← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄ - ရှို့ကုန်းရှားအမှတ်အသား ပျောက်ကွယ်သွားခြင်း

သခင်မကျန်းက သူမကိုယ်သူမ လှောင်ပြောင်သလို ပြုံးလိုက်ရင်း ရေရွတ်လိုက်သည်။

“အဲဒီလိုပဲ မျှော်လင့်ရတာပေါ့”

သခင်မကျန်းကို ခဏ နှစ်သိမ့်ပေးပြီးနောက် မိုးချုပ်တော့မှာကို မြင်သဖြင့် ရွှယ်နင်သည် ချိုးရွှေဥယျာဉ်မှ ထွက်ခွာရန် မတ်တတ်ရပ်၍ နှုတ်ဆက်လိုက်သည်။

မထင်မှတ်ဘဲ ချိုးရွှေဥယျာဉ်ဝမှ အထွက်တွင် တာဝန်မှ အိမ်ပြန်လာခါစ ဖြစ်သော စုကျန်းနှင့် မျက်နှာချင်းဆိုင် တည့်တည့်တိုးမိတော့သည်။

သူက ခရမ်းရင့်ရောင် ကော်လံဝိုင်း လက်ပွဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် သားရေခါးပတ်တစ်ခုကို ပတ်ထားသည်။ အခြားအမျိုးသားများကဲ့သို့ ခါးတွင် ကျောက်စိမ်းပြား သို့မဟုတ် အမွှေးနံ့သာအိတ်များ ဆွဲချိတ်လေ့ရှိသော်လည်း သူ၏ခါးတွင်မူ ဘာမျှမရှိဘဲ ဗလာဖြစ်နေသည်။

အရင်ဘဝတုန်းက စုကျန်းသည် ဒီလိုမျိုး မဟုတ်ခဲ့ချေ။ သူ့ခါးတွင် အဆင့်အတန်းကို ဖော်ပြသည့် ကျောက်စိမ်းဆွဲသီးများ သို့မဟုတ် လက်ရာမြောက်စွာ ပန်းထိုးထားသော အမွှေးနံ့သာအိတ်များ အမြဲတမ်း ဆွဲချိတ်ထားတတ်၏။

သူမတွင် ထိုကဲ့သို့ ကျွမ်းကျင်မှုမျိုး မရှိခဲ့သဖြင့် အစောပိုင်းနှစ်များက ထိုမျှလှပသော အရာများကို ပန်းမထိုးတတ်ခဲ့ပေ။

ထိုအမွှေးနံ့သာအိတ်များနှင့် ဆွဲအိတ်များအားလုံးသည် မင်းသမီးရှို့နင်း၏ လက်ရာများဖြစ်ကြောင်းသာ သူမ သိခဲ့သည်။

သူမကိုယ်တိုင် လုပ်ပေးခဲ့တဲ့အရာများကိုတော့ သူက တန်ဖိုးမရှိသော အမှိုက်ကဲ့သို့ သဘောထားကာ နှာခေါင်းရှုံ့ခဲ့သည်။

ပြန်လည်မွေးဖွားလာပြီး မကြာမီမှာပင် သူမက သူ့ကိုပေးရန် ပြင်ဆင်ထားခဲ့သော အိတ်အားလုံးကို မီးရှို့ပစ်ခဲ့၏။

ယခု ပြန်တွေးကြည့်မိတဲ့အခါမှ သူမက မိမိကိုယ်ကို အလိုလိုက်လွန်းခဲ့ကြောင်း သိလိုက်ရသည်။

သူမကို နှစ်သက်မြတ်နိုးသည့် လူများ ရှင်းရှင်းလင်းလင်း ရှိနေပါလျက်နှင့် သူမကို ဘာမှဂရုမစိုက်တဲ့ စုကျန်းဆီကနေ စိတ်ဆင်းရဲမှုကိုပဲ ဇွတ်အတင်း ရှာကြံနေခဲ့မိတယ်။

အတိတ်ကို ပြန်တွေးမိရင်း ရွှယ်နင်သည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်သည်။

