အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း (၂၆၁) - ပြောင်းလဲသွားသော ကံကြမ္မာ
စုယွီက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ပြောလိုက်သည်။
"ငါ ကျိန်ရဲတယ်!"
ရွှယ်နင်က မျက်လုံးကို အနည်းငယ် ပင့်လိုက်သည်။
"ကောင်းပြီလေ။ ဒါဆိုရင် သခင်လေးစုက သခင်မလင်နဲ့ ယန်ယန်တို့ရှေ့မှာ ကျိန်ဆိုလိုက်ပါ။ ရှင်သာ ယန်ယန့်အပေါ် နည်းနည်းလေး ဖောက်ပြန်ခဲ့မယ်ဆိုရင် ရှင် စုယွီ.. မိုးကြိုးပစ်ခံရပြီး သင်္ဂြိုဟ်စရာမြေတောင် မရှိဘဲ သေပါစေလို့ ကျိန်ဆိုလိုက်"
"နင်—"
စုယွီသည် ဒေါသတကြီး အံကြိတ်လိုက်မိသည်။
သူ၏ ချောမောသော မျက်နှာမှာ နီရဲနေပြီး ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသော်လည်း ဘာမှ ဆက်မပြောရဲတော့ပေ။
စုယွီ တစ်ယောက် ဒီလိုမျိုး ပြာယာခတ်နေတာကို ရွှယ်နင် မမြင်ရတာ ကြာခဲ့ပြီ။
မည်သို့ပင်ဖြစ်စေ သူက နယ်စားမင်းအိမ်တော်မှာ ဇိမ်ကျကျ ကြီးပြင်းလာခဲ့ရတဲ့ မြင့်မြတ်သည့် သခင်လေးတစ်ပါး မဟုတ်လား။
သို့သော် တကယ့် အခက်အခဲနှင့် ကြုံတွေ့ရချိန်တွင်မူ သူက ပြဿနာကို ရှောင်လွှဲရန်သာ တွေးတောတတ်သည်။
အရင်ဘဝက စုယွီသည် သူမနှင့် ယန်ယန်အပေါ် နှလုံးသားအောက်ခြေမှစ၍ ဘယ်လိုမျိုး အထင်သေး ကဲ့ရဲ့ခဲ့ကြောင်း သူမ ပြန်အမှတ်ရလာ၏။
သူက သူတို့ကို လှောင်ပြောင်သရော်ရုံသာမက နေ့စဉ်ဘဝမှာလည်း ယန်ယန်ကို ရိုက်နှက်လျှင် ရိုက်နှက်၊ မရိုက်နှက်လျှင် ဆဲဆိုလေ့ရှိသည်။
မရီးဖြစ်သူ သူမကိုမူ သေချာကြည့်ဖော်တောင် မရခဲ့ပေ။
သူမ တုန်းကျင်းမြို့မှ ထွက်ခွာလာစဉ်က သူသည် ပတ္တမြားစီထားသော မြင်းကြာပွတ်ကို ကိုင်ကာ မြင်းပေါ်တွင် မြင့်မားစွာ ထိုင်နေခဲ့သည်။ သူ၏ မောက်မာသော မေးရိုးကို မြင့်မြင့်မော့ထားပြီး အလွန်မုန်းစရာကောင်းကာ ကျေနပ်နေဟန်ဖြင့် သူမကို ငုံ့ကြည့်ရင်းလှောင်ပြောင်ခဲ့သည်။
"နင့်လို မိန်းမယုတ်.. ထွက်သွားပြီးရင် ဘယ်တော့မှ ပြန်မလာခဲ့နဲ့"
သူဆန္ဒရှိသည့်အတိုင်းပင် သူမ တုန်းကျင်းသို့ ဘယ်တော့မှ ပြန်မရောက်ခဲ့တော့ပေ။
ယုံကျိုးရှိ အိမ်တော်ဟောင်း၌ နေထိုင်ရသော နေ့ရက်များတွင် သူမက ပြင်းထန်သော ရောဂါဝေဒနာကြောင့် အိပ်ရာထဲ လဲနေခဲ့ရ၏။
