← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) မိန်းကလေးယွင်

ရထားလုံးအတွင်း၌ ရွှယ်နင်သည် သခင်မနှင့် စကားတပြောပြောဖြစ်နေသည်။ ဝေ့ကျန့်ယန်ကတော့ ရထားလုံးပြတင်းပေါက်ကို မှီကာ ပျင်းရိပျင်းတွဲဖြင့် ရှိနေလေသည်။

ဝေ့မိသားစု ရထားလုံး၏ ကန့်လန့်ကာများကို ပိုးသားဖြင့် ပြုလုပ်ထားပြီး မက်ဂနိုလီယာပန်းများ ထိုးချယ်ထားသည်။ နွေးထွေးသော စတုတ္ထလ၏ လေပြေလေညင်းများကလည်း တသိုက်သိုက် တိုက်ခတ်နေ၏။

လမ်းမထက်တွင် ဆူညံသော စကားသံများ၊ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် စည်ကားသက်ဝင်လျက်ရှိသည်။

သူမက အပြင်ဘက်သို့ တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။ ပထမဆုံး မြင်လိုက်ရတာက နေရောင်အောက်တွင် ပေါ်လွင်နေသော ထိုအမျိုးသား၏ အလွန်ချောမောခန့်ညားသည့် ရုပ်ဆင်းသွင်ပြင်ပင်။

သူက အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်း ရှိလှပြီး ခါးတွင် ငွေထုပ်လေးတစ်ခုကို ချိတ်ဆွဲထားကာ သူ၏ဟန်ပန်မှာ မြင့်မြတ်သလို လွတ်လပ်ပေါ့ပါးနေသည်။ ရှည်လျားသောလည်တိုင်၊ ဖြောင့်စင်းသောနှာတံ၊ ပါးလျသောနှုတ်ခမ်းနှင့် နေရောင်အောက်တွင် တောက်ပနေသယောင်ရှိသော ကြည့်ကောင်းလှသည့် မျက်နှာကျတို့မှာ ရင်သပ်ရှုမောဖွယ်ကောင်းသည်။

သူမ အရင်က မြင်ဖူးခဲ့တဲ့ ကြမ်းတမ်းသည့် စစ်ဗိုလ်စစ်သူကြီးများနှင့် လုံးဝမတူဘဲ၊ သူက သီးခြားဆန်သော ယဉ်ကျေးသိမ်မွေ့မှုနှင့် တက်ကြွသော ယုံကြည်မှုမျိုးကို ပိုင်ဆိုင်ထားသည်။

သူမ၏မိခင်က စစ်ဘက်ရေးရာလူများကို မနှစ်မြို့သော်လည်း လုစစ်လင်ကတော့ အလွန်ကွာခြားတယ်လို့ သူမ ခံစားရ၏။

လုစစ်လင် ခေါင်းလှည့်လာသောအခါ သူ၏ ထင်ရှားပြတ်သားပြီး ချောမောသော မျက်နှာမှာ ပို၍ပင် ပေါ်လွင်တောက်ပလာသည်။

တိရစ္ဆာန်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြူမည်းကွဲပြားပြီး ကြည်လင်နေသော မိန်းကလေး၏ မျက်လုံးများနှင့် ဆုံမိသောအခါ သူ၏ပါးလျသော နှုတ်ခမ်းများက အနည်းငယ်ကွေးတက်သွားပြီး အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံလေး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ကိုယ်က ကြည့်ကောင်းတယ်လို့ ထင်နေတာလား"

ဝေ့ကျန့်ယန်သည် နှာခေါင်းရှုံ့ကာ လျှာထုတ်ပြပြီး မျက်နှာပြောင်လိုက်သည်။

"အရှက်မရှိဘူး"

လုစစ်လင်သည် စိတ်အာရုံကြည်လင်နေပြီး ဝေ့ကျန့်ယန်ကို စနောက်ရတာကို အနှစ်သက်ဆုံးဖြစ်၏။

