာ သံလိုက်စက်ကွင်း ပြောင်းလဲမှုကို ကြံ့ကြံ့ခံ ကာ ပတ်လမ်းထဲတွင် ကျန်ရှိနေပေသေးသည်။ ထိုကျန်ရှိနေသော ဂြိုဟ်တုများကို အသုံးပြုကာ ဗဟို အစိုးရသည် ဆက်သွယ်ရေးကို ပြန်လည် တည်ဆောက်ပြီး ကြေညာချက်ကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
ယောင်ရန်သည် ဝူယဲ့ဟောင်ထံမှ သတင်းကို လက်ခံရရှိသောအခါ ကားရှေ့ခန်းရှိ ရေဒီယိုကို ဖွင့်လိုက်ပြီး ဗဟိုအစိုးရ၏ လှိုင်းနှုန်းကို ဖမ်းယူလိုက်လေသည်။
စက္ကန့်အနည်းငယ်ကြာ ဓာတ်စက်သံများ ကြားရပြီးနောက် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ ခဲ့လေသည်။
[... ကို ဦးစားပေးမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ အထူးသတ္တုတွေကို ဗဟိုအစိုးရဆီ ရောင်းချပြီး ရေငုပ် သင်္ဘောပေါ်မှာ နေရာတစ်ခုနဲ့ လဲလှယ်နိုင်ပါတယ်… အပြင်မှာ အထူးသတ္တုတွေ မရှာဖွေနိုင်တဲ့သူတွေ အတွက်လည်း တခြားသော မရှိမဖြစ် လိုအပ်တဲ့ ရိက္ခာတွေကို အသုံးပြုပြီး နေရာတစ်ခုနဲ့ လဲလှယ်နိုင်ပါ တယ်…]
[ရိက္ခာ ဒါမှမဟုတ် အထူးသတ္တု မလုံလောက်တဲ့သူတွေ အနေနဲ့လည်း စိတ်မပူကြပါနဲ့… ကျွန်တော်တို့ ဘက်က ကုန်းလမ်းကနေတစ်ဆင့် အခြားသော ထွက်ပြေးလွတ်မြောက်နိုင်မယ့် လမ်းကြောင်းတစ်ခု ကိုလည်း ပြင်ဆင်ထားပါတယ်… ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မကြာခင်မှာ ထပ်ပြီး ကြေညာပေးသွားမှာ ဖြစ်ပါတယ်…]
ကြေညာချက်ပြီးဆုံးသွားသောအခါ ရေဒီယိုသံမှာ တိတ်ဆိတ်သွားခဲ့လေသည်။ ယောင်ရန်က ရေဒီယိုကို ပိတ်လိုက်ပြီး ပြောလိုက်လေသည်။
"ဗဟိုအစိုးရက ရှေ့လျှောက်ဖြစ်လာမယ့် ကမ္ဘာ့မြေလွှာချပ်တွေ ရွှေ့လျားမှုအကြောင်းကို ကြိုသိနေပုံရ တယ်နော်…"
ထိုစကားကို ကြားသောအခါ လုံယုက မှတ်ချက်ပေးလိုက်လေသည်။
"အနာဂတ်မှာ ကုန်းမြေတွေက သမုဒ္ဒရာ ဖြစ်သွားပြီး ပင်လယ်ကြမ်းပြင်တွေက ကုန်းမြေအသစ်တွေ အဖြစ် ပေါ်ထွက်လာလိမ့်မယ်… အဲဒီလို ဖြစ်လာဖို့ဆိုရင် ကမ္ဘာ့မြေလွှာချပ်တွေရဲ့ လှုပ်ရှားမှုက အလွန် ကြီးမားရမယ်… သူတို့မှာ လိုအပ်တဲ့ စက်ကိရိယာတွေ ရှိနေသေးသရွေ့ ဒါကို ကြိုသိဖို့က မခက်ခဲပါ ဘူး…"
သူ၏ စကားကို နားထောင်ပြီးနောက် ယောင်ရန် အတွေးနက်သွားခဲ့လေသည်။ ခဏကြာ တိတ်ဆိတ် သွားပြီးနောက် သူမက မေးလိုက်လေသည်။
"ရေငုပ်သင်္ဘောတွေနဲ့ ရေထဲကို ထွက်ပြေးဖို့အပြင် သူတို့က ကုန်းလမ်းကိုလည်း ပြောသွားသေးတယ်… ဘယ်နေရာတွေက ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်မလဲဆိုတာ အာယု သိလား…"
လုံယုက ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။
"ငါမှတ်မိသလောက်တော့ ငါတို့ရဲ့ အရင်ဘဝတုန်းက ဒီလိုဖြစ်တဲ့အချိန်မှာ ကျွင်းချန် စစ်အခြေစိုက်စခန်း ကတော့ မပျက်စီးဘဲ ကျန်နေသေးတယ်…."
