← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) - သူမ သူ့ကို လာတောင်းပန်မည့်အချိန်ကို စောင့်ဆိုင်းခြင်း

"အဖေ..."

ဝေ့ကျန့်ယန်သည် ထိတ်လန့်တကြားဖြင့် ဝေ့ရှောင်း၏ ရင်ခွင်ထဲသို့ တိုးဝင်သွားခဲ့ပြီး သူမ၏ မျက်နှာလေးမှာ ဖြူဖျော့နေသည်။

"သူ သမီးကို ရိုက်တယ်"

ဝေ့ရှောင်းသည် သမီးဖြစ်သူကို အလျင်အမြန်ပင် ပွေ့ဖက်ထားလိုက်ပြီး သူ့မျက်နှာက အေးစက်နေကာ စုယွီကို စိုက်ကြည့်လိုက်သည်။

"မင်းက မင်္ဂလာတောင်မဆောင်ရသေးဘူး၊ လူကို လက်ပါရဲတယ်ပေါ့လေ။ ဒါက စုမိသားစုရဲ့ ဆုံးမမှုပုံစံလား"

စုယွီက လှုပ်ရှားမှုအလယ်တွင် ကြောင်အသွားခဲ့ပြီး ရှေ့မှ တင်းမာနေသော အခြေအနေကို စိုက်ကြည့်နေမိသည်။

"ဦးလေး... အဒေါ်... ကျွန်တော်... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး"

သူ ဝေ့ကျန့်ယန်ကို ရိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ၊ သို့သော် လုစစ်လင်ကိုပဲ လက်ထပ်မည်ဟု သူမ ခေါင်းမာမာဖြင့် ပြောနေဝာာကို ကြားလိုက်ရသောအခါ ဒေါသထွက်သွားပြီး စိတ်မထိန်းနိုင်ဖြစ်သွားခြင်းသာ။

လုစစ်လင်သည် တည်ငြိမ်ပြီး ခန့်ညားထည်ဝါစွာဖြင့် စုယွီ၏ရှေ့တွင် ကာကွယ်ရပ်တည်လိုက်သည်။ မြင့်မားသော အရပ်အမောင်း၊ သံမဏိကဲ့သို့ စူးရှသော အကြည့်တို့ဖြင့် သူက အနည်းငယ် လှောင်ပြောင်သံဖြင့် ပြောလိုက်၏။

"မတော်တဆ ဖြစ်တာတောင် ဒီလောက်အကြမ်းဖက်နိုင်ရင် မင်းသာ တမင်တကာလုပ်ရင် ဘယ်လောက်တောင် ဖြစ်သွားမလဲ စိတ်ကူးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်"

"လုစစ်လင်... ငါ့လမ်းက ဖယ်စမ်း!"

စုယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုစစ်လင်၏ မျက်နှာသွင်ပြင်က အေးစက်နေဆဲဖြစ်ပြီး သူက အနည်းငယ် ပြုံးလိုက်သည်။

"ဖယ်ပေးပြီး ယန်ယန်ကို မင်း ဆက်ပြီး အကျိုးယုတ်အောင် လုပ်ဖို့ ခွင့်ပြုရမှာလား"

"ငါ သူ(မ)ကို နာကျင်အောင် မလုပ်ဘူး"

စုယွီ၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ် အပြည့်ဖြင့် တောက်လောင်နေသည်။

လုစစ်လင်က သူ၏ ရူးသွပ်နေသော အကြည့်ကို လုံးဝတည်ငြိမ်စွာဖြင့် ရင်ဆိုင်ရင်း နှုတ်ခမ်းကို အနည်းငယ်ဟကာ ပြောလိုက်သည်။

"ငါတို့အားလုံး မြင်လိုက်ရသားပဲ"

ရှင်းပြရန် ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း သိလိုက်ရတဲ့အခါ စုယွီ၏ မျက်နှာက နာကျင်မှုကြောင့် တွန့်ကွေးသွားသည်။

"ငါ တမင်လုပ်တာ မဟုတ်ဘူးလို့ ပြောနေတယ်လေ။ ဒါတွေအကုန်လုံးက ယန်ယန်နဲ့ ငါ့ရဲ့ စေ့စပ်ပွဲကို ဖျက်ဆီးဖို့ မင်းနဲ့ ရွှယ်နင်တို့ ကြံစည်ထားတဲ့ အကွက်တွေပဲ။ သခင်ကြီးဝေ့... ကျွန်တော့်ဘက်က စကားပြောပေးပါဦး"

ဝေ့ရှောင်းက နှာခေါင်းရှုံ့လိုက်သည်။

"ယန်ယန်က မင်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီးပြီ။ ဝေ့အိမ်တော်ကနေ အခုချက်ချင်း ထွက်သွားတော့"

