← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း (၂၈၇) - သခင်မလင် စကားကို ပြန်ရုပ်သိမ်းခြင်း

သူမကိုယ်တိုင် လင်မယားချစ်ခင်ကြင်နာမှုကို မခံစားဖူးသော်လည်း စစ်သူကြီးနှင့် သူ့ဇနီးတို့ တစ်ချိန်က ပျားရည်ကဲ့သို့ ခွဲခြား၍မရနိုင်လောက်အောင် နက်နက်ရှိုင်းရှိုင်း ချစ်ခင်ခဲ့ကြဝာာကို သူမ သိထားသည်။

"အို... အဒေါ်..."

ရွှယ်နင်၏ မျက်နှာလေးမှာ ပို၍ပင် နီရဲသွားသည်။

"စိတ်မပူပါနဲ့၊ သမီး ဘာလုပ်နေလဲဆိုတာ သမီးသိပါတယ်။"

လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ရွှယ်နင် အတော်လေး ပင်ပန်းနေခဲ့သည်။ ရထားလုံးက ညင်သာစွာ ယိမ်းထိုးနေပြီး သူမက ယန်ရှီ၏ ပုခုံးကို မှီကာ အိပ်ပျော်သွားနိုင်သည်။

ယန်ရှီက ရွှယ်နင်၏ နူးညံ့သော လက်ဖဝါးလေးကို ပွတ်သပ်ပေးပြီး သူမ၏ နဖူးကို စမ်းကြည့်လိုက်သည်။

"နင်နင်... ဘာလို့ ဒီလောက် နုံးခွေနေရတာလဲ"

သူမ ဒီနေ့ ဒီလောက်ပင်ပန်းနေရတာက အားချဲ့နှင့်အတူ ညဉ့်နက်သည်အထိ ကလေးဘယ်လိုယူရမလဲဆိုတာကို လေ့လာနေခဲ့တာကြောင့်ဖြစ်တယ်ဆိုတာ ရွှယ်နင် ကောင်းကောင်းကြီး ဖွင့်မပြောနိုင်ပေ။

သူမ နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။

"ဘာမှမဖြစ်ပါဘူး၊ အားချဲ့နဲ့အတူ စာဖတ်ရင်း ညဉ့်နက်သွားလို့ပါ"

ယန်ရှီက ရယ်ချင်စိတ်နှင့် စိတ်ပျက်မှု ရောယှက်ကာ ပြောလိုက်သည်။

"နောက်ဆို ညဘက် စာအရမ်းမဖတ်နဲ့။ ဦးနှောက်ကို အများကြီးသုံးရင် အိပ်မပျော်ဘဲနေလိမ့်မယ်"

ရွှယ်နင်က သဘောတူသည့်အနေဖြင့် အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ ဝေ့မိသားစုအိမ်တော်နှင့် ရထားလုံး နီးကပ်လာလေလေ ယန်ရှီမှာ ပို၍ စိုးရိမ်လာလေလေပင်။

"ဒီနေ့ ဝေ့မိသားစုဆီ သွားတဲ့အခါ ရလဒ်က ဘယ်လိုလာမလဲဆိုတာ ငါတို့ မသိဘူး။ လုစစ်လင်က မကောင်းတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သခင်မလင်က သူ့ကို သဘောမကျတာ။ သခင်မလင်သာ သဘောမတူဘူးဆိုရင် ဒီမင်္ဂလာကိစ္စကတော့ ပျက်ဖို့များတယ်။ ဟူး... ငါ့အမှားတွေလည်း ပါပါတယ်။ ငါ့နောက်ခံက အရမ်းနိမ့်ကျလွန်းတယ်။ ငါတို့အသိုင်းအဝိုင်းက ဂုဏ်သိက္ခာရှိတဲ့ သခင်မတွေက ငါ့ကို အထင်သေးကြတာ၊ သူတို့သမီးတွေကို ငါတို့မိသားစုထဲ ဘာလို့ ပေးစားကြမှာလဲ။ ငါသာ စောစောသိခဲ့ရင်... စစ်သူကြီးလု ပြန်လာတဲ့အခါ... သူ့ကို ကွာရှင်းလိုက်တာကမှ ပိုကောင်းဦးမယ်"