"ဒါပေမဲ့ ဒီဘဝမှာတော့ ဖူကျန်းတောင် ပေါက်ကွဲမှုကြောင့် ကျွင်းချန် စစ်အခြေစိုက်စခန်းက ပျောက် ကွယ်သွားပြီ… ဒါကို ကြည့်ခြင်းအားဖြင့် ကိုယ်တို့ရဲ့ ပြန်လည်မွေးဖွားလာမှုက အနာဂတ်ကို ထိခိုက် ပြောင်းလဲစေခဲ့တယ်ဆိုတာ ကိုယ် သေချာပေါက် ပြောနိုင်တယ်.. အပြောင်းအလဲတွေက ဘယ်လောက် အထိ ကြီးမားမလဲဆိုတာတော့ ကိုယ် လည်း မသိဘူး…"
ထိုစကားကြောင့် ယောင်ရန် သက်ပြင်းချလိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူမက ပြောလိုက်လေသည်။
"ကျွန်မတို့ရဲ့ အမှတ်ရချက်တွေကို ကိုးကားလို့ မရတော့ဘူးဆိုမှတော့ အခြေအနေကြည့်ပြီး တစ်ဆင့် ချင်းစီပဲ လုပ်သွားရတော့မှာပေါ့…"
သူမကို လှမ်းကြည့်ရင်း လုံယုက မေးလိုက်လေသည်။
"မင်းမှာ ဘာအစီအစဉ်ရှိလဲ…"
ယောင်ရန်က ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။
"ဗဟိုအစိုးရကတောင် ရေငုပ်သင်္ဘောတွေ ပြင်ဆင်ဖို့ အသည်းအသန် ဖြစ်နေပြီဆိုတော့ မြေလွှာချပ်တွေ ရွှေ့လျားမှုက အရမ်းကြီးမားပြီး အန္တရာယ်ရှိမှာ သေချာတယ်… မကြာခင်မှာတောင် ဖြစ်လာနိုင်တယ်… ကျွန်မ တို့အတွက် အသက်ရှင်ဖို့ အကောင်းဆုံး အခွင့်အရေးကတော့ သင်္ဘောတွေ ပိုပြီး ပြင်ဆင် ထားဖို့ပဲ…"
သူမက ခေတ္တရပ်ကာ ဆက်ပြောလိုက်လေသည်။
"ကျွန်မမှာ အပျော်စီးသင်္ဘော တစ်စင်း၊ ရေငုပ်သင်္ဘော နှစ်စင်းနဲ့ လေယာဉ်တင်သင်္ဘော တစ်စင်းရှိ တယ်၊ စုစုပေါင်း လူ (၁၅,၀၀၀) လောက် ဆံ့တယ်။ ဒါပေမဲ့ ကျွန်မတို့အဖွဲ့က အခု လူ (၃၀,၀၀၀) နီးပါး ရှိနေပြီ… သင်္ဘောတွေက သူတို့ထဲက တစ်ဝက်လောက်ကိုပဲ ဆံ့နိုင်မှာ… ဒါက လုံးဝကို မလုံလောက် သေးဘူး…."
