အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း ၂၇၁ - လီလင်းဖုန်း အိမ်ပြန်မလာခြင်း
"အို..."
သခင်မဝမ်က လက်ရန်းကို မှီကာ အားမရှိစွာ ပြောလိုက်သော်လည်း မျက်လုံးထောင့်မှ ရွှယ်နင်ကို ခိုးကြည့်နေသည်။
"ငါ သိပ်ပြီး ခံတွင်းမတွေ့ဘူး"
ရွှယ်နင် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"အမေ ကျွန်မ ချက်တာကို မြည်းကြည့်ချင်လို့လား"
"မင်း ဟင်းချက်တတ်တယ်လား"
သခင်မဝမ်က အံ့ဩတကြီး မေးလိုက်၏။
"ချမ်းသာတဲ့ မိသားစုက သခင်မလေးတွေက ကိုယ်တိုင် ဟင်းချက်လေ့မရှိဘူးလေ"
ရွှယ်နင်က လှည့်ထွက်သွားနှင့်ပြီ။
"ဟင်းချက်တတ်တာက ရှက်စရာမှ မဟုတ်တာ"
သူမနောက်မှ ပေါင်ချန်၊ ချွန်းချီနှင့် အခြားသူများ လိုက်ပါသွားကြသည်။
မင်ဟွားဆောင်တွင် အစေခံ တော်တော်များများ ရှိသော်လည်း ထိုသူအားလုံးသည် သခင်မဝမ်ကို စောင့်ကြည့်ရန် လီလင်းဖုန်း စေလွှတ်ထားသူများသာ ဖြစ်၏။
သခင်မဝမ်က သူတို့ကို အနီးကပ်အစေခံခိုင်းရတာကို မနှစ်မြို့ပေ။ လီလင်းဖုန်း ဤခြံဝန်းသို့ အပြန်နည်းသွားကတည်းက ထိုသူများကို အတွင်းဆောင်သို့ သူမ ဝင်ခွင့်မပြုတော့ချေ။
ကျယ်ဝန်းသော မင်ဟွားဆောင်တွင် သူမနှင့် အထိန်းတော်လီ နှစ်ယောက်တည်းသာ ရှိ၏။
အထီးမကျန်ဘူးဆိုလျှင် လိမ်ရာကျပေမည်။
မကြာမီမှာပင် ရွှယ်နင် ခေါ်လာသော အစေခံကောင်မလေးများသည် မီးဖိုချောင်ငယ်လေးထဲတွင် ဆူညံစွာ အလုပ်များနေကြသည်။ သူတို့က ငယ်ရွယ်ကြပြီး နွေဦးရာသီ သစ်ကိုင်းပေါ်မှ စာကလေးများလို တတွတ်တွတ် စကားများနေကြသည်။
သခင်မဝမ်က စင်္ကြံအမိုးအောက်တွင် တစ်ကိုယ်တည်း အထီးကျန်စွာ ရပ်နေသည်။
မီးဖိုချောင်ထဲမှ အလုပ်များနေသော ပုံရိပ်လေးများကို ကြည့်ရင်း သူမရင်ထဲတွင် ဖော်ပြ၍မရသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
မကြာမီမှာပင် ရွှယ်နင်က ပူပူနွေးနွေး ဟင်းပွဲများကို အခန်းထဲသို့ ယူလာစေသည်။ သခင်မဝမ် မျက်နှာလွှဲလိုက်ပြီး မျက်လုံးထောင့်ကို ခိုးသုတ်လိုက်သည်။
"အမေ.. ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ဘူး။ သွား.. ဟင်းပွဲတွေ သွားချချေ။ ငါ့ကို ဘာလာကြည့်နေတာလဲ"
သခင်မဝမ်၏ အသံက အနည်းငယ် တုန်ယင်နေသော်လည်း ခက်ထန်သော မျက်နှာထားနှင့် ကြမ်းတမ်းသော လေသံကြောင့် သူမ ငိုထားမှန်း မည်သူမျှ မသိနိုင်ပေ။
ရွှယ်နင်က သိပ်ဂရုမစိုက်ပေ။
ကြောင်တစ်ကောင်လို မိန်းမမျိုးက များသောအားဖြင့် ရှေ့နောက်မညီတတ်ပေ။ ပါးစပ်က တစ်မျိုးပြောပြီး စိတ်ထဲက တစ်မျိုးဖြစ်နေတတ်တယ်။
