အခန်း ၂၈၁
Vol. 29 Ch. 281
အပိုင်း (၂၈၁) - သူမကို ကြောက်လန့်စေခြင်း
သူက ခေါင်းငုံ့ကာ မိန်းကလေး၏ နူးညံ့သော နှုတ်ခမ်းများကို အကြမ်းပတမ်း ကိုက်ချလိုက်သည်။
"အွန်း—"
ရွှယ်နင်၏ လက်နှစ်ဖက်မှာ သူမခေါင်းပေါ်တွင် ဖိချုပ်ခံထားရသည်။
ထိုအမျိုးသားက အပြစ်ပေးနေသည့်အတိုင်း ခွန်အားအကုန်သုံးကာ ခွေးရူးတစ်ကောင်လို သူမ၏ နှုတ်ခမ်းနှင့် သွားများကြား အကြမ်းပတမ်း ကိုက်ခဲနေသည်။
သူတို့နှစ်ဦးကြားတွင် သွေးနံ့က လျင်မြန်စွာ ပြန့်နှံ့သွား၏။
ထိုအမျိုးသားက သူမ၏ နှုတ်ခမ်းများမှတစ်ဆင့် ညှပ်ရိုးအထိ အငမ်းမရ နမ်းရှိုက်နေတော့သည်။ သူ၏ ကျန်လက်တစ်ဖက်ကလည်း သူမ၏ သွယ်လျသော ခါးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ရွှယ်နင်မှာ သူ့အနမ်းများအောက်တွင် အရည်ပျော်မတတ်ဖြစ်ကာ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေသည်။
"အားချဲ့... ဟင့်အင်း... မလုပ်ပါနဲ့..."
လီချန်ချဲ့က သူ့လက်မောင်းများကို ဖြည်းဖြည်းချင်း တင်းကျပ်လိုက်ပြီး၊ သူမဆီမှ သွေးနံ့ကို ရလိုက်သည်နှင့် အနည်းငယ် တုန်ယင်နေသော သူ့နှုတ်ခမ်းပါးများမှာ တဖြည်းဖြည်း ငြိမ်ကျသွားသည်။
အနမ်းများကြောင့် ရွှယ်နင်၏ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး နာကျင်မှုကြောင့် မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာသည်။
ပူနွေးသော မျက်ရည်ပေါက်များက ထိုအမျိုးသား၏ ကျောက်စိမ်းလို ဖြူဝင်းသော ပါးပြင်ပေါ်သို့ ကျဆင်းသွား၏။
လီချန်ချဲ့ ရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်က ခဏမျှ တောင့်တင်းသွားကာ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမ၏ ပုခုံးထက်တွင် မေးစေ့ကို တင်းကျပ်စွာ အပ်ထားလိုက်သည်။
ရွှယ်နင်က အလွန်ကြောက်လန့်သွားပြီး အသံထွက်ငိုချလိုက်မိသည်။
လီချန်ချဲ့ မျက်လုံးများကို မှိတ်ကာ သူ့အထဲတွင် ဆူပွက်နေသော ကြမ်းတမ်းသည့် ဒေါသအဟုန်များကို အတင်းဖိနှိပ်ထားလိုက်သည်။ သူမနှုတ်ခမ်းပေါ်ရှိ သွေးစများကို လျှာဖြင့် စိတ်ရှည်လက်ရှည် လျက်ပေးလိုက်သည်။
