အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈) မင်းသမီးရှို့နင်း၏ လှည့်ကွက်ဟောင်းများ
ရွှယ်နင်သည် ရှဲ့နင်းထန်၏ အထိအတွေ့ကို ရှောင်ဖယ်လိုက်ပြီး ခပ်စိမ်းစိမ်း ပြုံးပြလိုက်သည်။
"ကျွန်မတို့ကြားမှာ ပြောစရာ သိပ်ရှိမယ်မထင်ဘူး မင်းသမီး"
"ကိုယ့်ယောင်းမအပေါ် ဘာလို့ ဒီလောက် အေးစက်နေရတာလဲ"
ရှဲ့နင်းထန်က နှုတ်ခမ်းကွေးရုံ ပြုံးလိုက်ပြီး ရွှယ်နင်အနားသို့ ပိုကပ်သွားရန် ကြိုးစားသည်။
"ငါတို့ တွေ့ရဖို့ဆိုတာ ခဲယဉ်းပါတယ်။ သီးသန့် ရင်ဖွင့်စကားလေးတွေလောက်တောင် မပြောနိုင်ဘူးလား"
ရွှယ်နင်၏ မျက်နှာအမူအရာကတော့ ဂရုမစိုက်သည့်ဟန်သာ။
"ပြောစရာရှိရင် ဒီမှာပဲ ပြောလို့ရပါတယ်"
ရွှယ်နင်၏အနောက်တွင် အပြင်းအထန် စိုက်ကြည့်နေသော အစေခံမသုံးယောက်ကို မြင်ရပြီး၊ ရွှယ်နင်ကိုယ်တိုင်ကလည်း ဝတ်စုံရိုးရိုးနှင့် ခြုံထည်အဖြူကို ဝတ်ဆင်ထားကာ ဂုဏ်ကျက်သရေရှိရှိ တောက်ပနေပြီး ကောင်းစွာ ပြုစုပျိုးထောင်ထားသော ပန်းတစ်ပွင့်လို ကျက်သရေရှိလှပနေတာကို တွေ့လိုက်ရတဲ့အခါ ရှဲ့နင်းထန်၏ ရင်ထဲတွင် မနာလိုဝန်တိုမှုများ အတိုင်းမသိ ထွက်ပေါ်လာတော့သည်။
သူတို့နှစ်ယောက်စလုံး မိန်းမတွေချည်းပါပဲ။ ဘာလို့ သူမရဲ့ ဘဝကကျတော့ ဒီလောက် သနားစရာကောင်းနေရတာလဲ။
သူမ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားပြီး တွန့်ဆုတ်နေဟန် ဟန်ဆောင်လိုက်သည်။
"လူဒီလောက်များတဲ့ရှေ့မှာ တကယ်ပဲ ပြောရမှာလား"
ရွှယ်နင်က သူမကို အေးစက်စက် ကြည့်လိုက်သည်။
"ကျွန်မမှာ ဖုံးကွယ်ထားစရာ ဘာမှမရှိတဲ့အတွက် ဘယ်မှာပြောပြော အတူတူပါပဲ"
"ကောင်းပြီလေ"
ရှဲ့နင်းထန်က အပြုံးကို လျှော့ချလိုက်ပြီး ပြောသည်။
"တကယ်တော့ နင် တကယ်ချစ်တဲ့သူက ငါ့ယောကျ်ားဆိုတာ ငါသိပါတယ်။ ဟုတ်တယ်မလား"
"သခင်မလေး!"
ချွန်းချီ၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။
"ဒီလို ရိုင်းစိုင်းတဲ့ အရူးမကို ကျွန်တော်မျိုးမ အခုပဲ မောင်းထုတ်လိုက်ပါ့မယ်!"
