အခန်း ၁၆၂
Vol. 11 Ch. 162
အခန်း ၁၆၂ လူတိုင်းကို အနိုင်ယူမယ်
စုချင်းယာက ပစ္စည်းများကို ကျန်းမန်ထံ ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။
သူမ၏ တာဝန်မှာ တစ်ဖက်လူ၏ နှလုံးသားကို ဖမ်းစားရန် ဖြစ်သည်။
ဒီကိစ္စက အတော်လေး အလုပ်ရှုပ်တယ်။
တစ်ဖက်လူက သူမကို သဘောကျလာအောင် လုပ်ရတာနဲ့ အတူတူပဲ။
ဒါက ရုပ်ရည်သက်သက်နဲ့ လုပ်လို့ရတာ မဟုတ်ဘူး၊ တစ်ဖက်လူကို လုံးဝ မတူညီတဲ့ အရာတစ်ခုကို ခံစားရစေဖို့ လိုအပ်တယ်။
မိန်းမချော ဆိုတာ အပေါဆုံး အရာတစ်ခုပဲ။
ဂိုဏ်းထဲမှာ ကိုယ့်ရဲ့ အပြင်ပန်း ပုံစံကို ဂရုစိုက်တဲ့ သူတိုင်းက ဘယ်သူမှ ရုပ်ဆိုးတဲ့သူ မရှိပါဘူး။
ကိုယ်ပိုင် ထူးခြားချက်လေးတွေ ကိုယ်စီ ရှိကြသည်။
ကိုယ့်ရဲ့ ထူးခြားချက်ကို ထုတ်ဖော်ပြသနိုင်တဲ့သူက လူတွေရဲ့ အာရုံစိုက်မှုကို ပိုပြီး ရရှိနိုင်သည်။
ဒါပေမယ့် အဲဒီလို ဖမ်းစားတာမျိုးက အရမ်း ရိုးရှင်းလွန်းတယ်၊ လွယ်လွယ်နဲ့ ရလာသလို လွယ်လွယ်နဲ့လည်း ပျောက်သွားနိုင်တယ်။
ဆင်းရဲပြီး ပါရမီပါတဲ့ လူတစ်ယောက်အတွက် လိုအပ်တာက ရုပ်ရည်ချောမောတာ သက်သက်တင် မဟုတ်ဘူး၊ အသိအမှတ်ပြုမှုနဲ့ အပြန်အလှန် ဖေးမကူညီမှုတွေပါ လိုအပ်တယ်။
အမြဲတမ်း တောင်းဆိုနေတာက အချိန်ဖြုန်းတာပဲ၊ ပေးကမ်းတတ်တာနဲ့ သိမ်မွေ့စွာ တောင်းဆိုတတ်တာကမှ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်တယ်။
စုချင်းယာက သက်ပြင်းချလိုက်သည်။
"သူတို့က ဘာလို့ ဒီလောက် အလျင်စလို လုပ်ချင်နေကြတာလဲ ဆိုတာကို နားမလည်နိုင်ဘူး ညမအိပ်တာရဲ့ ဆိုးကျိုးက သေးသေးလေး မဟုတ်ဘူး ဒီလောက်စောစောစီးစီး ငါ့ကို စတေးပြီး သူ့ကို ဖမ်းစားခိုင်းတာ တကယ်ပဲ တန်လို့လား"
"ဒီပြိုင်ပွဲကြီး ပြီးသွားရင် သူ့ရဲ့ တန်ဖိုးက ကျသွားလောက်ပြီ"
သူမက တာဝန်ကို ထမ်းဆောင်နေပေမယ့် ညမအိပ်ဘဲ ကျင့်ကြံတဲ့ ကျန်းမန်ကို အထင်သေးနေတုန်းပဲ။
သေချာတာပေါ့ တစ်ဖက်လူရဲ့ အစွမ်းထက်မှုကိုတော့ သူမ အသိအမှတ်ပြုပါတယ်။
ဒါပေမယ့် အစွမ်းထက်တာရဲ့ ပေးဆပ်ရတဲ့ တန်ဖိုးက မတူဘူးလေ။
တချို့လူတွေက ဝိညာဉ်ကျောက်တုံးတွေကို ဆုံးရှုံးရပေမယ့် ကျန်းမန်ကတော့ အနာဂတ်ကို ပုံအောပြီး အခု လက်ရှိ အစွမ်းထက်မှုကို လောင်းကြေးထပ်ထားတာ။
တခြားလူတွေထက် တစ်ပန်းနိမ့်နေတယ်။
ဒီလိုလူမျိုးက အသိအမှတ်ပြုမှုကို အလိုအပ်ဆုံးပဲ။
လူတိုင်းက သံသယဝင်နေချိန်မှာ သူမရဲ့ အသိအမှတ်ပြုမှုက တစ်ဖက်လူရဲ့ မျက်နှာသာပေးမှုကို ရရှိစေလိမ့်မယ်။
ဒါက သူမရဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ။
နောက်ပိုင်း ပြိုင်ပွဲကြီးမှာ တစ်ယောက်ယောက်က ကျန်းမန်ရဲ့ စွမ်းအားကို လှောင်ပြောင်လာတဲ့အခါ သူမက အသိအမှတ်ပြုပြီး သူ့ဘက်ကနေ ရပ်တည်ပေးလိမ့်မယ်။
ဒီနည်းနဲ့ တစ်ဖက်လူနဲ့ နီးစပ်အောင် လုပ်ပြီး နောက်ဆုံးမှာ တစ်ဖက်လူရဲ့ နှလုံးသားကို ဖမ်းစားမယ်။
နည်းလမ်းတွေနဲ့ အကွက်ဆင်မှုတွေကမှ လူတွေရဲ့ စိတ်ကို ရစေတာ။
နောက်ကွယ်မှာ ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် တစ်ဖက်လူက မမြင်ရ မခံစားရဘူးဆိုရင် အလကားပဲလေ။
