အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း (၂၈၈) - တစ်စုံတစ်ယောက်ကို ရိုက်နှက်ရန် လက်ပါခြင်း
"ကျေးဇူးတင်ပါတယ် အစ်ကိုဝေ့"
ရွှယ်နင် မျက်တောင်ခတ်လိုက်ပြီး ပန်းဧည့်ခန်းမအဝင်ဝဆီသို့ သူနှင့်အတူ လျှောက်သွားလိုက်သည်။
သို့သော် တံခါးဝအရောက်တွင် သူမ ရပ်တန့်သွားသည်။
ဝေ့ကျန့်လန် မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်ပြီး သူကိုယ်တိုင်ပင် သတိမထားမိလိုက်သော နူးညံ့ကြင်နာမှုများဖြင့် သူ့မျက်လုံးများက အလိုအလျောက် နူးညံ့သွားခဲ့သည်။
"ဘာကိုစောင့်နေတာလဲ နင်နင်"
ရွှယ်နင် တောက်ပစွာ ပြုံးလိုက်သည်။
"ညီမ တွက်ထားတာ မလွဲရင် အဲဒီလူ ရောက်လာတော့မှာ"
သူမ စကားပြောအပြီးမှာပင် စင်္ကြံအပြင်ဘက်မှ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"နင်နင်... ဒီနေ့ ဝေ့မိသားစုဆီ ဘာလာလုပ်တာလဲ"
ရွှယ်နင်၏ မျက်လုံးများ အရောင်လက်သွားပြီး သူမ၏ အသံကို ချက်ချင်း မြှင့်လိုက်သည်။
"အမေ..."
သက်ပြင်းချကာ စိတ်သက်သာရာရသွားခဲ့သော သခင်မလင်သည် "အမေ" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ အေးခဲသွားခဲ့သည်။
သခင်မကျန်းသည်လည်း အောင်သွယ်တော်တစ်ဦးကို ခေါ်ဆောင်လာခဲ့ပြီး သူမနောက်တွင် စုယွီ လိုက်ပါလာသည်။
ယနေ့ကိစ္စက ရွှယ်နင် ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ နောက်ဆုံးအကြိမ် သွားရောက်လည်ပတ်စဉ်က သခင်မကျန်းအား ဒီနေ့ အထူးတလည် လာရောက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ရွှယ်နင်က သခင်မကျန်း၏ လက်မောင်းကို ချစ်ခင်စွာ တွဲလျက် ပန်းဧည့်ခန်းမထဲသို့ ဝင်ရန် ကူညီပေးလိုက်သည်။
သခင်မကျန်းက အရာအားလုံးကို နားလည်ကြောင်း အကြည့်တစ်ချက်ဖြင့် သူမကို စိတ်အေးစေရန် ကြည့်လိုက်၏။
ရွှယ်နင် စိုးရိမ်စရာ အကြောင်းမရှိတော့ပေ။ စုယွီ ဒီကိုရောက်နေမှတော့ သူမရဲ့ အစ်ကိုလုနှင့် ယန်ယန်တို့၏ မင်္ဂလာကိစ္စက ဒီနေ့ အောင်မြင်ဖို့ သေချာသွားပြီ။
ဝေ့ရှောင်းနှင့် သူ့ဇနီးတို့ အလျင်စလို မတ်တပ်ရပ်လိုက်ကြသည်။
"ကျန်းနျန်... ဒီနေ့ ဘာလို့ ရောက်လာတာလဲ"
သခင်မလင်သည် စုယွီနှင့် သူ့ဘေးမှ အောင်သွယ်တော်တို့ကို အလိုအလျောက် လျစ်လျူရှုကာ သခင်မကျန်းကို ဘေးသို့ဆွဲခေါ်သွားသည်။
"ဒီလိုအချိန်ကြီးမှာ ပြဿနာလာရှာတာလား"
သခင်မကျန်းက ရွှင်လန်းစွာ ပြုံးလိုက်သည်။
"ငါက အားယွီကိုယ်စား လာတောင်းပန်တာပါ။ ပြီးတော့ အောင်သွယ်တော်ကိုလည်း ခေါ်လာတယ်။ သဘာဝကျကျပဲ ယန်ယန်နဲ့ အားယွီကို လက်ထပ်ပေးချင်တုန်းပဲလေ"
"နင်..."
