အခန်း ၁၇၀
Vol. 11 Ch. 170
အခန်း ၁၇၀ ချင်းတိုက် : သခင်မလေး အပြင်ထွက်တာကို အင်မော်တယ် ဂိုဏ်းက တားလို့မရတော့ဘူး ထင်တယ်
ကျန်းမန် နေအိမ်သို့ ပြန်ရောက်သောအခါ ညအချိန်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
လမ်းခရီးတွင် အလောတကြီး ပြန်လာခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့ရာ ကျင့်ကြံမှုကို အကြိမ်ပေါင်းများစွာ ရိုးရှင်းစွာ လေ့ကျင့်လိုက်လေသည်။
ထို့နောက် ညစာချက်ပြုတ်ရင်း နွားဝါကြီးနှင့် စကားစမြည် ပြောဆိုနေလေသည်။
သူ အရင်ဆုံး ပြောပြသည်မှာ သူ၏ ပါရမီ ကန့်သတ်ချက်ကို ကျော်လွန်သွားသည့် အကြောင်းနှင့် အဆင့်မြင့် ကျင့်စဉ်ကို နှစ်ဆယ့်နှစ်ရက်နှင့် တစ်နာရီမျှသာ အချိန်ယူ၍ အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီး ခန္ဓာကိုယ် ကျင့်ကြံမှုကိုပါ တိုးတက်လာစေသည့် အကြောင်းပင် ဖြစ်သည်။
နွားဝါကြီးကမူ မြက်ကိုသာ စားနေပြီး စကားပြောလိုသည့် ဆန္ဒ မရှိပေ။
ကျန်းမန် မည်မျှပင် ပြောနေပါစေ မကြားဟန်ဆောင်နေလိုက်လေသည်။
မိစ္ဆာများ၊ ဝိညာဉ်သားရဲ ဥများနှင့် ကျောက်တုံး အကြောင်းကို ပြောသည့်အခါကျမှသာ နွားဝါကြီး သတိပြန်ဝင်လာပုံ ရလေသည်။
ဝိညာဉ်သားရဲ ဥများကို ကြည့်ကာ ပြောလိုက်သည်။
"အင်မော်တယ် ဂိုဏ်း ရဲ့ အုပ်ချုပ်မှုအောက်မှာ ကောင်းမွန်တဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေက မင်းတို့ကို ပိုပြီး မြန်မြန် တိုးတက်စေတယ် သာမန် မိစ္ဆာတွေထက် ပိုအစွမ်းထက်တာ အမှန်ပဲ"
"ဒါပေမယ့် သိပ်အများကြီးတော့ မကွာခြားပါဘူး"
"ဘာလို့လဲဆိုတော့ မိစ္ဆာတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် အားသာချက်တွေ ရှိတယ်လေ"
"ပုံမှန်အားဖြင့် မိစ္ဆာတွေက ရှေးခေတ် ကျင့်ကြံသူတွေထက် ပိုပြီး အစွမ်းထက်ကြတယ်"
"မင်းတို့ အဆင့်ကျော်ပြီး သတ်လို့ရတဲ့ အထိတော့ မညံ့ဖျင်းပါဘူး"
ကျန်းမန်က ဝိညာဉ်သားရဲ ဥများကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"ဒါဆို ဒီမိစ္ဆာတွေမှာ ပြဿနာ ရှိနေတာပေါ့"
နွားဝါကြီးက ခေါင်းခါပြလိုက်သည်။
"လောလောဆယ်တော့ ဒီဝိညာဉ်သားရဲ ဥတွေမှာ ဘာပြဿနာမှ မရှိဘူး ပေါက်လာတဲ့ အခါကျမှ ပြဿနာ ရှိမရှိ ဆိုတာကိုတော့ ပြောရခက်တယ်"
"ဒါ့အပြင် သူတို့က တံဆိပ်ခတ်ထားခံရတဲ့ နေရာကနေ ထွက်လာတာဆိုတော့ အားနည်းနေတာလည်း ဖြစ်နိုင်တယ်"
"ဒါပေမယ့် တံဆိပ်ခတ်ထားတဲ့ နေရာမှာ ပြဿနာ ရှိနေတာကို ဝူယွင်ဂိုဏ်း က မသိဘဲ နေမှာတော့ မဟုတ်ဘူး"
ကျန်းမန်က မေးလိုက်သည်။
"ဒါဆိုရင် ဂိုဏ်းက တမင်သက်သက် လူတွေကို ရှာတွေ့ခိုင်းပြီး အစီရင်ခံခိုင်းတာပေါ့"
သူ အတော်လေး သိချင်စိတ် ဖြစ်မိသည်မှာ သူ ပထမဆုံး တွေ့ရှိသူ ဟုတ်မဟုတ် ဆိုသည်ကိုပင်။
အလယ်တွင် မိစ္ဆာအချို့ ပျောက်ကွယ်သွားခြင်းက သူ့ထက်အရင် သိရှိသူများ ရှိနေကြောင်း သေချာစေလေသည်။
ထိုသူများက အစီရင်ခံခဲ့သလား။
ကျန်းမန် မသိနိုင်သော်လည်း လက်ရှိအချိန်အထိ အစီရင်ခံသည့်အတွက် ဆုလာဘ် ရရှိသည်ဟူသော သတင်းကို မကြားရသေးပေ။
နွားဝါကြီးက မေးလိုက်သည်။
"ဒီဥတွေကို မင်း ဘယ်လို လုပ်မလို့လဲ"
ကျန်းမန်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"ရောင်းစားမလို့"
နွားဝါကြီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဝိညာဉ်အိမ်မွေးတိရစ္ဆာန် မမွေးတော့ဘူးလား"
ကျန်းမန် မျက်နှာပေါ်တွင် ရွံရှာသည့် အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။
"သူတို့ ဘယ်လို ပုံစံရှိလဲဆိုတာ ကြိုသိနေတော့ မမွေးချင်တော့ဘူး"
