အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း (၂၆၈) - သူမကို ကျွန်တော် လက်ထပ်ချင်ပါတယ်။
ဝေ့ကျန့်ယန်ကို ရေချိုးအဝတ်အစားလဲရန် အထိန်းတော်ကြီးက သူမ၏ခြံဝင်းထဲသို့ ပြန်ခေါ်သွားလေသည်။
သခင်မလင်သည် လုစစ်လင်နှင့်အတူ ဝေ့အိမ်တော်၏ ဧည့်ခန်းမဆောင်သို့ ဝင်ရောက်လာခဲ့သည်။
စုယွီက မင်္ဂလာမဆောင်မီကပင် တိတ်တိတ်ပုန်းမယားငယ်ထားရှိကြောင်း သတင်းကြားလိုက်ရသဖြင့် ပညာရှိအမတ်ကြီး ဝေ့ရှောင်းသည် ဒေါသတကြီးဖြင့် ရုံးတော်မှ အပြေးအလွှား ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ သူ၏ဧည့်ခန်းမဆောင်သို့ လုစစ်လင် ဝင်လာတာကို အမှတ်မထင် တွေ့လိုက်ရသည်။
သခင်မလင်က ယနေ့ဖြစ်ပျက်ခဲ့သမျှကို သူမ၏ခင်ပွန်းအား အသေးစိတ် ပြန်လည်ပြောပြ၏။
ဝေ့ရှောင်းသည် ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး သူ၏ခန့်ညားသောမျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေတော့သည်။
ဝေ့ကျန့်ယန်တစ်ယောက် စိတ်နှလုံးကွဲကြေကာ စုအိမ်တော်ရှိ ရေကန်ထဲသို့ ခုန်ချသွားကြောင်း ကြားလိုက်ရချိန်တွင် သူအလွန်စိုးရိမ်သွားပြီး သမီးဖြစ်သူကို အမြန်သွားကြည့်ချင်နေမိသည်။
သခင်မလင်က သူ့ကိုပြန်ဆွဲထားပြီး မျက်ရိပ်ပြလိုက်သည်။
"ရှင်၊ စစ်သူကြီးလု ဒီမှာရှိနေသေးတာကို သတိမထားမိဘူးလား"
ထိုအခါမှသာ ဝေ့ရှောင်းသည် ရေတွေရွှဲနစ်နေသော လုစစ်လင်ကို သတိထားမိသွား၏။ သူက ဝေ့ကျန့်ယန်ကို ကယ်တင်ပေးခဲ့ကြောင်း သိလိုက်ရသဖြင့် အလျင်အမြန်ပဲ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
"ယန်အာရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် စစ်သူကြီးလုကို ကျေးဇူးတင်ပါတယ်"
လုစစ်လင်က နှိမ့်ချလွန်းခြင်း၊ မောက်မာလွန်းခြင်းမရှိဘဲ ပြန်ဖြေသည်။
"ပညာရှိအမတ်ကြီး ဝေ့... အားနာစရာမလိုပါဘူး။ ဒါက ကိစ္စငယ်လေးတစ်ခုပါပဲ"
ယခု ဝေ့ကျန့်ယန်၏ အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း သူမကို ရေတွေရွှဲနစ်နေချိန်တွင် အမျိုးသားတစ်ဦးက ရေထဲမှ ပွေ့ချီလာခဲ့ခြင်း ဖြစ်၏။
ကျန်းကော်နယ်စားမင်းအိမ်တော်နှင့် ရွှမ်းယီစံအိမ်တော် နှစ်ခုလုံးမှ အစေခံများက ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြသည်။