ရွှယ်နင်က မျက်မှောင်ကြုတ်ကာ ရှဲ့နင်းထန်ကို မျက်စောင်းထိုး ကြည့်လိုက်သည်။
ရှဲ့နင်ထန်ကတော့ နောက်ဆုတ်မည့်ဟန် မပြဘဲ ပြုံးမြဲပြုံးနေဆဲပင်။
ဒီနေ့မှ ရွှယ်နင်ကို အနိုင်နိုင် တွေ့ခွင့်ရခဲ့ပြီး သူမနှင့် ဆက်ဆံရေးပိုမိုနီးကပ်လာစေရန် တမင်တကာ လာခဲ့တာပင်။
ရွှယ်နင်ကို လီချန်ချဲ့နှင့် ကွာရှင်းရန် ဖျောင်းဖျနိုင်ပါက ပို၍ပင် ကောင်းသွားမည်။
သူမရဲ့ သိမ်မွေ့တဲ့ သဘောထားကို မြင်လျှင် ရွှယ်နင် ယိမ်းယိုင်သွားမှာ သေချာတယ်။
ထို့အပြင် ရွှယ်နင်သည် ငယ်စဉ်ကတည်းက ထုံအကာ စုကျန်းနှင့် နယ်စားမင်းအိမ်တော်မှ လူများကိုပဲ အလိုလိုက် အကြိုက်ဆောင်တတ်ကြောင်းနှင့် သူမ၏ စိတ်သဘောထားမှာ အပျော့ညံ့ဆုံးဖြစ်ကြောင်း စုချင်းက အမြဲပြောပြဖူးတယ်။
ရွှယ်နင်က ချွန်းချီ၏လက်ကို ဖိချလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာသည်။
"မင်းသမီးရှို့နင်း၊ ရှင် တိတိကျကျ ဘာပြောချင်တာလဲ"
ရှဲ့နင်းထန်သည် အခက်တွေ့နေသည့် မျက်နှာထားမျိုး လုပ်ပြကာ စကားကို ဂရုတစိုက် ချိန်ဆလိုက်သည်။
"ညီမလေး... အစ်မမှာ အကြံပြုစရာတစ်ခု ရှိတယ်။ နင် နားထောင်ချင်ပါ့မလားတော့ မသိဘူး"
ရွှယ်နင်က မေးကို အနည်းငယ် မော့လိုက်သည်။
"ပြောပါ"
"နင် ရှီဇီကို နှစ်ပေါင်းများစွာ ချစ်ခဲ့ပေမယ့် သူ့အချစ်ကို တစ်ခါမှ မရခဲ့ဘူး။ ဒါကြောင့် အစ်မက ရှီဇီနဲ့ လက်ထပ်လိုက်တာကို မြင်ပြီးတော့ နင်က တခြားတစ်ယောက်ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တာလေ။ ဒါပေမယ့် ငါတို့နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ သိကြပါတယ်။ အခုချိန်ထိတောင် နင် ရှီဇီကို မမေ့နိုင်သေးဘူးဆိုတာ။ အစ်မ ပြောတာ ဟုတ်တယ်မလား"
ထိုစကားကို ကြားသောအခါ ပေါင်ချန်၏ ဒေါသများ ချက်ချင်း ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။
"မင်းသမီး... ဘာယုတ္တိမရှိတဲ့ စကားတွေ လာပြောနေတာလဲ! ရှင်က အဲ့ဒီ ထမင်းသိုးပန်းကန်ကို ပျော်ပျော်ကြီး စားနေရုံနဲ့ တခြားလူတွေကရော ရှင့်လက်ထဲက ထမင်းသိုးကို သဘောကျလိမ့်မယ်လို့ မထင်နဲ့နော်!"
