အခန်း ၂၈၆
Vol. 29 Ch. 286
အခန်း (၂၈၆) - ကလေးယူရန် အစီအစဉ်မရှိပါ
ယမန်နေ့ညက သန်းခေါင်တိုင်အောင် လှုပ်ရှားခဲ့ရသဖြင့် ရွှယ်နင် ကောင်းကောင်း မနိုးသေးချေ။
သူမ၏ စိတ်များ ဝေဝါးနေဆဲဖြစ်သော်လည်း ထိုအမျိုးသားက စစ်ဝန်ကြီးဌာနသို့ သွားမည်ဟု ပြောတာကို ကြားလိုက်ရသောအခါ တစ်စုံတစ်ခုက သူမ၏ အတွေးထဲ၌ ရေးရေးလေး ဖြတ်ပြေးသွားသည်။
သို့သော်လည်း လီချန်ချဲ့၏ နွေးထွေးကာ ကြာရှည်သော အနမ်းများက သူမ၏ တွေးတောနိုင်စွမ်းကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်သည်။
သူမ၏ နူးညံ့သောလျှာလေးမှာ သူ၏ စုပ်ယူမှုကြောင့် ထုံကျင်လုနီးပါး ဖြစ်သွား၏။
သူမက မျက်နှာနီရဲစွာဖြင့် အသက်ရှုမဝလျက် သူ့ကို တွန်းဖယ်လိုက်သည်။
"အို ဖူကျွင်း... အမြန်သွားပါတော့"
သူ သူမကို စတင်နမ်းရှိုက်လိုက်သည်နှင့် အဆုံးသတ်တော့မည် မထင်ရပေ။
သူမ၏ အနမ်းစွမ်းရည်များ အတော်လေး တိုးတက်လာခဲ့ပေမယ့် သူ့တောင်းဆိုမှုများကို သူမ မခံနိုင်သေးဘူး မဟုတ်လား။
အား... သူမ လွန်ကျူးနေမိပြီလား ဒါမှမဟုတ် နောက်တစ်ခါ မလွန်ကျူးခင် ခဏနားသင့်သလား သူမ မသိတော့ချေ။
သူတို့၏ မကြာခဏ လင်မယားကိစ္စများကြောင့် မကြာသေးမီက သူမ၏ ဓမ္မတာလာခြင်းကို ပုံမှန်မဖြစ်စေခဲ့ပေ။
လီချန်ချဲ့က မိန်းကလေး၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်လိုက်ပြီး သူမ၏ ခါးမှ အသားနုနုလေးကို ဆွဲညှစ်ကာ ပြောလိုက်သည်။
"ကိုယ် သွားတော့မယ်။ ဒီနေ့ မင်းအစ်ကိုရဲ့ မင်္ဂလာကိစ္စဆွေးနွေးဖို့ ဝေ့မိသားစုဆီ သွားမှာမဟုတ်ဘူးလား။ ကိုယ် စောစောပြန်ရောက်ရင် ဝေ့မိသားစုဆီကနေ မင်းကို လာကြိုမယ်"
"ဝေ့မိသားစု" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ရွှယ်နင် အနည်းငယ် ပို၍ နိုးကြားလာသည်။ သူမက အိပ်ချင်မူးတူးဖြင့် ထိုအမျိုးသားကို ကြည့်လိုက်သည်။
သူ့တွင် မြင့်မားသော မျက်ခုံးများနှင့် ချိုင့်ဝင်နေသော မျက်လုံးများရှိပြီး ဆံပင်များကို သေသပ်စွာ ဖြီးသင်ကာ ကျောက်စိမ်းသရဖူဖြင့် စည်းနှောင်ထားသည်။
အပြာရင့်ရောင် ကော်လာအဝိုင်းပါသော တရားဝင်အမတ်ဝတ်စုံက သူ၏ သဘာဝအတိုင်း ချောမောသော မျက်နှာကို ပို၍ တက်ကြွပြီး ခန့်ညားထည်ဝါပုံပေါက်စေ၏။
သူက သူမ၏ ခင်ပွန်းဖြစ်နေတာ အံ့သြစရာမရှိပေ၊ သူ၏ရာထူးတိုးခြင်းက အလွန်လျင်မြန်ခဲ့သည်။