အကောင်းဆုံးကတော့ အမွေးလေးတွေကို ညင်သာစွာ သပ်ပေးလိုက်ခြင်းပင်။
သူမ ဒေါသထွက်နေလျှင်တောင် အပြင်ပန်းမှာ ပြုံးပြပြီး ကွယ်ရာမှာ အကွက်ချတတ်တဲ့ စုမိသားစုဝင်များထက် သာပါသေးတယ်။
ထို့ပြင် သူမက အားချဲ့၏ မွေးမိခင်ပင်။
ရွှယ်နင်က သူမလက်ထဲမှ ပေါင်းထားသော ငါးဟင်းပွဲကို ချလိုက်ပြီး စားပွဲနားတွင် ရပ်ကာ တွေဝေနေမိသည်။
မကြာသေးမီက သူမ ထူးဆန်းသော အိပ်မက်များ မက်နေခဲ့သည်။
အရင်က စုကျန်း အကြောင်းများဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်ရက်ကတော့ အားချဲ့အကြောင်းတွေချည်းသာ ဖြစ်နေသည်။
မင်္ဂလာဦးညက သူမ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ထဲတွင် သူမက ကျယ်ဝန်းသော်လည်း လူသူကင်းမဲ့နေသော ခြံဝန်းတစ်ခုသို့ ရောက်သွားသလို ခံစားရ၏။
မှိန်ဖျော့ဖျော့ ပြတင်းပေါက်နောက်တွင် ဖယောင်းတိုင်အဝါရောင် အလင်းတန်းလေးတစ်ခုသာ လင်းလက်နေသည်။ ညဥ့်ယံသည် မင်ရည်ကဲ့သို့ မည်းမှောင်နေပြီး အေးစက်သောလေပြင်းများ တိုက်ခတ်ကာ ခြံဝန်းအတွင်းရှိ ကျောက်လှေကားထစ်များပေါ်သို့ နှင်းပွင့်များ ကျဆင်းနေသည်။
အားချဲ့က ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အရာရှိသုံး လက်ရန်းပါ ကုလားထိုင်ပေါ်တွင် မတ်မတ် ထိုင်နေလေသည်။
သူ၏ မျက်လုံးများက အနည်းငယ် ပွင့်ဟနေပြီး နှုတ်ခမ်းများက ဖြူလျော့နေသည်။ ဖယောင်းတိုင်အလင်းရောင်အောက်တွင် တောင်တန်းသဖွယ် မြင့်မားဖြောင့်စင်းသော နှာတံ၏ အရိပ်က ခက်ထန်တင်းမာသော ပုံရိပ်ကို ထင်ဟပ်နေသည်။
သခင်မဝမ်သည် ရယ်တစ်လှည့် ငိုတစ်လှည့်ဖြင့် အခန်းထဲမှ ထွက်သွားလေ၏။ ပွင့်ဟနေသော တံခါးပေါက်မှတစ်ဆင့် အရိုးခိုက်မတတ် အေးစက်လှသော မြောက်လေပြင်းများက အထဲသို့ ဝင်ရောက်တိုက်ခတ်လာသည်။
အိပ်မက်ထဲတွင်ပင် ရွှယ်နင်သည် အရိုးထဲစိမ့်ဝင်သွားမတတ် အေးခဲလွန်းသော အအေးဒဏ်ကို နက်ရှိုင်းစွာ ခံစားနေရသည်။
ရာသီဥတုက ရင်တုန်လောက်အောင်၊ သည်းခံနိုင်စွမ်းမရှိလောက်အောင် အေးခဲလွန်းသည်။
ဒီအတိုင်း ထိုင်နေသော ထိုအမျိုးသား အအေးမိသွားမည်ကို စိုးရိမ်သဖြင့် သူမ အနားသို့ အမြန်သွားကာ တံခါးပိတ်ရန် ပြောချင်ခဲ့သည်။
သို့သော် သူမ၏ လက်ချောင်းများက သူ့ကို ထိတွေ့လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်က အေးစက်ခဲကပ်နေပြီဖြစ်ကြောင်း သူမ သိလိုက်ရ၏။
