အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) - လိမ္မာစွာ ပြုမူခြင်း
မနှစ်က သူတို့ပထမဆုံး ဆုံတွေ့စဉ်တုန်းက သူက အေးစက်ပြီး လောကီကိလေသာကင်းစင်တဲ့ ရုပ်ရည်ရှိတယ်လို့ သူမ အမြဲတွေးခဲ့မိတယ်။ မထင်မှတ်ဘဲ ကုတင်ပေါ်မှာတော့ သူက အကွက်အဆန်းမျိုးစုံဖြင့် ကျီစယ်တတ်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့တယ်။
အထူးသဖြင့် မကြာသေးမီက သူ့ရဲ့ကျွမ်းကျင်မှုများက ပိုပြီးတော့တောင် တိုးတက်လာခဲ့သေးတယ်...
အမှန်တော့ သူမလည်း သဘောကျမိပါတယ်.. ထို့အပြင် အကြိမ်တိုင်းတွင်လည်း ပြီးဆုံးသွားမှာကို သူမ မလိုလားခဲ့ချေ။
သို့သော် သူမ မခံမရပ်နိုင်ဖြစ်ရသည့် အချိန်များလည်း ရှိခဲ့သည်။
"ကိုယ် ဘာဖြစ်နေမှန်း မသိဘူး၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူး ဖြစ်နေတာ။"
လီချန်ချဲ့က သူမကို ဆွဲထူကာ နဖူးချင်း အသာအယာ တိုက်လိုက်ရင်း တိုးတိုးလေး ရယ်မောလိုက်သည်။
"ကိုယ်က မင်းအပိုင်ပဲ။ နင်နင် သဘောကျသရွေ့ ကိုယ့်ကို တစ်သက်လုံး အသုံးချလို့ရတယ်။ တကယ်လို့ မကြိုက်ရင် ကိုယ့်ကို တန်းပြောနော်၊ ဟုတ်ပြီလား။"
သူ့အသံမှာ စွဲမက်ဖွယ်ဆေးတစ်ခွက် ခတ်ထားသကဲ့သို့ ဩရှရှနှင့် နက်ရှိုင်းနေသည်။
ထိုစကားကြောင့် ရွှယ်နင်၏ နားရွက်များ ပူနွေးသွားသည်။ သူမက နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် ခပ်ဟဟဖြစ်နေသော သူ့ရင်ဘတ်ကို လက်ချောင်းလေးဖြင့် အသာတို့ကာ နှမြောတသစွာ သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ၊ ဒီရက်ပိုင်းတော့ ရှင့်ကို သုံးလို့မရတော့ဘူး။"
လီချန်ချဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း မေးသည်။
"ဘာလို့လဲ"
"ကျွန်မ..."
ရွှယ်နင်က ထိုအမျိုးသား၏ ကျယ်ပြန့်ပြီး နွေးထွေးသော ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
"ရာသီလာနေလို့။"
သူမ ရာသီလာပြီဆိုသည်မှာ ကိုယ်ဝန်မရှိတာ သေချာသွားသဖြင့် စိတ်ချရပြီဟု အဓိပ္ပာယ်ရသည်။
လီချန်ချဲ့၏ မျက်ဝန်းများ အနည်းငယ် နက်မှောင်သွားသည်။ သူ့လက်ဝါးကြီးက အောက်သို့ ရွှေ့သွားကာ သူမ၏ ချပ်ရပ်သော ဗိုက်ကလေးပေါ် အသာအယာ ဖိပွတ်ပေးရင်း ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။
"ဗိုက်အောင့်ရင် ကိုယ့်ကိုပြောနော်"
ရွှယ်နင်က ကျေနပ်အားရစွာဖြင့် ညည်းညူလိုက်သည်။
"အင်း။"
ထိုအမျိုးသား၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း ရွှယ်နင်သည် တစ်ညလုံး အိမ်မက်မက်ခြင်းမရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
သူမ နိုးလာသောအခါ အပြင်၌ လင်းထိန်နေပြီး ပြတင်းပေါက် ကွက်ဆန်းများကြားမှတစ်ဆင့် နွေးထွေးသော နေရောင်ခြည်များ ဖြာကျနေသည်။
ကုတင်လိုက်ကာအတွင်း၌ ငန်းသစ်တော်သီး အမွှေးရနံ့များ သင်းပျံ့နေဆဲဖြစ်သော်လည်း ထိုအမျိုးသားကမူ သူမအနားတွင် မရှိတော့ချေ။
အားဟွမ်လေးကမူ သူမ၏ ဗိုက်ပေါ်တွင် မတ်မတ်ထိုင်နေသည်။ သူမ မျက်လုံးပွင့်လာဝာာကို မြင်သောအခါ ၎င်းက သမ်းဝေလိုက်ပြီး မကျေနပ်သလိုမျိုး အကြိမ်အနည်းငယ် အော်မြည်လေသည်။
"ကောင်လေး၊ ဘာလို့ အော်နေတာလဲ။"
"မြောင်..."