ပြတင်းပေါက်နားတွင် ကြောင်ကလေးတစ်ကောင်လို ကပ်နေသော သူမကို ကြည့်ရင်း သူ၏အင်္ကျီလက်ပွထဲမှ ထုပ်ထားသော မုန့်တစ်ခုကို ထုတ်လိုက်သည်။

"စားမလား"

"လုံးဝမစားဘူး"

"ဒါဆိုလည်း လွှင့်ပစ်လိုက်တော့မယ်"

"မလုပ်—"

"စိတ်မပူပါနဲ့၊ မင်းအတွက် သီးသန့်ချန်ထားတာပါ။ မင်းကိုပဲ ခွံ့ကျွေးမှာပါ"

သူတို့၏ စကားပြောဆိုမှုမှာ အသံတိတ်ဖြစ်နေသော်လည်း အကြည့်ချင်းဆုံလိုက်ရုံဖြင့် စကားလုံးပေါင်း ထောင်သောင်းမက ဖုံးကွယ်ထားသကဲ့သို့ ရှိလေသည်။

လုစစ်လင်က ပြုံးလျက် မုန့်ကို အင်္ကျီထဲသို့ ပြန်ထည့်လိုက်ပြီး မိန်းကလေးဆီသို့ နက်နဲကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဝေ့ကျန့်ယန်က တစ်ချက်သာ ကြည့်လိုက်ပြီးနောက် မျက်နှာရဲလာကာ မျက်လွှာကို ညင်သာစွာ ချလိုက်သည်။

သခင်မလင်သည် တိတ်ဆိတ်နေသော ဝေ့ကျန့်ယန်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း သူမ၏သမီးက ဒီနေ့ အနည်းငယ်ထူးခြားနေတယ်လို့ ခံစားမိသည်။

သို့သော်လည်း ရွှယ်နင်က ယန်ယန်နှင့် စုမိသားစု၏ လက်ထပ်ရေးကိစ္စကိုသာ ဆက်တိုက်ပြောနေသဖြင့် သူမလည်း စကားဝိုင်းသို့ အာရုံပြန်လှည့်လိုက်ရပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"စုယွီရဲ့ အနာဂတ်အလားအလာက သူ့အစ်ကိုလောက် မကောင်းတာ မှန်ပေမယ့် အဲဒါက ပြဿနာကြီးတော့ မဟုတ်ပါဘူး။ ယန်ယန် သူ့ကို လက်ထပ်လိုက်တာနဲ့ ငါတို့မိသားစုက အများကြီး ထောက်ပံ့ပေးမှာပါ။ သူက ယန်ယန်အပေါ် ကောင်းကောင်းဆက်ဆံပြီး ကလေးစောစောရမယ်ဆိုရင် လင်မိသားစုကလည်း အချိတ်အဆက်တွေလုပ်ပြီး သူ့ကို တော်ဝင်ကျောင်းတော်မှာ အရင်နေရာရအောင် လုပ်ပေးမှာပါ"

ရွှယ်နင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"သခင်မက တကယ်ကို တွေးတတ်တာပါပဲ။ စုယွီက ယန်ယန့်အပေါ် ရိုးရိုးသားသား ဆက်ဆံဖို့ပဲ မျှော်လင့်ပါတယ်"

"အဲဒီတစ်ချက်အတွက်တော့ ငါ စိတ်မပူပါဘူး"