စုယွီ၏ ဦးနှောက်မှာ ဗလာဖြစ်သွားခဲ့ပြီး သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေသည်။

သူက နီရဲနေသော မျက်လုံးများဖြင့် ဝေ့ကျန့်ယန်ကို ကြည့်လိုက်သည်။

"ယန်ယန်... မင်း ကိုယ့်ကို တကယ်ပဲ မလိုချင်တော့ဘူးလား"

ဝေ့ကျန့်ယန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မျက်နှာလွှဲလိုက်သည်။

"ရှင် အဲဒီမိန်းကလေးယွင်နဲ့ပဲ ဘဝကို အတူတူ ဖြတ်သန်းသင့်ပါတယ်။ အဲဒါက တခြားအရာအားလုံးထက် ပိုအရေးကြီးပါတယ်"

စုယွီက သူမ ဤတစ်ကြိမ်တွင် တကယ် ဒေါသထွက်နေကြောင်း သိလိုက်ရသောအခါ ခါးသီးစွာ ရယ်မောလိုက်သည်။

"ကောင်းပြီ... မင်း ငါ့ကို လက်မထပ်ချင်ဘူးပေါ့လေ။ အတော်ပဲပေါ့"

သူမက အရင်က သူ့မယားငယ်ကိစ္စကြောင့် ရင်ကွဲမတတ် ခံစားခဲ့ရပြီး ရေထဲသို့ပင် ခုန်ချရန် ကြိုးစားခဲ့တာကို သူ ပြန်သတိရလိုက်သည်။ သူမက လုစစ်လင်အပေါ် ဒီလောက်မြန်မြန်ဆန်ဆန် သစ္စာရှိသွားရန် လုံးဝ မဖြစ်နိုင်ပေ။

သူမက သူ့ကို နာကျင်စေချင်ရုံ၊ သူ့ကို ထိန်းချုပ်ချင်ရုံသက်သက်ပဲ လုပ်ဆောင်နေတာ ဖြစ်လိမ့်မယ်။

"တခြားယောက်ျားကို သွားယူလိုက်! မင်း မျက်နှာတောင် သေချာမမြင်ရမယ့်သူရဲ့ ဇနီးအဖြစ် တကယ်လုပ်ရဲ၊ မလုပ်ရဲ စောင့်ကြည့်ရသေးတာပေါ့"

ဝေ့ကျန့်ယန် မျက်နှာဖြူလျော့သွားပြီး ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ နေနေမိသည်။

စုယွီက သူမ၏ အားနည်းဟန်ကို သဘောကျသွားပြီး ဆက်ပြောလိုက်သည်။

အတူတူ ကြီးပြင်းလာပြီး ငယ်ငယ်ကတည်းက စေ့စပ်ထားခဲ့ကြသဖြင့် သူမက တခြားသူတစ်ယောက်ကို တကယ်တမ်း လက်ထပ်နိုင်မှာမဟုတ်ဘူးလို့ သူ ယုံကြည်ထားတယ်။

"မင်း မသိဘူးလား။ လုစစ်လင်ရဲ့ အဖေက ဇနီးတစ်ယောက်ကို လက်ထပ်ခဲ့ပြီး မကြာခင်မှာပဲ နယ်စပ်ကို ထွက်သွားခဲ့တာလေ။ သူ့အမေက သေလုနီးပါးဖြစ်ခဲ့ပြီး သူက အစေခံမတစ်ယောက်ကို ဒုတိယဇနီးအဖြစ် လက်ထပ်ခဲ့တာ! သူ(မ)က မြို့တော်က အထီးကျန်ဆန်တဲ့ အိမ်ကြီးကို စောင့်ကြပ်နေခဲ့ရတယ်။ မင်းကျတော့ကော။ သူ့ကို လက်ထပ်ရင် မင်းက မုဆိုးမ ဖြစ်သွားလိမ့်မယ်"

ယန်ရှီက မျက်မှောင်ကြုတ်သွားပြီး အနေရခက်သွားသည်။

လုစစ်လင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စုယွီ၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။

ဝေ့ကျန့်ယန်၏ လည်ချောင်းများ တင်းကျပ်သွားပြီး နောက်ဆုံးတွင် သူမက သူ့ကို ကြည့်လိုက်သည်။

စုယွီက ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး အံတုသောဟန်ဖြင့် မဲ့ပြုံး ပြုံးလိုက်သည်။

"မင်း အခု ဒေါသထွက်နေတာကို ငါ နားလည်ပါတယ်။ ငါ တစ်လလောက် စောင့်နိုင်တယ်။ တစ်လကြာရင် မင်းကို လက်ထပ်ဖို့ ငါ့ကို လာတောင်းပန်ရလိမ့်မယ်"

