အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂) - အိပ်မက်သဖွယ် ပျော်ရွှင်ခြင်း
"ဟင်း... အမေက အစကတည်းက အဖေ့ကို သဘောမကျဘူးလို့ ကြားဖူးတယ်။ အခု အဖေ အိမ်တော်ကို မပြန်လာတော့ အမေ့ဆီမှာ အတော်လေး အေးချမ်းနေတာပေါ့။"
ရွှယ်နင်သည် ထမင်းစားပြီးသွားပြီဖြစ်ကာ ထိရှစေသော စကားများကိုလည်း လုံလောက်အောင် ပြောပြီးသွားပြီဖြစ်၍ ဘယ်အချိန်တွင် ရပ်တန့်ရမည်ကို သိနေသည်။
"အချိန်လည်း နောက်ကျနေပြီ။ နင်နင် ကျိုယင်းဆောင်ကို ပြန်သင့်ပြီ။"
ထွက်ခွာသွားသော ရွှယ်နင်၏ ကျောပြင်ကို ကြည့်ရင်း သခင်မဝမ်၏ မျက်နှာက မှုန်ကုပ်သွားသည်။
လီလင်းဖုန်း အပြင်မှာ တိတ်တိတ်ပုန်းမယား ထားနေတယ်ဆိုတဲ့ အတွေးကြောင့် သူမ မထိန်းနိုင်ဘဲ မဲ့ပြုံး ပြုံးလိုက်မိသည်။
တိတ်ဆိတ်သော ဒေါသတရားတို့က သူမ၏ ရင်ထဲတွင် ပျံ့နှံ့လာကာ နွယ်ပင်များအလား ရစ်ပတ်လာပြီး ရင်ဘတ်တစ်ခုလုံးကို ပူလောင်လာစေသည်။
သူမက ရုတ်တရက် မတ်တတ်ရပ်ကာ အပြင်ထွက်လာခဲ့ရာ အထိန်းတော်လီကလည်း အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။
အရင်ကဆိုလျှင် သူမ တံခါးဝသို့ရောက်သည်နှင့် တစ်စုံတစ်ယောက်က သေချာပေါက် ထွက်လာပြီး တားဆီးပေလိမ့်မည်။
သို့သော် လတ်တလောတွင်တော့ လီလင်းဖုန်း၏ အာရုံစိုက်မှုများက သူမ၏ မင်ဟွားဆောင်တွင် လုံးဝ မရှိတော့ပေ။
အိမ်တော်ထဲမှ အစေခံများသည်လည်း လေတိုက်ရာ ယိမ်းတတ်ကြသူများဖြစ်၍ လှောင်ချိုင့်ထဲက ငှက်လိုဖြစ်နေသော သူမကို အရေးတယူ မလုပ်ကြတော့ပေ။
သခင်မဝမ်သည် မင်ဟွားဆောင်ထဲမှ အံ့ဩစရာကောင်းလောက်အောင် လွယ်ကူစွာ ထွက်ခွာလာနိုင်ခဲ့၏။
တံခါးဝသို့အရောက်တွင် သူမ ရုတ်တရက် ရပ်တန့်လိုက်သည်။
သူမက လီလင်းဖုန်းကို အမုန်းဆုံးဖြစ်ပြီး သူ၏ အနှောင့်အယှက်ပေးမှုများကိုလည်း ရှင်းရှင်းလင်းလင်း ရွံရှာခဲ့တယ်။
အခု သူက တခြားမိန်းမတစ်ယောက် ရသွားပြီး သူတစ်ပါးရဲ့ ကုတင်ပေါ်မှာ အချိန်ဖြုန်းကာ ပျော်ပါးနေတာကို...
သူမ နောက်ဆုံးတော့ လွတ်လပ်ခွင့်ရသွားပြီလေ။ ဒါဆို ဘာလို့ ဒေါသထွက်နေရတာလဲ။
သူမ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်ပြီးနောက် ပြန်လှည့်လာခဲ့သည်။
...