သခင်မလင်က ရယ်မောရင်း ပြောလေသည်။

"သူတို့က ငယ်ငယ်လေးကတည်းက သိလာကြတာလေ။ မစေ့စပ်ခင်ကတည်းက စုယွီက ဝေ့မိသားစုဆီကို ရက်အနည်းငယ်ခြားတစ်ခါ လာတတ်ပြီး ယန်ယန့်အတွက် စားစရာဖြစ်ဖြစ်၊ လက်ဝတ်ရတနာဖြစ်ဖြစ် ယူလာပေးတတ်တာ။ တစ်နေ့ကဆို မိုဟယ်ရုပ်လေးတောင် ပို့ပေးလိုက်သေးတယ်။ ယန်ယန်က သူ့အခန်းထဲမှာ အဲဒီအရုပ်လေးနဲ့ ဆော့နေတာ ရက်တော်တော်ကြာတယ်။ စုယွီက ဒုတိယအိမ်တော်ရဲ့ တရားဝင်သားဖြစ်နေပေမယ့် သူက ယန်ယန့်ကို တကယ်ချစ်နေသရွေ့တော့ ငါတို့ ဝေ့မိသားစုက သူ့ကို ဘယ်ကိစ္စအတွက်နဲ့မှ အထင်သေးမှာ မဟုတ်ပါဘူး"

ရွှယ်နင်က ဘာမှပြန်မငြင်းဘဲ တည်ငြိမ်အေးချမ်းသော အမူအရာဖြင့် အပြုံးဖျော့ဖျော့လေးသာ ပြုံးနေလိုက်သည်။

မကြာမီတွင် သူတို့သည် ထုံရှင်းလမ်းကြားသို့ ရောက်ရှိလာကြသည်။

(T/N-ရှေ့မှာ တုန်းရှင်းလို့ ရေးထားမိပါတယ်။ပြင်ထားလိုက်ပါတယ်)

ရထားလုံးသည် ကျယ်ဝန်းသော လမ်းထောင့်တစ်ခုမှ ကွေ့ကာ ထုံရှင်းလမ်းကြားအဝသို့ ဝင်ရောက်သွား၏။

ဤနေရာသည် လူစည်ကားပြီး သက်ဝင်လှုပ်ရှားနေသည်။ တစ်ဖက်လမ်းတွင် အပ်ချုပ်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပြီး ထိုဆိုင်မှာ အထည်အလိပ်ကောင်းများ ရောင်းချခြင်းနှင့် ကျွမ်းကျင်သော ပန်းထိုးသမားများ ရှိခြင်းကြောင့် နာမည်ကြီးလေသည်။

မင်းမျိုးမင်းနွယ်နှင့် အထက်တန်းလွှာမိသားစုများမှ သခင်မများနှင့် သခင်မလေးများစွာသည် ဤနေရာသို့ လူလွှတ်ကာ ပန်းထိုးအထည်သစ်များ လာရောက်အပ်နှံတတ်ကြ၏။

ရွှယ်နင်နှင့် ဝေ့ကျန့်ယန်တို့က သခင်မလင်အား ရထားလုံးပေါ်မှဆင်းရန် တစ်ဖက်တစ်ချက်စီမှ တွဲကူပေးလိုက်ကြသည်။ သူတို့ အပ်ချုပ်ဆိုင်အဝသို့ မရောက်မီမှာပင် ကြော့ရှင်းသော မိန်းမပျိုလေးတစ်ဦးက သူမ၏အစေခံမလေးနှင့်အတူ ဆိုင်ထဲမှ ထွက်လာတာကို မြင်လိုက်ရသည်။

ဆိုင်တာဝန်ခံသည် တံခါးဝတွင် ရပ်လျက် ထိုမိန်းမပျိုလေးနှင့် စကားပြောနေဆဲဖြစ်၏။

"မိန်းကလေးယွင်၊ မနက်ဖြန်တော့ ပန်းထိုးအထည်တွေကို နည်းနည်းစောစော လာပို့ပေးပါနော်။ သခင်မတွေ အများကြီးက မိန်းကလေးရဲ့ လက်ရာကို စောင့်နေကြတာ။ အခုတလော ကျုပ်တို့ဆိုင် အရောင်းအဝယ်ကောင်းနေတာ မိန်းကလေးရဲ့ လက်ရာတွေကြောင့်ပါပဲ"

"ဒီနေ့က ကျွန်မ သခင်မလေးရဲ့ မွေးနေ့ဆိုတော့ ဆိုင်မှာ အကြာကြီး မနေတော့ပါဘူး။ လိုက်ပို့စရာ မလိုပါဘူး တာဝန်ခံကြီး"