သူမ၏မျက်နှာတွင် သက်ပြင်းချသံများ ပြည့်နှက်နေသော်လည်း တစ်ဖက်တွင်မူ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမက မျက်လွှာပင့်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် လွန်ခဲ့သောနှစ်များကကဲ့သို့ နွေးထွေးမှုများ မရှိတော့ချေ။

သူ၏ တည်တင်းသောမျက်နှာသည် ဆည်းဆာရိပ်အောက်တွင် ဖုံးလွှမ်းနေပြီး အေးစက်ကာ ချဉ်းကပ်ရခက်ပုံ ပေါက်နေသည်။

သူ ထိုနေရာတွင် ဘယ်လောက်ကြာကြာ ရပ်နေခဲ့လဲ သို့မဟုတ် ဘာတွေကြားသွားလဲဆိုတာကို သူမ မသိသော်လည်း မည်သို့ပင်ဖြစ်စေ ထိုလူ၏မျက်နှာအမူအရာကမူ သိပ်ပြီး မကောင်းလှချေ။

ဒါပေမဲ့ သူ မကျေမနပ်ဖြစ်တာက သူမနှင့် ဘာဆိုင်လဲ။

ယခုဘဝတွင် သူမက သူ့အတွက်နှင့် တွန့်ဆုတ်နေတော့မှာ မဟုတ်ပေ။

ခဏမျှ စဉ်းစားပြီးနောက် သူမက သူ့ဘေးမှ တိုက်ရိုက် ဖြတ်လျှောက်သွားလိုက်သည်။

“မင်း ကျေနပ်ပြီလား”

ထင်ရှားခန့်ညားပြီး အရပ်ရှည်သော စုကျန်းက လက်ကိုမြှောက်ကာ ရွှယ်နင်၏လမ်းကို ပိတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ချိတ်ဆွဲထားသည်။

“ဘာကိုလဲ”

“အားချင်းကို ဖျက်ဆီးတယ်၊ အားယွီရဲ့ အိမ်ထောင်ရေးကို တမင်တကာ နှောင့်ယှက်ဖျက်ဆီးတယ်၊ ပြီးတော့ ငါ့အမေနဲ့ အဖေကိုပါ ကွာရှင်းအောင် လုပ်ဖို့ ကြိုးစားနေတယ်... ရွှယ်နင်၊ မင်း ကျေနပ်ပြီလား”

ရွှယ်နင် ကြောင်အသွားပြီး သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

သူက သူ့ခံစားချက်များကို အမြဲတမ်း ဖုံးကွယ်တတ်သူဖြစ်ပြီး သူ့မျက်တောင်ရှည်ကြီးများက မျက်ဝန်းပေါ်တွင် အရိပ်ကျနေစေကာ စိတ်ထဲတွင် ဘာရှိလဲဆိုတာကို ခန့်မှန်းရခက်စေသည်။

သို့သော် သူ့လေသံထဲမှ သေချာရေရာမှုကြောင့် ခဏမျှတော့ သူလည်း သူမလိုပဲ ပြန်လည်မွေးဖွားလာသူ ဖြစ်နေမလားဟု တွေးမိသွားစေသည်။

ဒါပေမဲ့ ပြန်တွေးကြည့်ပြန်တော့... အကယ်၍ သူသာ တကယ် ပြန်လည်မွေးဖွားလာခဲ့ရင် အခုလိုမျိုး ရန်လိုတဲ့ အမူအရာမျိုး ရှိလိမ့်မည်မဟုတ်ပေ။

သူက သူမကို အလွန်အမင်း မုန်းတီးခဲ့ပြီး အိမ်တော်ဟောင်းထဲမှာ ဘာဂရုစိုက်မှုမှမရှိဘဲ ငါးနှစ်တိုင်တိုင် ပစ်ထားခဲ့တာ မဟုတ်ဘူးလား။

တကယ်လို့ သူသာ ပြန်လည်မွေးဖွားလာခဲ့ရင် သူမနဲ့ ဝေးဝေးမှာပဲ နေမှာဖြစ်ပြီး အခုလိုမျိုး ကိုယ်တိုင်ကိုယ်ကျ လာပြီး ရင်ဆိုင်မှာ မဟုတ်ဘူး။