သူတို့သမီးလေးက လတ်တလောမှာ ခန္ဓာကိုယ်ထိခိုက်မှု မရှိပေမယ့် သူမရဲ့ဂုဏ်သိက္ခာကရော ဘယ်လိုလုပ်မလဲ။
အခုအချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ဖြေရှင်းမယ့်နည်းလမ်းတစ်ခုကို တိုင်ပင်ဆွေးနွေးရမယ်။
လုစစ်လင် ရေတွေရွှဲနစ်နေတာကို မြင်သောအခါ ဝေ့ရှောင်းက တံခါးအပြင်ဘက်ရှိ ကိုယ်ရံတော်ကို တစ်ချက်ကြည့်ကာ အသံမာမာဖြင့် ပြောလိုက်သည်။
"လန်အာရဲ့ အဝတ်အစားသစ်တချို့ မြန်မြန်သွားယူခဲ့ပြီး စစ်သူကြီးလုကို ရေစိုဝတ်တွေ လဲခိုင်းလိုက်စမ်း"
လုစစ်လင်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။
ဝေ့ရှောင်းက ပြုံးကာ ပြောလေသည်။
"ကျုပ်သားနဲ့ စစ်သူကြီးလုက အရပ်အမောင်း သိပ်မကွာပါဘူး။ ဘေးဘက်အခန်းက နွေးထွေးတဲ့ အခန်းလေးပါ။ စစ်သူကြီးငယ်က ယန်အာရဲ့ အသက်သခင်ဖြစ်တဲ့အတွက် အားနာနေစရာ မလိုပါဘူး။ ကျေးဇူးပြုပြီး အဝတ်အစားအရင် သွားလဲလိုက်ပါ။ ကျုပ် ညစာပြင်ဆင်ခိုင်းထားလိုက်ပါ့မယ်၊ ပြီးမှ တခြားကိစ္စတွေကို ဆက်ဆွေးနွေးကြတာပေါ့"
လုစစ်လင်သည် ဝေ့ဇနီးမောင်နှံ နှစ်ယောက်တည်း သီးသန့်ဆွေးနွေးစရာရှိတာကို နားလည်လိုက်သည်။ သူက လက်ကိုယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် ကိုယ်ရံတော်နောက်မှလိုက်ကာ ဘေးခန်းဆီသို့ ထွက်သွားလေသည်။
လုစစ်လင် ထွက်သွားသည်နှင့် သခင်မလင်က စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဒါဆို... သူက လူပုံအလယ်မှာ ငါတို့ရဲ့ ယန်အာကို ပွေ့ချီထားခဲ့တာပေါ့လေ"
"ဒါကို သံသယဖြစ်စရာ လိုသေးလို့လား"
သခင်မလင်က စိုးရိမ်တကြီး ပြောလာသည်။
"ကျွန်မတို့မိသားစုကလူတွေလောက်ပဲ မြင်ခဲ့တာဆိုရင် ဖုံးဖိထားလို့ရနိုင်သေးတယ်။ ဒါပေမဲ့ ဒီနေ့ ဝမ်ရှို့ခန်းမဆောင်မှာက လူတွေကျပ်ညပ်နေတာပဲ၊ ပြီးတော့ နင်နင်ကလည်း အစေခံတစ်အုပ်ကြီး ခေါ်လာသေးတယ်... အားလုံးက မျက်မြင်ကိုယ်တွေ့ပဲ။ ယန်အာရဲ့ ဂုဏ်သိက္ခာကတော့ ပျက်စီးသလောက်ဖြစ်သွားပြီ။ အခု စုမိသားစုနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီဆိုတော့ တခြားကိစ္စတွေကို ဖြေရှင်းလို့ရသွားပြီး တခြားအိမ်ထောင်ဖက် အသစ်ထပ်ရှာပေးလိုက်ရုံပဲ။ ကျွန်မစိုးရိမ်တာက စုမိသားစုက ပြဿနာရှာပြီး ယန်အာရဲ့ ဂုဏ်သိက္ခာကို တမင်သက်သက် ထိခိုက်အောင် လုပ်လာမှာကိုပဲ"