"နင်နင် ရှုံးသွားပြီဆိုတော့ အပြစ်ပေးခံရမှာပေါ့။"
"ဖူကျွင်းက ကျွန်မကို ဘယ်လိုမျိုး အပြစ်ပေးချင်လို့လဲ။ သစ်အယ်သီးမုန့် နှစ်ခုလောက် ပိုစားခိုင်းရင်ရော ဘယ်လိုလဲ။"
"အဲဒါ မလုံလောက်သေးဘူး။ ဒီလာခဲ့... ကိုယ် မင်းကို နမ်းမယ်။"
မင်ဟွားဆောင်၏ ခြံဝင်းတံခါးအပြင်ဘက်တွင် ရွှယ်နင် သက်ပြင်းချလိုက်ပြီး တံတိုင်းမွှေးပင်အောက်မှ ထွက်လာခဲ့သည်။
"အမေ စိတ်မထိန်းနိုင်ဘဲ ရှန်းယင်ဆောင်အထိ သူ့နောက်ကို လိုက်သွားလိမ့်မယ်လို့ ထင်ထားတာ။ သူ(မ)က အခုထိ သည်းခံနိုင်စွမ်းရှိနေတုန်းပဲလို့ မျှော်လင့်မထားမိဘူး။"
သူမ ခေါင်းခါလိုက်ရာ နှုတ်ခမ်းထောင့်တွင် ချိုမြိန်ပြီး အပြစ်ကင်းစင်သည့် အပြုံးတစ်ခု ပေါ်လာသည်။
"အဖေ့ရဲ့ ကြိုးစားအားထုတ်မှုတွေက မလုံလောက်သေးဘူးနဲ့ တူတယ်။ ဒီမီးက ပိုပြီး တောက်လောင်ဖို့ လိုသေးတယ်။"
"ဘာလဲ... ကစားလို့ မဝသေးဘူးလား။"
လီချန်ချဲ့က သူ၏ လက်ညှိုးကိုကွေးကာ မိန်းမငယ်လေး၏ သေးသွယ်လှပသော နှာခေါင်းထိပ်လေးကို ဖွဖွလေး ပွတ်ဆွဲလိုက်သည်။
သူမ နှာခေါင်းလေး ရှုံ့သွားသည့် ချစ်စရာပုံစံကို မြင်လိုက်ရသောအခါ သူ မထိန်းနိုင်တော့ဘဲ ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်ကာ နှုတ်ခမ်းများကို ဖိကပ်နမ်းရှိုက်လိုက်တော့သည်။
အကြင်နာအနမ်းဖွဖွလေးက မလုံလောက်ခဲ့ပေ။ သူ၏ ပါးလွှာသော နှုတ်ခမ်းများက ထိုနူးညံ့မှုလေးနှင့် ထိတွေ့သွားချိန်တွင် သူကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ နှုတ်ခမ်းများကို သိမ်းပိုက်ကာ အငမ်းမရ အရသာခံ နမ်းရှိုက်၏။
ရွှယ်နင်က သူ့အနမ်းများကြောင့် စိတ်လှုပ်ရှားသွားပြီး အမျိုးသား၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်တွယ်ခံထားရကာ သူမ၏ လှပသော မျက်နှာလေးမှာ နီရဲလာသည်။
အသက်ရှူဝအောင် ရှူလိုက်ပြီးနောက် သူမက သူ့ကို စိုက်ကြည့်လိုက်သည်။
"ကျွန်မတို့ အပြင်မှာရောက်နေတာလေ... ရှင်က ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ။"
မိန်းမငယ်လေး၏ မျက်ဝန်းများက နွေဦးစမ်းရေအလား အရောင်လက်နေပြီး ဖော်ပြ၍မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသည်။
လီချန်ချဲ့၏ အကြည့်များက ပိုမိုနက်ရှိုင်းသွားသည်။
"မင်း သဘောမကျလို့လား။"
ထိုအမျိုးသားထံမှ သင်းပျံ့လတ်ဆတ်သော ရနံ့လေး ကျန်ရစ်နေသေးသည့် သူမ၏ နှုတ်ခမ်းနီနီလေးကို ရွှယ်နင် ဖွဖွလေး စေ့လိုက်သည်။