"ဟာဟားဟား... စေ့စပ်ထားတဲ့သူ ရောက်နေလို့ ထင်ပါရဲ့။ ဒါဆိုရင်လည်း ဒီနေ့တော့ ထပ်မဆွဲထားတော့ပါဘူးလေ"

"ကျေးဇူးတင်ပါတယ် တာဝန်ခံကြီး"

မိန်းကလေးယွင်သည် မျက်နှာဖုံးဇာပုဝါကို တပ်ဆင်ထားသဖြင့် သူမ၏ အစစ်အမှန်ရုပ်ရည်ကို သဲကွဲစွာ မမြင်ရပေ။ သူမက ခပ်ဖွဖွလေး အရိုအသေပေးလိုက်ပြီးနောက် အစေခံမလေးနှင့်အတူ ထွက်ခွာသွားလေသည်။

သခင်မလင်က ထိုမိန်းမပျိုလေးရဲ့ ကျောပြင်ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ဆိုင်တာဝန်ခံ၏ နွေးထွေးစွာ ကြိုဆိုမှုဖြင့် ဆိုင်ထဲသို့ ဝင်သွားသည်။

သခင်မလင်၏ ဝတ်စားဆင်ယင်မှုမှာ ကျက်သရေရှိပြီး သိမ်မွေ့လှသဖြင့် ချမ်းသာကြွယ်ဝသော အိမ်တော်မှ သခင်မတစ်ပါးဖြစ်ကြောင်း ထင်ရှားနေသည်။

သူမဘေးရှိ မိန်းမပျိုလေးနှစ်ဦးကို ကြည့်လိုက်လျှင်လည်း တစ်ဦးချင်းစီတိုင်းက ထူးချွန်ပြောင်မြောက်သော အလှအပနှင့် မွန်မြတ်သော ဟန်ပန်များ ရှိနေကြသည်။ ယနေ့တော့ အရေးကြီးသော ဖောက်သည်များ ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဆိုင်တာဝန်ခံ၏ မျက်နှာမှာ ချက်ချင်းပင် ဝမ်းသာအားရ ပြုံးရွှင်သွားတော့သည်။

သူက ဆိုင်ထဲရှိ အကောင်းဆုံး ပန်းထိုးအထည်များကို အမြန်ထုတ်ကာ ပြသလေသည်။ သခင်မလင်က အလွန်လှပသေသပ်သော တိမ်တိုက်ပုံစံဖော်ထားသည့် ပိုးဖဲသားပေါ်တွင် လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်လိုက်ရာ အသက်ဝင်သော စူးကျိုးပန်းထိုးလက်ရာများကို တွေ့လိုက်ရသည်။

သူမကိုယ်တိုင်က အပ်ချုပ်ပညာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေမယ့် ထိုပန်းထိုးသူ၏ လက်ရာကိုတော့ မချီးကျူးဘဲ မနေနိုင်အောင်ပင် အံ့သြမိသွား၏။

ရွှယ်နင်က ဝေ့ကျန့်ယန်ကို ဘေးသို့ဆွဲခေါ်လိုက်ပြီး နားထဲသို့ စကားအနည်းငယ် တီးတိုးပြောလိုက်သည်။

သူမ၏ ရည်ရွယ်ချက်ကို နားလည်သွားသော ဝေ့ကျန့်ယန်က သခင်မလင်အနားသို့ ချဉ်းကပ်သွားကာ ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်သည်။

"အမေ၊ သမီးရဲ့ မင်္ဂလာဝတ်စုံက ပန်းထိုးဖို့တောင် မစရသေးဘူးလေ။ ဒီဆိုင်က ကျွမ်းကျင်တဲ့ ပန်းထိုးသမားတစ်ယောက်လောက် ရှာပြီး အိမ်တော်ကိုခေါ်ချုပ်ခိုင်းလိုက်ရင် မကောင်းဘူးလားဟင်"