လီချန်ချဲ့က အချစ်ရေး ခံစားချက်များတွင် အလွန်အမင်း နစ်မွန်းတတ်သူမျိုး မဟုတ်ပေ။
ရွှယ်နင့်အပေါ်တွင်သာ သူက ဒီလိုမျိုး နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုနှင့် အလိုလိုက်မှုတို့ကို ပြသခဲ့ခြင်းပင်။
ထူးဆန်းဝာာ တစ်ချိန်က ကိလေသာကင်းစင်ခဲ့သော ဤအမျိုးသားက ယခုအခါ ဤမိန်းမပျိုလေးကို သူ၏ အရိုးများထဲအထိ ပေါင်းစပ်ကာ အချိန်တိုင်း သူ့ဘေးတွင်ထားချင်နေသကဲ့သို့ ရောင့်ရဲနိုင်ပုံမပေါ်တော့ချေ။
လူတိုင်းမှာ ဖူးစာရှင်ကိုယ်စီရှိတယ်လို့ ပြောကြတယ်။ ဖြစ်နိုင်တာ သူ့ရဲ့ နင်နင်က သူ့အပိုင်ဖြစ်ဖို့အတွက် သီးသန့် ရည်ရွယ်ထားတာ ဖြစ်လိမ့်မယ်။
လီချန်ချဲ့၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီးနောက် အခန်းထဲမှ ထွက်ခွာသွားသည်။
သူ ထွက်သွားပြီးနောက် ရွှယ်နင်က စောင်အောက်သို့ ပြန်ဝင်ကာ ခဏခန့် ဆက်အိပ်လိုက်သည်။
လုစစ်လင်၏ မင်္ဂလာကိစ္စကို တွေးကြည့်ရာတွင် သခင်မလင်က ရှင်းလင်းသော အဖြေပေးရန် ငြင်းဆန်နေဆဲပင်။ သခင်မလင်က အစောပိုင်းက စုယွီရှေ့တွင် သဘောတူခဲ့သော်လည်း နောက်ပိုင်းတွင် ယန်ယန် ငယ်ရွယ်သေးကြောင်းနှင့် နှစ်အနည်းငယ်ကြာမှ မင်္ဂလာကိစ္စ ဆွေးနွေးခြင်းက ပိုကောင်းမည်ဟုဆိုကာ စကားပြန်ရုပ်သိမ်းခဲ့၏။
ဤသည်မှာ လုမိသားစုနှင့် မင်္ဂလာမဆက်ချင်ကြောင်း ရှင်းလင်းနေပြီး လူတိုင်း ထိုကိစ္စကို မေ့သွားသည်အထိ အချိန်ဆွဲရန် ဆင်ခြေများပေးနေခြင်းသာ။ ထိုသို့မေ့သွားပြီးနောက်မှ ယန်ယန်အတွက် အခြားအိမ်ထောင်ဖက်တစ်ယောက်ကို သူမ ရှာဖွေပေးမှာ ဖြစ်သည်။
ဤအကြောင်းကို တွေးမိသောအခါ ရွှယ်နင် ပြန်အိပ်၍ မရတော့ပေ။
မျက်လုံးများကို ပွတ်သပ်လျက် သူမ ထလာပြီး ကုတင်ခန်းဆီးများကို ဖွင့်ကာ ကုတင်ဘေးရှိ ခေါင်းလောင်းကို ဆွဲလိုက်သည်။
ပေါင်ချန်နှင့် ချွန်းချီတို့က ရေနွေးနှင့် တဘက်များကို ယူဆောင်လာရင်း တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်ကြသည်။
"သခင်မလေး... နိုးပြီလား"
မျက်နှာသစ်၊ ပလုတ်ကျင်းပြီးနောက် ရွှယ်နင်သည် မှန်တင်ခုံရှေ့တွင် မတ်မတ်ထိုင်လိုက်၏။
