အခန်း ၂၈၀
Vol. 28 Ch. 280
အခန်း (၂၈၀) - ရှင်းလင်းချက်ပေးခြင်း
အမျိုးသား၏ မျက်နှာအမူအရာက ဒေါသထွက်မနေသော်လည်း အလိုလိုနေရင်း ဩဇာညောင်းကာ အေးစက်စက်နှင့် အားကောင်းသော ဖိအားတစ်ခု ပါဝင်နေသည်။
"မင်းမှာ အပြစ်မရှိဘူးဆိုရင် ဘာကိုကြောက်နေတာလဲ"
"ကျွန်မ မလုပ်..."
ရွှယ်နင်၏ နှုတ်ခမ်းများ အနည်းငယ် ဖြူရော်နေသည်။
ဘာကြောင့်မှန်းမသိ၊ ယခုအချိန်တွင် လီချန်ချဲ့က သူမကို အနည်းငယ် ကြောက်ရွံ့သွားစေသည်။ အထူးသဖြင့် သူမ လူတွန်းချလိုက်ဝာာကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်သွားသောကြောင့် သူမမှာ အပြစ်ရှိသလို ခံစားနေရသည်။
"ဒါက... ကျွန်မ မတော်တဆ မင်းသမီးရှို့နင်းကို တွန်းမိသွားတာပါ။ ဒီတစ်ခါ ကျွန်မ အမှားပါ။ သူ(မ)ကို ကျွန်မ စိတ်ရင်းနဲ့ တောင်းပန်နိုင်ပါတယ်။ သူ(မ)သာ မသန်မစွမ်းဖြစ်သွားခဲ့ရင် တစ်သက်လုံး ကျွန်မ တာဝန်ယူ စောင့်ရှောက်ပေးပါ့မယ်"
စုကျန်းက ရှဲ့နင်းထန်ကို ပြန်ချီလာခဲ့ပြီဖြစ်သည်။
ရှဲ့နင်းထန်၏ မျက်နှာပေါ်ရှိ ချွေးစေးများက ဟန်ဆောင်ထားခြင်းမဟုတ်ဘဲ သူမ၏ နှုတ်ခမ်းများလည်း ဖြူရော်နေသည်။
"ရှီဇီ အစ်ကို..."
သူမက နာကျင်လွန်းသဖြင့် အသံပင် ကောင်းကောင်းမထွက်နိုင်တော့ဘဲ အသက်ရှူနှုန်းများ ပိုမိုမြန်ဆန်လာကာ ရွှယ်နင်ကို နာကြည်းမုန်းတီးသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
စုကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး လီချန်ချဲ့ရှေ့တွင်ပင် အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။
"အားနင်၊ မင်း ဘယ်တုန်းက ဒီလောက် အကြင်နာတရားကင်းမဲ့သွားရတာလဲ"
ရွှယ်နင်က အလွန် ဒေါသထွက်သွား၏။
"ဒါတွေအကုန်လုံး ရှင်တို့ကြောင့် မဟုတ်ဘူးလား"
စုကျန်းက လှောင်ပြုံးပြုံးလိုက်သည်။
"ငါတို့က မင်းကို ဘယ်လိုများ အတင်းအကျပ် လုပ်ခိုင်းခဲ့လို့လဲ။ ရှီဇီလီကို ပြောပြလိုက်ပါလား"
ရွှယ်နင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်လုံးများ နီရဲလာသည်။
စုကျန်း၏ ရန်လိုသော မေးခွန်းထုတ်မှုများကို သူမ မတုံ့ပြန်ဘဲ လီချန်ချဲ့ကိုသာ ကြောက်ရွံ့စွာ တစ်ချက် ကြည့်လိုက်၏။
အမျိုးသားက သူမကို ခဏမျှ စူးစမ်းကြည့်လိုက်သည်။
"ခန်းမဆောင်ထဲ ဝင်သွားချေ"
ရွှယ်နင်၏ ခြေထောက်များက တောင့်တင်းနေပြီး အနည်းငယ် ထိတ်လန့်နေမိသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက လိမ္မာစွာဖြင့် ခြေလှမ်းရွှေ့ကာ ဘေးဘက်ခန်းမဆောင်ထဲသို့ ဝင်သွားလေသည်။
စုကျန်းက သူမကို တားဆီးရန် ကြိုးစားသော်လည်း လီချန်ချဲ့က သူ့ဘက်လှည့်ကြည့်လာပြီး အေးစက်သော အငွေ့အသက်များနှင့်အတူ မျက်မှောင်ကြုတ်လိုက်သည်။
"ရှီဇီစု၊ ကိုယ့်နေရာမှာပဲ နေပါ"
စုကျန်းက အေးစက်စက် ရယ်မောလိုက်သည်။
"သူ(မ)က ရှို့နင်းကို ဒုက္ခပေးခဲ့တာတောင် ရှီဇီလီက သူ(မ)ကို ဒီအတိုင်း ထွက်သွားခွင့်ပြုလိုက်တာလား"