စိတ်သက်သာရာရသွားကာ သူမက နှုတ်ခမ်းထောင့်ကို အသာမြှင့်၍ ပြုံးရင်း ပြောလိုက်သည်။

"ရှီဇီစု... ရှင် တစ်ခုခု မှားနေပြီ ထင်တယ်"

"အစ်မကြီးက အထီးကျန်မှုကို မအောင့်အီးနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် နိမ့်ချပြီး ရထားလုံးမောင်းသမားနဲ့ ခိုးမှားခဲ့တာ။ အဲဒါ မိသွားပြီး နာမည်ပျက်တော့မှ စေ့စပ်ပွဲ ပျက်ပြီး တုန်းကျင်းကနေ နှင်ထုတ်ခံရတာလေ။ ဒုတိယသခင်လေး ကျတော့လည်း မိန်းကလေးယွင်ရဲ့ သီးသန့်အိမ်မှာ မွေးနေ့ပွဲလုပ်ပေးဖို့ အားသွန်ခွန်စိုက် သွားခဲ့တာ။ အဲဒါကို တိုက်တိုက်ဆိုင်ဆိုင် သခင်မလင်နဲ့ ယန်ယန်တို့က တိုးသွားကြတာလေ။ ဒါတွေအားလုံးက ကျွန်မနဲ့ ဘာဆိုင်လို့လဲ"

စုကျန်းက နက်ရှိုင်းသော လေသံဖြင့် မေးလိုက်သည်။

"မင်းပဲ တမင်သက်သက် လမ်းကြောင်းပေးခဲ့တာ မဟုတ်ဘူးလား"

အမှန်တော့ ထိုအတိုင်းပဲ ဖြစ်ပေမယ့် ရွှယ်နင်က ဝန်ခံရန် အစီအစဉ်မရှိပေ။ သူမက အသာလေး ရယ်မောရင်း ပြောလိုက်သည်။

"ကျွန်မက အတွင်းဆောင်ထဲမှာပဲ နေရတဲ့ မိန်းမသားတစ်ယောက်ပါ။ လက်ထပ်ပြီးကတည်းက ခင်ပွန်းသည်ရဲ့အိမ်မှာပဲ တာဝန်ကျေကျေ နေထိုင်ခဲ့တာ။ စုမိသားစုရဲ့ ဒုတိယသခင်လေးက အပြင်မှာ မိန်းမတစ်ယောက် ဝှက်ထားတာကို ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ သခင်မလင်တို့ကို သူ့အိမ်ဆီ တိုက်တိုက်ဆိုင်ဆိုင် ဦးဆောင်ခေါ်သွားဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးဘူး။ ရှီဇီစု... ရှင် ကျွန်မရဲ့ အရည်အချင်းကို အထင်ကြီးလွန်းနေပြီ ထင်တယ်"

တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် သူမက ကြည်လင်တောက်ပသော ဗာဒံမျက်ဝန်းများကို ပြန်လည်ပင့်ကြည့်လိုက်သည်။

"တကယ်လို့ ကျွန်မမှာ အဲဒီလို ထူးခြားတဲ့ စွမ်းရည်မျိုးသာ တကယ်ရှိခဲ့ရင် အဲဒီတုန်းက ထျန်းယွမ်တောင်မှာ ဓားပြတွေရဲ့ ဖမ်းဆီးမှုကို ခံရတဲ့အချိန် ဘာမှမတတ်နိုင်ဘဲ အသက်ရှင်ဖို့အတွက် ချောက်ထဲ ခုန်ချခဲ့ရပါ့မလား"

"ရှီဇီစု... ရှင် ဘယ်လိုထင်လဲ"

သူမ၏ ပေါ့ပါးညင်သာသော စကားလုံးများက ဆူးများကဲ့သို့ စူးဝင်သွားကာ နှလုံးသားကို လေးလံအိကျသွားစေသည်။

စုကျန်း၏ နက်ရှိုင်းသော အကြည့်များက ရွှယ်နင်၏ ကြွေသားကဲ့သို့ ဖြူစင်နုနယ်သော မျက်နှာထက်တွင် ရစ်ဝဲနေမိသည်။