ရောင်းစားပြီး ဝိညာဉ်ကျောက်တုံးများ ရယူခြင်းက ပို၍ တွက်ချေကိုက်လေသည်။
သူ၏ ကျင့်ကြံခြင်း လမ်းခရီးအတွက် အခြေခံအုတ်မြစ် ဖြစ်လာမည် ဖြစ်လေသည်။
နောက်ဆုံးတွင် ကျန်းမန်က ကျောက်တုံးနှင့် ပတ်သက်၍ မေးမြန်းလိုက်လေသည်။
နွားဝါကြီးက မေးလိုက်သည်။
"မိစ္ဆာနတ်ဘုရား ရဲ့ အငွေ့အသက် ပါတယ်လေ မင်း ဆက်ပြီး ရန်စဦးမလို့လား"
ကျန်းမန်က ခေါင်းခါပြလိုက်သည်။
"မလုပ်တော့ဘူး မနက်ဖြန် ဆရာမယန် ဆီ သွားပြီး ကျောက်တုံးကို အပ်လိုက်တော့မယ်"
နွားဝါကြီးက မေးလိုက်သည်။
"ပြိုင်ဘက်ကင်း ပါရမီရှင်က မိစ္ဆာနတ်ဘုရားကို ကြောက်လို့လား"
ကျန်းမန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
"ငါ့ကို အချိန်နည်းနည်းပေးပါ အခြေအနေတွေ ပြောင်းလဲသွားလိမ့်မယ်"
နွားဝါကြီး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မြက်ကိုသာ ဆက်စားနေလေတော့သည်။
ရရှိခဲ့သော အရာများနှင့် ပတ်သက်၍ ကျန်းမန် အကြမ်းဖျင်း နားလည်သွားလေပြီ။
ယခု ကျင့်ကြံရန်သာ ရှိတော့သည်။
စွမ်းအားများ အပြည့်အဝ ပေါင်းစပ်သွားစေရန် လုပ်ဆောင်နိုင်ပါက အပြင်ဂိုဏ်းတွင် ထိပ်ဆုံး သုံးယောက်စာရင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
လျှို့ဝှက်သိုင်းများကိုပါ သင်ယူပြီးပါက ပထမနေရာကို ခိုင်မာစွာ ရယူနိုင်မည် ဖြစ်သည်။
အပြင်ဂိုဏ်းတွင် နံပါတ်တစ် ဖြစ်လာမည် ဖြစ်သည်။
သူ၏ အလင်းရောင်က ရွှေအမြုတေ ဖွဲ့စည်းသည့် အခိုက်အတန့်တွင် ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားမည် ဖြစ်လေသည်။
ဤတစ်ကြိမ် အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာရန် အချိန်ကြာမြင့်မည်ဖြစ်ပြီး နောက်နေ့အထိ စောင့်ဆိုင်းရမည် ဖြစ်လေသည်။
စက်တင်ဘာလ ဆယ့်ခြောက်ရက်….
ကျန်းမန် ခြံဝင်းငယ်သို့ မသွားရောက်မီ အဆင့်သတ်မှတ်ချက်ကို ဝင်ရောက် ကြည့်ရှုလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ကျိုပုဖန်တို့လည်း အဆင့်သတ်မှတ်ချက် ကြေညာမည့် နေရာသို့ ရောက်ရှိလာကြပြီး ကျန်းမန် ထိပ်ဆုံး ဆယ့်ငါးယောက်စာရင်းသို့ ဝင်နိုင်မဝင်နိုင် ကြည့်ရှုလိုကြလေသည်။
စုချင်းယာနှင့် ကောင်းရုံတို့လည်း ရောက်ရှိနေကြလေသည်။
ကောင်းရုံမှာ သူ၏ ဘဝတွင် အဆင့်သတ်မှတ်ချက်ကို ဤမျှလောက် မမျှော်လင့်ဖူးချေ။
စုချင်းယာကမူ ကျန်းမန်၏ နှလုံးသားကို ဖမ်းစားရန် စိတ်ကူးမရှိတော့ဘဲ ဝင်ခွင့် ရမရကိုသာ ကြည့်ရှုလိုတော့သည်။
ဝင်ခွင့် ရရှိပါက အနာဂတ်အတွက် အခွင့်အလမ်း ပိုများလာမည်ဟု အဓိပ္ပာယ် ရလေသည်။
ထို့အပြင် မည်သူမျှ တာဝန်ကို အောင်မြင်စွာ မထမ်းဆောင်နိုင်ပါက သူမ ကျရှုံးသည်ဟု မဆိုလိုပေ။
ယေဘုယျအားဖြင့် ဤတစ်ကြိမ် အမြတ်ကြီး ထွက်သွားလေသည်။
မကြာမီ ဤနေရာသို့ လူအများအပြား ရောက်ရှိလာကြလေသည်။
ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်မှ လူအားလုံးက မိမိတို့၏ အဆင့်သတ်မှတ်ချက် မည်သို့ ရှိသည်ကို သိရှိလိုကြလေသည်။
ကျိုပုဖန်နှင့် ကျောက်ယောင်ယောင်တို့မှာ အစွမ်းထက်သူများ၏ တွန်းတိုက်မှုကြောင့် အထဲသို့ ဝင်ရောက်ရန်ပင် ခက်ခဲနေကြလေသည်။
သို့သော်လည်း မနည်း ကြည့်ရှုနိုင်ခဲ့လေသည်။
ယခု အဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ပေါ်တွင် အမည်များစွာ စတင် ပေါ်လာလေသည်။
အဆင့်သတ်မှတ်ချက် အားလုံးနီးပါးက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ကျိုပုဖန်က ပြောလိုက်သည်။
"တစ်ဦးချင်း အဆင့်သတ်မှတ်ချက်ကို အရင်ကြည့် အဖွဲ့လိုက် အဆင့်သတ်မှတ်ချက်ကို ကြည့်ဖို့ မလောနဲ့ဦး"
လင်ချင်ရှန်က ချက်ချင်း ပြောလိုက်သည်။