ဝေ့ရှောင်း၏ မျက်နှာမှာ ဒေါသကြောင့် ပို၍ပင် မည်းမှောင်သွားသည်။
"ဒါတွေအားလုံး စုယွီကြောင့်ပဲ။ ငါ သူ့ကို အစကတည်းက သဘောမကျတာ၊ အခုတော့ တကယ့် လူယုတ်မာတစ်ယောက် ဖြစ်နေတာပဲ။"
"အခုက သူ့အကြောင်း ပြောနေရမယ့် အချိန်မဟုတ်ဘူး။ ကျွန်မကတော့ ကိုယ့်သဘောနဲ့ကိုယ် စုမိသားစုနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီ။ ဘာပဲဖြစ်ဖြစ် ယန်အာကတော့ မယားငယ်ထားတဲ့ ယောကျာ်းမျိုးနဲ့ လက်မထပ်နိုင်ဘူး။"
သခင်မလင်က သူမ၏ နားထင်ကို နှိပ်နယ်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ အခု သူ(မ)က လုစစ်လင်နဲ့ ထိတွေ့မှု ရှိသွားပြီလေ။ ကျွန်မတို့ ဘာလုပ်ကြမလဲ"
သူမက စစ်ဗိုလ်ချုပ်၊ စစ်သူကြီးများကို အမြဲတမ်း သဘောမကျခဲ့ပေ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လုရုန်သည် ရွှယ်စုန့်နျန်နှင့် လက်ထပ်မည့်ကိစ္စကို သူမ သဘောမတူခဲ့ချေ။
သမိုင်းက သူမ မှန်ကန်ကြောင်း သက်သေပြခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပင် လုရုန်က ရွှယ်စုန့်နျန်နောက်သို့ နယ်စပ်ဒေသများဆီ လိုက်ပါသွားခဲ့၏။
မကြာမီမှာပင် ထိုဇနီးမောင်နှံနှင့် သူတို့၏ သားကြီး သေဆုံးသွားကြောင်း သတင်းရောက်ရှိလာသည်။
ပေါ်အာလေးက ဘယ်လောက်တောင် ရှိသေးလို့လဲ... ဒါပေမဲ့ သူပါ သူတို့နဲ့အတူ စစ်မြေပြင်မှာ သေဆုံးသွားခဲ့ရတယ်။
သတင်းက တုန်းကျင်းသို့ ရောက်ရှိလာသောအခါ သူမ ညပေါင်းများစွာ ပြင်းပြင်းထန်ထန် ငိုကြွေးခဲ့ရ၏။
သူမသည် ဒေါသလည်းထွက်၊ နာကျည်းလည်းနာကျည်းမိပြီး သူမ စကားကိုနားမထောင်ဘဲ စစ်သည်မိသားစုထဲသို့ အတင်းဝင်ရောက်လက်ထပ်ခဲ့သည့် လုရုန်ကို အပြစ်တင်မိသည်။
သို့သော် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ရခြင်းက သဘာဝအရ မှားယွင်းနေခြင်းမျိုး မဟုတ်ဘဲ ချီးကျူးဂုဏ်ပြုထိုက်တယ်ဆိုတာကိုလည်း သူမ နားလည်ပါတယ်။
ဒါပေမဲ့လည်း သူမရဲ့သမီးက သူမ ဆယ်လလွယ် ကိုးလဖွား၍ အသက်နှင့်လဲကာ မွေးဖွားခဲ့ရသည့် ကလေးငယ်ပင်။
သူမ မည်မျှပင် စိတ်နှလုံး နုနယ်ပါစေဦးတော့၊ ယန်အာကို လုမိသားစုထဲ ပေးစားပြီး လုရုန်၏ ခြေရာအတိုင်း အဖြစ်မခံနိုင်ပေ။
