← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း (၃၀၀) - နန်းတွင်းပွဲတော်

အမျိုးသမီး၏ လှပကျော့ရှင်းသော မျက်နှာတစ်ခြမ်းနှင့် ရွှေချည်ထိုး နန်းတွင်းဝတ်စုံကို သူ တစ်ချက်သာ မြင်လိုက်ရသည်။

လီချန်ချဲ့က သူမဘေးတွင်ထိုင်နေပြီး သူ၏ကျယ်ပြန့်သော လက်ဖဝါးက ပန်းပွင့်လေးသဖွယ် လှပသော သူမ၏မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားသည်။

စုကျန်း အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် ခံစားချက်ကင်းမဲ့စွာဖြင့် အကြည့်လွှဲလိုက်သည်။

မော့ပိုင် ကမန်းကတမ်း ရောက်လာသည်။

"ရှီဇီ၊ အားလုံး စီစဉ်ပြီးပါပြီ။ သခင်မနဲ့ သခင်မလေးတို့ ဝင်သွားကြပါပြီ။ ကျွန်တော်တို့လည်း မြန်မြန် ဝင်သင့်ပါတယ်။"

စုကျန်း မျက်လုံးခဏမှိတ်ကာ ရွှယ်နင်၏ပုံရိပ်ကို စိတ်ထဲမှ ဖယ်ထုတ်လိုက်ပြီး ချုံတယ်တံခါးဘေးရှိ တံခါးငယ်ဆီသို့ ဦးတည်သွားလိုက်သည်။

ဤနေရာမှ နန်းတော်တွင်းသို့ ဝင်ခြင်းက ချုံတယ်တံခါးမကြီးကို အသုံးပြုသည်ထက် ပိုနီးပြီး ပိုမြန်သည်။

မကြာသေးမီက သူ၏ခေါင်းကိုက်ဝေဒနာ အတော်လေး သက်သာလာခဲ့သည်။ ဝိညာဉ်သုံးပါးနံ့သာပေါင်း၏ အာနိသင်ကြောင့် ဖြစ်နိုင်သလို ရွှယ်နင်အကြောင်း သိပ်မတွေးတော့တာကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ သူမက အိမ်ထောင်သည်ဖြစ်နေပြီ။ တခြားယောကျ်ားတစ်ယောက်နှင့် သူမ ဘာပဲလုပ်လုပ် ယခု သူနှင့် ဘာမှမဆိုင်တော့ပေ။

ဒီမိန်းမကို မေ့ထားနိုင်သရွေ့ သူ့စိတ်က အထူးကြည်လင်နေမှာပဲ။

အမတ်ချုပ်ရာထူး—ဒါကိုရဖို့ သူ သန္နိဋ္ဌာန်ချထားတယ်။

လီချန်ချဲ့ သူ့ကို ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ပါစေ၊ သူ့လုပ်သက်က သက်သေပြနေတာပဲလေ။

ယှဉ်ပြိုင်မှုဆိုတာ စွမ်းဆောင်ရည်လည်း လိုအပ်တယ်။

စုကျန်း ကျယ်ဝန်းသော နန်းတွင်းလမ်းမကြီးပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

တစ်ဖက်တစ်ချက်စီတွင် မီတာဆယ်ပေါင်းများစွာ မြင့်သော တံတိုင်းကြီးများက လှောင်ချိုင့်သဖွယ် မားမားမတ်မတ် ရှိနေ၏။

ကောင်းကင်က အုံ့မှိုင်းနေသည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများက ခေါင်းငုံ့ထားကြပြီး အဆင့်အတန်းမြင့်မားကာ အာဏာရှိသော ဤလူငယ်အမတ်ကို မော့ကြည့်ဝံ့ခြင်း မရှိကြပေ။

စုကျန်း အကြည့်ကို မြှင့်လိုက်သည်။ ခမ်းနားထည်ဝါသော ချန်လဲ့*နန်းတော်ကြီးက အဝေးတွင် မားမားမတ်မတ် ရှိနေသည်။

စင်္ကြံအမိုးအောက်တွင် သပ်ရပ်လှပသော နန်းတွင်းမီးပုံးများ ချိတ်ဆွဲထားပြီး ရွှေကျောက်စိမ်းများဖြင့် မွမ်းမံထားသော စဉ့်ကြွေပြားများက မှိန်ပျပျ နေ့အလင်းရောင်အောက်တွင် တောက်ပနေသည်။

(T/N-လီချန်လဲ့နဲ့အသံထွက်ချင်းတူပေမယ့် စာလုံးပေါင်းမတူပါ)