ဘယ်လိုလုပ် ကွာရှင်းတဲ့အထိ ရောက်သွားရတာလဲ။ ရွှယ်နင် ညင်သာစွာ ပြုံးလိုက်ပြီး သူမကို နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့ အဒေါ်၊ သမီးမှာ အစီအစဉ် ရှိပါသေးတယ်"

ယန်ရှီ စပ်စုချင်စိတ်ဖြင့် မျက်လုံးပြူးသွားသည်။

"ဘာအစီအစဉ်လဲ"

ရွှယ်နင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

"ဟိုရောက်ရင် အဒေါ် သိလာမှာပါ"

ပေါ့ပေါ့ပါးပါး နောက်ပြောင်ပြောဆိုပြီးနောက် ရထားလုံးသည် ဝေ့အိမ်တော်သို့ ရောက်ရှိလာသည်။

ဒီနေ့ ဝေ့ရှောင်းနှင့် သူ့ဇနီး နှစ်ယောက်စလုံး အိမ်တွင်ရှိနေပြီး ဝေ့ကျန့်ယန်မှာ သူမ၏ ကိုယ်ပိုင်ခြံဝင်းထဲတွင် အကျယ်ချုပ်ကျနေဆဲဖြစ်၏။

ယန်ရှီနှင့် ရွှယ်နင်တို့က အောင်သွယ်တော်တစ်ဦးကို ခေါ်ဆောင်လာသဖြင့် သခင်မလင်အနေဖြင့် သူတို့ကို လက်ခံတွေ့ဆုံရန် ငြင်းဆန်၍မရနိုင်ပေ။

ဧည့်ခန်းထဲသို့ ဖိတ်ခေါ်ပြီးနောက် ရွှယ်နင်က သူမ မတွေ့ရတာ ကြာပြီဖြစ်သော ဝေ့ကျန့်လန်ကို ချက်ချင်း သတိထားမိလိုက်သည်။

ဝေ့မိသားစု၏ သားအကြီးဆုံးသည် မြင့်မြတ်သော စရိုက်လက္ခဏာရှိသူတစ်ဦးဖြစ်ပြီး တုန်းကျင်းမြို့တွင် သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာသော လူကြီးလူကောင်းတစ်ဦးအဖြစ် ကျော်ကြားသည်။

ထိုအမျိုးသား၏ မျက်နှာသွင်ပြင်က ပန်းချီကားတစ်ချပ်လိုမျိုး လှပသေသပ်ပြီး နီလာရောင် ပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ကာ ကုလားထိုင်ပေါ်တွင် ကျောက်စိမ်းကဲ့သို့ ခန့်ညားစွာ ထိုင်နေသည်။

ရွှယ်နင်က ယန်ရှီနှင့်အတူ ဝင်လာမှသာ ဝေ့ကျန့်လန်သည် သူ၏ အေးစက်စက်နှင့် ဝေးကွာနေသော မျက်လုံးများကို မော့ကြည့်လိုက်ပြီး ကြက်တောင်ပံသစ်သား လက်ရန်းပေါ်တွင် တင်ထားသော သူ၏ သွယ်လျသော လက်ချောင်းများက မသိမသာလေး ကွေးသွားသည်။

ရွှယ်နင်က ဝေ့သခင်နှင့် သခင်မတို့ကို ဂါရဝပြုပြီးနောက် အနည်းငယ်လှည့်ကာ ဝေ့ကျန့်လန်ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။

ဝေ့ကျန့်လန်၏ အကြည့်များက ရွှယ်နင်၏ ချစ်စရာကောင်းပြီး နီမြန်းနေသော မျက်နှာလေးပေါ်သို့ နူးညံ့စွာ ကျရောက်သွားသည်။

သူမ ဝတ်ဆင်ထားသမျှ အရာအားလုံးက လီချန်ချဲ့ ဝယ်ပေးထားခြင်းဖြစ်ကြောင်း သူ သတိထားမိလိုက်၏။ သူမ၏ ခါးတွင် ဆွဲချိတ်ထားသော ကျောက်စိမ်းဆွဲပြားပေါ်တွင် လီချန်ချဲ့၏ နာမည်ကို ထွင်းထုထားပြီး ဆံထုံးတွင် ပန်ဆင်ထားသော ဆံထိုးများမှာ မကြာသေးမီကမှ ရှန်းနိုင်ဂယ်မှ အသစ်ထုတ်လုပ်ထားသော အကန့်အသတ်ဖြင့်ရောင်းချသည့် ပစ္စည်းများဖြစ်ကာ ကျန်းကော်နယ်စားမင်းအိမ်တော်၏ ရှီဇီက တစ်စုံတစ်ယောက်ကို အထူးတလည် သွားဝယ်ခိုင်းထားခြင်း ဖြစ်သည်။