သခင်မလင်၏ မျက်နှာ ဖြူလျော့သွားပြီး ဒေါသတကြီး မျက်ခုံးပင့်လိုက်သည်။
"ယန်ယန်က စုယွီကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူးလို့ ငါပြောပြီးပြီ မဟုတ်လား"
"သခင်မလင်...."
စုယွီ၏ အမှားကို ဝန်ခံသော သဘောထားမှာ အတော်လေး ရိုးသားနေပုံရသည်။ သူက နီရဲနေသော မျက်လုံးများဖြင့် ဝေ့ရှောင်းနှင့် သူ့ဇနီးရှေ့တွင် တိုက်ရိုက် ဒူးထောက်ချလိုက်သည်။
"ကျွန်တော် မှားမှန်း ကျွန်တော်သိပါပြီ။ အဲဒီမယားငယ်ကိုလည်း ကျွန်တော် မောင်းထုတ်လိုက်ပါပြီ။ သခင်မလင်နဲ့ သခင်ကြီးဝေ့သာ ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ်ဆိုရင် တစ်သက်လုံး ယန်ယန်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်၊ သူ(မ)တစ်ယောက်တည်းကသာ ကျွန်တော့်အတွက် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်ရပါမယ်လို့ ကျွန်တော် ကျိန်ဆိုပါတယ်"
ရွှယ်နင်နှင့် ယန်ရှီတို့မှာ မျက်နှာပြောင်တိုက်စွာဖြင့် ဝင်ထိုင်ကာ ပြဇာတ်ကို ဆက်လက်ကြည့်ရှုနေကြသည်။
မိန်းမပျိုလေး၏ မျက်လုံးများထဲမှ အကြံအစည်ကြီးနေသော အရိပ်အယောင်ကို သတိထားမိတဲ့အခါ ဝေ့ကျန့်လန်၏ အကြည့်များမှာ အကူအညီမဲ့သော်လည်း အချစ်ပိုရသော အပြုံးတစ်ခုဖြင့် နူးညံ့သွားသည်။
သူသာ ဝေ့ကျန့်ယန်၏ ခံစားချက်များကို ကြိုတင်မမေးမြန်းထားခဲ့ပါက နင်နင်က သူမ အစ်ကိုရဲ့ အကျိုးအတွက် တမင်တကာ လုပ်ဆောင်နေတာလို့ ထင်မိလိမ့်မယ်။
အခုတော့ သူမက ယန်ယန်၏ အကျိုးအတွက် အများဆုံး စီစဉ်နေပုံရတယ်။
တစ်ချိန်က စကားပြောရန် ကြောက်ရွံ့ပြီး ထောင့်တစ်နေရာတွင်သာ ပုန်းအောင်းနေတတ်သော မိန်းကလေးငယ်က ယခုအခါ ရဲရင့်ပြီး ကျက်သရေရှိလာခဲ့ပြီ။ သူမ၏ တောက်ပပြီး ချစ်စရာကောင်းသော အသွင်အပြင်က ရင်ကို နွေးထွေးစေသည်။
"ကျွန်မတို့လည်း မင်္ဂလာကိစ္စ စီစဉ်ဖို့ ရောက်နေတာပါ... ကျွန်မအစ်ကိုနဲ့ ယန်ယန်အတွက်ပါ"
ပြဿနာရှာရန် ဘယ်တော့မှ ဝန်မလေးတတ်သော ရွှယ်နင်က ယန်ရှီ ခေါ်လာသော အောင်သွယ်တော်ကို အမြန် ရှေ့သို့ တွန်းပို့လိုက်သည်။
အောင်သွယ်တော်နှစ်ဦးမှာ မျက်လုံးပြူးကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး လုစစ်လင်နှင့် စုယွီတို့ကမူ တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေကြသည်။
ပန်းဧည့်ခန်းမငယ်လေးမှာ ပရမ်းပတာဖြစ်လုနီးပါး ဖြစ်သွားခဲ့၏။
"ရွှယ်နင်... နင်က တမင်တကာ ဘာပြဿနာ ထပ်ရှာနေတာလဲ"
စုယွီ၏ မျက်နှာက မည်းမှောင်သွားသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျန့်ကော်ဘုရားကျောင်းမှာ နင့်ကြောင့် ငါ့မရီး နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲသွားရတယ်။ အခု ငါ့ကိုပါ ဒုက္ခလာပေးနေတာလား"
ရွှယ်နင်က လှောင်ပြုံးပြုံးလိုက်သည်။