သူက လေသံကို အတတ်နိုင်ဆုံး နူးညံ့အောင် ကြိုးစားရင်း သူမကို ပွတ်သီးပွတ်သပ်လုပ်ကာ မေးလိုက်၏။
"ဘာလို့ငိုနေတာလဲ၊ ကိုယ် မင်းကို နာကျင်စေမိလို့လား"
ရွှယ်နင်၏ နှာခေါင်းလေးမှာ အမျိုးသား၏ ဖြောင့်စင်းသော နှာတံဖြင့် တင်းကျပ်စွာ ဖိကပ်ခြင်းကို ခံထားရသည်။
ပုံမှန်ရှိတတ်သည့် ကြင်နာယုယမှုများ ပျောက်ဆုံးနေပြီး ယခု သူထုတ်လွှင့်နေသော ဖိနှိပ်လိုသည့် အငွေ့အသက်က အလွန် ကြောက်မက်ဖွယ်ကောင်း၏။
သူမ၏ မျက်လုံးများ နီရဲနေပြီး တုန်ယင်နေသော လက်သေးသေးလေးများဖြင့် သူ့ခါးကို ဖက်တွယ်ကာ သနားစဖွယ် အသံဖြင့် ပြောလိုက်သည်။
"အားချဲ့... အရမ်းနာတယ်"
ဒီစကားတစ်ခွန်းကြောင့်ပင် လီချန်ချဲ့၏ အေးစက်မာကျောနေသော နှလုံးသားမှာ ပျော့ပျောင်းသွားရသည်။
ရွှယ်နင်ကို သူ ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့သလို၊ သူမ အစအဆုံး သူ့ကိုပဲ ချစ်လာအောင်လည်း သူမရဲ့ နှလုံးသားကို သူ မချုပ်ကိုင်နိုင်ခဲ့ပေ။ စုကျန်း၏ စကားများက တမင်သက်သက် ရန်စနေမှန်း သူသိတယ်။
ဒါပေမဲ့ သူ ဘာလုပ်နိုင်မှာလဲ။ ဒီစကားတွေကို ကြားရတော့ သူ ဒေါသထွက်မိတုန်း၊ ပေါက်ကွဲမိတုန်းပင်။
သူမ စုကျန်းကို ချစ်နေသေးတာလား၊ သူမ လုပ်သမျှအရာအားလုံးက စုကျန်းရဲ့ အာရုံစိုက်မှုကို ရဖို့အတွက်များလား ဆိုပြီး သူ မတွေးဘဲ မနေနိုင်ခဲ့ပေ။
တစ်နေ့ကျရင် သူမ သူ့ကို ထားခဲ့ပြီး စုကျန်းအနားကို ပြန်သွားမလား။ သူမက စုကျန်းကို မချစ်တော့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမဲ့ အဲဒါက အမှန်လား၊ အလိမ်အညာလား။
"စုကျန်း... အရင်က ရှင့်ဆီက ဘာတွေများ မြင်တွေ့ခဲ့လို့လဲ" ဆိုသည့် သူမ၏စကားကို လီချန်ချဲ့ ပြန်အမှတ်ရလိုက်ချိန်တွင် သူ့ရင်ထဲ၌ စူးရှစွာ နာကျင်သွားရသည်။
သူမ၏ နားအနီးသို့ တိုးကပ်ကာ ပြင်းပြင်းထန်ထန် အသက်ရှူလိုက်ရင်း သူ၏ ပတ်ပတ်လည်တွင် မှောင်မိုက်သော လူသတ်ချင်သည့် အငွေ့အသက်များ ဝန်းရံနေသည်။
