← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉) - အောင်မြင်ခြင်း

လုစစ်လင်က ယန်ယန်ကို တကယ်သဘောကျနေမည်ဟု မယုံကြည်နိုင်စွာဖြင့် သခင်မလင်က အံ့သြမှင်သက်စွာ စိုက်ကြည့်နေမိသည်။

ဝေ့ကျန့်ယန်လည်း မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရပ်နေရာမှ အေးခဲသွား၏။

ဒါက သူမရဲ့ တစ်ဖက်သတ်အချစ်သာဖြစ်ပြီး လုစစ်လင်က သူမလို မိန်းကလေးမျိုးကို ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူးလို့ပဲ သူမ အမြဲတွေးထင်ထားခဲ့တာ။

ဒါမှမဟုတ် သူမရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန်အတွက် လုစစ်လင်က ဒီစကားကို မတတ်သာဘဲ ပြောလိုက်ရတာများလား။

"မရဘူး!"

သခင်မလင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"ယန်ယန် မင်းကို လက်ထပ်လို့မရဘူး!"

လုစစ်လင်က မျက်မှောင်ပင် မကြုတ်ချေ။

"အကယ်၍ သခင်မလင်သာ ဒီနေ့ သဘောမတူဘူးဆိုရင်၊ သဘောတူတဲ့အထိ ဝေ့အိမ်တော်မှာပဲ လုစစ်လင် ဒူးထောက်နေပါ့မယ်။"

ဝေ့ကျန့်ယန်က ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် မာနနှင့် ဂုဏ်သိက္ခာအားလုံးကို ဘေးဖယ်ထားကာ လုစစ်လင်ဘေး၌ ကမန်းကတန်း ဝင်၍ဒူးထောက်လိုက်သည်။

"အမေ၊ သမီး တောင်းပန်ပါတယ်။ သမီး... သမီး အစ်ကိုလုကို တကယ်ပဲ လက်ထပ်ချင်တာပါ!"

"ဒီအရူးမလေး၊ ထစမ်း!"

ဝေ့ကျန့်ယန်က ငိုယိုကာ-

"အဖေနဲ့ အမေသာ သဘောမတူရင် သမီး မထဘူး!"

သခင်မလင် အနည်းငယ် ယိမ်းယိုင်သွားပြီး သူမစိတ်တွေ ရှုပ်ထွေးသွားသည်။

ဝေ့ရှောင်းက သူမကို ထိန်းကိုင်ပေးလိုက်ပြီး ရဲတင်းသော လုစစ်လင်ဘက်သို့လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"စစ်သူကြီးလုက ဒူးထောက်ရတာကို သဘောကျမှတော့လည်း ဒူးထောက်နေလိုက်! လာကြစမ်း၊ သခင်မလေးကို အခန်းထဲ ပြန်ခေါ်သွားပြီး အပြင်ကို ခြေတစ်လှမ်းမှ ပေးမထွက်စေနဲ့!"

"အဖေ—"

...........................

နောက်တစ်နေ့ နံနက်စောစောတွင် လီချန်ချဲ့နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့ပြီးနောက်၊ ရွှယ်နင် မျက်နှာတွေနီမြန်းကာ ခါးကိုကိုင်လျက် အိပ်ရာမှ ထလာခဲ့သည်။

ထိုအမျိုးသားမှာ ရုံးတော်တာဝန်များရှိသဖြင့် ထွက်သွားသည်မှာ အတန်ကြာပြီဖြစ်၏။

ပေါင်ချန်နှင့် ရှလန်တို့ ဝင်လာပြီး သူမကို ပြုစုပေးကြသည်။

မနက်ခင်း ချစ်တင်းနှီးနှောပြီးနောက် ထိုအမျိုးသားက သူမခါးတွင် ဆွဲချိတ်ပေးခဲ့သော သန္ဓေတားပုတီးစေ့ကို ရွှယ်နင် ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာသည်။

မနေ့က သူက သူမကို အဆက်မပြတ် စနောက်ခဲ့သဖြင့်၊ သူ ဘာလို့ သူမကို ကလေးမပေးချင်ရတာလဲဟု မျက်ရည်ဝဲကာ မေးခဲ့သေးတယ်။

