အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း (၂၅၅) ဒီမရီးက တမူထူးခြားတယ်!
ဘာပဲဖြစ်ဖြစ် အားချဲ့က လုံးဝထိန်းချုပ်မထားခဲ့ပေ။ အထိန်းအကွပ်မဲ့ဆုံး အချိန်များတွင် သူက သူမအထဲမှာပဲ အကုန်လုံးကို လွှတ်ခဲ့သည်။
အရင်က ကလေးတစ်ယောက် ဆုံးရှုံးဖူးသဖြင့် သူမရင်ထဲတွင် နောင်တရမှုတစ်ရပ် အမြဲကိန်းအောင်းနေ၏ယ
သို့သော် အားချဲ့က မလိုချင်ဘူးဆိုလျှင်လည်း သူမအနေဖြင့် အတင်းအကျပ် မတောင်းဆိုချင်ပေ။
အနည်းငယ် တွေးတောပြီးနောက် သူမက ကိုယ်ဝန်တားပုတီးစေ့ကို ခါးတွင် ဆွဲချိတ်လိုက်ဆဲပင်။
မှန်တင်ခုံပေါ်တွင် တင်ထားခဲ့သော သက်ရှည်သော့ခလောက်လေးမှာ မရှိတော့ပေ၊ တစ်ယောက်ယောက် ယူသွားလောက်ပြီ ဖြစ်သည်။
ရွှယ်နင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။ မည်သို့ပင်ဖြစ်စေ သူမမှာလည်း ထိုကဲ့သို့သော သက်ရှည်သော့ခလောက်လေးတစ်ခု ရှိခဲ့ဖူးပြီး အဖိုးတန်ရတနာတစ်ပါးလို မြတ်နိုးစွာ လည်ပင်းတွင် အမြဲဆွဲထားခဲ့ကြောင်း ရုတ်တရက် သတိရသွားသည်။
နောက်ပိုင်းတွင် မိဘများ ကွယ်လွန်သွားပြီးနောက် သူတို့နှစ်ယောက် အခေါင်းထဲမှာ အတူလှဲလျောင်းနေတာကို မြင်တွေ့ခဲ့ရကာ အကြီးအကျယ် နှလုံးကွဲကြေခဲ့ရပြီး ထိုနာကျင်ဖွယ် အမှတ်တရများကို သော့ခတ်ပိတ်လှောင်ထားခဲ့သည်။
သို့သော် ထိုသက်ရှည်သော့ခလောက်လေး၏ ပုံစံကို စိတ်ထဲတွင် ပုံဖော်ကြည့်လိုက်သည့်အခါ ရုတ်တရက် အလင်းဖြတ်သလို သတိရသွားသည်— ထိုအချိန်က စစ်သူကြီးစံအိမ်တွင် အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် သူမ ဆုံခဲ့ဖူးသလိုပင်။
တောက်ပသော မျက်လုံးများ၊ ခန့်ညားသော မျက်ခုံးများနှင့် ထိုကောင်လေးက ငယ်ရွယ်စဉ်ကတည်းက အလွန်ချောမောနေခဲ့သည်။
ထိုစဉ်က သူမမှာ အရမ်းငယ်လွန်းသေးသဖြင့် မိဘများ ပြန်မလာတော့ဘူးဆိုဝာာကို နားမလည်ခဲ့ပေ။
တစ်ယောက်ယောက်က သူမကို နယ်စပ်ဆီခေါ်သွားပြီး ဖခင်နှင့် မိခင်ကို ရှာပေးလိမ့်မည်ဟု မျှော်လင့်နေခဲ့သေး၏။
အခြားဆွေမျိုးများနှင့် ဦးလေးများက သူမကို အသိဉာဏ်မရှိတဲ့ လေးငါးနှစ်အရွယ် ကလေးတစ်ယောက်အဖြစ်သာ သဘောထားခဲ့ကြပြီး မိသားစုအမွေလုရန်သာ အလုပ်ရှုပ်နေကာ သူမကို အရေးစိုက်ရန် အချိန်မရှိခဲ့ကြပေ။
သူမ၏ ဦးလေးနှင့် ဒေါ်လေးတို့မှာ မိဘများ၏ နာရေးကိစ္စများကို စီစဉ်ရာတွင် အလုပ်ရှုပ်နေခဲ့ပြီး ထိုကောင်လေး တစ်ယောက်တည်းကပဲ သူမ၏ ငိုကြွေးသံများကို နားထောင်ပေးကာ သူမကို ခေါ်သွားရန် ဆန္ဒရှိခဲ့သည်။
ထို့ကြောင့် သူမက သူမ၏ အဖိုးတန်ဆုံးအရာကို သူ့အား ပေးခဲ့ပြီး ယုံရွှယ်ဂိတ်တံခါးဆီသို့ သူမကို ခေါ်သွားပေးရန် အထပ်ထပ် ကတိတောင်းခဲ့သည်။
