← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄ - နောက်ဆုံးအခွင့်အရေး

သခင်မကျန်း၏ ရင်ထဲ တင်းခနဲ ဖြစ်သွားပြီး ခဏမျှ ကြောင်အမ်းသွားပြီးမှ အမူအရာကင်းမဲ့သော အပြုံးဖျော့ဖျော့လေးတစ်ခုကို မနည်းလုပ်ပြုံးလိုက်သည်။

သူမက မျက်လွှာချကာ နားထင်မှ ဝဲကျနေသော ဆံနွယ်စများကို သပ်တင်လိုက်၏။ သက်ပြင်းရှည်ကြီးတစ်ချက်ကို ရှိုက်သွင်းပြီးနောက် ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို ဆွဲဆန့်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း မြင့်မြတ်သောအမျိုးသမီးတစ်ဦးတွင် ရှိအပ်သည့် တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာကို ပြန်လည်ဖော်ဆောင်လိုက်သည်။

စုယီလီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"မင်း စိတ်ထဲမှာ သူ့ကို အခုထိ လက်မလွှတ်နိုင်သေးဘူးမလား။"

သခင်မကျန်းက သူ့ဘက်သို့ မျက်နှာလွှဲလိုက်ရာ သူမ၏မျက်ဝန်းများသည် အေးစက်ပြီး အလှမ်းကွာဝေးနေသည်။

သူမရဲ့အသံက ခဏ တုန်ယင်သွားပေမယ့် စိတ်ကိုပြန်ထိန်းကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်မ သူနဲ့ လုံးဝ ရိုးသားတယ်။"

သူ့လက်ချောင်းရာများ ထင်ကျန်နေသည့် နီမြန်းရောင်ရမ်းနေသော ပါးပြင်ကို မြင်သောအခါ စုယီလီ၏ စိတ်ထဲတွင် ရှင်းပြမရစွာဖြင့် စိတ်မသက်မသာ ဖြစ်သွားသည်။

"ဘာပဲဖြစ်ဖြစ်၊အခုကစပြီး အိမ်မှာပဲနေပြီး မင်းကိုယ်မင်း ပြန်သုံးသပ်ပါ။ ဒါမှမဟုတ်ရင် ငါ့ဘက်က မင်းကို ကွာရှင်းစာ ပေးဖို့ပဲ ရှိတော့မယ်"

သခင်မကျန်းက မျက်လုံးပင့်ကြည့်လိုက်သည်။

"ကျွန်မကို ကွာရှင်းပြီး မိဘအိမ်ပြန်လွှတ်ရင် ကျွန်မအတွက် ဘာတွေစောင့်ကြိုနေမလဲဆိုတာ ရှင်သိရဲ့လား။"

စုယီလီက နှာခေါင်းရှုံ့လိုက်သည်။

"မင်းက မြင့်မြတ်တဲ့ ကျန်းမိသားစုက လာတာ။ ကွာရှင်းထားတဲ့ မိန်းမတစ်ယောက်အတွက် နေရာမရှိဘူး။ မင်း ပြန်သွားရင် သေလမ်းကလွဲလို့ သွားစရာနေရာ မရှိတော့ဘူး။"

သခင်မကျန်းက ခါးသီးစွာ ရယ်မောလိုက်သည်။

"ဒါဆိုရင် ရှင် နားလည်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။"

စုယီလီသည် သူမအား တကယ်တမ်း မသေစေချင်ပေ။သူ့အမူအရာ ခဏမျှသာ ပျက်သွားပြီး ပြောလိုက်၏။

"ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဦး။ ငါ သွားတော့မယ်"

သူမက သူ့ကို လိုက်မပို့ပေ။ တံခါးပွင့်သွားပြီး အေးစက်သော လေညင်းတစ်ချက် တိုးဝှေ့လာချိန်ကျမှသာ သူမ ခပ်ဖျော့ဖျော့ သတိဝင်လာတော့သည်။

အထိန်းတော်စုန့်သည် သူမသခင်မ၏ တစ်ခြမ်းရောင်နေသော ပါးပြင်ကို မြင်သောအခါ ထိတ်လန့်သွားပြီး ရေနွေးနှင့် ကြက်ဥပြုတ် ပြင်ဆင်ရန် အစေခံမိန်းကလေးအား အလျင်အမြန် စေလွှတ်လိုက်၏။

"နယ်စားမင်းက သူ့ဇနီးကို ဘယ်လိုတောင် ရိုက်ရက်ရတာလဲ။ ဘာပဲဖြစ်ဖြစ် သခင်မက သူ့ရဲ့ တရားဝင်ဇနီးပဲဥစ္စာ..."