သူမနှင့် သခင်မလင်တို့ ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ရောက်နေတယ်ဆိုတာ ကြားကြားချင်း ဘာကြောင့် ဒီလိုမျိုး အလောတကြီး ပြန်လာခဲ့မိမှန်း သူကိုယ်တိုင်ပင် မသိချေ။

သူမ၏အသံကို နောက်ထပ် စကားအနည်းငယ်လောက် ပိုကြားချင်ရုံသက်သက်ဖြင့် ချိုးရွှေဥယျာဉ်အပြင်ဘက်မှာ ဘာကြောင့် ဒီလောက်ကြာအောင် ရစ်ဝဲနေခဲ့မိလဲဆိုတာကိုလည်း သူ နားမလည်နိုင်ပေ။

သူတို့ နောက်ဆုံးတွေ့ခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် မိန်းကလေး၏ ရုပ်ရည်က ပို၍ပင် တောက်ပဝင်းပလာပုံရ၏။

သူမက တန်ဖိုးကြီးပြီး မြင့်မြတ်သော မီးခိုးခရမ်းရောင် ရူချန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဇာလက်ပွအောက်မှ သူမ၏ ဖြူဝင်းသော လက်ကောက်ဝတ်လေးမှာ မထင်မရှား ပေါ်လွင်နေသည်။

ဆံထုံးတွင် ကျောက်စိမ်းဖြူဆံထိုးကို ထိုးနှံထားပြီး လက်ဖဝါးခန့်သာရှိသော မျက်နှာငယ်လေးမှာ ဆွဲဆောင်မှုရှိရှိ နီမြန်းဝင်းပနေသည်။

တစ်ချိန်က ဖြူဖျော့ပြီး အရောင်အဆင်းမရှိခဲ့သော သူမ၏ အသားအရေက ယခုအခါ စိုပြည်ဝင်းပလျက် ရှိနေပြီ။

သူမ ပြောလိုက်သည့် စကားတိုင်းက ထက်မြက်ပြီး ခေါင်းမာကာ သူ့နှလုံးသားကို တမင်သက်သက် ထိုးဆွနေသကဲ့သို့ပင်။

"မင်းမှာလည်း မင်းဆင်ခြေနဲ့မင်း ရှိတာပဲ"

စုကျန်းက ရုတ်တရက် ပြောလိုက်၏။

အစောပိုင်းက တင်းမာနေခဲ့သော လေထုမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားတော့သည်။

ထူးဆန်းစွာပင် စိတ်အေးလက်အေး ဖြစ်သွားသော ထိုအမျိုးသားက ရွှယ်နင်ကို အဓိပ္ပာယ်ဖော်ရခက်သည့် နူးညံ့သော မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်။

"အဲဒီတုန်းက ကိစ္စက ငါ့အမှားပါ။ မင်း ငါ့ကို တောင်းပန်စေချင်ရင် တိုက်ရိုက်ပဲ ပြောလိုက်ပါ။ ငါက မင်းရဲ့ အစ်ကိုကြီးပဲ... မင်းကို အလိုမလိုက်ဘဲ နေမယ့်သူ မဟုတ်ပါဘူး"

ရွှယ်နင် မျက်မှောင်ကြုတ်သွားမိတယ်။ သူ ဘာတွေ ကြံစည်နေမှန်း မသိသလို၊ ဒီနေ့တော့ သူနဲ့ အကြီးအကျယ် စကားများရတော့မယ်လို့ ထင်ထားခဲ့တာလေ။

သို့သော် မထင်မှတ်ဘဲ သူက တစ်ကိုယ်လုံးမှ အေးစက်သော အငွေ့အသက်များကို ရုတ်သိမ်းလိုက်ပြီး နှာတံကို အသာအယာ ညှစ်ရင်း သူမအနားသို့ တိုးကပ်လာသည်။