ဒုတိယသခင်လေးက သူ၏မယားငယ်ကို တရားဝင်ဇနီးအဖြစ် တင်မြှောက်လိုက်ကြောင်းနှင့် သူ ဘယ်လောက်အောင်မြင်နေကြောင်း အိမ်တော်ဟောင်းမှ လူများ ပြောဆိုနေကြတာကို သူမ မကြာခဏ ကြားခဲ့ရသည်။
နှစ်နှစ်ပင် မပြည့်မီ ထိုဇနီးမောင်နှံတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ရလာခဲ့ပြီး ဘဝတွင် အောင်နိုင်သူများအဖြစ် သတ်မှတ်ခံနေရကြောင်းကိုလည်း ကြားခဲ့ရသည်။
ဝေ့မိသားစု၏ ဩဇာအာဏာကို အသုံးချကာ ယန်ယန်၏ အလောင်းပေါ်မှ နင်းဖြတ်သွားရင်း သူက တကယ်ကို ဂုဏ်ကျက်သရေရှိပြီး ကျေနပ်စရာကောင်းတဲ့ ဘဝကို ဖြတ်သန်းသွားခဲ့တာပဲ။
သန်းခေါင်ယံ ညနက်ချိန်များတွင် သူ့အတွက် ကလေးမွေးဖွားပေးရင်း အသက်ဆုံးရှုံးခဲ့ရသည့် ထိုနူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးကို သူ တစ်ခါတစ်ရံများ တွေးမိပါရဲ့လားဆိုပြီး သူမ တွေးမိတယ်။
ဤအကြောင်းကို တွေးမိလိုက်သည်နှင့် ရွှယ်နင်၏ ရင်ထဲတွင် အမုန်းတရားများ ပေါက်ကွဲထွက်လာပြီး သူမ၏ မျက်လုံးများက အေးစက်စူးရှသွားသည်။
စုယွီသည် ရွှယ်နင် ဒီလိုမျိုး အေးစက်ပြီး ရက်စက်သောအမူအရာမျိုး ဖြစ်နေတာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူ မျက်မှောင်ကြုတ်လိုက်၏။
"ငါ မကျိန်နိုင်ဘူး။ ဒါက ငါကြောက်လို့ မဟုတ်ဘူး။ ကိစ္စတွေကို ဒီလောက်အထိ အရုပ်ဆိုး အကျည်းတန်သွားအောင် လုပ်ဖို့ မလိုဘူးလို့ မြင်လို့ပဲ။ ယန်ယန့်အပေါ်ထားတဲ့ ငါ့အချစ်က နေမင်းကြီးနဲ့ ကောင်းကင်ကြီးလို ရှင်းလင်းတယ်။ နင့်ကို သက်သေပြနေစရာ မလိုသလို၊ နင့်ရှေ့မှာလည်း ကျိန်ဆိုပြစရာ မလိုဘူး ရွှယ်နင်။ ယန်ယန် ငါ့ကို ယုံကြည်နေသရွေ့ ဒါက လုံလောက်နေပြီ"
ခြံဝင်းတစ်ခုလုံး၌ ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားပြီး လေထုက အနေရခက်ဖွယ် ဖြစ်သွားသည်။
"ဒါဆို—"
ဝေ့ကျန့်ယန်က နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
"ရှင့်ကို ကျိန်ဆိုခိုင်းမယ်ဆိုရင်ရော"
စုယွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းထဲတွင် နာကျင်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ယန်ယန်၊ ကိုယ့်ကို ဒီလို မိုက်မဲတဲ့ကိစ္စမျိုး လုပ်ခိုင်းရက်တယ်ပေါ့လေ"
သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းများဖြစ်ကြပြီး ငယ်စဉ်ကတည်းက စေ့စပ်ထားခဲ့ကြသူများဖြစ်သည်။
ဝေ့ကျန့်ယန်သည် စုယွီတွင် မယားငယ်ရှိနေကြောင်း သိထားရာ သဘာဝကျစွာပင် နာကျင်ခံစားရပြီး သစ္စာဖောက်ခံရတယ်လို့ ခံစားရ၏။ သို့သော် သူ သူမကို မချစ်မှန်း သိလိုက်ရချိန်တွင် စိတ်သက်သာရာ ရသွားခဲ့သည်။
သူမက နှုတ်ခမ်းကို ဖိစေ့လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
"ရှင်သာ လိပ်ပြာသန့်မယ်ဆိုရင် ကောင်းကင်ဘုံက ရှင့်ကို အပြစ်ပေးမှာ မဟုတ်ပါဘူး"
"ယန်ယန်—"
ဝေ့ကျန့်ယန်က မျက်တောင်ခတ်လိုက်သည်။
"အစ်ကိုစုယွီ... ကျွန်မပြောတာ မှားလို့လားဟင်"
လုစစ်လင်က တိုးညှင်းစွာ ရယ်မောလိုက်သော်လည်း ဘာမှ မပြောပေ။ သူ၏ နက်မှောင်သော မျက်ဝန်းများက ဝေ့ကျန့်ယန်၏ ပြည့်ဖြိုးပြီး ပန်းရောင်သန်းနေသော ပါးပြင်လေးများဆီသို့သာ စူးစိုက်ကြည့်နေသည်။
သူမက ဆီးနှင်းပြင်ထဲက ကြာပန်းတစ်ပွင့်လို လှပ၊ နူးညံ့ပြီး ဖြူစင်လွန်းတယ်။
ပေါ့ပေါ့ပါးပါး စကားအနည်းငယ်ဖြင့်ပင် သူမက စုယွီကို စကားမဟနိုင်အောင် လုပ်ပစ်လိုက်တယ်။
သူမကို ရိုးအပြီး အပြစ်ကင်းတဲ့ မုန့်လုံးလေးလို့ ဘယ်သူပြောတာလဲ။ သူမက အထဲမှာ နှမ်းနက်အနှစ်များ အပြည့်ထည့်ထားသူမှန်း သိသာတယ်။
"တော်တော့။"
ပညာတတ်မျိုးရိုးမှ ဆင်းသက်လာသော သခင်မလင်သည် ဤအရှက်ခွဲမှုကို သည်းမခံနိုင်တော့ပေ။
သူမက ဝေ့ကျန့်ယန်ကို စုယွီအနီးမှ ဆွဲခေါ်လိုက်ပြီး ထိုအမျိုးသားကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မင်း ငါ့ကို ရှင်းပြချက် မပေးနိုင်မှတော့ စုအိမ်တော်မှာပဲ တွေ့ကြတာပေါ့။ ငါတို့ရဲ့ ယန်ယန်အတွက် သခင်မကြီးရှဲ့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးပါစေ"
သခင်မလင်သည် ဝေ့ကျန့်ယန်၏ လက်ကိုဆွဲကာ တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားလေသည်။
မထွက်ခွာမီ ရွှယ်နင်က နောက်သို့ အနည်းငယ် လှည့်ကြည့်လိုက်၏။
တိတ်ဆိတ်ငြိမ်သက်ပြီး သပ်ရပ်လှပသော ခြံဝင်းအတွင်း၌ ပန်းများ ဝေဆာစွာ ပွင့်လန်းနေသည်။ စင်္ကြံ၏ ညာဘက်တွင် နွယ်ပင်များ ရစ်နွယ်နေသော ဒန်းတစ်ခု ရှိနေသည်။
