← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း (၂၇၅) - ရှဲ့ကျင် အကြွေးတောင်းခြင်း

ရှဲ့ကျင်က အားရပါးရ ရယ်မောလိုက်ပြီး သူ၏ နက်ရှိုင်းသော အကြည့်များက သူမ၏ အနည်းငယ် စုကုတ်သွားသော မျက်ခုံးတန်းလေးများဆီသို့ ဝေ့ဝဲသွားကာ အနည်းငယ် လှုပ်ခတ်သွားသည်။

"ဘာမှ စိုးရိမ်စရာမရှိပါဘူး... ကျုပ်ကိုပဲ လွှဲထားလိုက်ပါ။"

ရွှယ်နင်က သခင်မကျန်း အအေးမိသွားမှာကို အစောပိုင်းက စိုးရိမ်နေသော်လည်း မိုးထဲလေထဲတွင် မတ်တတ်ရပ်နေသော ရှဲ့ကျင်ကို မြင်လိုက်ရသည်။ သူ၏ နှာတံက စင်းဖြောင့်နေပြီး နှုတ်ခမ်းသားများက ပြည့်စုံကာ ခန့်ညားထည်ဝါသော မျက်နှာက ဂုဏ်သိက္ခာရှိသလို၊ အရပ်ရှည်ပြီး ကြီးမားသော ကိုယ်လုံးကိုယ်ထည်က အမျိုးသားများကြားတွင် အထူးပင် ထင်ရှားပေါ်လွင်နေသည်။

သူ့အကြည့်များက သခင်မကျန်း၏ မျက်နှာဆီပဲ ခဏခဏ ရောက်ရှိနေဝာာကို သတိပြုမိသွားသောကြောင့် ရွှယ်နင်က ဘေးမှာ တိတ်တဆိတ် ရပ်လိုက်ပြီး ပေါင်ချန်နှင့် အခြားသူများ လှမ်းပေးလိုက်သော ဝါးစိမ်းထီးကို ယူကာ သခင်မကျန်းကို ကာပေးလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာရင်း ပြောလိုက်၏။

"သမီးထင်တာတော့ အခုလောလောဆယ် အရေးကြီးဆုံးက ရထားလုံးကို အမြန်ပြင်ဖို့ပဲ။ သမီးတို့နောက်မှာ စောင့်နေတဲ့သူတွေ အများကြီးရှိသေးတယ်။ အမေ... ဒီထီးကိုယူပြီး သခင်ကြီးရှဲ့ကို မိုးသွားကာပေးလိုက်ပါဦး။"

သခင်မကျန်း အနည်းငယ် ကြောင်သွားပြီး လက်ထဲသို့ ရုတ်တရက် ရောက်ရှိလာသော ထီးကို ကြည့်လိုက်သည်။ ရှဲ့ကျင်တစ်ကိုယ်လုံး မိုးရေထဲတွင် စိုရွှဲလုနီးပါးဖြစ်နေတာကို မြင်သောအခါ သူမက ကျင့်ဝတ်နှင့် စည်းစနစ်ဆိုင်ရာ စိုးရိမ်ပူပန်မှုအားလုံးကို ဘေးဖယ်ထားလိုက်တော့သည်။

သူ့နောက်သို့ အပြေးအလွှား သွားရပ်ကာ သူမက သူ၏ ဦးခေါင်းထက်တွင် ထီးကို မိုးပေးလိုက်သည်။ ရွာသွန်းနေသော မိုးရေစက်များကြားမှ သူမက အသံကိုမြှင့်၍ ပြောလိုက်သည်။

"သခင်ကြီးရှဲ့... ဒါကို အစေခံတွေကိုပဲ လုပ်ခိုင်းလိုက်ပါလား"

မိုးရေစက်အချို့က မျက်ဝန်းထဲသို့ ကျရောက်လာသဖြင့် ရှဲ့ကျင်က သူ၏ နက်မှောင်သော မျက်ဝန်းကို မှေးလိုက်သည်။

"သူတို့ ပြင်နေတာ ဒီလောက်ကြာတာတောင် အဆင်မပြေသေးဘူး။ ကျုပ်ပဲ စမ်းပြင်ကြည့်လိုက်မယ်။ စိုးရိမ်မနေပါနဲ့ သခင်မကျန်း... ကျုပ် ကျန်းမာရေး ကောင်းပါတယ်။ မိုးနည်းနည်းမိရုံနဲ့ ဘာမှမဖြစ်ပါဘူး"

သခင်မကျန်းက စိုးရိမ်နေသည်။

"ဒါပေမဲ့ သခင်ကြီးက မြင့်မြတ်တဲ့ အဆင့်အတန်းရှိသူလေ၊ ပြီးတော့ ဒီမိုးကလည်း..."

