အခန်း ၂၉၈
Vol. 30 Ch. 298
အခန်း ၂၉၈ - ဝူကျင်းယီလည်း နန်းတော်ထဲ ဝင်မှာလား
လီချန်ချဲ့က ရွှယ်နင်ကိုခေါ်ပြီး နယ်စားမင်းအိမ်တော်တံခါးဝကနေ ထွက်လာခဲ့သည်။
ကျန်းကော်နယ်စားမင်းအိမ်တော်၏ ဘေးပေါက်တွင် ရထားလုံးအချို့ ရပ်ထားပြီး လေ့ကျင့်မှုကောင်းစွာရထားသော အစေခံများကလည်း အဆင်သင့် စောင့်ကြိုနေကြသည်။
"ယောင်းမ!"
နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော လီချန်လဲ့က ကြွေအရုပ်ကလေးတစ်ရုပ်လို နူးညံ့ချစ်စရာကောင်းနေသည်။ ရွှယ်နင်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးလေးများ အရောင်လက်သွားသည်။
"ယောင်းမ... ဒီနေ့ အရမ်းလှနေတာပဲနော်!"
စကားပြောရင်း သူမက ပြေးလာခဲ့၏။
လီချန်ချဲ့က သူမကို အေးစက်စက်ဖြင့် ဝင်တားလိုက်သည်။
လီချန်လဲ့က မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်ကာ-
"ယောင်းမ... အစ်ကိုကြီးကို ကြည့်ပါဦး!"
ရွှယ်နင်က ပြုံးလိုက်ပြီး လီချန်ချဲ့ကို ကျော်ကာ လီချန်လဲ့၏ နူးညံ့သော လက်ကလေးကို ဆွဲယူလိုက်ပြီး သူမကို သေချာအကဲခတ်ကြည့်လိုက်သည်။
ချန်လဲ့က လီမိသားစု၏ မျိုးရိုးလိုက်သော ရုပ်ရည်သွင်ပြင်ကို အမှန်တကယ် ဆက်ခံထားဝာာပဲလို့ သူမ တွေးလိုက်မိသည်။ သူမ၏ မျက်နှာတွင် ကလေးဆန်ဆန် အသွင်အပြင်များ ကျန်ရှိနေသေးသော်လည်း တော်တော်လေး လှပနေပြီ။
အရင်ဘဝက ဒုတိယမင်းသား မည်သည့်မိန်းကလေးကို သဘောကျခဲ့မှန်း သူမ မသိသော်လည်း၊ ဟယ်ကျန့်လီမျိုးနွယ်စု၏ နောက်ခံနှင့် လီချန်လဲ့၏ ရုပ်ရည်သွင်ပြင်တို့ကြောင့် သူ မျက်စိမကျဘဲနေရန် ခက်ခဲလှပေသည်။
"ခဏနေရင် ညီမလေး ယောင်းမတို့နဲ့ လိုက်စီးလို့ရမလားဟင်"
လီချန်လဲ့က အနားကပ်ရင်း မေးလိုက်သည်။
ရွှယ်နင်က မျက်ခုံးပင့်လိုက်သည်။
"သခင်မကြီးနဲ့ အတူတူမစီးချင်လို့လား"
လီချန်လဲ့က နှုတ်ခမ်းကို စူလိုက်ကာ-
"ဟင့်အင်း၊ အဒေါ်က စိတ်ကို ခန့်မှန်းရခက်တယ်။ သူ(မ)နဲ့အတူထိုင်ရတာ အနေကျုံ့ပြီး စကားတောင် မပြောရဲဘူး"
ရွှယ်နင် ပြုံးလိုက်သည်။ ရက်အတော်ကြာ မတွေ့ရသော သခင်မဝမ်က အနောက်ဘက် ရထားလုံးထဲတွင် ထိုင်နေနှင့်ပြီဖြစ်သည်။
သားအမိနှစ်ယောက်၏ ဆက်ဆံရေးက တင်းမာနေသဖြင့် အားချဲ့က နှုတ်ဆက်စကား မဆိုခဲ့ပေ။
ရွှယ်နင်တစ်ယောက်သာ သခင်မဝမ်၏ ရထားလုံးဆီသို့သွားကာ ဂါရဝပြုလိုက်သည်။
လီလင်းဖုန်းက အပြင်တွင် မယားငယ်ထားရှိပြီး နယ်စားမင်းအိမ်တော်သို့ ပြန်မလာသည်မှာ ကြာပြီဖြစ်သည်။ ယနေ့တွင် သခင်မဝမ်တစ်ယောက်တည်းသာ နန်းတော်ထဲသို့ ဝင်မည်ဖြစ်သည်။