"ရှင့်ကိုယ်ရှင်သာ ထိန်းသိမ်းနိုင်ရင် ကျွန်မက ရှင့်ကို ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာလဲ"
စုယွီမှာ ဒေါသထွက်သွားသည်။
"နင်.. ငါ အဲဒီမယားငယ်ကို စွန့်ပစ်လိုက်ပြီလေ"
ရွှယ်နင်၏ အပြုံးက ပိုကြီးမားလာသည်။
"ရှင်က ဖောက်ပြန်တတ်ပြီး ရက်စက်တဲ့သူပဲ။ ဒီနေ့ အဲဒီမယားငယ်ကို ရှင် စွန့်ပစ်နိုင်ရင် နောင်တစ်ချိန် ယန်ယန်ကိုလည်း အဲဒီလို မလုပ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ"
စုယွီ၏ ချောမောသော မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။
"...နင်က အပြောအဆိုမှာ အဆိပ်ပြင်းပြီး ကောက်ကျစ်လွန်းတယ်"
"တစ်ခါဖောက်ပြန်ဖူးရင် အကြိမ်တစ်ရာ ယုံကြည်လို့ မရတော့ဘူး"
ရွှယ်နင်က ပြုံးလျက် သခင်မလင်ဘက်သို့ လှည့်လိုက်သည်။
"သခင်မလင်... ကျွန်မပြောတာ မှန်တယ်လို့ မထင်ဘူးလား"
သခင်မလင်သည် လက်နှစ်ဖက်ကို လိမ်ယှက်ထားလျက် လုစစ်လင်နှင့် စုယွီတို့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ဘယ်လိုဘက်ကပဲ ကြည့်ကြည့် လုစစ်လင်က ရုပ်ရည်၊ စရိုက်လက္ခဏာနှင့် အခြားမည်သည့်အရာတွင်မဆို စုယွီထက် ပိုကောင်းနေတယ်။
ထို့အပြင် ရွှယ်နင်၏စကားများက သူမကို အမှန်တရားအား သတိပြုမိစေသည်။ အမျိုးသမီးတစ်ယောက်ကို ပေါ့ပေါ့ဆဆ စွန့်ပစ်နိုင်တဲ့ ယောကျာ်းတစ်ယောက်က ဘယ်လိုလူမျိုး ဖြစ်နိုင်မှာလဲ။ သူက အမှန်တကယ်ပဲ မကောင်းသူဖြစ်တယ်။
ရိုက်သတ်မယ်ဆိုရင်တောင် သူမရဲ့သမီးအရင်းကို ထိုကဲ့သို့သော မီးတွင်းထဲသို့ သူမ လုံးဝ တွန်းပို့မည်မဟုတ်ပေ။
မူလက သူမ ဤကိစ္စကို နှစ်အနည်းငယ်ကြာအောင် အချိန်ဆွဲထားရန် စဉ်းစားခဲ့သော်လည်း စုယွီ၏ ဇွဲကောင်းကောင်းနှင့် ကပ်တွယ်နေသော အပြုအမူကို မြင်သောအခါ မဖြစ်နိုင်တော့ကြောင်း ထင်ရှားလာသည်။
သခင်မလင် တုံ့ဆိုင်းနေဆဲဖြစ်ဝာာကို သတိထားမိသော ရွှယ်နင်က မီးလောင်ရာလေပင့်ရန် ဆုံးဖြတ်လိုက်သည်။ သူမက သက်ပြင်းချကာ ပြောလိုက်၏။
"အဒေါ်လင်... ကျွန်မအစ်ကိုက စစ်သားတစ်ယောက်ဖြစ်နေတာကို အဒေါ် သဘောမကျဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဲဒီနေ့က ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ယန်ယန် မတော်တဆ ရေထဲကျသွားတုန်းက ကျွန်မအစ်ကို ဆယ်ပေးခဲ့တာကို မျက်လုံးပေါင်းများစွာက မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့တာပါ။ အခု စုယွီက ရိုးရိုးသားသား တောင်းပန်နေပေမဲ့ ယန်ယန့်ကို သူနဲ့ လက်ထပ်ပေးလိုက်ရင် နောင်တစ်ချိန်မှာ သူ(မ)ရဲ့ ဂုဏ်သိက္ခာကို အသုံးချပြီး သူ အပြစ်မရှာဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် ယန်ယန်ရဲ့ ခန္ဓာကိုယ်ကို ကျွန်မအစ်ကို မြင်တွေ့ခဲ့ပြီးပြီလေ... စုယွီက အခုအချိန်မှာ နှိမ့်ချပြီး လက်ထပ်ခွင့်တောင်းနေနိုင်ပေမဲ့ နောင်လာမယ့် ဆယ်စုနှစ်တွေမှာရော ဘယ်လိုနေမလဲ။ ယန်ယန်ရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းသွားပြီဆိုတာကို နောက်ပိုင်းမှာ သူ သတိရလာရင် သူ(မ)အပေါ် သူ ရိုးရိုးသားသား ဆက်ဆံပါ့မလား။ အဲဒီအချိန်ရောက်ရင် အဒေါ် ကြားဝင်စွက်ဖက်ချင်ရင်တောင် နောက်ကျသွားပါလိမ့်မယ်"