သခင်မလင်ကလည်း ထိုအကြံကို တွေးတောနေခဲ့ခြင်း ဖြစ်သည်။ ဝေ့ကျန့်ယန်ကိုယ်တိုင်က အပ်ချုပ်ပညာတွင် ကျွမ်းကျင်သူဖြစ်ပေမယ့် လက်ထပ်ခြင်းဆိုတာက အရေးကြီးတဲ့ ကိစ္စရပ်ကြီးတစ်ခု ဖြစ်တယ်လေ။

သူတို့ ဒီနေ့ ဒီကိုမလာဖြစ်ခဲ့ရင်တောင်မှ အိမ်တော်မှာ ကူညီပေးဖို့ ယုံကြည်စိတ်ချရတဲ့ ပန်းထိုးသမား နှစ်ယောက်လောက်ကိုတော့ ရှာရမည်သာ။ အခု ဒီကို ရောက်နေပြီဆိုတော့လည်း အကျွမ်းကျင်ဆုံးလူကို ရှာရမည်က သဘာဝပင်။

သို့သော် သူမ စကားမပြောနိုင်ခင်မှာပင် ရွှယ်နင်က သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းများကို ပင့်မော့လိုက်ပြီး ညင်သာစွာ မေးလိုက်သည်။

"တာဝန်ခံကြီး၊ ဒီလက်ကိုင်ပုဝါကို ပန်းထိုးထားတဲ့ မိန်းကလေးက ဘယ်သူများလဲဟင်"

ဆိုင်တာဝန်ခံက ရွှင်လန်းစွာ ပြန်ဖြေလေသည်။

"သခင်မ၊ အဲဒါ မိန်းကလေးယွင်ပါ။ မိန်းကလေးယွင်ရဲ့ လက်ရာက သိပ်ကို သိမ်မွေ့လှပပြီး သူ(မ)ရဲ့ပန်းထိုးပညာကလည်း ပြောင်မြောက်လွန်းတော့ ဒီတစ်ဝိုက်မှာ တော်တော်လေး နာမည်ကြီးပါတယ်ဗျာ။ ဒါပေမဲ့ သူ(မ)ရဲ့ ဈေးနှုန်းတွေကတော့ မနည်းလှဘူး။ သခင်မလေးအတွက် မင်္ဂလာဝတ်စုံ ပန်းထိုးခိုင်းချင်တယ်ဆိုရင်တော့ အနည်းဆုံး ဒီလောက်တော့ ကျသင့်မှာပါ"

ဆိုင်တာဝန်ခံသည် မိန်းကလေးယွင်၏ ကျွမ်းကျင်မှုအပေါ် အလွန်ယုံကြည်မှုရှိကြောင်း ပြသလျက် လက်ငါးချောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ထောင်ပြလိုက်သည်။

ရွှယ်နင်က ပြုံးလိုက်၏။

"ဈေးနှုန်းက ပြဿနာမရှိပါဘူး။ သခင်မကရော ဘယ်လိုထင်လဲ"

"ပန်းထိုးလက်ရာက တကယ်ကို ပြောင်မြောက်လွန်းပါတယ်၊ ငါကိုယ်တိုင်တောင် တော်တော်လေး သဘောကျနေပြီ"

သခင်မလင်သည် သူမလက်ထဲရှိ လက်ကိုင်ပုဝါကို ပွတ်သပ်နေပြီး အောက်ချထားရန်ပင် နှမြောနေမိသည်။

"ဒါပေမဲ့ အဲဒီမိန်းကလေးက ငါတို့အိမ်တော်ကို လိုက်လာဖို့ ဆန္ဒရှိပါ့မလား မသိဘူး"

"မိန်းကလေးယွင် သာမန်နောက်ခံက လာတာပါ။ သင်တို့ဘက်က ဈေးသာ ပေးနိုင်မယ်ဆိုရင်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"

"ဒါဆိုရင်—"