ယနေ့ နန်းတွင်းပွဲတော်ကို ချန်လဲ့နန်းတော်တွင် ကျင်းပမည်ဖြစ်သည်။ ၎င်း၏ဘယ်ဘက်တွင် ရန်ရှီးနန်းတော်ရှိပြီး ထိုနန်းတော်ကို ကိုယ်လုပ်တော်ရှောင်၏ မွေးနေ့ပွဲဆင်နွှဲရန် ဧကရာဇ်က ပြုပြင်မွမ်းမံပေးထားခြင်းဖြစ်သည်။

နန်းတော်တံတိုင်းအပြင်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

အမျိုးသားက ခေါင်းမော့ထားကာ သူ့နှလုံးသားက ငြိမ်သက်နေသော ရေပြင်လို တည်ငြိမ်နေလျက် ချန်လဲ့နန်းတော်ထဲသို့ ဝင်ရောက်လာ၏။

သို့သော် သူ လုံးဝ မမျှော်လင့်ထားခဲ့တာကတော့ သူ့ဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားဖို့အတွက် နှစ်နာရီကျော်ပဲ လိုတော့မယ်ဆိုတာကို။

...

နန်းတော်ထဲသို့ လူအများအပြား ဝင်ရောက်နေသဖြင့် ရွှယ်နင် နာရီဝက်နီးပါး စောင့်ဆိုင်းခဲ့ရသည်။

သခင်မဝမ်နှင့် ဝူကျင်းယီတို့က စိတ်မရှည်တော့သဖြင့် ရှေ့မှ ကြိုသွားနှင့်ကြပြီ။

စောင့်နေစဉ်အတွင်း သူမ ဘယ်လို အိပ်ပျော်သွားမှန်းမသိဘဲ အမျိုးသား၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ မှီရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

လီချန်လဲ့က စိတ်လှုပ်ရှားစွာ လှုပ်နှိုးလိုက်မှသာ သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်သည်။

"အားချဲ့၊ ကျွန်မတို့တွေ အိမ်ရောက်ပြီလား"

လီချန်လဲ့က ရယ်မောလိုက်သည်။

"ယောင်းမ... ဘာတွေပြောနေတာလဲ။ နန်းတော်ကို ရောက်နေပြီလေ။"

ရွှယ်နင် အိပ်ချင်ပြေသွားပြီး မျက်လုံးများကို ပွတ်သပ်ကာ သူမကို ဖက်ထားသော အမျိုးသားကို လှည့်ကြည့်လိုက်သည်။

"အားချဲ့၊ ကျွန်မကို ဘာလို့မနှိုးတာလဲ။"

"မင်းက အရမ်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ။ နည်းနည်းလောက် ထပ်အိပ်လည်း ဘာမှမဖြစ်ပါဘူး။"

လီချန်ချဲ့က ကောင်မလေး၏ ပါးပြင်ကို ညင်သာစွာ ဆွဲလိမ်လိုက်သည်။

"မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလား။"

"ဟင့်အင်း—"

ရွှယ်နင် သမ်းဝေလိုက်ပြီး သူမ၏ မျက်နှာလေးက ပန်းသွေးရောင် သန်းနေသည်။

"ကောင်းကောင်း အိပ်ပျော်ပါတယ်။"

သူတို့ အတူမနေဖြစ်တာ ရက်အနည်းငယ် ရှိပြီဖြစ်၍ ရွှယ်နင် တစ်လျှောက်လုံး ကောင်းကောင်း အိပ်ပျော်နေခဲ့သည်။

သို့သော် သူမ၏ခန္ဓာကိုယ်က အနည်းငယ် နွမ်းနယ်နေဆဲဖြစ်ရာ အိပ်ရေးမဝ၍ ဖြစ်ဟန်တူသည်။

ရထားလုံးပေါ်မှ ဆင်းပြီးနောက် ဝေါယာဉ် အလိုရှိမရှိ လီချန်ချဲ့က မေးသည်။

ရွှယ်နင် ခေါင်းခါလိုက်သည်။

"နည်းနည်းလောက် လမ်းလျှောက်လိုက်မယ်။ အဲဒါမှ လန်းလန်းဆန်းဆန်း ဖြစ်သွားမှာ။"

"ညီမလည်း ရထားလုံးထဲ အကြာကြီး ထိုင်ရတာ ပင်ပန်းနေပြီ။ ယောင်းမနဲ့အတူ လမ်းလျှောက်မယ်လေ။"