အရေးကြီးတဲ့ အချိန်မှာ တစ်ဖက်လူရဲ့ စိတ်ကို ငြိမ်းချမ်းစေပြီး နက်ရှိုင်းတဲ့ အထင်အမြင်ကို ချန်ထားနိုင်တာကမှ အောင်မြင်မှုဆီကို သွားတဲ့ လမ်းကြောင်းပဲ။
တခြားဟာတွေကတော့ ရှုပ်ထွေးပြီး အကျိုးမရှိဘူး။
သေချာတာပေါ့ အရာအားလုံးက လောလို့မရဘူး ဖြည်းဖြည်းချင်း အဆင့်ဆင့် သွားရမယ်။
မဟုတ်ရင် ပြောင်းပြန် အကျိုးသက်ရောက်မှု ဖြစ်သွားပြီး တာဝန်ကျရှုံးရင် ကိုယ်ပဲ နစ်နာမှာ။
————
ယခုအချိန်တွင် ကျန်းမန်သည် စုချင်းယာ ပေးလာသော စာအုပ်ကို ဖတ်ရှုနေသည်။
အပေါ်တွင် ပြိုင်ပွဲကြီး၏ အခြေခံ စည်းမျဉ်းများနှင့် လျှို့ဝှက် စည်းမျဉ်းအချို့ ရှိနေသည်။
စည်းမျဉ်းတွေက တစ်ခါတလေ ပြောင်းလဲတတ်ပေမယ့် အကြမ်းဖျင်းတော့ မမှားပါဘူး။
"မင်း သူမရဲ့ ထောင်ချောက်ထဲ ကျသွားမှာကို မကြောက်ဘူးလား"
နွားဝါကြီးက မေးလိုက်သည်။
ကျန်းမန်က ခေါင်းခါပြပြီး ပြောလိုက်သည်။
"စာအုပ်တစ်အုပ်မှာ ဘာထောင်ချောက် ရှိနိုင်မှာလဲ မြင်နေရတာက ဆက်သွယ်ဖို့ သုံးတာပဲ ဒါပေမယ့် ပိုပြီး ဂရုမစိုက်သလို ဟန်ဆောင်လေလေ ပိုပြီး ဒုက္ခများလေလေပဲ ကာကွယ်ဖို့ ခက်တယ်"
နွားဝါကြီးက ကျန်းမန်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ထို့နောက် ထပ်မပြောတော့ပေ။
ကျန်းမန်ကတော့ စည်းမျဉ်းတွေကိုပဲ အာရုံစိုက်နေတယ်။
ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်များ၏ ပြိုင်ပွဲကြီးသည် အလွန် ကျယ်ဝန်းသော နေရာယူထားသည်ကို သူ တွေ့လိုက်ရသည်။
သာမန် ခြေလှမ်းသိုင်း နဲ့တင် မလုံလောက်ဘဲ ဓားပျံစီးခြင်းကို အသုံးပြုရန် လိုအပ်သည်။
"တိုက်ဆိုင်လိုက်တာ"
ကျန်းမန် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဓားပျံစီးတာက ဘာမှ အသုံးမဝင်မှာကို သူ စိုးရိမ်နေခဲ့တာ။
ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေက တကယ်ကို သူ တောက်ပနိုင်မယ့် နေရာပဲ။
ဒီစည်းမျဉ်းကလွဲရင် ကျန်တာတွေကို ကျန်းမန် ဂရုမစိုက်ပါဘူး။
ဥပမာ အရင်ဆုံး တတိယ ခြံဝင်းငယ်က လူတွေနဲ့ ယှဉ်ပြိုင်ရမယ်၊ အကယ်၍ အရမ်း မြန်မြန် ရှုံးသွားရင် ပြိုင်ပွဲကနေ ထွက်ရသလိုပဲ။
တောင့်ခံနိုင်မှသာ အဖွဲ့ဖွဲ့ပြီး ပြိုင်ပွဲကြီးမှာ တရားဝင် ပါဝင်လို့ ရမယ်။
တတိယ ခြံဝင်းငယ်မှာ အများစုက အခြေခံတည်ဆောက်ခြင်း နောက်ပိုင်းအဆင့်တွေမို့ ဂရုစိုက်စရာ သိပ်မရှိပါဘူး။
စည်းမျဉ်း အကြမ်းဖျင်း နားလည်သွားတော့ ကျန်းမန် စတင် ကျင့်ကြံလေတော့သည်။
ကျန်တဲ့ တစ်လကျော် အချိန်အတွင်း မီးခိုးငွေ့ နိဒါန်း က အဆင့်ဆယ်လောက်ကို ရောက်နိုင်သည်။
တစ်ရက် အကြာတွင်
မီးခိုးငွေ့ နိဒါန်း အဆင့်ခြောက်
နှစ်ရက် အကြာတွင်
အဆင့်ခုနစ်
ဆယ့်ခြောက်ရက် အကြာတွင်
မီးခိုးငွေ့ နိဒါန်း အဆင့်ဆယ်
ရက်သုံးဆယ် အကြာတွင်
မီးခိုးငွေ့ နိဒါန်း အဆင့်ဆယ့်တစ်
မီးခိုးငွေ့ နိဒါန်းက အမှတ်အသားတွေ ချန်ထားတတ်ပြီး အဆင့်မြင့်လေလေ အမှတ်အသား နည်းလေလေပဲ။
အဆင့်ဆယ့်သုံး အထက်ရောက်သွားရင် အခြေခံတည်ဆောက်ခြင်း အဆင့်ထဲက ဓားကျင့်ကြံသူ တချို့ကလွဲရင် ကျန်တဲ့သူတွေက အမှတ်အသားကို လုံးဝ မမြင်နိုင်တော့ဘူး။
အဆင့်ဆယ့်တစ်က နည်းနည်း လိုသေးပေမယ့် သုံးလို့တော့ ရနေပါပြီ။
