← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း (၂၅၈) - လူမှန်ကို လက်ထပ်မိခြင်း

"နင်နင် သင့်တော်သလို ဆုံးဖြတ်နိုင်တယ်။ အိမ်တွင်းရေးကိစ္စအားလုံးက မင်းသဘောပဲ။"

ရွှယ်နင်၏ နှလုံးသားလေးမှာ နွေဦးပေါက်စမ်းရေလေးလို နူးညံ့သွားသည်။ သူမက ထိုအမျိုးသား၏ ဖြောင့်စင်းနေသော နှာတံကို သတိထားကာ အကဲခတ်လိုက်သည်။

"ဒုတိယအဒေါ်ရဲ့ မျက်နှာကို ထောက်ထားပြီး မိန်းကလေးဝူအတွက် အဆင့်အတန်းတူတဲ့ မိသားစုတစ်ခုကိုတော့ ရှာပေးရဦးမယ်။ ကျွန်မက တုန်းကျင်းက မိသားစုတွေအကြောင်း သိပ်မသိတော့ ကျွန်မရွေးလို့ရအောင် စာရင်းတစ်ခုလောက် ပြင်ပေးနိုင်မလား"

"ကိုယ် ဖူရှန်းကို ပြင်ခိုင်းလိုက်မယ်။ ဒီနေ့လည်း မိုးချုပ်နေပြီဆိုတော့ မနက်ဖြန်မှပဲ ကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် သိပ်မပင်ပန်းစေနဲ့"

"အင်း..."

ရွှယ်နင်၏ မျက်နှာလေးမှာ နီမြန်းနေပြီး အသံလေးမှာ တုန်ယင်ကာ သနားစဖွယ်ဖြစ်နေသည်။

"အားချဲ့.. ဖြည်းဖြည်းလုပ်ပါ"

လီချန်ချဲ့က တစ်စုံတစ်ယောက်၏ဒဏ်ရာများကို ဒီလောက်အထိ အလေးအနက်ထားပြီး တစ်ခါမှ မကုသပေးဖူးချေ။ သူ့ဘဝတစ်လျှောက်လုံးရှိ သည်းခံနိုင်စွမ်းအားလုံးကို ရွှယ်နင်အတွက်သာ ပေးအပ်ထားခြင်းဖြစ်သည်။

မိန်းမပျိုလေးတစ်ယောက်က ဒီလောက်ထိ နုနယ်ပြီး သူက ဒီလောက်ထိ ကြမ်းတမ်းရိုင်းစိုင်းလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

မိန်းကလေးအတွက် ဆေးလူးပေးပြီးနောက် သူက ရင်နာစွာဖြင့် သူမကို ရင်ခွင်ထဲပွေ့ဖက်ထားပြီး နဖူးလေးကို နမ်းရှိုက်လိုက်သည်။

"ကိုယ့်အမှားပါ။ အခုကစပြီး သေချာအနားယူပါ။ မင်းကို ကိုယ် မထိတော့ဘူး"

မထိတော့ဘူးဟု ပြောနေသော်လည်း သူ့လက်ကြီးက သူမခါးရှိ အသားစိုင်နုနုလေးကို ဆက်လက်ပွတ်သပ်နေဆဲပင်။

ပွတ်သပ်ရုံနှင့် မလုံလောက်သေးဘဲ ထိုအမျိုးသားက သူမ၏နှာခေါင်းလေးကို ထပ်မံနမ်းရှိုက်ရန် မဆိုင်းမတွပင် လုပ်ဆောင်လိုက်သည်။

ရွှယ်နင်က နှာခေါင်းလေးကို တွန့်လိုက်သည်။

အမျိုးသားထံမှ ထွက်ပေါ်လာသော ထင်းရှူးနံ့သင်းသင်းလေးကြောင့် သူမခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရ၏။

"နင်နင်.. မင်းကိုယ်လုံးလေးက တအားမွှေးတာပဲ"

လီချန်ချဲ့က ထပ်မံငုံ့ကိုင်းကာ သူမ၏နှာခေါင်းလေးမှတစ်ဆင့် နှုတ်ခမ်းများဆီသို့ နမ်းရှိုက်လိုက်သည်။

သူ၏နက်ရှိုင်းသော မျက်လုံးများထဲတွင် ဆွဲဆောင်မှုရှိပြီး ပြင်းပြသော ရမ္မက်ဆန္ဒများ ပြည့်နှက်နေသည်။