လီချန်လဲ့က ပြုံးကာ အနားသို့ တိုးလာရင်း ပြောသည်။

လီချန်ချဲ့က ရွှယ်နင်၏ လက်တစ်ဖက်ကို အရင်ဆုပ်ကိုင်လိုက်သည်။ လီချန်လဲ့က တိုးတိုးလေး အသံပြုရင်း ရွှယ်နင်၏ နောက်လက်တစ်ဖက်ကို ဝင်ကိုင်လိုက်သည်။

သူမအပေါ် အလွန်ပိုင်စိုးပိုင်နင်းနိုင်သော ခင်ပွန်းဖြစ်သူကို တစ်လှည့်၊ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော ယောင်းမလေးကို တစ်လှည့် ကြည့်ရင်း ရွှယ်နင်၏ နှုတ်ခမ်းထက်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာကာ ရင်ထဲတွင် ပြောမပြတတ်အောင် ဝမ်းသာကြည်နူးမှုများကို ခံစားလိုက်ရ၏။

သူမကို ဘယ်သူမှ မချစ်ဘူးလို့ ဘယ်သူပြောလဲ။ ကြည့်လေ၊ သူမကို ချစ်တဲ့သူတွေ အများကြီး ရှိနေတာပဲ မဟုတ်လား။

ချန်လဲ့နန်းတော်ထဲသို့ ဝင်သွားချိန်တွင် ကျယ်ဝန်းသော ခန်းမဆောင်ကြီးထဲ၌ ဆူညံသံများ၊ စည်ကားသိုက်မြိုက်မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

နန်းတော်ရှေ့တွင် လှပဆန်းပြားသော မီးပုံးများကို ထွန်းညှိလိုက်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။

ယနေ့ နန်းတွင်းပွဲတော်သို့ တက်ရောက်လာသူ အများစုမှာ အိမ်ထောင်မရှိသေးသော မြင့်မြတ်သည့် မိန်းမပျိုများ ဖြစ်ကြသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြွယ်ဝချမ်းသာမှုနှင့် ခမ်းနားထည်ဝါမှုတို့၏ မျက်စิကျိန်းမတတ် မြင်ကွင်းတစ်ခုပင်။

ရွှယ်နင်က လူအုပ်ကြီးကို အကဲခတ်နေသလို လူအုပ်ကြီးကလည်း သူမကို သေချာစူးစမ်းကြည့်ရှုနေကြသည်။

သူမက နောက်ကျမှ ရောက်လာပြီး သူမ ပေါ်လာသည့် အခိုက်အတန့်တွင် ဖုန်မှုန့်များကြားမှ ပုလဲတစ်လုံး ထွက်ပေါ်လာသကဲ့သို့ ခမ်းနားနေပြီးသား ခန်းမကြီးက ပို၍ပင် တောက်ပသွားသယောင် ထင်ရသည်။

အကြည့်အားလုံးက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပပြီး ညှို့ယူဖမ်းစားနိုင်သော သူမ၏မျက်နှာထံသို့ တစ်ပြိုင်နက် ကျရောက်သွားကြသည်။

မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားသော်လည်း သူမထံမှ ညှို့အားပြင်းသော အလင်းရောင်များ ဖြာထွက်နေဆဲပင်။

သူမဘေးတွင် ရပ်နေသော အမျိုးသား၏ ရုပ်ရည်သွင်ပြင်ကလည်း တုနှိုင်းမဲ့ ခန့်ညားနေတာကိုတော့ ပြောစရာပင် မလိုတော့ချေ။

ထိုအမျိုးသားတွင် အေးစက်စက်နှင့် မာနကြီးသော ဟန်ပန်ရှိပြီး သူ၏ချောမောသော မျက်နှာက နတ်ဘုရားတစ်ပါးနှင့် တူသည်။

အရပ်ရှည်ရှည်နှင့် မားမားမတ်မတ် ကိုယ်ဟန်က ခိုင်မာတောင့်တင်းပြီး သူရပ်နေသည့် နေရာတိုင်းတွင် ကိုယ်ပိုင်အငွေ့အသက်တစ်ခုကို ဖန်တီးထားသည်။

ယခင်က ရွှယ်နင်သည် သူတို့အသိုင်းအဝိုင်းအတွင်းရှိ လူမှုရေးပွဲလမ်းသဘင်များကို တက်ရောက်လေ့ မရှိသလောက်ပင်။ မည်သည့်စံအိမ်တွင်မဆို စားသောက်ပွဲရှိလျှင် စုရှီးနှင့် အခြားလူအနည်းငယ်သာ သွားလေ့ရှိ၏။

သူမက လူမှုရေးဆက်ဆံရေးများတွင် ကျွမ်းကျင်မှုမရှိသလို အလွန်ဆူညံသော နေရာများကိုလည်း မနှစ်သက်ပေ။

