← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အပိုင်း (၂၈၂) - ဘယ်လိုလုပ် မယုံဘဲနေရမှာလဲ

စုကျန်းက မျက်နှာထား တင်းမာစွာဖြင့် ဘေးတွင်ရပ်ကာ ဆေးဆရာတော်နှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည်။

ရောင်ရမ်းနေသော နှုတ်ခမ်း၊ နီရဲနေသော မျက်လုံးများဖြင့် လျှောက်လာသော ရွှယ်နင်ကို မြင်လိုက်ရချိန်တွင် လီချန်ချဲ့ သူမကို ရိုက်နှက်လိုက်ပြီဆိုတာ ထင်ရှားနေသည်။ သူ့ရင်ထဲတွင် ဒေါသနှင့် နာကျင်ဝမ်းနည်းမှုတို့က ရှင်းပြမရအောင် ရောယှက်သွား၏။

သူမက စည်းကျော်ကာ ရှဲ့နင်းထန်ကို ဤမျှအထိ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာအောင် လုပ်ခဲ့သည့်အတွက် သူ ဒေါသထွက်မိသည်။

အခု သူမက ကျန်းကော်နယ်စားမင်းအိမ်တော်၏ သခင်မလေး ဖြစ်နေလျှင်တောင်မှ၊ မင်းသားရီ၏ သမီးကို ဒဏ်ရာရစေခဲ့မှုအတွက် ဖြေရှင်းချက်တစ်ခုတော့ ပေးရမယ်။

သူ့ကို နာကျင်စေဝာာက ငယ်စဉ်ကတည်းက သူ သူမကို လက်ဖျားနဲ့တောင် မတို့ရက်ခဲ့ခြင်းပင်။ လီချန်ချဲ့က သူ့ကိုယ်သူ ဘာကောင်မှတ်နေလို့ သူ့အကာအကွယ်အောက်က လူကို ရဲရဲတင်းတင်း ထိခိုက်ရဲရတာလဲ။

သခင်မကျန်းက ရှဲ့နင်းထန်၏ ခုတင်ဘေးတွင် စိုးရိမ်တကြီး ထိုင်နေသည်။ ရွှယ်နင်က ရှဲ့နင်းထန်ကို လှေကားပေါ်မှ တွန်းချခဲ့သည်ဟု ကြားလိုက်ရသောအခါ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။

"နင်နင်၊ အမေ့နောက် လိုက်ခဲ့"

ရွှယ်နင် ခေါင်းငုံ့ကာ သခင်မကျန်းနောက်သို့ လိုက်သွားသည်။

သူတို့ အခန်းထဲမှထွက်ကာ စင်္ကြံလမ်းဆီသို့ လျှောက်သွားကြသည်။

သခင်မကျန်းက အခန်းထဲတွင် မတ်မတ်ရပ်နေသော လီချန်ချဲ့ကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အသံကိုနှိမ့်၍ မေးလိုက်၏။

"ရှီဇီလီ မင်းကို ရိုက်လိုက်တာလား"

ရွှယ်နင် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး"

သခင်မကျန်းက သူမ၏ နှုတ်ခမ်းများကို ယုယစွာ ပွတ်သပ်ပေးလိုက်သည်။

"ဒါဆို သမီးက ဘာလို့ ငိုနေတာလဲ၊ ပြီးတော့ နှုတ်ခမ်းတွေကရော ဘာလို့ ပေါက်ပြဲနေရတာလဲ"

လီချန်ချဲ့ ကိုက်ထားတာပါဟု ရွှယ်နင် မပြောထွက်သဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ တိတ်ဆိတ်နေလိုက်သည်။

ယနေ့ကိစ္စ ဖြေရှင်းရန် ခက်ခဲကြောင်း နားလည်စွာဖြင့် သခင်မကျန်းက သက်ပြင်းချလိုက်သည်။

"နင်နင်၊ သမီးရဲ့ ယောင်းမက ဘယ်လောက်ပဲ အကြောင်းပြချက်မရှိ ဆိုးသွမ်းနေပါစေ၊ သူ(မ)အသက်အန္တရာယ်ကိုတော့ မခြိမ်းခြောက်သင့်ဘူးလေ။ အမေ သမီးကို အပြစ်တင်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ(မ)အဖေ မင်းသားရီက အာဏာကြီးတယ်။ အကယ်၍ သူ(မ)သာ အသက်ဆုံးရှုံးသွားခဲ့ရင် အမေရော ရွှမ်းယီနယ်စားမင်းအိမ်တော်ကပါ သမီးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သမီးကိုယ်သမီးအတွက်တောင် နောက်တစ်ခါဆို ပိုပြီး သတိထားရမယ်၊ ကြားလား"