သူ၏မျက်ခုံးတန်းများတွင် ရှားရှားပါးပါး စိတ်ရှည်သည်းခံမှုများ ယှက်သန်းနေ၏။

"ရွှယ်နင်... ငါ ခုတလော နေလို့သိပ်မကောင်းဘူး၊ ခေါင်းက အမြဲတမ်း ကိုက်ခဲနေတာ။ နန်းတွင်းသမားတော်တွေလည်း ကုစရာနည်းလမ်း မရှိဘူးတဲ့။ နောက်ရက်အနည်းငယ်ကျရင် ငါနဲ့အတူ ကျန်းကော်ဘုရားကျောင်းကို လိုက်ခဲ့ဖို့ အချိန်ရမလား"

ရွှယ်နင်က သရဲတစ္ဆေတစ်ကောင်ကို ကြည့်နေသကဲ့သို့ စူးစိုက်ကြည့်ရင်း သူမ၏ မျက်မှောင်က ပို၍ ကြုတ်သွားသည်။

"စုကျန်း... ရှင့်ကို သရဲဝင်ပူးကပ်နေတာလား"

မိန်းကလေးငယ်၏ မျက်ဝန်းထဲမှ တွန်းလှန်ငြင်းဆန်မှုများက အထင်အရှားပင် ရှိနေသည်။

အတိတ်က ရွှယ်နင်သာဆိုလျှင် သူပြောသမျှကို မေးခွန်းမထုတ်ဘဲ နာခံမည်ဖြစ်ပြီး ယခုကဲ့သို့ ပြန်လှန်ပြောဆိုရဲမည် မဟုတ်ပေ။

စုကျန်း စိတ်မကျေမနပ် ဖြစ်သွားသော်လည်း အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျန်းကော်နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်ခဲ့ရပြီး ရင့်ကျက်မှုမရှိသေးသည့် အစေခံမလေးတစ်ယောက်နှင့်သာ တစ်ကိုယ်တည်း ရှိနေရှာသော သူမကို သနားမိသွားသည်။

တစ်ဖက်တွင်လည်း သူမ၏ မြင့်မြတ်လှသော ခင်ပွန်းသည်က အပြင်မှာ အခြားမိန်းမတစ်ယောက် ယူထားတာကို သူမ ခမျာ ဘာမှမသိဘဲ အမှောင်ချခံထားရဆဲ ဖြစ်နိုင်တယ်။

တစ်နေ့နေ့မှာ ထိုမိန်းမသာ ကိုယ်ဝန်ရလာခဲ့လျှင် တရားဝင်ဇနီးကြီးဖြစ်တဲ့ သူမ၏ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဘယ်သူသိနိုင်မလဲ။

ထိုသို့တွေးမိသောအခါ အမျိုးသား၏ အကြည့်များက နူးညံ့သွားပြီး ပို၍ သနားကရုဏာ သက်လာပုံရကာ—

"မလိုက်ချင်ဘူးလား"

အမျိုးသား၏ အထက်စီးဆန်သော ပေးကမ်းစွန့်ကြဲသည့် လေသံကြောင့် ရွှယ်နင်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားသည်။

သူက သူမကို တန်ဖိုးမရှိတဲ့ အရာတစ်ခုလို့ ထင်နေတာလား။သူ့နောက်ကို ကျန်းကော်ဘုရားကျောင်း လိုက်ပေးရတာက သူမအပေါ် ပေးကမ်းတဲ့ အလှူဒါနတစ်ခုလို့ ထင်နေတာလား။

သူက ရွှယ်နင်ဟာ သူ မရှိရင် မနေနိုင်ဘူးလို့ အခုထိ ယုံကြည်နေတုန်းပဲလား။

"ကျွန်မက အားချဲ့ရဲ့ ဇနီးပါ။ ရှင့်နောက်ကို ကျန်းကော်ဘုရားကျောင်းဆီ ဘာလို့ လိုက်ရမှာလဲ။ ရှင့်မှာလည်း ကိုယ့်ဇနီး ရှိနေတာပဲ မဟုတ်ဘူးလား။ တကယ်လို့ ကုလို့မရဘူးဆိုရင်လည်း ရှင့်နောက်ကို လိုက်ရမှာက မင်းသမီးရှို့နင်းပဲ ဖြစ်သင့်တာ"