ရှဲ့ကျင်က ပြန်ဖြေလိုက်၏။

"ရပါတယ်"

ထီးရိပ်အောက်ရှိ လှပသော အမျိုးသမီးမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ ရှဲ့ကျင်က သူ၏ တောက်ပနက်မှောင်သော မျက်ဝန်းများကို ပင့်တင်ကာ သခင်မကျန်း၏ စိုးရိမ်ပူပန်မှုတို့ဖြင့် လဲ့နေသော မျက်ဝန်းအစုံကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။

သူက ညစ်ပတ်ပေရေမှာကို မကြောက်ဘဲ ဆောင့်ကြောင့်ထိုင်ချကာ ရထားလုံးဘီးအောက်သို့ တိုးဝင်သွားခဲ့၏။ မကြာမီအချိန်အတွင်းမှာပင် ရထားဘီးကို ပြင်ဆင်ပြီးလုနီးပါး ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင် ရထားလုံးမှာ ပြန်လည်ရွေ့လျားနိုင်ခဲ့ပြီ။

သခင်မကျန်းလည်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချနိုင်တော့၏။

ရှဲ့ကျင်၏ အရပ်ရှည်ရှည် ကိုယ်လုံးကြီးက ရထားလုံးအောက်မှ ထွက်လာသည်။

သခင်မကျန်းက တွေဝေတုံ့ဆိုင်းစွာဖြင့် သူ့ကို တွဲထူရန် လက်ကမ်းပေးလိုက်သည်။

ရှဲ့ကျင်၏ လက်ဖဝါးကြီးက အမျိုးသမီး၏ သွယ်လျသော လက်မောင်းပေါ်သို့ ကျရောက်သွားသည်။

သူက မျက်လုံးပင့်ကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။

သူက မတ်တတ်ရပ်ကာ အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး သခင်မကျန်းနှင့် ရွှယ်နင်တို့ကို အားရပါးရ ပြုံးပြလိုက်သည်။

"ဒီမိုးက အချိန်မတော် ရွာချလိုက်တာပဲ၊ ဒါပေမဲ့ အခုတော့ ရထားလုံး ပြင်ပြီးသွားပြီ။ သခင်မကျန်း... အထဲကို အမြန်ဝင်ပါဦး။"

သခင်မကျန်း အလွန်ပင် ကျေးဇူးတင်သွားကာ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် ကွေးညွတ်သွားသည်။

"ဒီတစ်ခေါက်တော့ သခင်ကြီးရှဲ့ကို တကယ်ပဲ ဒုက္ခပေးမိပါပြီ။"

ရှဲ့ကျင်က လက်ကို ယမ်းခါပြကာ -

"ဘာမှမဟုတ်ပါဘူး သခင်မကျန်း... စိတ်ထဲထားမနေပါနဲ့။ ဒါနဲ့... သခင်မရဲ့ အဝတ်တွေလည်း တော်တော်စိုကုန်ပြီ၊ အအေးမိမသွားအောင် ဂရုစိုက်ပါဦး"

ထိုအခါမှသာ သခင်မကျန်းသည် သူမ၏ အဝတ်အစားများ မိုးရေစိုရွှဲနေတာကို သတိပြုမိကာ ရှက်သွေးဖြန်းပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။

ရွှယ်နင်က သူမ၏ ဝတ်ရုံကို ချက်ချင်းချွတ်၍ သခင်မကျန်း၏ ပုခုံးပေါ်သို့ ခြုံပေးလိုက်၏။

"အမေ... အအေးမိမသွားအောင် ဂရုစိုက်ပါ။"

သမီးအရွယ်ရှိသူများရှေ့တွင် ယခုကဲ့သို့ အနေရခက်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ပင်။ သခင်မကျန်း ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

"သခင်ကြီးရှဲ့ ရှေ့မှာ ဒီလို လူရယ်စရာ ဖြစ်သွားရတဲ့အတွက် တကယ်ပဲ အားနာရပါတယ်။"

ရှဲ့ကျင်က အကြည့်လွှဲလိုက်သည်။

"လုံးဝမဖြစ်ပါဘူး"

သခင်မကျန်းက အသာအယာ ဂါရဝပြုကာ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ရှဲ့ကျင်က ရုတ်တရက် လှမ်းပြောလိုက်သည် -