ယောင်ရန် အတွေးနက်စွာဖြင့်ပင် ပြောလိုက်လေသည်။
"တကယ်လို့ ကျွန်မတို့ သင်္ဘောတွေ ထပ်ရှာတွေ့နိုင်ရင်တော့ အနာဂတ်မှာ မြေလွှာချပ်တွေ ရွှေ့လျား တဲ့အခါ လူအားလုံးကို ခေါ်သွားနိုင်လိမ့်မယ်…"
ကျွင်းချန်းမြို့သည် တောင်များဖြင့် ဝန်းရံထားသဖြင့် သင်္ဘောများ ရှာဖွေရန် ခက်ခဲလှပေသည်။ ကမ်းရိုး တန်းမြို့များကိုသာ သွားရောက်ရှာဖွေရန် နည်းလမ်းရှိသည်။ သို့သော် ထိုမြို့အများစုမှာ ပထမအကြိမ် မြေလွှာချပ် ရွှေ့လျားမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီလှိုင်းကြီးများကြောင့် ရေအောက်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်လေသည်။
သူမ စဉ်းစားနေစဉ်မှာပင် လုံယုက ပြောလိုက်လေသည်။
"အခုအချိန်မှာ သင်္ဘောရှာဖို့က ခက်ခဲလိမ့်မယ်… ဗဟိုအစိုးရက သတင်းထုတ်ပြန်ပြီးပြီဆိုတော့ အပြင် ထွက်နိုင်တဲ့သူတိုင်း သင်္ဘောရှာဖို့ ထွက်ကြလိမ့်မယ်… ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်မှာပဲ…"
ယောင်ရန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် လုံယုက ဆက်ပြောလေသည်။
"သင်္ဘောတွေ ထပ်ရှာလို့ မရဘူးဆိုရင်... ငါတို့ ကွန်တိန်နာတွေကို ရှာပြီး နေထိုင်စရာနေရာတွေအဖြစ် ပြောင်းလဲပြီးတော့ လေယာဉ်တင်သင်္ဘောပေါ်မှာ တစ်ခုပေါ်တစ်ခု ထပ်ပြီး နေရာတွေ ပိုဆံ့အောင် လုပ်ရင်ကော… လေယာဉ်တင်သင်္ဘောက အဲဒါတွေကို သယ်နိုင်မှာ ပြဿနာ မရှိလောက်ပါဘူး…"
အခန်း (၄၄၀) လော့ချန်မြို့သို့ ရောက်ရှိခြင်း
လုံယု၏ အကြံပေးချက်ကြောင့် ယောင်ရန်၏ မျက်လုံးများ ဝင်းလက်သွားခဲ့လေသည်။ သူမက သူ့ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဒါ တကယ်ကို ကောင်းတဲ့ အကြံပဲ…."
"လျှို့ဝှက်ဓာတ်ခွဲခန်းကို စုံစမ်းပြီးတာနဲ့ လော့ချန်မြို့ထဲမှာ ကွန်တိန်နာတွေကို လိုက်ရှာကြည့်လို့ ရတာ ပေါ့… လူတွေက သင်္ဘောရှာဖို့ပဲ အာရုံရောက်နေကြမှာဆိုတော့ ကွန်တိန်နာတွေကို သတိထားမိကြမှာ မဟုတ်ဘူး… ကျွန်မတို့အတွက် ရဖို့ ပိုလွယ်မှာပါ…"
လုံယုက ခေါင်းညိတ်ထောက်ခံရင်း ပြောလိုက်လေသည်။
"လော့ချန်မြို့က ပေဖုန်းပြည်နယ်မှာ လူဦးရေအနည်းဆုံးမြို့ပဲ၊ ပြီးတော့ ကမ္ဘာပျက်စောစောပိုင်း ကတည်းက နေထိုင်သူအများစုက ထွက်သွားကြပြီ… ကိုယ်တို့ ကံကောင်းရင် လိုတာထက်တောင် ပိုရှာတွေ့နိုင်တယ်…"
"ဟုတ်တယ်၊ ခဏနေရင် ဂိုဒေါင်တွေရှိတဲ့ဘက်ကို သွားကြည့်ကြစို့…"
ယောင်ရန်က သဘောတူလိုက်သည်။
"ကောင်းပြီလေ…."