ဝေ့ရှောင်းလည်း ဇနီးဖြစ်သူ ဘာတွေးနေလဲဆိုတာကို သိသဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါမှမဟုတ်ရင် ငါကိုယ်တိုင် စုမိသားစုဆီ သွားလိုက်မယ်။ ဒီကိစ္စကို အစအဆုံး ဂရုတစိုက် ကိုင်တွယ်ရမယ်။ ယန်ယန့်ကို မထိခိုက်စေဖို့အတွက် ဘာသံမှ အပြင်ကို မပေါက်ကြားစေရဘူး"
"ဒါက အကောင်းဆုံး ဖြစ်လိမ့်မယ်။ အရင်ဆုံး စုမိသားစုနဲ့ လီမိသားစုကို ထိန်းထားရမယ်။"
သခင်မလင်သည် အတော်ကြာ တိတ်ဆိတ်သွားပြီးမှ မျက်လုံးပင့်ကြည့်လိုက်သည်။
"လုစစ်လင် ရောက်လာရင် ကျွန်မ သူ့ကို ပြောလိုက်မယ်။ လုမိသားစုက မျိုးရိုးစဉ်ဆက် ပညာတတ်မိသားစုပဲ။ သူက ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယန်ယန့်ဘက်ကို ငဲ့ညှာပေးမှာ သေချာပါတယ်။ ဒါ့အပြင် သူ(မ)ကို ကယ်ခဲ့တာက သူ့အတွက်တော့ ကိစ္စအသေးအမွှားလေးပဲလေ၊ ပြီးတော့ သူက ယန်ယန့်ကို သဘောကျတာလည်း မဟုတ်ဘူး။ ကျွန်မတို့ ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။"
အဝတ်အစားလဲပြီးနောက် လုစစ်လင်သည် ဧည့်ခန်းမဆောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သခင်မလင်၏ စကားကို ကြားလိုက်ရသောအခါ သူက နက်မှောင်နက်ရှိုင်းသော မျက်ဝန်းများကို ပင့်ကြည့်ကာ ခပ်ဖျော့ဖျော့ ရယ်မောပြီး မေးလိုက်၏။
"သခင်မလင်က ဘာကို ဆိုလိုတာလဲ"
သခင်မလင်က ယဉ်ကျေးစွာ ပြုံးပြသည်။
"ဒီနေ့ဖြစ်ရပ်က ရုတ်တရက်ကြီးမို့ ယန်ယန့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ယန်ယန်က အိမ်တော်က အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတယ်။ စစ်သူကြီးလုအနေနဲ့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို လျှို့ဝှက်ပေးထားပြီး အပြင်ကို မပြန့်ပွားစေချင်ပါဘူး"
လုစစ်လင်က မေးလိုက်သည်။
"ပြီးတော့ရော....."
သခင်မလင်က ဤအမေးကို ထူးဆန်းသွားပုံရသည်။
"ပြီးရင်တော့ ဘာမှမဖြစ်ခဲ့သလိုပဲ နေကြရမှာပေါ့။ စစ်သူကြီးလုက ယန်ယန့်အသက်ကို ကယ်ခဲ့တာ။ တကယ်လို့ လိုချင်တဲ့ ဆုလာဘ်ရှိရင်လည်း အားမနာတမ်း တောင်းဆိုနိုင်ပါတယ်။ ငါတို့ ဝေ့မိသားစု တတ်နိုင်သရွေ့တော့ ငါနဲ့ ငါ့ခင်ပွန်းက အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်"
လုစစ်လင်က မဲ့ပြုံးတစ်ချက် ပြုံးရင်း
"ကောင်းပါပြီ..."
"အမေ..."