သို့သော် နောက်တစ်နေ့တွင် ထိုကောင်လေးက အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
၎င်းက သူမ၏ နုနယ်သော နှလုံးသားလေးကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
သူ ထွက်သွားမှန်း သိပြီးနောက် သူမ အပြင်းအထန် ဖျားနာခဲ့ကာ သခင်မကျန်းက သူမကို စုမိသားစုထံ ခေါ်လာချိန်အထိ ပြန်မကောင်းခဲ့ပေ။
"သခင်မလေး၊ ဒီမှာ တစ်ယောက်တည်း ဘာတွေ ကြည့်နေတာလဲ"
ပေါင်ချန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
ရွှယ်နင်က ခေါင်းခါလိုက်ပြီး အတိတ်က နာကျင်ဖွယ် အမှတ်တရများထဲမှ ရုန်းထွက်လိုက်ရာ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်။
ပေါင်ချန် အလန့်တကြားဖြစ်သွားပြီး လက်ကိုင်ပုဝါကို ကပျာကယာ ထုတ်ပေးလိုက်သည်။
"သခင်မလေး၊ ဘာလို့ ငိုနေတာလဲ"
ရွှယ်နင်က ဘာမှမတတ်နိုင်သည့်အလား ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ အတိတ်ကကိစ္စတွေ တွေးမိပြီး နည်းနည်း ဝမ်းနည်းသွားလို့ပါ"
ပေါင်ချန်က စပ်စုချင်စိတ်ဖြင့်-
"သခင်မလေးက အဲဒီ သက်ရှည်သော့ခလောက်လေးကို သတိရသွားတာလား"
ရွှယ်နင်က ခေါင်းညိတ်လိုက်သည်။
"အင်း"
ပေါင်ချန်၏ မျက်လုံးများ အရောင်လက်သွား၏။
"ဒါဆို သခင်လေးကို အဲဒါပေးခဲ့တာ တကယ်ပဲ သခင်မလေးပေါ့!"
ရွှယ်နင်က ဖွဖွလေး ရယ်လိုက်သည်။
"ဟုတ်တယ်၊ ငါ သူ့ကို ပေးခဲ့တာ"
"ဒါဆို သခင်လေး အမြဲတမ်း မြတ်မြတ်နိုးနိုး တန်ဖိုးထားခဲ့ရတဲ့ 'လရောင်ဖြူ' ဆိုတာ သခင်မလေးပေါ့!"
ပေါင်ချန် နည်းနည်း စိတ်လှုပ်ရှားသွားတယ်။
သူမ အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ 'လရောင်ဖြူ' မှာ တကယ်တမ်းကျတော့ သူမရဲ့ သခင်မလေးပဲ ဖြစ်နေတယ်ဆိုတာ တွေးမိသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။
"သခင်မလေးနဲ့ သခင်လေးကြားမှာ ဒီလောက် ရေစက်ပါမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက သခင်မလေးတို့နှစ်ယောက် ပေါင်းဖက်ရမယ့် ကံပါလာတယ်ဆိုတာ သက်သေပြနေတာပဲ။ သခင်လေးသာ တုန်းကျင်းကို စောစောရောက်လာခဲ့ရင် သခင်မလေးလည်း ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ အဲဒီလောက် ဒုက္ခခံခဲ့ရမှာ မဟုတ်ဘူး"
ဟုတ်တယ်၊ အားချဲ့နှင့် သူမရဲ့ ရေစက်က စုကျန်းနှင့် ရေစက်ထက်ပင် ပိုစောခဲ့တာပဲ။
ဒါပေမဲ့ အရင်ဘဝက သူမ စုကျန်းနှင့် လက်ထပ်ခဲ့ရတယ်။ တကယ်တော့ ကံကြမ္မာက ရက်စက်စွာ လှည့်စားတတ်လွန်းတယ်။
အရင်ညက သူမကို ခေါ်သွားမည်ဟု ကတိပေးခဲ့သော်လည်း ထိုအချိန်တုန်းက အားချဲ့ ဘာကြောင့် ပြန်မလာခဲ့တာလဲဆိုပြီး သူမ တွေးနေမိဆဲပင်။