သူမ ခြေခေါက်လဲကျသွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် ပြန်ထလာကာ သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်သည်။
သို့တိုင်အောင် သူက မျက်လုံးများ ပွင့်ဟနေဆဲဖြစ်ပြီး အသက်ရှူသံများ ရပ်တန့်နေခဲ့ပြီ။
သူမ၏ လက်ချောင်းများ တုန်ရီလာပြီး မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။
စားပွဲပေါ်တွင် ပန်းကန်လုံးအလွတ်တစ်လုံး ရှိနေသည်။ အထဲတွင် ဘာထည့်ထားခဲ့မှန်း မသေချာသော်လည်း စားကြွင်းစားကျန် အရည်အနည်းငယ်သာ ကျန်ရစ်တော့သည်။
ခြံဝန်းအပြင်ဘက်မှ သခင်မဝမ်၏ ဝမ်းနည်းကြေကွဲဖွယ် ငိုရှိုက်သံများ မကြာမီ ပဲ့တင်ထပ်လာသည်။
"သူသေသွားပြီ။ နောက်ဆုံးတော့ သေသွားပြီပဲ။ အားလုံး သေကုန်ကြပြီ။ သေတာ ကောင်းပါတယ်။ အရာအားလုံး ဖြူစင်သွားပြီး သန့်ရှင်းသွားတာပေါ့"
အိပ်မက်ထဲတွင် သခင်မဝမ်၏ ငိုသံများသည် နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး ရူးသွပ်မှုအငွေ့အသက် အနည်းငယ် စွက်ဖက်နေလေသည်။
သူမ နိုးလာသောအခါတွင်လည်း ရွှယ်နင်၏ ရင်ဘတ်ထဲတွင် အဆက်မပြတ် တဒိတ်ဒိတ် ခုန်နေဆဲပင်။
အိပ်မက်တစ်ခုသာ ဖြစ်သော်လည်း သူမ တကယ်ကြုံတွေ့ခဲ့ရသလို ခံစားရသည်။ နှင်းများဖုံးလွှမ်းနေသော ထိုညက ခြံဝန်းထဲတွင် မိခင်က သားကို သတ်လိုက်သည့် အဖြစ်ဆိုးကြီး တကယ်ဖြစ်ပျက်ခဲ့သကဲ့သို့ပင်။
အရင်ဘဝက သူမက အားချဲ့ထက်စော၍ သေဆုံးခဲ့ရသဖြင့် သူ နောက်ဆုံး ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကို သူမ လုံးဝ မသိခဲ့ရပေ။
ထိုအိပ်မက်ဆိုးက... ကောင်းကင်ဘုံက ကြိုတင်သတိပေးသည့် နိမိတ်တစ်ခုလား၊ ဒါမှမဟုတ် သူမရဲ့ အတွေးများကြောင့် မက်ရသည့် အိပ်မက်တစ်ခုလားဆိုတာ သူမ မပြောတတ်ပေ။
မည်သို့ပင်ဖြစ်စေ သခင်မဝမ်နှင့် အားချဲ့တို့ တစ်နေ့တွင် ပြန်လည်သင့်မြတ်သွားကြရန် သူမ ရိုးသားစွာ မျှော်လင့်မိသည်။
ဒီညတော့ သခင်မဝမ်နှင့်အတူ ညစာစားရန် သူမ စီစဉ်ထားလိုက်၏။
အပြင်ပန်းတွင် သခင်မဝမ်က ထူးထူးခြားခြား ဘာမှမပြသသော်လည်း သူမ၏ မျက်လုံးများကတော့ တောက်ပနေခဲ့သည်။
သို့သော် ထမင်းစားနေဆဲ တစ်ဝက်လောက်တွင် ဖူရှန်း ရောက်လာခဲ့သည်။
သူက အလွယ်တကူ ဝင်မလာရဲဘဲ မင်ဟွားဆောင်၏ ခြံတံခါးအပြင်ဘက်တွင် ရပ်ကာ အဝေးမှနေ၍ လှမ်းခေါ်လေသည်။
"သခင်မလေး.. ရှီဇီ ပြန်ရောက်နေပါပြီ။ သခင်မလေးကို ရှာမတွေ့လို့ အခု တော်တော်လေး စိတ်ပူနေပါတယ်"
ရွှယ်နင်က ပန်းကန်နှင့် တူကို ချလိုက်သည်။
"အမေ..."