"ငါ ထိပ်ဆုံး ဆယ်ယောက်ကို ကြည့်မယ်"
အန်းရုံက ပြောလိုက်သည်။
"နင်က ကျန်းမန်အပေါ် တကယ် ယုံကြည်မှု ရှိတာပဲ"
"နင် ပါးစပ်ပိတ်ထားလိုက်"
ကောင်းချန်က လေးနက်စွာ ပြောလိုက်သည်။
"နင့်ကြောင့် ငါ အများကြီး ဆုံးရှုံးရတယ်"
အန်းရုံက လုံးဝ အားနာခြင်း မရှိဘဲ ပြောလိုက်သည်။
"နင့်လို အလှအပကို မခံစားတတ်တဲ့ သူက ရှုံးတာ ပုံမှန်ပဲ မဟုတ်ဘူးလား"
"မင်းတို့တွေ မငြင်းကြနဲ့တော့ ငါ ကြည့်ပြီးပြီ"
လင်ချင်ရှန်က ကျောက်စာတိုင်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"မင်းတို့ ထိပ်ဆုံး ဆယ်ယောက်ကို ကြည့် ကျန်တာတွေ ကြည့်စရာ မလိုတော့ဘူး"
တစ်ခဏချင်းမှာပင် အခြားသူများက ထိပ်ဆုံး ဆယ်ယောက်နေရာသို့ ချက်ချင်း ကြည့်လိုက်ကြလေသည်။
ပထမနေရာ၊ ထျန်းရှန်တောင်ထွတ် ပထမ ခြံဝင်းငယ်မှ ရှန်ကွမ်လျိုယွင်
ဒုတိယနေရာ၊ ပေ့ဖန်တောင်ထွတ် ပထမ ခြံဝင်းငယ်မှ ကူယွဲ့ရှီး
တတိယနေရာ၊ ယွန်းရှာတောင်ထွတ် ပထမ ခြံဝင်းငယ်မှ ကျောက်ထျန်းဟယ်
အဋ္ဌမနေရာ၊ ယွန်းရှာတောင်ထွတ် သတ္တမမြောက် ခြံဝင်းငယ်မှ ကျန်းမန်
နဝမနေရာ၊ နန်ဖန်တောင်ထွတ် ဒုတိယ ခြံဝင်းငယ်မှ ချိုးလီ
ကျိုပုဖန် အံ့သြသွားကာ ပြောလိုက်သည်။
"အပြင်ဂိုဏ်း အဋ္ဌမနေရာ ဟုတ်လား ဒါဆို အပြင်ဂိုဏ်းရဲ့ ပထမနေရာ ဖြစ်နေပြီ မဟုတ်လား"
အဘယ်ကြောင့်ဆိုသော် ပထမ ခြံဝင်းငယ်က ဤပြိုင်ပွဲကြီး အပြီးတွင် ပထမ ခြံဝင်းငယ် အဖြစ်မှ လုံးဝ ရပ်စဲသွားမည် ဖြစ်သောကြောင့် ဖြစ်လေသည်။
မကြာမီ အဆင့်တက်လှမ်းမည့် ကျင့်စဉ်ကို လုယူကာ အတွင်းဂိုဏ်းသို့ ဝင်ရောက်ရတော့မည် ဖြစ်လေသည်။
ထို့ကြောင့် ကျန်းမန်က လက်တွေ့တွင် အပြင်ဂိုဏ်း၏ ပထမနေရာ ဖြစ်လေသည်။
ကောင်းချန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အဋ္ဌမနေရာပဲလား ထိပ်ဆုံး ငါးယောက်တောင် မဝင်ဘူးပဲ"
ထိုစကားကို ကြားသောအခါ လူတိုင်းက သူ့ကို အလိုလို လှည့်ကြည့်လိုက်ကြလေသည်။
အန်းရုံက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
"ငါတောင် သတ္တမနေရာ ရတယ်ဆိုတော့ ကွာခြားချက်က သိပ်မကြီးပါဘူး"
ကျိုပုဖန်တို့မှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လှည့်ထွက်သွားကြလေတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းရုံမှာ အဖွဲ့လိုက် အဆင့်သတ်မှတ်ချက်ကို အမြဲတမ်း ကြည့်ရှုနေလေသည်။
သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။
သို့သော် အနည်းငယ်လည်း စိုးရိမ်နေမိလေသည်။
နောက်ဆုံးတွင် သူ၏ အမည်ကို တွေ့ရှိလိုက်လေသည်။
အဆင့်ဆယ့်သုံး၊ ကျန်းမန်၊ စုချင်းယာ၊ ကောင်းရုံ။
အဆင့်နေရာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကောင်းရုံမှာ နေရာမှာပင် ကြောင်အမ်းသွားလေသည်။
စိတ်ထဲတွင် ပြောမပြတတ်အောင် ပျော်ရွှင်ကြည်နူးသွားလေသည်။
သူ၊ ကောင်းရုံတွင် ဤကဲ့သို့သော နေ့ရက်မျိုး ရောက်လာမည်ဟု မထင်မှတ်ထားခဲ့ချေ။
ဆိုလိုသည်မှာ သူ ရွှေအမြုတေ ဖွဲ့စည်းရန် မျှော်လင့်ချက် ရှိလာပြီ ဖြစ်လေသည်။
မိသားစုတွင် ဖက်တီးလေး ရှိနေခြင်းက သူ မည်မျှ ကံကောင်းလိုက်သနည်း။
အမြော်အမြင် ကြီးမားမှုက သူ ယှဉ်နိုင်သည့် အရာ မဟုတ်ပေ။
အခြားတစ်ဖက်တွင် အမျိုးသား တစ်ဦးက အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့လေသည်။
နောက်မှ အမျိုးသမီး တစ်ဦး ရောက်လာပြီး မေးလိုက်သည်။
"မိတ်ဆွေ ရှန်ကွမ် ဘာတွေ စဉ်းစားနေတာလဲ"
ရှန်ကွမ်လျိုယွင် က တည်ငြိမ်စွာ ပြောလိုက်သည်။
"အဋ္ဌမနေရာက သတ္တမမြောက် ခြံဝင်းငယ်ကပဲ"
"သြော်"
