အခန်း ၂၉၁
Vol. 30 Ch. 291
အခန်း (၂၉၁) - လာမည့်လတွင် လုအိမ်တော်၌ တွေ့ကြမည်
"ကျွန်မကို အထင်သေးမှာလား..."
လုစစ်လင်က သူမကို ပြုံး၍ စိုက်ကြည့်နေသည်။ ရှက်သွေးဖြာနေတဲ့ သူမကို မြင်လျှင် သူက ရှေ့သို့ ရုတ်တရက် တိုးလာကာ မျက်ရည်ဝဲနေသော မျက်ဝန်းလေးများကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။
ဝေ့ကျန့်ယန် ခဏမျှ ကြက်သေသေသွားပြီးနောက် အထိတ်တလန့်ဖြင့် မော့ကြည့်လိုက်၏။
လုစစ်လင်က အလိုလိုက်သည့်ဟန်ဖြင့် ပြုံးလိုက်ကာ သူမ၏ နီရဲနူးညံ့နေသော ပါးပြင်လေးများကို လက်ဝါးကြီးများဖြင့် ခပ်ဖွဖွ ဖိကိုင်လိုက်သည်။
"ကဲ... မင်းမိဘတွေ ကိုယ့်ကို မကြာခင် မောင်းထုတ်တော့မယ် ထင်တယ်။ မှတ်ထား၊ ကိုယ့်ဓားက ကိုယ့်အသက်ပဲ။ အခု ကိုယ့်အသက်ကို မင်းဆီ ပေးအပ်လိုက်ပြီဆိုတော့ ကိုယ့်ခံစားချက်တွေကို မင်း နားလည်သင့်ပါပြီ။"
သူ မဏ္ဍပ်ထဲမှ နောက်ဆုတ် ထွက်ခွာသွားပြီးနောက် လက်တစ်ဖက်ကို ပျင်းရိပျင်းတွဲ မြှောက်ပြကာ နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေး ပြုံးလိုက်သည်။
"ဝေ့ကျန့်ယန်... လာမယ့်လကျရင် လုအိမ်တော်မှာ တွေ့ကြမယ်။"
ဝေ့ကျန့်ယန်၏ မျက်နှာတစ်ခုလုံး ရဲတွတ်သွားသည်။
အစေခံမလေး ရယ်သံလုံအောင် အောင့်ထားတာကို ကြားလိုက်ရမှသာ သူမ သတိပြန်ဝင်လာသည်။
"သခင်မလေး... မျက်နှာကြီး အရမ်းနီနေပြီ!"
"နင့်သခင်မကို ရယ်ရဲတယ်ပေါ့လေ။ မှတ်ပြီသာ အောက်မေ့ - အား!"
ပိုက်ထားသော ဓားရှည်ကြီးက လေးလွန်းသဖြင့် ဝေ့ကျန့်ယန် ဟန်ချက်ပျက်ကာ ဓားနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ကျန်းကျစ် ကမန်းကတန်း ပြေးလာပြီး သူမကို ထူပေးရင်း ရေရွတ်လိုက်သည်။
"ဘယ်သခင်လေးကများ သူ့စေ့စပ်ထားတဲ့သူကို ဒီလောက် ကြီးမားတဲ့ လက်ဆောင်ကြီး ပေးဖူးလို့လဲ။"
ဝေ့ကျန့်ယန် ပြုံးလိုက်ပြီး ဓားကို တင်းကျပ်စွာ ပြန်ဖက်ထားလိုက်သည်။ သူမ မျက်ဝန်းများက ဂုဏ်ယူဝင့်ကြွားမှုများဖြင့် တောက်ပနေ၏။
"ဒါက သူ့အသက်လေ။"
ကျန်းကျစ် သက်ပြင်းချလိုက်သည်။