တံခါးအပြင်ဘက်မှ ဝေ့ကျန့်ယန်က စိုးရိမ်တကြီးဖြင့် လုစစ်လင်၏ စကားကို ဖြတ်ပြောလိုက်သည်။
လုစစ်လင် လှည့်ကြည့်လိုက်သောအခါ မိန်းကလေးငယ်၏ နီရဲနေသော မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။
သူမက သူ့ကိုမကြည့်ဘဲ သူမ၏ မိဘများရှေ့တွင် ဒူးထောက်လိုက်၏။
"ဒီနေ့ သမီးက စုမိသားစုရဲ့ အရှက်ခွဲတာကို ခံခဲ့ရသလို လူပုံအလယ်မှာလည်း အမျိုးမတော်စပ်တဲ့ အမျိုးသားတစ်ယောက်နဲ့ ထိတွေ့မှု ရှိခဲ့ပါတယ်။ သမီးမှာ ဘာဂုဏ်သိက္ခာ ကျန်တော့မှာလဲ။ တကယ်လို့ စစ်သူကြီးလုက သမီးကို လက်မထပ်ဘူးဆိုရင် သမီး ဒီလောကကြီးမှာ ဆက်အသက်ရှင်ဖို့ မျက်နှာရှိတော့မှာ မဟုတ်ပါဘူး။"
သခင်မလင် ကြောင်အသွားသည်။
"ယန်ယန်... နင် ဘာတွေ လျှောက်ပြောနေတာလဲ"
ဝေ့ကျန့်ယန်အနေဖြင့် မိဘများကို ဒီလိုမျိုး ရဲရဲဝံ့ဝံ့ ပြောဆိုခြင်းမှာ ဒါပထမဆုံးအကြိမ်ပင်။
ငယ်စဉ်ကတည်းက သူမက လိမ္မာရေးခြားရှိပြီး မိဘများ စစီစဉ်ပေးသမျှကို အမြဲ နာခံခဲ့သူ ဖြစ်၏။
ဒါပေမဲ့ ယခုတစ်ကြိမ်တွင်တော့ သူမက သူမကိုယ်တိုင်အတွက် တစ်ကြိမ်တစ်ခါလောက် တောင်းဆိုကြည့်ချင်မိတယ်။
လုစစ်လင်က သူမကို စေတနာသက်သက်ဖြင့် ကယ်တင်ခဲ့ပြီး လက်ထပ်ရန် အစီအစဉ်မရှိလျှင်ပင် သူမ ကြိုးစားကြည့်ချင်သေးတယ်။
တကယ်လို့... သူက သူမကို လက်ထပ်ဖို့ ငြင်းဆန်ခဲ့ရင်တော့ သူမ သီလရှင်ဝတ်ပစ်လိုက်မယ်။
မဟုတ်ပါက တုန်းကျင်းမှ ထွက်ခွာပြီး ဝေ့မိသားစု၏ ဘိုးဘွားပိုင်အိမ်တော်မှာပဲ ရိုးရိုးရှင်းရှင်း အေးအေးဆေးဆေး နေထိုင်သွားတော့မယ်။
"သမီးရဲ့ ခန္ဓာကိုယ်ကို စစ်သူကြီးလု မြင်တွေ့သွားခဲ့ပြီ။ သမီး တခြားဘယ်သူ့ကိုမှ လက်ထပ်ဖို့ မျက်နှာမရှိတော့ပါဘူး။"
သူမ၏ နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေသည်။ မိဘများကို ပြောပြီးနောက် သူမက သေးငယ်သောမျက်နှာလေးကို သတိကြီးစွာ ပင့်ကြည့်လိုက်ရာ နက်မှောင်သော မျက်တောင်ဖျားများတွင် ပဲစေ့ခန့် မျက်ရည်စများ ခိုတွဲနေသည်။
"သမီးက စစ်သူကြီးလုနဲ့ လက်ထပ်ဖို့ ဆန္ဒရှိပါတယ်။ စစ်သူကြီးလုရော... သမီးကို လက်ထပ်ဖို့ ဆန္ဒရှိပါ့မလားလို့ သိချင်ပါတယ်"