ထိုဖြစ်ရပ်အကြောင်းကို တွေးလိုက်ရုံဖြင့် သခင်မလင်မှာ ခေါင်းကိုက်သွားရသည်။
ရွှယ်နင်၏ စကားများကို ကြားသောအခါ သူမ၏ မျက်နှာမှာ ပို၍ပင် မှောင်မိုက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် သခင်မကျန်းက ဘေးမှနေ၍ ဆက်လက် သွေးထိုးပေးနေသည်။
"အားယွီက ပိုကောင်းအောင် ပြောင်းလဲပါ့မယ်လို့ ကတိပေးထားပြီးပြီ အားစု။ သူ့ကို နောက်ထပ် အခွင့်အရေးတစ်ကြိမ်လောက် ပေးလိုက်ပါ။ ဒီနေ့ ယန်ယန်ကို သူနဲ့ လက်ထပ်ဖို့ သဘောမတူဘူးဆိုရင် သူက ဒီနေ့ကစပြီး ဝေ့မိသားစုဆီ နေ့တိုင်းလာပြီး နင့်ဆီကရော ယန်ယန်ဆီကပါ ခွင့်လွှတ်မှုရဖို့ တောင်းပန်နေလိမ့်မယ်"
ဒါကို ကြားသောအခါ သခင်မလင်းမှာ လုံးဝကို စိတ်ဖိစီးသွားသည်။
သူမက ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ နားထင်များကို ပွတ်သပ်နေ၏။
"ဒီကိစ္စကို ငါ မဆုံးဖြတ်နိုင်တော့ဘူး။ ယန်ယန်ကို ဒီခေါ်လာခဲ့ပြီး သူ(မ)ဘာသာသူ(မ) ရွေးချယ်ခိုင်းလိုက်တော့"
စုယွီက လုစစ်လင်ကို အောင်ပွဲခံသည့်ပုံစံဖြင့် ချက်ချင်း လှောင်ပြုံးပြလိုက်သည်။ သူသာ ရိုးသားစွာ နောင်တရနေသရွေ့ ဝေ့ကျန့်ယန်က သူ့ကို ဘယ်လိုလုပ် ခွင့်မလွှတ်ဘဲ နေနိုင်မှာလဲ။
အဲဒီနေ့က သူ့မှာ မယားငယ်ရှိနေမှန်း ရုတ်တရက် သိလိုက်ရလို့ သူမ အရမ်းဒေါသထွက်သွားရုံလေးပါပဲ။
ဝေ့ကျန့်ယန်မှာ သူမ၏ အဆောင်တွင် အကျယ်ချုပ်ကျနေသည်မှာ အတန်ကြာပြီဖြစ်ပြီး ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ဖြစ်ကာ သိသိသာသာကို ပိန်ကျသွားခဲ့သည်။
ပန်းဧည့်ခန်းမထဲသို့ ဝင်လာစဉ် အစေခံမလေး၏ တွဲကူမှုကို ခံထားရသော သူမ၏ တုန်ရီနေသော မျက်လုံးများသည် အလားတူ ပိန်ချုံးနေသော လုစစ်လင်ထံသို့ အရင်ဆုံး ကျရောက်သွားခဲ့၏။
အကြောင်းတစ်ခုခုကြောင့် သူမ မျိုသိပ်ထားခဲ့သမျှ နာကြည်းမှုများအားလုံးက ရင်ထဲတွင် လှိုက်တက်လာပြီး ငိုချင်စိတ်ကြောင့် သူမ၏ မျက်လုံးများ စပ်ဖျင်းသွားခဲ့သည်။
သူမက လေတစ်ချက်တိုက်ရုံဖြင့် လွင့်ပါးသွားတော့မည့်အတိုင်း ဤမျှ ပိန်ချုံးနွမ်းနယ်နေတာကို မြင်လိုက်ရသောအခါ လုစစ်လင်က သူမအား တွဲကူချင်စိတ်ဖြင့် အလျင်အမြန်ပင် ရှေ့သို့ နှစ်လှမ်း တိုးလိုက်မိသည်။
သို့သော် ခန်းမထဲတွင် လူအများအပြား ရှိနေသဖြင့် အတင်းအဖျင်းပြောစရာ အကြောင်းပြချက် မပေးချင်တာကြောင့် သူ့ကိုယ်သူ မနည်းပြန်ချုပ်တည်းလိုက်ရသည်။
ဝေ့ကျန့်ယန်က မျက်ဝန်းများ အနည်းငယ် နီရဲလျက် သူမ၏ မိဘများထံသို့ တရွတ်တိုက် လျှောက်လှမ်းသွားသည်။
"အဖေ... အမေ..."