သူက ကလေးမလိုချင်ဘူးဆိုလျှင်လည်း သူမက သူ့သဘောအတိုင်း အလျှော့ပေးမည် မဟုတ်ပေ။

နောက်ဆုံးတော့ ထိုအမျိုးသားက သူမကို ရှင်းပြခဲ့သည်။

တကယ်တော့ သူက ကလေးမယူချင်တာမဟုတ်ဘဲ၊ သူမ၏ကျန်းမာရေးကို စိုးရိမ်၍ စောစောစီးစီး ကလေးမယူချင်သေးတာပင်။

သူမ အသက်နည်းနည်းပိုကြီးလာသည့်အခါ ကလေးတစ်ယောက် နှစ်ယောက်လောက် ယူဖို့က ပြဿနာမဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် နယ်စားမင်းအိမ်တော်က ကလေးဘယ်လောက်များများ မွေးမွေး ကျွေးမွေးပြုစုနိုင်စွမ်း ရှိပြီးသားပဲ။

သူမ၏ ကျန်းမာရေးအတွက် တွေးပေးမည့်သူ ရှားပါးလှသည်ဖြစ်ရာ၊ ဤကိစ္စကို အချိန်ရွှေ့ဆိုင်းထားလို့ရသည်ဟု သူမကိုယ်တိုင်လည်း ခံစားမိလိုက်သည်။

သို့သော်လည်း၊ သူမ သူ့အပေါ် ခံစားချက်မရှိတော့တာ ကြာပြီဆိုတာကို စုကျန်း နားလည်သွားအောင် ကလေးကိုအသုံးပြုမည့် အကြံအစည်မှာမူ ယခုအခါ မဖြစ်နိုင်တော့ပေ။

ဒါပေမယ့် စုကျန်းအတွက်နဲ့ သူမကိုယ်ပိုင်ကျန်းမာရေးကို ဘာလို့ ထိခိုက်ခံရမှာလဲ။

မျက်နှာလေးနီမြန်းစွာဖြင့် ရွှယ်နင် မှန်တင်ခုံရှေ့တွင် ထိုင်လိုက်ပြီး၊ သူမလည်ပင်းမှ အနီကွက်များနှင့် ညှပ်ရိုးပေါ်မှ အညိုအမည်းစွဲနေသော အမှတ်အသားများကို ကြည့်လိုက်သည်။ သူမက ကျွတ်ကျွတ်ဟု နှစ်ချက်မျှ စုပ်သပ်လိုက်ပြီး၊ သားရဲတစ်ကောင်လို ကြမ်းတမ်းလွန်းသော အားချဲ့ကို စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်တော့သည်။

ဒါတွေက မြင်ရတဲ့ အမှတ်အသားတွေပဲ ရှိသေးတယ်။ အဝတ်အစားတွေအောက်မှာ ဘယ်လောက်တောင် ဖုံးကွယ်နေသေးလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

တစ်စုံတစ်ယောက်က အချိန်အတော်ကြာအောင် ဆာလောင်နေခဲ့တယ်ဆိုတာ ရှင်းနေတာပဲ။

ကံကောင်းထောက်မစွာဖြင့်၊ ဤအကြိမ်တွင်မူ သူက ပိုထိန်းချုပ်နိုင်ခဲ့ပြီး လင်မယားကြားက ရင်းနှီးကျွမ်းဝင်မှု၏ ပျော်ရွှင်သာယာမှုကို သူမအား ခံစားစေခဲ့သည်။

တွေးလေလေ သူမမျက်နှာက ပိုပူလာလေလေပင်။

ရွှယ်နင်းယက သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်ပြီး ကြေးမုံပြင်ထဲမှ သူမ၏ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ ဗာဒံစေ့ပုံစံ မျက်လုံးများ၊ မက်မွန်ပွင့်ရောင် ပါးပြင်များနှင့် နီမြန်းနေသော မျက်နှာလေးကြောင့် သူမ ရင်ခုန်သံများ မြန်ဆန်လာသည်။

ဒီနေ့ လုပ်စရာတွေ အများကြီးရှိတာကို၊ သူမ ဘာလို့ အတွေးတွေ လွင့်မျောနေရတာလဲ။

ချွန်းချီက စကတ်စကိုမကာ အခန်းထဲဝင်လာသည်။

"သခင်မလေး၊ ချိုးကျွီ ပြန်ရောက်လာပါပြီ။"

ရွှယ်နင်က အမြန်မော့ကြည့်လိုက်သည်။

"သူ(မ)ကို ချက်ချင်း ဝင်လာခိုင်းလိုက်။"