သူ့ရင်ထဲမှာ အနည်းငယ် နာကျင်သွားတယ်။

သို့သော်လည်း သူ့မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မပြခဲ့ပေ။ လည်ချောင်းထဲမှ ခါးသီးမှုကို မျိုချလျက် သူ့စိတ်ကို ချုပ်တည်းကာ ပြောလိုက်သည်။

"ညီမလေး မကြာသေးခင်က နေကောင်းကျန်းမာရဲ့လား"

ရွှယ်နင်၏ အပြုံးသည် ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် ရှိနေစဉ်ကနှင့် လုံးဝမတူဘဲ တောက်ပရွှင်လန်းနေ၏။ သူမ ကောင်းမွန်စွာ စောင့်ရှောက်ခံထားရတာ ထင်ရှားသည်။

"အရာအားလုံး အဆင်ပြေပါတယ်။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဝေ့"

ဝေ့ကျန့်လန်၏ နှုတ်ခမ်းများက အနည်းငယ် တင်းကျပ်သွားသည်။ သူ့မျက်နှာက တည်ငြိမ်နေပုံရသော်လည်း အကြည့်များကတော့ ရွှယ်နင်အပေါ်တွင်သာ စွဲမြဲစွာ ကျရောက်နေဆဲပင်။

ရွှယ်နင် ရှိနေသဖြင့် ယန်ရှီအပေါ်ထားရှိသော သခင်မလင်၏ သဘောထားမှာ အတော်လေး ယဉ်ကျေးနေဆဲဖြစ်သည်။

ဝေ့ကျန့်ယန်နှင့် လုစစ်လင်တို့၏ မင်္ဂလာကိစ္စဘက်သို့ စကားလမ်းကြောင်း ရောက်သွားသောအခါ သခင်မလင်က သက်ပြင်းချလိုက်ပြီး ပြုံးလျက် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ကျွန်မတို့က စစ်သူကြီးလုကို အထင်သေးလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယန်ယန်က အခုမှ အရွယ်ရောက်ခါစဆိုတော့ အရမ်းငယ်သေးတယ်။ ဒီလောက်စောစောစီးစီး အိမ်ထောင်ပြုဖို့ဆိုတာ ကျွန်မတို့ လင်မယားနှစ်ယောက်စလုံးက သူ(မ)ကို တကယ်ပဲ မခွဲနိုင်သေးလို့ပါ။ ဒါကြောင့် သူ(မ)ကို နောက်ထပ် နှစ်အနည်းငယ်လောက် ကျွန်မတို့အနားမှာပဲ ထားပြီး သူ(မ) နည်းနည်းလေး ပိုကြီးလာမှ မင်္ဂလာကိစ္စကို ပြန်ဆွေးနွေးမယ်လို့ တွေးထားတာပါ။ အားလုံးက မိဘမေတ္တာကြောင့်ပါပဲ... သခင်မယန်လည်း သဘောတူတယ်မလား"

ယန်ရှီက အနေရခက်စွာဖြင့် အတင်းပြုံးပြလိုက်ပြီး ခဏလောက် ဘယ်လိုပြန်ဖြေရမလဲဆိုတာကို မသိဖြစ်သွားသည်။

သခင်မလင်၏ အစီအစဉ်သည် ခိုင်မာလှသည်။

အဘယ်ကြောင့်ဆိုသော် လအနည်းငယ်အတွင်း နှစ်ဝက်ခန့်အကြာတွင် နှစ်ပေါင်းများစွာ အင်အားပြန်လည်ဖြည့်တင်းထားသော ပေ့တိတို့သည် နယ်စပ်များကို အကြိမ်ကြိမ် စတင်ကျူးကျော်တော့မည် ဖြစ်သောကြောင့်ပင်။

လုစစ်လင်သည် နိုင်ငံခြားရန်သူများကို ခုခံရန် နယ်စပ်စစ်စခန်းသို့ တစ်ဖန် စေလွှတ်ခံရတော့မည်ဖြစ်၏။

ထိုအချိန်ရောက်လျှင် မင်္ဂလာကိစ္စ ဆွေးနွေးရန် မဖြစ်နိုင်ရုံသာမက သူ့ကို လူချင်းတွေ့ရန်ပင် လုံးဝ မဖြစ်နိုင်တော့ပေ။