ထို့ကြောင့် အထက်တန်းလွှာ အမျိုးသမီးများ သို့မဟုတ် သခင်မများ အများစုက သူမကို တကယ်တမ်း သေချာမမြင်ဖူးကြပေ။

သခင်မကျန်း၏ မွေးနေ့ပွဲနှင့် သူမကိုယ်တိုင်၏ အသိအမှတ်ပြုပွဲတို့တွင်သာ မိသားစုအချို့ တက်ရောက်ခဲ့ကြသည်။

သို့သော် လွန်ခဲ့တဲ့နှစ်များစွာက လုရုန်၏အလှတရားကို သူမအမွေရထားကြောင်း ထိုစဉ်က လူတိုင်းသိခဲ့ကြသော်လည်း ယနေ့ သူမ ဖြာထွက်နေသော တောက်ပမှုမျိုး ရှိသည်ဟု မခံစားခဲ့ရပေ။

သူမ၏ ကြည်လင်ပွင့်လင်းသော မျက်လုံးများနှင့် တည်ငြိမ်၍ ကျက်သရေရှိသော ဟန်ပန်ကို ကြည့်ရုံဖြင့် ယခု အိမ်ထောင်ကျသွားပြီဖြစ်သော သခင်မလေးရွှယ်က ယခင်နှင့် တကယ်ကို ကွာခြားသွားပြီဖြစ်ကြောင်း ခံစားသိရှိနိုင်သည်။

စုမိသားစုတွင် ကြီးပြင်းလာစဉ်က ပြုစုပျိုးထောင်မှု ညံ့ဖျင်းခဲ့၍ဖြစ်စေ၊ လီမိသားစု၏ ဖုန်းရွှေ အထောက်အပံ့ကောင်း၍ဖြစ်စေ လူတိုင်းက တိတ်ဆိတ်စွာ တွေးတောနေကြသော်လည်း မည်သူမျှ သူတို့၏အတွေးများကို ထုတ်မပြောခဲ့ကြပေ။

စုကျန်းလည်း လီချန်ချဲ့ဘေးရှိ ရွှယ်နင်ကို သတိထားမိလိုက်သည်။

စောစောက နန်းတော်တံခါးဝတွင် တစ်ချက်သာ မြင်လိုက်ရသည်နှင့်မတူဘဲ ယခုအခါ သူမက လူအများရှေ့တွင် ပွင့်လင်းတည်ငြိမ်စွာ ရပ်နေလေပြီ။

သူမ၏ ခရမ်းဖျော့ရောင် ရွှေချည်ထိုး နန်းတွင်းဝတ်စုံက ကျော့ရှင်းစွာ လွင့်ဝဲနေပြီး သေသပ်လှပစွာ ထုံးဖွဲ့ထားသော ဆံထုံးမြင့်မြင့်က သိမ်မွေ့နူးညံ့နေသည်။

နှင်းပွင့်ကဲ့သို့ ဖြူစင်သော အသားအရေ၊ နက်မှောင်သော ဆံပင်၊ တောက်ပသော မျက်ဝန်းများနှင့် ဖြူဖွေးသော သွားတန်းလေးများရှိပြီး မာနထောင်လွှားခြင်း၊ နှိမ့်ချခြင်း လုံးဝမရှိဘဲ သူမ၏အပြုံးက တုနှိုင်းမဲ့ ဖြူစင်လှပနေသည်။

သူက အကြည့်ကို မြန်မြန်လွှဲဖယ်လိုက်ပြီး ရွှယ်နင်၏ လှုပ်ရှားမှုတိုင်းကို ဆက်လက် အာရုံမစိုက်တော့ပေ။

လူငယ်ဇနီးမောင်နှံက လက်ချင်းချိတ်ကာ ခန်းမထဲသို့ လျှောက်လှမ်းဝင်ရောက်လာကြ၏။

လူတိုင်းက အလိုအလျောက် အသက်ရှူအောင့်ထားမိကြသည်။

"အဲဒါ ကျန်းကော်နယ်စားမင်းရဲ့ သား ရှီဇီနဲ့ ရှီဇီရဲ့ ဇနီး၊ ရွှယ်မိသားစုကပဲ ဖြစ်ရမယ် မဟုတ်လား။"

တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်ရာ ခန်းမထဲရှိ ထူးဆန်းသော တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်သလို ဖြစ်သွားသည်။

တိတ်ဆိတ်နေသော လူအုပ်ကြီးသည် ရေနွေးဆူလာသကဲ့သို့ တခဏချင်းမှာပင် အသက်ဝင် ဆူညံလာပြန်သည်။

"ရှီဇီ! သခင်လေးလီ!"