လီချန်ချဲ့က မည်သည့်အမူအရာမှ မပြပေ။
"သူ(မ)က ငါ့ရဲ့ ဇနီးပါ။ ငါကိုယ်တိုင် သူ(မ)ကို အပြစ်ပေးပြီး ခင်ဗျားရဲ့ ဇနီးအတွက် ရှင်းလင်းချက်တစ်ခု ပေးပါ့မယ်"
စုကျန်းက မျက်မှောင်ကို တင်းတင်းကြုတ်လိုက်သည်။
"ရှို့နင်း ဒီလိုထိခိုက်သွားရတာ၊ သူ(မ)ကို တစ်ခုခုသာ ဖြစ်သွားကြည့်—"
လီချန်ချဲ့၏ ဂရုမစိုက်သော အကြည့်များက ဖြူရော်နေသည့် ရှဲ့နင်းထန်၏ မျက်နှာပေါ်သို့ ဝေ့ဝဲသွားသည်။
"ငါသာ ခင်ဗျားဆိုရင် အားနွဲ့တဲ့ မိန်းမတစ်ယောက်ကို ဒီမှာ ဆက်ပြီး ဒုက္ခပေးနေမယ့်အစား သူ(မ)ကို ဆေးဆရာတော်ဆီ ချက်ချင်း ခေါ်သွားမှာပဲ"
"အားနွဲ့တဲ့ မိန်းမ ဟုတ်လား"
စုကျန်းမှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားသည်။
"သူ(မ)သာ အားနွဲ့တဲ့ မိန်းမဆိုရင် ဒီနေ့ ဘာလို့ ရှို့နင်းကို နှစ်ခါတောင် တွန်းချရတာလဲ။ ဒီကျောက်လှေကားတွေက မြင့်လည်းမြင့်သလို ချော်လည်းချော်တယ်။ ဒီကနေ လိမ့်ကျသွားရင် သေနိုင်တယ်၊ ဒါမှမဟုတ် မသန်မစွမ်း ဖြစ်သွားနိုင်တယ်ဆိုတာ သူ(မ) မသိဘူးများ မှတ်နေလား"
"ဖူရှန်း"
လီချန်ချဲ့၌ သည်းခံနိုင်စွမ်း သိပ်မကျန်တော့ပေ။ သူက မျက်နှာကို အနည်းငယ်လှည့်လိုက်ပြီး လေးနက်သော အကြည့်ဖြင့်-
"ရှီဇီစုနဲ့ သူ့ဇနီးကို အရှေ့ဘက်ခန်းမဆောင်ဆီ ခေါ်သွားလိုက်"
ဖူရှန်းက ရှေ့သို့ထွက်လာပြီး စုကျန်းကို ပြုံးပြလိုက်သည်။
"ဒီငယ်သားက အရိုးနဲ့ ကြွက်သားဒဏ်ရာတွေ ကုသတဲ့နေရာမှာ အနည်းငယ် ကျွမ်းကျင်မှုရှိပါတယ်။ ရှီဇီစုသာ စိတ်မကွက်ဘူးဆိုရင် ခင်ဗျားရဲ့ ဇနီးကို ကျွန်တော် ကြည့်ပေးလို့ရပါတယ်"
စုကျန်း၏ လက်ချောင်းများ အနည်းငယ် တင်းကျပ်သွားသည်။ သူက ရှဲ့နင်းထန်ကို အောက်ချမပေးဘဲ လီချန်ချဲ့အား ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ရှီဇီလီ၊ အခု ခင်ဗျား မြင်ပြီမလား။ ရွှယ်နင်က ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရား ကင်းမဲ့တယ်၊ ရှို့နင်းကိုတောင် အလွတ်မပေးချင်ဘူး။ ဒါက သူ(မ) ငါ့အပေါ် ခံစားချက် ရှိနေတုန်းပဲဆိုတာကို ပြနေတာပဲ။ သူ(မ) တစ်ချိန်က ငါ့ကို ရူးရူးမူးမူး ချစ်ခဲ့ဖူးတယ်။ ငယ်ငယ်တုန်းကလည်း မနာလိုစိတ်နဲ့ သူ(မ)ရဲ့ ညီမတွေကို ဒုက္ခပေးဖို့ အများကြီး လုပ်ခဲ့သေးတယ်။ အရွယ်ရောက်လာတော့လည်း ငါ့ကို လက်ထပ်ဖို့ နေ့တိုင်း ပူညံပူညံ လုပ်ခဲ့တယ်။ ငါသာ ရှို့နင်းနဲ့ စေ့စပ်ထားတာ မရှိဘူးဆိုရင် သူ(မ) ဘယ်လောက်တောင် အရှက်ကင်းမဲ့တဲ့ ကိစ္စတွေ လုပ်လာမလဲ ဘယ်သူသိမှာလဲ။ ဒီလို မိန်းမမျိုးကို ကျန်းကော်နယ်စားမင်းအိမ်တော်မှာ ဆက်ထားမယ်ဆိုရင် နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေရုံပဲ ရှိလိမ့်မယ်။”
လီချန်ချဲ့၏ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် တင်းကျပ်သွားသည်။
“...”