အမျိုးသမီးက အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ ပြုံးလျက် "တကယ်ပဲ သူဖြစ်နေတာကိုး ငါ ကြားဖူးတယ် ညမအိပ်ဘဲ ကျင့်ကြံတဲ့ ပါရမီရှင် ဆိုပဲ သူလို ပါရမီမျိုးက တကယ်တော့ ညအိပ်သည်ဖြစ်စေ မအိပ်သည်ဖြစ်စေ သိပ်ပြီး မကွာခြားပါဘူး သေချာပေါက် ထိပ်ဆုံးကို ရောက်လာမှာပဲ" ဟု ပြောလိုက်သည်။
"ဘာလဲ မိတ်ဆွေ ရှန်ကွမ်က သူနဲ့ မယှဉ်ပြိုင်လိုက်ရလို့ နှမြောနေတာလား"
"တချို့လူတွေ ပြောတာတော့ သူ စွမ်းအား ပေါင်းစပ်မှုကို မပြီးသေးဘူးတဲ့"
"သူ ပေါင်းစပ်မှု ပြီးသွားတဲ့ အချိန်ကျရင် ငါတို့က အပြင်ဂိုဏ်းကနေ ထွက်သွားလောက်ပြီ"
"ယှဉ်ပြိုင်ချင်ရင်တောင် အခွင့်အရေး မရှိတော့ဘူးလေ"
ရှန်ကွမ်လျိုယွင် က ဘေးမှလူကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"နောက်လက အဆင့်တက်လှမ်းမယ့် ကျင့်စဉ်ကို လုရမယ့် အချိန်လေ သူက သတ္တမမြောက် ခြံဝင်းငယ်ကနေ ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်ကို ခုန်တက်လာနိုင်တယ်ဆိုတော့ ဆဋ္ဌမမြောက် ခြံဝင်းငယ်ကနေ အဆင့်တက်လှမ်းမယ့် ကျင့်စဉ်လုပွဲကို တိုက်ရိုက် ဝင်ပြိုင်နိုင်မယ်လို့ မင်း ထင်လား"
ရှန်ကွမ်လျိုယွင် လှည့်ထွက်သွားရင်း ဆက်ပြောလိုက်သည်။
"ညီမလေးကူ စောစောစီးစီး ဝမ်းသာနေတာပဲ မင်းလည်း တစ်ဖက်လူရဲ့ အစွမ်းအစကို မြင်တွေ့ရနိုင်လောက်တယ်"
ကူယွဲ့ရှီး က ပခုံးတွန့်ကာ ပြောလိုက်သည်။
"ငါက သူ့ကို မနိုင်နိုင်ဘူးလား တစ်လ အချိန်အတွင်းမှာ သူက စွမ်းအား ပေါင်းစပ်မှုကို အပြီးသတ်ဖို့ အချိန်မရှိသလို လျှို့ဝှက်သိုင်း သင်ယူဖို့လည်း အချိန်မရှိဘူး"
"ဘယ်လိုကြည့်ကြည့် ငါက အားသာချက် ရှိနေတာပဲ"
ရှန်ကွမ်လျိုယွင် က နောက်လှည့်ကာ တစ်ဖက်လူကို ကြည့်ပြီး မေးလိုက်သည်။
"အစွမ်းအစ ဆိုတာ ဒါတွေကို ယှဉ်တာလား"
ထိုစကားကို ကြားသောအခါ ကူယွဲ့ရှီး အံ့သြသွားကာ မေးလိုက်သည်။
"ဒါတွေ မယှဉ်ရင် ဘာယှဉ်ရမှာလဲ"
ရှန်ကွမ်လျိုယွင် က သက်ပြင်းချကာ ပြောလိုက်သည်။
"အရေးမကြီးတော့ပါဘူး ဒါပေမယ့် ငါ့အတွက်ကတော့ သူနဲ့ ယှဉ်ပြိုင်လို့ ရနိုင်လောက်တယ် ဒါကလည်း သူ ငယ်ရွယ်သေးလို့ပဲ မဟုတ်ရင် ငါ့မှာ အခွင့်အရေး မရှိဘူး"
"ဒီအချိန်မှာ သူ့ကို တွေ့ရတာက ငါ့ရဲ့ ကံကောင်းမှုလည်း ဖြစ်သလို ငါ့ရဲ့ ကံဆိုးမှုလည်း ဖြစ်တယ်"
ထိုစကားကို ကြားသောအခါ ကူယွဲ့ရှီး အံ့အားသင့်သွားကာ မေးလိုက်သည်။
"နင် ပြောတာက သူက နင်နဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုလိုတာလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နင့်ရဲ့ စွမ်းအား ဘယ်လောက်ရှိလဲ ဆိုတာကို ငါ အသိဆုံးပါ"
"သာမန် ပါရမီရှင်တွေ ယှဉ်နိုင်တဲ့ အရာ လုံးဝ မဟုတ်ဘူး"
"ပြီးတော့ ကျန်းမန်က ညမအိပ်ဘဲ ကျင့်ကြံရုံသာမက တိုးတက်မှုကလည်း မလုံလောက်ဘူး"
ရှန်ကွမ်လျိုယွင် က တည်ငြိမ်စွာ ပြောလိုက်သည်။
"ပါရမီရှင် ဆိုတာ နင် နားလည်နိုင်တဲ့ အရာ မဟုတ်ဘူး နားလည်ဖို့လည်း မလိုဘူး လက်ခံလိုက်ရင် ရပြီ"
"စောင့်နေလိုက်ပါ မကြာခင် တွေ့ရတော့မှာပါ"
"အကယ်၍ သူက တကယ့် ပါရမီရှင် အစစ်ဆိုရင်ပေါ့"
စကားဆုံးသည်နှင့် သူက လှည့်ထွက်သွားလေသည်။
တစ်လ အကြာတွင် ပြုလုပ်မည့် အဆင့်တက်လှမ်းမည့် လျှို့ဝှက်နယ်မြေ အတွက် ပြင်ဆင်ရန် ဖြစ်လေသည်။
——
ကျန်းမန်က သူ၏ အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ မကျေမနပ် ဖြစ်ခြင်း မရှိပေ။
ထိပ်ဆုံး ဆယ့်ငါးယောက် အတွင်းသာ ဝင်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အဋ္ဌမနေရာ ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
အဖွဲ့လိုက် အဆင့်သတ်မှတ်ချက် အတွက်ကတော့ အဆင့်ဆယ့်သုံး….