ရွှယ်နင်သည် ခဏမျှ တွေးတောပြီးနောက် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်၏။
အလွန်အကျွံ တွေးတောနေခြင်းက လူ၏ စိတ်အားကို ကုန်ခမ်းစေရုံပဲ ရှိမယ်။
အားချဲ့ ဘာကြောင့် ရုတ်တရက် ထွက်သွားရတာလဲဆိုတဲ့ အဖြေက တစ်နေ့ကျလျှင် ပေါ်လာမည်သာ။
သူတို့က တစ်ညလုံး မအိပ်ဘဲ ဘာမှလည်း အကျိုးရှိတာကို မလုပ်ဖြစ်ခဲ့ပေ၊ ဒီနေ့လည်း သူမ စာရင်းစာအုပ်များကို စစ်ဆေးရဦးမယ်။
ချွန်းချီက စာရင်းစာအုပ်များ ယူလာပေးပြီးနောက် ရွှယ်နင်က စာရေးစားပွဲတွင် ထိုင်ကာ အလုပ်လုပ်လေသည်။
မွန်းတည့်ချိန်တွင် ယောက္ခထီးဖြစ်သူ နယ်စားမင်းက သူမကို အတူ နေ့လယ်စာစားရန် လူလွှတ်၍ ခေါ်ခိုင်းလိုက်၏။
စုန့်ဟယ်ခန်းမသို့ သူမ ရောက်ရှိသွားတဲ့အချိန် သခင်မဝူနှင့် ဝူကျင်းယီတို့ နှစ်ယောက်လုံး ရောက်နေတာကို တွေ့လိုက်ရသည်။
သခင်မဝူ၏ ဘေးတွင် လီချန်လဲ့နှင့် သူမ၏အစ်ကိုအပြင် နာမကျန်းဖြစ်နေပုံရသော လီချန်လင်တို့ ထိုင်နေကြသည်။
သခင်မဝမ် တစ်ယောက်တည်းသာ သိသာစွာ ပျောက်ဆုံးနေလေသည်။
သခင်မဝမ် မရှိသည့်အတွက် လေထုက အများကြီး ပိုမိုပေါ့ပါးလွတ်လပ်နေ၏။
ထမင်းစားနေစဉ် လီလင်းဖုန်းက သူမကို ပိုမိုကျေနပ်အားရစွာ ကြည့်ကာ ထိုရွှေသေတ္တာအပြင် အခြားဆုလာဘ်များ လိုချင်သေးသလားဟု မေးလာသည်။
ရွှယ်နင်က မျက်နှာနီရဲသွားပြီး ခေါင်းခါလိုက်သည်။
"အဖေ၊ မလိုပါဘူး။ အဲဒီရွှေတွေက လုံလောက်တာထက်တောင် ပိုနေပါပြီ"
ဝူကျင်းယီက အနည်းငယ် မော့ကြည့်လိုက်ပြီး နယ်စားမင်းလီက ဒီလောက် ရက်ရောလိမ့်မည်ဟု မထင်ထားသည့်အတိုင်း အံ့သြနေပုံရသည်။
အခြားမိသားစုများတွင် ချွေးမကို ဆုချတယ်ဆိုသည်မှာ ရွှေ၊ ငွေ သို့မဟုတ် လက်ဝတ်ရတနာ အနည်းငယ်ပေးရုံသာဖြစ်ပြီး ရောင်းချလျှင်ပင် ငွေများများစားစား ရမည့်အရာများ မဟုတ်ပေ။
ဒါပေမဲ့ လီမိသားစုကတော့ ရွှေတစ်သေတ္တာလုံး ပေးထားတယ်။
ရွှယ်နင်မှာ အလွန်ချောမောပြီး အရည်အချင်းရှိတဲ့ ခင်ပွန်းရှိရုံမက အခုလည်း ဒီလိုမျိုးရက်ရောတဲ့ ယောက္ခထီး ရှိနေပြန်တယ်။
သူမက မနာလိုမဖြစ်ဘဲ နေနိုင်ပါ့မလား။
ယနေ့ စိတ်ပျော်ရွှင်နေသော လီလင်းဖုန်းက ပြောလာသည်။
"မင်းသာ လီမိသားစုအတွက် ကလေးတစ်ယောက် မွေးပေးနိုင်မယ်ဆိုရင် ဒီထက်ပိုကြီးတဲ့ ဆုလာဘ်တွေ ပေးဦးမှာ။
မှတ်ထားနော်၊ ငါ့ကို မြေးမိန်းကလေး အရင်မွေးပေးရမယ်။ မြေးယောကျ်ားလေးတွေကတော့ နောက်မှပြောတာပေါ့။ မင်းနဲ့ အားချဲ့ ကလေးတွေ အများကြီး မွေးလို့ရပါတယ်။ နောက်ပိုင်း ငါ အနားယူတဲ့အခါ မြေးတွေကို ကူပြီးထိန်းကျောင်း ပညာသင်ပေးမယ်"
"ဟုတ်တယ်!"