ပန်းတိုင်အသစ်တစ်ခု ရရှိသွားသဖြင့် ယောင်ရန်နှင့် လုံယုတို့သည် သူတို့၏ နောက်ထပ်ခြေလှမ်းများကို စတင်စီစဉ်ကြတော့သည်။ သူတို့က လာတော့မည့် သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်နေကြစဉ် မှာပင် သေတ္တာတော် နှင့် အောရီဂျင် အဖွဲ့များအတွက် အလုပ်လုပ်နေသော သိပ္ပံပညာရှင်များသည် လည်း သူတို့၏ စမ်းသပ်ချက်များကို အပြီးသတ်နိုင်ရန် အပြိုင်လု လုပ်ဆောင်နေခဲ့ကြပေသည်။
ခြောက်ရက်အကြာ၊ မွန်းတည့်ချိန်တွင် ယောင်ရန်နှင့် လုံယုတို့သည် လော့ချန်မြို့ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ကြလေသည်။
ယောင်ရန်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို မြင်သောအခါ လုံယုက ပြောလိုက်လေသည်။
"ရန်ရန်... မြို့ထဲမဝင်ခင် မင်းရဲ့ နေရာလွတ်ထဲမှာ တစ်ရက်လောက် အနားယူကြစို့…"
ရှေ့တွင် ခက်ခဲသော တိုက်ပွဲတစ်ခု စောင့်ကြိုနေသည်ကို သိသဖြင့် ယောင်ရန်က သဘောတူလိုက်လေ သည်။
"ကောင်းပါပြီ…"
ထို့နောက် ယောင်ရန်သည် လုံယု၏ လက်ကို ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ကို ကားရှေ့ခန်းပေါ်သို့ တင်လိုက်လေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သံချပ်ကာကားကြီးမှာ ပျောက်ကွယ်သွားတော့သည်။
နေရာလွတ် ထဲသို့ ရောက်သည်နှင့် ယောင်ရန်သည် လုံယု၏ လက်ကို လွှတ်ကာ ကားပေါ်မှ ဆင်းလိုက် လေသည်။ သူမ၏ အာရုံစူးစိုက်မှုဖြင့် ဂိုဒေါင်ထဲမှ ဓာတ်ဆီပုံးအငယ်တစ်ပုံးကို ထုတ်ယူကာ သံချပ်ကာ ကားကို ဆီဖြည့်လိုက်လေသည်။
သူမ ဆီဖြည့်နေစဉ် လုံယုက ရေချိုးရန် ဗီလာဆီသို့ ဦးတည်သွားခဲ့လေသည်။ မကြာမီမှာပင် ယောင်ရန် အလုပ်ပြီးသွားသဖြင့် ဗီလာထဲသို့ တယ်လီပို့ လုပ်ကာ ဝင်လိုက်လေသည်။
ဧည့်ခန်းထဲသို့ ရောက်သောအခါ ထမင်းစားခန်းထဲသို့ လျှောက်ဝင်သွားပြီး သူမ၏ စိတ်အာရုံဖြင့် ဂိုဒေါင် ထဲမှ အစားအသောက်အချို့ကို ထုတ်ယူလိုက်လေသည်။ လုံယု ရေချိုးပြီး ထွက်လာချိန်တွင် ထမင်း စားပွဲပေါ်၌ အငွေ့တထောင်းထောင်း ထနေသော ဟင်းလျာများမှာ အဆင်သင့် ဖြစ်နေပြီဖြစ်လေသည်။
သူ ဝင်လာသည်ကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေသည်။
"အရင် စားကြရအောင်…"
လုံယုက ခေါင်းညိတ်ကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဟင်းအချို့ကို ယောင်ရန်၏ ပန်းကန်ထဲသို့ ထည့် ပေးလိုက်လေသည်။ သူမကို ကြည့်ရင်း သူကပြောလိုက်လေသည်။
"မနက်ဖြန်မနက်ကျရင် မြို့ထဲမဝင်ခင် ပတ်ဝန်းကျင်ကို အရင် ကင်းထောက်ကြည့်ကြတာပေါ့…."
"ကောင်းပါပြီ…"
ဗိုက်ဝသွားသောအခါ ယောင်ရန်သည် ရေချိုးပြီး လုံယုရှိရာ အိပ်ရာပေါ်သို့ တက်လာခဲ့သည်။ ခေါင်းနှင့် ခေါင်းအုံး ထိလိုက်သည်နှင့် သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပေတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ယောင်ရန်သည် လန်းဆန်းစွာဖြင့် နိုးလာခဲ့လေသည်။