"အားဟွမ်လေး၊ မေမေ နားထောင်ဖို့ လူစကားလေး ဘာလေး ပြောပါဦး။"
"မြောင်၊ မြောင်၊ မြောင်..."
ထိုကောင်လေးမှာ တော်တော်လေး စိတ်တိုနေပုံရပြီး သူ၏ အော်သံများမှာ ရှည်လျားကာ ကျယ်လောင်နေသည်။
ရွှယ်နင်က ရယ်ချင်သွားပြီး လက်လှမ်းကာ သူ့ပါးကို အသာဆိတ်လိုက်သည်။
အနီးနားရှိ အစာခွက်ထဲတွင် ကြောင်စာများ တစ်ဝက်ခန့် ကျန်ရှိနေသေးပြီး ရေခွက်ထဲတွင်လည်း ရေများ ပြည့်လျှံနေဆဲ ဖြစ်၏။
အားဟွမ်လေးမှာ စိတ်တိုတတ်သော ကြောင်ထီးလေးတစ်ကောင် ဖြစ်သည်။ ၎င်းက သူမကို မောက်မာစွာ စိုက်ကြည့်နေပြီး ဖင်ကိုမူ သူမ၏ ဗိုက်ပေါ်တွင် ချထားဆဲပင်။
ထို့နောက် အလွန် ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် သူ၏ နူးညံ့သောအမွှေးပွ ခြေဖဝါးလေးကို သူမ၏ ဝမ်းဗိုက်ပေါ်သို့ အသာအယာ ဖိချလိုက်သည်။
ရွှယ်နင်က ဗိုက်ကိုအုပ်ကာ အော်လိုက်သည်။
"အား... နာတယ်"
"မြောင်..."