လူတစ်ယောက်က လီချန်ချဲ့ကို နှုတ်ဆက်ရန် နွေးထွေးစွာ ရှေ့ထွက်လာသည်။

လီချန်ချဲ့က သူ့ဇနီး ရွှယ်နင်ကို သက်သောင့်သက်သာနှင့် ကျက်သရေရှိစွာ မိတ်ဆက်ပေးလိုက်သည်။

ထိုသူက ပြုံးလျက် ပြောလိုက်၏။

"မင်း နိုင်ငံတော်စာမေးပွဲမှာ ပထမရပြီး လမ်းမတွေပေါ် လှည့်လည်တုန်းက ငါတို့အားလုံး သူ(မ)ကို မြင်ခဲ့ကြတယ်—တကယ်ပဲ မရီးဖြစ်နေတာကိုး။ မရီးက တကယ်ကို လှတာပဲ။"

ရွှယ်နင် ရှက်သွေးဖြာသွားပြီး တရားဝင်အမတ်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်အချို့ကို အရိုအသေပေးလိုက်သည်။

ခင်ပွန်းဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် စုမန်နှင့် ဝေ့ကျန့်ယန်တို့ နှစ်ဦးစလုံး အနားသို့ ရောက်လာကြသည်။

"ရှီဇီလီ၊ ညစာစားပွဲ မစခင် အချိန်အများကြီး လိုပါသေးတယ်။ ကျွန်မတို့ နင်နင့်ကို တော်ဝင်ဥယျာဉ်ထဲ လမ်းလျှောက်ခေါ်သွားလို့ ရမလား။"

လီချန်ချဲ့က တိုးတိုးလေး "အင်း" ဟု အသံပြုလိုက်ပြီး ရွှယ်နင်၏ နားနားသို့ကပ်ကာ မှာကြားလိုက်သည်။

"ကိုယ် လုပ်ဖော်ကိုင်ဖက်တချို့နဲ့ တော်ဝင်စာကြည့်ဆောင်ကို ခဏသွားလိုက်ဦးမယ်။ နင်နင်... ဝေ့ကျန့်ယန်နဲ့ အတူနေခဲ့နော်၊ အရမ်းဝေးဝေး မသွားနဲ့။ လမ်းလျှောက်ပြီးရင် ချန်လဲ့နန်းတော်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့။"

ရွှယ်နင် သူမ၏ ရှည်လျားသော မျက်တောင်လေးများကို ပင့်ချလိုက်ပြီး "ဟုတ်ကဲ့ပါ" ဟု လိမ္မာစွာ ပြန်ဖြေလိုက်သည်။

အမျိုးသား ထွက်သွားတာကို ကြည့်ပြီးနောက် ရွှယ်နင် လှည့်လိုက်ရာ ကြည်လင်ဖြူစင်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

"ဒါ ငါ့ဝမ်းကွဲအစ်မ ကျန်းကျစ်ယွီလေ၊ လေယာဉ်ပျံလေးတွေ လုပ်တတ်တဲ့တစ်ယောက်ပေါ့။"

စုမန်က ကောင်မလေး၏ လက်မောင်းကို ချစ်ခင်ရင်းနှီးစွာ ချိတ်လိုက်ပြီး ဝမ်းသာအားရဖြင့် ပြောသည်။

"နင်နင်... အရင်တစ်ခေါက်က သူ့အကြောင်း နင့်ကိုပြောပြဖူးတယ်လေ၊ မိတ်ဆက်ပေးမယ်လို့လည်း ကတိပေးထားတာ၊ ဒါပေမဲ့ အသိအမှတ်ပြုပွဲတုန်းက နင်တို့နှစ်ယောက်စလုံး စကားပြောဖို့ မအားကြဘူးလေ။ ဒီနေ့တော့ ငါတို့အားလုံး အားနေကြပြီဆိုတော့ တော်ဝင်ဥယျာဉ်ထဲ အတူတူ လမ်းသွားလျှောက်ကြမလား။"

"မင်္ဂလာပါ၊ ကျန်းကျစ်ယွီပါ။"

ကောင်မလေးက ပြုံးပြလိုက်ပြီး သူမ၏ ဖြူဖွေးနူးညံ့သော လက်ကလေးကို ကမ်းပေးလာသည်။

ရွှယ်နင် ဘယ်လို တုံ့ပြန်ရမှန်းမသိဘဲ အံ့သြမှင်သက်သွားလေသည်။

All Chapters