သခင်မလင်က ရင်နာနာဖြင့် ပြောလိုက်သည်။
"ယန်ယန်... ဒီနေ့ စုယွီကော စစ်သူကြီးလုပါ သမီးကို လက်ထပ်ခွင့်တောင်းဖို့ ရောက်နေကြတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို သမီးရဲ့ ခင်ပွန်းအဖြစ် ရွေးချယ်လိုက်ပါ"
စုယွီက သူမ၏ ဘေးနားသို့ ဒူးထောက်တွားသွားကာ မော့ကြည့်ရင်း ပြောလိုက်သည်။
"ယန်ယန်... မကြာသေးခင်က မင်းကို ကိုယ် တကယ် သိပ်လွမ်းနေခဲ့တာ... မင်း သိရဲ့လား"
ဝေ့ကျန့်ယန်က သူ့ကို လှည့်ပင်မကြည့်ချေ။ သူမ၏ စိုစွတ်နေသော မျက်တောင်ရှည်များကို နှိမ့်ချလျက် အားနည်းသောအသံဖြင့် ပြောလိုက်သည်။
"ကျွန်မ စစ်သူကြီးလုကို ရွေးပါတယ်"
စုယွီက မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ လုစစ်လင်ကို ရွေးချယ်ရာတွင် သူမ တွန့်ဆုတ်မှုပင်မရှိခဲ့ကြောင်း သတိပြုမိလိုက်သောအခါ သူ့ရဲ့ဒေါသမီးက ချက်ချင်း တောက်လောင်သွားခဲ့သည်။
"မင်း ဘာပြောလိုက်တာလဲ။ ဘယ်သူ့ကို ရွေးတယ် ဟုတ်လား"
ဝေ့ကျန့်ယန်က နူးညံ့သိမ်မွေ့ပုံပေါက်သော်လည်း သူမ၏ လေသံကမူ ပြတ်သားနေသည်။
"ကျွန်မပြောတာ... ကျွန်မ စစ်သူကြီးလုကို ရွေးတယ်လို့ ပြောတာ"
စုယွီက ခါးသီးစွာ ရယ်မောလိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
"မင်းအတွက်နဲ့ ငါ အဲဒီအိမ်ကနေ မိန်းကလေးယွင်ကိုတောင် မောင်းထုတ်လိုက်ပြီးပြီလေ။ မင်း ငါ့ဆီက ဘာတွေ ထပ်လိုချင်သေးတာလဲ"
ဝေ့ကျန့်ယန် နောက်သို့ တွန့်ဆုတ်သွားသော်လည်း သူမ မတုံ့ပြန်နိုင်ခင်မှာပင် ထိုအမျိုးသား၏ လက်ဖဝါးကြီးက သူမထံသို့ ဦးတည်ကာ လှမ်းလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လုစစ်လင်က မျက်စိလျင် လက်မြန်ရှိသည်။ စုယွီ၏ လက်က သူမ၏မျက်နှာကို မထိမိခင်မှာပင် သူမ၏ လက်မောင်းကို ဖမ်းဆွဲကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ကာကွယ်ပေးလိုက်သည်။
ရောက်ရှိနေကြသူ အားလုံးမှာ ဤမြင်ကွင်းကြောင့် ဆွံ့အမှင်သက်သွားကြ၏။
စုယွီက ဒေါသထွက်ကာ ဝေ့ကျန့်ယန်၏ မိဘများရှေ့တွင်ပင် သူမအပေါ် လက်ပါဝံ့လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။