"ယန်ယန်... နင် မိုက်မဲမနေနဲ့။"
သခင်မလင်သည် ဒေါသကြောင့် မျက်စိထဲ ပြာဝေသွားကာ ထရပ်လိုက်သည်။
"စစ်သူကြီးလုမှာ အရင်က စေ့စပ်ထားတာ ရှိပြီးသားလေ။ သူက ဘယ်လိုလုပ်ပြီး လက်ထပ်ဖို့ သဘောတူ—"
"သေချာတာပေါ့... ကျွန်တော် သဘောတူပါတယ်။"
လုစစ်လင်က သခင်မလင်၏ စကားကို ဖြတ်ပြောလိုက်သည်။
ခန်းမဆောင်ထဲသို့ လေပြေညင်းတစ်ချက် ဝေ့ဖြန်းသွားပြီး အမျိုးသား၏ ဝတ်ရုံလက်အင်္ကျီများကို လွင့်ခါသွားစေ၏။
သူက ပညာတတ်တစ်ဦး၏ လှပသောဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ၏ အရှိန်အဝါမှာ စစ်သူကြီးတစ်ဦး၏ ခန့်ညားထည်ဝါမှုနှင့် တည်ကြည်မှုကို ဆောင်နေဆဲပင်။
သူက ဝေ့ကျန့်ယန်အနားသို့ လှမ်းလျှောက်လာပြီး သူမ၏လက်ကို အရှိန်အဝါရှိရှိ ဆွဲကိုင်ကာ မြေပြင်မှ ထူမပေးလိုက်သည်။
ခန်းမထဲရှိ လူသုံးယောက်လုံး ကြောင်အသွားကြသည်။
ဝေ့ကျန့်ယန်၏ မျက်ဝန်းများ နီရဲနေပြီး မျက်တောင်ဖျားနှင့် မျက်ခုံးတန်းများတွင် မျက်ရည်စများ စိုစွတ်နေဆဲပင်။
သူမက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ထိုအမျိုးသား၏ အလွန်ချောမောသော မျက်နှာကို ကြည့်ကာ သူမနားကြားမှားလေသလားဟု ခဏမျှ သံသယဝင်သွားမိသည်။
"ရှင်... ဘာပြောလိုက်တာလဲ"
"ကိုယ်ပြောတာက... မင်းကို ကိုယ် လက်ထပ်ဖို့ ဆန္ဒရှိတယ်လို့။"
လုစစ်လင်က ပြုံးလျက် ပြောပြီးနောက် သူ့လက်ဖဝါးကြီးဖြင့် သူမ၏ နားရွက်ဘေးမှ ဝဲကျနေသော ဆံစလေးများကို ညင်သာစွာ သပ်တင်ပေးလိုက်သည်။
ထို့နောက် လှည့်၍ ဝေ့ဇနီးမောင်နှံရှေ့တွင် ဒူးထောက်ကာ လေးနက်စွာဖြင့် ပြောလိုက်၏။
"ကျွန်တော် လုစစ်လင်က ဝေ့အိမ်တော်က သမီးပျိုကို သဘောကျမြတ်နိုးနေခဲ့တာ ကြာပါပြီ။ ဒီတစ်ခေါက် သူ(မ)ကို ကယ်တင်ခဲ့တာဟာ တခြားဘာကိုမှ မရည်ရွယ်ပါဘူး၊ အမတ်ကြီးဝေ့နဲ့ သခင်မလင်တို့က ယန်ယန့်ကို ကျွန်တော့်လက်ထဲ ထည့်ပေးဖို့ပဲ တောင်းခံချင်တာပါ။ ကျွန်တော် စနစ်တကျ လူကြီးစုံရာနဲ့ လာရောက်စေ့စပ်မှာ ဖြစ်သလို၊ ခန်းဝင်ပစ္စည်း အမြောက်အမြားနဲ့အတူ ယန်ယန့်ကို ဝေါယာဉ်ရှစ်ယောက်ထမ်းနဲ့ ခမ်းခမ်းနားနား လက်ထပ်ယူပါ့မယ်”