သို့သော် ရွှယ်နင်၏ အသားအရေက အလွန်နူးညံ့လွန်းလှရာ သူ အနည်းငယ် ထိတွေ့လိုက်ရုံဖြင့် အနီရောင် အရာများ ထင်ကျန်ရစ်သည်။ ရင်ထဲမှ နာကြည်းမှုနှင့် ဒေါသများကို ဖိနှိပ်ထားရင်း သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ပွတ်သပ်ပေးကာ-
"ကိုယ် တောင်းပန်ပါတယ်။ ကိုယ် မင်းကို နာကျင်စေမိပြီ"
ရွှယ်နင် ယခု နည်းနည်းလေးမျှပင် မလှုပ်ရဲတော့ချေ။
အမျိုးသား၏ ခန္ဓာကိုယ်တွင် မိုးရေ၏ အအေးဓာတ်က ကျန်ရှိနေသေးရာ သူမကို ရင်ထဲအထိ တုန်ချမ်းသွားစေသည်။
"အဖေ၊ အမေနဲ့ အစ်ကိုကြီးတို့ ဒီမှာ ရှိနေတယ်—"
"ကိုယ့်အမှားပါ။ ကိုယ် စိတ်လွတ်သွားလို့ပါ။"
လီချန်ချဲ့က အမြန်ပင် စိတ်ကိုပြန်လည်တည်ငြိမ်သွားစေပြီး သူ၏ ပုံမှန် အေးစက်စက်နှင့် အနည်းငယ် ကင်းကွာလှမ်းဝေးသည့် ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
သူက ရွှယ်နင်၏ အင်္ကျီကော်လာကို ပြင်ပေးရန် လက်လှမ်းလိုက်ပြီး သူ့လက်ကြီးများက သူမ၏ စကတ်ပေါ်ရှိ တွန့်ခေါက်နေမှုများကို ဖြန့်ပေးလိုက်သည်။
ရွှယ်နင် တုန်ယင်သွားပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။
လီချန်ချဲ့၏ လက်များ ရပ်တန့်သွားသည်။
"ကိုယ် မင်းကို လန့်သွားစေတာလား"
ရွှယ်နင်က သူမ၏ ရောင်ရမ်းကာ နီရဲနေသော နှုတ်ခမ်းများကို ဖိကိုက်လိုက်၏။ နာကျင်မှုကြောင့် သူမ၏ မျက်နှာမှာ တစ်လှည့်စီ နီမြန်းလိုက် ဖြူရော်လိုက်ဖြစ်သွားသည်။
"နည်းနည်းပါ..."
သူ စိတ်လွတ်သွားမှုကြောင့် သူမကို ကြောက်လန့်စေခဲ့မှန်း လီချန်ချဲ့ သိလိုက်တယ်။ ခဏလောက် စိတ်ငြိမ်အောင်ထားပြီးနောက် သူ့လက်ကြီးများဖြင့် သူမ၏ မျက်နှာကို အုပ်ကိုင်ကာ နဖူးလေးကို ညင်သာစွာ နမ်းလိုက်သည်။
"ကိုယ် တောင်းပန်ပါတယ်။ နောက်ဆို ဒီလို မဖြစ်စေရပါဘူး"
သူမ ရင်ထဲမှာ စုကျန်းကို ချစ်နေသေးတယ်ဆိုတာ သူသိနေရင်တောင်မှ သူ့ကိုယ်သူ ထိန်းချုပ်ရမယ်။
ကလေးကိစ္စနှင့် ပတ်သက်၍မူ နောက်ကျမှထက် စောစော အစီအစဉ်ဆွဲသင့်တယ်။
အမျိုးသား၏ မျက်နှာပေါ်တွင် ထိုကြောက်မက်ဖွယ်ကောင်းသော အေးစက်မှုများ မရှိတော့တာကို မြင်သောအခါ ရွှယ်နင်က သူ့ရင်ခွင်ထဲမှ အမြန်ရုန်းထွက်လိုက်သည်။