အထိန်းတော်စုန့်က မျက်ရည်ဝဲလျက် သခင်မကျန်း၏ မျက်နှာကို ကြည့်ကာ စကားများ ထစ်ငေါ့နေရှာသည်။

သခင်မကျန်းက ခုတင်ခုံအနိမ့်လေးပေါ်တွင် တောင့်တောင့်ကြီးထိုင်ကာ အတွေးကမ္ဘာထဲ နစ်မြောနေ၏။ ဖြည်းဖြည်းချင်းပင် သူမ၏မျက်ဝန်းထဲမှ နောက်ဆုံးကျန်ရှိနေသော မျက်ရည်စများ ဝဲကျလာသည်။ ရင်ဘတ်တစ်ခုလုံး ကွဲအက်မတတ် ခံစားရသဖြင့် သူမ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ မောပန်းနွမ်းနယ်နေသော လက်ကိုမြှောက်ကာ လက်ထပ်ကတည်းက သူမအမေ သူမအတွက် ထည့်ပေးလိုက်သော အားကိုးလာခဲ့ရသည့် အထိန်းတော်စုန့်၏ အိုမင်းနေသော ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။

အခက်အခဲများ ပြည့်နှက်နေသည့် ဒီဘဝမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် စုမိသားစုအတွက် ဖြတ်သန်းခဲ့ပြီးပြီ။

အခုတော့ အစေခံများရှေ့မှာ ခင်ပွန်းဖြစ်သူ၏ ပါးရိုက်ခြင်းကို ခံရကာ လူပုံအလယ်တွင် သိက္ခာချခံလိုက်ရသည်။

အတင်းကြပ်ဆုံး စည်းကမ်းများရှိသည့် အိမ်တော်တွင် လေကျင့်ပျိုးထောင်ခံခဲ့ရပြီး ကျန်းမိသားစု၏ အတော်ဆုံး သမီးရတနာဖြစ်သော သခင်မကျန်းသည် ဤမျှလောက်ကြီးမားသော အရှက်ကွဲမှုကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။

သို့သော် သူမက ဤအိမ်ထောင်ရေးတွင် လှောင်အိမ်ထဲက ငှက်တစ်ကောင်ကဲ့သို့ ပိတ်မိနေပြီး မလွတ်မြောက်နိုင် ဖြစ်နေရသည်။

သူမ ကွာရှင်းခွင့် တောင်းသင့်သလား။

ပထမဆုံးအကြိမ်အဖြစ် သူမ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် မေးခွန်းထုတ်မိ၏။

သခင်မကျန်း အရိုက်ခံရသည့်သတင်းက ရွှမ်းယီနယ်စားမင်းအိမ်တော်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အသက်ကြီးရင့်ပြီဖြစ်သော သခင်မကြီးရှဲ့က ဤကိစ္စကို ကြားသောအခါ အထိန်းတော်စုန့်ကို ခေါ်ယူမေးမြန်းလေတော့သည်။

"ဒါက တုန်းဖျင်မြို့စားမင်းဆီက ကျေးဇူးကြွေးကို ဆပ်တာတင်ပါ"

အထိန်းတော်စုန့်က ရှင်းပြသည်။

"ဒုတိယသခင်လေးက အထင်လွဲသွားတာပါ။ ပြီးတော့ စိတ်မှန်တဲ့သူ ဘယ်သူကများ အစေခံတွေနဲ့ လမ်းသွားလမ်းလာတွေအကုန်လုံး ကြည့်နေတဲ့ တံခါးမကြီးရှေ့မှာ ဗြောင်ကျကျ ဖောက်ပြန်မှာလဲ။ သခင်မကသာ မြို့စားမင်းရှဲ့နဲ့ တကယ်ပတ်သက်မှု ရှိနေရင် ကောင်းကင်ကပဲ မိုးကြိုးပစ်ပါစေတော့။"

ထိုစကားကို ကြားသောအခါ သခင်မကြီးရှဲ့သည် စုယီလီတစ်ယောက် ပရိယာယ်များသော အမျိုးသမီးနျဲ့၏ သွေးထိုးလှည့်စားခြင်းကို ခံလိုက်ရမှန်း ရိပ်မိသွားတော့သည်။

အထိန်းတော်စုန့်သည် မျက်ရည်အပြည့်ဖြင့် သခင်မကြီးရှဲ့၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

"အခု နယ်စားမင်းက ကွာရှင်းဖို့အထိ ပြောနေတာ။ သခင်မကတော့ ရင်ကျိုးမတတ် ခံစားရလွန်းလို့ မတ်တတ်တောင် မရပ်နိုင်ရှာပါဘူး။သူ(မ)က သခင်မကြီးကိုတွေ့ဖို့ ဝမ်ရှို့ခန်းမကို မလာနိုင်တာကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။"

ရာထူးကြီးအရာရှိတစ်ဦးဖြစ်သူ စုကျန်းနှင့် ကျန်းမိသားစု၏ ကျောထောက်နောက်ခံရှိနေသဖြင့် ကွာရှင်းရန်ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