ပေါင်ချန်က ရွှယ်နင်၏ ဆံပင်ကို ဖြီးသင်ပေးနေစဉ် ချိုးကျွီက မျက်နှာသေဖြင့် ဝင်လာပြီး ဝေ့အိမ်တော်တွင် ဖြစ်ပျက်ခဲ့သမျှကို သတင်းပို့လေသည်။

ရွှယ်နင်က အံ့သြစွာဖြင့် ဘေးသို့ လှည့်လိုက်သည်။

"သခင်မလင်က ယန်ယန်ကို ငါ့အစ်ကိုနဲ့ သဘောမတူဘူးလို့ ပြောချင်တာလား။"

ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ။ ယန်ယန် ရေထဲကျသွားတာကို သူမအစ်ကိုက ကယ်တင်ခဲ့ပြီး လူအများကြီးလည်း မြင်ခဲ့ကြတာပဲ။

ဒီလက်ထပ်ပွဲက သေချာသလောက်ဖြစ်နေတာကို ဘာလို့ သခင်မလင်က အလျှော့မပေးရတာလဲ။ သူမက ငါ့အစ်ကိုကို တကယ်ပဲ သဘောမကျတာများလား။

ချိုးကျွီက ခေတ္တရပ်လိုက်ပြီးမှ-

"ဟုတ်ပါတယ်၊ ဒါပေမယ့် စစ်သူကြီးလုကတော့ လက်မလျှော့ပါဘူး။ မနေ့က တစ်ညလုံး ဝေ့မိသားစုရဲ့ ပန်းခန်းမဆောင်အပြင်ဘက် ခြံဝင်းထဲမှာ သူ ဒူးထောက်နေခဲ့ပါတယ်။"

ရွှယ်နင် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး ဝေ့မိသားစုထံသွားကာ လုစစ်လင်အတွက် တောင်းဆိုပေးရန် ထလိုက်စဉ်မှာပင် ချိုးကျွီထံမှ စကားသံကို ကြားလိုက်ရသည်။

"သခင်မလေး၊ အရမ်း စိတ်မပူပါနဲ့။ ကျွန်မ ပြောလို့ မပြီးသေးပါဘူး။"

ရွှယ်နင်က ဆက်ပြောရန် အချက်ပြလိုက်သည်။

ထို့နောက် ချိုးကျွီက ပြောသည်။

"ဒီနေ့ မနက်စောစောမှာ စုယွီက ဝေ့အိမ်တော်ကို သွားခဲ့ပါတယ်။"

ရွှယ်နင် မျက်မှောင်ကြုတ်လိုက်သည်။

"ပြီးတော့ရော?"

ချိုးကျွီက ဆက်ပြော၏။

"စုယွီက ဒူးထောက်ပြီး သခင်ကြီးဝေ့နဲ့ သခင်မကြီးတို့ဆီကို တိုက်ရိုက်တောင်းပန်ခဲ့ပါတယ်။ လက်ထပ်ပွဲကို ပြန်အဆင်ပြေအောင် ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ပညာရှိအမတ်ကြီးဝေ့ကတော့ အလျှော့ပေးဖို့ ငြင်းဆန်ခဲ့တယ်။ ဒီတော့ စုယွီက ဒေါသထွက်သွားပြီး ဘာအကြောင်းကြောင့်မှန်းမသိ အဲဒီနေရာမှာတင် ရူးသွပ်သွားသလို ဖြစ်သွားတယ်။ သူက သခင်မလေးဝေ့ကို လူပုံအလယ်မှာ လှောင်ပြောင်ခဲ့ပြီး၊ စေ့စပ်ပွဲဖျက်လိုက်ရင် သူ(မ)ကို ဘယ်သူမှ လိုချင်မှာမဟုတ်ဘူး၊ ယောကျ်ားတစ်ယောက်ကလည်း သူ(မ)ကို မြင်ပြီးသွားပြီဆိုတော့ ကောင်းမွန်တဲ့ မိသားစုဆီ သူ(မ) ဘယ်တော့မှ လက်ထပ်ဝင်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါက သခင်မလင်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး လုမိသားစုနဲ့ လက်ထပ်ဖို့ ချက်ချင်း သဘောတူလိုက်တဲ့အပြင် စုယွီကိုလည်း မောင်းထုတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။"