ရွှယ်နင်က တိုးညှင်းစွာ ညည်းတွားလိုက်ပြီး သူ့ရင်ခွင်ထဲသို့ မှီချလိုက်စဉ် အသက်ရှူသံများ မြန်ဆန်လာသည်။ ကလေးအကြောင်းကို မေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူမ မမေးနိုင်ခဲ့ပေ။

သို့သော် ထိုညက ကုတင်ပေါ်တွင် သူမ အိပ်ပျော်နေစဉ် သူက သန္ဓေတားပုတီးစေ့ကို ဖယ်ရှားလိုက်၏။

နောက်နေ့မနက်တွင် ဖူရှန်းက တုန်းကျင်းရှိ ထင်ရှားသော မိသားစုများ၏ စာရင်းကို ရွှယ်နင်ထံသို့ ရိုသေစွာ တင်ပြလိုက်သည်။

ရွှယ်နင်က စာရွက်အနည်းငယ်ကို သေချာလှန်လှောကြည့်နေစဉ် ဖူရှန်းက ပြုံး၍ ပြောလာသည်။

"ရှီဇီက မိန်းကလေးဝူကို အပြင်ဘက်ခြံဝန်းဆီ ပြောင်းရွှေ့ဖို့ အမိန့်ပေးပြီးပါပြီ။ သခင်မလေးက သူ(မ)အတွက် သတို့သားလောင်း ရွေးချယ်ပြီးတာနဲ့ မင်္ဂလာရှိတဲ့နေ့မှာ လက်ထပ်ပေးလိုက်လို့ ရပြီ။ ဒုတိယသခင်မက သူ(မ)အတွက် လာတောင်းဆိုရင်တောင် သခင်မလေးအနေနဲ့ လျစ်လျူရှုထားလိုက်လို့ ရပါတယ်"

ရွှယ်နင် အနည်းငယ် အံ့အားသင့်သွားပြီး အံဩတကြီး မေးလိုက်သည်။

"မိန်းကလေးဝူ ပြောင်းသွားပြီလား"

"ဟုတ်ကဲ့၊ ဒီမနက်စောစောကပဲ ပြောင်းသွားပါပြီ"

ဖူရှန်းက နောက်ပြောင်လိုက်သည်။

"ရှီဇီက သခင်မလေး သူ့အတွက် သဝန်တိုတာကို မြင်ရတာ သဘောကျပေမယ့် အရေးမပါတဲ့လူတွေကြောင့် ဒေါသထွက်နေရတာကိုတော့ မကြည့်ရက်ဘူးလို့ ပြောပါတယ်"

ထိုစကားကို ကြားတဲ့အခါ ရွှယ်နင်၏ မျက်နှာလေး နီမြန်းသွားသည်။

ထိုအမျိုးသားက သူမကို အရာရာတိုင်းမှာ ဘယ်လောက်အထိ ထည့်သွင်းစဉ်းစားပေးကြောင်း တွေးမိတဲ့အခါ သူမ ပြုံးမနေဘဲ မနေနိုင်တော့ပေ။

သူမရဲ့ မိဘများ ကွယ်လွန်သွားပြီးကတည်းက သခင်မကျန်းမှလွဲပြီး ဘယ်သူက သူမကို ဒီလိုမျိုး တန်ဖိုးထား မြတ်နိုးခဲ့ဖူးသလဲ။

သခင်မကျန်းပင်လျှင် ကိုယ့်သားသမီးနှစ်ယောက်အတွက်နှင့် တချို့အချိန်များမှာ သူမကို လျစ်လျူရှုထားခဲ့ဖူးတယ်။

ရွှယ်နင်၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ မျက်လုံးများ ပူနွေးကာ စိုစွတ်လာသည်။