ရွှယ်နင်က ပြန်ဖြေလိုက်သည်။

"သမီး နားလည်ပါတယ်။ အစကတော့ သမီး သူ(မ)ကို တွန်းချဖို့ မရည်ရွယ်ခဲ့ပါဘူး။"

သခင်မကျန်းက မေးလိုက်သည်။

"ဒါဆို သမီးက ဘာလို့ နှစ်ခါတောင် တွန်းချခဲ့ရတာလဲ"

ရွှယ်နင် ခဏရပ်သွားပြီးမှ ပြန်ဖြေလိုက်သည်။

"ပထမတစ်ခါက သူ(မ)ဘာသာ လိမ့်ကျသွားသလို ဟန်ဆောင်ခဲ့တာပါ။ ဒုတိယအကြိမ်ကျမှ သမီး သူ(မ)ကို တွန်းချခဲ့တာ။"

သခင်မကျန်း အံ့အားသင့်သွားပြီး သူမ၏ မျက်နှာအမူအရာမှာ သိမ်မွေ့ရှုပ်ထွေးသွားသည်။

"အမေ သမီးကို ယုံလား"

သခင်မကျန်းက ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ အမျိုးသမီး၏ တိုးညှင်းသနားဖွယ် ရှိုက်သံများကို ကြားနေရသည်။

ထို့ပြင် စုကျန်းကိုယ်တိုင်ကလည်း မျက်မြင်သက်သေ ဖြစ်နေ၏။

သခင်မကျန်း သူမကို ယုံကြည်မည်ဟု ရွှယ်နင် မမျှော်လင့်ထားပေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်သည်။

"မယုံလည်း ကိစ္စမရှိပါဘူး။ အကယ်၍ သူ(မ) သေသွားရင် သမီးအသက်နဲ့ ပြန်ပေးဆပ်ပါ့မယ်။ သူ(မ) မသန်မစွမ်းဖြစ်သွားရင်လည်း သူ(မ)တစ်သက်စာ သမီး ထောက်ပံ့ ကျွေးမွေးသွားပါ့မယ်။"

ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုး ဖြစ်တာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ။ သူမလည်း ကျင့်သားရနေပါပြီ။

ဘယ်သူတွေယုံယုံ မယုံယုံ အရေးမကြီးပါဘူး၊ သူမ လိပ်ပြာသန့်ဖို့ပဲ အရေးကြီးတယ်။

နောက်ဘာဆက်ဖြစ်မလဲ ဆိုတာကတော့—မင်းသားရီက သူ့သမီးအတွက် သူမရဲ့ အသက်ကို ပြန်တောင်းမလား၊ ဒါမှမဟုတ် အားချဲ့က သူမရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် သူမကို ကွာရှင်းမလား—ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဖြစ်လာတဲ့အပေါ် မူတည်ပြီး တစ်ဆင့်ချင်း ဖြေရှင်းသွားရုံပါပဲ။

သူမ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ရင်ဘတ်ထဲတွင် ပို၍မွန်းကြပ်ကာ နာကျင်လာသလို ခံစားလိုက်ရသည်။

"တခြားဘာမှမရှိတော့ဘူးဆိုရင် သမီးကို သွားခွင့်ပြုပါဦး။"

"နင်နင်"

သခင်မကျန်းက သူမကို တားလိုက်ပြီး သက်ပြင်းချလိုက်သည်။

"အမေက သမီးရဲ့ အမေလေ။ သမီးကို အမေက ဘယ်လိုလုပ် မယုံဘဲနေရမှာလဲ။"

ရွှယ်နင် လှည့်ကြည့်လိုက်ရာ သခင်မကျန်း၏ ကြင်နာယုယသော အကြည့်များနှင့် ဆုံတွေ့သွားသည်။ သူမ၏ မျက်ဝန်းများတွင် ရုတ်တရက် မျက်ရည်များ ပြည့်တက်လာ၏။

"အမေ သမီးကို ယုံတယ်ပေါ့"

"ယုံတာပေါ့။ သမီးကို အမေ ကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တာပဲ။ သမီးရဲ့ စိတ်နေသဘောထားကို အမေ ဘယ်လိုလုပ် မသိဘဲနေမလဲ"

သခင်မကျန်းက သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမ မျက်လုံးထောင့်မှ မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်သည်။ သူမမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။