ပေါင်ချန်က သူမ၏ ဆံပင်ကို ပြင်ဆင်ပေးရင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောလာသည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက ကျန့်ကော်ဘုရားကျောင်းကနေ ပြန်လာတာ မှတ်မိသေးလားဟင်။ အခု အပြင်မှာ ကောလာဟလတွေ ထွက်နေတယ်... ကျန့်ကော်ဘုရားကျောင်းမှာ ရှီဇီစုကြောင့် သခင်မလေးက မင်းသမီးရှို့နင်းနဲ့ ရန်ဖြစ်ခဲ့ပြီး မင်းသမီးရှို့နင်းက အရှုံးပေးလိုက်ရတယ်၊ သခင်မလေးရဲ့ အပြင်းအထန် အရိုက်ခံလိုက်ရတယ်တဲ့။ အဲဒါပြီးတော့ သခင်မလေးကို အပြစ်ပေးတဲ့အနေနဲ့ ကျွန်မတို့ရှီဇီက မြို့ထဲအထိ ပြန်တဲ့တစ်လမ်းလုံး ရထားလုံးထဲမှာ ဒူးထောက်ခိုင်းလို့ တစ်လမ်းလုံး ငိုလာရတယ်လို့ ပြောနေကြတယ်"
ချွန်းချီက တဘက်ကို စင်ပေါ်တွင် လှမ်းရင်း ပြောလိုက်သည်။
"တကယ် ရယ်စရာပဲ။ ရှီဇီက သခင်မလေးကို ဘယ်လိုလုပ် ဒူးထောက်ခိုင်းမှာလဲ"
ပေါင်ချန်က နှုတ်ခမ်းကို မဲ့လိုက်သည်။
"ဟုတ်ပ။ အဲဒီလူတွေက ကျွန်မတို့သခင်မလေး အလိုလိုက်ခံရတာကို မနာလိုဖြစ်ပြီးတော့ မနာလိုစိတ်နဲ့ ဇာတ်လမ်းတွေ လျှောက်လုပ်နေကြတာ"
ချွန်းချီက ဆက်ပြောသည်။
"ဒါပေမဲ့ အဲဒီနေ့က တကယ်ပဲ ငိုသံကြားရတယ် သခင်မလေး။ အဲဒါ သခင်မလေးလားဟင်"
ရွှယ်နင်၏ နှုတ်ခမ်းထောင့်များ တွန့်သွားပြီး သူမ၏ နားရွက်လေးများ နီရဲသွားခဲ့သည်။
သူမ ခဏလောက် ဒူးထောက်ခဲ့ရတာ မှန်ပေမယ့် ထိုကဲ့သို့သော ပုံစံမျိုး မဟုတ်ပေ။
ဒါတင်မကဘဲ အကြာကြီးလည်း ငိုခဲ့ရတယ်။ သို့သော် အပြစ်ပေးခံရခြင်းကြောင့် မဟုတ်ချေ။
အဟမ်း... ဒီလိုမျိုး သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တဲ့ တစ်စုံတစ်ယောက်ကြောင့်သာ ဖြစ်ပြီး သူမမှာ သေသေချာချာပင် ရှင်းမပြနိုင်တော့ပေ။
"ဒီကောလာဟလက ဘယ်လိုလုပ်ပြီး ပျံ့သွားရတာလဲ"
သူမက နီရဲသော နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်ရင်း သူမ၏ နက်မှောင်တောက်ပသော မျက်လုံးများကို ဝေ့ဝဲလိုက်သည်။
"ကြားသမျှ အကုန်လုံးကို ယုံလို့မရဘူး၊ အဲဒါကြောင့် လျှောက်ပြီး စပ်စုမနေကြနဲ့။ အားချဲ့က မင်းသမီးရှို့နင်းကြောင့် ငါ့ကို အပြစ်ပေးခဲ့တာ လုံးဝမဟုတ်ဘူး။ ငါတို့ လင်မယားကြားက ဆက်ဆံရေးက အကောင်းကြီးရှိသေးတယ်"
"ရှီဇီက သခင်မလေးကို မနှိပ်စက်ဘူးဆိုတာ ကျွန်မ သဘာဝကျကျ ယုံကြည်ပါတယ် သခင်မလေး။ ရယ်စရာကောင်းလို့ ပြောပြတာပါ။"
ပေါင်ချန်သည် သူမ၏ ကျွမ်းကျင်သော လက်ချောင်းများဖြင့် ရွှယ်နင်၏ မျက်နှာနီမြန်းနေမှုကို လျစ်လျူရှုကာ ဆံထုံးကို လျင်မြန်စွာ အဆုံးသတ်လိုက်သည်။