"ဆရာတော် မကြာခင် ရောက်လာတော့မယ်။ အဖေ၊ အမေနဲ့ အစ်ကိုကြီးတို့အတွက် ဆုတောင်းပွဲ လုပ်ပေးမယ်လို့ မိန့်ထားတယ်—"
ရွှယ်နင်က ဘာမှမဖြစ်ခဲ့သည့်ပုံစံ ဟန်ဆောင်လိုက်ပြီး မျက်လုံးများ နီရဲနေလျက်ပင် သဘာဝကျကျ ပြုံးပြနိုင်ရန် အတင်းကြိုးစားလိုက်သည်။
"ရှဲ့နင်းထန်တော့ ဘယ်လိုနေလဲ မသိဘူး။ အဲ့ဒီလောက် အမြင့်ကြီးကနေ ကျသွားတာဆိုတော့ အရိုးတွေတောင် ကျိုးလောက်တယ်"
လီချန်ချဲ့က လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမအနားသို့ လျှောက်လာကာ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"ဖူရှန်းကို သူတို့နောက် လိုက်သွားခိုင်းထားတယ်။ သတင်းရရချင်း မင်းကို ကိုယ် ပြောပြပါ့မယ်"
ထိုအမျိုးသား၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် မပြည့်ဝသေးသော ဆန္ဒအငွေ့အသက်များ ကျန်ရစ်နေဆဲပင်။
ရွှယ်နင်က ကြောက်ရွံ့တုန်လှုပ်စွာ တံတွေးမျိုချလိုက်ပြီး၊ သူ ထပ်ပြီး ရုတ်တရက် စိတ်လွတ်သွားမှာကို စိုးရိမ်ကာ ဆုတောင်းသည့် ဖျာအခင်းပေါ်တွင် အမြန် ဒူးထောက်ထိုင်ချလိုက်သည်။
လူတွေ အများကြီး စောင့်ကြည့်နေတာပဲ... သူ အဆင်အခြင်မဲ့ လုပ်ရဲမှာ မဟုတ်ပါဘူး။
စောစောက သူ ရုတ်တရက် သူမကို ဖိချုပ်လိုက်စဉ်က အဖေ၊ အမေနဲ့ အစ်ကိုကြီးတို့ မြင်သွားမှာကို စိုးရိမ်ပြီး သူမ အလွန်ကြောက်လန့်ခဲ့ရတယ်။
ယခုအချိန်အထိပင် သူမ၏ ရင်ထဲ၌ ထိတ်လန့်မှုများ ကျန်ရစ်နေဆဲဖြစ်ကာ ရင်ခုန်မြန်နေဆဲပင်။
"ကောင်းပါပြီ။"
စကားပြောပြီးနောက် သူမက နှုတ်ခမ်းပေါ်ရှိ ဒဏ်ရာကို တိတ်တဆိတ် သုတ်လိုက်သည်။
အနည်းငယ် စပ်ဖျင်းဖျင်းဖြစ်နေတယ်— ထိုယောကျ်ားက သူမကို ကိုက်ထားခဲ့ဝာာလေ။
သူမက အမျိုးသား၏ မျက်နှာအမူအရာကို မကြည့်ရဲဘဲ မိဘများ၏ ကွယ်လွန်သူကဗ္မည်းပြားများရှေ့တွင် ရိုရိုသေသေ ဒူးထောက်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ကိုရင်လေးနှင့် ဆရာတော်တို့ မြန်မြန်ဆန်ဆန် ရောက်လာကြသည်။ သိပ်မကြာခင်မှာပင် ဘေးဘက်ခန်းမဆောင်၏ တံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်သည်။
"ဒကာမလေး! ဦးဇင်းတို့ ဆရာတော် ရောက်လာပြီ!"