မိန်းကလေးယွင်သည် မျက်လုံးများ နီရဲလျက် စုယွီ၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားပြီး ပုခုံးများ တုန်ခါသွားသည်အထိ အပြင်းအထန် ငိုကြွေးနေသည်။
စုယွီ၏ မျက်နှာက မှောင်မိုက်နေပြီး သူ၏ မှုန်ကုပ်နေသော အကြည့်ထဲတွင် စိတ်မရှည်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ရွှယ်နင်က ရုတ်တရက် လွတ်မြောက်သွားသလို ခံစားလိုက်ရပြီး သူမ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
ဤတံခါးခုံကို ကျော်ဖြတ်လိုက်သည်နှင့် ယနေ့တွင် ကံကြမ္မာက လုံးဝ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။
တစ်ချိန်က ရက်စက်ယုတ်မာမှုများကို ကျူးလွန်ခဲ့သူများက နောက်ဆုံးမှာ သူတို့၏ ယုတ်မာမှုများအတွက် တန်ဖိုးပေးဆပ်ရမယ်။
ထို့အပြင် သူမ၏ ယန်ယန်လည်း နေရောင်ခြည်ဆီ မျက်နှာမူထားသော ပန်းများ ပွင့်လန်းလာမည့် အချိန်ကို ကြိုဆိုရတော့မယ်။
သူမက ဂါဝန်စကို မ,လိုက်ရာ တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ အထပ်ထပ်ဖြစ်နေသော ဂါဝန်စက မြင့်မားသော တံခါးခုံကို ကျော်ဖြတ်သွား၏။
တံခါးအပြင်ဘက်တွင် မြင်းရထားများ ဆူညံနေပြီး အတွင်းဘက်တွင်မူ အလင်းနှင့် အရိပ်တို့ ရောယှက်လည်ပတ်နေသည်။
ဘဝနှစ်ခု၏ မြင်ကွင်းများက ထပ်တူကျနေသော်လည်း ဤအချိန်တွင် သေးငယ်သော အက်ကြောင်းလေးတစ်ခုက ၎င်းတို့ကို ခွဲထုတ်ပစ်လိုက်သည်။
အချို့က နေရောင်ခြည်ထဲသို့ ဆက်လက်လျှောက်လှမ်းသွားကြပြီး အချို့ကမူ နောင်တများဖြင့် အမှောင်ရိပ်ထဲတွင် ကျန်ရစ်ခဲ့ကြသည်။
...
သခင်မလင်၏ စိတ်နေသဘောထားက နူးညံ့သိမ်မွေ့သော်လည်း သူမတွင် အေးစက်၊ မောက်မာပြီး အရှုံးမပေးတတ်သော စိတ်ဓာတ်ရှိသည်။ မယားငယ်၏ ခြံဝင်းထဲမှ ထွက်လာပြီးနောက် သူမက ဝေ့ကျန့်ယန်ကို စုအိမ်တော်သို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားလေသည်။
စုယွီသည် ပြဿနာတစ်စုံတစ်ရာ ပေါ်လာမှာကို စိုးရိမ်သဖြင့် မိန်းကလေးယွင်ကို နှစ်သိမ့်ပြီးနောက် နောက်မှ ကမန်းကတန်း လိုက်သွားလေတော့သည်။
လျိုရှီက ဝေခွဲမရဖြစ်နေပြီး ဤမျှများပြားသော ဂုဏ်သရေရှိဧည့်သည်များ ရှေ့မှောက်တွင် သူမ စကားပြောရန် နေရာမရှိခဲ့ပေ။