အနည်းဆုံးတော့ အဆင့်ငါးဆယ် အတွင်း မဝင်ခင်အထိ အမှတ်အသားကို မြင်ဖို့ ခက်ပါတယ်။
"နောက်ထပ် ခုနစ်ရက် အချိန်ရှိသေးတယ် စိတ်အာရုံ နဝမမြောက် ဘူးသီးကလည်း ပြည့်သွားပြီ ကျန်တာက ခန္ဓာကိုယ်ပဲ"
ခန္ဓာကိုယ်က အဆင့်မြင့် ကျင့်စဉ် မဟုတ်လို့ စစ်မှန်သော သံမဏိကျောက် ကို အသုံးပြုပြီး သန့်စင်လို့ မရဘူး ပုံမှန်အတိုင်းပဲ ကျင့်ကြံရတော့ တိုးတက်မှုက အတော်လေး နှေးသွားတယ်။
ယခု ခုနစ်ရက် အချိန်ရှိပြီး ဝိညာဉ်ကျောက်တုံး ခြောက်ထောင်နဲ့ မူလအခြေခံဆေးလုံး ဆယ်လုံး ဝယ်လို့ရတယ်။
တိုးတက်မှုတော့ သိပ်များများစားစား ရှိမှာ မဟုတ်ဘူး။
ဒါပေမယ့် လက်လျှော့လို့လည်း မရဘူးလေ။
ထို့အပြင် နောက်ဆုံးရက်တွင် ဓားပျံစီးခြင်းကို ရင်းနှီးအောင် တစ်နာရီလောက် လေ့ကျင့်ဖို့ လိုအပ်တယ်။
ငါးရက် အကြာတွင်
ဩဂုတ်လ ဆယ့်ငါးရက်
မူလအခြေခံဆေးလုံး များကို အားလုံး သုံးစွဲပြီးသွားပြီ ဖြစ်သည်။
ဒီနေ့က ခြံဝင်းငယ်မှာ စာသင်တဲ့ နောက်ဆုံးနေ့ပဲ
ကျန်းမန်ကတော့ မထွက်ခွာဘဲ ကျင့်ကြံဖို့ကိုသာ ရွေးချယ်ခဲ့သည်။
နှစ်ရက် အကြာတွင်
ဩဂုတ်လ ဆယ့်ခုနစ်ရက်
ကျန်းမန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
နေထွက်လာတာကို ကြည့်ပြီး ခံစားချက်ဖြင့် ပြောလိုက်သည်။
"အဝါကြီး ငါ့အခြေအနေ သိပ်မကောင်းဘူး"
နွားဝါကြီးက လုံးဝ စကားမပြန်ဘဲ မြက်သာ ဆက်စားနေခဲ့တယ်။
ကျန်းမန်က ဆက်ပြောသည်။
"ငါ အဆင့်ငါးဆယ် အတွင်း ဝင်နိုင်မယ့် ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ မသိဘူး"
သူ တကယ်ကို မသေချာဘူး။
ဘာလို့လဲဆိုတော့ အဆင့်ငါးဆယ် အတွင်းက လူတွေက ကျင့်ကြံမှု၊ ခန္ဓာကိုယ်၊ စိတ်အာရုံ အားလုံးကို သေချာပေါက် အထွတ်အထိပ် ရောက်အောင် ကျင့်ကြံပြီးလောက်ပြီ။
သူကတော့ ခန္ဓာကိုယ်က နည်းနည်း လိုနေသေးတယ်။
ဒီလို အခြေအနေမှာ အဆင့်ငါးဆယ် အတွင်း ဝင်ဖို့ဆိုတာ နည်းနည်း ခက်ခဲပုံရတယ်။
သူတို့ထက် အချိန် ခြောက်နှစ် ခုနစ်နှစ်လောက် နည်းသလို အရင်းအမြစ် အများကြီးလည်း နည်းနေတယ်။
အခု ကွာဟချက် ရှိနေတာကိုလည်း ရှောင်လွှဲလို့ မရဘူး။
အစောကြီးကတည်းကသာ အဆင့်မြင့် ကျင့်စဉ်ကို ရခဲ့မယ်ဆိုရင် အားနည်းချက်တွေ ရှိနေမှာ မဟုတ်ဘူး။
ထို့နောက် ကျန်းမန်က ဓားပျံကို စတင် စီးနင်းခဲ့ပြီး သန့်ရှင်းအောင် သုတ်သင်ထားသော ဝိညာဉ်ဓားကို အသုံးပြုကာ ဓားကိုယ်ထည်ပေါ်သို့ ဖြည်းညှင်းစွာ တက်လိုက်သည်။
ထို့နောက် ဓားပျံစီးကာ ထွက်သွားခဲ့သည်။
အစပိုင်းမှာတော့ ဓားပျံစီးခြင်းကို နည်းနည်းလေးပဲ အသုံးပြုပြီး အသားကျလာတဲ့အခါ အရှိန်တင်လိုက်သည်။
လေပြင်းတွေ တိုက်ခတ်လာပြီး ကျန်းမန်က ဓားပျံစီးခြင်းကို အစွမ်းကုန် အသုံးပြုကာ အဆင့်ကိုး ဓားပျံစီးခြင်းရဲ့ အရှိန်က ဘယ်လောက်ရှိလဲဆိုတာကို ကြည့်ချင်ခဲ့သည်။
ဒါပေမယ့် နည်းနည်းလေးပဲ ပျံသန်းရသေးပြီး ဝိညာဉ်ဓားက ခံနိုင်ရည်မရှိတော့ဘူးလို့ ကျန်းမန် ခံစားလိုက်ရသည်။
ချက်ချင်း ရပ်လိုက်တယ်။
ထို့နောက် ဝိညာဉ်ဓားကို စစ်ဆေးကြည့်ရာ အထဲမှာ အက်ကွဲကြောင်း အနည်းငယ် ရှိနေတာကို တွေ့လိုက်ရသည်။
ကျန်းမန် "..."