သခင်မဝမ်က မျက်နှာသေဖြင့် ပြောလိုက်သည်။
"မင်း သွားခွင့်မရှိဘူး"
ရွှယ်နင်က တူနှင့်ပန်းကန်ကို ပြန်ကောက်ကိုင်လိုက်ပြီး ဖူရှန်းကို ပြောလိုက်သည်။
"အားချဲ့ကို သူ့ဟာသူ စားနှင့်လို့ ပြောလိုက်ပါ။ ငါ ဒီည အမေနဲ့အတူ ညစာစားနေလို့ ခဏနေရင် ပြန်လာခဲ့မယ်"
ဖူရှန်း တွန့်ဆုတ်သွားပြီး တစ်ခုခု ထပ်ပြောချင်သော်လည်း နောက်ဆုံးတွင် ထွက်သွားလေသည်။
ရွှယ်နင်က သခင်မဝမ်နှင့်အတူ အတန်ကြာ စကားစမြည် ပြောဆိုနေလိုက်သည်။
သခင်မဝမ်သည် ညစာကို အလွန်ကျေနပ်အားရစွာ စားသောက်ပြီးသွားသည်။
သူမက တူကိုချလိုက်ပြီး ရွှယ်နင်အား ပြောလိုက်သည်။
"လီမိသားစုက ယောက်ျားတွေ အားလုံးက အသုံးမကျတဲ့သူတွေချည်းပဲ။ လီချန်ချဲ့က အခု မင်းအပေါ် ကောင်းနေလို့ တစ်သက်လုံး ကောင်းမယ်လို့ မထင်နဲ့။ သူ အသက်နည်းနည်းကြီးလာရင် အိမ်ပြန်လာမှာ မဟုတ်တော့ဘူး၊ တခြားမိန်းမတွေကို သဘောကျမယ်၊ မယားငယ်တွေ ယူမယ်၊ ပြီးတော့ မင်းဆီ ဒုက္ခတွေချည်း ယူလာပေးလိမ့်မယ်"
ရွှယ်နင်က သဘောတူသလိုလို မတူသလိုလိုဖြင့် ခေါင်းညိတ်လိုက်သည်။
"အမေက အဖေက အဲဒီလိုလူမျိုးလို့ ဆိုလိုချင်တာလား"
သခင်မဝမ်က ပစ်ပစ်ခါခါ ပြောလိုက်၏။
"လီချန်ချဲ့က သူ့သားလေ။ ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ"
"ဒါပေမဲ့ သူ့ကိုယ်ထဲမှာ အမေ့ရဲ့ သွေးတစ်ဝက်လည်း ပါနေတာပဲလေ"
ရွှယ်နင်က တောက်ပစွာ ပြုံးလျက် ပြန်ဖြေလိုက်သည်။
"အမေက ကွယ်လွန်သွားတဲ့ ခင်ပွန်းအပေါ် အချစ်ကြီးပြီး သစ္စာရှိခဲ့တာပဲ။ အားချဲ့ကလည်း အမေ့ရဲ့ စိတ်နေသဘောထားကို အမွေရထားတာ ဖြစ်နိုင်တာပဲ"
သခင်မဝမ် စိတ်အိုက်သွားတယ်။
"မိုက်မဲတဲ့ ကောင်မလေး.. ကောင်းတဲ့စကားနဲ့ ဆိုးတဲ့စကားကိုတောင် ခွဲမသိဘူးလား"
"အဖေ့အပေါ် အမေ မကျေနပ်တာကိုပဲ ကျွန်မ ကြားလိုက်ပါတယ်"
ရွှယ်နင်က ဆွပေးခြင်းကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ သူမက ကြည်လင်သော မျက်လုံးများကို ပင့်ကာ ညင်သာစွာ မေးလိုက်သည်။
"မကြာသေးခင်က အဖေ ရှန်းယင်ဆောင်မှာ နေနေတာက အမေ့ကို ဒေါသထွက်စေလို့လား"
သခင်မဝမ်က နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"သူ ဘယ်မှာအိပ်အိပ် ငါနဲ့ ဘာဆိုင်လို့လဲ"
"ဟုတ်ပါတယ်။ ယောက်ျားတွေ ဇနီးတွေ ကိုယ်လုပ်တော်တွေ အများကြီးထားတာက သာမန်ပါပဲ"