"စစ်သူကြီးမျိုးရိုးထဲ အိမ်ထောင်ပြုရမှာဆိုတော့... သခင်မလေး တကယ်ပဲ ပျော်ရပါ့မလား။"
သူမကို ကြည့်ရတာ နူးညံ့သိမ်မွေ့ပုံ ပေါက်သော်လည်း ဤလမ်းကို သူမကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤခင်ပွန်းလောင်းကို သူမကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး၊ မင်္ဂလာရက်ကိုပင် ညပေါင်းများစွာ အိပ်မပျော်ဘဲ သူမ သေချာရွေးချယ်ထားခဲ့ခြင်းပင်။
"အချိန်တန်ရင် အရာအားလုံး သူ့ဟာသူ ဖြစ်လာမှာပါ။"
ဝေ့ကျန့်ယန်က ညင်သာစွာ ပြောလိုက်သည်။
"မဖြစ်သေးတာတွေ တွေးပြီး ပူစရာ မလိုပါဘူး။ သူ တုန်းကျင်းမြို့တော်ကနေ ထွက်သွားရင်တောင်၊ ငါက သူ့နောက် မလိုက်နိုင်ဘူးလို့ ဘယ်သူပြောလဲ။"
ဒီနေ့ တစ်နေ့လုံး အဆင်ပြေချောမွေ့သဖြင့် ရွှယ်နင်လည်း စိတ်အခြေအနေ ကောင်းမွန်နေသည်။ သူမ လင်အိမ်တော်တွင် နေ့လယ်စာစားပြီး အတန်ကြာ နေထိုင်ခဲ့သည်။
သခင်မလင်နှင့် သခင်မကျန်းတို့ သီးသန့် စကားပြောနေချိန်တွင် ရွှယ်နင်က ဝေ့ကျန့်ယန်ကို သွားရှာသည်။
ရက်အနည်းငယ်မျှ အစားအသောက် ကောင်းကောင်းမစားခဲ့ရသော ဝေ့ကျန့်ယန်က နောက်ဆုံးတော့ အားရပါးရ စားသောက်နိုင်သွားပြီ။ သူမ၏ ပါးမို့မို့လေးများက လောဘကြီးသော ကြောင်ပေါက်စလေးနှင့် တူနေသဖြင့် သူမရဲ့ အစ်ကိုဖြစ်သူက သူမကို စချင်စရာကောင်းတယ်လို့ အမြဲပြောလေ့ရှိတာ မဆန်းပေ။
"ဖြည်းဖြည်းစားပါ၊ ဘယ်သူမှ လုမစားပါဘူး။"
"ဒီရက်ပိုင်း အရမ်းဆာနေခဲ့တာ။"
"ငါ့အစ်ကိုအတွက်နဲ့ နင် ဒီလောက်တောင် အပင်ပန်းခံခဲ့တာလား။"
ဝေ့ကျန့်ယန် ရေနွေးကြမ်း တစ်ငုံသောက်လိုက်ပြီး သူမဘေးရှိ ဓားရှည်ကြီးကို လှမ်းကြည့်လိုက်သည်။
"ဘာကြောင့်မှန်းတော့ မသိဘူး၊ ငါ စုယွီကို လက်မထပ်နိုင်ဘူးလို့ ခံစားရတယ်။ သူ့ဇနီးဖြစ်ရမယ်ဆိုတဲ့ အတွေးက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်၊ အော့အန်ချင်စိတ်တောင် ပေါက်လာတယ်။"
ရွှယ်နင်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။
"နင်—"
"ဟင်?"