လီချန်လဲ့က မျက်လုံးများ ကွေးတက်သွားသည်အထိ ပြုံးလိုက်သည်။
"ယောင်းမ၊ကြိုးစားရမယ်နော်! ကျွန်မတို့ လီမိသားစုမှာ ယောကျ်ားလေးတွေများပြီး မိန်းကလေးတွေက အရမ်းနည်းတယ်။ မိန်းကလေးတွေ တကယ် ထပ်လိုသေးတာ! ကျွန်မ ဆော့ဖို့ တူမလေးတစ်ယောက် မြန်မြန်မွေးပေးပါတော့"
ပုံမှန်အားဖြင့် အမူအရာကင်းမဲ့နေတတ်သော လီချန်ဟိန်၏ ချောမောသောမျက်နှာပေါ်တွင်ပင် သူမအပေါ် လေးစားသည့် အရိပ်အယောင်လေး ပေါ်လာပြီး လက်မထောင်ပြလိုက်သည်။
"ဒီမရီးက တမူထူးခြားတယ်ဆိုတာ ကျွန်တော် အမြဲသိတယ်"
"ယောင်းမတစ်ယောက်တည်းကပဲ ကျွန်မတို့ရဲ့ ရှီဇီကို နိုင်တာ"
လီချန်လဲ့က ဝူကျင်းယီကို တစ်ချက်ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
"အစ်မအားယီ၊ ဟုတ်တယ်မလား"
ဝူကျင်းယီက အနေခက်သော်လည်း ယဉ်ကျေးသည့် အပြုံးမျိုးကို အတင်းဖန်တီးပြုံးလိုက်၏။
"ဟုတ်ပါတယ်၊ သခင်မလေးက တခြားမိန်းမတွေနဲ့ မတူဘဲ သဘာဝအတိုင်း ထူးခြားနေတာပါ"
သို့သော် ပြုံးပြအပြီးတွင် သူမရင်ထဲ၌ မနာလိုမှုနှင့် နာကြည်းမှုများက တိတ်ဆိတ်စွာ ကြီးထွားလာပြီး နွယ်ပင်များလို သူမ၏ နှလုံးသားကို ရစ်ပတ်ကာ မအေးမချမ်း ဖြစ်စေခဲ့သည်။
သူတို့နှစ်ယောက်လုံးက မိန်းမတွေချည်းပဲကို၊ ဘာကြောင့် ရွှယ်နင်က ရှီဇီရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ပြီး သူမကတော့ စာကြည့်ခန်းထဲကနေ မောင်းထုတ်ခံခဲ့ရတာလဲ။ ဘာလို့ ရွှယ်နင်က ရှီဇီနဲ့ ပေါင်းဖက်နိုင်ရုံမက နယ်စားမင်းလီရဲ့ မျက်နှာသာပေးမှုကိုပါ ရနိုင်ရတာလဲ။
မနာလိုမုန်းထားမှု မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းနေသဖြင့် ဝူကျင်းယီမှာ ထိုင်ခုံတွင် ဂနာမငြိမ် ဖြစ်နေ၏။
ရွှယ်နင်ကို သူမ၏ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားစေရန် အစအနမကျန် ဆွဲဖြဲပစ်ချင်စိတ်များပင် ပေါ်လာသည်။
ဝူကျင်းယီ၏ တည်ငြိမ်နေသော အကြည့်များနှင့် ဆုံသောအခါ ရွှယ်နင်က ပြုံးလိုက်သည်။
"သခင်မလေးဝူ ကျွန်မတို့ နယ်စားမင်းအိမ်တော်မှာ နေနေတာ အချိန်အတော်ကြာပြီပဲ။ သင့်တော်တဲ့ အိမ်ထောင်ဖက် တွေ့ပြီလား မသိဘူး"
ဝူကျင်းယီက မျက်မှောင်ကြုတ်သွားပြီး သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။