စုမန်က သမီးဖြစ်ပေမယ့် သူမက သခင်မကြီးရှဲ့၏ အချစ်တော်အဖြစ် ကြီးပြင်းလာခဲ့တာ ဖြစ်သည်။

စုမန်ကလည်း မိခင်ဖြစ်သူ အရိုက်ခံရကြောင်း ကြားသောအခါ သခင်မကြီးရှဲ့၏ရှေ့တွင် သည်းထန်စွာ ငိုကြွေးပြီး မေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။

အခြေအနေများ ပိုမိုကြီးထွားလာတာကို မြင်သောအခါ သခင်မကြီးရှဲ့ကိုယ်တိုင် သခင်မကျန်းဘက်မှ မတ်တတ်ရပ်၍ ကာကွယ်ပေးခဲ့သည်။

ကိုယ်လုပ်တော်နျဲ့၏ အခန်းထဲတွင် အောင်းနေသော စုယီလီလည်း သခင်မကျန်းအား တောင်းပန်ရန် ဆင့်ခေါ်ခြင်း ခံလိုက်ရသည်။

စုယီလီသည် မတတ်သာဘဲ ခေါင်းငုံ့လိုက်ရသည်။ ဆယ်စုနှစ်ချီ လက်တွဲလာခဲ့သည့် လင်မယားပီပီ တစ်ဦးအကြောင်းတစ်ဦး ကောင်းကောင်းသိကြသည်။

သခင်မကျန်း၏ မာနတရားအရ ဖောက်ပြန်မယ့်သူ မဟုတ်ကြောင်း သူနားလည်တယ်။ သူ ဒေါသတကြီး ပြုမူမိတာက မနာလိုစိတ်နှင့် အထင်လွဲမှုကြောင့်ပဲ။ တစ်ဖက်တွင်လည်း သူမက သူ ကွာရှင်းလိမ့်မည်မဟုတ်မှန်း အခိုင်အမာသိနေသဖြင့် သူ့တုံ့ပြန်မှုကို အကဲခတ်ရန် ဒဏ်ရာရထားသော ပုံစံမျိုးဖြင့် ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။

စုယီလီ တောင်းပန်လိုက်သဖြင့် ဤကိစ္စသည် ပြီးအေးသွားခဲ့သည်။ ငယ်ရွယ်စဉ်က သံယောဇဉ်များ မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း အပြန်အလှန် လေးစားသော အိမ်ထောင်ရေးတစ်ခုကိုတော့ ထိန်းသိမ်းထားနိုင်ဆဲပင်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်လုံးလုံး သူတို့က ဒီလိုမျိုးပဲ ရန်ဖြစ်လိုက်၊ အဆင်ပြေသွားလိုက်ဖြင့် သေးငယ်သော အဖုအထစ်များကို ကျော်ဖြတ်ခဲ့ကြသည်။

တောင်းပန်ပြီးနောက် သူက သခင်မကျန်းအား တစ်ချက်လှမ်းကြည့်ကာ ချိုးရွှေဥယျာဉ်ထဲမှ ထွက်ခွာသွားခဲ့သည်။

သခင်မကျန်းသည် လိုဟန်ကုတင်ပေါ်တွင် ဝတ်ရုံကို ခြုံကာ ထိုင်နေသည်။ သူမ၏ ဆံပင်နက်နက်များက ပခုံးပေါ်သို့ ဝဲကျနေပြီး နုနယ်ကာ သနားစရာကောင်း၏။ ယခင်ကလည်း ရန်ဖြစ်ဖူးပေမယ့် မည်သည့်အရာကမျှ ယခုအကြိမ်ကဲ့သို့ သူမ၏နှလုံးသားကို အေးစက်မသွားစေခဲ့ဖူးချေ။

စုမန်သည် မိခင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားရင်း စိတ်မကောင်းဖြစ်နေ၏။

သို့ပေမယ့် သခင်မကျန်းက မငိုပေ။သူမ၏ မျက်လုံးများ နီရဲနေသော်လည်း အတင်းလုပ်ပြုံးပြလိုက်သည်။

"မန်မန်... အမေက အားနည်းလွန်းတယ်လို့ သမီးထင်လား"

စုမန်က နှုတ်ခမ်းစူလိုက်သည်။

"မဟုတ်ပါဘူး... သနားစရာကောင်းလို့ပါ"

သခင်မကျန်း အံ့ဩသွား၏။

"သနားစရာကောင်းတာလား?"