"အဲလို မဟုတ်ပါဘူး။"
သူမလည်း သူ့ကို နမ်းရတာ သဘောကျတယ်... အထူးသဖြင့် သူတို့နှစ်ယောက် ရင်းနှီးကျွမ်းဝင်ချိန်များတွင် သူ့ရဲ့နှုတ်ခမ်းပါးများကို ကိုက်ခဲရတာကို သူမ အနှစ်သက်ဆုံးပဲ။
အစေခံများ ဖြတ်သွားဖြတ်လာ ရှိတတ်၍သာ သူမက ရှက်တတ်ပြီး အလွယ်တကူ ရှက်သွေးဖြာသွားတတ်ခြင်းပင်။
လီချန်ချဲ့က တိုးညှင်းစွာ ရယ်မောလိုက်ပြီး သူ၏ အေးစက်သော လက်ချောင်းများဖြင့် မိန်းမငယ်လေး၏ နဖူးပေါ်မှ ဖရိုဖရဲဖြစ်နေသော ဆံနွယ်လေးများကို သပ်တင်ပေးလိုက်သည်။
"ကိုယ့်အတွက်နဲ့ မင်း ဒီလောက်ထိ စိုးရိမ်နေစရာ မလိုပါဘူး။ အရင်က သားအမိဆက်ဆံရေး ပြေလည်အောင် ကူညီပေးဖို့ မင်းကို ကိုယ် တောင်းဆိုခဲ့တာက မင်းကို ကိုယ့်အနားမှာထားချင်လို့ အကြောင်းပြချက်ပေးခဲ့တာ။ အခုတော့ ကိုယ်တို့နှစ်ယောက်ရဲ့ နှလုံးသားတွေ ဆက်သွယ်သွားပြီဆိုတော့ ကိုယ် သူ(မ)ကို မလိုအပ်တော့ဘူး။ ကိုယ် နင်နင်နဲ့အတူ ကိုယ်တို့ရဲ့ ကိုယ်ပိုင် အိမ်ဂေဟာလေးတစ်ခုကိုပဲ တည်ဆောက်ချင်တော့တယ်။"
ရွှယ်နင်၏ နှလုံးသားမှာ အကြောင်းပြချက်မရှိဘဲ ခုန်ပေါက်သွားကာ တုန်လှုပ်သွားသည်။
"ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ။ ကျွန်မက ကတိတည်တဲ့သူပါ။"
"နင်နင်... ကိုယ့်အတွက် မင်း အများကြီး ပင်ပန်းခဲ့ပြီ။"
"မပင်ပန်းပါဘူး၊ နည်းနည်းလေးတောင် မပင်ပန်းပါဘူး။ တကယ်တော့ တော်တော်လေး ပျော်စရာကောင်းတယ်လို့တောင် ထင်သေးတယ်။"
လီချန်ချဲ့သည် သူ့ရင်ခွင်ထဲရှိ သူမကို ငုံ့ကြည့်လိုက်ရာ သူ၏ အကြည့်များက ချောက်နက်ကြီးတစ်ခုလို နက်ရှိုင်းပြီး အလိုလိုက်ချစ်ခင်မှုများ ပြည့်နှက်နေသည်။
သူ၏ ပူလောင်သော အကြည့်များအောက်တွင် ရွှယ်နင် တုန်လှုပ်ချောက်ချားသွားပြီး သူမ၏ ကိုယ်လုံးလေးမှာ သူ့ရင်ဘတ်နှင့် တင်းကျပ်စွာ ဖိကပ်ထားမိသည်။
သူက ကာမဂုဏ်အရသာကို ခုမှ မြည်းစမ်းဖူးခါစ သန်စွမ်းသော လူရွယ်တစ်ယောက်ဖြစ်တဲ့အတွက် အစေခံများရှေ့တွင် သူ ရှက်ဖွယ်ကောင်းတဲ့ အပြုအမူတစ်ခုခု လုပ်လာမှာကို သူမ စိုးရိမ်မိ၏။
သူမက နှုတ်ခမ်းနီနီလေးကို အမြန်စေ့လိုက်ပြီး -
"ဖူကျွင်း... အချိန်လည်း နောက်ကျနေပြီ။ မြန်မြန် ပြန်ကြရအောင်~"
လီချန်ချဲ့က မိန်းမငယ်လေး၏ လက်ကို သူ့လက်ဝါးထဲတွင် ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။
"နောက်ဖေးဥယျာဉ်ထဲမှာ ကြိုးကြာနီနှစ်ကောင် ရှိတယ်။ ကိုယ်နဲ့အတူ သွားကြည့်မလား။"