ဝေ့ကျန့်ယန်၏ မျက်နှာမှာ သွေးဆုတ်သွားပြီး ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာပင် ဆက်နေမိသည်။

စုယွီ၏ မာနမှာ သိသာထင်ရှားသည်။ ဘာပဲဖြစ်ဖြစ် ဝေ့ကျန့်ယန်က အခြားတစ်ယောက်ကို ဘယ်တော့မှ တကယ်တမ်း လက်ထပ်မှာ မဟုတ်ဘူးလို့ သူ အမြဲတမ်း ယုံကြည်ထားခဲ့တယ်။

သူမ ကြောက်ရွံ့တတ်ပြီး အတွေ့အကြုံမရှိသော်လည်း စစ်သူကြီးတစ်ဦးနှင့် ဘဝကို ဖြတ်သန်းရခြင်းမှာ လွယ်ကူမည်မဟုတ်ကြောင်း ဝေ့ကျန့်ယန် သိထားသည်။

သို့တိုင်အောင် သူမက ၎င်းကို သည်းခံပြီး နောက်ဆုံးတွင် သူ့ထံ ပြန်လာလိမ့်မည်၊

သို့သော် သူက သူမအပေါ် ကြင်နာစွာ ဆက်ဆံတော့မည် မဟုတ်ချေ။

(T/N-ဒီနေရာမှာ ပြောချင်တာက ယန်ယန်က ပေလုစစ်လင်နဲ့လက်ထပ်ဖို့သည်းခံမှာပေါ့၊ကြောက်တတ်ပြီးအားနည်းတဲ့ယန်ယန်က သည်းမခံနိုင်တော့တဲ့အချိန် စုယွီဆီ ပြန်လာမယ်။စုယွီက သူ့ကို ကြင်ကြင်နာနာ မဆက်ဆံတော့ဘူးဆိုပြီး အဲ့လိုမျိုး တစ်ယောက်တည်း စိတ်ကူးနဲ့ရူးနေတာ)

"ဝေ့မိသားစုက ကျွန်တော့်ကို ကြိုမဆိုမှတော့ ကျွန်တော် ပြန်ပါတော့မယ်။ ဒါပေမဲ့ ယန်ယန်ကို ပြန်လက်ခံဖို့ ကျွန်တော့်ဆီ လာမတောင်းပန်ကြဖို့ မျှော်လင့်ပါတယ်"

စုယွီက ပြောကာ လှည့်ထွက်သွားခဲ့သည်။

ပညာတတ်တစ်ဦးဖြစ်၍ သေသေချာချာ မကျိန်ဆဲတတ်သော ဝေ့ရှောင်းက စုယွီ၏ ကျောပြင်ကို တံတွေးထွေးလိုက်သည်။

"ဒီခွေးကောင်လေး! ဘာပဲဖြစ်ဖြစ် ယန်ယန်က သူ့ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး"

သခင်မလင်၏ ရင်ထဲ လေးလံသွားသည်။

ဝေ့ကျန့်ယန်ကို လုစစ်လင်က ပွေ့ဖက်ခဲ့သည့်အကြောင်း လူတွေ အတင်းအဖျင်း ပြောကြလိမ့်မည်ကို သူမ သိထားသည်။

နောင်တွင် လက်ထပ်ခွင့်တောင်းသူများ ပိုနည်းသွားပေလိမ့်မည်။ လုစစ်လင်မှလွဲ၍ ပိုကောင်းသော အိမ်ထောင်ဖက် မရှိနိုင်တော့ပေ။

လုစစ်လင်က စုယွီ၏ မာနကို နားလည်ပေမယ့် ဝေ့ကျန့်ယန်တွင် ရွေးချယ်စရာ မရှိသရွေ့ နောက်ဆုံး သူဆီ အညံ့ခံရလိမ့်မယ်ဆိုတာကို သူ သိထားတယ်—သို့သော် သူက စုယွီကိုတော့ အောင်ပွဲခံခွင့် ပေးမည်မဟုတ်ချေ။

"ဦးလေး... အကယ်၍ စိုးရိမ်ပူပန်မှုတွေ ရှိနေသေးရင် ဒီနေ့ ဦးလေးနဲ့ အဒေါ်တို့ရှေ့မှာ ကျွန်တော် သစ္စာဆိုရဲပါတယ်။ ကျွန်တော့်ရဲ့ မြတ်နိုးမှုအားလုံးနဲ့ ယန်ယန် တစ်ယောက်တည်းကိုပဲ စောင့်ရှောက်ပါ့မယ်လို့ ကတိပေးပါတယ်"

သခင်မလင်၏ မျက်လုံးများ နီရဲလာပြီး သခင်မကျန်းက သူမကို နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။