ဝေ့ကျန့်ယန် မျက်လုံးဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"ရှောင်နင်... နင် ဘာပြောမလို့လဲ။"
ရွှယ်နင် ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ နင်နဲ့ ငါ့အစ်ကိုက ဖူးစာဖက်တွေလို့ တွေးမိလို့ပါ။ နင် သူ့ကို စိတ်ချလက်ချသာ လက်ထပ်လိုက်ပါ။ သူ နင့်အပေါ် ကောင်းကောင်းဆက်ဆံမှာပါ၊ မယားငယ်တွေ ထားမှာမဟုတ်သလို ဘယ်တော့မှလည်း ဖောက်ပြန်မှာ မဟုတ်ဘူး။"
ဘာပဲဖြစ်ဖြစ်၊ အရင်ဘဝကလည်း သူ အခြားမိန်းမများနှင့် အမှန်တကယ် ပတ်သက်ခဲ့ခြင်း မရှိခဲ့ပေ။
ဝေ့ကျန့်ယန်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး စနောက်လိုက်သည်။
"ဒါဆို ငါက နင့်ယောင်းမပေါ့။ နင် ငါ့စကားကို နားထောင်ရမယ်နော်။ ဒါနဲ့၊ မကြာခင် ကြင်ယာတော်ရှောင်ရှူရဲ့ မွေးနေ့ပွဲ ကျင်းပတော့မယ်။ နင်ရော ရှီဇီလီနဲ့အတူ နန်းတော်ကို သွားမှာလား။"
သူမ၏ ဖြူစင်ပျော်ရွှင်နေမှုကို မြင်လိုက်ရသဖြင့် ရွှယ်နင်၏ ရင်ထဲတွင် နွေးထွေးနူးညံ့သွားရသည်။
"သွားဖို့ လိုအပ်လောက်တယ်၊ အရင်က ဖူရှန်း ပြောဖူးတယ်။"
ဝေ့ကျန့်ယန် ရွှယ်နင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါက နန်းတွင်းပွဲဆိုတော့ ငါလည်း သွားရမှာ။ ငါ့ကို လာရှာဖို့ မမေ့နဲ့နော်၊ နင့်ကို ငါ ခေါ်သွားပေးမယ်။"
ရွှယ်နင် ညင်သာစွာ ပြုံးလိုက်သည်။
"ကောင်းပါပြီ။ ပထမဆုံးအကြိမ် သွားရမှာဆိုတော့ နင့်ကိုပဲ အားကိုးရတော့မယ်။"
ကြင်ယာတော်ရှူသည် ဧကရာဇ်၏ အချစ်ဆုံး မိဖုရားဖြစ်ပြီး၊ ဒုတိယမိဖုရားခေါင်ကြီးနှင့် တန်းတူ အဆင့်အတန်းရှိသူ ဖြစ်၏။ အိမ်ရှေ့မင်းသား၏ မိခင်ဖြစ်သော လက်ရှိ မိဖုရားခေါင်ကြီးမှာမူ အေးစက်လှသော အအေးနန်းဆောင်တွင် အကျယ်ချုပ်ကျခံနေရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
မိဖုရားခေါင်ကြီး၏ သတင်းအစအန မကြားရသည်မှာ အနှစ်နှစ်ဆယ်နီးပါး ရှိခဲ့ပြီဖြစ်၏။ သမိုင်းတစ်လျှောက်တွင် မိဖုရားခေါင်ကြီးများ၏ ကံကြမ္မာမှာ ကောင်းလှသည်ဟူ၍ ခပ်ရှားရှားပင်။ ကောလာဟလများအရ ဧကရာဇ်က ကြင်ယာတော်ရှူအတွက် မိဖုရားခေါင်ကြီးကို တိတ်တဆိတ် သတ်ပစ်လိုက်ပြီဟု ဆိုကြသော်လည်း၊ သူမ၏ မိသားစုက တရားဝင် ကြေညာခြင်းမပြုနိုင်ရန် တားဆီးထားခဲ့ခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး မျက်နှာသာပေးမခံရတော့သဖြင့်၊ သားတော်ကြီး ချင်ဟွမ်မှာ လန်ယွမ်တွင် အကျယ်ချုပ်ကျခံနေရသည်။ ဧကရာဇ်၏ ကျန်းမာရေးမှာ တစ်နေ့တခြား ဆုတ်ယုတ်လာသော်လည်း အိမ်ရှေ့စံ မခန့်အပ်ရသေးသဖြင့် နန်းတွင်း၌ ရှုပ်ထွေးလှုပ်ခတ်နေ၏။