မဆိုးလှဟု ဆိုရမည် ဖြစ်သည်။
သူက အများအားဖြင့် သရေပွဲများသာ ကစားခဲ့ပြီး အသက်ငယ်ရွယ်မှုကို အားကိုးခဲ့ခြင်း ဖြစ်သည်။
မျက်နှာချင်းဆိုင် အနိုင်ရခဲ့သော ပွဲများမှာ အလွန် နည်းပါးလှလေသည်။
သို့သော် ရှုံးနိမ့်ခဲ့သော ပွဲများမှာလည်း နည်းပါးသဖြင့် ထိပ်ဆုံး ဆယ့်ငါးယောက် အတွင်း ဝင်ရောက်နိုင်ခြင်းမှာ အလွန် ကောင်းမွန်သော ရလဒ် ဖြစ်လေသည်။
ယခုအခါ သူလည်း အဆင့်တက်လှမ်းမည့် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် ရရှိသွားပြီ ဖြစ်လေသည်။
ဒီနှစ် ဝင်မလား ဒါမှမဟုတ် နောက်နှစ်မှ ဝင်မလား ဆိုတာကို သူ တွေဝေနေခဲ့သည်။
ပုံမှန်ဆိုလျှင် နောက်နှစ်မှ ဝင်ရောက်ခြင်းက အခြေအနေ အကောင်းဆုံး ဖြစ်မည်။
ဒါပေမယ့်...
အခွင့်အရေးက ရှေ့မှာ ရောက်နေပြီလေ၊ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အနေနဲ့ သူ့ကို တိတ်တဆိတ် ထွက်ပြေးခွင့် ပေးလိုက်လို့ ရမလား။
သဘာဝကျကျ မရပေ။
ထိုသို့ဆိုလျှင် လိုအပ်နေသည်မှာ စွမ်းအား ပေါင်းစပ်မှုပင် ဖြစ်လေသည်။
လျှို့ဝှက်သိုင်းကို မသင်ယူလျှင် ရသော်လည်း စွမ်းအား ပေါင်းစပ်မှုကိုမူ အပြည့်အဝ ပြုလုပ်ရမည် ဖြစ်သည်။
မဟုတ်ပါက အဆင့်တက်လှမ်းခြင်းက အဓိပ္ပာယ် ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
ထို့နောက် ကျန်းမန်က ဆရာမယန်ကို သွားရှာခဲ့သည် ပထမဆုံး လုပ်ရမည့် ကိစ္စမှာ သဘာဝကျကျ ကျောက်တုံးကို အပ်နှံရန် ဖြစ်လေသည်။
"မိစ္ဆာနတ်ဘုရား နဲ့ ပတ်သက်နေတာလား"
ယန်ရီချိုးက အနည်းငယ် မမှန်သလို ခံစားလိုက်ရလေသည်။
ဘာလို့ မိစ္ဆာနတ်ဘုရား နဲ့ ထပ်ပတ်သက်နေရတာလဲ။
သူမက အပြင်ဂိုဏ်းက ဆရာမ တစ်ယောက်ပါပဲ။
ဘယ်လို လုပ်နိုင်စွမ်းတွေ ရှိနေလို့လဲ။
နောက်ဆုံးတွင် သူမက လက်ခံလိုက်ပြီး ချက်ချင်း ပို့ဆောင်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
ဒီပစ္စည်းက လက်ပူတယ်လေ။
ထို့နောက် ကျန်းမန်က ဒုတိယ ကိစ္စကို ပြောပြလိုက်လေသည်။
အဲဒါကတော့ သူက အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေကို ဝင်ပြိုင်မယ် ဆိုတာပါပဲ။
အဆင့်တက်လှမ်းမယ့် ကျင့်စဉ်ကို လုယူဖို့…..