"သခင်မလေး... ကြည့်ပါဦး။ ဒီနေ့ ဘယ်ရတနာအဆင်တန်ဆာကို ဝတ်ဆင်မလဲဟင်"
ရွှယ်နင်က သေတ္တာထဲရှိ လိပ်ပြာနှင့် ပန်းပွင့်ပုံစံ ဆံထိုးအစုံကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။
"ဒီတစ်ခုဆို ရပြီ"
အနည်းငယ် ပြင်ဆင်ပြီးနောက် ရွှယ်နင် ထွက်ခွာခဲ့သည်။
ပထမဦးစွာ လုမိသားစုထံသို့ သွားပြီးနောက် ယန်ရှီ၊ လုစစ်လင်တို့နှင့်အတူ ဝေ့မိသားစုထံသို့ ဆက်သွားကြသည်။
ယန်ရှီနှင့် မတွေ့ရသည်မှာ ကြာပြီ။ ဆုံဆုံချင်းပင် ယန်ရှီက ရွှယ်နင်ကို ပွေ့ဖက်လိုက်သည်။
"ကြည့်စမ်း... မတွေ့ရတာ မကြာသေးဘူး၊ နင်နင့်ရဲ့ အသားအရည်က ပိုလို့တောင် ကောင်းလာပြီပဲ။ သေသေချာချာ စောင့်ရှောက်ခံထားရတာ ထင်ရှားတာပဲ။ ရှီဇီလီက နင်နင့်ကို ကောင်းတာတွေ အများကြီး ကျွေးထားပုံရတယ်။ ဒီနူးညံ့ပြီး ပြည့်ဖြိုးနေတဲ့ ပါးလေးကို ကြည့်စမ်း... ကိုင်လို့ သိပ်ကောင်းတာပဲ"
"အာ... အဒေါ်... အစ်ကိုလု၊ ညီမကို ကူပါဦး"
"ငါလည်း ဒါကို မကူညီနိုင်ဘူး။ မင်းတို့ မိန်းကလေးတွေက ရထားလုံးစီးကြ၊ ငါကတော့ မြင်းစီးမယ်"
လုစစ်လင်က လက်ပိုက်လျက် ဘေးတွင်ရပ်ကာ ဘာကိုမျှ စိတ်မဝင်စားဟန်ဖြင့် ဘေးကျပ်နံကျပ်ဖြစ်နေဝာာကို ကြည့်ကောင်းကောင်းနှင့် ကြည့်နေသည်။
ရက်ပိုင်းအတွင်းမှာပင် တစ်ခါက တက်ကြွဖျတ်လတ်ခဲ့သော လူငယ်လေးက သိသိသာသာ ပိန်ကျသွားခဲ့၏။
သို့သော် သူ့မျက်လုံးများက တောက်ပဖျတ်လတ်နေဆဲဖြစ်သော်လည်း ယခုအခါတွင်မူ ဖုံးကွယ်မရသော စိတ်မကောင်းဖြစ်မှု အရိပ်များ ထင်ဟပ်နေသည်။
"ခဏနေ ဝေ့မိသားစုဆီ ရောက်ရင် အစ်ကို စကားနည်းနည်းပြောပြီး အလုပ်များများလုပ်။ သခင်မလင် စိတ်ဆိုးစေမယ့် စကားမျိုး မပြောမိအောင် သတိထား၊ ကြားလား"
ရွှယ်နင်က သူ့ကို သတိပေးလိုက်သည်။
လုစစ်လင်က အသိအမှတ်ပြုသည့်အနေဖြင့် နှာခေါင်းကို ပွတ်သပ်ရင်း ညည်းတွားလိုက်ပြီး မြင်းပေါ်သို့ တက်လိုက်သည်။
ဖန့်လိုမှ ဖြစ်ရပ်ကို ကြားသိထားသော ယန်ရှီက ရွှယ်နင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမ၏ လက်ကို ဆုပ်ကိုင်ရင်း တိုးတိုးလေး မေးလာသည်။
"နင်နင်... ရှီဇီလီနဲ့ လက်ထပ်တာ တစ်လနီးပါး ရှိပြီမလား။ သမီးတို့ လင်မယားအရာ မြောက်ကြပြီလား"
ရွှယ်နင် မျက်နှာနီမြန်းသွားကာ ယန်ရှီ၏ လက်မောင်းကို ချိတ်လျက် ရထားလုံးပေါ်သို့ အတူတူ တက်လိုက်ပြီး သူမ၏ ပုခုံးကို မှီလိုက်သည်။
"အင်း..."