"သစ္စာဆိုမလား"

သခင်မလင်က မေးလိုက်သည်။

လုစစ်လင်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

သူက ဒူးတစ်ဖက်ထောက်ကာ ဓားတစ်လက်ကို ကိုင်မြှောက်လိုက်သည်။

"ကျွန်တော်သာ ယန်ယန်ကို သစ္စာဖောက်ခဲ့ရင် ဒီလုမိသားစုဓားနဲ့ ကျွန်တော့်ဦးခေါင်းကို ဖြတ်နိုင်ပါတယ်"

သခင်မလင်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး လေးနက်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

"ကောင်းပြီ။ ဒါပေမဲ့ မင်း ငါ့ကို တစ်ခု ကတိပေးရမယ်"

"အဒေါ် ခိုင်းသမျှ ကျွန်တော် အကုန်လုပ်ပါ့မယ်"

လုစစ်လင်က ပြန်ဖြေသည်။

"မင်း ယန်ယန်ကို လက်ထပ်ပြီးရင် စစ်သည်တစ်ယောက်အနေနဲ့ ဆက်မလုပ်တော့ဘူးလို့ ကတိပေးရမယ်"

သခင်မလင်က ပြောလိုက်၏။

လုစစ်လင် တွေဝေသွားပြီး ဝေ့ကျန့်ယန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"ကျွန်တော်..."

"မင်း မသဘောတူဘူးလား"

လုစစ်လင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းကို ငုံ့လိုက်သည်။

"ကျွန်တော်... သဘောမတူနိုင်ပါဘူး"

တိုင်းပြည်က သူ့ကို လိုအပ်နေတယ်။ နယ်စပ်ရှိ ပြည်သူများက သူ့ကို အားကိုးနေကြတယ်။ သူ့ဖခင်က ယုံရွှယ်တံခါးဝမှာ တပ်စွဲကာ တိုင်းပြည်ကို ကာကွယ်နေတယ်။

ပေ့တိတို့နှင့် စစ်ဖြစ်ခြင်းက မလွဲမသွေ ဖြစ်လာလိမ့်မည်။ သူက တိုင်းပြည် ဒုက္ခရောက်နေချိန်တွင် မြို့တော်၌ ခိုအောင်းကာ စည်းစိမ်ယစ်မူးပြီး နေထိုင်နိုင်မည် မဟုတ်ပေ။

"သူ စစ်သူကြီးတစ်ယောက် ဖြစ်နေရင်တောင် သမီး သူ့ကို ချစ်ပါတယ်"

ဝေ့ကျန့်ယန်က မျက်ရည်ဝဲလျက် ပြောလိုက်သည်။ သူမက လုစစ်လင်၏ဘေးတွင် ဒူးထောက်လိုက်၏။

"စစ်သူကြီးတွေသာ မရှိရင် တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရှိမှာ မဟုတ်ဘူး။ အမေ... အမေ သမီးကို စေတနာရှိမှန်း သမီးသိပါတယ်၊ ဒါပေမဲ့ သမီးကို ကြောက်လားလို့ တစ်ခါလောက်ပဲဖြစ်ဖြစ် မေးဖူးလား။ သမီး မကြောက်ဘူး! အိမ်ကြီးကို တစ်ယောက်တည်း စောင့်ရမှာ မကြောက်သလို စစ်သူကြီးရဲ့ဇနီး ဖြစ်ရမှာကိုလည်း မကြောက်ပါဘူး၊ သူ မရှိတဲ့အချိန်တွေကိုလည်း မကြောက်ပါဘူး။ စုယွီက တစ်လနေရင် သမီး သူ့ဆီ လာတောင်းပန်လိမ့်မယ်လို့ ထင်နေတာ၊ ဒါပေမဲ့ သမီး လာမှာမဟုတ်ဘူး။ သမီး စစ်သူကြီး လုစစ်လင်ကို လက်ထပ်ပြီး ဝေ့ကျန့်ယန်မှာလည်း သူ(မ)ရဲ့ ဂုဏ်သိက္ခာရှိတယ်ဆိုတာ သက်သေပြမယ်!"

သခင်မလင်၏ ရင်ထဲတွင် နာကျင်သွားသည်။

"ယန်ယန်..."

ဝေ့ကျန့်ယန်သည် မျက်ရည်များ စီးကျနေရင်း သူမ၏ မိဘများနှင့် အစ်ကိုဖြစ်သူကို ကြည့်လိုက်သည်။

"သမီး လျှောက်မယ့်လမ်းကို သမီးကိုယ်တိုင် ရွေးချယ်ပြီးပြီ၊ သမီးကိုယ်တိုင်ပဲ လျှောက်လှမ်းသွားမှာပါ”

All Chapters