ထိုစကားကို ကြားသောအခါ ယန်ရီချိုး က ထပ်မံ ကြောင်အမ်းသွားပြန်လေသည်။
ထိုအခါမှသာ သူမ သတိပြန်ဝင်လာခဲ့သည်။ သူမ မျက်စိရှေ့တွင် ရပ်နေသူမှာ သူမ မြင်ဖူးသမျှ ပါရမီ အရှိဆုံး သူတစ်ယောက် ဖြစ်ကြောင်းကို……
သူ၏ ကျင့်ကြံခြင်း သမိုင်းကြောင်းမှာ အခြားသူများ အတွက်မူ ဂန္ထဝင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေသည်။
ယန်ရီချိုးက မေးလိုက်သည်။
"တစ်ဦးချင်း အဆင့်သတ်မှတ်ချက် ဘယ်လောက်လဲ"
ကျန်းမန်က ပြန်ဖြေလိုက်သည်။
"မဆိုးပါဘူး အဋ္ဌမနေရာပါ"
မဆိုးဘူး ဟုတ်လား မင်းက စကားပြောတတ်တာပဲ၊ ယန်ရီချိုး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"ငါ သွားလျှောက်ထားပေးပါ့မယ် ဒီရက်ပိုင်းအတွင်း အဖြေ ရလောက်ပါတယ်"
အဋ္ဌမနေရာ
သူမ သင်ကြားပြသခဲ့သည့် တစ်သက်တာတွင် အတောက်ပဆုံး အချိန်အခါမှာ ဒီနှစ် ဖြစ်လောက်လေသည်။
အကယ်၍ ကျန်းမန်က အဆင့်တက်လှမ်းမည့် လျှို့ဝှက်နယ်မြေ သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီး တတိယ လမ်းစဉ်ကို ရရှိကာ ပြန်လာ၍ ကျင့်ကြံမည်ဆိုပါက နှစ်စ မတိုင်မီ အဆင့်တက်လှမ်းနိုင်မည်။
တွေးတောင် မတွေးရဲချေ။
ထို့နောက် ကျန်းမန်က ခြံဝင်းငယ်သို့ ပြန်လာခဲ့သည်၊ ဤနေရာတွင် သူ အချိန် အများကြီး နေရတော့မည် မဟုတ်ဟု ထင်မြင်မိလေသည်။
အဘယ်ကြောင့်ဆိုသော် စွမ်းအား ပေါင်းစပ်မှုကို ဆက်လက် အပြီးသတ်ရန် လိုအပ်သောကြောင့် ဖြစ်လေသည်။
အချိန် အတော်လေး လုနေရလေသည်။
ထို့အပြင် စက်တင်ဘာလ ဆယ့်ခြောက်ရက် ရှိနေပြီဖြစ်ရာ စုန့်ချင့်ပင် လော့ယွင်မြို့ သို့ ပြန်ရောက်နေလောက်ပြီ ဖြစ်လေသည်။
ဒီတစ်ခါတော့ တစ်ဖက်လူကို အတိုး မပေးနိုင်တော့ဘူး။
ကျန်းမန် ရောက်လာချိန်တွင် ကောင်းချန်က ချက်ချင်း မေးလိုက်သည်။
"ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ် ပြိုင်ပွဲကြီးက ဘယ်လို ပုံစံမျိုးလဲ"
အန်းရုံကလည်း မေးလိုက်သည်။
"ဘယ်နှစ်ယောက်လောက် ဝင်ပြိုင်လဲ"
ကျန်းမန်က အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
"တစ်ထောင်ကျော်လောက် ရှိမယ် အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် ရှစ်ရာ ကိုးရာလောက် ရှိမယ်"
ထိုစကားကို ကြားသောအခါ ကောင်းချန်နှင့် အန်းရုံတို့ ကြောင်အမ်းသွားကြလေသည်။
အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် ဘယ်လောက်တောင် ရှိလဲ။
ရှစ်ရာ ကိုးရာ ဟုတ်လား။
ဒီလိုဆိုရင် ထိပ်ဆုံး ဆယ်ယောက်စာရင်းကို ဘယ်လို ဝင်တိုက်ရမလဲ။
ကျိုပုဖန် အနည်းငယ် တွေဝေသွားကာ အစ်မဖြစ်သူ ကျိုလင်ကို မေးမြန်းလိုက်လေသည်။
ကျန်းမန်က ခံစားချက်ဖြင့် ပြောလိုက်သည်။
"သူမက လူကောင်း တစ်ယောက်ပါ"
ကျိုပုဖန် နားမလည်နိုင် ဖြစ်သွားသည်။
ဘာလို့ လူကောင်း ဖြစ်သွားရတာလဲ။
ကျောက်ယောင်ယောင်က သတိပေးလိုက်သည်။
"အရင်တုန်းက လူတချို့က ရှင်တို့ကို အိမ်ပါသမက် အဖြစ် ဝင်ခိုင်းချင်ကြတယ် ဒါပေမယ့် မကြာသေးခင်ကတော့ ရှင့်ကို မိန်းမယူဖို့ ဒါမှမဟုတ် ကိုယ်လုပ်တော် ထားဖို့ မျှော်လင့်လာကြတယ်"
သူမ မည်သို့ သိရှိရသနည်း။
အဘယ်ကြောင့်ဆိုသော် မိသားစုက သူမကို အမိန့်ပေးခဲ့သောကြောင့် ဖြစ်သည်၊ သို့သော် သူမ ငြင်းပယ်ခဲ့လေသည်။
သူမ၏ ငြင်းပယ်မှုကို မိသားစုက အနည်းငယ် မကျေမနပ် ဖြစ်သော်လည်း လက်ခံပေးခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိစ္စများကို မလုပ်လည်း သူတို့မှာ ခြံဝင်းငယ် တစ်ခုတည်းတွင် အတူတူ ကျင့်ကြံနေသူများ ဖြစ်ပြီး ခင်မင်မှု လုံလောက်စွာ ရှိနေလေသည်။