သူမ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ဘေးဘက်မှာ အားလပ်နေသည်ကို တွေ့လိုက်ရသည်။ ရေချိုးခန်းထဲမှ ရေကျသံနှင့် အိပ်ရာပေါ်ရှိ ကျန်ရှိနေသေးသော နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သူမ သမ်းဝေကာ အိပ်ရာမှ ထလိုက်လေသည်။
တခြား ရေချိုးခန်းတစ်ခုတွင် ရေချိုးပြီးနောက် ယောင်ရန်သည် နံနက်စာ ပြင်ဆင်လိုက်သည်။ လုံယု အိပ်ခန်းထဲမှ ထွက်လာသောအခါ သူမက လှမ်းခေါ်လိုက်လေသည်။
"အာယု... မနက်စာ အရင် လာစားဦးနော်…"
သူမအနားသို့ လျှောက်လာရင်း လုံယုက ခေါင်းငုံ့ကာ သူမ၏ ပါးပြင်ကို နမ်းလိုက်ပြီး နှုတ်ဆက်လိုက် လေသည်။
"ကောင်းသောနံနက်ခင်းပါ ရန်ရန်…"
"ကောင်းသောနံနက်ခင်းပါ အာယု…"
ရိုးရှင်းသော နံနက်စာကို စားပြီးနောက် သူတို့သည် လက်နက်များအပြင် အစားအသောက်၊ ဆေးဝါးနှင့် ရေများ ထည့်ထားသော ကျောပိုးအိတ်အငယ်တစ်လုံးကို ပြင်ဆင်လိုက်ကြလေသည်။
လုံယု၏ လက်ကို ဆုပ်ကိုင်ရင်း ယောင်ရန်က မေးလိုက်လေသည်။
"အဆင်သင့်ပဲလား…"
လုံယုက ခေါင်းညိတ်ပြကာ…၊
"အင်း... အဆင်သင့်ပဲ…"
ထို့နောက် ယောင်ရန်သည် သူတို့နှစ်ဦးကို နေရာလွတ်ထဲမှ အပြင်သို့ တယ်လီပို့ လုပ်လိုက်တော့သည်။
အပြင်လောကသို့ ပြန်ရောက်သည်နှင့် လုံယုသည် သူ၏ လေဓာတ်စွမ်းအင်ကို အသုံးပြုကာ သူတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် လေတံတိုင်းတစ်ခု ဖန်တီးလိုက်လေသည်။ သူတို့၏ အနံ့အသက်များကို ဖုံးကွယ်ထားသဖြင့် အနီးနားရှိ မျိုးဗီဇပြောင်း သတ္တဝါဆိုးများမှာ သူတို့ရှိနေသည်ကို သတိမထားမိကြ တော့ပေ။
ယောင်ရန်၏ ခါးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ကာ လုံယုသည် လေကို ထိန်းချုပ်၍ သူတို့နှစ်ဦး ကို ကောင်းကင်ယံသို့ မြှောက်တင်လိုက်သည်။ လေထဲတွင် လွင့်မျောနေစဉ် ယောင်ရန်က မှန်ပြောင်းကို ထုတ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။
အောက်ဘက်တွင် လှည့်လည်သွားလာနေသော မျိုးရိုးဗီဇပြောင်း သတ္တဝါဆိုးများစွာကို မြင်တွေ့ရချိန် တွင် ယောင်ရန်မှာ တစ်ခုခုကို သတိပြုမိသွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
"ရေဒီယိုသတ္တိကြွမှု မြင့်တက်လာပြီးနောက်မှာ သတ္တဝါဆိုးတွေက တကယ်ပဲ ဆင့်ကဲပြောင်းလဲလာကြ တာပဲ…." ဟု သူမက မှတ်ချက်ပေးလိုက်လေသည်။
လုံယုက သူမထံမှ မှန်ပြောင်းကို ယူကာ အောက်ဘက်ရှိ သတ္တဝါဆိုးများကို စောင့်ကြည့်လိုက်သည်။ ခဏအကြာတွင် သူက ပြောလိုက်လေသည်။
"သူတို့က တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံနေရပုံပဲ…"
" အော်ရီဂျင် က ဒီအကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးတယ်…."
ယောင်ရန်က ပြောလိုက်လေသည်။
"အနီးအနားမှာ ဒီအဆင့်နိမ့် သတ္တဝါတွေကို စေခိုင်းနေတဲ့ အဆင့်မြင့် သတ္တဝါဆိုး တစ်ကောင်တော့ ရှိရမယ်…."