သူမ၏ ဒေါသကို အလေးအနက်ထားပြရန်အတွက် "ထမင်းသိုး" ဟူသော စကားလုံးကို တမင်ဖိ၍ ပြောလိုက်သည်။
ရှဲ့နင်းထန်၏ မျက်ဝန်းများ အေးစက်သွားသည်။
"ငါ နင့်သခင်မနဲ့ စကားပြောနေတဲ့အချိန် နင့်လို အစေခံက ဝင်ပါရလောက်အောင် ဘာအခွင့်အရေးများ ရှိလို့လဲ"
ပေါင်ချန်က မခံချင်စိတ်ဖြင့် ပြန်ပက်လိုက်သည်။
"မင်းသမီးရဲ့ သဘောထားကို သည်းမခံနိုင်လို့ပါ။ ကျွန်မက မင်းသမီးရဲ့ အစေခံမှ မဟုတ်တာ... ကျွန်မကို ဘာလုပ်နိုင်မှာမို့လို့လဲ"
ပေါင်ချန်၏ မောက်မာမှုရှေ့တွင် ရှဲ့နင်းထန်က မဲ့ပြုံးပြုံးလိုက်ပြီး ရွှယ်နင်ဘက်သို့ ပြန်လှည့်လာသည်။
"ညီမလေး ရွှယ်နင်... နင့်အစေခံက ရှီဇီကို ဒီလို စော်ကားနေတာကို ဒီတိုင်း လွှတ်ထားတော့မလို့လား"
"ပေါင်ချန ပြောတာ လုံးဝမှားနေတာတော့ မဟုတ်ဘူးလို့ ထင်တာပဲ"
ရွှယ်နင်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဒီနေ့ ရှဲ့နင်းထန်၏ ရန်စမှုက အနည်းငယ် ကလေးဆန်ပြီး ရယ်စရာကောင်းနေသည်ဟုပင် သူမ ထင်မိသည်။
"ပြီးတော့ရော"
ရှဲ့နင်းထန် တကယ် ဘာလုပ်ချင်နေတာလဲဆိုတာကို သူမ သိချင်နေမိတယ်။
"ဆက်ပြောပါဦး မင်းသမီး"
ဝါဂွမ်းကို ထိုးမိလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ရှဲ့နင်းထန်က ဒေါသကို မြိုသိပ်ကာ အတင်းပြုံးလိုက်ရသည်။
"နင် ရှီဇီကို မမေ့နိုင်သေးမှတော့ ရှီဇီလီနဲ့ ကွာရှင်းပြီး အိမ်ပြန်လာခဲ့ပါလား"
ချွန်းချီနှင့် ကျန်အစေခံများ အံ့အားသင့်သွားကြသည်။ ရှဲ့နင်းထန်ဆီမှ ဤမျှ အရှက်မဲ့သောစကားများ ထွက်လာလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ပေ။
သူတို့အားလုံး မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ ရပ်နေသော ရွှယ်နင်ကို လှည့်ကြည့်လိုက်ကြသည်။
"အိမ်ပြန်လာရမယ်?"
ရွှယ်နင်သည် အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ တခစ်ခစ်ဖြင့် အဆက်မပြတ် ရယ်မောလိုက်သည်။
ရှဲ့နင်းထန်က သူမ၏သဘောထားမှာ အတော်လေး ရိုးသားသည်ဟု ထင်ခဲ့သော်လည်း ရွှယ်နင်၏ လှောင်ပြောင်ရယ်မောခြင်းကိုသာ ရရှိလိုက်သည်။
"ဘာရယ်တာလဲ ညီမလေး"
ရွှယ်နင်က တစ်ခုခုကို အရိပ်အမြွက်ပြကာ ခေါင်းမော့လိုက်သည်။
"ရှင် စုကျန်းကို အရိုးစွဲမတတ် ချစ်ခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောထွက်ရတာလဲ"
ရှဲ့နင်းထန်က ဝမ်းနည်းပူဆွေးနေဟန် ဟန်ဆောင်လိုက်သည်။
"တကယ်တော့ ငါ့ယောကျ်ား... ကိုယ်လုပ်တော်ယူမှာကို ငါ တစ်ခါမှ စိတ်မခုခဲ့ပါဘူး"
"ကျွန်မကို စုကျန်းရဲ့ ကိုယ်လုပ်တော် လုပ်စေချင်သေးတာလား"
ဤဟန်ဆောင်မှုက တကယ်ကို အံ့မခန်းပင်။ အံ့သြလွန်းသဖြင့် ရွှယ်နင် မနေနိုင်ဘဲ လက်ခုပ်တီးလိုက်မိသည်။
"မင်းသမီးက တကယ်ကို သဘောထားကြီးတာပဲ။ ရင်ထဲကနေတောင် လေးစားသွားမိပြီ!"