"ဒါနဲ့... ဒီမိန်းကလေးကို မြင်ဖူးသလိုပဲ။ ပြီးခဲ့တဲ့အကြိမ် နွေဦးသစ်တောပွဲတော်ကို တက်ရောက်ခဲ့တဲ့ မိန်းကလေးရွှယ် မဟုတ်လား။"

ရွှယ်နင်က ခေါင်းမော့ကာ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။

"သခင်ကြီးရှဲ့က အခုထိ ကျွန်မကို မှတ်မိနေသေးတာလား။"

ရှဲ့ကျင်က လန်းဆန်းစွာ ရယ်မောရင်း သူမ၏ ဆံထုံးပေါ်ရှိ ဆံထိုးကို လက်ညှိုးထိုးပြကာ -

"ဘယ်လိုလုပ် မေ့လို့ရမှာလဲ။ မင်းရဲ့ဆံပင်ပေါ်က ဒီဆံထိုးကိုတောင် ကျုပ် မှတ်မိနေသေးတယ်"

သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပင် စုကျန်းနှင့် ရှဲ့နင်းထန်တို့ အတူတူ လျှောက်လာကြသည်။ ရထားလုံးက ပြင်ဆင်ပြီးလုနီးပါး ဖြစ်နေဝာာကို မြင်သောအခါ သူတို့နှစ်ဦးစလုံးက လက်သီးဆုပ်၍ ရှဲ့ကျင်ကို ဂါရဝပြုကာ ကျေးဇူးတင်စကား ဆိုကြသည်။

ရွှယ်နင်သည် စုကျန်းနှင့် သူ့ဇနီးကို ပြောစရာစကား မရှိသဖြင့် သခင်မကျန်း၏ ဘေးတွင်သာ ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး သူတို့ကို တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ပေ။

စုကျန်းက နန်းတွင်း၌ အရှိန်အဝါ ကြီးမားသူဖြစ်သဖြင့် ရှဲ့ကျင်ကလည်း သူ့ကို သဘာဝကျကျပင် အလေးအနက် ထား၍ ကြည့်လိုက်သည်။

ရွယ်နင်က သူ့ရဲ့ မွေးစားညီမ ဖြစ်တယ်လိို့လည်း ကြားဖူးတယ်။ ပြီးခဲ့သည့် နွေဦးသစ်တောပွဲတော်တုန်းက ထိုမောင်နှမနှစ်ယောက်က ထိုကျောက်စိမ်းဆံထိုးနှင့် ပတ်သက်ပြီး အနည်းငယ် သဘောထားကွဲလွဲခဲ့ကြသေးတယ်။

သူတို့ ဒီနေ့ ကျန့်ကော်ဘုရားကျောင်းသို့ အတူတူ လာကြလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အမှန်ပင် မိသားစုက မိသားစုပဲဖြစ်ပြီး ရန်ငြိုးဆိုသည်မှာ တစ်ညတာထက် မပိုနိုင်ပေ။

"သခင်စုက ဒီနေ့ စိတ်လက်ကြည်လင်နေပုံပဲ၊ မိသားစုကို ခေါ်ပြီး ကျန့်ကော်ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်း ဆုတောင်းမေတ္တာပို့ဖို့ လာတာလား။"

စုကျန်းက ရွှယခနင်၏ ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး "မိသားစု" ဟူသော စကားလုံးကို သဘောတူသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြကာ မေးလိုက်သည်။

"ဟုတ်ပါတယ်။ ဒါနဲ့ သခင်ကြီးရှဲ့ကရော ဘာကိစ္စနဲ့ ဘုရားကျောင်းကို ရောက်လာတာလဲ"

"ဘာမှထူးထူးခြားခြား မဟုတ်ပါဘူး။ အမေက မကျန်းမာတာနဲ့ နတ်တွေနဲ့ မြတ်စွာဘုရားဆီမှာ ဆုတောင်းဖို့ လာခဲ့တာပါ။"

တစ်ခုခုကို သတိရသွားသည့်အလား ရှဲ့ကျင်က ဆက်ပြောလိုက်သည်။

"မိန်းကလေးရွှယ်... အဲ့ဒီနေ့က နွေဦးသစ်တောပွဲတော်မှာ မင်းခေါင်းပေါ်က ဆံထိုးက ငွေဆယ်တုံး တန်ဖိုးရှိတယ်။ ဒါပေမဲ့ မင်းက အဲ့ဒီတုန်းက အလောတကြီး ထွက်သွားတော့... အဲ့ဒီ ငွေဆယ်တုံးကို အခုထိ မပေးရသေးဘူးထင်တယ်နော်။"

ရွှယ်နင် မှင်သက်သွားရသည်။

"ဟင်..."