သခင်မဝမ်က ဖြူလျော့ပြီး သွယ်လျသော လက်ချောင်းများဖြင့် ရထားလုံးလိုက်ကာစကို မ,တင်လိုက်ပြီး အရှေ့ဘက်ရထားလုံးဆီသို့ အေးစက်စက်နှင့် ပင်ပန်းနွမ်းနယ်နေသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း လီချန်ချဲ့ကို မတွေ့ရပေ။
သို့သော် ရွှယ်နင် မော့ကြည့်လိုက်ချိန်တွင် သခင်မဝမ်၏ ဘေး၌ တောက်ပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဝူကျင်းယီကို တွေ့လိုက်ရသည်။
"အားယီ သခင်မလေးကို ဂါရဝပြုပါတယ်"
ဝူကျင်းယီက ထိုင်ရာမှမထဘဲ နှုတ်ခမ်းတွင် အပြုံးတစ်ခုချိတ်ဆွဲကာ ခပ်ဖွဖွလေး အရိုအသေပေးလိုက်သည်။
သေချာစူးစမ်းကြည့်မည်ဆိုပါက သူမ၏ မျက်လုံးများထဲတွင် ရန်စလိုမှုနှင့် မိမိကိုယ်ကို အထင်ကြီး ဂုဏ်ယူနေမှုတို့ ပြည့်နှက်နေသည်ကို တွေ့ရပေမည်။
ရွှယ်နင် မျက်မှောင်ကြုတ်သွား၏။
"အမေ... သူ(မ)က ဘာလို့ နန်းတော်ထဲ ဝင်မှာလဲ"
သခင်မဝမ်က ခံစားချက်ကင်းမဲ့စွာ ရယ်မောလိုက်သည်။
"ငါကိုယ်တိုင် သူ(မ)ကို နန်းတော်ထဲ အဖော်လိုက်ခဲ့ဖို့ ခေါ်ထားတာလေ။ မရဘူးလား"
ရွှယ်နင် ဘာမှဆက်မပြောတော့ပေ။ ယောက္ခထီးဖြစ်သူ နယ်စားမင်း အိမ်မပြန်လာတော့သည့် အချိန်မှစ၍ သခင်မဝမ်က ပို၍ စိတ်လွတ်ကိုယ်လွတ် နေလာခဲ့သည်။
သို့တိုင်အောင် သူမ အိပ်ရေးမဝသည်မှာ သိသာထင်ရှားလှသည်။ မိတ်ကပ်များ လိမ်းခြယ်ထားသည့်တိုင် သူမ၏ မျက်ကွင်းညိုနေတာကို မြင်နေရဆဲပင်။
သို့သော် သူမက လှပပြီး သူမ၏ နုနယ်အားနည်းကာ ဂရုမစိုက်တတ်သော ဟန်ပန်က အခြားမိန်းမများထက် သာလွန်သော ဖော်ပြ၍မရသည့် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
"သခင်မလေးက ကျွန်မကို နန်းတော်ထဲ မဝင်စေချင်တာတော့ မဟုတ်ပါဘူးနော်"
ဝူကျင်းယီက သနားစဖွယ် နှုတ်ခမ်းကိုကိုက်လိုက်ပြီး မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သခင်မဝမ်ကို ကြည့်လိုက်သည်။
"သခင်မကြီး... အဲ့ဒီလိုဆိုရင်လည်း အားယီ မလိုက်တော့ပါဘူး"
ရွှယ်နင်က သူမ၏ ဟန်ဆောင်မှုကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်သည်။
သခင်မဝမ်က ရွှယ်နင်ကို တစ်ချက်ကြည့်လိုက်၏။
"သူ(မ)ကို မသွားစေချင်လို့လား"
ရွှယ်နင်က တည်ငြိမ်စွာပင် ရှိနေသည်။
"မဟုတ်ပါဘူး။ ဒီနေ့က ကိုယ်လုပ်တော်ရှူရဲ့ မွေးနေ့ပွဲလို့ ဆိုပေမယ့် တကယ်တော့ ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့အတွက် ကြင်ယာတော်ရွေးချယ်တဲ့ပွဲလေ။ အဲ့ဒါကို တကယ်ပဲ တက်ချင်လို့လား"