အရင်ဘဝတုန်းက စုကျန်းရှေ့မှာ ဒီလောက် သနားစရာကောင်းပြီး မတရားခံရသလိုမျိုး သရုပ်ဆောင်နိုင်ခဲ့တာ မဆန်းတော့ပါဘူးလေ။
လောကကြီးမှာရှိတဲ့ နာကြည်းစရာတွေအကုန်လုံးကို သူမတစ်ယောက်တည်း ခံစားနေရသလိုမျိုးပင်။
ဒါကြောင့်ပဲ စုကျန်းက သူမအပေါ်ကို ပိုပိုပြီး သနားကြင်နာလာကာ ချစ်ခင်လာခဲ့တာ။
သူက သူမကို မင်ယွဲ့ဆောင်ထိတောင် ခေါ်လာခဲ့ပြီး သူမ(ရွှယ်နင်)၏ ခြံဝင်းကို သိမ်းပိုက်စေကာ သူမ၏ခင်ပွန်းကို ခံစားခွင့်ပေးခဲ့သည်။
အပြင်ဘက်တွင်လည်း စုကျန်း၏ ချစ်မြတ်နိုးရသော လရောင်ဖြူ ဂုဏ်သတင်းကို ရယူခဲ့သည်။ နောက်ဆုံးတွင် သူမက ဝမ်းဗိုက်ထဲမှ ကလေးကို အသုံးပြုကာ သေစေလောက်သည့် ထိုးနှက်ချက်ကို ပေးခဲ့သေး၏။
ဒီလို ရှဲ့နင်းထန်မျိုးက သူမကို စုကျန်းရဲ့ ကိုယ်လုပ်တော်လုပ်ဖို့ ဘယ်လိုလုပ် အဆိုပြုလာနိုင်မှာလဲ။
သူမမှာ အကြံအစည် တစ်ခုခုတော့ သေချာပေါက် ရှိရမယ်။
ရှဲ့နင်းထန်၏ နက်မှောင်သော မျက်ဝန်းများက ရွှယ်နင်၏မျက်နှာကို စိုက်ကြည့်နေပြီး အပြုံးများက ဝေဆာနေသည်။
"ဒါနဲ့ ညီမလေးရွှယ်နင်က ငါ့အကြံပြုချက်ကို ဘယ်လိုသဘောရလဲ"
"ကျွန်မ ထင်တာတော့..."
ရွှယ်နင်က စဉ်းစားဟန်ဖြင့် တွေးတောလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာသည်။
"မင်းသမီးရဲ့ အကြံပြုချက်က တော်တော်လေး ကောင်းပါတယ်၊ ဒါပေမယ့်..."
"ဒါဆို နင် သဘောတူတယ်ပေါ့"
ရှဲ့နင်းထန်က အလွန်ဝမ်းသာသွားပြီး စကားဖြတ်ကာ သူမ၏ လက်အင်္ကျီစကို အမြန်ဆွဲကိုင်လိုက်သည်။
ရွှယ်နင်သည် သူမ၏ ဝိုင်းစက်သော ဘဲဥပုံမျက်လုံးများကို ကျဉ်းကာကြည့်လိုက်ပြီး နားရွက်များ အနည်းငယ် လှုပ်ရှားသွားသည်။
ကျောက်လှေကားအောက်မှ ခြေသံများ ထွက်ပေါ်လာပြီးနောက် အေးစက်စက်နှင့် နောက်ပြောင်ချင်ဟန်ပေါက်နေသော စုကျန်း၏ အသံသြသြကြီး ထွက်ပေါ်လာသည်။
"ရွှယ်နင်၊ ငါ့ရဲ့ ကိုယ်လုပ်တော် လုပ်ချင်တာလား။ ဘာလို့ ငါ သဘောတူ၊ မတူ မမေးရတာလဲ"
ရွှယ်နင် ပြန်မဖြေရသေးမီမှာပင် သူမရှေ့၌ ရပ်နေသော ရှဲ့နင်းထန် ရုတ်တရက် နောက်သို့ပစ်လှဲချလိုက်တာကို မြင်လိုက်ရသည်။
"ယောကျ်ား... ကျွန်မကို ကယ်ပါဦး!"