အားဟွမ်လေး၏ မျက်လုံးများ အနည်းငယ် ဝိုင်းစက်သွားသည်။ ထိုမျှလောက် အသာအယာ ထိရုံမျှဖြင့် သူမကို နာကျင်စေခဲ့တာကို အံ့သြသွားပုံရ၏။
ရွှယ်နင်က သဘောကျကာ ရယ်မောလိုက်ပြီးနောက် ထထိုင်ကာ ကြောင်ပေါက်စလေးကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
အားဟွမ်လေးက မျက်လုံးများကို မှေးစင်းထားပြီး သူ၏ ခေါင်းလုံးလုံးလေးနှင့် အပြစ်ကင်းစင်သော အမူအရာမှာ အလွန် ချစ်စရာကောင်းနေတော့သည်။
သူ့ကို ခဏလောက် ကစားပေးပြီးနောက် ရွှယ်နင်က ပျင်းရိစွာ အကြောဆန့်လိုက်ရာ ဝမ်းဗိုက်အောက်ပိုင်းမှ အနည်းငယ် ကိုက်ခဲနေသလို ခံစားလိုက်ရသည်။
အဝတ်အစားလဲနေစဉ် သူမ၏ ရာသီသွေးများ ပြန်ရပ်သွားပြီး သွေးစအနည်းငယ်သာ ကျန်တော့တာကို သတိပြုမိလိုက်သည်။
သို့သော် ရွှယ်နင်က ပေါ့ပေါ့ဆဆ မနေဝံ့သဖြင့် ခြောက်ရက်၊ ခုနစ်ရက်ခန့်အထိ သူ့ကို အထိမခံခဲ့ချေ။
သူကလည်း ကိုယ့်ကိုယ်ကိုယ် သိတတ်စွာဖြင့် ညတိုင်း သူမကို ဖက်အိပ်ကာ ထူးထူးခြားခြား လိမ္မာနေခဲ့သည်။
အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားပြီး မကြာမီမှာပင် ကိုယ်လုပ်တော်ရှောင်၏ မွေးနေ့ပွဲသို့ ရောက်ရှိလာခဲ့သည်။
နန်းတော်ထဲတွင် ညပိုင်း၌ မီးရှူးမီးပန်းများ ဖောက်ရန် စီစဉ်ထားသဖြင့် နန်းတွင်းပွဲခံခြင်းက ညဘက်မှသာ တရားဝင် စတင်မည်ဖြစ်သည်။
သို့သော် နန်းတော်ထဲသို့ ဝင်မည့်သူ များပြားသောကြောင့် မှူးမတ်များ၏ မိသားစုဝင်များမှာ မွန်းလွဲပိုင်းကတည်းက ဝင်ရောက်ရမည်။
နံနက်စောစောတွင် ပေါင်ချန်၊ ချွန်းချီနှင့် အခြားလူအချို့မှာ အလုပ်ရှုပ်နေကြပြီ။
လဆန်းပိုင်းတွင် လစဉ်ထောက်ပံ့ငွေများကို အိမ်တော်၏ နေရာအနှံ့သို့ ခွဲဝေပေးပြီးဖြစ်ရာ နယ်စားမင်းအိမ်တော်၏ အိမ်မှုကိစ္စများမှာ အများအားဖြင့် ပြီးစီးနေပြီ ဖြစ်သည်။
ရွှယ်နင်၏ မကြာသေးမီရက်များက အာရုံစိုက်မှုမှာ သူမ၏ ကိုယ်ပိုင်ဆိုင်များအပေါ်တွင်သာ ရှိနေခဲ့သည်။
ပိုးထည်ဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင် နှစ်ဆိုင်စလုံး ဝင်ငွေရှိနေသော်လည်း အမြတ်ငွေက အလွန်နည်းပါးနေသေး၏။
လုမိသားစုက သူမအတွက် ချန်ထားခဲ့သော ဆိုင်အနည်းငယ်မှာ ဒေဝါလီခံရမည့်အခြေအနေ ဖြစ်နေပြီး သူမ ဘယ်လောက်ပဲ ကြိုးစားဖာထေးနေပါစေ အရှုံးပေါ်နေဆဲပင်။
သူမ စီးပွားရေးလုပ်ငန်းများကို ဘယ်လောက်ပဲ ကြိုးစားစီမံခန့်ခွဲနေပါစေ ရှန်းနိုင်ဂယ်၏ နောက်ကွယ်မှ အမျိုးသမီးပိုင်ရှင်ကိုမူ မယှဉ်နိုင်သေးချေ။