ထို့ကြောင့် ကြင်ယာတော်ရှောင်ရှူ၏ မွေးနေ့ပွဲအခမ်းအနားအတွက် အကြီးဆုံးမင်းသား လန်ယွမ်မှ လွတ်လာပြီး ဒုတိယမင်းသားနှင့်အတူ ကြင်ယာတော်ရွေးချယ်မှာ ဖြစ်သည်။
"ငါကြားတာတော့ ဒီမွေးနေ့ပွဲက ဒုတိယမင်းသားအတွက် သတို့သမီးရွေးချယ်ဖို့ ကြင်ယာတော်ရှောင်က စီစဉ်ထားတာလို့ သတင်းထွက်နေတယ်။ ဒုတိယမင်းသားက အရွယ် ရောက်နေပေမယ့် လက်မထပ်ရသေးဘူးလေ။ကြင်ယာတော်ရှောင်က စိုးရိမ်ပူပန်နေလောက်ပြီ။အဲ့ဒါကြောင့် အခု ဖိတ်ကြားခံရတဲ့သူတွေက အထက်တန်းလွှာ အသိုင်းအဝိုင်းက သမီးပျိုတွေပဲတဲ့။ အော် ပြီးတော့ အကြီးဆုံးမင်းသား၊သူလည်း လက်မထပ်ရသေးဘူးလေ။ အဖေပြောတာတော့ အရှင်မင်းကြီးက အကြီးဆုံးမင်းသားအတွက်လည်း လက်ထပ်ပွဲရွေးဖို့ စီစဉ်ထားတယ်တဲ့။ဘယ်သူက ပထမဆုံး မြေးတော်ကို မွေးဖွားပေးနိုင်မလဲ၊ ဘယ်သူက နန်းမွေဆက်ခံသူ ဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက်လို့ ပြောကြတာပဲ။ ဒါပေမယ့် အဲ့ဒါတွေက ကောလာဟလတွေပဲဆိုတော့ အတည်ယူလို့တော့ မရပါဘူး"
ရွှယ်နင်က မေးလိုက်သည်။
"ဒါဆို အဲဒီနေ့ကျရင် နန်းတော်ကို နင် သွားမှာလား။"
ဝေ့ကျန့်ယန် ခဏမျှ စဉ်းစားလိုက်သည်။
"ဖိတ်စာက ရောက်နေပြီဆိုတော့ မသွားရင် မသင့်တော်ပါဘူး။"
သူမက ရှက်သွေးဖြာကာ အရူးလေးလို တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
"သွားတော့လည်း ဘာအကျိုးယုတ်သွားမှာမို့လို့လဲ။ ပြီးတော့ မင်းသားနှစ်ပါးလုံးက ငါ့ကို မျက်စိကျမှာ မဟုတ်သလို၊ ငါကလည်း နင့်အစ်ကိုနဲ့ စေ့စပ်ထားပြီးသားပဲလေ။ မနက်ဖြန် ငါ့အမေကို တရားဝင် ကြေညာခိုင်းလိုက်မယ်၊ ဒါမှ ငါတို့ ကြိုတင်ပြင်ဆင်လို့ ရမှာပေါ့။"
ရွှယ်နင် ပြုံးလိုက်ရင်း အရင်ဘဝက နန်းတွင်းပွဲတစ်ခုကို ပြန်အမှတ်ရသွားသည်။ ထိုစဉ်က သူမက စုကျန်း၏ ဇနီးဖြစ်ခဲ့သော်လည်း၊ သူနှင့်အတူ ပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။
သူ့ဘေးမှာရှိနေခဲ့တာက မင်းသမီးရှို့နင်းပင်။