(T/N-ဒီနေရာမှာ စာရေးသူက ကိုယ်လုပ်တော်ရှူလို့သုံးထားတာပါ။ကိုယ်လုပ်တော်ရှောင်ရှူကို ကိုယ်လုပ်တော်ရှောင်သုံးလိုက်နဲ့ အဲ့လိုရေးထားတာ)
ဝူကျင်းယီက ခနဲ့တဲ့တဲ့ဖြင့်-
"သခင်မလေးက ကျွန်မရဲ့ အိမ်ထောင်ရေးကို တာဝန်ယူပေးမယ်လို့ ပြောထားတာလေ။ ဒါဆို ဝူမိသားစုရဲ့ သမီးတစ်ယောက်က ကြင်ယာတော်ရွေးချယ်တဲ့ပွဲကို မတက်ရဘူးလား"
"ကောင်းပြီလေ"
ရွှယ်နင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"သခင်မလေးဝူ သဘောကျသလိုပေါ့"
ဝူကျင်းယီက မျက်လုံးကိုမှေးကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ကျွန်မသာ မင်းသားတစ်ပါးနဲ့ လက်ထပ်လိုက်ရရင် ကျန်းကော်နယ်စားမင်းအိမ်တော်အတွက်လည်း ဂုဏ်တက်စေတာပဲလေ"
ရွှယ်နင်၏ အသံက အေးစက်ပြီး ဂရုမစိုက်သည့်ဟန်ပေါက်နေကာ သူမကလည်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သတင်းက သမီးမိန်းကလေးတွေကို ပေးစားတာအပေါ် ဘယ်တုန်းကမှ မမူတည်ခဲ့ဘူး၊ စစ်ရေးစွမ်းဆောင်မှုတွေအပေါ်မှာပဲ မူတည်ခဲ့တာ။ ဒါ့အပြင် အစ်မကို ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ သမီးတစ်ယောက်လို့ သတ်မှတ်လို့ မရပါဘူး။ အစ်မရဲ့ မျိုးရိုးက ဝူလေ... ဝူမိသားစုကပဲ"
ဝူကျင်းယီ စကားဆို့သွားပြီး သနားစဖွယ် အကြည့်ဖြင့် သခင်မဝမ်ကို လှည့်ကြည့်လိုက်သည်။
"သခင်မကြီး... သခင်မလေးနဲ့ ကျွန်မ စကားမနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မက နယ်စားမင်းအိမ်တော်မှာ နေထိုင်နေတာဆိုတော့ အိမ်တော်ရဲ့ အကျိုးကိုပဲ လိုလားတာ သဘာဝပါပဲ"
ဤကဲ့သို့ အရေးကြီးသောနေ့တွင် လီလင်းဖုန်း ပေါ်တောင်မလာခဲ့ပေ။ သခင်မဝမ်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်ပြီး သူမ၏ မိခင်ဘက်ဆွေမျိုးများ၏ ပြဿနာများကို တွေးမိကာ စိတ်ရှုပ်သွားသည်။
"တော်ကြတော့၊ ငြင်းခုံနေစရာ မလိုဘူး။ မင်းကို နန်းတော်ထဲ ခေါ်လာပေးမယ်လို့ သခင်မဝူကို ကတိပေးထားပေမယ့် မင်း ရွေးချယ်ခံရမယ်လို့တော့ အာမမခံနိုင်ဘူးနော်"
ဝူကျင်းယီ၏ နုနယ်သော မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ် မှေးမှိန်သွားပြီး နှုတ်ခမ်းထောင့်တွင် အေးခဲသွားသည်။
"ဟုတ်ကဲ့ပါ၊ အားယီ နားလည်ပါတယ်။ သခင်မကြီး စိတ်မဆိုးပါနဲ့။ အားယီက သခင်မလေးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်တာ မဟုတ်ပါဘူး"
သခင်မဝမ်က မျက်လုံးပြန်ပင့်လိုက်ပြီး မေးသည်။
"လီလင်းဖုန်းရော ဘယ်မှာလဲ"
ရွှယ်နင်က နူးညံ့စွာ ပြန်ဖြေလိုက်သည်။