ထိုအမျိုးသမီးက တကယ့်ကို ကျွမ်းကျင်မှုနှင့် အမြော်အမြင်ရှိသူပင်။ မိတ်ကပ်ဆိုင်များ၊ အဝတ်အထည်ဆိုင်များနှင့် စာအုပ်ဆိုင်များကို ဖွင့်လှစ်ထားရုံသာမက သူမ၏ စားသောက်ဆိုင်လုပ်ငန်းကလည်း အလွန် အောင်မြင်နေသည်။
ခန်သယ့်ကျီ ဟု အမည်ရသော သူမ၏ စားသောက်ဆိုင်မှာ ဖျော်ဖြေရေးရပ်ကွက်များထက်ပင် ပို၍ စည်ကားနေသေးသည်။
ရွှယ်နင် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ညဘက် ဧည့်သည်များ အစားအသောက်စားနေစဉ် လှပသော အမျိုးသမီးများက ၎င်းတို့နှင့်အတူ ကခုန်သီဆိုပေးကြသည်။
သို့သော် ၎င်းသည် ပြည့်တန်ဆာအိမ်များ၏ လုပ်ငန်းဆောင်ရွက်ပုံများနှင့် ကွာခြားသည်။
ထိုအမျိုးသမီးများက ပြည့်တန်ဆာများ မဟုတ်ကြဘဲ နာမည်ကြီးကာ ခန္ဓာကိုယ်ကို မရောင်းစားဘဲ သူတို့၏ အနုပညာကိုသာ ရောင်းချကြသည်။ နာမည်အကြီးဆုံး ဖျော်ဖြေသူ သခင်မလေးယန်၏ သီချင်းတစ်ပုဒ်ကို နားထောင်ရန် ငွေကြေးအမြောက်အမြား ပေးရပြီး ရှေ့ဆုံးတန်းနေရာများအတွက် ငွေစများ ထောင်ချီ၍ ကုန်ကျ၏။
ရာထူးကြီးမားသော အရာရှိများနှင့် မျိုးရိုးမြင့်မားသော မိသားစုများမှ သခင်လေးများစွာက သူမ၏ ဆိုင်သို့ မကြာခဏ လာရောက်လေ့ရှိကြသည်။
တုန်းကျင်းမြို့ရှိ စားသောက်ဆိုင် အများအပြားက သူမကို အတုခိုးလာကြသော်လည်း မည်သူကမျှ ထိုအမျိုးသမီးပိုင်ရှင်ကဲ့သို့ အောင်မြင်မှု မရရှိခဲ့ကြချေ။
ရွှယ်နင်က သူမလက်ထဲရှိ စာရင်းစာအုပ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အဲဒီပိုင်ရှင်ဆီကနေ သင်ယူခွင့် ဘယ်တော့များမှ ရမလဲ မသိဘူး။"
"အို... သခင်မလေး၊ စိတ်ကူးယဉ်မနေပါနဲ့တော့၊ ပြင်ဆင်ရမယ့်အချိန် ရောက်နေပါပြီ။"
ပေါင်ချန်က သခင်မလေး ယနေ့ ဝတ်ဆင်ရမည့် နန်းတွင်းဝတ်စုံကို ယူလာပြီး အဝတ်ချိတ်စင်ပေါ်တွင် ချိတ်ဆွဲလိုက်သည်။
"ဒီနေ့ နန်းတွင်းပွဲတော်မှာ မိန်းမလှတွေ အများကြီး လာကြမှာ သေချာတယ်။ အားလုံးက ဧကရာဇ်မင်းမြတ်ရဲ့ မျက်စိကျခံရပြီး ကိုယ်လုပ်တော်ဖြစ်ဖို့ အပြိုင်အဆိုင် လုပ်ကြမှာလေ။ ကျွန်မတို့လည်း သခင်မလေးကို လှလှပပလေး ပြင်ဆင်ပေးမှ ဖြစ်မယ်။"
နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရခြင်းဖြစ်၍ ပေါင်ချန်လည်း စိတ်လှုပ်ရှားနေသည်။
သို့သော် လှည့်ကြည့်လိုက်သောအခါ သခင်မလေးက စုတ်တံကို ကိုက်ကာ အတွေးလွန်နေဆဲဖြစ်တာကို မြင်လိုက်ရသဖြင့် ပို၍ပင် စိတ်လောသွားသည်။
"သခင်မလေး..."