သဘာဝကျကျပင် ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် ထိုနေ့ကဖြစ်ပွားခဲ့သော ရှက်ဖွယ်ကောင်းသည့် ဖြစ်ရပ်ကို မည်သူမျှ ထပ်မံထုတ်ဖော်ပြောဆိုကြတော့မည် မဟုတ်ချေ။

ရေနွေးကြမ်းခွက်ကို ကိုင်ထားသော ရွှယ်နင်၏ လက်လေး ရပ်တန့်သွားသည်။ ယနေ့နံနက် နိုးလာစဉ်က သူမ၏ စိတ်ထဲတွင် ရေးရေးလေး ဖြတ်ပြေးသွားခဲ့သော မှတ်ဉာဏ်မှာ ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။

နှစ်ကုန်ပိုင်းတွင် ပေ့တိနှင့် သာ့ယုံတို့သည် ပြင်းထန်သော စစ်ပွဲတစ်ပွဲကို ဆင်နွှဲကြမည်။

သူမ၏ အရင်ဘဝ ထိုအချိန်တုန်းက အမတ်ချုပ်ဖြစ်သော စုကျန်းသည် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ နယ်စပ်ပြင်ပသို့ စစ်ချီခဲ့ပြီး စစ်ရေးကြိုတင်ပြင်ဆင်မှုများကို ပြန်လည်ဖွဲ့စည်းကာ ယုံရွှယ်တံခါးဝကို ကာကွယ်ရန် စစ်သည်များကို တပ်စွဲထားခဲ့၏။

ပေ့တိတို့သည် ၎င်းတို့၏ သန်မာသော စစ်သည်များ၊ ခွန်အားကြီးသော မြင်းများနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ငုပ်လျှိုးနေခဲ့ပြီး ဤအသေခံ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေခဲ့ကြသည်။

ဤနှစ်ကုန်ပိုင်းတွင် သောင်းနှင့်ချီသော ပေ့တိတပ်ဖွဲ့ဝင်များသည် သာ့ယုံ၏ နယ်စပ်တစ်လျှောက် လှည့်လည်ကျက်စားနေကြမည်ဖြစ်သည်။

ပြည်တွင်းတွင် ဒုတိယမင်းသားနှင့် ပထမမင်းသားတို့အကြား အိမ်ရှေ့စံရာထူးအတွက် ပြိုင်ဆိုင်မှုမှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားမည်။

တောင်ဘက်တွင် ပြည်တွင်းပဋိပက္ခများ ပေါက်ကွဲလာပြီး နေရာအနှံ့အပြားတွင် သူပုန်တပ်များ ထကြွလာမှာပင်။

ထိုအချိန်တွင် သာ့ယုံသည် ပြည်တွင်းပြည်ပ ပြဿနာများဖြင့် ဝန်းရံခံရပြီး ၎င်း၏ ရှင်သန်ရပ်တည်မှုမှာ အပ်ချည်ကြိုးတစ်ချောင်းအပေါ်တွင် တွဲလွဲခိုနေရသကဲ့သို့ အန္တရာယ်ကြီးမားနေမည်ဖြစ်၏။

ပေ့တိတို့သည် အခွင့်ကောင်းယူကာ ဂိတ်တံခါးဝများကို ချိုးဖျက်၍ ကျူးကျော်ဝင်ရောက်လာပေမည်။

သူတို့၏ စစ်သူကြီးချုပ်က အထူးတပ်ဖွဲ့များကို ဦးဆောင်ကာ ယုံရွှယ်တံခါးဝကို ချိုးဖျက်ပြီး လမ်းတစ်လျှောက် လုယက်တိုက်ခိုက်ခြင်းဖြင့် သူတို့၏ စစ်ရေးလှုပ်ရှားမှုကို ထိန်းသိမ်းကာ ကျားလင်တံခါးဝအထိ တိုက်ရိုက်ချီတက်လာမည်ဖြစ်သည်။

ပေ့တိ အထူးတပ်ဖွဲ့များက ဧကရာဇ်မြို့တော်ကို ကာကွယ်နေသော သာ့ယုံ၏ နောက်ဆုံးခံစစ်မျဉ်းကို ချေမှုန်းလုနီးပါးဖြစ်ကာ တုန်းကျင်းမြို့သို့ တိုက်ရိုက် ထိုးစစ်ဆင်လာလိမ့်မည်။