"နင်နင် မသိပါဘူး။ မနေ့ညက အဖေ ရှန်းယင်မျှော်စင်မှာပဲ ညအိပ်သွားတယ်လို့ အစေခံတွေ ပြောတာ ကြားလိုက်ရတယ်"
သခင်မဝမ်၏ စိတ်အာရုံက လွန်ခဲ့သောရက်အနည်းငယ်က သူမ၏ မောင်ဖြစ်သူ စံအိမ်တော်သို့ ပေးပို့ခဲ့သော စာဆီသို့ ရောက်သွားသည်။
ဝမ်မိသားစု ဆုတ်ယုတ်ကျဆင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သူမ၏ မောင်ဖြစ်သူ ဝမ်ချန်က မိသားစု၏ ဂုဏ်သတင်းကို တစ်ယောက်တည်း ထိန်းသိမ်းထားရသည်။
ငတ်နေတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးသေးတယ်လို့ ပြောကြပေမယ့်၊ ဒီနှစ်တွေအကုန်လုံးမှာတော့ ဝမ်မိသားစုက နေဝင်ချိန်လို နေ့ရက်တရွေ့ရွေ့နဲ့ ကျဆင်းလာခဲ့တာဖြစ်သည်။
သူမ၏ မောင်ဖြစ်သူမှာ အရည်အချင်း သိပ်မရှိသည့်အပြင် သူ့ညာဘက်ခြေထောက်မှာလည်း တစ်စုံတစ်ယောက်ကြောင့် ကျိုးသွားခဲ့ရသည်။ လီမိသားစု၏ ထောက်ပံ့မှုဖြင့် သူက ဇနီးမယားများစွာ ယူထားသော်လည်း ထိုမိန်းမများထဲမှ တစ်ယောက်မျှ ကိုင်တွယ်ရလွယ်ကူသူများ မဟုတ်ပေ။
နှစ်တိုင်း ရန်ဖြစ်ကြပြီး သခင်မဝမ်ထံ ပြဿနာများ မကြာခဏ လာရောက်တိုင်တန်းကြသဖြင့် အတော်လေး အရှက်ရစရာ ကောင်းသည်။
သခင်မဝမ်က ဝမ်မိသားစု၏ ကိစ္စရပ်များကို သိပ်ဂရုမစိုက်ဘဲ အမြဲတမ်း လီလင်းဖုန်းကသာ ဖြေရှင်းပေးလေ့ရှိသည်။
လီမိသားစုက ဝမ်ချန်ကို အရာရှိရာထူးငယ်လေးတစ်ခု ပေးထားပြီး မိသားစုကို လုပ်ကျွေးပြုစုခွင့် ပေးထား၏။
ထိုအချိန်မှစ၍ ဝမ်မိသားစုသည် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သည်။
မကြာသေးမီက ဝမ်ချန်သည် သူ၏ အသုံးမကျသောသားမှာ စာပေဘက်တွင်လည်း မထူးချွန်သလို၊ သိုင်းပညာဘက်တွင်လည်း ကြိုးစားအားထုတ်လိုစိတ်မရှိကြောင်း စာရေးအကြောင်းကြားလာခဲ့သည်။ အရွယ်ရောက်လာသည့်တိုင်အောင် သူက ဘာမှအသုံးမကျသူတစ်ယောက် ဖြစ်နေဆဲပင်။ နှစ်ပေါင်းများစွာ ဆွေးနွေးလာခဲ့သော အိမ်ထောင်ရေးကိစ္စမှာလည်း ပျက်ပြားသွားခဲ့ရသည်။
မိန်းကလေးဘက်မှ မိသားစုက သခင်မဝမ်သည် လီလင်းဖုန်း၏ မျက်နှာသာပေးမှုကို မရတော့ကြောင်း တစ်နည်းနည်းဖြင့် သိရှိသွားကြပြီးနောက်၊ ဝမ်မိသားစုက တန်ဖိုးကြီးမားသော တင်တောင်းလက်ဆောင်များ မပေးနိုင်တော့သလို လီမိသားစု၏ ကျောထောက်နောက်ခံကိုလည်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း နားလည်သွားကြသည်။ ထို့ကြောင့် မိန်းကလေးက ဝမ်မိသားစုကို အထင်သေးကာ လက်ထပ်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ဝမ်ချန်မှာ စိုးရိမ်ပူပန်လာပြီး အခြေအနေကို စုံစမ်းရန် နယ်စားမင်းအိမ်တော်သို့ လူများကို အကြိမ်ကြိမ် စေလွှတ်ခဲ့သည်။