စူးရှသော အကူအညီတောင်းသံနှင့်အတူ ရှဲ့နင်းထန်သည် အဆင့်နှစ်ဆယ်ရှိသော လှေကားထစ်များပေါ်မှ တစ်လိမ့်ခေါက်ကွေး ကျသွားတော့၏။
အပေါ်သို့ တက်လာရန် ပြင်နေသည့် စုကျန်းသည် မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး လိမ့်ကျလာသော မိန်းမပျိုကို အပြေးအလွှား ဖမ်းထိန်းလိုက်သည်။
ဖြူရော်နေသော မျက်နှာဖြင့် ရှဲ့နင်းထန်သည် အမျိုးသား၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ခဏမျှ တုန်ယင်နေပြီးနောက် စုကျန်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်လိုက်သည်။ သူမ၏ အသံတွင် နာကြည်းမှုနှင့် အပြစ်ကင်းစင်ဟန်တို့ အပြည့်အဝပါဝင်နေသည်။
"ယောကျ်ား... ညီမလေးကို ခုနက ကျွန်မပြောလိုက်တဲ့ စကားတွေကို ကြားလိုက်တယ်မလား။ တောင်းပန်ပါတယ်... ကျွန်မသဘောနဲ့ကျွန်မ ဝင်ပါမိတာပါ... ဒါပေမယ့်... ညီမလေးက ရုတ်တရက်ကြီး ကျွန်မကို တွန်းချလိုက်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး... ယောကျ်ားရယ်... ကျွန်မက သူ(မ)လမ်းကို ပိတ်ဆို့နေလို့... ကျွန်မကို ဒီလောက်တောင် သေစေချင်နေရတာလား..."
သူမ စကားပြောလေလေ၊ အသံက ပို၍ သနားစရာကောင်းလာလေလေဖြစ်ပြီး မျက်ရည်များကလည်း ပို၍ ကျဆင်းလာတော့သည်။
စုကျန်းသည် သူ၏ နက်မှောင်သော မျက်ဝန်းများကို မော့ကြည့်လိုက်ပြီး မျက်နှာအမူအရာက အလွန်တင်းမာခက်ထန်နေသည်။
သူက ဒေါသကို မြိုသိပ်ကာ ရွှယ်နင်အား အေးစက်စက် အသံဖြင့် မေးလိုက်၏။
"မင်း အခု ကျေနပ်သွားပြီလား"
ပေါင်ချန်နှင့် ကျန်အစေခံများ ထပ်မံ၍ အံ့အားသင့်သွားကြသော်လည်း ရွှယ်နင်ကမူ ကျောက်လှေကားထစ် အမြင့်ပေါ်တွင် ရပ်ကာ အထင်သေးဟန်ဖြင့် ငုံ့ကြည့်ပြီး စိတ်ပျက်လက်ပျက် မျက်လုံးလှန်လိုက်သည်။
သေချာတာပေါ့၊ ရှဲ့နင်းထန်ဆီမှာ ဘယ်လိုလုပ် စေတနာကောင်းတွေ ရှိနိုင်မှာလဲ။
ဒါ သူမ စောင့်နေတဲ့ အရာပဲလေ!
ဒီလှည့်ကွက်ဟောင်းကြီးပဲ၊ သူမ မရိုးအီသေးဘူးလား။
သူမ မရိုးအီရင်တောင်မှ၊ စုကျန်းကရော ဒါကို ဖောက်ထွင်းမမြင်နိုင်ဘူးလား။
ဒီမျက်ရည်တွေက အရမ်းကို တုပလွန်းနေတယ်။ အနောက်က အစေခံတွေတောင်မှ ရှဲ့နင်းထန် ဟန်ဆောင်နေတာကို သိနိုင်တယ်။
ဒီလူက ဘယ်လိုလုပ်ပြီး တရားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဖြစ်လာရတာလဲ။
စုကျန်းသည် ရှဲ့နင်းထန်ကို ပွေ့ချီကာ ဘေးဘက်ခန်းမဆောင်၏ ခြံဝင်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားတော့သည်။
အေးစက်သော ဖီးနစ်မျက်ဝန်းတစ်စုံတွင် ဓားသွားတစ်လက်ပမာ ထက်မြက်စူးရှသော အကြည့်များ စွဲကပ်နေသည်။
ရှဲ့နင်းထန်သည် သူ့ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုကြွေးနေ၏။
"ယောကျ်ား... အရမ်းနာတာပဲ... ကျွန်မ အရိုးတွေ ကျိုးသွားပြီ ထင်တယ်”