နွားဝါကြီးကို မေးကြည့်တော့ ကောက်ချက်တစ်ခု ရလာတယ်။
ဒီလို သာမန် ဝိညာဉ်ဓားက အဆင့်သုံး ဓားပျံစီးခြင်းကိုပဲ ခံနိုင်ရည်ရှိတယ်၊ အဲဒီထက် ပိုမြင့်သွားရင် လွယ်လွယ်နဲ့ ပျက်စီးနိုင်တယ်။
ကျန်းမန် တိတ်ဆိတ်သွားခဲ့သည်။
အိုဗာ ဖြစ်သွားတာလား။
ဒီလိုဆိုရင် ဓားပျံစီးတာ မြန်ချင်ရင် ဓားပျံစီးခြင်း အဆင့်မြင့်ရုံတင် မကဘူး ဝိညာဉ်ဓားကလည်း ကောင်းမှ ရမယ်ပေါ့။
နွားဝါကြီးက ဟုတ်မှန်ကြောင်း အဖြေပေးခဲ့သည်။
ဒါတင်မကသေးဘူး ကျင့်ကြံမှု အဆင့်မြင့်လာရင် ဝိညာဉ်စွမ်းအင်ကိုလည်း နည်းနည်းလောက် ထိန်းချုပ်ထားရမယ် မဟုတ်ရင် ဝိညာဉ်စွမ်းအင်ရဲ့ အလေးချိန်က ဝိညာဉ်ဓားကို တိုက်ရိုက် ကျိုးသွားစေနိုင်တယ်။
ဒီအချိန်မှာတော့ သာမန် ဝိညာဉ်ဓား ဆိုတာ ဘယ်လောက်တောင် သာမန်ဖြစ်လဲဆိုတာ ကျန်းမန် နားလည်သွားခဲ့လေသည်။
ပြီးတော့ ဓားကျင့်ကြံသူတွေ ဘယ်လောက်တောင် ဝိညာဉ်ကျောက်တုံး ကုန်ကျလဲ ဆိုတာကိုလည်း နားလည်သွားသည်။
ဒီဓားက သာမန်လူတွေ ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး။
ဒီလို ကြည့်ရင် ကျိုပုဖန် နဲ့ ကျောက်ယောင်ယောင်တို့က ခြံဝင်းငယ်မှာ အချမ်းသာဆုံးပဲ သူတို့က ဓားကျင့်ကြံသူတွေလေ။
"ဓားဖန်တီးတဲ့ နည်းပညာတွေ ဘယ်တော့လောက် တိုးတက်လာမလဲ မသိဘူး ဝိညာဉ်ဓား ထုတ်လုပ်မှုကို တိုးချဲ့နိုင်ဖို့လေ"
ကျန်းမန် ခံစားချက်ဖြင့် ပြောလိုက်သည်။
တစ်ယောက်ယောက်က သူ့ကို ဒီအကြောင်း ပြောပြဖူးတာကို သူ မှတ်မိနေတယ်။
နှစ်အများကြီး မလိုလောက်တော့ပါဘူး။
အမြောက်အမြား ထုတ်လုပ်နိုင်ပြီ ဆိုတာနဲ့ တစ်သောင်းကျော်တန် ဝိညာဉ်ဓားက ငါးထောင်လောက်ပဲ တန်တော့မယ်။
နောက်ထပ် နှစ်အနည်းငယ် ကြာရင် သုံးထောင်လောက်ပဲ တန်တော့မယ်။
အကယ်၍ အဟောင်းပေး အသစ်ယူ စနစ်ကိုသာ ထောက်ခံရင် နှစ်ထောင်လောက်ပဲ ကျတော့မယ်။
နှစ်ထောင်ဆိုရင် သူလည်း တတ်နိုင်ပါပြီ။
အဲဒီအချိန်ကျရင် လူတိုင်း ဓားပျံစီးနိုင်ပြီပေါ့။
မွန်းတည့်ချိန်
ကောင်းရုံနှင့် စုချင်းယာ တို့ ရောက်လာခဲ့ကြသည်။
"အချိန်ရောက်ပြီ ထွက်သွားကြရအောင်"
စုချင်းယာက သတိပေးလိုက်သည်။
ကျန်းမန်က ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
"အခု ထွက်သွားလို့ ရပြီ"
"မင်းမှာ ဝိညာဉ်ဓား ရှိလား"
စုချင်းယာ က ခဏရပ်ပြီး ပြောလိုက်သည်။
"မရှိရင် ညီလေးကောင်းနဲ့ အတူတူ သွားလို့ရတယ်"
ကျန်းမန်က ခေါင်းခါပြလိုက်သည်။
သူ ဓားပျံစီးဖို့ စောင့်နေတာ ကြာလှပြီ ကိုယ်တိုင် ဓားပျံစီးရမယ့် အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ။
"ဒါဆို မင်းတို့ ငါ့နောက်က လိုက်ခဲ့ ပြိုင်ပွဲကြီး လုပ်မယ့် နေရာက ဒီကနေ နည်းနည်း ဝေးတယ် နောက်ကျရင် ပြိုင်ခွင့် ပယ်ဖျက်ခံရလိမ့်မယ်"
စုချင်းယာ က သတိပေးလိုက်သည်။
ထို့နောက် သူမက ဓားပျံစီးပြီး ပျံသန်းသွားခဲ့သည်။
ကောင်းရုံလည်း ထိုနည်းတူပင်….