ရွှမ်းယီနယ်စားမင်းအိမ်တော်သည် ဒုတိယနှင့် တတိယအိမ်တော်ခွဲများ အားလုံး စုံလင်စွာ လူစုမိသွားကြသဖြင့် တစ်ဖန်ပြန်၍ စည်ကားဆူညံသွားခဲ့သည်။
ပြီးခဲ့သည့် မိသားစုဂုဏ်ပြုစားပွဲကတည်းက သခင်မကြီးရှဲ့သည် လီချန်ချဲ့၏ နှလုံးသားထဲတွင် ရွှယ်နင်၏ တည်ရှိမှုကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
သူမက ရွှယ်နင်ကို ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ဆက်ဆံပြီး ပုံမှန်အားဖြင့် မင်းသမီးရှို့နင်းအတွက်သာ သတ်မှတ်ထားသော နေရာတွင် ထိုင်စေခဲ့သည်။
မင်းသမီးရှို့နင်းမှာမူ စုကျန်း၏ ဇနီးအဖြစ် သူမနှင့် မျက်နှာချင်းဆိုင် နိမ့်ကျသော နေရာ၌သာ ထိုင်နိုင်ခဲ့သည်။
သူမ အလွန်မကျေမနပ် ဖြစ်နေသော်လည်း ထိုအမူအရာကို နည်းနည်းလေးမျှ မဖော်ပြရဲပေ။
ရွှယ်နင်က ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်ရင်း လက်ဖက်ရည်ခွက်ကို အေးအေးလူလူ လှမ်းကိုင်လိုက်သည်။
ဤရှုထောင့်မှနေ၍ စုအိမ်တော်၏ အရေးကိစ္စများကို စောင့်ကြည့်ရတာက တကယ်ကို ထူးခြားတယ်။
စုယွီက နယ်စားမင်းအိမ်တော်သို့ ကမန်းကတန်း ပြန်ရောက်လာပြီး သူမကို အေးစက်စူးရှစွာ စိုက်ကြည့်လိုက်သည်။
ရွှယ်နင်ကမူ စိတ်အနှောင့်အယှက်မဖြစ်ဘဲ နှုတ်ခမ်းကို ပြုံးရုံသာ ပြုံးပြလိုက်၏။
ဇာတ်ကြောင်းတစ်ခုလုံးကို သိလိုက်ရချိန်တွင် သခင်မကြီးရှဲ့မှာ ဒေါသထွက်လွန်းသဖြင့် မျက်စိများပင် ပြာဝေသွားခဲ့သည်။
ပထမဦးစွာ သူမက စုယွီ၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ဝေ့ကျန့်ယန်ကို ဒူးထောက်တောင်းပန်ရန် အမိန့်ပေးလိုက်သည်။
ထို့နောက် ဝေ့မိသားစုနှင့် လက်ထပ်ခြင်းကို ပြန်လည်ကုစားရန် နည်းလမ်းမှန်သမျှကို စတင်ကြံဆတော့သည်။
"တော်သေးတာက အဲဒီမယားငယ်မှာ ကလေးမရှိသေးဘူး။ သူတို့ကိုယ်တိုင်ကလည်း မကြီးပြင်းသေးတဲ့ ကလေးတွေလိုပဲ မဟုတ်တရုတ် လျှောက်လုပ်ကြတာပါ။ သခင်မလင်... အရမ်းကြီး ဒေါသမထွက်ပါနဲ့၊ ကျန်းမာရေး ထိခိုက်ပါလိမ့်မယ်။"
သခင်မကြီးရှဲ့က သူမ၏ သိက္ခာကို နှိမ့်ချကာ တောင်းပန်သည့် အပြုံးဖြင့် ပြောလိုက်သည်။
"ဒီနေ့ပဲ အားယွီကို ယန်ယန်ဆီ တောင်းပန်ခိုင်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါ့မယ်။ ပြီးရင် အဲဒီမိန်းမကို တုန်းကျင်းမြို့အပြင်ကို ထုတ်ရောင်းပစ်ပြီး ယန်ယန့်ရှေ့ကို ဘယ်တော့မှ ပေါ်မလာစေရဘူးလို့ အာမခံပါတယ်"