စုကျန်းက ဆက်၍ ပြောသည်။
“ဒီလောက်ပြောပြပြီးပြီဆိုတော့ ရွှယ်နင်လို မိန်းမမျိုးကို ဆက်ထားမလား၊ စွန့်ပစ်မလားဆိုတာ ရှီဇီလီ ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါတော့”
လီချန်ချဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တိတ်ဆိတ်နေသည်။
စုကျန်းက သူ၏ အေးစက်ပြီး တင်းမာနေသော မျက်နှာကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီး ရှဲ့နင်းထန်ကို ချီလျက် လှေကားထစ်များမှ ဆင်းသွားလေသည်။
ဖူရှန်းက စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လာ၏။
“ရှီဇီ—”
လီချန်ချဲ့၏ မျက်လုံးများက တည်ငြိမ်နေဆဲဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။
သခင်မလေး တစ်ချိန်က စုကျန်းကို သဘောကျခဲ့ဖူးတာ လူတိုင်းသိသော ကိစ္စဖြစ်သဖြင့် ဖူရှန်း ဘာဆက်ပြောရမည်မှန်း မသိဘဲ ပါးစပ်ဟလျက်သား ဖြစ်နေသည်။
ဒီနေ့ ရှီဇီက သူခိုးဖမ်းနေရတာကြောင့် နောက်ကျမှ ရောက်လာခဲ့ခြင်းဖြစ်ပြီး ဒီလို မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
သခင်မလေးနှင့် မင်းသမီးရှို့နင်းတို့၏ ဆက်ဆံရေးက အမြဲတမ်း ဆိုးရွားခဲ့ပြီး ၎င်းမှာ ရှီဇီစုကြောင့်ဖြစ်မည်ဟု သူ ခပ်ရေးရေး သံသယရှိခဲ့ဖူးသည်။
မင်းသမီးရှို့နင်းက သခင်မလေးကို ရှီဇီစု၏ ကိုယ်လုပ်တော် ဖြစ်စေချင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့သလို... သခင်မလေးကလည်း ပြတ်ပြတ်သားသား ငြင်းဆန်ခြင်း မရှိခဲ့ပေ။
ဒေါသထွက်ထွက်နှင့် သူမက မင်းသမီးရှို့နင်းကို ကျောက်လှေကားပေါ်မှ တွန်းချခဲ့၏။
ဒါက သူမကိုယ်တိုင်အတွက်လား၊ ဒါမှမဟုတ် မင်းသမီးက သူမကို ကိုယ်လုပ်တော် ဖြစ်စေချင်လို့လား။
အခု သခင်မလေးက ဘာကိုများ တွေးနေတာလဲ။ သူမက သဘောတူလိုက်မှာလား။
ဒါမှမဟုတ် ဒါတွေအားလုံးက မင်းသမီးရှို့နင်းကို ဒေါသထွက်အောင် ဆွပေးရုံ သက်သက်ပဲလား။
ရှီဇီစုနဲ့ သူ့ဇနီးသာ ကွာရှင်းလိုက်မယ်ဆိုရင်ရော သူမက ရှီဇီစုဘေးကို ပြန်သွားဖို့ ရွေးချယ်ဦးမှာလား။
လီချန်ချဲ့၏ ရင်ဘတ်ထဲတွင် လေးလံထိုင်းမှိုင်းသော နာကျင်မှုတစ်ခုကို ခံစားနေရသည်။ သူက မှောင်မိုက်နေသော မျက်လုံးများကို ပင့်မော့လိုက်ပြီး အခန်းတွင်းရှိ သွယ်လျသော ကျောပြင်လေးကို တစ်ချက်ကြည့်ကာ အတင်းအကျပ် ပြုံးလိုက်သည်။
"ရပါတယ်။ သွားပြီး သူ(မ)ကို ကြည့်လိုက်။ ဆေးကုသစရိတ် အကုန်လုံးကို ကျန်းကော်နယ်စားမင်းအိမ်တော်က တာဝန်ယူပေးလိမ့်မယ်။ သူ(မ)သာ မသန်မစွမ်းဖြစ်သွားမယ်၊ ဒုက္ခိတဖြစ်သွားမယ်ဆိုရင် ငါ တာဝန်ယူပေးမယ်"