ဒီတစ်ကြိမ်တော့ သူမ တကယ်ပဲ လူမှန်ကို လက်ထပ်မိခဲ့ပြီ ထင်တယ်။

အခုမှစပြီး အရင်ဘဝကလို အကြောက်တရားတွေနဲ့ သူမ ဆက်လက် ရှင်သန်နေတော့မှာ မဟုတ်ဘူး။

သူမ နေ့စဉ် အသေးအဖွဲကိစ္စများအတွက် ပူပန်နေစရာ မလိုတော့ဘူး။

ခင်ပွန်းဖြစ်သူ၏ အေးစက်စက်ဆက်ဆံမှုကို ကြောက်ရွံ့နေစရာလည်း မလိုတော့ချေ။

ဝေးလံတဲ့ အရပ်သို့ အပို့ခံရမှာကိုလည်း စိုးရိမ်နေစရာ မလိုတော့ပြီ။

တုန်းကျင်းသို့ ပြန်မလာရတော့မည့် အခြေအနေမျိုးလည်း ရှိတော့မှာ မဟုတ်ဘူး။

ဤအချက်များကို တွေးတောရင်း သူမက မိဘများနှင့် အစ်ကိုဖြစ်သူတို့၏ ကဗ္ဗည်းတိုင်များကို ကျန့်ကော်ဘုရားကျောင်းမှ ပြန်ယူရန် မင်္ဂလာရှိသောရက်ကောင်းတစ်ခုကို ရှာဖွေဖို့ စိတ်ကူးလိုက်မိသည်။

...

နောက်ရက်အနည်းငယ်တွင် လီချန်ချဲ့သည် အမှုကိစ္စများကို စုံစမ်းစစ်ဆေးရန်အတွက် စောစီးစွာ ထွက်ခွာပြီး ညဉ့်နက်မှသာ ပြန်လာတတ်၏။

ရွှယ်နင်သည် လွတ်လပ်မှုကို ခံစားနေရပြီး သူမ၏ခန္ဓာကိုယ်မှာလည်း အကောင်းပကတိ ပြန်လည်ကောင်းမွန်လာသည်။

ဆယ့်ငါးရက်နေ့ နီးကပ်လာတာကို မြင်တဲ့အခါ ရွှယ်နင်သည် ဝေ့မိသားစုထံသို့ တစ်ရက်စော၍ ဖိတ်စာပို့လိုက်ပြီး ဝေ့ကျန့်ယန်အား အပြင်ထွက်၍ အပျော်ခရီးထွက်ရန် ဖိတ်ခေါ်လိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် ရွှယ်နင်သည် လုစစ်လင်ကို ခေါ်ဆောင်ကာ ဝေ့မိသားစုထံသို့ ဦးစွာ သွားရောက်ခဲ့သည်။

ပညာရှိအမတ်ကြီးဝေ့သည် ဖြောင့်မတ်သော သူတစ်ဦးဖြစ်ပြီး ရိုးဖြောင့်သည့်အရာရှိများထဲတွင် ဦးဆောင်သူတစ်ယောက်ဖြစ်ရာ တရားဝင်ကိစ္စများဖြင့် အလုပ်ရှုပ်နေသည်မှာ ထူးဆန်းတာ မဟုတ်ပေ။

သခင်မလင်သည် တည်ငြိမ်အေးဆေးသူဖြစ်ပြီး လူငယ်များလို တက်ကြွမှုမရှိသဖြင့် မလိုအပ်ဘဲ ရှုပ်ယှက်ခတ်နေတာကို မနှစ်သက်ချေ။

သို့သော် ရွှယ်နင်က ကိုယ်တိုင်ဦးစီးပြီး လာရောက်လည်ပတ်ခြင်းဖြစ်၍ သူမကိုယ်တိုင် ပန်းခန်းမဆောင်တွင် ဧည့်ခံခဲ့သည်။

လုစစ်လင်သည် သခင်မလင်၏ ဘယ်ဘက်အောက်နားရှိ ကုလားထိုင်တွင် ခါးဆန့်၍ ထိုင်နေပြီး ဝေ့ကျန့်ယန်၏ မျက်နှာကို ခိုးကြည့်နေသည်။

ဝေ့ကျန့်ယန်ကမူ အစအဆုံး တစ်ခါမျှပင် သူ့ကို မကြည့်ဘဲ အစပိုင်းတွင် ယဉ်ကျေးမှုအရ ခေါင်းငြိမ့်နှုတ်ဆက်ရုံသာ လုပ်ဆောင်၏။

သခင်မလင်သည် လုစစ်လင်အပေါ် အတော်လေး ယဉ်ကျေးမှုပြသပြီး လက်ဖက်ရည် တည်ခင်းကာ သူ့၏လက်ရှိရာထူးအကြောင်း မေးမြန်းစကားပြောဆိုသည်။