ခံစစ်တပ်များကို တာဝန်ယူထားသော စစ်သူကြီး စုကျန်းလည်း ရုတ်တရက် ဖမ်းဆီးခံလိုက်ရလိမ့်မည်။

အဆုံးတွင်တော့ အစ်ကိုလုနှင့် အားချဲ့တို့က အတွင်းအပြင် ညှိနှိုင်းတိုက်ခိုက်ကာ စစ်သည်ငါးထောင်ကို ဦးဆောင်၍ သူ့ကို ကယ်တင်ခဲ့ရသည်။

ရွှယ်နင်က မိန်းမောတွေဝေစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ အချိန်တွေက ဒီလောက်တောင် မြန်မြန်ကုန်ဆုံးနေခဲ့တာပဲ။

ပဉ္စမလရဲ့ လဆန်းပိုင်းကိုတောင် ရောက်လုနီးပါးဖြစ်နေပြီ။

နောက်ထပ် တစ်လလောက်ဆိုရင်ပဲ နှစ်ဝက်ကို ရောက်လာတော့မယ်။

မကြာမီမှာပင် သာ့ယုံနိုင်ငံတော်၏ တည်ငြိမ်မှုမှာ စတင် တုန်လှုပ်ယိမ်းယိုင်လာတော့မယ်။

ဒီနေ့မနက်က အားချဲ့ စစ်ဝန်ကြီးဌာနအကြောင်း ပြောတာကို ကြားပြီးကတည်းက သူမ တစ်နေကုန် စိတ်မအေးဖြစ်နေတာ အံ့ဩစရာတော့ မဟုတ်ဘူး။

ကံကောင်းထောက်မစွာဖြင့် စစ်ချီရာတွင် တပ်များကို ဦးဆောင်ရမည့်သူမှာ စုကျန်းဖြစ်သည်။ သူမ၏ ခင်ပွန်းမှာ ဘေးကင်းလုံခြုံနေမည့်အပြင် စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုများဖြင့်ပင် ပြန်လာနိုင်လိမ့်မယ်။

"နင်နင်..."

သခင်မလင်၏ လွှမ်းမိုးနိုင်သော ဟန်ပန်ကြောင့် ဖိအားခံရကာ ယန်ရှီမှာ ဘာမှဆက်မပြောနိုင်တော့ပေ။ သူမက ရွှယ်နင်ဘက်လှည့်ကာ ပြောလိုက်သည်။

"အဒေါ်က စကားပြောမတတ်ဘူး။ အ‌ဒေါ့်ကိုယ်စား သမီးပဲ ပြောပေးပါ"

ရွှယ်နင်က သူမ၏ လွင့်မျောနေသော အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး သခင်မလင်ကို ကြည့်ကာ ပြုံးလိုက်သည်။

"သခင်မလင် ပြောတာက အကြောင်းပြချက် ခိုင်လုံပါတယ်၊ သမီးလည်း သဘောတူပါတယ်။ ယန်ယန်က အတော်လေး ငယ်သေးတော့ သူ(မ) ဝေ့မိသားစုနဲ့ နောက်ထပ် နှစ်အနည်းငယ်လောက် နေတာက အဆင်ပြေပါတယ်"

ယန်ရှီမှာ စိုးရိမ်တကြီးဖြစ်သွားသည်။

"နင်နင်... ဒါက..."

ရွှယ်နင်၏ အပြုံးက နှုတ်ခမ်းထောင့်များတွင် တည်ရှိနေဆဲပင်။

"အဒေါ်... စိတ်မပူပါနဲ့။ သခင်မလင်က ယန်ယန်ကို အစ်ကိုလုနဲ့ လက်မထပ်ပေးဘူးလို့ ငြင်းနေတာ မဟုတ်ပါဘူး၊ သူ(မ)က မင်္ဂလာကိစ္စကို နှစ်အနည်းငယ်ကြာမှ ဆွေးနွေးချင်ရုံတင်ပါ။ ဒီနေ့ ကျွန်မတို့ ကြိုမပြောဘဲ ရောက်လာပြီး အနှောင့်အယှက်ပေးမိတာ ရိုင်းစိုင်းရာကျသွားပါတယ်။ တကယ်တော့ မလုပ်သင့်ပါဘူး။ လောလောဆယ် ပြန်ကြရအောင်"