အဲ့ဒါက မနာကျင်ဘူးလို့ပြောရင် လိမ်ရာရောက်လိမ့်မယ်။
ထိုနေ့တစ်နေ့လုံး သူမ သိပ်မစားနိုင်ဘဲ သူ့ကို စိုးရိမ်တကြီး စောင့်မျှော်နေခဲ့သော်လည်း၊ သူ ပြန်မလာခဲ့ပေ။ ထိုညက ခြံဝင်းရှေ့မှ ဆူညံသံများကြောင့် သူမ လန့်နိုးလာခဲ့ရပြီး တစ်အိမ်တော်လုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။
၎င်းက သခင်မကြီးရှဲ့နှင့် ကိုယ်လုပ်တော်နျဲ့တို့ကို အလန့်တကြား ဖြစ်သွားစေခဲ့သည်။
သခင်မကြီးရှဲ့က သူမ၏အခမ်းအနားဝတ်စုံကို ဝတ်ဆင်၍ နန်းတော်သို့ ချက်ချင်းသွားခဲ့သည်။
ထိုအချိန်တုန်းက သူမ နှလုံးခုန်မြန်နေခဲ့ပြီး ဘာတွေဖြစ်ပျက်နေတာလဲဆိုတာကို မသိရပေ။
သူမ သိချင်စိတ်ပြင်းပြစွာဖြင့် အရှေ့ခြံဝင်းကို သွားရောက်စုံစမ်းသော်လည်း အိမ်တော်ရှိ ဘယ်သူမှ အသေးစိတ် မသိကြပေ။
နောက်ပိုင်းမှ နန်းတော်ထဲတွင် နယ်စားမင်းစု ပါဝင်ပတ်သက်သည့် ကိစ္စတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိခဲ့ရသည်။
အတိအကျ ဘာဖြစ်ခဲ့သလဲဆိုတာကိုတော့ တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားခဲ့၏။
ထိုဖြစ်ရပ်မှာ ကြင်ယာတော်ရှူနှင့် ဒုတိယမင်းသားတို့ ညတွင်းချင်း မျက်နှာသာပေးမခံရတော့ဘဲ အကြီးဆုံးမင်းသား နန်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်းပင်။ အရာအားလုံးကို လျှို့ဝှက်ထားခဲ့သဖြင့် သူမက တီးတိုးကောလာဟလများကိုသာ ကြားခဲ့ရသည်။
အဲ့ဒါကို စဉ်းစားကြည့်တော့မှ အားချဲ့က အကြီးဆုံးမင်းသားရဲ့အဖွဲ့နဲ့ ပူးပေါင်းထားပုံရတယ်။
တကယ်ပဲ နန်းတော်ပွဲမှာ အတိအကျ ဘာဖြစ်ပျက်ခဲ့လို့ လူတွေအများကြီးက အဲ့ဒီအကြောင်းကိုပြောဖို့ ရှောင်ကြတာလဲ?
"နင်နင်..."
ဝေ့ကျန့်ယန်က ရွှယ်နင်၏ မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။
"ဘာတွေ တွေးနေတာလဲ။"
ရွှယ်နင် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီး ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ခဏလောက် အတွေးလွန်သွားလို့ပါ။ နောက်ကျနေပြီဆိုတော့ ငါ့အမေဆီ သွားလိုက်ဦးမယ်။ နင့်ကိုယ်နင်လည်း ဂရုစိုက်ဦး ယန်ယန်။ ကောင်းကောင်းစား... နင် အရမ်းပိန်လွန်းနေပြီ။"
ဝေ့ကျန့်ယန်က စနောက်လိုက်သည်။
"သိပါတယ်။ ရှီဇီလီ ငါတို့အိမ်လာပြီး နင့်ကို လာမရှာခင် နင်သာ မြန်မြန်သွားတော့။”