ကျန်းမန်က သူတို့၏ ဝိညာဉ်ဓားများကို တစ်ချက် ကြည့်လိုက်သည်။
စုချင်းယာက သာမန် ဝိညာဉ်ဓားဖြစ်ပြီး သူနဲ့ သိပ်မကွာပါဘူး။
ကောင်းရုံကတော့ အတော်လေး ကောင်းပါတယ်။
အရမ်း ချမ်းသာတာပဲ။
ထို့နောက် သူတို့က အနောက်ဘက် တောင်တန်းဆီသို့ ထွက်လာခဲ့ကြသည်။
သူတို့အပြင် အခြားလူများစွာလည်း ဓားပျံစီးကာ သွားနေကြသည်။
ထောင်ပေါင်းများစွာသော ဓားပျံများက ကောင်းကင်ယံတွင် ပျံသန်းနေကြသည်။
အလွန် ခမ်းနားလှသည်။
ဒါပေမယ့်...
ကျန်းမန် ကြည့်လိုက်တော့ ကောင်းရုံတို့က လေပြေလေး တိုက်ခတ်နေသလို အဝတ်စလေးတွေပဲ လွင့်ဝဲနေတယ်။
သူ့ဆီမှာကျတော့ လေပြင်း မုန်တိုင်းတွေ တိုက်ခတ်နေတယ်။
ကျန်းမန် အဲဒီလို ဖြစ်နေတာကို မြင်တော့ စုချင်းယာ က သူ့ဘေးကို လာပြီး စွမ်းအားတစ်ခုနဲ့ သူ့ကို လွှမ်းခြုံပေးလိုက်တယ်။
ထို့နောက် တစ်ဖက်လူ၏ သာယာနာပျော်ဖွယ်ကောင်းသော အသံက ထွက်ပေါ်လာသည်။
"လေထိန်းချုပ်သိုင်းလေ အဲဒါကလည်း ဓားပျံစီးရင် သင်ရမယ့် မှော်ပညာရပ်တွေထဲက တစ်ခုပဲ ဓားကြီးသိုင်း နဲ့ ဆင်တူတယ် ဒါပေမယ့် ဒါက အလယ်အလတ်အဆင့် မှော်ပညာရပ်ဖြစ်ပြီး ကာကွယ်ရေး အာနိသင် ရှိတယ်"
ကျန်းမန် "..."
ဓားပျံစီးတာလေးကို ဘာလို့ ဒီလောက် ပစ္စည်းတွေ အများကြီး တွဲသုံးနေရတာလဲ။
အလယ်အလတ်အဆင့် လေထိန်းချုပ်သိုင်း ဆိုတာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပေးရမလဲ မသိဘူး။
ကျန်းမန် သေချာ ကြည့်လိုက်တော့ တခြားလူ အတော်များများကလည်း သူလိုပဲ လေထိန်းချုပ်သိုင်း မရှိကြတာကို တွေ့လိုက်ရသည်။
ထို့နောက် သူက စုချင်းယာ ၏ အကာအကွယ်မှ ထွက်လာပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မ ဒါပေမယ့် ကျွန်တော် လေထိန်းချုပ်သိုင်း မလိုပါဘူး"
စုချင်းယာ ကိုယ်တိုင်ကတော့ ခေါင်းအနည်းငယ် ငြိမ့်ပြရုံသာဖြစ်ပြီး မည်သည့် စိတ်ခံစားမှုမှ မပြောင်းလဲပေ။
ကောင်းရုံ ကတော့ အတော်လေး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"လေထိန်းချုပ်သိုင်း မသုံးရင် အခြေအနေကို ထိခိုက်ဖို့ လွယ်တယ် ဒါမှမဟုတ် ကျင့်ကြံမှု မြင့်လာလို့ ဘာမှမဖြစ်တော့တာလား"
ကျန်းမန်က ကောင်းရုံကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"မဟုတ်ဘူး"
"ဒါဆို ဘာလို့လဲ"
ကောင်းရုံက မေးလိုက်သည်။
ကျန်းမန်က အမှန်အတိုင်း ပြောပြလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ မိန်းမ ရှိနေပြီ သူစိမ်း မိန်းမတွေနဲ့ အရမ်း နီးနီးကပ်ကပ် မနေသင့်လို့လေ"
ကောင်းရုံ အံ့သြသွားသည်။
ဒီလို အဖြေမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
လူကို နည်းနည်း စော်ကားသလို ဖြစ်သွားတယ်။
ပါရမီရှင် ဆိုတာ တခြားလူတွေရဲ့ မျက်နှာကို ကြည့်နေစရာ မလိုဘူးဆိုတာ အမှန်ပဲ။
သိချင်စိတ်ဖြင့် သူ စုချင်းယာကို တစ်ချက် ကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်နှာထားက အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိသည်ကို တွေ့လိုက်ရသည်။
ပါရမီရှင်တွေက တကယ်ပဲ ဝမ်းသာခြင်း ဝမ်းနည်းခြင်းကို မျက်နှာမှာ မပြတတ်ကြဘူးပဲ။
တကယ်တော့ စုချင်းယာက ဘာစိတ်ခံစားမှုမှ မရှိပါဘူး။