ထို့နောက် သူက သခင်မဝမ်မှတစ်ဆင့် ယောက်ဖဖြစ်သူ လီလင်းဖုန်းအား သူ့သားအတွက် ရာထူးတစ်ခုရရန် အကူအညီတောင်းပေးဖို့ ပွင့်ပွင့်လင်းလင်းတစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ တောင်းဆိုလာတော့သည်။
လီလင်းဖုန်းက ဝမ်မိသားစုကို ငွေကြေးရော အင်အားပါ စိုက်ထုတ်ကာ နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့သည်။ ဤမျှ သေးငယ်သော တောင်းဆိုမှုကို သူ ငြင်းဆန်ဖွယ် မရှိပေ။
သို့သော် သခင်မဝမ်မှာ အိမ်၌ အကြိမ်ကြိမ် စောင့်ဆိုင်းနေခဲ့သော်လည်း လီလင်းဖုန်းက ပြန်မလာခဲ့ပေ။
တစ်ခါတစ်ရံ အိမ်ပြန်လာလျှင်တောင် စာကြည့်ဆောင်သို့သာသွားပြီး သူမနှင့် မတွေ့ဘဲ ထွက်သွားတတ်သည်။
အခြေအနေကို ကြည့်ရသလောက် သူက သူမကို အမှန်တကယ် ရွံရှာသွားဟန်တူပြီး သူမအနားသို့ မကပ်ချင်သလို သူမမျက်နှာကိုပင် မမြင်ချင်တော့ပုံရတယ်။
သူမက သူ့ကို အိမ်ပြန်လာရန် ရှန်းယင်မျှော်စင်သို့ လူလွှတ်၍ ခေါ်ခိုင်းခဲ့သော်လည်း၊ သူက သူ၏ ကချေသည်မလေးကိုသာ ဂရုစိုက်နေပြီး ရက်အနည်းငယ်ကြာမှ ပြန်လာမည်ဟုသာ ပြောဆိုခဲ့သည်။
ရက်တွေသာ ကုန်လွန်သွားခဲ့သော်လည်း သူ၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။
အပြင်က ကချေသည်မက သူ့ကို ဘယ်လို ပြုစားထားလို့ ဒီလောက်တောင် စွဲလမ်းနေရသလဲဆိုတာ မည်သူမျှ မသိနိုင်ပေ။
သခင်မဝမ်သည် သူမကိုယ်သူမ ဘာဖြစ်နေမှန်း မသေချာဘဲ အတွေးလွန်နေမိ၏။
အရင်တုန်းကဆိုလျှင် လီလင်းဖုန်း သူမအနားရှိနေတာကို သူမ အမုန်းဆုံးပဲ။ အခု သူ တကယ် ပြန်မလာတော့တဲ့အခါကျတော့ သူမ နေရာတကာမှာ နေမထိထိုင်မသာ ဖြစ်နေရတယ်။
သို့သော် ဤအရာက အချစ်ဟု သူမ မထင်ပေ။ သူမက သူ့ဂရုစိုက်မှုများအပေါ် အကျင့်ပါနေခြင်းသာ။
အကျင့်ဆိုတာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုပဲ။ လီလင်းဖုန်းမရှိတဲ့ ဘဝမှာ အမြန်ဆုံး အသားကျရန် သူမ လိုအပ်နေတယ်။
ထို့ကြောင့် လီလင်းဖုန်းက နယ်စားမင်းအိမ်တော်သို့ ပြန်မလာသော်လည်း၊ သူမက မာနကိုထိန်းထားကာ အပြင်သို့ လူလွှတ်၍ သူ့ကို နောက်ထပ် မရှာခိုင်းတော့ပေ။
"သူ ပြန်မလာသေးဘူးလား"
"နင်နင်က အဲဒါကို ဘယ်သိမှာလဲ"
ရွှယ်နင်က အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"အမေ သဘောကျမယ်ဆိုရင်တော့ နန်းတွင်းပွဲတော် ပြီးသွားတဲ့အခါ အမေ့ကိုယ်စား ရှန်းယင်မျှော်စင်ကို သမီး သွားပေးရမလား”