ဒီစကားကို ကြားပြီးနောက်မှာတော့ ရွှယ်နင်က သက်ပြင်းချလိုက်နိုင်တော့သည်။

သူမ ဝေ့အိမ်တော်သို့ သွားရန် မလောတော့ဘဲ မှန်တင်ခုံတွင် ပြန်ထိုင်လိုက်သည်။

တစ်စုံတစ်ရာကို တွေးမိကာ သူမနှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာပြီး ခံစားချက်ပြင်းပြစွာ သက်ပြင်းချလိုက်သည်။

"စုယွီရဲ့ အကျိုးသင့်အကြောင်းသင့်မရှိတဲ့ အပြုအမူကြောင့်ဆိုပေမယ့်၊ ဒါက ကံကြမ္မာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"

ယန်ယန်က သူမရဲ့ဘဝတစ်လျှောက်လုံး ဆိုးရွားစွာ ခံစားခဲ့ရတယ်။ သူမ ပြန်လည်မွေးဖွားလာတာ မဟုတ်လျှင်တောင်မှ၊ ဒီဘဝမှာ ကောင်းမွန်တဲ့ဘဝလေးတစ်ခုကို ရထိုက်ပါတယ်။

သူမကို ချစ်တဲ့ ခင်ပွန်းတစ်ယောက်ရှိလာမယ်၊ ကလေးတွေကို ဘေးကင်းစွာ မွေးဖွားနိုင်မယ်၊ ပြီးတော့ အနာဂတ်မှာ ခင်ပွန်းကို ပံ့ပိုးပေးပြီး ကလေးတွေကို ပြုစုပျိုးထောင်ရင်း... သူမ ဘယ်လောက်တောင် ဝမ်းသာပျော်ရွှင်ရလိုက်မလဲ။

ပေါင်ချန်လည်း ပြုံးလိုက်သည်။

"သခင်မလေးဝေ့က ကျွန်မတို့ စစ်သူကြီးလေးနဲ့ ပိုလိုက်ဖက်တယ်လို့ အမြဲခံစားခဲ့ရတာပါ။ ဒုတိယသခင်လေးစုရဲ့ စရိုက်ကတော့ ပုံမှန်ဆိုရင် ကောင်းကောင်းဟန်ဆောင်ထားတတ်တော့ ဘယ်သူမှ သူ့အတွင်းစိတ်ကို မမြင်နိုင်ကြဘူးလေ။ အခုတော့ ပိုတောင်ကောင်းသွားသေးတယ်။ ဘယ်ဂုဏ်သရေရှိ မိသားစုက သူတို့သမီးကို သူ့ရဲ့ ဇနီးမယားကြီးအဖြစ် ပေးစားချင်တော့မှာလဲ။ အဲဒီမယားငယ်ကို သူ ထုတ်ရောင်းပစ်ဖို့ ဆန္ဒရှိရင်တော့ တစ်မျိုးပေါ့။"

"မနေ့က အဲဒီမယားငယ်က ကြိုးဆွဲချသေဖို့ ကြိုးစားတော့ လူကြီးသူမတွေ အများကြီးရှိနေတာတောင် ဒုတိယသခင်လေးစုက ကယ်ဖို့ အပြေးအလွှားသွားခဲ့သေးတယ်။ ဒါက သူတို့အချစ်တွေ စစ်မှန်ကြောင်း ပြသနေတာပဲလေ။"

ချွန်းချီက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်သည်။

"ဒါပေမယ့် အဲဒီမယားငယ်ကရော သူ့အပေါ် တကယ်ပဲ သစ္စာရှိရဲ့လား။"

"လုံးဝတော့ မဟုတ်ဘူး။"

ချိုးကျွီက ချွန်းချီဘက်သို့ လှည့်လိုက်သည်။

"ဒီနေ့ ဝေ့အိမ်တော်မှာ စုယွီ ပြဿနာရှာပြီးနောက် ကျွန်မ သူ့နောက်ကနေ ထုံရှင်းလမ်းကြားအထိ လိုက်သွားခဲ့တယ်။ သူက အရှက်ကွဲပြီး ဒေါသထွက်နေတော့ အဲဒီမယားငယ်ကို ပါးရိုက်ပြီး ဒေါသတကြီး ထွက်သွားတာကို ကျွန်မ မြင်ခဲ့တယ်။ အဲဒီနောက် မယားငယ်က သည်းကြီးမည်းကြီး ငိုယိုပြီး၊ ပြန်ထလာပြီးတော့ အိမ်ထဲမှာ ဖွက်ထားတဲ့ မြေယာပိုင်ဆိုင်မှု စာချုပ်တွေကို ထုတ်ယူရင်း ရတနာနဲ့ စည်းစိမ်တွေ ခံစားနိုင်ဖို့ ရွှမ်းယီနယ်စားမင်းအိမ်တော်ကို မဖြစ်မနေ လက်ထပ်ဝင်ရမယ်ဆိုတဲ့ အကြောင်းတွေကို ပြောနေခဲ့တယ်။ ကျွန်မ မြင်ရသလောက်တော့ သူတို့နှစ်ယောက်က ကိုယ့်အကျိုးအတွက် တစ်ယောက်ကိုတစ်ယောက် အသုံးချနေကြတာပါ။ စစ်မှန်တဲ့ ခံစားချက်က နည်းနည်းလေးပဲ ရှိတယ်"