ရွှယ်နင်က အမျိုးသား၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏တောင့်တင်းသော လက်မောင်းတွင် သူမ၏ ကိုယ်လုံးလေးကို မှီချလိုက်ကာ ရင်ထဲတွင် နွေးထွေးမှု၊ ကျေနပ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
"ကောင်းပြီလေ။"
ရေလို နူးညံ့သော ညနေခင်း နေရောင်ခြည်က လိုက်ဖက်ညီလှသော ဇနီးမောင်နှံနှစ်ဦး၏ အရိပ်လေးများပေါ်သို့ ကျရောက်နေသည်။
ပေါင်ချန်နှင့် အခြားအစေခံမလေးများက သခင်များ၏ အနောက် ခပ်လှမ်းလှမ်းမှ လိုက်ပါလာကြပြီး ပါးစပ်ကို အုပ်ကာ တောက်ပစွာ ပြုံးရယ်နေကြသည်။
သူမ ချစ်ရသူနှင့်အတူ ပန်းများ၊ ရှုခင်းများကို ခံစားရင်း ဥယျာဉ်ထဲ လမ်းလျှောက်ရသည့် ဒီလို အေးချမ်းသော အချိန်မျိုး ရွှယ်နင် ရခဲလှသည်။
သာမန် နေ့စဉ်ကြုံတွေ့ရသည့် အကြောင်းအရာများကိုပဲ ပြောဆိုနေကြလျှင်တောင်မှ သူမ၏ နှလုံးသားကို နွေးထွေးမှုများဖြင့် ပြည့်နှက်သွားစေသည်။
ကျိုယင်းဆောင်သို့ ပြန်ရောက်ပြီး သူတို့၏ စိတ်အားထက်သန်သော ချစ်တင်းနှီးနှောမှု အပြီးတွင်တော့ ရွှယ်နင်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အိပ်မပျော်နိုင်ဖြစ်နေမှန်း သိလိုက်ရသည်။
သူမ၏ လက်မောင်းပေါ်တွင် ခေါင်းအုံးရင်း မှိန်ပျပျ အလင်းရောင်အောက်တွင် ယှဉ်နိုင်သူကင်းသော အမျိုးသား၏ ချောမောသည့် မျက်နှာကို သူမ စူးစိုက်ကြည့်နေမိသည်။
သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီဖြစ်ကာ သူ၏ ထူထဲပြီး ရှည်လျားသော မျက်တောင်များက စုတ်တံနှစ်ချောင်းနှင့် တူနေသည်။
သူ၏ နှာတံက မြင့်မားဖြောင့်စင်းပြီး ပါးလွှာသော နှုတ်ခမ်းများက ဆွဲဆောင်မှုရှိ၏
သူက အခုလေးတင် သူမရဲ့ ခန္ဓာကိုယ်ကို နမ်းရှိုက်ထားခဲ့တာ။
ရွှယ်နင်၏ မျက်နှာလေး ပူနွေးရဲတက်လာသည်။
နတ်ပြည်မှ ဆင်းသက်လာသကဲ့သို့ လှပသော သူ့မျက်နှာကို ကြည့်ရင်း သူမ မထိန်းနိုင်ဘဲ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်မိသည်။
စုကျန်းက ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ယောက် ဖြစ်နေပြီဆိုပေမယ့် သူမ၏ အားချဲ့က ဓားတစ်လက်လို မျက်ခုံးများနှင့် ကြယ်ပွင့်လို မျက်ဝန်းများဖြင့် ပို၍ပင် လှပချောမောနေသေးတယ်။
သူမ မနေနိုင်တော့ဘဲ ကိုယ်ကိုကိုင်းကာ သူ့နှုတ်ခမ်းများပေါ်သို့ တိတ်တဆိတ် အနမ်းတစ်ပွင့် ခြွေလိုက်သည်။
"အားချဲ့။"
"ဟင်..."