တစ်ဖက်လူက ကလေးဆန်တယ်လို့ပဲ သူမ ထင်လိုက်တယ်။
မိန်းမ ရှိတော့ရော ဘာဖြစ်လဲ။
ပိုပြီးတော့တောင် ငါးစာမိလွယ်သေးတာ မဟုတ်ဘူးလား။
သူမက အစီအစဉ်အတိုင်း သွားရုံပါပဲ။
ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေ ထွက်သွားတာနဲ့အမျှ ချစ်ရွှေတောင်ထွတ် ရဲ့ အရက်ဆိုင်မှာ ကျိုချင့်ချန် က သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့ ကျိုလင် က ခေါင်းမငုံ့ချင်ဘူးလား"
"ဟုတ်ပါတယ်"
ဆိုင်ရှင်က ခေါင်းငြိမ့်ပြလိုက်သည်။
ကျိုချင့်ချန် တိတ်ဆိတ်သွားခဲ့သည်။
ဆိုင်ရှင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒီကျန်းမန်ဆိုတဲ့ လူက ကျိုလင် ခေါင်းငုံ့ရလောက်အောင် တန်တယ်လို့ သခင်မလေး ထင်လို့လား သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်က တကယ်ကို ကောင်းပါတယ် ဒါပေမယ့် နောက်ပိုင်း ကိစ္စတွေကို ဘယ်သူမှ သေချာ မပြောနိုင်သေးဘူး"
"အကယ်၍ ကျိုပုဖန် သာဆိုရင်တော့ ခေါင်းငုံ့ပြီး ပူးပေါင်းဖို့ ပြောလို့ရတာပေါ့"
"ဒါပေမယ့် ကျိုလင်က ရွှေအမြုတေ အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ"
"ဒီနှစ် အတွင်းဂိုဏ်းကို ရောက်နိုင်လောက်တယ်"
ကျိုချင့်ချန် ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။
မိစ္ဆာနတ်ဘုရား နယ်ပယ်ကို ပြန်တွေးမိသွားသည်။
ညမအိပ်တာက ကျန်းမန်ကို မထိခိုက်နိုင်ဘူးဆိုတာကို သူမ နားလည်တယ် ဒါပေမယ့် အနာဂတ်မှာ ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ သူမ မသေချာဘူး။
သူမ လုပ်နိုင်တာက သက်ဆိုင်ရာ လူတွေကို သတိပေးဖို့ပဲ။
သူမ ကျိုလင် ကို ဖျောင်းဖျခဲ့ဖူးတယ် ဒါပေမယ့် နှမြောစရာကောင်းတာက ကျိုလင် က ညမအိပ်တဲ့ ကျန်းမန်ကို အသိအမှတ် မပြုခဲ့ဘူး။
ဥပမာ အမျိုးမျိုးက သူမ မျက်စိရှေ့မှာ ရှိနေတယ်လေ ညမအိပ်ဘဲ ကျင့်ကြံတာက အခြေခံတည်ဆောက်ခြင်း ကာလမှာပဲ အတောက်ပဆုံး ဖြစ်နိုင်တယ်။
ရွှေအမြုတေ အဆင့် ရောက်တာနဲ့ တောက်ပမှုတွေ မရှိတော့ဘူး။
နောက်ပိုင်းကိုတော့ ပြောစရာတောင် မလိုတော့ဘူး။
ဘယ်လောက်ပဲ ပါရမီရှင် ဖြစ်နေပါစေ သာမန်လူတွေ ကြားထဲမှာပဲ ပျောက်ကွယ်သွားလိမ့်မယ်။
"ကျိုလင် ကလည်း မမှားပါဘူး"
ကျိုချင့်ချန် က ခံစားချက်ဖြင့် ပြောလိုက်သည်။
"အရိုးစွဲနေတဲ့ အမြင်တွေလေ လူတိုင်း ဒီလိုပဲ တွေးကြမှာပဲ ငါသာဆိုရင်လည်း ဒီလိုပဲ ရွေးချယ်မိမှာပါ"
ထို့နောက် ကျိုချင့်ချန် လည်း ထွက်သွားတော့သည်၊ အပြင်ဂိုဏ်း ကိစ္စတွေကို ဆက်မစွက်ဖက်ချင်တော့ဘူး။
ကျိုပုဖန် ရှိနေသေးတော့လည်း သိပ်မရှုံးပါဘူး။
ပိုမတိုးတက်နိုင်တာလောက်ပဲ ရှိတာပါ။
သက်ရောက်မှုက သိပ်မကြီးဘူး။
ဘာလို့လဲဆိုတော့ ကျိုလင်လည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။
အထူးသဖြင့် မာနကြီးတဲ့ ကျိုလင်က ကျန်းမန်နဲ့ အဆင်ပြေပြေ နေနိုင်ဖို့ မသေချာဘူးလေ။
အဖွဲ့မဖွဲ့ဖြစ်တာကလည်း ကောင်းတဲ့ကိစ္စ တစ်ခု ဖြစ်နိုင်ပါတယ်။
ဆိုင်ရှင်က ပိုပိုပြီး ဇဝေဇဝါ ဖြစ်လာတယ် ဒီကျန်းမန်ဆိုတဲ့ လူက ဘာတွေများ လုပ်ခဲ့လို့ သခင်မလေး ချင့်ချန်က ဒီလောက်တောင် အာရုံစိုက်နေရတာလဲ။