ဖူရှန်းက အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ထို့နောက် သူက သူတို့နောက်သို့ ချက်ချင်း လိုက်သွားလေသည်။
ပေါင်ချန်နှင့် ချွန်းချီအပါအဝင် အခြားသူများအားလုံး ဘေးဘက်ခန်းမဆောင် အပေါက်ဝတွင် အကြောက်လွန်ကာ တုန်ယင်စွာ ရပ်စောင့်နေကြ၏။
ရင်ဘတ်ထဲမှ တစိမ့်စိမ့် နာကျင်နေသော ခါးသီးမှုကို ဖိနှိပ်ထားရင်း လီချန်ချဲ့က တံခါးဝသို့ လျှောက်သွားကာ မည်သည့်အမူအရာမှမရှိဘဲ ပြောလိုက်သည်။
"မင်းတို့အားလုံး ထွက်သွားကြတော့"
ပေါင်ချန်က မနေနိုင်တော့ဘဲ သူမ၏ သခင်မအတွက် ကာကွယ်ပေးချင်လာသည်။
"ရှီဇီ၊ သခင်မလေးက တမင်ရည်ရွယ်တာ မဟုတ်ပါဘူး။ မင်းသမီးရှို့နင်းက သူ(မ)ကို ရှီဇီစုရဲ့ ကိုယ်လုပ်တော်လုပ်ဖို့ပြောပြီး ဆက်တိုက် ရန်စနေခဲ့လို့ပါ။ သခင်မလေးက ဒေါသထွက်သွားတဲ့ အခိုက်အတန့်လေးမှာ တွန်းလိုက်မိရုံပါ—"
"ထွက်သွား"
ပေါင်ချန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ သူမ ပါးစပ်ကို ပိတ်လိုက်ပြီးနောက် ချွန်းချီနှင့် ရှဲ့လန်တို့က သူမကို ချက်ချင်း ဆွဲခေါ်သွားကြသည်။
အခန်းတံခါးအပြင်ဘက်မှ စုကျန်းပြောသွားသည့် စကားများကို ရွှယ်နင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူမ၏ ရင်ဘတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ဖိနှိပ်ထားသလို ခံစားရပြီး အနည်းငယ် နေရခက်လှသည်။
သူမက အတွင်းခန်းမဆောင်၏ အလယ်တွင် အားကိုးရာမဲ့စွာ ရပ်နေရင်း ထိုအမျိုးသား လျှောက်ဝင်လာတာကို ကြည့်နေမိသည်။
သူမ ဆက်နေသင့်သလား၊ ဒါမှမဟုတ် ထွက်သွားသင့်သလား။
အားချဲ့ကရော ဘာကို ရွေးချယ်မှာလဲ။
အမျိုးသား ဝင်လာပြီးနောက် ဘေးဘက်အခန်းတံခါးက သူ့နောက်ကွယ်တွင် အလျင်အမြန် ပိတ်သွားလေသည်။
ပြတင်းပေါက်အပြင်ဘက်တွင်မူ တဖွဲဖွဲရွာသွန်းနေသော မိုးသံကြောင့် လူတို့၏စိတ်နှလုံးကို ဂနာမငြိမ် ဖြစ်စေသည်။
“ကျွန်မရဲ့ နည်းလမ်းတွေက နည်းနည်း ရက်စက်ချင်ရက်စက်လိမ့်မယ်... ဒါပေမဲ့ အပြင်လောကမှာ အားနည်းတဲ့ မိန်းမတစ်ယောက်အနေနဲ့... သူများရဲ့ အနိုင်ကျင့်တာကို အမြဲတမ်း ငုံ့ခံနေလို့မရဘူးလေ။”
သူကိုယ်တိုင် မြင်သွားခဲ့ပြီးပြီဖြစ်၍ ရွှယ်နင်က လိမ်ညာရန် မရည်ရွယ်တော့ပေ။ သူမက နှုတ်ခမ်းကို ခပ်ဖွဖွစေ့လိုက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဆက်ပြောလိုက်သည်။
“ကျွန်မက အမြဲတမ်း ဒီလို အကြင်နာတရား ကင်းမဲ့နေတာ မဟုတ်ပါဘူး... ကျွန်မက ဒီအတိုင်း... ဒါပေမဲ့ တကယ်လို့... ကျွန်မလို မိန်းမမျိုးက ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ ရှင်ထင်ရင်... ရှင် ရွေးချယ်နိုင်ပါတယ်... ကျွန်မကို ကွာရှင်းလိုက်ရင်လည်း ရပါတယ်... ကျွန်မ...”