နက်ပြာရောင် စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လုစစ်လင်သည် ခန့်ညားသော အရှိန်အဝါရှိသော်လည်း အလွန်အမင်း တည်ကြည်သော အမူအရာဖြင့်သာ ပြန်လည်ဖြေကြားသည်။

လင်မိသားစုသည် မျိုးရိုးစဉ်ဆက် စာပေပညာရှင်များဖြစ်ကြပြီး ပညာရှိအမတ်ကြီးအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာပြီးနောက်ပိုင်း စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ထိတွေ့ဆက်ဆံမှု အလွန်နည်း၏။

လုစစ်လင်၏ ရဲရင့်ပြတ်သားပြီး စစ်သည်တော်ဆန်သော ပုံစံကို ကြည့်ရုံနှင့်ပင် သခင်မလင်မှာ မနှစ်မြို့သလို ဖြစ်နေသည်။

ရွှယ်နင်နှင့်သာ ဆက်စပ်မှုမရှိလျှင် ဤစစ်သူကြီးလုကို သူမ သဘောကျမည် မဟုတ်ပေ။

အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် သူမက ရွှယ်နင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"နင်နင်.. သမီးတို့ သူငယ်ချင်းတွေ အပြင်သွားပြီး ပျော်ပါးခဲ့ကြပါ။ ဒါပေမဲ့ စောစောပြန်ခဲ့ပါ၊ သမီးကြိုက်တဲ့ ဆန်မုန့်လုံးတွေနဲ့ မုန့်အချို့ကို သမီးတို့အတွက် ပြင်ဆင်ထားပေးမယ်"

ရွှယ်နင်သည် ဝေ့ကျန့်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ တည်ငြိမ်စွာ ပြုံးပြပြီး ပြောလိုက်သည်။

"သခင်မ..... ကျွန်မတို့နဲ့အတူ လိုက်ပါလား။ ထုံရှင်းလမ်းမှာ အပ်ချုပ်ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားမိတယ်၊ အတော်လေး စည်ကားတယ်တဲ့"

သခင်မလင်က တုံ့ဆိုင်းနေသည်။

ဝေ့ကျန့်ယန်က သူမ၏ မိခင်လက်ကို အမြန်ဆွဲကိုင်ကာ ခါယမ်းလိုက်သည်။

"ဟုတ်ပါတယ် အမေ။ ဒီနေ့ နွေဦးရာသီရဲ့ ရှုခင်းတွေက တကယ်လှတာပါ။ အမေအရင်က အပြင်သွားချင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ငြင်းနေတာလဲ။ ပြီးတော့ မကြာခင်မှာ သမီးက အစ်ကိုစုယွီနဲ့ လက်ထပ်တော့မှာဆိုတော့ မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်း မပြင်ရသေးဘူးလေ။ ဒီနေ့ လိုက်ကြည့်ရင်း ဝယ်ကြတာပေါ့"

လုစစ်လင်၏ နက်မှောင်သော မျက်လုံးများမှာ အနည်းငယ် ပွင့်ဟလာပြီး ဝေ့ကျန့်ယန်၏ နှင်းဆီရောင် ပါးပြင်ဆီသို့ အကြည့်ရောက်သွားသည်။

သူ့အမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ မျက်ခုံးနှစ်ခုကြားတွင် မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့မည့် အလားပင်။

အစ်ကိုစုယွီနဲ့ လက်ထပ်မယ် ဟုတ်လား။

သူမက ထိုစုယွီကို ဒီလောက်အထိ ချစ်ခင်မြတ်နိုးနေမှန်း သူ အရင်က ဘာလို့ မရိပ်မိခဲ့ပါလိမ့်။

ပြီးတော့ သူမက "အစ်ကို" ဟု ခေါ်ဆိုလိုက်ပုံမှာလည်း အလွန်ချောမွေ့သဘာဝကျလှသည်။

လုစစ်လင်၏ ရင်ဘတ်ထဲတွင် ရှင်းပြ၍မရနိုင်သော ဒေါသတရားတို့ ပွက်လောရိုက်လာ၏။

သို့သော်လည်း ယနေ့အတွက် ရည်ရွယ်ချက်ကို သူ ပြန်သတိရလိုက်သည်။ ရွှယ်နင်၏ သတိပေးချက်အတိုင်း သခင်မလင်ရှေ့တွင် မလိုအပ်သောစကား တစ်ခွန်းမျှ မပြောမိစေရန် သူ ထိန်းချုပ်လိုက်သည်။