"စောစောက အမေ အံ့သြသွားရုံတင်ပါ။ မင်းသမီးရှို့နင်းက ဒီလောက်တောင် အကွက်ချ တတ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး... ပွင့်ပွင့်လင်းလင်း ပြောရရင် သူ(မ)နဲ့ ကျန်းအာ ရဲ့ အိမ်ထောင်ရေးကို အမေ အစကတည်းက သဘောမတူခဲ့ပါဘူး။ သခင်မကြီးက အတင်းအကျပ် တောင်းဆိုနေလို့သာ အမေ မတတ်သာဘဲ သဘောတူခဲ့ရတာ။"

တစ်စုံတစ်ယောက်က သူမဘက်မှနေ၍ အခြေအနေမရွေး ရပ်တည်ပေးနေတာကြောင့်ပဲလား မသိ၊ ရွှယ်နင် ဝမ်းနည်းသွားကာ သခင်မကျန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။

"သူ(မ)က အရမ်းယုတ်မာတာပဲ!"

သခင်မကျန်းက မိန်းကလေး၏ ကျောပြင်ကို ပုတ်ပေးလိုက်သည်။

"ကဲပါ... ကဲပါ... အမေ နားလည်ပါတယ်။ မင်းသားရီနဲ့ သမီးကိုယ်စား အမေ စကားပြောပေးပါ့မယ်။"

ရွှယ်နင်၏ မျက်လုံးများက နီရဲနေဆဲဖြစ်ပြီး မျက်ရည်များ ကျဆင်းနေသည်။

"သူ(မ)က ခွင့်လွှတ်လို့မရတဲ့ လူယုတ်မာမကြီးပါ အမေ။ အမေ သူ(မ)အလိမ်အညာတွေကြားမှာ မမိစေနဲ့နော်။"

ယခင်က ယုံကျိုးရှိ အိမ်တော်ဟောင်းသို့ စေလွှတ်ခံရသော အထိန်းတော်ကြီးများထဲတွင် တာဝန်ခံမှာ ရှဲ့နင်းထန်ကို ပုံမှန် အလုပ်အကျွေးပြုနေကျသူဖြစ်သည်။ ထိုသူက မင်းသမီးရှို့နင်း၏ လက်အောက်ငယ်သားဖြစ်ကြောင်း သူမ သိသလို၊ စုကျန်းကလည်း ဤကိစ္စကို နှုတ်ဆိတ်၍ ခွင့်ပြုထားခဲ့မှန်း သူမ သိသည်။ မြို့တော်တွင် ဩဇာအာဏာကြီးမားသော အမတ်ချုပ်မှာ စုကျန်းဖြစ်ပြီး သူလက်ထပ်ရမည့် သတို့သမီးက ရှဲ့နင်းထန် ဖြစ်နေခဲ့သည်။

ရှဲ့နင်းထန်က အိမ်တော်အတွင်းရေးကို ချုပ်ကိုင်ထားရာ သူမကို သတ်ရန်မှာ လက်ဖဝါးလှန်လိုက်သလို လွယ်ကူနေခဲ့သည်။ ထိုအချိန်ကတည်းက သူမ ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်ပြီး သူမ၏ ဝမ်းနည်းပူဆွေးမှုများက နက်ရှိုင်းလွန်းလှသဖြင့် နှလုံးသားတစ်ခုလုံး သေဆုံးသွားသလို ခံစားခဲ့ရသည်။

သူမ သေဆုံးရခြင်း၏ နောက်ကွယ်မှ တကယ့်တရားခံ ဘယ်သူလဲဆိုတာကို သူမ သေသေချာချာ မစဉ်းစားခဲ့မိပေ။ စုကျန်းနှင့် ရှဲ့နင်းထန်တို့၏ ပျော်ရွှင်စရာ ဘဝလေးကို သူမကြောင့် ဖျက်ဆီးမိသွားသည်ဟုသာ ခံစားခဲ့ရသည်။

ထို့ကြောင့် ပြန်လည်မွေးဖွားလာပြီးနောက်တွင် ရှဲ့နင်းထန်ကို ရန်သူဖွဲ့ရန် မတွေးခဲ့မိပေ။

ရှဲ့နင်းထန်နှင့် စုကျန်းတို့ ချစ်ချစ်ခင်ခင်ဖြင့် အတူတူ အိုမင်းသွားကြရန်ပင် ဆုတောင်းပေးခဲ့သေး၏။ သို့သော် နောက်ပိုင်းတွင် ရှဲ့နင်းထန်က သူမကို အကြိမ်ကြိမ် ချောက်ချပြီး ထပ်ခါတလဲလဲ ရန်စလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမမှာလည်း ဒေါသဆိုတာ ရှိတယ်။ ရှဲ့နင်းထန်ကသာ စည်းကျော်လာမည်ဆိုလျှင် အသက်နှင့် ရင်းရမည်ဆိုလျှင်တောင် သူမ ပြန်ချမည်သာ။