"မင်းသမီး" ဟူသော စကားကို ထပ်ခါတလဲလဲ ထည့်ပြောနေတာက ထင်ရှားစွာပင် သူမ သဝန်တိုနေဆဲ ဖြစ်တယ်လို့ သူ ယူဆတယ်။

စုကျန်း၏ မျက်ဝန်းများက နက်မှောင်ပြီး ခန့်မှန်းရခက်လာသည်။

"အားနင်—"

"ကျွန်မကို အဲဒီလို မခေါ်ပါနဲ့"

ရွှယ်နင်သည် သူမ၏ သွယ်လျသော မျက်ခုံးတန်းများကို အနည်းငယ် ကြုတ်လိုက်ရင်း သူ၏ နောက်ထပ်စကားလုံးများကို တိုက်ရိုက် ဖြတ်ပြောလိုက်သည်။

သူ့မျက်ဝန်းထဲမှ ဖုံးကွယ်မထားသော သနားကရုဏာ အကြည့်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။

ဖန့်လိုမှာ ခံခဲ့ရသည့် အရှက်ကွဲမှုက သူမ၏ မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။

သူ့မျက်လုံးထဲမှာ သူမက အလိုမရှိအပ်သော အရာတစ်ခုမျှသာ။

ဒါကြောင့် ယခုတစ်ကြိမ် တမင်သက်သက် စနောက်နေခြင်းက သူမကို နောက်တစ်ကြိမ် အရှက်ခွဲရန် သက်သက်ပဲ ဖြစ်လိမ့်မယ်။

နှမြောစရာကောင်းလိုက်တာ—

ရွှယ်နင်က စုကျန်း၏ ချောမောသော မျက်နှာကို စိုက်ကြည့်လိုက်ပြီး သူမ၏ နီမြန်းသော နှုတ်ခမ်းများက မှိန်ဖျော့ဖျော့ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"စိတ်မကောင်းပါဘူး၊ ကျွန်မမှာ အချိန်မရှိဘူး။ ပြီးတော့ ရှင့်နောက်ကိုလည်း ကျန်းကော်ဘုရားကျောင်းဆီ လိုက်မှာမဟုတ်ဘူး။ ရှင့်ရဲ့ ခေါင်းကိုက်ဝေဒနာနဲ့ ပတ်သက်ရင်တော့ အဲဒါ ရှင့်ဘာသာရှာတဲ့ ရောဂါမို့လို့ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ပါတယ်"

သူမက ဆံပင်ကို ပြင်ချင်ယောင်ဆောင်ကာ သူမ၏ ညာဘက်လက်ကို အသာအယာ မြှောက်လိုက်သည်။

ကျယ်ပြန့်သော မီးခိုးခရမ်းရောင် ပိုးသားလက်အင်္ကျီက ညင်သာစွာ လျှောကျသွားပြီး ဆီးနှင်းကဲ့သို့ ဖြူဝင်းသော လက်မောင်းတစ်ပိုင်းကို ဖော်ပြလိုက်မိသည်။

"မိုးလည်း ချုပ်တော့မယ်။ ကျွန်မ ခင်ပွန်းက ညစာ အတူစားဖို့ ပြန်အလာကို စောင့်နေလိမ့်မယ်။ သခင်စုက အစိုးရရေးရာတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ကျွန်မ နောက်ထပ် မနှောင့်ယှက်တော့ပါဘူး"

ဝင်လုဆဲဆဲ နေမင်းကြီးက ပိုးသားကဲ့သို့ တောက်ပလှပသော ဆည်းဆာအလင်းတန်းကို ဖြာကျစေသည်။

စုကျန်းက သူ၏ ရှည်လျားသော ဖီးနစ်မျက်ဝန်းများကို အန္တရာယ်ရှိရှိ ကျဉ်းမြောင်းလိုက်သည်။

မျက်လုံးထောင့်မှ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ထိုမိန်းကလေး၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်မောင်းထက်တွင် အပျိုစင်အမှတ်အသား ပျောက်ကွယ်နေပြီဖြစ်ကြောင်း သူ မြင်လိုက်ရလေသည်။

All Chapters