ဤကဲ့သို့ လုပ်ဆောင်လိုက်ပါက ခင်မင်မှုများမှာ အကျိုးစီးပွား အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်လေသည်။
ဆွဲဆောင်ရန် မလွယ်ကူသည့်အပြင် ဤကဲ့သို့ လုပ်ဆောင်လိုက်ပါက ဖယ်ကြဉ်ခံရနိုင်လေသည်။
ဤသို့ ပြုလုပ်ရန် မလိုအပ်ချေ။
အခြားသူ တစ်ဦးကို လဲလှယ်၍ ရနိုင်လေသည်။
ဤအပေါ် ကျန်းမန်က ခေါင်းငြိမ့်ပြကာ ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။
သေချာတာပေါ့ မည်သူပဲ လာလာ သူ၏ အဖြေမှာ အတူတူပင် ဖြစ်လေသည်။
ထိုလူများက တွယ်ကပ်နေလောက်အောင်တော့ ဖြစ်မည် မဟုတ်ချေ။
လင်ချင်ရှန်က ပြောလိုက်သည်။
"တကယ်တော့ တချို့လူတွေက နီးစပ်အောင် အရင် ကြိုးစားပြီး ခင်မင်မှု ရအောင် လုပ်ပြီးမှ အခွင့်အရေး ယူတတ်ကြတယ်"
ထိုသူများက လက်လျှော့မည်ဟု သူ မယုံကြည်ပေ။
သေချာပေါက် နည်းလမ်းပေါင်းစုံကို အသုံးပြုလာကြမည် ဖြစ်လေသည်။
တချို့က လွန်လွန်ကျွံကျွံ လုပ်လာနိုင်သည်များလည်း ရှိသေးလေသည်။
သတိထားရမည် ဖြစ်လေသည်။
အန်းရုံက ခေါင်းမော့ကာ မေးလိုက်သည်။
"အနားကို ကပ်လာတဲ့ မိန်းကလေးတွေက ငါနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"
ကောင်းချန်က တစ်ဖက်လူကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
"အကယ်၍ အဲဒီလူတွေက နင့်လို ပုံစံမျိုးတွေချည်း လွှတ်လာရင် သူတို့ မိသားစု ကျဆင်းသွားမှာပဲ"
"နင်က ယောကျာ်းလေး တစ်ယောက်မှ မဟုတ်ဘဲ"
အန်းရုံက အထင်သေးစွာဖြင့် ပြောလိုက်သည်။
"ယောကျာ်းလေးဆိုရင် ငါ့ကို မြင်တာနဲ့ သဘောကျသွားမှာပဲ"
ထိုသို့ပြောရင်း သူမက လင်ချင်ရှန်တို့ကို ကြည့်လိုက်လေသည်။
လင်ချင်ရှန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မှတ်စုစာအုပ်ကို ထုတ်ကာ ရေးလိုက်သည်။
"အန်းရုံ ရဲ့ စော်ကားမှုကို ခံရတယ် အစာငတ်နေတဲ့သူလို ပြောခံရတယ်"
ဝေ့ပေချွမ်းကလည်း ရေးလိုက်သည်။
"အန်းရုံက ငါ့ကို အမှိုက်လို့ ပြောတယ်"
အန်းရုံ "..."
ကျောက်ယောင်ယောင်က ပြောလိုက်သည်။
"ဖြတ်ပစ်လိုက်တော့"
ကျန်းမန်က ခေါင်းခါပြလိုက်သည်။ ဒီလူများက အချိန် အရမ်းဖြုန်းလွန်းလှသည်။ သူ ဆက်လက် ကျင့်ကြံနေလိုက်မည်။
အားလုံး "..."
ဆရာမယန် ရောက်လာသည့် အချိန်အထိ ကျန်းမန်က ကျင့်ကြံခြင်းကို ရပ်တန့်မထားခဲ့ချေ။
တစ်ဖက်လူက ပစ္စည်း အများအပြား ယူဆောင်လာခဲ့လေသည်။
ထိုစာမေးပွဲတွင် အောင်မြင်ခဲ့သော လျှို့ဝှက်သိုင်း၊ ကျောက်တုံး အပ်နှံမှု ဆုလာဘ်၊ ထို့အပြင် တစ်ဦးချင်း အဋ္ဌမနေရာနှင့် အဖွဲ့လိုက် ဆယ့်သုံးနေရာ အတွက် ဆုလာဘ်များ ပါဝင်လေသည်။
ဘာတွေ ပါဝင်မည်ကို မသေချာသေးသော်လည်း ကျန်းမန်က သူ ချမ်းသာတော့မည်ဟု ခံစားလိုက်ရလေသည်။
————
ရှေးဟောင်း ခြံဝင်း
မုန့်ချဲ့ဝေ က သစ်ပင်အောက်တွင် ရပ်လျက် ခေါင်းကို အနည်းငယ် မော့ကာ သစ်ကိုင်းများ လှုပ်ရှားနေသည်ကို ကြည့်နေလေသည်။
ချင်းတိုက် က အပြင်မှ ဝင်လာကာ သူမ၏ သခင်မလေး ဘေးတွင် ရပ်လျက် သစ်ပင်ကို လိုက်ကြည့်ကာ မေးလိုက်သည်။
"သခင်မလေး ဘာကြည့်နေတာလဲ"
မုန့်ချဲ့ဝေက မည်သည့် လှုပ်ရှားမှုမျှ မလုပ်ဘဲ ပြောလိုက်သည်။
"ဒီသစ်ပင် ဖျားနေတယ်"
ထိုစကားကို ကြားသောအခါ ချင်းတိုက် အနည်းငယ် အံ့သြသွားသည်။
"ဖျားနေတယ် ဟုတ်လား"