ဤတစ်ကြိမ်ကတော့ သင်ခန်းစာတစ်ခုပင်။ ထို့ကြောင့် သူမဘက်က မှားသည်ဟု မခံစားရပေ။

"အမေ သိပါတယ်၊ နင်နင်က ငယ်ငယ်ကတည်းက စိတ်ထားကောင်းတဲ့ ကလေးလေးဆိုတာ။ တစ်ယောက်ယောက်က မျက်နှာချင်းဆိုင်လာပြီး အနိုင်မကျင့်သရွေ့ သူ(မ)က အရင်စပြီး သူများတွေကို နာကျင်အောင် လုပ်မှာမဟုတ်ဘူး"

သခင်မကျန်း၏ အသံက ပို၍ နူးညံ့သွားသည်။

"ဒါပေမဲ့ နင်နင် အရမ်းခေါင်းမမာရဘူးနော်။ အပြင်လူတစ်ယောက်အတွက်နဲ့ ကိုယ့်ခင်ပွန်းနဲ့ အက်ကြောင်းမထင်စေနဲ့။ သမီးက ရှို့နင်းကိုပဲ ဒီလို ဆက်ပြီး ပစ်မှတ်ထားနေမယ်ဆိုရင် မြင်တဲ့သူတိုင်းက သမီး ကျန်းအာကို မမေ့နိုင်သေးဘူးလို့ ထင်ကြလိမ့်မယ်။ ရှီဇီလီက သဘောထားကြီးတယ်ဆိုပေမဲ့ သူက သမီးရဲ့ ခင်ပွန်းလေ။ သူ သဝန်တိုပြီး သမီးနဲ့ ရန်ဖြစ်ရင် သမီး တကယ်ပဲ သူ့ကို ကွာရှင်းပစ်မှာလား။"

ရွှယ်နင် ဆို့နင့်သွားသည်။

"သမီး အဲဒီလို မတွေးခဲ့ပါဘူး..."

တကယ်တော့ တကယ့် လင်မယားတွေ ဘယ်လို ဆက်ဆံရမလဲဆိုတာကို သူမ မသိခဲ့ပေ။ ငယ်စဉ်က သူမ မိဘများလည်း ရန်ဖြစ်ကြတယ်ဆိုတာကိုပဲ မှတ်မိသည်။ သို့သော် သူမ ဖခင်က မိခင်ကို အမြန် ပြန်ချော့လေ့ရှိ၏။

သူမ၏ မှတ်ဉာဏ်များထဲတွင် မိခင်နှင့် ဖခင်၏ ဆက်ဆံရေးမှာ ချစ်တစ်လှည့် မုန်းတစ်လှည့်ပင်။ သူတို့ အချင်းချင်း စကားများရန်ဖြစ်တတ်ကြသော်လည်း၊ ယနေ့ အားချဲ့ ဒေါသထွက်သလောက်တော့ ဘယ်တုန်းကမှ မကြောက်စရာကောင်းခဲ့ပေ။

"နောက်ကျရင် ရှီဇီလီကို သေချာ ရှင်းပြလိုက်ဦးနော်၊ ကြားလား"

ရွှယ်နင် မျက်ဝန်းထောင့်များ နီရဲနေဆဲဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့ အမေ၊ သမီး နားလည်ပါတယ်"

ကံကောင်းထောက်မစွာပင် ရှဲ့နင်းထန်၏ ဒဏ်ရာက သိပ်မပြင်းထန်ပေ။ သခင်မကျန်းက ရွှယ်နင်၏ ကိုယ်စား စကားအနည်းငယ် ဝင်ပြောပေးခဲ့သည်။

ကြောက်မက်ဖွယ် နတ်ဘုရားတစ်ပါးလို လီချန်ချဲ့က အနားမှာ ရပ်နေတော့ ရှဲ့နင်းထန် ဘာမှ ထပ်မပြောရဲတော့ချေ။

သူမက သနားစရာကောင်းအောင် ဟန်ဆောင်ပြီး နစ်နာသူတစ်ယောက်လို နေပြသော်လည်း၊ ထိုအမျိုးသားကတော့ ကိုယ်ချင်းစာသည့် အရိပ်အယောင်လေးမျှပင် မပြခဲ့ပေ။

ချောမောပြီး အေးစက်ကာ အိန္ဒြေကြီးသော သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်သော ကြီးမြတ်သည့် ဩဇာအာဏာများ အပြည့်ရှိနေပြီး သနားညှာတာမှု အရိပ်အယောင် လုံးဝ မရှိပေ။