လုစစ်လင်သည် ရင်ထဲတွင် တရိပ်ရိပ်တက်လာသော သဝန်တိုမှုများကို ဖိနှိပ်ထားရင်း နှုတ်ခမ်းထောင့်မှ အဓိပ္ပာယ်မဖော်နိုင်သော အပြုံးတစ်ချက်ကိုသာ ပြုံးလိုက်သည်။

ဝေ့ကျန့်ယန်သည် မိခင်ဖြစ်သူရှေ့တွင် လုစစ်လင်ကို မကြည့်ရဲဘဲ သခင်မလင်ကိုသာ အာရုံစိုက်နေသဖြင့် ထိုအမျိုးသား၏ မျက်လုံးထဲမှ မုန်တိုင်းထန်နေသော အတွင်းစိတ်ကို မရိပ်မိခဲ့ချေ။

"ဒီနေ့တော့ အလုပ်ကိစ္စ မရှိပါဘူး၊ ဒါပေမဲ့..."

"အမေ.. သမီးနဲ့အတူ လိုက်ခဲ့ပေးပါနော်။ နင်နင်လည်း ရှိနေတာပဲ၊ သူ(မ)အပြင်ထွက်ဖြစ်တာကလည်း ရှားပါးတာမို့ပါ။ သူ(မ)အမေ ကွယ်လွန်သွားကတည်းက အမေ သူ(မ)ကို အပြင်ခေါ်မသွားပေးတာ ကြာပြီလေ"

သခင်မလင်သည် ရွှယ်နင်အပေါ် သနားကြင်နာသည့်စိတ် ရှိသူဖြစ်၏။

သူမက တိတ်ဆိတ်စွာ ထိုင်နေသော လုစစ်လင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ရွှယ်နင် ရှိနေပေမယ့် လုစစ်လင်က ဘယ်လိုပဲဖြစ်ဖြစ် သူစိမ်းယောက်ျားတစ်ယောက် ဖြစ်နေတယ်။

ခဏမျှ စဉ်းစားပြီးနောက် သူမက ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီ၊ အမေ သမီးတို့နဲ့အတူ လိုက်ခဲ့ပါ့မယ်"

ဝေ့ကျန့်ယန်သည် သူမအကြံအောင်မြင်သွားသဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရွှယ်နင်ကို လျှာလေးထုတ်ကာ နောက်ပြောင်လိုက်သည်။

ရွှယ်နင်လည်း အပြုံးတစ်ခုကို ဖန်ဆင်းကာ ရှေ့သို့တိုးပြီး သခင်မလင်၏ လက်မောင်းကို တွဲလိုက်သည်။

"သခင်မ.. သွားကြရအောင်"

အဖွဲ့လိုက် ဝေ့အိမ်တော်မှ ထွက်ခွာလာပြီး ရထားလုံးပေါ်သို့ တက်ကြသည်။

လုစစ်လင်သည် မြင်းကိုတစ်ယောက်တည်းစီးကာ ရထားလုံးဘေးမှ ထိန်းကျောင်းလိုက်ပါလာသည်။

လူကြီးမိဘရှိနေသဖြင့် ဝေ့ကျန့်ယန်မှာ ခရီးတစ်လျှောက်လုံး တောင့်တင်းနေခဲ့သည်။

သူမက မလျော်ကန်သော အပြုအမူမျိုး တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘဲ လုစစ်လင်ကို တစ်ချက်မျှပင် ခိုးမကြည့်ခဲ့သလို စကားတစ်ခွန်းမျှလည်း မပြောခဲ့ချေ။ သို့သော် သူမ၏ ရင်ထဲတွင်မူ သမင်လည်ပြန် လန့်နေသလိုမျိုး ဂယောက်ဂယက်ဖြစ်ကာ မိခင်ဖြစ်သူ တစ်ခုခု ရိပ်မိသွားမှာကို စိုးရိမ်နေမိ၏။

ဒါပေမဲ့လည်း သူမက မကြာမီ စုယွီနှင့် မင်္ဂလာကိစ္စများကို ဆွေးနွေးရတော့မယ်။

ဤထိမ်းမြားလက်ထပ်မည့်အစီအစဉ်ကို အမြန်ဆုံး မဖျက်သိမ်းပါက သူမ စိတ်အေးနိုင်မည် မဟုတ်ပေ။

All Chapters