အမျိုးသားက အိပ်မက်ထဲတွင်ပင် သူမကို ပြန်ထူးလာသည်။
ရွှယ်နင်၏ နှလုံးသားလေး နူးညံ့သွားပြီး သူမ ပြုံးလိုက်သည်။
"ကျွန်မ မိဘတွေရဲ့ ကမ္ပည်းပြားတွေကို ပြန်ယူလာဖို့ ကျန့်ကော်ဘုရားကျောင်းကို သွားမလို့ စဉ်းစားထားတယ်။"
မျက်လုံးမဖွင့်ဘဲ အမျိုးသားက တိုးညှင်းသော အသံဖြင့် ပြန်ဖြေလာသည်။
"ကိုယ် မင်းကို အဖော်လုပ်ပြီး လိုက်ပို့ပေးရမလား။"
ရွှယ်နင်၏ လက်ချောင်းထိပ်လေးများက သူ၏ လှပသော မျက်ခုံးရိုးပေါ်သို့ ဖွဖွလေး ပွတ်ဆွဲသွားသည်။
"ကောင်းပြီလေ။"
လီချန်ချဲ့ တစ်ဖက်သို့ လှည့်လိုက်သည်။
"အိပ်တော့လေ။"
အမျိုးသား၏ ရှည်လျားသော လက်မောင်းက ဆန့်ထွက်လာပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
သူ့နဖူးက သူမ၏ နဖူးနှင့် ထိကပ်သွားပြီး သူ၏ အေးမြ၍ သင်းပျံ့သော ရနံ့လေးက ရွှယ်နင်၏ နှာခေါင်းဝသို့ ပျံ့လွင့်လာသည်။
သူက သူမ၏ နူးညံ့သော ကိုယ်လုံးလေးကို ရင်ခွင်ထဲသို့ ပိုမိုတိုးကပ်လာစေကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။
ရွှယ်နင်က သူ့ရင်ခွင်ထဲသို့ အပြည့်အဝ ခိုဝင်လိုက်ပြီး သူမ၏ မျက်နှာလေးက ရှက်သွေးဖြာကာ ရဲတက်သွားတော့သည်။
သူတို့ လင်မယားအရာမြောက်ပြီးကတည်းက စောင်တစ်ထည်စီခွဲပြီး မအိပ်ကြတော့ပေ။
အရင်ကဆိုလျှင် သူမ အမြဲတမ်း တစ်ယောက်တည်း အိပ်ခဲ့ရတယ်။
အိမ်ထောင်သက် ဆယ်နှစ်ကြာခဲ့လျှင်တောင်မှ အခုလိုမျိုး ကုတင်တစ်ခုတည်း အတူအိပ်ပြီး ခင်ပွန်းဖြစ်သူ၏ ဖက်တွယ်မှုကို ခံရပြီးတော့ အိပ်စက်ရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။
ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နာကြည်းမှုများကို ပြန်တွေးမိတိုင်း ရွှယ်နင်၏ နှလုံးသားမှာ တစ်ခါတစ်ရံ ပြင်းထန်စွာ နာကျင်ရဆဲပင်။
အခုတော့ ကွာခြားချက်များနှင့်အတူ ခါးသက်ခြင်းနှင့် ချိုမြိန်ခြင်းတို့ ရောယှက်နေမှုက သူမကို ပို၍ပင် ဝမ်းနည်းကြေကွဲစေသည်။
လူတိုင်း သဘောကျလောက်တဲ့အထိ သူမ တစ်ခါမှ မထူးချွန်ခဲ့ဖူးပေ။
သူမ၏ ရုပ်ရည်သွင်ပြင်မှလွဲ၍ ကျန်သည့်အပိုင်းများမှာ သူမကိုယ်သူမ အသုံးမကျဘူးလို့ မကြာခဏ ခံစားခဲ့ရတယ်။
သူမနှင့် လီချန်ချဲ့ကြားက ဒီလိုမျိုး ချစ်ခင်ကြင်နာမှု ခံစားချက်က ဘယ်လောက်ကြာကြာ ခံမလဲဆိုတာကို သူမ မသိပေ။
ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကြာလျှင် သူမ စွန့်ပစ်ခံရနိုင်သေးတာပဲလေ။
ထိုအရာများကို တွေးမိသည့်အခါ သူမ၏ နှလုံးသားမှာ နာကျင်သွားသည်။
ဒါပေမဲ့ သူမ ဘာလုပ်နိုင်မှာလဲ။
လူတွေရဲ့ စိတ်နှလုံးဆိုတာ တစ်ခဏအတွင်းမှာ ပြောင်းလဲသွားနိုင်တာပဲလေ။
သူမ လုပ်နိုင်တာက ပစ္စုပ္ပန်ကို တန်ဖိုးထားပြီး ပိုမို သန်မာလာဖို့ ကြိုးစားရုံပဲ ရှိတယ်။
...