သခင်မလင်က ကုလားထိုင်ပေါ်တွင် တည်တင်းစွာ ထိုင်နေပြီး သူမ၏ မျက်နှာအမူအရာက ခက်ထန်ကာ တုန်လှုပ်ခြင်းမရှိပေ။
သူမက စေ့စပ်မှုကို ဖျက်သိမ်းရန် အကြိမ်ကြိမ် ပြောဆိုသော်လည်း သခင်မကြီးရှဲ့က လုံးဝ အလျှော့မပေးခဲ့ပေ။
ဤအိမ်ထောင်ရေးမှာ မူလက သခင်မကျန်း စီစဉ်ပေးခဲ့ခြင်း ဖြစ်၏။
သခင်မကြီးရှဲ့က သခင်မကျန်းကို ဆင့်ခေါ်ပြီး သခင်မလင်ကို လာရောက်ဖျောင်းဖျရန် တောင်းဆိုခဲ့သည်။
သခင်မကျန်းသည် ပြီးခဲ့သည့်ရက်ပိုင်းက သခင်မနျဲ့၏ နှောင့်ယှက်မှုများကြောင့် ခေါင်းကိုက်ပြီး သောကရောက်နေခဲ့ရသည်။
စုယွီတွင် မယားငယ်ရှိနေကြောင်း ကြားလိုက်ရချိန်တွင် သူမ၏ ဖြူလျော်သော မျက်နှာထက်မှ အပြုံးရိပ်အားလုံး ပျောက်ကွယ်သွားသည်။
သခင်မလင်က သူမ၏ မိတ်ဆွေရင်းကို ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
"ကျန်းနျန်... ပြောပါဦး၊ ငါတို့ အခု ဘာလုပ်သင့်လဲ။ ယောက်ျားတွေ ဇနီးမယားအများကြီး၊ မယားငယ်အများကြီး ထားတာက ရိုးရိုးလေးဆိုပေမဲ့ သူက ယန်ယန်နဲ့ လက်တောင်မထပ်ရသေးဘူး၊ အခုလို ကိစ္စမျိုး လုပ်ထားနှင့်ပြီ။ ငါ ဘယ်လိုလုပ်ပြီး ယန်ယန့်ကို သူ့လက်ထဲ စိတ်ချလက်ချ ထည့်ပေးနိုင်မှာလဲ"
ဝေ့ကျန့်ယန်သည် သခင်မလင်၏ ဘေးတွင် မျက်လွှာချကာ ခေါင်းငုံ့ထားပြီး သူမ၏ လက်ဖဝါးခန့်သာရှိသော နူးညံ့သည့် မျက်နှာလေးထက်တွင် နာကျင်ဝမ်းနည်းရိပ်များ ပြည့်နှက်နေသည်။
သခင်မကျန်း၏ ကိုယ်ပိုင်ဘဝမှာလည်း လက်ရှိတွင် ရှုပ်ထွေးပွေလီနေသဖြင့် သူမကိုယ်တိုင်လည်း မိမိကိုယ်ကို မထိန်းချုပ်နိုင်သော အမျိုးသားများကို သဘာဝကျစွာ မုန်းတီးမိသည်။
သူမကိုယ်တိုင် မယားငယ်တစ်ယောက်နှင့် အပြိုင်အဆိုင် မျက်နှာသာရအောင် ကြိုးစားခဲ့ရတာ သူမ၏ ကံကြမ္မာပင်။
သို့သော် ဝေ့ကျန့်ယန်သည် သူမ၏ အရင်းနှီးဆုံး မိတ်ဆွေ၏ တစ်ဦးတည်းသော သမီးဖြစ်ရာ ယန်ယန်ကို ဒီလိုမျိုး မီးတွင်းထဲကို ဘယ်လိုလုပ် တွန်းပို့နိုင်မှာလဲ။
သခင်မကျန်းသည် နှာတံကို ညှစ်လိုက်ရင်း နှလုံးသားတစ်ခုလုံး ပြာကျမတတ် အေးစက်သွားကာ-
"ငါ့အမြင်အရတော့... ဒီလက်ထပ်ပွဲက—”