"ဟုတ်တယ်"

စုမန်က ပြောလိုက်၏။

"အဖေက အမေ့ကို ရိုက်လိုက်တာ ပါးတောင် ရောင်နေပြီ။"

သခင်မကျန်းသည် သူမ၏ပါးကို ပြန်ကိုင်ကြည့်လိုက်သော်လည်း နာကျင်မှုကို မခံစားရဘဲ ရင်ထဲတွင်သာ ပို၍ လေးလံစွာ နာကျင်နေမိသည်။ ၎င်းက ကျောက်တုံးကြီးတစ်ခုက သူမရင်ဘတ်ကို ဖိထားသကဲ့သို့ လေးလံနေပြီး အသက်ရှူရခက်နေသည်။

သူမသည် စိတ်ကိုတင်းကာ စုမန်ကို ပြန်လည်နှစ်သိမ့်ပေးလိုက်၏။

သမီးဖြစ်သူ ထွက်သွားပြီးနောက် ကျယ်ဝန်းသော ခြံဝင်းကြီးမှာ ယခင်ကထက် ပို၍ ခြောက်ကပ်သွားသလို ခံစားရသည်။

အပြင်ဘက်တွင် မိုးဖွဲဖွဲလေး ရွာသွန်းနေ၏။

သခင်မကျန်းသည် သေတ္တာထဲမှ သူမနှင့် စုယီလီတို့၏ အိမ်ထောင်ရေးစာချုပ်ကို ထုတ်ယူလိုက်ရာ မှိန်ပျပျ ဖယောင်းတိုင်မီးအောက်တွင် သူတို့ငယ်ရွယ်စဉ်က ရေးထိုးခဲ့သည့် လက်ရေးလှလှလေးများကို မြင်တွေ့ရသည်။

"စုယီလီ... ရှင့်ကို ကျွန်မ နောက်ထပ် အခွင့်အရေး တစ်ကြိမ်ပဲ ပေးမယ်"

သခင်မကျန်းသည် စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်တော့သည်။

........

တစ်ဖက်တွင်မူ စုကျန်းသည် စုအိမ်တော်တွင် ဖြစ်သွားသော ရုန်းရင်းဆန်ခတ်ကိစ္စကို မသိရှိသေးပေ။ နာမည်ကျော် "ရေတွင်းဟောင်း" လူသတ်မှုကြီးမှာ ပေါ်ပေါက်သွားခဲ့ပြီဖြစ်ပြီး တရားရေးဝန်ကြီးဌာန၌ တရားခံကို စစ်ဆေးမေးမြန်းနေပြီ ဖြစ်သည်။

ထိုနေရာတွင် စုကျန်းနှင့် လီချန်ချဲ့တို့လည်း ရှိနေကြ၏။

ဝန်ကြီးဌာနအပြင်ဘက်ရှိ လူအုပ်ကြီးသည် အသက်နှစ်ဆယ်ကျော်အရွယ်၊ မျက်ဝန်းထဲတွင် ခြောက်ခြားဖွယ်ထက်မြက်မှုများ ရှိနေသည့် ဖြူဖျော့ပြီး နုနယ်သော လူသတ်သမားကို ဝိုင်းအုံကြည့်နေကြသည်။ သူက လူတစ်ဒါဇင်ကျော် သတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ တရားရေးဝန်ကြီးဌာနက သူ့ကို ချက်ချင်း ထောင်သွင်းအကျဉ်းချပြီး ကွပ်မျက်ရန် အမိန့်ချမှတ်လိုက်သည်။

အရာရှိများအားလုံး သက်ပြင်းချနိုင်သွားကြပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အသတ်ခံရမည့်ဘေးမှ တားဆီးပေးခဲ့သည့် လီချန်ချဲ့ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

ယခင်က လီချန်ချဲ့ကို အရည်အချင်းမရှိသော အခွင့်ထူးခံ သခင်လေးတစ်ဦးဟုသာ ထင်မှတ်ထားကြသော်လည်း ယခုမူ သူ၏စွမ်းဆောင်ရည်က အားလုံးကို အံ့အားသင့်စေခဲ့သည်။

"မိုးလည်းရွာနေတာဆိုတော့ သခင်လေးလီ... ကျွန်တော်တို့ အပေါ်ထပ် တက်ပြီး အရက်လေးဘာလေး သောက်ကြမလား"

အရာရှိကျူးက အကြံပြုလိုက်သည်။

"မလိုပါဘူး"

လီချန်ချဲ့က ထရပ်ရင်း အေးစက်စွာ ငြင်းပယ်လိုက်သည်။

ထို့နောက် စုကျန်းကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်၏။

"ကျွန်တော် ဇနီးသည်ကို အိမ်ပြန်ပြီး ညစာတူတူစားမယ်လို့ ကတိပေးထားတယ်။ ပြီးရင် ပညာရှိအမတ်ကြီးဝေ့ရဲ့ အိမ်တော်ကနေ သူ(မ)ကို သွားကြိုရဦးမယ်။”

All Chapters