ရွှယ်နင်က ခေါင်းညိတ်ကာ သူမစကားကို ထောက်ခံလိုက်၏။
"ဒါကြောင့် ကျွန်မ အမေ့ဆီက သင်ယူရမယ်"
"ငါ့ဆီက ဘာသင်ယူရမှာလဲ"
"အမေ့လို သည်းခံနိုင်ပြီး သဘောထားကြီးတတ်ဖို့လေ"
ရွှယ်နင်က အပြစ်ကင်းစင်ကာ ချိုသာသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အပြင်မှာ ကောလာဟလတွေ ထွက်နေတယ်.. အဖေက ရှန်းယင်ဆောင်မှာ အရမ်းလှတဲ့ မိန်းမငယ်လေး တစ်ယောက်ကို ထားထားပြီး အလွန်အမင်း အလိုလိုက်ထားတယ်တဲ့။ အဲဒီမိန်းမနားကို ဘယ်သူမှ အကပ်မခံရုံသာမက သူ(မ)ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုလည်း လျှို့ဝှက်ထားတယ်တဲ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖေက သူ(မ)ကို မြစ်ထဲ လှည့်လည်ဖို့ ခေါ်သွားပြီး လှေကြီး သုံးစင်းလုံးကို ငှားရမ်းခဲ့တဲ့အပြင် သူ(မ)တစ်ယောက်တည်း ညစာစားဖို့အတွက် ဖန့်လို စားသောက်ဆိုင် တစ်ခုလုံးကိုတောင် သိမ်းငှားခဲ့တယ်တဲ့"
သခင်မဝမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"..."
ရွှယ်နင်က ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။
"အမေက ဒီသတင်းကို သိနေတာတောင် ဒေါသမထွက်ဘူးလား"
သခင်မဝမ်က အတင်းပြုံးလိုက်သည်။
"ငါက ဘာလို့ ဒေါသထွက်ရမှာလဲ"
"ဒါကြောင့် အမေက သဘောထားကြီးတယ်လို့ ကျွန်မ ပြောတာပေါ့"
ရွှယ်နင်က သက်ပြင်းချကာ ဆက်ပြော၏။
"စံအိမ်ထဲက လူတိုင်းက မကြာခင် အဖေက အဲဒီမိန်းမကို နယ်စားမင်းအိမ်တော်ဆီ ခေါ်လာတော့မယ်လို့ ပြောနေကြတယ်။ အဲဒီလိုဖြစ်လာရင် ကျွန်မတို့အိမ်က ပြန်ပြီး စည်ကားလာတော့မှာ။ အဖေက လူရွယ်ခွန်အားရှိတုန်းဆိုတော့ မိသားစုအတွက် အမွေဆက်ခံမယ့်သူ တချို့တောင် ထပ်တိုးလာနိုင်သေးတယ်။ ကျွန်မ အမေ့ကို တကယ် လေးစားမိပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ အမေ့ထက် သဘောထားကြီးတဲ့သူ မရှိနိုင်တော့ဘူး"
သခင်မဝမ်၏ မျက်နှာက အနည်းငယ် ဖြူလျော့သွားပြီး သူမ၏ လက်ချောင်းများက တင်းကြပ်စွာ ဆုပ်ကိုင်ထားသော်လည်း သူမ၏ မျက်လုံးများကတော့ အဝေးသို့ ငေးမောကာ ဂရုမစိုက်သည့်ဟန် ရှိနေဆဲပင်။
လီလင်းဖုန်း အပြင်မှာ မိန်းမတစ်ယောက် ထားထားခြင်းကို သူမ အနည်းငယ်မျှ ဂရုမစိုက်သကဲ့သို့ပင်။
"သူ နောက်ထပ် မိန်းမနည်းနည်းလောက် ထပ်ထားရင် အကောင်းဆုံးပဲ။ အဲဒီလိုဆိုရင် ငါ တကယ်ကို ပိုပြီး စိတ်အေးရမှာ”