ရွှယ်စုန့်နျန် ဇနီးမောင်နှံနှင့် သူတို့၏ သားအကြီးဆုံးတို့၏ ကမ္ပည်းပြားများကို ကျန့်ကော်ဘုရားကျောင်းတွင် ထားရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။
အရင်က ရွှမ်းယီနယ်စားမင်းအိမ်တော်သည် ရွှယ်နင်၏ အိမ်ဟု အမှန်တကယ် မသတ်မှတ်နိုင်ခဲ့ပေ။
ထို့ကြောင့် သူမ၏ မိဘများနှင့် အစ်ကိုဖြစ်သူတို့ကို စံအိမ်တော်သို့ သူမ ပြန်မခေါ်လာနိုင်ခဲ့ပေ။
မိဘများ ကွယ်လွန်သည့် နှစ်ပတ်လည်နေ့များနှင့် ချင်းမင်ပွဲတော်နေ့များတွင်သာ ကျန့်ကော်ဘုရားကျောင်းသို့ သွားရောက် ဂါရဝပြုနိုင်ခဲ့သည်။
စုကျန်းက သူမအပေါ် အမြဲတမ်း စိတ်မရှည်တတ်သော်လည်း နှစ်စဉ် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့များတွင် သူမနှင့် အတူလိုက်ပါရန် သူမက သူ့ကို တောင်းပန်ပြီး ချော့မော့ခဲ့ရသည်။
ကွယ်လွန်သူများ၏ ရှေ့မှောက်တွင် စုကျန်းက သူမကို မျက်နှာသာ အမြဲပေးတတ်ပြီး နှစ်စဉ် အောက်မေ့ဖွယ် အခမ်းအနားများအတွက် ကျန့်ကော်ဘုရားကျောင်းသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။
သို့သော် သူမ၏ ခင်ပွန်းအနေဖြင့် ဖခင်၊ မိခင်နှင့် အစ်ကိုဖြစ်သူတို့၏ ကမ္ပည်းပြားများကို ကျန့်ကော်ဘုရားကျောင်းမှ စုမိသားစုထံသို့ ပြန်လည်ယူဆောင်လာရန် သူ တစ်ကြိမ်တစ်ခါမျှ အကြံပြုပြောဆိုခဲ့ခြင်း မရှိပေ။
စုမိသားစု ဘိုးဘွားခန်းမတွင် မထားလျှင်တောင်မှ သူမ နေ့စဉ် ဂါရဝပြုနိုင်ရန်အတွက် မင်ယွဲ့ဆောင်တွင် အခန်းတစ်ခန်း ရှင်းလင်းပေးထားနိုင်သည်သာ။
ဒါပေမဲ့ စုကျန်းက သူမကို မိသားစုဝင်တစ်ဦးအဖြစ် ဘယ်တုန်းကမှ မဆက်ဆံခဲ့ဘူး။
ဒါဆို သူမရဲ့ စိုးရိမ်ပူပန်မှုတွေကို သူက ဘယ်လိုလုပ်ပြီး ဂရုစိုက်ပေးနိုင်မှာလဲ။
အိမ်ထောင်သက် ငါးနှစ်ကျော်ကြာသည့်အထိ သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်အတွက် တစ်ကိုယ်လုံး နှစ်မြှုပ်ထားခဲ့ပြီး ဖျားနာတဲ့အထိ ပင်ပန်းဆင်းရဲ ခံခဲ့ရလျှင်တောင်မှပဲလေ။
နောက်ပိုင်းတွင် ကျန့်ကော်ဘုရားကျောင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့သောအခါ မိဘများနှင့် အစ်ကိုလုတို့၏ ကမ္ပည်းပြားများ ပြာကျသွားခဲ့ပြီး သူမ၏ နောက်ဆုံးကျန်ရှိနေသော ဆက်သွယ်မှုလေးလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာများကို တွေးမိတဲ့အခါ ရွှယ်နင်၏ နှလုံးသားထဲတွင် နက်ရှိုင်းပြီး နာကျင်ရသော ဝေဒနာကို ခံစားလိုက်ရသည်။