ရွှယ်နင်က နယ်စားမင်းလီ၏ ရှေ့တွင်ပင် သူမအတွက် အောင်သွယ်ပေးမည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် သူမရင်ထဲတွင် လှောင်ပြောင်လိုက်ပြီး မျက်နှာပေါ်တွင် ဟန်ဆောင်ထားသော နွေးထွေးမှုကိုပင် ဆက်မထိန်းထားနိုင်တော့ပေ။
"မတွေ့သေးပါဘူး။ အားယီ အိမ်တော်ထဲ ရောက်လာကတည်းက သခင်မလေးက အရမ်းအလုပ်ရှုပ်နေတော့ ကျွန်မအတွက် စီစဉ်ပေးဖို့ အချိန်မရသေးတာ နေမှာပါ"
"ဟင်း"
ရွှယ်နင်က ပြုံးလျက် သူမ၏ အမှားကို အမြန်ဝန်ခံလိုက်သည်။
"ဒါက ကျွန်မအမှားပါ။ မနက်ဖြန်ကစပြီး ရှင့်အတွက် ကျွန်မ စီစဉ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
"ရှင်—"
ဝူကျင်းယီ၏ မျက်နှာက မှုန်ကုပ်သွားသည်။
"သခင်မလေး၊ ကျွန်မကို ဒီလောက်ထိ အရှက်ခွဲစရာ မလိုပါဘူး။ မဟုတ်ဘူးလား"
ရွှယ်နင်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး နားမလည်ဟန်ဆောင်ကာ-
"သခင်မလေးဝူ၊ ရှင်းပြပါဦး— ကျွန်မက ရှင့်ကို ဘယ်လိုများ အရှက်ခွဲလိုက်လို့လဲ"
ထမင်းစားဝိုင်း၏ လေထုမှာ အနည်းငယ် တင်းမာသွားသည်။ သခင်မဝူက ဝူကျင်းယီ၏ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒီကိစ္စကို နယ်စားမင်းကပဲ ဆုံးဖြတ်ပေးပါစေ။ ကျွန်မတို့ရဲ့ အားယီအတွက် အဆင့်အတန်းတူတဲ့ မိသားစုက သင့်တော်တဲ့ အိမ်ထောင်ဖက်လေး ရှာပေးပါဦး"
လီလင်းဖုန်းက စစ်သားတစ်ယောက်ဖြစ်သဖြင့် အိမ်တော်တွင်းရှိ မိန်းမများကြားမှ သိမ်မွေ့သော ပဋိပက္ခများကို နားမလည်ပေ။
သခင်မဝူသည် မျက်နှာနှစ်ဖက်ရှိသူ ဖြစ်ပေမယ့် သူမက ဒုတိယညီ၏ တစ်ဦးတည်းသော ဇနီးဖြစ်ပြီး နှစ်ပေါင်းများစွာ ကြိုးစားပမ်းစားဖြင့် လီချန်လဲ့နှင့် လီချန်ဟိန်ကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့တယ်လို့ပဲ သူ ခံစားရသည်။ အတိတ်က အမှားများစွာ လုပ်ခဲ့လျှင်ပင် သူမက လီမိသားစု၏ မျိုးဆက်အတွက် အကျိုးပြုခဲ့သည်။ သူမ၏ အချို့လုပ်ရပ်များကို သူ မနှစ်မြို့သော်လည်း သူမကို ဒုက္ခပေးရန် ရည်ရွယ်ချက် မရှိပေ။
သူမက ပြဿနာများ ထပ်မရှာသရွေ့ သူမနှင့် သူမ၏ ကလေးနှစ်ယောက်ကို သူ ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်၏။
ယခု ရွှယ်နင် မိသားစုထဲသို့ ဝင်ရောက်လာတဲ့အခါ သူက ဒီမိန်းကလေးငယ်အပေါ် အတော်လေး ကျေနပ်နေသည်။
"ဒီကိစ္စကို နင်နင် သဘောအတိုင်း အပြည့်အဝ ဆုံးဖြတ်ခွင့်ပေးလိုက်မယ်"