သခင်မလင်က တိုက်ရိုက်ဆုံးဖြတ်ချက်ချရန် ပြင်လိုက်စဉ်မှာပင်။

ရွှယ်နင်က လင်းလက်စွာ ပြုံးလိုက်သည်။

"မိန်းကလေးယွင် အား၊ မအားဆိုတာကို ကျွန်မတို့ မသိရသေးဘူးလေ။ သူ(မ)ရဲ့သဘောထားကို အရင်သွားမေးကြည့်ရင် ပိုမကောင်းဘူးလား"

ဆိုင်တာဝန်ခံမှာ တစ်ခုခုပြောချင်သော်လည်း မျိုသိပ်ထားလိုက်ပြီး တုံ့ဆိုင်းနေလေသည်။

"အမ်း..."

ရွှယ်နင်၏ အပြုံးက ပိုမိုနက်ရှိုင်းသွား၏။

"ပွဲစားခကိုတော့ ဆိုင်ကိုပဲ ပေးမှာပါ"

ဆိုင်တာဝန်ခံသည် ချက်ချင်းပင် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"ဒီနေ့က မိန်းကလေးယွင်ရဲ့ မွေးနေ့ဆိုတော့ သူ(မ)ရဲ့စေ့စပ်ထားတဲ့သူနဲ့ အချိန်ဖြုန်းနေမှာပါ။ ဒါကြောင့် လာဖို့ အချိန်ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သင်တို့ ဒီအထိ လာပြီးမှတော့ ဒီတိုင်းပြန်သွားရတာ မကောင်းပါဘူး။ သူ(မ)အိမ်ကိုသွားပြီး မေးကြည့်လိုက်ပါလား။ သူ(မ)က ထုံရှင်းလမ်းကြားထဲက ရှေ့ဆုံးကရေရင် ဆဋ္ဌမမြောက်အိမ်မှာ နေတာပါ။ ဒီကနေ လမ်းလျှောက်သွားရင် ဆယ့်ငါးမိနစ်လောက်ပဲ ကြာမှာ"

ရွှယ်နင်က ခေါင်းညိတ်လိုက်သည်။

"ဒီနေ့တော့ ကျွန်မတို့လည်း တခြားလုပ်စရာ ဘာမှမရှိတဲ့အတူတူ သွားလိုက်ကြတာပေါ့"

သခင်မလင်သည် အနည်းငယ် အံ့အားသင့်သွားပြီး မော့ကြည့်ကာ ရွှယ်နင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

ဒီမိန်းကလေးက အရင်က စကားများလေ့ မရှိပေ။ သူတို့တွေ့ဆုံတိုင်း သူမက ထောင့်တစ်နေရာမှာ ကြောက်ရွံ့ကျုံ့ဝင်စွာ ထိုင်နေတတ်ပြီး သူမ၏ ကြည်လင်ရိုးသားသော မျက်ဝန်းများက စုမိသားစု၏ ဆက်ခံသူသခင်လေးနောက်သို့သာ လိုက်နေတတ်သည်။

သူမက ယန်ယန်နှင့် စကားပြောခဲသော်လည်း ယနေ့တွင်မူ ယန်ယန်၏ မင်္ဂလာပစ္စည်းများ ရွေးချယ်ရာတွင် တက်ကြွစွာ ကူညီပေးရုံသာမက၊ သူမနှင့် အကြာကြီး စကားပြောခဲ့ပြီး ယန်ယန့်အတွက် ပန်းထိုးသမားများကိုပင် စီစဉ်ပေးနေသည်။

တစ်ချိန်က ကြောက်ရွံ့ကျုံ့ဝင်ပြီး နှိမ့်ချတတ်သော မိန်းကလေးငယ်က ကျန်းကော်နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်သွားတာ လအနည်းငယ်သာ ရှိသေးသော်လည်း ယခုအခါတွင် မြင့်မြတ်သော သခင်မတစ်ပါး၏ ကျက်သရေဟန်ပန်များဖြင့် ပြည့်စုံနေလေပြီ။

All Chapters