ယန်ရှီသည် ခဏတာ တွေဝေသွားပြီး ရွှယ်နင်၏ ဆွဲထူမှုကြောင့် ဇဝေဇဝါဖြင့် မတ်တပ်ရပ်လိုက်သည်။

လုစစ်လင်ကတော့ သူ့ကုလားထိုင်တွင် ထိုင်နေဆဲဖြစ်ပြီး အကြည့်များက အေးစက်ကာ စိတ်မဝင်စားသကဲ့သို့ဖြစ်နေသော်လည်း ချုပ်တည်းထားပုံရသည်။

သာမန်အခြေအနေမျိုးတွင် သခင်မလင်က အနည်းဆုံးတော့ သူတို့ကို နေ့လယ်စာစားပြီးမှ ပြန်ရန် အတင်းအကျပ် တောင်းဆိုလိမ့်မည်။

သို့သော် ယနေ့တွင်မူ သူမက သူတို့ကို စောစောစီးစီး လိုက်ပို့ချင်လှပြီ။

"အားလန်... သခင်မယန်နဲ့ စစ်သူကြီးလုကို လိုက်ပို့ပေးလိုက်ပါဦး။ ဒီနေ့တော့ ကျွန်မတို့ ဝေ့မိသားစုရဲ့ ဧည့်ဝတ်ကျေပွန်မှု အားနည်းသွားပါတယ်။ နောက်တစ်ခါ လာလည်ရင် သေသေချာချာ ဧည့်ခံပွဲ လုပ်ပေးပါ့မယ်"

ဝေ့ကျန့်လန် မတ်တပ်ရပ်လိုက်ပြီး ရွှယ်နင်ထံ လျှောက်လာသည်။

"နင်နင်... ကိုယ် အပြင်အထိ လိုက်ပို့ပေးမယ်"

ရွှယ်နင် မျက်လွှာပင့်ကာ သူ့ကို ကြည့်လိုက်သည်။

ထိုအမျိုးသားက တည်ငြိမ်နေပုံရသော်လည်း သူ၏မျက်လုံးများက နက်မှောင်နက်ရှိုင်းနေပြီး မပြောပြနိုင်သော စကားလုံးပေါင်းထောင်ချီကို သိမ်းဆည်းထားသကဲ့သို့ ရှိသည်။

ဤမျှ လှပပြီး နက်ရှိုင်းသော မျက်လုံးမျိုးနှင့်ဆိုလျှင် သူချစ်ရတဲ့သူက ဘယ်လိုပုံစံရှိမလဲဆိုတာကို လူတိုင်းက စပ်စုချင်ကြမည်သာ။

သူ့မှာ မရနိုင်တဲ့ လရောင်ဖြူလေးတစ်ဦးရှိသည်ဟု ဆိုကြပြီး ထို့ကြောင့်ပင် ယနေ့တိုင်အောင် အိမ်ထောင်မပြုဘဲ နေခဲ့ခြင်းဖြစ်သည်။

သူမရဲ့ အရင်ဘဝက တုန်းကျင်းမြို့မှ ထွက်ခွာလာချိန်တွင် ဝေ့ကျန့်လန်က လေနှင့် နှင်းများကို အန်တုကာ သူမကို လိုက်ပို့ပေးခဲ့သည်။

ထိုစဉ်က သူ တစ်ယောက်တည်း ရှိနေဆဲဖြစ်၏။

သူ့ရဲ့ လရောင်ဖြူလေး ဘာဖြစ်သွားခဲ့လဲဆိုတာကို သူမ သိချင်မိတယ်။

ဒီလောက် ထူးချွန်တဲ့ အမျိုးသားကို ငြင်းပယ်ပြီး သူ့ကို ဒီလောက်အချိန်အကြာကြီး အထီးကျန်ဖြစ်အောင် ထားခဲ့တာက အတော်လေး ရက်စက်ရာကျနေပုံရတယ်။

သူမ သေဆုံးပြီးနောက် ဝေ့ကျန့်လန် ဘယ်လိုဆက်နေထိုင်သွားခဲ့လဲ၊ ဒါမှမဟုတ် အဆုံးမှာ သူချစ်ရတဲ့ အမျိုးသမီးကိုပဲ လက်ထပ်သွားခဲ့သလားဆိုတာကိုတော့ သူမ မသိခဲ့ချေ။

All Chapters