"သိပါပြီ၊ လာပါပြီ။"
ရွှယ်နင်က တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ သူမက ကိုယ်လုပ်တော်အရွေးခံရန် နန်းတော်ထဲ ဝင်ခြင်းမဟုတ်ဘဲ ဝတ္တရားအရ သွားရုံသာ ဖြစ်သည်။
အားချဲ့ပြောသလိုပင် လူတိုင်းက သူမကို သခင်မလေးအဖြစ် အသိအမှတ်ပြုစေရန်သာ ဖြစ်သည်။ တခြားသူများ၏ အာရုံစိုက်မှုကို လုယူရန်အထိ အလွန်အကျွံ ဝတ်စားဆင်ယင်ရန် မလိုပေ။
"ချိုးကျွီ၊ ဒီကိစ္စကို နင်ကိုယ်တိုင် သွားလုပ်လိုက်ပါ။"
သူမက ချိုးကျွီထံ စာတိုလေးတစ်စောင် ကမ်းပေးလိုက်သည်။
"ငွေကုန်ကြေးကျကို ဂရုမစိုက်နဲ့။"
ချိုးကျွီက အမိန့်ကို နာခံပြီး အရိုအသေပေးကာ ထွက်သွားသည်။
ချွန်းချီက ရွှယ်နင်ကို မှန်တင်ခုံဆီသို့ အလျင်စလို ဆွဲခေါ်သွားသည်။
"သခင်မလေး၊ အချိန်ဆွဲမနေပါနဲ့တော့။ နန်းတော်ထဲဝင်ရမယ့် အချိန်ရောက်တော့မယ်။"
ရွှယ်နင်က မတတ်နိုင်သလို ပြုံးလိုက်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ပြင်ဆင်ကြတာပေါ့။"
ကြေးမုံမှန်ရှေ့တွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်လိုက်ရင်း ဤရက်ပိုင်းအတွင်း သူမ ဘာကြောင့် ဒီလောက် အိပ်ငိုက်နေရမှန်း မသိဖြစ်နေမိသည်။
ရွှယ်နင်က သမ်းဝေလိုက်ပြီး အစေခံများကို သူမ၏ ဆံပင်နှင့် မျက်နှာကို စိတ်ကြိုက် ပြင်ဆင်ခွင့် ပြုလိုက်သည်။
မျက်လုံးပြန်ဖွင့်ကြည့်လိုက်သောအခါ မှန်ထဲရှိ ပုံရိပ်တွင် ဆံပင်ကို ထုံးဖွဲ့ပြီး ရတနာများ ဆင်ယင်ထားကာ၊ သူမ၏ သေသပ်လှပသော မျက်နှာသွင်ပြင်လေးမှာ နတ်မိမယ်တစ်ပါးအလား လှပလွန်းနေသည်။
ရွှယ်နင်ကိုယ်တိုင်ပင် ခဏလောက် မိန်းမောသွားတယ်— ၎င်းက လွန်စွာ ထင်ပေါ်လွန်းနေတယ်။
သူမက အလျင်အမြန် လက်ကိုမြှောက်ကာ ခေါင်းပေါ်မှ တောက်ပနေသော ရွှေရောင် ဖီးနစ်ငှက်မြီး ဆံထိုးကို ဖြုတ်ချရန် ဟန်ပြင်လိုက်သည်။
"ဒီတိုင်းပဲ ထားလိုက်ပါ။"
လီချန်ချဲ့က ဘယ်အချိန်က ဝင်လာမှန်းမသိဘဲ သူ၏ အရပ်မောင်းကောင်းကောင်းဖြင့် ရွှယ်နင်၏ အနောက်တွင် ရပ်နေလေသည်။ သူက ခါးကို အနည်းငယ် ကိုင်းညွတ်ကာ လက်ကြီးဖြင့် ထိုဖီးနစ်ဆံထိုးကို မိန်းကလေး၏ ဆံပင်ထက်သို့ ပြန်ထိုးသွင်းပေးလိုက်ပြီး သူ၏ နက်ရှိုင်းသော အကြည့်များက မှန်ထဲတွင် သူမနှင့် ဆုံတွေ့သွားသည်။