လုံယု ခေတ္တစဉ်းစားပြီးမှ မှန်ပြောင်းကို ပြန်ပေးလိုက်လေသည်။
"ကိုယ် အခု ဆယ်နာရီကျော်လောက်အထိ ပျံသန်းနိုင်နေပြီ… မလိုအပ်တဲ့ တိုက်ပွဲတွေကို ရှောင်ဖို့ အတွက် သံချပ်ကာကားကို မသုံးဘဲနေရအောင်…"
ယောင်ရန်က ခေါင်းညိတ်ကာ သဘောတူလိုက်ပေသည်။
"ကောင်းပါပြီ…"
မှန်ပြောင်းကို သိမ်းလိုက်ပြီးနောက် သူမသည် လုံယု၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက် လိုက် လေသည်။ သူက သူမကို လုံခြုံစွာ ပွေ့ပိုက်ကာ လေတံတိုင်းကို ပိုမို ခိုင်မြဲစေပြီး သေတ္တာတော်၏ လျှို့ဝှက်ဓာတ်ခွဲခန်းရှိရာ ဘက်သို့ ပျံသန်းသွားခဲ့လေတော့သည်။
လုံယုသည် သူ၏ မှတ်ဉာဏ်အတိုင်း ငါးနာရီကျော်ကြာ ပျံသန်းခဲ့ပြီးနောက် မြင့်မားသော အဆောက် အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်သည်။ ယောင်ရန်ကို ချပေးလိုက်ပြီးနောက် ခေါင်မိုး အစွန်းမှ ငုံ့ကြည့်လိုက်ရာ ထိုနေရာတွင် အစီအစဉ်မရှိ လှည့်လည်သွားလာနေသော သတ္တဝါဆိုးပေါင်း များစွာကို တွေ့လိုက်ရလေသည်။
"လျှို့ဝှက်ဓာတ်ခွဲခန်းက ဒီနားတစ်ဝိုက်မှာပဲ ရှိရမယ်…" ဟု သူက ပြောလိုက်လေသည်။
ယောင်ရန်က သူမ၏ လက်ပတ်နာရီမှ ခလုတ်တစ်ခုကို နှိပ်ကာ သူတို့၏ တည်နေရာကို စစ်ဆေးရန် မြေပုံကို ဖွင့်လိုက်လေသည်။
"ကျွန်မတို့က လျှို့ဝှက်ဓာတ်ခွဲခန်းရဲ့ အရှေ့ဘက် မီတာနှစ်ရာလောက်မှာ ရောက်နေတာ…"
သူမက အတည်ပြုပေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ လုံယု မျက်မှောင်ကြုတ်သွားပေသည်။ သူက အရှေ့ဘက်သို့ ကြည့်ကာ ပြောလိုက်လေသည်။
"ကိုယ်တို့ အရှေ့ဘက်ကနေ လာခဲ့တာပဲ၊ ဒါပေမဲ့ နေရာတစ်ခုလုံးမှာ သတ္တဝါဆိုးတွေချည်းပဲ… လျှို့ဝှက်ဓာတ်ခွဲခန်းက မြေအောက်မှာ ရှိနေတာများလား…."
မသေချာသဖြင့် ယောင်ရန်က အကြံပေးလိုက်လေသည်။
"ဝူယဲ့ဟောင်ကို မေးကြည့်ရင်ကော… သူက လျှို့ဝှက်ဓာတ်ခွဲခန်းကနေ အဲဒီဖိုင်ကို ရအောင်ယူနိုင်ခဲ့တာ ဆိုတော့ တည်နေရာအတိအကျနဲ့ ဘယ်လိုဝင်ရမလဲဆိုတာကို သိနိုင်လောက်တယ်…"
ဝူယဲ့ဟောင်၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူတို့ သံသယရှိနေကြသော်လည်း အစီအစဉ်မရှိ လိုက် ရှာနေသည်ထက်စာလျှင် သူ့ကို မေးကြည့်ခြင်းက ပိုကောင်းပေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် လုံယုက သဘောတူလိုက်လေသည်။
"ကောင်းပြီလေ…"
ထို့နောက် ယောင်ရန်သည် ဝူယဲ့ဟောင်၏ နံပါတ်ကို ခေါ်လိုက်ရာ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖုန်းဆက်သွယ်မိသွားခဲ့ပေသည်။
"မမလေး..."
စက္ကန့်ပိုင်းအကြာတွင် ဝူယဲ့ဟောင်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာခဲ့လေသည်။
"ခေါင်းဆောင်ဝူ... ရှင် ဘယ်မှာလဲ…."
ယောင်ရန်က မေးလိုက်လေသည်။
ဝူယဲ့ဟောင်သည် သူ၏ တည်နေရာကို သူမနှင့် မျှဝေလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ကျွန်တော် လော့ချန်မြို့ထဲမှာပါ… တစ်ခုခု ကူညီပေးဖို့ လိုလို့လားခင်ဗျ…"
သူ မေးလိုက်သောအခါ ယောင်ရန်သည် လုံယုနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးမှ ပြန်ပြောလိုက် လေတော့သည်။
"ကျွန်မလည်း လော့ချန်မြို့ထဲ ရောက်နေတာပါ…"