သူ အရင်ကတည်းက တစ်ဖက်လူကို အာရုံစိုက်ခဲ့တာ အခု ကြည့်ရတာ ပိုပြီး အာရုံစိုက်ရတော့မယ်။
——
တောင်တန်း ချောက်ကမ်းပါး ရှေ့တွင် လူတစ်စု ဓားပျံစီးကာ ရပ်နေကြသည်။
ကျန်းမန် ကြည့်လိုက်တော့ လူအတော်များများက အသာမန်ဆုံး ဝိညာဉ်ဓားတွေကိုပဲ ကိုင်ထားကြတာကို တွေ့လိုက်ရသည်၊ ဒီလို ကြည့်ရရင် လူတိုင်းက ဝိညာဉ်ဓားပေါ်မှာ ပိုက်ဆံအများကြီး မသုံးရက်ကြဘူးဆိုတာ သိသာလေသည်။
ယခုအချိန်တွင် ချောက်ကမ်းပါးရှေ့ရှိ ကျောက်စာတိုင် တစ်ခု လင်းလက်လာခဲ့သည်။
ထို့နောက် ပထမ ခြံဝင်းငယ်မှ လူများက ဓားပျံစီးကာ ဝင်ရောက်သွားကြသည်။
ပြိုင်ပွဲကြီးရဲ့ စည်းမျဉ်းက ပထမ ခြံဝင်းငယ်က အရင်ဝင်ရမယ် ပြီးရင် ဒုတိယ ခြံဝင်းငယ်ပေါ့။
တတိယ ခြံဝင်းငယ်က အပြင်ဘက်ဆုံးမှာ နေရတယ်၊ အထဲကို ဝင်နိုင်မှသာ အထဲကလူတွေနဲ့ လုလို့ရမယ်။
ကျန်းမန်ကတော့ အပြင်ဘက်မှာ တတိယ ခြံဝင်းငယ်က လူတွေနဲ့ ယှဉ်ပြိုင်ရမယ်။
မကြာမီ ဒုတိယ ကျောက်စာတိုင် လင်းလက်လာခဲ့သည်။
စုချင်းယာက ပြောလိုက်သည်။
"ငါ အထဲကနေ စောင့်နေမယ်"
ထို့နောက် သူမက ဓားပျံစီးကာ ဝင်သွားခဲ့သည်။
နောက်ပိုင်းမှာတော့ တတိယ ခြံဝင်းငယ်က ဝင်ရမယ်။
"ငါ အရင်ဝင်သွားနှင့်ပြီ"
ကောင်းရုံကလည်း ဓားပျံစီးကာ ဝင်သွားခဲ့သည်။
ကျန်းမန်ကတော့ တစ်ယောက်တည်း မဟုတ်ပါဘူး။
နောက်ထပ် ငါးယောက် ရှိသေးတယ်။
သူတို့က စတုတ္ထ၊ ပဉ္စမ ခြံဝင်းငယ်တွေက ပါရမီရှင်တွေပဲ။
သူတို့ထဲမှာ အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် သုံးယောက်၊ အခြေခံတည်ဆောက်ခြင်း နောက်ပိုင်းအဆင့် နှစ်ယောက် ရှိတယ်။
"ဒီနှစ် ဆဋ္ဌမမြောက် ခြံဝင်းငယ်ကလည်း ဘယ်သူမှ မလာကြဘူး"
ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသား တစ်ဦးက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
သို့သော် မကြာမီ သူ၏ အကြည့်များက ကျန်းမန်ထံသို့ ရောက်သွားသည်။
"သတ္တမမြောက် ခြံဝင်းငယ်ကနေတော့ တစ်ယောက် လာတယ် တော်တော်လေး ထူးဆန်းတယ်"
ငါးယောက်တွင် အမျိုးသား သုံးယောက်၊ အမျိုးသမီး နှစ်ယောက် ပါဝင်သည်။
သူတို့အားလုံးက ကျန်းမန်ကို ကြည့်နေကြသည်။
သတ္တမမြောက် ခြံဝင်းငယ်က လာတဲ့လူကို သူတို့ ကြားဖူးတာ ကြာပါပြီ။
ဒါပေမယ့် ကျန်းမန်ကို တကယ် မမြင်ဖူးခဲ့ကြဘူး။
"မင်းတို့ လာဖူးကြလား"
ကျန်းမန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါတော့ လာဖူးတယ်"
ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားက ပြန်ဖြေလိုက်သည်။
"ဒါဆို နောက်ပိုင်း ငါတို့ ဘာလုပ်ရမလဲ"
ကျန်းမန်က မေးလိုက်သည်။
"အထဲဝင်မယ် လူမြင်တိုင်း တိုက်မယ် ပြီးရင် ရှေ့ကို ဆက်တိုက်ဝင်သွားရုံပဲ"
ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားက ပြုံးလျက် ပြောလိုက်သည်။
"ပစ္စည်းကောင်းတွေ အကုန်လုံးက ပထမ ခြံဝင်းငယ် နယ်ပယ်ထဲမှာ ရှိတယ်"
"တတိယ ခြံဝင်းငယ်က ပစ္စည်းတွေက သာမန်ပဲ"
"ပြီးတော့ ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ် ပြိုင်ပွဲကြီးက အဆင့်ကို ကြည့်ပြီး တခြား ဆုလာဘ်တွေ ပေးတာ"