ရွှယ်နင်က ခပ်ရေးရေး ပြုံးလိုက်သည်။

"သူတို့အချင်းချင်းပဲ ကိုက်ကြပါစေ လွှတ်ထားလိုက်။"

ပေါင်ချန်က ဝမ်းသာအားရ ပြုံးရွှင်သွားသည်။

"သခင်မလေးဝေ့ စစ်သူကြီးလေးကို လက်ထပ်မယ့်နေ့ရောက်ရင် ဒုတိယသခင်လေးစု ဘယ်လောက်တောင် နောင်တရမလဲဆိုတာ ကြည့်ရဖို့ ကျွန်မ စောင့်နေတုန်းပဲ။"

ချိုးကျွီက ခေတ္တမျှ တုံ့ဆိုင်းသွားသည်။

"ကျွန်မ လေ့လာကြည့်ရသလောက်တော့ ဒုတိယသခင်လေးစုက သခင်မလေးဝေ့ တခြားတစ်ယောက်ကို လက်ထပ်သွားမယ်ဆိုတာကို လက်ခံယုံကြည်ချင်ပုံ မပေါ်သေးဘူး။ မယားငယ်ကို ပါးရိုက်ပြီးတဲ့နောက်၊ သူက သခင်မလေးဝေ့ကို ပြန်သိမ်းသွင်းပြီး ပညာရှိအမတ်ကြီးဝေ့ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးချပြီးတော့ နေရာကောင်းရလာတဲ့အခါ သူမကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ဖို့ နည်းလမ်းရှာပေးမယ်ဆိုပြီး ပြန်ချော့နေခဲ့သေးတယ်။"

ရွှယ်နင်က သရော်လိုက်သည်။

"စုမိသားစုက ယောက်ျားတွေက အမြဲတမ်း ဒီလိုပဲ— မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတတ်ကြတာ။"

ဒါပေမယ့် ဘာမှမဖြစ်ပါ။ အစ်ကိုလုနဲ့ ယန်ယန်တို့ တကယ်လက်ထပ်လိုက်တဲ့အခါ စုယွီ သေချာပေါက် အသိတရားရသွားလိမ့်မယ်။

ရွှယ်နင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။

"ဝေ့အိမ်တော်ကို တန်ဖိုးကြီး လက်ဆောင်တစ်ခု ပို့လိုက်ပါ။ နောက်မှ လုမိသားစုဆီ ပြန်ရောက်ရင်၊ လက်ထပ်ခွင့်တောင်းဖို့ အဒေါ်နဲ့အတူ ငါ သွားလိုက်မယ်။"

ချွန်းချီက အမြန်ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ။"

နံနက်စာစားပြီးနောက် ရွှယ်နင်က အရင်က ဖူရှန်းပေးထားခဲ့သော မူးမတ်မျိုးနွယ်စုများ၏ ဆွေစဉ်မျိုးဆက် စာရင်းကို ထုတ်ယူလိုက်သည်။

သူမက ဂုဏ်သရေရှိ မိသားစုများမှ အလားအလာရှိသော လူငယ်အချို့ကို သေချာ ဂရုတစိုက် ရွေးချယ်လိုက်၏။

ထို့နောက် သူတို့၏ အမြင်ကို တောင်းခံရန် ဒုတိယအိမ်ခွဲမှ ဝူရှီနှင့် ဝူကျင်းယီတို့ကို ခေါ်ခိုင်းလိုက်သည်။

ဝူရှီက ဝူကျင်းယီ၏ အကြီးအကဲဖြစ်ပြီး၊ သူမတစ်ဦးတည်းသာ ဝူကျင်းယီ၏ အိမ်ထောင်ရေးကို တကယ်တမ်း ဆုံးဖြတ်နိုင်စွမ်းရှိပေသည်။

All Chapters