" 'အင်း' ဆိုတာက ဘာအဓိပ္ပာယ်လဲ"
ယန်ရှီက ဆက်လက် ဖိအားပေးမေးမြန်းလိုက်သည်။
အနည်းငယ် ရှက်သွေးဖြာသွားကာ ရွှယ်နင်၏ ပါးပြင်နှစ်ဖက်ထက်တွင် သိမ်မွေ့သော ပန်းသွေးရောင်များ ဖြန့်ကျက်သွားသည်။
"ဆိုလိုတာက သမီးတို့ အတူတူနေပြီးပြီလို့ ပြောတာပါ"
ယန်ရှီ စိတ်သက်သာရာရသွားကာ ပြုံးလိုက်ပြီးနောက် ရွှယ်နင်၏ ပြားချပ်နေသော ဝမ်းဗိုက်လေးကို ကြည့်လျက် ကြင်နာစွာ မေးလိုက်သည်။
"ဒါနဲ့ နင်နင့်ဗိုက်ထဲမှာ လှုပ်ရှားမှုလေးများ ရှိနေပြီလား"
"မရှိသေးပါဘူး"
ရွှယ်နင်က ပျင်းရိပျင်းတွဲ သမ်းဝေလိုက်ပြီး သူမ၏ အသံလေးက နူးညံ့နေသည်။
"အားချဲ့နဲ့ သမီးက လောလောဆယ် ကလေးယူဖို့ အစီအစဉ် မရှိသေးဘူး"
ယန်ရှီသည် ရွှယ်နင်အတွက် အဘက်ဘက်မှ စိုးရိမ်ပူပန်နေပြီး ခင်ပွန်းဖြစ်သူ၏ မျက်နှာသာပေးမှုကို မရရှိမည်ကို သို့မဟုတ် ကျန်းကော်နယ်စားမင်းအိမ်တော်တွင် နေရာတစ်နေရာ မရရှိမည်ကို ကြောက်ရွံ့နေခဲ့သည်။ ဖန့်လိုမှ ဖြစ်ရပ်အပြီးတွင် သူမက ကျန်းကော်နယ်စားမင်းအိမ်တော်သို့ သွားရောက်လည်ပတ်ရန် စဉ်းစားခဲ့သော်လည်း ထိုကဲ့သို့ အဆင့်အတန်းမြင့်မားသော အိမ်တော်မျိုးက သူမသဘောကျ အလွယ်တကူ သွားရောက်လည်ပတ်၍ရသော နေရာမျိုးမဟုတ်တာကြောင့် ထိုကိစ္စကို အချိန်ဆွဲထားခဲ့ရသည်။
"ရှီဇီလီက ပင်မအိမ်တော်ခွဲရဲ့ အကြီးဆုံးတရားဝင်သားလေ။ ကလေးမရှိတာက လက်ခံနိုင်စရာ မရှိဘူးဖြစ်နေလိမ့်မယ်"
ရွှယ်နင်က စိတ်အေးစေရန် ပြုံးပြလိုက်သည်။
"သမီးတို့ မယူဘူးလို့ ပြောတာမဟုတ်ပါဘူး။ နှစ်အနည်းငယ်လောက် စောင့်ဦးမလို့ပါ"
ယန်ရှီက မေးလိုက်သည်။
"ဒါဆို နယ်စားမင်းလီကရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောဘူးလား"
ရွှယ်နင်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားသည်။
"ယောက္ခထီးကြီးက သမီးအပေါ် ကောင်းပါတယ်။ သူ ဘာမှမပြောပါဘူး။ သမီးတို့ လင်မယားအရာမြောက်ပြီးတော့ သူက သမီးကို ရွှေတစ်သေတ္တာတောင် ပို့ပေးသေးတယ်"
ယန်ရှီက အံ့ဩတကြီးဖြင့် စုပ်သပ်လိုက်သည်။
"တကယ်ပဲ လီလင်းဖုန်းနဲ့ ထိုက်တန်ပါပေတယ်... အရမ်းရက်ရောတာပဲ။ ဒါပေမဲ့ အဲဒီ ကိုယ်ဝန်တားဆေးတွေက သဘာဝအရ အရမ်းအေးတဲ့သတ္တိရှိတယ်။ မိန်းမတွေက အဲ့ဒါတွေကို အများကြီး မသောက်သင့်ဘူး။ အဲဒီလိုသောက်ရင် နောက်ပိုင်း ကလေးရဖို့ ခက်ခဲသွားလိမ့်မယ်"
"စိတ်မပူပါနဲ့ အဒေါ်။ သမီး သိပါတယ်။ သမီးတို့ အဲဒါတွေကို ခဏခဏ မသောက်ပါဘူး..."
"ခဏခဏ မဟုတ်ဘူး" ဟူသော စကားကို ကြားလိုက်ရသောအခါ ယန်ရှီမှာ တစ်ဖန် စိုးရိမ်သွားပြန်သည်။
လက်ထပ်ခါစ၊ ၎င်းအပြင် ငယ်ရွယ်သော ဇနီးမောင်နှံဖြစ်ပါလျက်... ဘယ်လိုလုပ် "ခဏခဏ မဟုတ်ရတာ" လဲ။
နောင်လာမည့် ဆယ်စုနှစ်များကို ဘယ်လိုများ ဖြတ်သန်းကြမလဲ။