"အရမ်းလှတယ်။"
ရွှယ်နင်၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်နေပြီး သူမ၏ မျက်နှာလေးက နူးညံ့သော အလင်းရောင်များ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။
သူမ၏ နှုတ်ခမ်းများမှာ နီမြန်းပြီး စိုစွတ်နေကာ နူးညံ့သိမ်မွေ့သော ဆွဲဆောင်မှုနှင့် ပြေပြစ်သော ကျက်သရေတို့ ပေါင်းစပ်နေသည်။
သူမ၏ အသားအရေပေါ်ရှိ တောက်ပနေသော အရောင်အဝါက နွေဦးရာသီ၏ အလင်းရောင် အစအနများကဲ့သို့ သူမ၏ မျက်နှာပေါ်တွင် ဖြာကျနေသည်။
လီချန်ချဲ့၏ ရင်ဘတ်ထဲတွင် ပြင်းထန်စွာ ခုန်ပေါက်သွားပြီးနောက် ထိုအမျိုးသမီးငယ်လေး၏ လက်ကိုကိုင်ကာ ဆွဲထူပေးလိုက်သည်။
ရွှယ်နင် အနည်းငယ် ရှက်ရွံ့သွားတယ်။ သူမ ဒီလိုမျိုး ခမ်းနားစွာ ဝတ်ဆင်လေ့မရှိပေ — ယခင်က ဆွေမျိုးမိတ်ဆက်ပွဲတွင်ပင် ဤမျှ တန်ဖိုးကြီးသော ရတနာများကို မဝတ်ဆင်ရဲခဲ့ပေ။
"အားချဲ့၊ ဒါက အရမ်း ထင်ပေါ်လွန်းမနေဘူးလား..."
လီချန်ချဲ့၏ အကြည့်များက နက်ရှိုင်းသွားသည်။
သူက သူမ၏ မျက်နှာကို သူ၏ လက်ဝါးကြီးဖြင့် အုပ်ကိုင်လိုက်ပြီး လွှတ်မပေးနိုင်တော့ပေ။
"ကိစ္စမရှိပါဘူး။ ကိုယ့်ဇနီးက ထင်ပေါ်ပိုင်ခွင့် ရှိပါတယ်။"
ထို့အပြင် လူတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းသည် ပန်းတစ်ပွင့်ကို ပြုစုပျိုးထောင်ခြင်းနှင့် တူ၏— သူမ ပို၍ ရှင်သန်လှပလာလေ၊ ပို၍ ကြွားဝါပြသသင့်လေ ဖြစ်သည်။
အထူးသဖြင့် ယနေ့ နန်းတော်ထဲသို့ စုကျန်းလည်း လာမည်ဖြစ်သောကြောင့်ပင်။
အရင်ဦးအောင် နေရာယူထားရုံနှင့် ဘာမှဖြစ်မလာဘဲ နောက်ကနေ ကျော်တက်သွားနိုင်ခြင်းကသာ အရေးကြီးဆုံးဖြစ်ကြောင်း စုကျန်းကို သူ သေသေချာချာ နားလည်စေချင်တယ်။
ရွှယ်နင်သည် တစ်ခုခု ပြောချင်နေဆဲဖြစ်သော်လည်း ထိုအမျိုးသား၏ မျက်လုံးထဲမှ တောက်လောင်နေသော ပြင်းထန်မှုကို မြင်သောအခါ သူမ ပါးစပ်ပိတ်သွားသည်။
ဘာပဲဖြစ်ဖြစ်... အားချဲ့ရှိနေသရွေ့ ဧကရာဇ်က ပြဿနာရှာလာရင်တောင် ကိစ္စမရှိလောက်ပေ။
ထို့အပြင် အချိန်ကျလာလျှင် သူမက လူလုံးသိပ်မပြဘဲ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်လို့ ရသေးတယ် မဟုတ်လား။