"ငါးဆယ်ကနေ တစ်ရာ အထိဆိုရင် သက်ဆိုင်ရာ ဝိညာဉ်ကျောက်တုံး ရမယ်"
"အဆင့်ငါးဆယ် အတွင်း ဝင်ရင်တော့ မှော်ပညာရပ်တွေ၊ ကျင့်စဉ်တွေ ရနိုင်တယ်"
"တစ်ခါတလေ ဝိညာဉ်ဓားတောင် လက်ဆောင်ပေးတတ်သေးတယ်"
ထိုသို့ပြောရင်း သူက ကျန်းမန်၏ ခြေအောက်ရှိ ဝိညာဉ်ဓားကို ကြည့်ကာ ဆက်ပြောလိုက်သည်။
"သေချာတာကတော့ မင်းခြေအောက်ကလို သာမန် ဝိညာဉ်ဓားမျိုးတော့ မဟုတ်ဘူးပေါ့ ခဏလေး သုံးတာနဲ့ ပျက်သွားမယ့် ဟာမျိုး မင်း ဓားပျံစီးခြင်းကို အစွမ်းကုန်တောင် သုံးလို့ရမှာ မဟုတ်ဘူး"
ယခုအချိန်တွင် ကျောက်စာတိုင် ထပ်မံ လင်းလက်လာခဲ့သည်။
"ငါတို့ ဝင်ရမယ့် အလှည့်ရောက်ပြီ"
အမျိုးသမီး တစ်ဦးက ပြောလိုက်သည်။
ထို့နောက် လူခြောက်ယောက်က ဓားပျံစီးကာ အထဲသို့ ဝင်သွားကြသည်။
ကျန်းမန်က ပထမဆုံးအကြိမ် လာဖူးခြင်းဖြစ်ရာ သူတို့နောက်မှသာ လိုက်သွားရုံ ရှိတော့သည်။
အထဲဝင်ဝင်ချင်းမှာပဲ ချောက်ကမ်းပါး အစွန်းမှာ လူသုံးယောက်ကို တွေ့လိုက်ရတယ်၊ သူတို့ရဲ့ အကြည့်တွေက ရန်စချင်တဲ့ ပုံပေါက်နေပြီး အချိန်မရွေး တိုက်ခိုက်တော့မယ့် အနေအထားမျိုးပဲ။
"မြင်ပြီလား အဲဒါ တတိယ ခြံဝင်းငယ်က လူတွေပဲ သူတို့ကို အနိုင်ယူနိုင်ရင် သက်ဆိုင်ရာ အကဲဖြတ်မှု ရနိုင်တယ် အကဲဖြတ်မှု မြင့်လေ အဆင့် ပိုမြင့်လေပဲ"
ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
"လွယ်လွယ်ပြောရရင် အနိုင်ယူနိုင်တဲ့ လူများလေ အဆင့်က ပိုပြီး ရှေ့ရောက်လေပဲ"
တစ်ခဏရပ်ပြီးနောက် သူက ဆက်ပြောသည်။
"မင်းတို့ ဘယ်သူ သွားစမ်းကြည့်မလဲ ဘာလို့လဲဆိုတော့ ငါတို့ထဲက တစ်ဝက်လောက်က ပထမဆုံး လာဖူးကြတာဆိုတော့ ငါတို့ကို အမဲလိုက်နေတဲ့ တတိယ ခြံဝင်းငယ်က စီနီယာ အစ်ကို၊ အစ်မတွေကိုတောင် မရင်ဆိုင်နိုင်ဘူးဆိုရင် အလကား လာပြသလို ဖြစ်သွားမှာပေါ့"
သူ့အကြည့်တွေက ကျန်းမန်ဆီကို တိုက်ရိုက် ရောက်သွားသည်။
"ညီလေး သွားစမ်းကြည့်မလား မင်း အဆင့်သတ်မှတ်ချက်ကို အတော်လေး လိုအပ်နေပုံပဲ"
ကျန်းမန်က အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။
"အကယ်၍ ကျွန်တော် တတိယ ခြံဝင်းငယ်က လူအကုန်လုံးကို အနိုင်ယူပြီး ဒုတိယ ခြံဝင်းငယ်က လူအကုန်လုံးကိုပါ အနိုင်ယူလိုက်မယ်ဆိုရင် အဆင့်ငါးဆယ် အတွင်း ဝင်နိုင်မလား"
ကျန်းမန်၏ စကားကို ကြားသောအခါ နောက်ပြောင်နေဆဲဖြစ်သော ခန္ဓာကိုယ် တောင့်တင်းသည့် အမျိုးသား အံ့သြသွားသည်။
ကျန်းမန် ဘာပြောလိုက်လဲဆိုတာကို သူ သေချာ မကြားလိုက်သလိုပဲ။
မင်း ငါ့ကို နောက်နေတာလား။
ထို့နောက် နေမင်းကြီး တစ်စင်း ထွက်ပေါ်လာခဲ့သည်။
အလင်းရောင်က လူသုံးယောက်အပေါ် ကျရောက်သွားခဲ့သည်။
လူတိုင်း သတိမထားမိခင်မှာပင်။
ဝုန်း
အလင်းရောင်များ ဖြတ်သန်းသွားခဲ့သည်။
အားကောင်းသော စွမ်းအားများက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
မူလက သူတို့ကို အမဲလိုက်ရန် စောင့်နေသော တတိယ ခြံဝင်းငယ်မှ အစွမ်းထက်သူ သုံးဦးသည် နောက်သို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျကာ သွေးများ အန်ချလိုက်ရသည်။
"တစ်ချက်တည်းလား ကြည့်ရတာ ကျွန်တော် အရမ်း အစွမ်းထက်နေပြီ ထင်တယ်"
ကျန်းမန်၏ အသံ ထွက်ပေါ်လာခဲ့သည်။