ကိုရင်လေးက ပျော်ရွှင်စွာ ပြေးဝင်လာသော်လည်း ခန်းမဆောင်ထဲရှိ လီချန်ချဲ့၏ အေးစက်ကာ ကင်းကွာလှမ်းဝေးလှသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။
"ဒီ ဒကာကြီးက ဘယ်သူလဲ"
"သူက ကျွန်မရဲ့ ခင်ပွန်းပါ"
"မိန်းမပျိုလေး... အာ၊ မဟုတ်ဘူး... သခင်မက အိမ်ထောင်ကျနေပြီလား"
"ဟုတ်ပါတယ် ၊ အိမ်ထောင်ကျတာ လအနည်းငယ်ရှိပါပြီ။"
"ဒကာမလေးရဲ့ ခင်ပွန်းက တကယ်ကို ရုပ်ချောတာပဲ"
"အခုလို ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုရင်လေး။"
ခန်းမဆောင်ထဲတွင် လူများ ရောက်လာပြီဖြစ်၍ ရွှယ်နင်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြင်ဆင်စရာရှိသည်များကို အလုပ်ရှုပ်ဟန်ပြလိုက်သည်။
မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို ဖွဖွလေးသုတ်လိုက်သည့် သူမ၏ အမူအရာသေးသေးလေးကို လီချန်ချဲ့ မျက်ခြည်မပြတ်ခဲ့ပေ။ သူမက သူ့အနမ်းကို ရွံရှာသွားမှာ စိုးရိမ်မိကာ သူ့နှလုံးသားထဲတွင် အအေးဓာတ်တစ်ခု ဝင်ရောက်သွားသည်။
မနေ့ညကမှ သူတို့နှစ်ယောက် တက်တက်ကြွကြွ ချစ်တင်းနှီးနှောခဲ့ကြပေမယ့် ဒီနေ့ စုကျန်းကို မြင်ပြီးနောက်တွင်တော့ သူမက သူ့အထိအတွေ့ကို စတင် ငြင်းဆန်လာခဲ့ပြီ။
သူမ တကယ်ပဲ စုကျန်းကို မချစ်တော့တာလား၊ ဒါမှမဟုတ် မချစ်တော့သလို ဟန်ဆောင်နေတာလား။
ဒီအကြောင်းကို တွေးမိလေလေ၊ အမျိုးသား၏ မျက်ခုံးများကြားရှိ အေးစက်စူးရှမှုက ပိုမို ပြင်းထန်လာလေလေပင်။
ဆုတောင်းပွဲ ကျင်းပနေစဉ်တစ်လျှောက်လုံး သူတို့ ဇနီးမောင်နှံနှစ်ဦး ထပ်မံစကားမပြောဖြစ်ကြတော့ချေ။
စုကျန်းကဲ့သို့ပင် သူလည်း ဒီလိုမျိုး အလုပ်ရှုပ်စရာကိစ္စများကို စိတ်မရှည်ဖြစ်လာမှာကို ရွှယ်နင် စိုးရိမ်နေခဲ့သည်။
သို့သော် သူမ ထင်မှတ်မထားသည်မှာ သူက အစမှအဆုံးတိုင်အောင် သူမဘေးတွင် နေပေးခဲ့ပြီး၊ ဆရာတော် အကူအညီလိုသည့် နေရာတိုင်းတွင် သေချာပူးပေါင်းပါဝင်ပေးခဲ့သည်။
စောစောက ကြမ်းတမ်းပြီး ခြိမ်းခြောက်တတ်ကာ အေးစက်သော ယောကျ်ားက သူမ၏ စိတ်ကူးယဉ်မှုသက်သက်သာဖြစ်ခဲ့သည့်အလားပင်။
ရိုးရှင်းသော ဆုတောင်းပွဲ အခမ်းအနား ပြီးဆုံးသွားပြီးနောက်၊ ရွှယ်နင် ယူသွားနိုင်ရန်အတွက် ကွယ်လွန်သူ ကဗ္မည်းပြားသုံးခုကို သေတ္တာတစ်လုံးထဲ ထည့်ပေးရန် ဆရာတော်က တစ်စုံတစ်ဦးကို ညွှန်ကြားလိုက်သည်။
ဤကိစ္စ ပြီးစီးသွားသောအခါ ရွှယ်နင်၏ ရင်ထဲမှ အလုံးကြီး ကျသွားတော့၏။