သူမက မင်းသားရီ၏ တင်းကျပ်သော အာဏာအောက်တွင် ကြီးပြင်းလာခဲ့သူဖြစ်သော်လည်း၊ ယခုအချိန်ကဲ့သို့ ယောကျ်ားတစ်ယောက်၏ အငွေ့အသက်ကြောင့် ဖိနှိပ်ခံရသလိုမျိုး တစ်ခါမှ မခံစားခဲ့ရဖူးပေ။ ထို့ကြောင့် ခဏလောက် ဝမ်းနည်းပက်လက် ငိုကြွေးပြီးနောက် ထိုအမျိုးသားက အေးစက်ပြီး ဂရုမစိုက်ဘဲ နေနေဆဲဖြစ်တာကို မြင်သောအခါ၊ သူမ ထပ်ပြီး ရှိုက်ကြီးတငင်ပင် မငိုရဲတော့ချေ။

ရွှယ်နင်က သခင်မကျန်းနောက်မှလိုက်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

စုကျန်းက သူမ၏ နီရဲနေသော လက်ကောက်ဝတ်ကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်ကာ သူမ၏ လက်သေးသေးလေးကို ဖမ်းဆုပ်ကြည့်ရှုရန် သူ့လက်ကြီးဖြင့် လှမ်းလိုက်သည်။ သို့သော် လီချန်ချဲ့က လက်ကာ၍ တားဆီးလိုက်၏။

"အချိန်လည်း နောက်ကျနေပြီ။ တောင်အောက် ဆင်းသင့်ပြီ။ မင်းသမီးရှို့နင်းရဲ့ ဒဏ်ရာရတဲ့ ကိစ္စကို ဖြေရှင်းဖို့ ဖူရှန်းကို ချန်ထားခဲ့မယ်။ မင်းသားရီရဲ့ မေးမြန်းမှုကိုတော့ ကျွန်တော်ကိုယ်တိုင် သွားရှင်းပြပေးပါ့မယ်"

ရွှယ်နင် ဆွံ့အသွားပြီး၊ သူမ၏ ဖြူဝင်းကာ ပန်းသွေးရောင်သန်းနေသော မျက်နှာလေးပေါ်တွင် အံ့အားသင့်မှုများ အပြည့်ဖြစ်နေသည်။

စုကျန်း၏ မျက်နှာက မှောင်မိုက်သွားပြီး နှုတ်ခမ်းကို အနည်းငယ် တင်းတင်းစေ့လိုက်သည်။ ရွှယ်နင်ကို သူ ကြည့်နေသည့် အကြည့်များက ယခင်အတိုင်းပင်— အေးစက်ပြီး လှမ်းမမီနိုင်အောင် ဝေးကွာနေဆဲပင်။

လီချန်ချဲ့က တစ်လက်မလေးတောင် အလျှော့မပေးခဲ့ပေ။

သူက ကြောင်အမ်းအမ်းဖြစ်နေသော ရွှယ်နင်ကို သူ့ကျောဘက်သို့ ဆွဲယူထားလိုက်ရုံသာဖြစ်သည်။

"ရှီဇီစု... ထပ်ပြောစရာ တစ်ခုခု ရှိသေးလို့လား"

စုကျန်း ဘာများ ပြောနိုင်မှာလဲ။ ဒီနေ့ ရွှယ်နင်၏ သနားစရာ အခြေအနေကို သူ သနားမိသွားပြီး၊ ခဏတာ ကရုဏာသက်မှုကြောင့် သူမကို ဂရုစိုက်မှုအချို့ ပြသချင်ခဲ့ရုံပဲ။ သူမက သူ့စေတနာကို ငြင်းပယ်မှတော့ သူမအတွက် သူ ထပ်ပြီး သနားနေတော့မှာ မဟုတ်ဘူး။

စုကျန်း၏ လေသံက တစ်ဖန်ပြန်လည် အေးစက်သွားပြီး၊ သူ့မျက်ဝန်းများထဲတွင် ယခင်ကလိုပင် ရွံရှာမှုများ ပြည့်နှက်နေပြန်သည်။

"ဘာမှမရှိပါဘူး"

"ဒါဆိုလည်း သွားကြတာပေါ့"

လီချန်ချဲ့က ရွှယ်နင်၏ ခါးကို ဖက်ကာ သူမကို အပြင်သို့ ခေါ်ဆောင်သွားပြီး လမ်းတစ်လျှောက်လုံး သူ့မျက်နှာအမူအရာကို ဖတ်လို့မရနိုင်အောင် ရှိနေလေသည်။

All Chapters