မုန့်ချဲ့ဝေက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မိစ္ဆာနတ်ဘုရားတွေက တစ်ခုခု လုပ်ဖို့ ကြိုးစားနေတယ် အားရင် အင်မော်တယ် ဂိုဏ်းကို အကြောင်းကြားလိုက်ဦး အရင်က ရွာခဲ့တဲ့ မိုးနဲ့ ပတ်သက်နေလောက်တယ်"
ချင်းတိုင်က မနှောင့်နှေးရဲဘဲ သတင်းကို ချက်ချင်း ပေးပို့လိုက်လေသည်။
အကြီးအကဲများကို သွားရောက် အကြောင်းကြားခိုင်းလိုက်လေသည်။
သခင်မလေး ကိုယ်တိုင် ပြောလာမှတော့ မှားယွင်းနိုင်စရာ အကြောင်း မရှိပေ။
အကယ်၍ အင်မော်တယ် ဂိုဏ်းက မရိပ်မိသေးသော နည်းလမ်းများ တကယ်ပင် ဖြစ်နေပါက ဤတစ်ကြိမ် သခင်မလေး အပြင်ထွက်ခြင်းကို အင်မော်တယ် ဂိုဏ်းက တကယ်ကို တားဆီးနိုင်မည် မဟုတ်တော့ချေ။
သေချာတာပေါ့ စွမ်းအားများကိုတော့ သယ်ဆောင်သွားခွင့် ရမည် မဟုတ်ချေ။
မဟုတ်ပါက အင်မော်တယ် ဂိုဏ်းက လုံးဝ ခေါင်းငြိမ့်မည် မဟုတ်ပေ။
သို့သော် စွမ်းအား မပါသွားလျှင်ပင် စာရင်းထဲမှ လူများက သီအိုရီအရ အပြင်ထွက်ခွင့် မရှိပေ။
ထို့နောက် သူမက ဤတစ်ကြိမ် ရရှိလာသော သတင်းများကို ပြောပြလိုက်လေသည်။
"မျိုးဆက်သစ် ပါရမီရှင်တွေက သတင်းပို့လာတယ် အဲဒီ ညမအိပ်တဲ့ ပါရမီရှင် အကြောင်းပဲ"
"သူက ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ် စာမေးပွဲကို ဝင်ပြိုင်ခဲ့တယ်တဲ့"
"အဋ္ဌမနေရာ ရခဲ့တယ်တဲ့"
"ကြည့်ရတာ အဆင့်တက်လှမ်းမယ့် လျှို့ဝှက်နယ်မြေကိုလည်း သွားပြိုင်ဦးမယ့် ပုံပဲ"
"မျိုးဆက်သစ် ပါရမီရှင်တွေက ထပ်ပြောသေးတယ် ရွှေအမြုတေ အဆင့်က ကျော်ဖြတ်ရခက်တဲ့ အတားအဆီး တစ်ခု ဖြစ်ပေမယ့် ဒီလို အချိန်မျိုးမှာ သူ့ကို ခိုင်မာစွာ ရွေးချယ်လိုက်ရင် ဒုက္ခရောက်နေချိန်မှာ ကူညီပေးသလို ဖြစ်သွားလိမ့်မယ်တဲ့ အကယ်၍ ရွှေအမြုတေ ဖွဲ့စည်းပြီးမှ သွားရွေးချယ်ရင်တော့ အဆင်ပြေနေတဲ့ အချိန်မှ သွားကူညီသလို ဖြစ်သွားလိမ့်မယ်တဲ့"
"အဓိက မိသားစုက လူတစ်ယောက်ကို သူနဲ့ တိုက်ရိုက် လက်ထပ်ခိုင်းသင့်တယ်လို့ သူ ထင်တယ်တဲ့"
"ဘယ်လို ပုံစံမျိုးနဲ့လဲ ဆိုတာကိုတော့ ထပ်ပြီး ဆွေးနွေးလို့ ရတယ်တဲ့"
ထိုသို့ပြောရင်း ချင်းတိုက် က သခင်မလေးကို ကြည့်ကာ ဆက်ပြောလိုက်သည်။
"မျိုးဆက်သစ် ပါရမီရှင်တွေ ပြောတာ ယုတ္တိရှိတယ်လို့ သခင်မလေး ထင်လား ဒီညမအိပ်တဲ့ ပါရမီရှင်က တိုးတက်တာ မြန်လွန်းတယ် ဒါပေမယ့် အကြီးအကဲတွေကတော့ မြန်တာကလည်း ပြဿနာ ရှိတယ်၊ ဘယ်လောက် ဝေးဝေး သွားနိုင်မလဲ ဆိုတာနဲ့ အခြေခံတည်ဆောက်ခြင်း ကနေ ဘယ်လောက် မြန်မြန် အဆင့်တက်နိုင်မလဲ ဆိုတာက တိုက်ရိုက် သက်ဆိုင်မှု မရှိဘူးလို့ ထင်နေကြတယ်"
"သူတို့ကတော့ ဆက်ပြီး စောင့်ကြည့်ချင်နေတုန်းပဲ"
"ဘာလို့လဲဆိုတော့ သူ့ရဲ့ အရင်က အမူအကျင့် တွေကို ကြည့်ရတာ အိမ်ပါသမက် အဖြစ် ဝင်ချင်တဲ့ပုံ မပေါ်လို့ပဲ"
"အခြေခံအားဖြင့်တော့ အခြေခံတည်ဆောက်ခြင်း အဆင့်က အရမ်း အားနည်းလွန်းတော့ ဘာမှ သေချာ မမြင်ရသေးဘူး"
"သူတို့ရဲ့ နောက်ဆုံး ကန့်သတ်ချက်က ဘယ်နေရာမှာလို့ နင် ထင်လဲ"
မုန့်ချဲ့ဝေက မေးလိုက်သည်။
သခင်မလေး၏ အကြံအစည်ကို ချင်းတိုက် နားလည်လေသည်၊ ထိုလူများ သဘောတူသည်ကို စောင့်ဆိုင်းပြီးနောက် ရောနှော၍ ထွက်သွားရန် ဖြစ်လေသည်။
ထို့ကြောင့် သခင်မလေးက ဤကိစ္စကို ငြင်းပယ်မည် မဟုတ်သော်လည်း အစပြု၍လည်း ပြောမည် မဟုတ်ပေ။
"ရွှေအမြုတေ ဖွဲ့စည်းပြီးမှပဲ စတင် စဉ်းစားကြလောက်တယ်လို့ ထင်တယ်"
ချင်းတိုက် က ခန့်မှန်းကြည့်လေသည်။
မုန့်ချဲ့ဝေက အကြည့်များကို ရုပ်သိမ်းကာ ချင်းတိုက်ကို ကြည့်လျက် မေးလိုက်သည်။
"သူ ရွှေအမြုတေ ဖွဲ့စည်းဖို့ ဘယ်လောက်ကြာမယ်လို့ နင် ထင်လဲ"