ဆရာတော်အား နှုတ်ဆက်ပြီးနောက်၊ ရှဲ့နင်းထန်၏ ဒဏ်ရာများကို သူမ သတိရသွားသည်။
မည်သို့ပင်ဆိုစေကာမူ သူမက လူတစ်ယောက်ကိုတော့ အသေခံခိုင်း၍ မဖြစ်ပေ။
ဒီကိစ္စကို ဘယ်လို စကားစရမှန်းမသိသေးသဖြင့် သူမက ထိုအမျိုးသားအနားသို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လျှောက်သွားလိုက်သည်။
သူမ၏ အတွေးများကို မြင်နေသည့်အတိုင်း လီချန်ချဲ့က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"မင်းကို ဆေးကုသဆောင်ကို ကိုယ် လိုက်ပို့ပေးမယ်"
"အို... ကောင်းပါပြီ။"
ထိုအမျိုးသားက သူမကို မစောင့်တော့ဘဲ ရှေ့မှ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။
ရွှယ်နင်လည်း သူ့နောက်မှ ကပျာကယာ လိုက်သွားရသည်။
ဘယ်အချိန်ကတည်းက စတင်ရွာသွန်းနေမှန်း မသိသော်လည်း ခန်းမဆောင်၏ အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများ ကျဆင်းနေပြီဖြစ်သည်။
ရွှယ်နင်က သူ့ကို မိုးမစိုစေရန် ထီးတစ်ချောင်း ဖွင့်မိုးပေးထားသည်။
ကံမကောင်းစွာဖြင့် သူက အရပ်ရှည်လွန်းသလို လမ်းလျှောက်တာကလည်း မြန်လွန်း၏။
သူမက သူ့နောက်မှ ဖြည်းဖြည်းချင်းသာ လိုက်နိုင်တော့သည်။
ဆေးကုသဆောင်သို့ သူတို့ ရောက်ရှိချိန်တွင်တော့ သူမတစ်ကိုယ်လုံး နီးပါး စိုရွှဲနေခဲ့ပြီ။
ရှဲ့နင်းထန်သည် တရားအားထုတ်သည့် အခန်းထဲတွင် မလှုပ်မရှားနိုင်ဘဲ လဲလျောင်းနေဆဲဖြစ်သည်။
သူမ၏ နံရိုးအချို့ ကျိုးသွားသဖြင့် လတ်တလောတွင် ရွှေ့ပြောင်း၍ မရနိုင်သေးကြောင်း သိရသည်။ ကံကောင်းထောက်မစွာဖြင့် အသက်အန္တရာယ် မစိုးရိမ်ရသည့်အပြင် ကျောရိုးလည်း မထိခိုက်ထားသဖြင့် မသန်မစွမ်းတော့ ဖြစ်မသွားနိုင်ပေ။ သို့သော် "အရိုးအကြောဒဏ်ရာ ပျောက်ဖို့ ရက်တစ်ရာ" ဆိုသည့် စကားအတိုင်းပင်၊ အစောပိုင်းကာလများတွင် သူမအနေဖြင့် အိပ်ရာထဲ၌ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရန် လိုအပ်ပေမည်။
ရှဲ့နင်းထန်မှာ အိပ်ရာထဲလှဲကာ အဆက်မပြတ် ငိုကြွေးနေ၏။
လာမည့်လတွင် ကြင်ယာတော်ရှု၏ မွေးနေ့စားပွဲရှိကြောင်း၊ ထိုပွဲကို သူမ မလွတ်တမ်း သွားရမည်ဖြစ်ကြောင်း ပြောဆိုကာ သူမကို ကုသပေးရန် ဆရာတော်အား အသနားခံနေသည်။
ရွှယ်နင်သာ သူမကို မတွန်းချခဲ့လျှင် ဒီလိုမျိုး မခံစားထိုက်တဲ့ ကံဆိုးမှုမျိုး ကြုံရမည်မဟုတ်ဟုဆိုကာ ရွှယ်နင်ကိုလည်း အပြစ်ဖို့နေသေး၏။
သူမက သွယ်ဝိုက်၍ဖြစ်စေ၊ ပွင့်ပွင့်လင်းလင်းဖြစ်စေ သူမဘက်မှ ရပ်တည်ပေးရန် သခင်မကျန်းကို အပူကပ်နေသည်။