သူမ၏ ထစ်ထစ်ငေါ့ငေါ့ စကားများ မဆုံးခင်မှာပဲ သူက သူမ၏လက်မောင်းကို ဖမ်းဆွဲကာ တံခါးဆီသို့ ရုတ်တရက် တွန်းပို့လိုက်သည်။
အမျိုးသား၏ အားအင်က အံ့ဩစရာကောင်းလောက်အောင် သန်မာသည်။ သူမ မရုန်းထွက်နိုင်ဘဲ ကျောပြင်က သစ်သားတံခါးနှင့် ဆောင့်မိသွားကာ အနည်းငယ် နာကျင်သွား၏။
“မင်း ဘာလို့ ရှဲ့နင်းထန်ကို တွန်းချခဲ့တာလဲ”
သူမ၏ အသက်ရှူသံများ ရပ်တန့်သွားပြီး ချောက်နက်ကြီးတစ်ခုထဲသို့ နစ်ဝင်နေသကဲ့သို့ ဖြစ်နေသော သူ့မျက်လုံးများကို ကြောက်ရွံ့အားကိုးရာမဲ့စွာဖြင့် စိုက်ကြည့်နေမိသည်။
“တောင်းပန်ပါတယ် အားချဲ့။ စောစောက ကျွန်မ ဒေါသထွက်သွားလို့ပါ”
လီချန်ချဲ့က မျက်မှောင်ကြုတ်လိုက်သည်။
“ဒေါသထွက်လို့ လူကို တွန်းချလိုက်တာပေါ့ ဟုတ်လား”
ရွှယ်နင်က စိုးရိမ်တကြီးဖြင့် တံတွေးတစ်ချက် မျိုချလိုက်သည်။
“အားချဲ့၊ ရှင် ကျွန်မကို အပြစ်တင်နေတာလား”
လီချန်ချဲ့က သူ့နှလုံးသားထဲတွင် ပျံ့နှံ့နေသော ခါးသီးမှုကို ဖိနှိပ်လိုက်သည်။
“မဟုတ်ဘူး၊ မင်း ဘာလို့ ရှဲ့နင်းထန်ကို တွန်းချခဲ့တာလဲဆိုတာပဲ ကိုယ် သိချင်တာ။ မင်းကိုယ်တိုင်အတွက်လား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်အတွက်လား”
ရွှယ်နင်က မှင်သက်သွားပြီး အမျိုးသား၏ နက်မှောင်တည်ကြည်သော မျက်ခုံးတန်းများကို ငေးကြည့်နေမိသည်။
သူမက သူများကို ထိခိုက်အောင်လုပ်ခဲ့၍ သူ ဒေါသထွက်နေတယ်လို့ ထင်ထားပေမယ့် သူ၏ စိုးရိမ်ပူပန်မှုက ဤအရာဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
သူမ၏ လက်ချောင်းလေးများ အနည်းငယ် တွန့်ကွေးသွားပြီး ခဏမျှ ဘယ်လိုပြန်ပြောရမည်မှန်း မသိဖြစ်နေသည်။
လီချန်ချဲ့က သူမ အကြာကြီး တိတ်ဆိတ်နေတာကို မြင်တဲ့အခါ၊ သူမအနေဖြင့် ကွာရှင်းခြင်းနှင့် လမ်းခွဲခြင်းဟူသော စကားလုံးများကို အမြဲတမ်း အလွယ်တကူ ပြောဆိုတတ်ပုံကို တွေးမိကာ သူ့နှလုံးသားထဲတွင် တောက်လောင်နေသော နာကျည်းမှုကို ခံစားလိုက်ရသည်။