ရှဲ့ကျင်က လက်သီးဖြင့် နှုတ်ခမ်းကိုအုပ်ကာ သခင်မကျန်းကို တစ်ချက်ကြည့်ပြီး ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။

"ဒါကို အခုလို ပြောဖို့ မသင့်တော်ပေမဲ့..."

သူက စကားကို တစ်ဝက်နှင့် ဖြတ်လိုက်သော်လည်း ၎င်းမှာ မဟုတ်မမှန် စွပ်စွဲချက်မဟုတ်ကြောင်း ထင်ရှားလှသည်။

သခင်မကျန်းက ခပ်တိုးတိုး ရယ်မောလိုက်၏။

"နင်နင်... သမီးက နွေဦးသစ်တောပွဲတော်တုန်းက အဲ့ဒီကျောက်စိမ်းဆံထိုးကို ဝယ်ခဲ့တာလား။"

ရွှယ်နင်က အနေရခက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အချိန်တွေ အတော်ကြာသွားပြီဖြစ်သဖြင့် သူမ ၎င်းကို မေ့လုနီးပါး ဖြစ်နေခဲ့ပြီ။

ယခု ရှဲ့ကျင်က ထုတ်ပြောလာမှသာ ထိုစဉ်က သူမ၏ ပြတ်သားသော စကားလုံးများကို ပြောဆိုပြီးနောက် တုန်းဖျင်ပေါ်အိမ်တော်ကနေ တိုက်ရိုက် ထွက်ခွာသွားခဲ့ပြီး ငွေချေရန် မေ့လျော့နေခဲ့တာကို ဝိုးတိုးဝါးတား သတိရလာတော့သည်။

ဒါပေမဲ့ အဲ့ဒီအချိန်က သူမရဲ့ အစ်ကိုလုနှင့် အစ်ကိုဝေ့တို့ နှစ်ဦးစလုံး ပွဲတော်မှာ ရှိနေခဲ့ကြတယ်လေ။

သူမ ထွက်သွားခဲ့ရင်တောင် အစ်ကိုလုက သူမအတွက် ငွေရှင်းပေးခဲ့မှာ မဟုတ်ဘူးလား။

အကယ်၍ အစ်ကိုလုနှင့် အစ်ကိုဝေ့ နှစ်ယောက်စလုံးက မပေးခဲ့ရင်တောင် သခင်ကြီးရှဲ့က ထိုနေရာမှာတင် ဘာကြောင့် လူလွှတ်ပြီး မတောင်းခဲ့တာလဲ။

ပြီးတော့ ဒီလောက် အချိန်အကြာကြီးအထိ ဘာကြောင့် ပိုက်ဆံလာတောင်းဖို့ လူမလွှတ်ခဲ့တာလဲ။

အခုမှ သခင်ကြီးရှဲ့က ဒါကို ထုတ်ပြောရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

"ငွေဆယ်တုံးဆိုတာ မများပေမယ့် ပစ္စည်းရတာနဲ့ ငွေချေရမယ်ဆိုတာ ကျုပ်ရဲ့ နွေဦးသစ်တောပွဲတော်က စည်းကမ်းပဲ။"

ရှဲ့ကျင်က ကျက်သရေရှိစွာပင် ရှိနေဆဲဖြစ်ပြီး သူ၏ အကြွေးတောင်းသည့် ဟန်ပန်ကပင် အမြင်မရိုင်းလှပေ။

"သခင်မကျန်း... သခင်မက မိန်းကလေးရွှယ်ရဲ့ မွေးစားမိခင် မဟုတ်လား။ ဒီငွေချေမယ့်ကိစ္စကို ဘယ်လိုသဘောရလဲ..."

သူက အခြားမည်သူ့ကိုမျှ မမေးဘဲ သခင်မကျန်းကိုသာ ဦးတည်ပြောဆိုလိုက်သည်။

အနီးတွင် ရပ်နေသော စုကျန်းပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်သွားရ၏။

"ကောင်းပါပြီ... နင်နင့်အတွက် ကျွန်မပဲ ရှင်းပေးလိုက်ပါ့မယ်။"

အထက်တန်းလွှာ မိသားစုများမှ အမျိုးသမီးများသည် အပြင်ထွက်လျှင် ငွေသား သယ်ဆောင်လေ့ မရှိကြချေ။

ထို့ပြင် ရှဲ့ကျင်၏ စကားများက အလွန်ပင် ရုတ်တရက်ဆန်လွန်းနေသည်။ အကြွေးတောင်းသည့် လမ်းဘေးလူမိုက်များပင် ဤမျှ ဗြောင်ကျကျနှင့် တိုက်ရိုက် မဆန်ပေ။

သို့သော် ထိုကဲ့သို့သော အပြုအမူက ရှဲ့ကျင်၏ အဆင့်အတန်းနှင့် လုံးဝမအပ်စပ်ကြောင်းကို သခင်မကျန်းက ဂရုမစိုက်နေပေ။

သူမထံတွင် ငွေသားမပါရှိသလို စုကျန်းနှင့် ရှဲ့နင်းထန်တို့ကလည်း ငွေသယ်လာမည် မဟုတ်သဖြင့် ရထားလုံးထဲတွင် သွားရှာရန် လူလွှတ်လိုက်သည်။

အထိန်းတော်စုန့်က ခေတ္တမျှ မွှေနှောက်ရှာဖွေလိုက်သော်လည်း ငွေဆယ်တုံးကို မတွေ့ဘဲ ငွေစက္ကူ အနည်းငယ်ကိုသာ တွေ့ရသည်။

ရွှယ်နင်၏ အိတ်ကပ်ထဲတွင် အပြင်ထွက်စဉ် အစေခံများအတွက် သရေစာဝယ်ကျွေးရန် အကြွေအချို့ ပါလာသော်လည်း ယခုအချိန်တွင် သူမ ထုတ်မပေးခဲ့ပေ။

ငွေစက္ကူများကို မြင်သောအခါ ရှဲ့ကျင်က ပြောလိုက်၏။

"ကျုပ် ငွေဆယ်တုံးပဲ လိုချင်တာ... ပိုမလိုချင်ဘူး"

သခင်မကျန်းမှာ အခက်တွေ့သွားသည်။

"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

ရှဲ့ကျင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ကွေးညွတ်သွားသည်။

"သခင်မကျန်းရဲ့ အကြွေးစာရင်းထဲပဲ ထည့်ထားလိုက်ပါ။ နောက်မှ ပြန်ဆပ်ဖို့ မမေ့နဲ့ပေါ့။"

ရှဲ့ကျင်၏ ဉာဏ်များသော မျက်နှာအမူအရာကို မြင်လိုက်ရမှသာ ရွှယ်နင် သဘောပေါက်သွားတော့တယ်။

သူမရဲ့ မျက်ဝန်းများ လှုပ်ခတ်သွား၏ - ဒီမြေခွေးအိုကြီးက တမင်သက်သက် လုပ်နေတာများလား။

သို့သော် ဤသို့ပြောပြီးနောက် ရှဲ့ကျင်က ဆက်မနေတော့ပေ။ သူက နှုတ်ဆက်ကာ တုန်းဖျင်ပေါ်အိမ်တော်ရထားလုံးဆီသို့ ပြန်ရန် ပြင်လိုက်သည်။

ရွှယ်နင်က သခင်မကျန်းကို အမြန်တို့လိုက်ရာ သူမက နားလည်သွားပြီး သူမ၏ ထီးကို သူ့ဆီ ကမ်းပေးလိုက်သည်။

"မိုးရွာနေတုန်းပဲ... သခင်ကြီးရှဲ့ စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ဒီထီးကို ယူသွားလိုက်ပါ။"

ရှဲ့ကျင်က ထီးရိုးကို ကိုင်ထားသော အမျိုးသမီး၏ ဖြူဖွေးသော လက်ချောင်းလေးများကို တစ်ချက်ကြည့်လိုက်သည်။

သူမကိုယ်တိုင်မှာ ဝါးစိမ်းထီးအောက်တွင် ရပ်နေဆဲဖြစ်၏။ အဝါရောင် ပိုးသား၊ ဝါးစိမ်းရောင် ထီးကိုင်း၊ စိမ်းပြာရောင် ဝတ်စုံနှင့် အလှပန်းလေး၊ သူမ၏ မှင်ရေကဲ့သို့ နက်မှောင်သော ဆံကေသာက တိမ်တိုက်များအလား။

အချိန်ကာလက မည်သည့်အလှတရားကိုမျှ ချမ်းသာမပေးခဲ့သော်လည်း၊ နှစ်ကာလများစွာ ကြာပြီးနောက်တွင်တော့ ကျန်းမိသားစု၏ သမီးကြီးမှာ ပိုမိုဆွဲဆောင်မှုရှိသော အလှတရားများကိုသာ ပိုင်ဆိုင်လာခဲ့ပြီး အချိန်၏ ရွေ့လျားမှုက သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ကျက်သရေရှိသော အမှတ်အသားတစ်ခုကိုသာ ချန်ရစ်ပေးခဲ့သည်။

All Chapters